ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၁၅)

July 10, 2018

● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၁၅)
(မိုးမခ) ဇူလိုင် ၁ဝ၊ ၂ဝ၁၈

တိဗက်မြေပေါ် မော်စီတုန်း၏ တပည့်များရောက်လာပြီးနောက် ရေခဲတောင်ကြီးတွေက အရင်လို အေးအေးမြမြ မရှိကြတော့။ အေးချမ်းသောအသိုက်အမြုံကလေးရှိရာသို့ မုန်တိုင်းဝင်ရောက်ခဲ့လေပြီ။ အရင်တုန်းကတော့ သည်မြေသည်ရေမှာ အပူ အပင်ဆိုတာ မရှိ။ စိုးရိမ်ခြင်းကင်းစွာဖြင့် ရှင်သန်လှုပ်ရှားခဲ့ကြဘူးသည်။ အခုတော့ အရင်လို မဟုတ်တော့ပြီ။ တရုတ်ပြည် က စစ်သားတွေ တိဗက်ဒေသကို ဝင်ရောက်လာပြီးနောက် မကြာခင်ကြုံတွေ့ရသောအခက်အခဲမှာ အစားအသောက်ပြဿနာ ပင်ဖြစ်သည်။ ဆရာကြီးမော်စီတုန်း၏ တပည့်တွေက အစားသောင်းကျန်းပါသည်။ တိဗက်လူမျိုးများသည် သတ္တဝါ ကလေးများအပေါ် ကြင်နာသနား ကရုဏာတရား ကြီးမားကြသူများ ဖြစ်သည်။ တရုတ်စစ်သားများက သူတို့အမြတ် တနိုးထားသည့် ကြက် ဝက် ဆိတ်နှင့် နွားနောက်များကို ထင်သလိုသတ်ဖြတ်စားသောက်နေကြတာကို တွေ့မြင်ရသောအခါ တိဗက်တို့မှာ စိတ်သောကရောက်ရပါတော့သည်။

၁၉၅၄-ခုနှစ်ကစလို့ တိဗက်ပြည်ရဲ့ ညတွေက ပိုမှောင်သွားခဲ့လေပြီ။ သည်ကာလများသည် တိဗက်တို့အတွက် အခက်ခဲ အကျပ်တည်းဆုံးအချိန်။ တည်ဆဲဥပဒေများဖြင့် စည်ကမ်းပိုင်းကို တင်းကျပ်လိုက်ပြီးနောက် လူစုဝေးခွင့်ကို ပိတ်ပင် လိုက်ပါသည်။ တိဗက်ပြည်မှာ တိဗက်လူမျိုးတွေ အရင်လို စုဝေးခွင့် မရှိတော့။ တရုတ်စစ်သားများက အကြောင်းအမျိုးမျိုးပြပြီး တိဗက်များကို ဖမ်းဆီးချုပ်နှောင်ခြင်း၊ ညှဉ်းပန်းနှိပ်စက်ခြင်းများကို လက်ရဲဇက်ရဲ ပြုလုပ်လာကြပြီဖြစ်သည်။ တိဗက်ဒေ သတွင် တိဗက်လူမျိုး တယောက်ရှိလျှင် တရုတ်လူမျိုးလေးယောက်ရှိနေရမည်ဟူသော စီမံကိန်းကို မော်စီတုန်းက လက် တွေ့ အကောင်အထည်ဖော်ပါသည်။

၁၉၅၆ ခုနှစ်တွင် လီသောင်ဆိုသော တိဗက်ဘုန်းကြီးကျောင်းတိုက်ကြီးကို တရုတ်စစ်သားများက ဝိုင်းထားသည်မှာ ရက် ပေါင်း ၆၄-ရက်ကြာသွားသည်။ ကျယ်ဝန်းလှသည့် သည်ဘုန်းကြီးကျောင်းအတွင်း တိဗက်လူမျိုးနှင့် လားမားများ ပိတ်မိနေကြသည်။ လူပေါင်းခြောက်ထောင်ကျော်ရှိသော ဒီကျောင်းတိုက်ကို ပိတ်ဆို့ထားပြီးနောက် တရုတ်စစ်သားများက ရာဇသံပေးပါသည်။ အေးအေးချမ်းချမ်း အဖမ်းမခံလျှင် သည်ကျောင်းကျောင်းတိုက်ကို လေယာဉ်ဖြင့် ဗုံးကျဲဖျက်ဆီးပစ်တော့ မည်။ တိဗက်အများစုက လေယာဉ်ကို မမြင်ဖူးကြ။ ဗုံးဆိုသည်မှာ မည်သို့သော အရာဖြစ် ကြောင်းကိုလည်း ဘယ်သူမှ မသိ။ ထို့ကြောင့် ကျောင်းထဲတွင် ကုတ်ကပ် နေကြခြင်းဖြစ်သည်။ တရုတ်စစ်သားများက လေကြောင်းကနေ ဒီကျောင်း တိုက်ကြီးကို ဗုံးကျဲဖျက်ဆီးပစ်လိုက်ပါသည်။ ကလေး၊ လူကြီး၊ လားမားများအပါအဝင် လူပေါင်းေ လးထောင်ကျော် သေဆုံးခဲ့ရသည့် သည်မြင်ကွင်းကိုမြင်ရတော့မှ ဗုံး၏အနက်အဓိပ္ပါယ်ကို တိဗက်များ နားလည်ခဲ့ရခြင်းဖြစ်သည်။ ထင်ရှား ကျော်ကြားသည့် လားမားကြီးနှစ်ပါးကို လူမြင်ကွင်းတွင် ညှဉ်းပန်းနှိပ်စက်ပြီး ရက်ရက်စက်စက် သတ်ဖြတ်လိုက်ပါ သည်။ သည်လိုမြင်ကွင်းမျိုးကို တွေ့မြင်ရလိမ့်မည်ဟု သူတို့ဘဝမှာ ဘယ်တုန်းကမှ အိပ်မက်ပင် မမက်ဖူးခဲ့။ နာခံရခက်သော အရာများတွင် ရင်နာရခြင်းသည် အဆိုးဆုံး ပင်ဖြစ်သည်။

တဖြည်းဖြည်းနှင့် ခမ်ပြည်နယ်သို့ တရုတ်စစ်သားများ ထပ်မံရောက်ရှိလာကြပြီဖြစ်သည်။ သူတို့လိုချင်သော သတင်းအချက် အလက်များကို မရမချင်း အမျိုးမျိုး နှိပ်စက်တတ်ကြသေးသည်။ “ငါတို့ဟာ တိဗက်တွေဖြစ်ပြီး မင်းတို့က တရုတ်လူမျိုး တွေဖြစ်တယ်။ ကိုယ့်အိမ်ကို ပြန်ပါ” ဟူသော တိဗက်တို့၏ အသံတွေက တိဗက်ပြည်တခွင် လွင့်ပျံနေပြီဖြစ်သည်။ ‘အမုန်း တရားဆိုတာ လူတွေကို တန်းညှိပေးတဲ့အရာ’ ဟု ချူအင်လိုင်းက ဆိုသောအခါ ‘ရန်သူဆိုတာ ဘယ်တော့မှ သူ့အလိုလို ပျက်စီးသွားရိုး ထုံးစံမရှိဘူး’ဟု မော်စီတုန်းက ဆိုပါသည်။

တိဗက်လူမျိုးများအတွက် အေးချမ်းနေသော နိဗ္ဗာန်ဘုံကလေးက အခုတော့ ငရဲခန်းဖြစ်သွားခဲ့ရလေပြီ။ သည်အရပ်မှာ ဆက်နေလို့မဖြစ်တော့။  လာဆာမှာတော့ လုံလုံခြုံခြုံရှိတန်ကောင်းပါရဲ့ဟူသော အတွေးဖြင့် မြို့တော်လာဆာရှိရာ အ နောက် စူးစူးဆီသို့ တောင်စဉ်တောင်တန်းများ တောအုပ်များကိုဖြတ်ကျော်ကာ တရွေ့ရွေ့ လျှောက်လှမ်းနေကြပြီဖြစ်သည်။ အခါတိုင်းလိုပဲ သူတို့နှုတ်က ဘုရားစာတွေ ရွတ်ဆိုနေသေးလား မရွတ်ဆိုနိုင်တော့ဘူးလား သူသတိမရတော့။ မှောင်မိုက် သောညများက တိဗက်ပြည်ကြီးတခုလုံးကို အမိအရလွှမ်းခြုံထားလေပြီ။

လာဆာမြို့ကလေးဆီသို့ ခရီးသွားများ တဖွဲဖွဲရောက်လာကြလေပြီ။ တရုတ်အရာရှိ များက သတင်းတွေအားလုံးကို အမှောင်ချထားလိုက်သည်။ ထို့ကြောင့် တိဗက်ပြည် အရှေ့ပိုင်းမှာ ဘာတွေဖြစ်ပျက်နေသည်ကို လာဆာမြို့ခံတွေက မရိပ်မိကြသေး။ ထိန်းချုပ်ကန့်သတ်မှုတွေသာ များပြားလာပြီး ထူးခြားသည့် တိုးတက်ပြောင်းလဲမှုများကို မတွေ့မြင်ရသော အခါ တိဗက်တို့ရဲ့ သံသယတွေက တနေ့တခြားကြီးထွားလာကြပြီဖြစ် သည်။

မော်စီတုန်းက ဒလိုင်းလားမားကို ပြည်မကြီးထဲကိုခေါ်ပြီး ဘေဂျင်းရဲ့ ခန်းနား ထည်ဝါမှုကို မြင်တွေ့စေလိုသည်။ အသက်နှစ် ဆယ်သာရှိသေးသည့် လားမားကိုယ် တော်ကလေးကို ပီကင်းရဲ့ အံ့ချီးဖွယ်ရာများကို တခုချင်းစီလက်ညှိုးထိုးပြပြီး တနေ့ ကျရင် တိဗက်ကိုလည်း သည်လိုဖြစ်စေရမည်ဟု မက်လုံးပေးလိုက်ချင်သေးသည်။

၁၉၅၄-ခုနှစ်တွင် တရုတ်ပြည်လေ့လာရေးအဖွဲ့ကို ဖွဲ့စည်းခဲ့ပါသည်။ ဒလိုင်းလားမား ခေါင်းဆောင်သည့် တိဗက်ကိုယ်စား လှယ်အဖွဲ့ တရုတ်ပြည်မကြီးကို သွားပါသည်။ သည်သတင်းကို တိဗက်လူမျိုးများကြားသိရသောအခါ စိတ်မသက်မသာ ဖြစ်ကြရသည်။ အခုလို ဖရိုဖရဲဖြစ်နေသောအချိန်အခါမျိုးတွင် လားမားကိုယ်တော်လေးကို ပြည်မကြီးထဲ ဆွဲခေါ်လိုက်ခြင်း သည် လုပ်ကြံမှုတစ်ခုဖြစ်နိုင်သည်ဟု တိဗက်လူမျိုးများက ယုံကြည် ထားသည်။ တကယ်လို့ သူတို့ကြိုတွေးထားသည့်အတိုင်း လားမားကိုယ်တော်လေး တိဗက်ဒေသကို ပြန်မရောက်လာခဲ့ဘူးဆိုလျှင် တိဗက်တိုင်းပြည်၊ တိဗက်လူမျိုးများအတွက် မျှော်လင့်ချက် မရှိတော့။ ပြည်မကြီးကို အယုံလွယ်၍ မဖြစ်ကြောင်း တိဗက်ခေါင်းဆောင်များက ဆိုပါသည်။

ဇူလိုင်လထဲတွင် ဒလိုင်းလားမားဦးဆောင်သည့် တိဗက်လေ့လာရေးအဖွဲ့ ပြည်မကြီးကို ထွက်ခွါသွားသောအခါ တိဗက်တို့မှာ လားမားကိုယ်တော်လေး အမြန်ဆုံးအိမ်ပြန် ရောက်နိုင်ဖို့အရေး ဆုတောင်းပေးကြရုံမှတပါး အခြားရွေးချယ်စရာမရှိတော့။ အန္တရာယ် များသောခရီးစဉ်ဖြစ်၍ တိဗက်တို့ရင်မှာ ပူလောင်ခဲ့ရလေပြီ။ အချိန်တန်လို့ ပြန်ရောက် မလာခဲ့လျှင်ဟူသော အတွေးဖြင့် စိုးရိမ်ခြင်း ဝမ်းနည်းရခြင်းတို့သည် တိဗက်လူမျိုး များကို နှိပ်စက်ကြလေပြီ။

လာဆာမြို့ရဲ့ လမ်းမတွေပေါ်မှာ တရုတ်ပြည်သွား လားမားကိုယ်တော်လေးရဲ့ ပုံရိပ်များကို ပိုစတာကြီးများဖြင့် စိုက်ထူပြ သထားသည်။ ဘေဂျင်းရဲ့ခရီးဦးကြိုဆိုမှုက ဒလိုင်းလားမာကိုယ်တော်ကလေးကို စိတ်ချမ်းမြေ့စေပါသည်။ အထူးသဖြင့် ခေါင်းဆောင်ကြီးမော်စီတုန်းရဲ့ ကနဦးကြိုဆိုမှုက နွေးထွေးမှုရှိပြီး စိတ်သက်သာရာ ရစေသည်။ တိဗက်ပြည် တိဗက်လူမျိုး အတွက် လားမားကိုယ်တော်ကလေး၏ အရေးပါအရာရောက်ပုံကို မော်စီတုန်းက ကောင်းကောင်းနားလည်ထားသည်။ ထို့ကြောင့်လည်း ဒလိုင်းလားမားကို ပြုံးပျော်ရွှင်ပြစွာ အရေးတယူ ဆက်ဆံနေခြင်းဖြစ်သည်။ သူ့အပြုံး များ၏နောက်ကွယ်မှာ ဘာတွေရှိသည်ဆိုတာကိုတော့ လားမားကိုယ်တော်လေး ကြိုတင်မသိနိုင်ခဲ့။ အခွင့်ထူးခံဆိုတာ မရှိ၊ လူတိုင်းဟာ တန်းတူညီမျှ ရှိရမည်ဟူသော မော်စီတုန်း၏ ပေါ်လစီကို သူမြင်တွေ့ပြီးနောက် ဒီပေါ်လစီကို သူသဘောကျမိသည်။ လူသား အားလုံး တန်းတူရည်တူရှိရမည်ဟူသော အချက်ကို သူတွေးနေမိသည်။ ဆိုရှယ်လစ်ဇင်လမ်းစဉ်နှင့် သူတပါးအပေါ် ဦးစား ပေးရေးကို အလေးထားသည့် မဟာယာနဗုဒ္ဓဘာသာလမ်းစဉ်ဟာ အခြေခံအားဖြင့် တူညီသည်ဟု လားမားကိုယ်တော် လေးက နှိုင်းယှဉ်မိလိုက်သေးသည်။

ဒလိုင်းလားမားနှင့် မောစီတုန်းတို့ တွေ့ဆုံပွဲမှာ မော်စီတုန်းက “ဗုဒ္ဓဟာ လူသားတို့ ဘဝနေထိုင်မှု ဖွံ့ဖြိုးတိုးတက်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်ခဲ့တာ မှန်ပါတယ်။ ဒါပေမယ့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက်ရေးမှာ ဘာသာတရားဟာ အဟန့်အတားတခုဖြစ် စေတယ်။ ဘာသာတရားဆိုတာ လူသားတွေအတွက် အဆိပ်ပဲ ”ဟု ပြောလိုက်သော အခါ ဒလိုင်းလားမားကိုယ်တော်ကလေးရဲ့ မျှော်လင့်ချက်တွေ ရေစုန်မျောရပါတော့ သည်။ ပြီးတော့ တိဗက်ပြည်ကို ဖွံ့ဖြိုးတိုးတက်သည့် တိုင်းပြည်တခုဖြစ်ဖို့အတွက် အစွမ်းကုန်ကူညီသွားမှာဖြစ်ပြီး တိဗက်ပြည် တိုးတက်သွားပြီဆိုလျှင် ပြည်မကြီးက အလိုလိုနောက်ဆုတ်ပေးသွားမှာဖြစ် ကြောင်း ဒလိုင်းလားမားကို ကတိပေးလေသည်။ “အဲဒီတုန်းက တရုတ်နဲ့ တိဗက်ကိုယ်စားလှယ်အဖွဲ့တွေ တွေ့ကြတဲ့ တွေ့ဆုံပွဲမှာ သူပြောတာ မှတ်မိသေးတယ်။  မော်စီတုန်းက စားပွဲအစွန်နားမှာ ထိုင်နေတဲ့ တရုတ် အရာရှိနှစ်ယောက်ကို လက်ညှိုးထိုးပြပြီး တိဗက်ပြည် တိုးတက်သာယာရေးအတွက် သူတို့နှစ်ယောက်ကို တိဗက်ကို စေလွှတ်ထားပါတယ်။ တကယ်လို့ ဒီနှစ်ယောက်က လားမားကိုယ်တော်ကလေးကို စိတ်အနှောင့်အယှက်ဖြစ်စေတယ်၊ တိဗက်ပြည် တိုးတက် ရာတိုးတက်ကြောင်းကို ထိထိရောက်ရောက်မလုပ်ဘူးဆိုရင် သူ့ကိုချက် ပြောပါ။ တိဗက်မှာ မထားဘူး။ တခါတည်း ပြန်ခေါ်လိုက်မယ်လို့ ပြောခဲ့ဘူးပါတယ်” ဟု ဒလိုင်းလားမားကြီးက ပြန်ပြောပြလေသည်။
တရုတ်ပြည်မကြီးရဲ့ တိုးတက်မှုတွေကို တွေ့မြင်ရပြီးနောက် အထင်ကြီးအားကျမှု တွေရှိသည်မှန်သော်လည်း ဒလိုင်းလားမား ကိုယ်တော်ကား မော်စီတုန်းထင်သလို ရိုးစင်းနုံအသည့် အနုံညာတ ခေါင်းဆောင်တယောက်မဟုတ်။ အစာရဲ့နောက်ကွယ်မှာ ကွယ်ဝှက်ထားသည့် ငါးမျှားချိတ်ကို သူမြင်တွေ့နေရသည်။ တိဗက်ပြည်မှာ ရေခဲတောင်ကြီးတွေ၊ ကြီးမားကျယ်ပြန့်သည့် သတ္ထုတွင်းတွေ၊ သဘာဝသစ်တောကြီးတွေရှိ သည်။ တခုမပေးရင် တခုမရသော လောကကြီးရဲ့အထာကို နားလည်သဘော ပေါက်ထားသူဖြစ်သည်။ ပြည်မကြီးတွင် သူမြင်တွေ့နေရသည့် တူညီသော ဝတ်စုံ၊ တူညီသော ပြောဟန်ဆိုဟန်၊ တူညီသော လှုပ်ရှားရုန်းကန်ဟန်တို့မှာ တင်းကျပ် သော စည်းကမ်းတခု၏ ပြယုဂ်တခုဖြစ်သော်လည်း လူအားလုံးရဲ့ တွေးခေါ်သုံးသပ် ရှုမြင်ပုံကို တသမတ်တည်းဖြစ်အောင် ပုံသွင်းနေခြင်းကိုတော့ ဒလိုင်းလားမားက မနှစ်မြို့လှ။ တိဗက်ပြည်ကို သည်လို အဖြစ်မခံ။

ဘာသာတရား၊ ရိုးရှင်းလှပသည့် စိတ်နေစိတ်ထားနှင့် လွတ်လပ်သည့် ပင်ကိုစရိုက် လက္ခဏာများမှာ တိဗက်တိုင်းပြည် တိဗက်လူမျိုးတို့၏ အသက်သွေးကြောပင်ဖြစ် သည်။ ရုပ်ပိုင်းဆိုင်ရာ ခေတ်မီဖွံ့ဖြိုးတိုးတက်ရေးအတွက် တိဗက်လူမျိုးတို့ရဲ့ သည်အရည်အသွေးတွေကို နည်းနည်းကလေးမျှ အပွန်းအပဲ့ ခံ၍မဖြစ်။ ကိုယ်ပိုင် ယဉ်ကျေးမှု၊ ကိုယ်ပိုင်စရိုက်လက္ခဏာများကို အပွန်းအပဲ့ အထိရှခံပြီး ရုပ်ဝတ္ထုပစ္စည်း တိုးတက်မှုဖြင့် အလဲအလှယ်လုပ်ခြင်းသည် မိုက်မဲလွန်းရာကျသည်။ ပင်ကိုအလှ တရားသည်သာ စစ်မှန်သောအလှဟု တိဗက်လူမျိုးတို့က လက်ခံယုံကြည်ထားကြလေသည်။ သို့သော် သူတို့၏ ယုံကြည် ချက်သည် ယုံကြည်ချက်မျှသာ ဖြစ်ခဲ့ရလေပြီ။ ယုံကြည်ချက်တွေ၊ အိပ်မက်တွေက လက်တွေ့ဘဝမှာ အမှန်တကယ်ဖြစ် မလာတဲ့အခါ ကံကြမ္မာ ကိုချည်း ရိုးမယ်မဖွဲ့ပါလေနှင့်။

ဆက်လက်ဖော်ပြပါဦးမည်။
ကိုသစ် (သီတဂူ)
၇၊ ၈၊ ၂ဝ၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခရီးသွား ဆောင်းပါး

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ် ထွက်ပြီ

By

မိုးမခရဲ့ လောကဓာတ်ခန်း – Gmail နဲ့ Google Application အသုံးချ လမ်းညွှန်စာအုပ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်