ညိုထက်ညို ● တဖန် ပြန်လည်နိုးထနိုင်ခြင်းမရှိသောဝေဒနာ

July 12, 2018

  ● တဖန် ပြန်လည်နိုးထနိုင်ခြင်းမရှိသောဝေဒနာ
(မိုးမခ) ဇူလိုင် ၁၂၊ ၂၀၁၈

ထိုနေ့ည သန်းခေါင်ကျော် ၁၂နာရီ နှင့် ၂ နာရီကြားတွင် ရှိရင်းစွဲဖြစ်သော နှလုံးရောဂါ၏ ဒုတိယံမ္ပိတိုက်ခိုက်ခြင်းကိုခံရကာ အဖေ ကွယ်လွန်ခဲ့ပါသည်။

ကွယ်လွန်ချိန်တွင် အဖေသည် မီးပိတ်ထားသောဧည့်ခန်းထဲက သူ ထိုင်နေကျ ထိုင်ခုံတွင် ထိုင်လျက်သားအနေအထားဖြင့် ရှိနေပြီး သေခြင်းတရားသည် အဖေ့ထံသို့ တိတ်ဆိတ်စွာ ရောက်လာခဲ့ဟန်တူပါသည်။

ထို အဖေ့ထံသို့ရောက်လာခဲ့သောသေခြင်းတရားက ထားရစ်ခဲ့သည့်ခြေရာများနောက်သို့ ကျွန်တော် နောက်ယောင်ပြန်ခံ လိုက်ကြည့်မိပါသည်။
◊◊◊

လွန်ခဲ့သော ၁၃ နှစ် ခန့်က အဖေသည် နှလုံးသွေးကြောပိတ်သည့်ဝေဒနာကိုခံစားခဲ့ရ၍ ထိုင်းနိုင်ငံသို့သွားရောက်၍ နှလုံး သွေးကြော အစားထိုးလဲလှယ်ကုသသည့် bypass ကုထုံးကိုခံယူ၍ အသက်ဆက်ခဲ့ရပါသည်။ ထိုသို့ခံယူရာတွင် ကုသသည့် ဆရာဝန်များက အဖေ့သက်တမ်းကို နောက်ထပ်ဆယ်နှစ်မျှသာ ခန့်မှန်းပေးခဲ့ကြပါသည်။ ထိုအချိန်မှစ၍ ၁၃ နှစ်တိုင်တိုင် နှလုံးနှင့်ပတ်သက်၍ မည်သည့်ဝေဒနာကိုမျှ အဖေခံစားရခြင်းမရှိခဲ့သည်မှာ ကွယ်လွန်ကာနီး တစ်လကျော် အလိုခန့်အထိ ဖြစ်ပါသည်။

လွန်ခဲ့သောနှစ် စက်တင်ဘာလမှအစပြု၍ အဖေနှင့်အမေသည် ကျွန်တော်ရှိရာ နယူးဇီလန်နိုင်ငံသို့ ကျွန်တော်နှင့်အတူ နေ ထိုင်ရန် ရောက်ရှိလာခဲ့ပါသည်။ မူလအစီအစဉ်အရ အဖေနှင့် အမေသည် ကျွန်တော်နှင့်အတူ ခြောက်လခန့်နေထိုင်မည် ဖြစ်ပြီး ယခုနှစ် မတ်လ ၉ ရက်နေ့တွင် ရန်ကုန်သို့ ခေတ္တပြန်သွားကြမည်ဖြစ်ပါသည်။ ရန်ကုန်တွင် သုံးလခန့်နေထိုင်ပြီး တဖန် ကျွန်တော့်ထံပြန်လာကြမည် ဖြစ်ပါသည်။ ထို့ကြောင့် အဖေနှင့် အမေ နှစ်ယောက်စလုံးအတွက် အသွားအပြန် လေ ယာဉ်လက်မှတ်ကို ရန်ကုန်တွင် သူတို့ နှင့်အတူ ကျွန်တော်ရှိနေစဉ်ကတည်းက ကျွန်တော် ကြိုတင်ဝယ်ယူပေးခဲ့ရပါသည်။
သို့သော် လေယာဉ်လက်မှတ်ဝယ်ပြီးကာမှ နယူးဇီလန် နိုင်ငံမှာပဲနေထိုင်နေသူ ကျွန်တော့်နှမ ကိုယ်ဝန်ရှိခြင်းမှအစပြု၍ ဖေ ဖော်ဝါရီလအတွင်း ကလေးမွေးဖွားခြင်း အစရှိသော ဖြစ်စဉ်များ ဖြစ်ပွားခဲ့ပါသည်။ ထိုအခါ မူလက အဖေနှင့်အတူ ရန်ကုန် သို့ အတူပြန်ရန်စီစဉ်ထားသည့် ကျွန်တော့်မိခင်ဖြစ်သူမှာမပြန်နိုင်တော့ဘဲ နှမနှင့်အတူ မြေးဦးကလေးအား ကူထိန်းပေးရမည့် ကိစ္စ ဖြစ်လာခဲ့ပါသည်။

ထို့ကြောင့် အဖေ့ ကိုလည်း ရန်ကုန် သို့ တစ်ယောက်တည်း မပြန်တော့ဘဲ နောက်ထပ် လေးငါးခြောက်လမျှ ကျွန်တော် တို့နှင့်အတူ နေထိုင်ပြီးမှ အားလုံး အတူပြန်ကြရန် ကျွန်တော်ကော အမေကော ပြောပါသည်။ အကယ်၍ လေယာဉ်လက်မှတ် ဝယ်ယူပြီး အသင့် ရှိမနေပါကလည်း အဖေ ပြန်ဖြစ်မည် မဟုတ်တော့ပါ။ သို့သော် လေယာဉ်လက်မှတ်ကလည်း ဝယ်ယူပြီး အသင့် ရှိနေပြန်ပါသည်။ အဖေကိုယ်တိုင်ကလည်း လုပ်စရာတွေရှိနေသောကြောင့် ပြန်မှဖြစ်တော့မည်ဟု ပြောပါသည်။ ထိုအခါ အမေကလည်း အတူလိုက်ပြန်မည်ဟု ဆိုပါသည်။ သို့သော် သမီးအားကူ၍ မြေးကလေးအား ထိန်းပေးရန်သာ အဖေက အမေ့ကို ပြောပါသည်။

တစ်ခုခုကို ဆုံးဖြတ်ပြီးလျှင် ပြင်လေ့မရှိဘဲ ပြီးမြောက်သည်အထိသာ လုပ်လေ့ရှိသော အဖေသည် ဒီတစ်ကြိမ်တွင်လည်း သူ့ဆုံးဖြတ်ချက်ကို သူ ပြင်ဆင်ခြင်းမရှိဘဲ ကျွန်တော်နှင့် အမေ့ကိုချန်ထား၍ တစ်ယောက်တည်း ရန်ကုန်သို့ ပြန်သွားပါတော့ သည်။
◊◊◊

ရန်ကုန်သို့ အဖေပြန်ရောက်သွားပြီးနောက် သုံးပတ်လောက်အကြာတွင် အဖေ့အတွက် ပထမဆုံး သတိပေး ခေါင်းလောင်း သံသည် ပေါ်ထွက်လာခဲ့ပါသည်။
ထိုနေ့ နေ့ခင်းပိုင်းတွင် အဖေသည် တောင်ဥက္ကလာတွင်ရှိသော မြင်သာသို့ ကားလိုင်စင်ဝင်ရန်ကိစ္စဖြင့် ကျွန်တော်တို့ ကား ကို မောင်းသော ကျွန်တော့်သူငယ်ဖြစ်သူနှင့်အတူ ရောက်နေခဲ့ပါသည်။ ထို့နောက် ထမင်းစားချိန်တွင် ထမင်းဆိုင်သို့ အဖေတို့သွားခဲ့ကြပါသည်။ ဆိုင်သို့ရောက်ကြပြီးနောက် ထမင်းစားရန် ပြင်ဆင်ကြပါသည်။ ဤအချိန်တွင် အဖေ့အတွက် ပထမဆုံး သတိပေးခေါင်းလောင်းသံ ပေါ်ထွက်လာခဲ့ပါသည်။

အဖေသည် ထိုင်နေရာက ရုတ်တရက် ဘာကိုမှမလုပ်နိုင်သေးဘဲ မောနေပါသည်။ ထိုသို့ အဖေ ထူးထူးခြားခြား မောနေပုံ ပေါ်တာကို ကျွန်တော့်သူငယ်ချင်းက ချက်ချင်းသတိပြုမိသွားပါသည်။ ထို့ကြောင့် သူငယ်ချင်းဖြစ်သူက အဖေ့အား နားနား နေနေနေရန် ပြောပါသည်။ အဖေကတော့ ‘ရပါတယ်’ ဟုသာ သာမန်ပြန်ဖြေပါသည်။

တိုးညင်းသည်ဟုဆိုနိုင်သော်လည်း မိသားစုဝင်မဟုတ်သော သူတစ်ဦးက သတိပြုမိလောက်အောင်ပင် အဖေ မောနေခဲ့တာ ဖြစ်သောကြောင့် ထိုအဖြစ်အပျက်မှာ အဖေ့အတွက် ပထမဆုံး သတိပေးခေါင်းလောင်းသံဟု ဆိုနိုင်ပါသည်။

ထို့နောက် လေးငါးရက် ခန့်အကြာတွင် အဖေ့အတွက် ဒုတိယ သတိပေးခေါင်းလောင်းသံ ပေါ်ထွက်လာခဲ့ပါသည်။

ထိုညက အဖေ အိပ်နေရာက အသက်ရှုရကြပ်လာသောကြောင့် ရုတ်တရက် နိုးလာခဲ့ပါသည်။ ထိုအခါ အဖေလည်း အိပ်ရာ က ချက်ချင်းထပြီး လုပ်နေကျအတိုင်း အသက်ရှူ လေ့ကျင့်ခန်းကို လုပ်ပါသည်။ ထိုအခါမှ အသက်ရှူကြပ်ခြင်း ပြန်လည် သက်သာသွားပါသည်။

ဘာပဲဖြစ်ဖြစ် အဖေလည်းလန့်သွားသောကြောင့် နောက်တစ်နေ့နံနက်တွင် ထိုအချိန်က အဖေ့အနားတွင် အနီးကပ်ရှိနေသူ အဖေ့ နှမဝမ်းကွဲ၏ အစီအစဉ် ဖြင့် နာမည်ကြီး နှလုံးရောဂါ အထူးကုဆရာဝန်တစ်ယောက်ယောက်နှင့် ပြဖို့စီစဉ်ရပါသည်။

ကျွန်တော်တို့လည်း သတင်းကြားကြားချင်း စိတ်ပူသွားသော်လည်း အဖေက ပြန်လည်သက်သာနေသည့်အပြင် အဖေ့အား အစ်ကိုရင်းထက်တောင် ပိုချစ်မလား ထင်ရလောက်သည့် အဖေနှင့် နေ့စဉ် အဆက်အသွယ်လုပ်ကာ စောင့်ရှောက်နေသူ အဖေ့နှမဝမ်းကွဲလည်း အဖေ့နားမှာရှိနေသောကြောင့် အဖေ ဆရာဝန်နှင့် ပြသမည့်အချိန်ကိုသာ စောင့်မျှော်ရပါသည်။

ထို့နောက် အဖေ့ အား မူလပြန်ရန်စီစဉ်ထားသည့် ဇွန်လ ၉ ရက်နေ့ အစား စောစီးစွာ နယူးဇီလန် သို့ ပြန်လာပြီး နယူးဇီလန် နိုင်ငံတွင် ဆေးပြန်စစ်ရန် ပြောရပါသည်။ အဖေက မေလလယ် လောက်တွင် ပြန်လာတော့မည်ဟု ဆိုပါသည်။

ထုံးစံအတိုင်း ဆရာဝန်တစ်ယောက်ယောက်နှင့် တွေ့ဆုံခွင့်ရဖို့ အချိန်ယူရသော ကျွန်တော်တို့ မြန်မာနိုင်ငံ၏အခြေအနေ အတိုင်း ငါးရက်ခန့်အကြာ ဧပြီလ ၁၀ ရက်နေ့မှ ဆရာဝန်နှင့် ပြသခွင့်ရပါသည်။

ထိုနေ့ မြန်မာ စံတော်ချိန် ညနေ လေးနာရီ လောက်တွင် အဖေ့ထံမှ ဖုန်းဝင်လာပြီး သူ ဆေးခန်းသို့ရောက်နေပြီဟု ဆိုပါ သည်။ ထိုအခါ ကျွန်တော်နှင့်အမေက ဆရာဝန် ပြသပြီးလျှင်ပြီးချင်း ဖုန်းပြန်ဆက်ရန် ပြောပါသည်။ ထိုအခါ အဖေက ရယ်ရယ်မောမောနှင့် ‘ဟာ… လူတွေမှ အများကြီးပဲ၊ သုံးလေးနာရီ ကြာမှာ၊ မနက်မှ ဆက်တော့မယ်’ ဟု ဆိုပါသည်။

ကျွန်တော့်မျက်စိထဲတွင် အရင်က အဖေပြနေကျ ဒေါ်နွယ်နွယ်၏ ဆေးခန်းတွင် ဒေါ်နွယ်နွယ်အား ဆယ်မိနစ်လောက် ပြသရန် စောင့်ဆိုင်းနေကြသော ရာဂဏန်းနီးနီး လူအုပ်ကြီးကိုသာ မြင်ယောင်မိပါသည်။

သို့သော် ထိုနေ့ ညဘက် ကျွန်တော်တို့ ဆီက စံတော်ချိန် ညတစ်နာရီလောက်တွင် အဖေ့ထံက ဖုန်းဝင်လာပါသည်။ အဖေ့ အပြောအရ ဆရာဝန်နှင့် တွေ့ဆုံ၍ ပြသပြီးဖြစ်ကြောင်းနှင့် သွေးစစ်ရန်နှင့် echo ရိုက်ရန် ညွှန်ကြားလိုက်ကြောင်း ပြောပါ သည်။ ထိုအချိန်တွင် ကျွန်တော်တို့ထံတွင် ညဥ့်နက်လှပြီဖြစ်သောကြောင့် ဖုန်းကြာကြာမပြောဘဲ အဖေ ဖုန်း ပြန်ချသွားပါ သည်။ နောက်တစ်နေ့ နံနက်သို့ရောက်မှ အဖေ နှင့် ဖုန်း ထပ်မံပြောရပါသည်။ ထို့နောက် ညနေပိုင်းတွင် အဖေနှင့် ထပ်မံ စကားပြောရပြန်ပါသည်။

သင်္ကြန် ရောက်တော့မှာမို့ မနက်ဖြန် မှ စ၍ အဖေ သွေးစစ်နေကျ ဓာတ်ခွဲခန်း နှစ်ဆန်းတစ်ရက်နေ့ အထိပိတ်ပြီဟုဆိုပါသည်။
အဖေ အသက်ရှူကြပ်ကြောင်း သိရကတည်းက တစ်နေ့ နှစ်ကြိမ်တော့ရအောင် ဖုန်းဆက်သော အမေက အဖေ့ကို နေလို့ ကောင်းရဲ့လားဟု မေးပါသည်။ အဖေက ဟိုတစ်ခါ အသက်ရှူရကြပ်ပြီးကတည်းက ဘာမှမဖြစ်တော့ဘဲ နေလို့ ကောင်းပါ သည်ဟု ဖြေပါသည်။

ထို့နောက် သင်္ကြန်ရက်များအတွင်းသို့ ရောက်လာပါသည်။ ထို့နောက် နှစ်ဟောင်းကုန်ဆုံး သွားပါသည်။ အဖေသွေး မစစ် ဖြစ်ပါ။
◊◊◊

နှစ်ဟောင်းကုန်ဆုံး၍ နှစ်သစ်ရောက်ပြီး နှစ်ဆန်း နှစ်ရက်နေ့သို့ရောက်မှ အဖေ သွေးစစ်ဖြစ်ပါသည်။ သွေးစစ်ချက် ရလဒ် များမှာ နေ့တွင်းချင်းရ၍ အဖေ့ နှမဝမ်းကွဲမှ သွေးစစ်ချက်ရလဒ်များကို ချက်ချင်းပင် အမေ့ထံသို့ ပေးပို့လိုက်ပါသည်။ ရလဒ် များအရ သွေးမှာ ဆရာဝန် စစ်ဆေးခိုင်းသော အရာအားလုံးအတွက် ရှိသင့်သည့် ဘောင် တွင်းမှာပင်ရှိ၍ အဖေ့ နှမဝမ်းကွဲ အပါအဝင် ကျွန်တော်တို့ အားလုံး ဝမ်းသာသွားကြ ပါသည်။ အဖေ့ ကျန်းမာရေးအခြေအနေကိုမေးကြည့်တော့လည်း ဘာမှ အထူးအထွေ မဖြစ်ဘဲ ကောင်းမွန်သည် ဟု ဆိုပါသည်။ ယခု အခြေအနေ အတိုင်းဆိုလျှင် နယူးဇီလန်နိုင်ငံသို့ ပြန်ရောက်ပြီး အဖေ့ကို စာရင်းသွင်းထားသည့် အဖေ့ GP ထံ သွားရောက်ပြသပါကလည်း ဘာမှသိပ်ထူးမည်မဟုတ်သောကြောင့် နယူးဇီ လန်နိုင်ငံသို့ ပြန်ရောက်သောအခါ အသက်ရှူရမကြပ်သော်လည်း အသက်ရှူရ ကြပ်သည်ဟုဆိုကာ အဖေ့ကို ဆေးရုံသို့ တင်ပို့၍ အစစ်ဆေးခံစေရန် ကျွန်တော် ဆုံးဖြတ်လိုက်မိပါသည်။

ဘာပဲဖြစ်ဖြစ် အဖေ့အတွက် နောက်ဆုံး နေ့ရက်များကား နီးကပ်လာခဲ့ပြီ ဖြစ်ပါသည်။
◊◊◊

နောက် နှစ်ရက် လောက်နေတော့ အဖေက မနက်ခင်း မဟာဗန္ဓုလပန်းခြံတွင် လမ်းလျှောက်နေရာက အမေ့ထံ ဖုန်းဆက်ပါ သည်။ ပန်းခြံကို နှစ်ပတ်ပတ်ပြီး မောလာသောကြောင့် ခဏရပ်၍ နားနေသည်ဟု ဆိုပါသည်။ ရန်ကုန်တွင် နေပူလိုက်တာ ကလည်း မီးလောင်နေသလားမှတ်ရသည်ဟု ပြောပါသည်။ ထိုအခါ အမေက နေလည်းပူနေပြီဖြစ်သောကြောင့် လမ်းဆက်မ လျှောက်တော့ဘဲ အိမ်သို့ပဲ ပြန်တော့ရန် ပြောပါသည်။ ခါတိုင်းတော့ ပန်းခြံကို ငါးပတ်ပြည့်အောင်ပတ်ပြီးမှ အဖေ အိမ်ပြန်နေ ကျ ဖြစ်သော်လည်း ဒီနေ့တော့ စောစောပဲ အိမ်ကို ပြန်တော့မည် ဟု ပြောပါသည်။ ကျွန်တော်က အဖေ့ကို လေယာဉ်လက်မှတ် ဝယ်ပြီးပြီလားဟုမေးတော့ အဖေက မဝယ်ရသေးကြောင်းနှင့် ရှေ့အပတ်ထဲမှာ ဝယ်ဖြစ်အောင် ဝယ်တော့မည့် အကြောင်း ပြောပါသည်။

ထို့နောက် နောက်ထပ် နှစ်ရက်လောက် ထပ်မံကုန်လွန်သွားပြီး တနင်္ဂနွေနေ့သို့ ရောက်ရှိလာပါသည်။
◊◊◊

ထိုနေ့က ညဦးပိုင်းတွင် အဖေ နှင့် ဖုန်းပြောပြီး ကျွန်တော်တို့ဆီမှာ ည ၁၁ နာရီခွဲ ခန့်တွင် အဖေ့ထံမှ ဖုန်းဝင်လာပါသည်။ ကျွန်တော်ကိုင်လိုက်တော့ အဖေ့ဆီသို့ ကျွန်တော် ရန်ကုန်သို့ ပြင်ရန် အဖေနှင့်ထည့်ပေးလိုက်သော ကွန်ပြူတာကို လာယူ သည့် ကျွန်တော့်သူငယ်ချင်း ဖြစ်နေပါသည်။ ကျွန်တော့်သူငယ်ချင်းက ကျွန်တော့်ကို ကွန်ပြူတာနှင့်ပတ်သက်၍ အနည်းငယ် မေးပါသည်။ ကျွန်တော် သူငယ်ချင်းကို ပြန်ဖြေနေစဉ် အဖေ့ထံမှ သူငယ်ချင်းကို လှမ်းပြောနေသည့် ‘ကျသ လောက် ပေးမယ် ကျသလောက် ပေးမယ်’ ဟူသော စကားသံကို ကြားနေရပါသည်။ ထို့နောက် သူငယ်ချင်းနှင့် ကျွန်တော် ဖုန်းပြောပြီးသွားပြီး ဖုန်းကို အမေ့ထံသို့ ကျွန်တော်ပြန်ပေးလိုက်ကာ အဖေနှင့် အမေ နှစ်မိနစ် သုံးမိနစ်လောက် စကား ပြောကြပါသည်။ ပြီးတော့ အဖေ ဖုန်းပြန်ချသွားပါသည်။ ထိုအချိန်မှာ ရန်ကုန်တွင် ညနေ ခြောက်နာရီလောက်ရှိမည် ထင်ပါ သည်။
◊◊◊

ထိုည ရှစ်နာရီ ခန့်တွင် ခါတိုင်း ညတွေလိုပဲ အဖေ ခဏ အိပ်ပါသည်။ ထို့နောက် ၁၁နာရီ ခန့်တွင် ပြန်နိုးလာပါသည်။ ထို့နောက် အိမ်ရှေ့ဧည့်ခန်းရှိ သူ ထိုင်နေကျ တီဗီ နှင့် အနီးဆုံး ထိုင်ခုံ တွင် ထိုင်ပြီး ကျွန်တော်တို့ အိမ်တွင် ကျွန်တော်တို့တတွေ အိမ်မှာ မရှိတုန်း အိမ်မှာရှိသော ကရင်မလေး ခိုင်ခင်ဦး အဖော်ရစေရန် ခဏခေါ်ထားသည့် ကျွန်တော်တို့ အိမ်တွင် ယခင်က နှစ်ပေါင်းများစွာ နေထိုင်သွားပြီး အိမ်ထောင်ကျမှ ထွက်ခွာသွားသော ခင်မာဦး နှင့် စကားပြောပါသည်။

အဖေ ထိုညက ခင်မာဦး ကို မပြောစဖူး စကားတွေ ရှည်ရှည်လျားလျား ပြောနေပါသည်။ ထို့နောက် ၁၁နာရီခွဲ ခန့်တွင် အဖေ က ခင်မာဦး ကို အပေါ်သို့ တက်အိပ်ရန် ပြောပါသည်။ ဒီမှာပင် ခင်မာဦး က အိမ်ရှေ့ဧည့်ခန်းမီး ကို ပိတ်ပေးပြီး အပေါ်ထပ်ခိုး သို့ အိပ်ရန် တက်သွားပါသည်။ အိမ်ရှေ့မှောင်ကြီး ထဲမှာတော့ အဖေ တစ်ယောက်တည်း ထိုင်ကျန်နေခဲ့ပါသည်။
၁၂နာရီ ထိုးကာနီးတော့ အပေါ်ထပ်တွင် အိပ်နေသည့် ခင်မာဦး က အောက်ထပ် မီးဖိုခန်း ထဲမှ ညစဉ် ကြားနေကျ အသံများဖြစ်သည့် အဖေ အိမ်သာ သို့ ဝင်၍ ရေဆွဲချသံ၊ အံကပ်ကို ဖြုတ်၍ ဆေးနေသံ တို့ကို အိပ်ရာထဲမှ ကြားနေရပါသည်။ ထိုအချိန်တွင် နာရီကို ကြည့်လိုက်ရာ ၁၂နာရီ ထိုးရန် ငါးမိနစ်သာ လိုတော့သည် ကို ခင်မာဦး တွေ့ရပါသည်။

အဲဒီမှာပဲ သေခြင်းတရား က ကျွန်တော်တို့ တိုက် အောက်ထပ် ရှိ လှေကားရင်း သို့ ရောက်လာခဲ့ပြီ ဖြစ်ပါသည်။

မနက် ငါးနာရီ လောက်ကျတော့ အပေါ်ထပ်မှာ အိပ်နေသည့် ကရင်မလေး ခိုင်ခင်ဦး နိုးလာပြီး အောက်ထပ် သို့ ဆင်းလာပါသည်။ အိမ်အလယ်ခန်း က မီးမှာ ပွင့်နေပါသည်။ အဖေ့ ကို ရှာကြည့်တော့ အဖေ ခြင်ထောင်ထဲမှာ မရှိဘဲ အိမ်ရှေ့ဧည့်ခန်း မှောင်ထဲက ထိုင်နေကျ ကုလားထိုင်မှာ ထိုင်နေတာ လှမ်းတွေ့ရသောကြောင့် ခိုင်ခင်ဦး လည်း မီးဖိုချောင်ထဲ ဝင်ပြီး လုပ်စရာရှိတာ လုပ်ပါသည်။ မီးဖိုခန်းမှ မီး နှင့် အိမ်သာမီး မှာလည်း ပွင့်နေပါသည်။ ငါးနာရီခွဲ လောက်တွင် ထပ်ကြည့်လိုက်တော့ အဖေ ထိုင်နေတုန်းပဲ ဖြစ်ပါသည်။ ခါတိုင်းဆိုလျှင် မနက် လမ်းလျှောက်ရန် အတွက် အဖေ ပြင်ဆင်နေပြီ ဖြစ်သောကြောင့် အဖေ အိပ်ပျော်နေသည် ထင်ပြီး အဖေ့ ကို ခိုင်ခင်ဦး သွားနှိုးပါသည်။ အဖေ က လုံးဝ မနိုးပါ။ ထို့ကြောင့် ခိုင်ခင်ဦး ၏ စိတ်ထဲ တစ်မျိုးဖြစ်လာပြီး အပေါ်ထပ်မှ ဆင်းမလာသေးသည့် ခင်မာဦး အား သွားခေါ်ပါသည်။ ခင်မာဦး ရောက်လာပြီး အိမ်ရှေ့မီး ကို ဖွင့်လိုက်ပါသည်။ ထိုအခါ အဖေ့ ကို မီးရောင်ထဲတွင် တွေ့ရပါသည်။

အဖေ သည် ထိုင်လျက်သား အနေအထား နှင့်ပင် ဘုရားစင်ဘက်သို့ ခေါင်းလေးငဲ့လျက် အသက်ကင်းမဲ့ နေပါသည်။ အဖေ ကွယ်လွန်ပြီး ဖြစ်ကြောင်းကို ခင်မာဦး ရိပ်စားမိသော်လည်း သတိလစ်နေသည့် အနေနှင့်သာ သဘောထားပြီး ကျွန်တော်တို့နှင့် အခန်းချင်းကပ်လျက် က အိမ်နီးချင်း အငြိမ်းစားသူနာပြု ဆရာမကြီး ဒေါ်ခင်ကြည် ကို သွားခေါ်ပါသည်။ ဒေါ်ခင်ကြည် နှင့် သမီးဖြစ်သူ ချက်ချင်းလိုက်လာပြီး အဖေ့ ကို ကြည့်ပါသည်။ သွေးစမ်းဖို့ပင် မလိုလောက်အောင် နှုတ်ခမ်းတွေ ပြာလျက် မြင်သူတိုင်းက သိလောက်အောင်ပင် အဖေ ကွယ်လွန်နေတာ သေချာပါသည်။
◊◊◊

ဖြစ်ခဲ့ပျက်ခဲ့ သမျှ ဇာတ်ကြောင်း အကုန်အစင် အား အဖေ့ အသုဘ ပြီး၍ ရက်လည်ပြီးမှ ကျွန်တော် ကြားသိရပါသည်။ ကျွန်တော့်မျက်လုံး တွေကို မှိတ်လိုက်တော့ အဖေ က အသက်ရှူကြပ်၍ အိပ်ရာက နိုးလာပါသည်။ ကျွန်တော်က လက်ကိုင်ဖုန်း ကို ကောက်ကိုင်လိုက်ပါသည်။ ဆယ်မိနစ်မျှ အကြာတွင် အရေးပေါ် အသက်ကယ် ကိရိယာများ အစုံအလင် ပါရှိသည့် ခေတ်မီ လူနာတင်ယာဉ် တစ်စင်း ကျွန်တော်တို့ တိုက်ရှေ့သို့ ဆိုက်ရောက်လာပါသည်။ နောက်ထပ် ဆယ့်ငါးမိနစ် မျှ အကြာတွင် ခေတ်မီ စက်ကိရိယာ ပစ္စည်းများ အပြည့်အစုံ တပ်ဆင်ထားသော ကမ္ဘာ့အဆင့်မီ Auckland Hospital ကြီးသို့ အဖေ ရောက်ရှိသွားပါသည်။ ထို့နောက် ချက်ချင်းပင် အဖေတစ်ယောက် သူ နေရမည့် သီးသန့်ခန်း ထဲသို့ ရောက်သွားပါသည်။ မကြာမီ အတောအတွင်း အဖေ့ ရောဂါရာဇဝင် ကို သက်ဆိုင်ရာ နှလုံးအထူးကု ဆရာဝန်ကြီး များက ဖတ်ရှုကြပါလိမ့်မည်။ ထို့နောက် အရံသင့် ရှိနေသော စက်ကိရိယာ များ၏ အကူအညီ နှင့် အဖေ့ နှလုံး ကို အသေးစိတ် စစ်ဆေးကြပါလိမ့်မည်။ ထို့နောက် လိုအပ်သော ခွဲစိတ်ကုသမှု ကို ပြုလုပ်ရန် အစီအစဉ် များအား အချိန် နှင့် တပြေးညီ ဆောင်ရွက်ကြပါလိမ့်မည်။ ထိုအရာအားလုံး အတွက် ငွေကြေး တစ်ပြားတစ်ချပ်မျှ ပေးရန်မလိုဘဲ အားလုံး အခမဲ့သာ ဖြစ်ပါသည်။

သို့သော် အဖေ အသက်ရှူကြပ်ပြီး နိုးလာတာက ရန်ကုန်တွင် ဖြစ်ပါသည်။

………………………… ………………………….. ……………………………..

လွန်ခဲ့သော ၁၃နှစ်က ပထမအကြိမ် အဖေ နှလုံးသွေးကြောပိတ် စဉ် က ကြုံတွေ့ခဲ့ရသည် များကို ကျွန်တော် ပြန်လည် စဉ်းစားကြည့်ပါသည်။ အဲဒီတုန်းက အဖေ ချောင်းတွေ စဆိုးလာပါသည်။ ကျောတွေ အောင့်လာပါသည်။ လမ်းလျှောက်ရင်း မောလာပါသည်။ ရောဂါအမည် ကို ချက်ချင်း ခေါင်းစဉ်တပ်၍ မရပါ။ ဒါတောင်မှ အဖေ့နားတွင် အဖေ နှင့် လမ်းလျှောက်ဖော်လျှောက်ဖက် သမားတော်ကြီး ဒေါက်တာအောင်ခင် ရှိနေပါသေးသည်။ ဆရာဝန် နှစ်ယောက် သုံးယောက် ပင် အရင် ပြောင်းသွားပါသည်။ တစ်လခွဲလောက် ကြာမှ အဖေ့ နှလုံးသွေးကြောတွေ ပိတ်တော့မည် ဖြစ်ကြောင်း ကို သိရှိရပါသည်။ ရောဂါလက္ခဏာ များ စတင် ပြကာစ မှ နောက်ဆုံး ဘန်ကောက်က ခွဲစိတ်ကုတင် ပေါ်သို့ အဖေ ရောက်ချိန်အထိ နှစ်လမျှ ကြာမြင့်ခဲ့ပါသည်။ အကယ်၍သာ ခွဲစိတ်ကုတင် ပေါ်သို့ အဖေ မရောက်မီ နှလုံးသွေးကြော အရင် ပိတ်သွားပါက အဖေ ထိုကတည်းက သေဆုံးသွားလိမ့်မည် ဖြစ်ပါသည်။

ယခုအကြိမ် တွင် ပြသသည့် လက္ခဏာ များမှာမူ အဲဒီတုန်းကထက်ပင် ပါးလျ လှပါသည်။ ထို့ပြင် အဖေ ကြုံတွေ့ခဲ့ရသော ဖြစ်စဉ် နှစ်ခု စလုံးတွင် ပြသသည့် လက္ခဏာများမှာလည်း အပြင်းအထန် မဟုတ်ဘဲ အပျော့စား သဘောမျှသာ ဖြစ်ပါသည်။ ပေါ်လိုက်ပျောက်လိုက် လည်း ဖြစ်နေပြန်ပါသည်။ ယေဘုယျ အနေဖြင့် ဆိုရလျှင် နှလုံးသွေးကြောပိတ် တော့မည့် အကြောင်း ပြသသည့် လက္ခဏာ များမှာ သာမန်လူ တစ်ဦး အနေဖြင့် အရေးတယူ သတိမူမိဖို့ မလွယ်လောက်သည့် သဘော ရှိပါသည်။

ထို့အတွက် အဖေ ခံစားခဲ့ရသည့် နှလုံးသွေးကြောပိတ်ခြင်း အပါအဝင် အခြား နှလုံးရောဂါ အမျိုးမျိုး အတွက် အကောင်းဆုံး ကုသနည်း မှာ နှလုံးရောဂါ ဟု ယူဆနိုင်သည့် လက္ခဏာ တစ်ရပ်ရပ် ခံစားရသည်နှင့် ဆေးရုံ သို့ ချက်ချင်း တင်ပို့၍ ကုသသည့် နည်းတစ်နည်း သာ ရှိပါသည်။ ဥပမာအားဖြင့် နယူးဇီလန် နိုင်ငံ တွင် လူတစ်ယောက်သည် နှလုံးရောဂါ တစ်ခုခု နှင့် ပတ်သက်ဖွယ် ရှိသည့် လက္ခဏာ တစ်ရပ်ရပ် ခံစားရသည်နှင့် သက်ဆိုင်ရာ ဆရာဝန် က ချက်ချင်းပင် ဆေးရုံ သို့ ပို့လိုက်မည်သာ ဖြစ်ပါသည်။ ဤသို့ ပို့ခြင်းအားဖြင့် သက်ဆိုင်ရာ လူနာ သည် နှလုံးရောဂါ ခံစားနေရသည် ဟု ဆိုလိုခြင်း မဟုတ်ဘဲ စိတ်ချရစေရန် ပြုလုပ်ခြင်းမျှသာ ဖြစ်ပါသည်။ အကယ်၍ ခံစားနေရသော ဝေဒနာ သည် နှလုံးရောဂါ နှင့် မပတ်သက်ပါက ဆေးရုံမှ ပြန်လွှတ်လိုက်မည် ဖြစ်ပါသည်။

သို့သော် အဆိုပါနည်းမှာ ကျန်းမာရေး စောင့်ရှောက်မှု ကောင်းမွန်လှသော ချမ်းသာသည့် နိုင်ငံ များတွင်သာ ကျင့်သုံး၍ ရနိုင်စရာ ရှိပါသည်။ မြန်မာနိုင်ငံ ကဲ့သို့ ဆင်းရဲသော နိုင်ငံ တစ်ခုတွင် ဖြစ်နိုင်မည် မဟုတ်ပါ။ ထို့ပြင် ကျန်းမာရေး စောင့်ရှောက်မှု တစ်ခုခု ရဖို့ အခက်အခဲ အမြောက်အများ ရှိနေသော မြန်မာနိုင်ငံသား များ အနေဖြင့်လည်း ယေဘုယျအားဖြင့် ဆေးရုံ သို့ သွားဖို့ ဝန်လေးလှပါသည်။ သွားရန်လည်း ခဲယဉ်းလှပါသည်။ ကျွန်တော်တို့၏ လက်ရှိ အခြေအနေ အရ အဖေ့ ရှေ့မှ လူများစွာ အဖေ သွားသော လမ်းအတိုင်း သွားခဲ့ပြီးသည့် နည်းတူ အဖေ့နောက်မှလည်း နောက်ထပ် လူ အမြောက်အများ အဖေ သွားသော လမ်းအတိုင်း လိုက်ကြရဦးမည်သာ ဖြစ်ပါသည်။
◊◊◊

အဖေ မဆုံးပါးမီ ရက်များတွင် အဖေ့အတွက် သေနေ့စေ့သွားသည် ဟု ပြောလောက်စရာ အဖြစ်အပျက် ကလေးများ ဖြစ်ပွားခဲ့ပါသည်။ ထို့ကြောင့် အဖေ သေနေ့စေ့သွားသည် ဟု ပြောသူတို့က ပြောကြပါသည်။ ကွယ်လွန်ကာနီးတွင် ဖြစ်ပွားခဲ့သည့် အဖေ့ အပြုအမူ တချို့မှာ သေဆုံးတော့မှာကို အဖေ ပဲ သွေးကပြော၍ သိနေသလိုလို ဖြစ်ခဲ့သောကြောင့် သေနေ့စေ့သွားသည် ဟု ပြောမည်ဆိုလည်း ပြောလောက်ပါသည်။

အဖေ့အတွက် ရန်ကုန်သို့ ပြန်ရန် လေယာဉ်လက်မှတ် အသင့်ရှိနေခြင်း၊ ကွယ်လွန်ခါနီး ရက်ပိုင်းအလိုတွင် လွန်ခဲ့သော ခုနစ်လ ရှစ်လ လောက်က ကားဝပ်ရှော့တစ်ခု သို့ ပေးရန် အမှတ်မထင် ကျန်ရှိခဲ့သည့် ပိုက်ဆံ နှစ်သောင်းကျော် အား သွားပြီး ပေးခဲ့ခြင်း၊ နယူးဇီလန် သို့ ပြန်ရန် အချိန် လိုနေသေးသော်လည်း ကွယ်လွန်ခါနီး နှစ်ရက်အလို စနေနေ့တွင် မူလ စီစဉ်ထားသည့် အချိန်ထက် စော၍ သူနှင့် ပန်းခြံတွင် လမ်းလျှောက်ဖော်လျှောက်ဖက် မိတ်ဆွေများအား အချိန် အဆင်သိပ်မပြေသည့် ကြားက စားသောက်ဆိုင် တစ်ခုတွင် ကျွေးဖြစ်အောင် ကျွေးသွားခြင်း အစရှိသော အဖြစ်အပျက် ကလေးများ ဖြစ်ပွားခဲ့ပါသည်။

သို့သော် သေနေ့စေ့ခြင်း ဟူသည် သတိ နှင့် ဥာဏ်ပညာ သာ ဦးစီးအမှူး ရှိလေကုန်သော ဗုဒ္ဓ အဘိဓမ္မာ တွင် အရာမထင် နိုင်သော စွဲလမ်းမှု တစ်ခု မျှသာ ဖြစ်ပါသည်။

ကံ၊စိတ်၊ဥတု၊အာဟာရ သပ္ပာယမျှတ နေသရွေ့ နှင့် အခြား သေဆုံးရမည့် အကြောင်း တစုံတရာ မရှိသရွေ့ ကာလပတ်လုံး သတ္တဝါ တို့သည် အသက်ဆက်ရှင် နေကြမည်သာ ဖြစ်ပါသည်။
အစွဲအလမ်း တို့ကို ဘေးဖယ်၍ သတိ နှင့် ဥာဏ်ပညာ အမှူးရှိသော မျက်စိ နှင့် ကြည့်ရှုလျှင် အဖေ ကွယ်လွန်ခဲ့ရသည့် အကြောင်းရင်းခံ တို့ကို တွေ့နိုင်လိမ့်မည် ဖြစ်ပါသည်။
◊◊◊

လူပုဂ္ဂိုလ် အနေအားဖြင့် ဆိုရလျှင် အဖေ့တစ်သက်တွင် လူအပေါင်းအား ငွေကြေးအားဖြင့် လည်းကောင်း၊ ငွေကြေး မလိုအပ်သူများ အား လူအား ဖြင့်လည်းကောင်း၊ အဆက်အသွယ် အားဖြင့် လည်းကောင်း ကူညီခြင်းအမှု ကို တရံမလပ် ပြုလုပ်ခဲ့လေရာ အဖေ မှာ လူချစ်လူခင် အလွန်ပေါများလှသူ ဖြစ်ပါသည်။

ထိုသို့ လူချစ်လူခင် ပေါများကြောင်းကို အဖေ့ အသုဘ က သက်သေပြပါသည်။ အဖေ့ အသုဘတွင် ယခင် နှစ်ပေါင်း သုံးလေးဆယ် က ကျွန်တော်တို့ အိမ်တွင် အိမ်အကူလုပ်ခဲ့ဖူးသူ အစ်မကြီး ကအစ အာဇာနည် ခေါင်းဆောင်ကြီး တစ်ဦး ၏ သမီး အလယ် ကုလသမဂ္ဂ လက်ထောက်အထွေထွေ အတွင်းရေးမှူးချုပ် (ဟောင်း) အဆုံး လူတန်းစားအားလုံး လိုက်ပို့ခဲ့ကြပါသည်။

အထူးသဖြင့် အဖေ့ ဘဝတွင် ဆင်းရဲချို့တဲ့သူ များအား စဉ်ဆက်မပြတ် ကူညီခဲ့လေရာ ဆုံးပါးသွားသည့် အချိန်တွင်လည်း အဖေ့အား သူ ကူညီထောက်ပံ့ ခဲ့သူ ကျွန်တော်တို့ လမ်းထဲက ကားစောင့်ကြီးများက အိမ်ပေါ်က မ ချသွားခဲ့ကြပါသည်။ အဖေ့ ဘဝ တလျှောက်လုံးတွင် ဝန်ထမ်းဘဝ ရရှိသော ပင်စင်လခ အားလုံးအား တစ်ပြားတစ်ချပ် မကျန် လစဉ် လှူဒါန်းသွားခဲ့ပါသည်။

အဖေ ကွယ်လွန်ချိန်တွင် အဖေ သည် ကုလားထိုင်တွင် ထိုင်လျက် အနေအထား ဖြစ်၍ လက်နှစ်ဖက်ကို ကုလားထိုင် လက်ရမ်းပေါ်တွင် တင်ထားကာ ပကတိ လူတစ်ယောက် ကုလားထိုင်တွင် ထိုင်ပြီး အိပ်ပျော်နေသည့် သဏ္ဍာန် ကို ဆောင်နေပါသည်။

မျက်မြင် တွေ့ရှိရသော အငြိမ်းစား သူနာပြုဆရာမကြီး နှင့် ဓာတ်ပုံ ကို တွေ့ရသော အငြိမ်းစား ဆရာဝန်ကြီး တို့၏ အဆိုအရ အဖေ ကွယ်လွန်ချိန်တွင် ခံစားရသော ဝေဒနာသည် များစွာပါးလျ၍ ခံစားရသည့် အချိန်မှာလည်း တိုတောင်းမည် ဖြစ်သည် ဟု တညီတညွတ်တည်း ကောက်ချက်ချကြပါသည်။

အဖေ ကွယ်လွန်ချိန်တွင် မီးများကို ပိတ်ထား၍ အဖေ့အနီးတွင် လူတစ်ဦးတစ်ယောက်မျှ ရှိမနေဘဲ တစ်ယောက်တည်း သက်သက် ရှိနေချိန် ဖြစ်ပါသည်။ တပ်နေကျ မျက်မှန် နှင့် အံကပ် ကို ချွတ်ပြီးဖြစ်၍ အဖေ့ ကိုယ်ပေါ်တွင် ဝတ်ထားသော ညဝတ် တီရှပ်လက်တို အဖြူကလေး နှင့် ပုဆိုးအနွမ်းကလေး မှ လွဲ၍ အဖေ သည် ပကတိ မွေးဖွားလာခဲ့သည့် အတိုင်း ပင် ဖြစ်ပါသည်။

ထို့ပြင် အဖေ ကွယ်လွန်ချိန်သည် ပကတိ တိတ်ဆိတ်ငြိမ်သက်၍ လူအားလုံး အိပ်စက် အနားယူနေကြသော အကာလ ညအခါ ဖြစ်ပါသည်။ ဤကဲ့သို့သော အခြေအနေ အချိန်အခါ တွင် အဖေ ကွယ်လွန်ခဲ့ခြင်း ဖြစ်လေရာ အဖေ နှင့် အခြားလူများ အကြားတွင် ခြားနားမှု ဟူ၍ အခြားလူများက နံနက်တွင် ပြန်လည် နိုးထလာကြဦးမည် ဖြစ်ပြီး အဖေ ကတော့ တစ်ဖန်ပြန်လည် နိုးနိုင်တော့မည် မဟုတ်သည့် အချက်သာ ခြားနားသည် ဟု ဆိုနိုင်ပါသည်။

အဲဒီလို သေဆုံးခြင်း ကတော့ ဘဝ တလျှောက်လုံးတွင် ပတ်သက်သမျှ လူတွေအားလုံးအား ပကတိ ဖြူစင်သော နှလုံးသား နှင့် ကူညီခဲ့သည့် လူတွေအားလုံးက ချစ်ကြသည့် လူတစ်ယောက်အတွက် အမှန်တကယ် ထိုက်တန်လှပါသည် ။ ။

ညိုထက်ညို


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments