မောင်ရစ် – အတိတ်ကို ပြန်မလှန်ကြေး (ခင်ညွန့်၊ ၁၉၈၈ စက်တင်ဘာ အာဏာသိမ်းပြီးစ)

July 15, 2018

မောင်ရစ် – အတိတ်ကို ပြန်မလှန်ကြေး (ခင်ညွန့်၊ ၁၉၈၈ စက်တင်ဘာ အာဏာသိမ်းပြီးစ)

၈၈ အနှစ် ၂၀ (အခန်းဆက်များ)

(မိုးမခပြန်လည်ဆန်းသစ်ခြင်း) ၂၀၀၈ ဇူလိုင်လ

၈၈ အနှစ် ၂၀ ကို ကောက်နုတ်ချက်တွေ၊ စာတွေ၊ ဓာတ်ပုံတွေချည်းပဲ လိုက်ရှာ၊ လိုက်တောင်းပြီး ကိုယ်တိုင်တော့ မရေးသေးဘူး ဆိုပြီး တရွတ်ဆွဲနေတာ နည်းနည်းတော့ တို့ထား ရေးထားဦးမှပါပဲ။ ကိုယ်က ဘာကောင်မှ မဟုတ်တော့၊ တောက်တိုမယ်ရ (တီတီအမ်ဝိုင်) ဆိုတော့ ပြောလည်း သိပ်မထူးဘူးဆိုပြီး ထားတာ။ တော်ကြာ မေ့ပျောက်မကုန်ခင် ချရေးထားလိုက်တာပါ။


၁၉၈၈ သြဂုတ် ၀န်းကျင်နဲ့ မတိုင်ခင်

ဗိုလ်ချုပ် (ဟောင်း) အောင်ကြီးဆီမှာ အင်တာနက်တို့၊ ဘလောက်တို့၊ ရေဒီယိုတို့၊ ၀က်ဆိုက်တို့ မရှိဘူး။ သူက လက်နှိပ်စက်စာမူတွေကို မိတ်ဆွေဟောင်းတွေဆီ တအိမ်တက်ဆင်း လိုက်ဝေပြီး ပေးတာ။ မိတ္တူဆိုင်တွေက ကျိတ်ပြီး ကူးကြ ဖြန့်ကြတာကို မှတ်မိတယ်။ သူက ၁၉၈၇ ငွေစက္ကူတွေ သိမ်းတာ၊ ၁၉၈၈ မတ်၊ ဇွန် ကျောင်းသားအရေးအခင်းမှာ အာဏာရှင်တွေ မတရား အကြမ်းဖက် နှိမ်နှင်းတာ၊ သတင်းလိမ်၊ သတင်းဖုံးတာတွေကအစ ၁၉၆၂ ဇူလိုင် ၇ ရက် သမဂ္ဂ ဘယ်သူဖြိုသလဲ စတာတွေကို ဝေဖန်တဲ့ အာဘော်တွေ ထုတ်ပြန်ပါတယ်။

ပြီးတော့ ဘီဘီစီက ကျောင်းသားလှုပ်ရှားမှု မြေအောက်တော်လှန်ရေးသတင်းတွေကို တင်ဆက်တာတွေကို ည ည ရေဒီယိုရှေ့ နားထောင်ရတာကို မှတ်မိတယ်။ အဓိကကတော့ လုံထိန်းတွေက ကျောင်းသူတွေကို မတရားကျင့်ခဲ့ကြတယ်လို့ ကိုဌေးကြွယ်နဲ့ အဖွဲ့က ထုတ်ပြန်လိုက်တာဟာ လူထုကြီးက ဒေါသမီးဟုန်းဟုန်းတောက်စေတာပဲ။

ဦးဝင်းတင်၊ ဦးဝင်းခက်တို့ ဦးဆောင်တဲ့ စာနယ်ဇင်းသမားကြီးတွေက စာပေလောကသားတွေနဲ့ စုပေါင်း လက်မှတ်ထိုးပြီး အာဏာရှင်ကို ဝေဖန်ကြတယ်။ အဲဒါကို မှတ်မိတယ်။ လူကြီးတွေက လက်မှတ်ထိုးတယ်။ အောင်ကြီး စာရေးသလိုမျိုး ဦးခင်မောင်လတ်နဲ့ ဒေါ်ခင်မျိုးချစ်ကလည်း အာဏာရှင် ဦးနေ၀င်းနဲ့ သက်တမ်းတို သမ္မတ ဒေါက်တာမောင်မောင်ကို စာတို စာရှည်တွေ ရေးကြတာကို မှတ်မိတယ်။

ကျောင်းသားအဖွဲ့တွေ ဖွဲ့လာကြပြီ။ အမည်အမျိုးမျိုးလည်း ပေးလာကြပြီ။ အစကတော့ ကျနော်တို့ အခေါ် “တပ်ဦး”တွေပေါ့။ ဆန္ဒပြမယ်၊ စာဝေမယ်၊ ပြေးမယ်၊ ပြန်ပေါ်လာမယ်၊ ပြီးတော့ “သမဂ္ဂ”တွေ ဖြစ်လာတယ်။ ကျောင်းသားသမဂ္ဂ က စလို့ အိမ်ရှင်မများ သမဂ္ဂအထိ။

ဦးနေ၀င်းက တပါတီစနစ်ကို ဖျက်မယ်၊ ပါတီစုံ လုပ်မယ်လို့ ပြောတယ်။ ပါတီညီလာခံက လက်မခံဘူး။ ပြည်သူ့ဆန္ဒကို ကောက်ယူဦးမယ်၊ တပါတီစနစ်ကို ပြုပြင်မယ်ဆိုပြီး လုပ်တယ်။ စစ်ဗိုလ်လူထွက် ဦးစိန်လွင်ကို အကြီးအကဲ ပြောင်းခန့်တော့ သူက ပြည်သူကို သေနတ်နဲ့ ပစ်ပြီး ဖြေရှင်းလိုက်တယ်။ လူထုက ရပ်မသွားဘူး၊ ပိုပြီး ပေါက်ကွဲတယ်။ ပါတီက ဒေါက်တာမောင်မောင်ကို တင်တယ်။ ဦးတင်အောင်ဟိန်း တရားသူကြီးချုပ်ကို ကော်မရှင်ဖွဲ့ပြီး ပြည်သူဆန္ဒကောက်ယူရေးကို လုပ်တယ်။ လူတွေက လမ်းပေါ်မှာချည်းပဲ၊ ဆန္ဒပြနေကြတာ။ ဆေးရုံကြီးက တဖြေးဖြေးနဲ့ စုရပ်ဖြစ်လာတယ်။ မှတ်မိတယ်။

ဦးတင်အောင်ဟိန်းက သြဂုတ် ၂၄ မှာ ပြည်သှူသဘောထား ကောက်ယူတဲ့ ကော်မရှင်ကို ဖျက်ပစ်လိုက်တယ်။ ပြည်သူတွေ အားလုံးသာမက ၀န်ထမ်းတွေပါ လမ်းပေါ်ရောက်ပြီး ဆန္ဒပြပွဲကြီး ဖြစ်သွားတော့ အထွေထွေသပိတ်ကြီး ဖြစ်သွားတာပေါ့။ တပါတီစနစ်လည်း အဲဒီမှာ ကျဆုံးသွားတော့တာပဲ။

သြဂုတ်နှောင်းပိုင်းနဲ့ စက်တင်ဘာ

အဓိက ကတော့ တပြည်လုံးမှာ ကျောင်းတွေ၊ ဆေးရုံတွေ၊ ဘုရားတွေ၊ ဇရပ်တွေဟာ သပိတ်စခန်းကြီးတွေ ဖြစ်သွားတာဖြစ်ပါတယ်။ ၀န်ထမ်းနဲ့ အထွေထွေ လူတန်းစားသမဂ္ဂတွေက ဆေးရုံကြီးမှာ စတည်းချကြတယ်။ ကျောင်သားတွေက ရန်ကုန်ပင်မ တက္ကသိုလ်မှာ သမဂ္ဂရုံးခန်းတွေ ဖွင့်ကြတယ်။ အဖွဲ့တွေ၊ စာစောင်တွေ၊ အစုအဖွဲ့အလိုက် ချီတက်ပွဲတွေ၊ ဟောပြောပွဲတွေ နေ့စဉ် ဆောင်ရွက်ကြတယ်။

ဦးအောင်ကြီး ဦးဆောင်တဲ့ တပ်မှူးဟောင်းတွေ၊ ဦးနု ဦးဆောင်တဲ့ ဖဆပလ လူဟောင်းတွေ၊ ဦးဝင်းတင်တို့ ဦးဆောင်တဲ့ စာနယ်ဇင်းနဲ့ တတ်သိနဲ့ အနုပညာရှင်တွေ (နောင်မှာ လက်ဝဲတွေလို့ အမည်တပ်ကြတယ်။ အဲဒါလည်း ထပ်ရှင်းရအုံးမယ်၊ နောက်မှ)၊ အထွေထွေ သပိတ်ကော်မတီ၊ ဒေါ်အောင်ဆန်းစုကြည်ကိုတော့ အားလုံးက ၀န်းရံလာကြတယ်။ အထူးသဖြင့် တပ်မှူးဟောင်းတွေနဲ့ စာနယ်ဇင်းတွေ၊ တတ်သိတွေလို့ မှတ်မိတယ်။

ကျောင်းသားသမဂ္ဂတွေထဲမှာတော့ အင်အားကောင်းတာက ဗကသ (ဗမာနိုင်ငံလုံးဆိုင်ရာ)၊ ရကသ (ရန်ကုန်တက္ကသိုလ်)၊ အကသ (အခြေခံပညာ)၊ ကျောင်းသားလူငယ်ပေါင်းစုံပါနိုင်တဲ့ တပ်ဦးတွေနဲ့ သုံးရောင်ခြယ် လူငယ်တွေ ရှိတယ်လို့ မှတ်မိတယ်။

အဲသလို သပိတ်အီနေတဲ့အချိန်ကလေးမှာ သြဂုတ် လကုန်ပိုင်းကလေးမှာ ဦးအောင်ကြီးဟာ အရမ်းကို တက်ကြွနေတဲ့အချိန်ဖြစ်တယ်။ လူငယ်တယောက် အနေနဲ့ ဘာဆက်လုပ်ရမှန်းမသိတဲ့အချိန်မှာ သူ့ကို မေးမိတယ်။ ဘာဆက်လုပ်ရမှာလဲ။ ဆန္ဒပဲ ဆက်ပြနေရမှာလားလို့။ သူက ကိုယ်လုပ်နိုင်တာကို အကောင်းဆုံးဆက်လုပ်ပါလို့ ပြောတယ်။ ပြီးတော့ အနောက်နိုင်ငံတွေက အကူအညီတွေ ၀င်လာရင် လမ်းတွေ တံတားတွေ ချက်ကောင်းအောင် လုပ်ပစ်လိုက်နိုင်တယ် လို့ သူပြောတယ်။ အဲဒါ မှတ်မိတယ်။

စက်တင်ဘာ ၁၈ အာဏာမသိမ်းခင် အထိ သြဂုတ်လဆန်းက စရင် အဲဒီ ရက်ပေါင်း ၅၀ ဟာ တကမ္ဘာလိုမျိုး ကြာရှည်တယ် ထင်တယ်။ အဖြစ်အပျက်တွေ အများကြီးပဲ ဆက် ဆက် ဖြစ်ခဲ့တာကိုး။

(ပါတီဝင်တွေထဲက ၀န်ထမ်းတွေကို ပါတီကနေ ထွက်ခွင့်ပေးလိုက်တယ်။ ပါတီကို ဖျက်သိမ်းဖို့ သူတို့ ပြင်ဆင်တာဖြစ်တယ်။ )

လေတပ်က စစ်သားတွေက သပိတ်မှောက်သူတွေနဲ့ ပူးပေါင်းလာကြတယ်။

တန်ပြန်သပိတ်သမားတွေက စစ်ထောက်လှမ်းရေးဦးဆောင်မှုနဲ့ လှုပ်ရှားလာတယ်။ အဲဒီမှာ ခေါင်းဖြတ်သတ်တာတွေ၊ အဆိပ်ခပ်တာတွေ စတဲ့ လှုံ့ဆော် သွေးထိုးမှုတွေ ဖြစ်ကုန်တယ်။ လက်နက်နဲ့ ရန်စလို့ဆိုပြီး ကုန်သွယ်ရေးရုံးက စစ်သားတွေနဲ့ သပိတ်တပ်တွေနဲ့ ပဋိပက္ခဖြစ်တယ်။ ကျောင်းသားသမဂ္ဂတွေက ထိမ်းထားနိုင်တယ်။

အစိုးရ အဆောက်အဦတွေ၊ ဂိုဒေါင်တွေမှာ လုံခြုံရေးကို ရုတ်သိမ်းပြီး တောကြောင်တွေ လက်ထဲကို ရောက်အောင် ထောက်လှမ်းရေးက လုပ်လိုက်တယ်။ ဂိုဒေါင်တွေဖောက်ပြီး ပစ္စည်းတွေ ယူကြတော့ ကျောင်းသားသမဂ္ဂတွေ၊ တပ်ဦးတွေက လူငယ်တွေက လိုက်သိမ်းရတယ်။ ပြန်ပြီး အကာအကွယ် ပေးရတယ်။

ဦးနုက ဆိုရှယ်လစ်တပါတီ အာဏာရှင်တွေ လက်ထဲက အာဏာကို ပြန်လည် ရယူလိုက်ကြောင်း၊ သူသာလျင် တိုင်းပြည်ရဲ့ ၀န်ကြီးချုပ်လို့ ကြေညာတယ်။ အခြား အစုအဖွဲ့တွေနဲ့ မတိုင်ပင်ထားတော့ အားလုံးက အံ့အားသင့်ကုန်ကြတာကို မှတ်မိတယ်။

ကာတွန်း ဦး ဖေသိန်းအိမ်မှာ အဲဒီအချိန်တုံးက ရောက်နေတော့ လူငယ်တယောက်အနေနဲ့ မကျေနပ်ကြောင်း ပြောမိတာပေါ့လေ။ ဦဖေသိန်းက ဒါကို လက်ခံတယ်၊ ခုချိန်မှာ အထွေထွေသပိတ် အထွဋ်အထိပ်အချိန်မှာ ဒီလို အာဏာကို ရယူပြီး လူထုကို ဦးဆောင်ရမယ်။ အစိုးရအဖွဲ့ (စင်ပြိုင်ပဲ ဖြစ်ဖြစ်) ဖွဲ့ရမယ်လို့ သူက သုံးသပ်ပြတယ်။ အဲဒီတုန်းက ငါတို့က ကျောင်းသားဆိုပြီး မာန်တက်နေတာကို မှတ်မိတယ်။

ကျောင်းသားခေါင်းဆောင်တွေက (ဗကသတို့၊ မကသတို့က ဘယ်သူပဲ ဖြစ်ဖြစ်ပေါ့) သူတို့တွေ လုပ်ကြရမှာပဲ။ အဲဒီ လူကြီးတွေက ဘာဝင်ပြီး ရှုပ်တာလဲလို့ မကျေမနပ်ဖြစ်နေတာ တော်တော်များတယ်။ အဲဒီတုံးက သတင်းစာတို့၊ ရုပ်မြင်သံကြားတို့ဆိုတာ ၈၈ အရေးတော်ပုံ သတင်းတွေချည်းပဲ လွှင့်နေ၊ ထုတ်နေတဲ့ အချိန်ဖြစ်နေပြီ။ သတင်းစာတို့ ရုပ်မြင်တို့မှာလည်း ၀န်ထမ်းသမဂ္ဂတွေတောင် ဖြစ်နေပြီ။

အဲဒီတုံးက တကမ္ဘာလုံးက စစ်အေးခေတ်ကြီးထဲမှာ လုံးဝ မမျှော်လင့်ထားတဲ့ မြန်မာနိုင်ငံပြည်သူတွေရဲ့ တပါတီအာဏာရှင်စနစ်ကြီးကို ဖြုတ်ချတဲ့ အရေးတော်ပုံကို မှင်သက်ပြီး ကြည့်နေရတဲ့အချိန်။ တရုတ်တို့၊ ရုရှားတို့ဆိုတာ အင်အားကြီး အရှေ့အင်အားစုတွေ။ ဒါပေမယ့် စစ်တိုက်သလို ခြေကုတ်ယူ၊ ထိုးစစ်ဆင်၊ သတင်းစုပြီး ပြန်ပြီး အနိုင်တိုက်သွားတာက မြန်မာပြည်ရဲ့ လက်နက်ကိုင်ထားတဲ့ အာဏာရှင်စစ်အုပ်စုပဲ ဖြစ်ပါတယ်။

အဲဒီတုံးက စစ်ထောက်လှမ်းရေးက ဗိုလ်ကြီးစည်သူတယောက်ကိုပဲ ထင်ထင်ရှားရှား ဖမ်းမိခဲ့ဖူးတယ်။ သူ့ကို ၈၈ အရေးတော်ပုံက ပြန်လွှတ်ပေးခဲ့တယ်။ ဖမ်းမိတာက မြို့ထဲမှာ၊ မြန်မာမွတ်ဆလင်အဖွဲ့က လူငယ်တွေက ဖမ်းမိတာ။ တန်ပြန်သပိတ်အဖွဲ့တခုအဖြစ်။ ပြန်လွှတ်ပေးပြီးနောက်ပိုင်း စစ်တပ်က အာဏာသိမ်းပြီး သူတို့ထောက်လှမ်းရေးတွေက အညိုးတကြီးနဲ့ အဲဒီလူငယ်တွေကို ဖမ်းပြီး နှိပ်စက်ခဲ့တယ်။ နောက်တော့ ပြန်ပေးဆွဲသလိုမျိုး ငွေတွေ တောင်းပြီးတော့ လွှတ်ပေးခဲ့တယ်။ အဲဒီထဲက တယောက်ပဲ ထောင်ကျတယ်လို့ မှတ်မိတယ်။

၁၉၈၈ စက်တင်ဘာမှာ စစ်တပ်က အာဏာသိမ်းတယ်။ နောက်နေ့တွေမှာ လမ်းပေါ်တက်လာတဲ့ သပိတ်အဖွဲ့တွေကို ပစ်သတ်တယ်။ ပြတ်ပြတ်သားသား ဆုံးဖြတ်ထားပြီးသားဆိုတော့ တပတ်အတွင်း မြန်မာပြည်တပြည်လုံးကို စစ်တပ်က ကျားထိုးပြီး သိမ်းလိုက်တာပါပဲ။ သပိတ်အဖွဲ့တွေထဲက တချို့တွေက အဲဒီတုန်းကတည်းက တောခိုဖို့ ထွက်သွားကြတယ်။ သမဂ္ဂတွေ၊ တပ်ဦးတွေကတော့ မြေအောက်အဖွဲ့တွေ အဖြစ် ကျန်ရစ်ခဲ့ကြတယ်။

လူကြီးအစုအဖွဲ့တွေက အဲဒီအချိန်မှာ စုစုစည်းစည်း ဖြစ်ပြီး ကျန်ရစ်တယ်။ လူငယ်တွေကို အချိန်ယူဖို့ ပြန်စောင့်ကြည့်ဖို့ နားပြန်ချကြတာကို မှတ်မိတယ်။ အဲဒီတုန်းက နယ်စပ်က တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့တွေက စောင့်ကြည့်နေကြတဲ့ အခြေအနေဖြစ်နေတယ်။ ပြည်သစ်ပါတီနဲ့ ကရင်အမျိုးသားအစည်းအရုံးတို့က ထွက်ပြေးလာတဲ့ ကျောင်းသားတွေကို လက်ခံကြိုဆိုဖို့ ဆုံးဖြတ်ကြတယ်။

စက်တင်ဘာ ၁၈ အလွန်

စစ်တပ်က အာဏာကို သိမ်းတယ်ဆိုတာက တပါတီ အာဏာရှင်စနစ်ကနေ စစ်တပ်အာဏာရှင်အဖြစ် ကူးပြောင်းလိုက်တာပါပဲ။ ပါတီကို ဖျက်သိမ်းပြီး အစိုးရအဖွဲ့ကို စစ်ဗိုလ်တွေနဲ့ အစားထိုးဖွဲ့တဲ့နေရာမှာ ချောချောမွေ့မွေ့ပါပဲ။ ဘာမှ ပြုပြင်စရာ မလိုဘူး။ တပါတီကလည်း တသွေးတသံ၊ စစ်တပ်ကလည်း တသွေး တသံ တမိန့်ဆိုတော့ ၀န်ထမ်းတွေ ပြန်လာပြီး အလုပ်ပြန်ဆင်းကြလို့ ဆင့်ဆိုလိုက်ရုံနဲ့ အထွေထွေသပိတ်ကြီးကမှောက်ထားတဲ့ အစိုးရယန္တယားကြီးက ပြန် သပိတ်လှန်တော့တာပါ။ သတင်းကြေညာတဲ့ လူကလည်း ဒီလူပဲ။ သတင်းစာကလည်း ဒီသတင်းစာပဲ။ အယ်ဒီတာတွေကလည်း ဒီလူတွေပါပဲ။

စစ်တပ်က အဲဒီတုံးက ချပေးတဲ့ လမ်းကြောင်းက လူကြီးတွေက ပါတီဖွဲ့ကြ၊ ရွေးကောက်ပွဲ ၀င်ကြလို့ ပြောတာပါ။ ပါတီစုံအထွေထွေ ရွေးကောက်ပွဲ ကျင်းပရေး ကော်မရှင်ဆိုတာ တပါတီစနစ်ကနေ အမွေရလာတဲ့ အလိုတော်ရိ လူကြီးတွေကို ပြန်ခေါ်ပြီး ဖွဲ့ပေးလိုက်တာပါ။

ကျောင်းသား လူငယ်တွေ အတွက်ကကော။ ဘာလမ်းကြောင်း ချပေးခဲ့သလဲ။ အဲဒီတုန်းက ကျောင်းသားခေါင်းဆောင်တွေနဲ့ ဗိုလ်ချုပ်ခင်ညွန့်ကိုယ်တိုင်တွေ့ပါတယ်။ ကျောင်းသားတွေကို ပညာရေးပြန်ဆက်ဖို့နဲ့ ကျောင်းသားသမဂ္ဂကြီးကို ပြန်ပေးမယ်လို့ ပြောပါတယ်။ အစကတည်းက ဒါကို တောင်းခဲ့တာပဲ မဟုတ်လား။ ကဲ ရော့ ကျောင်းသားသမဂ္ဂကို ပေးမယ်။ ရော့ ယူလိုက်ပေါ့ ဆိုတဲ့သဘောပါ။ မျက်မြင်သက်သေကတော့ မောင်ရစ်ရဲ့ အဲဒီတုန်းက သူငယ်ချင်း ၂ ယောက်က ပြန်ပြောတာလို့ပဲ ပြောရမယ်။ မောင်ရစ်က အဲသလောက် မနီးဘူး။ ဝေးတယ်။

ကျောင်းသားတွေ လူငယ်တွေက ပြန်မေးခွန်းတွေ ထုတ်ကြတယ်။ အာဏာသိမ်းတာ၊ လမ်းမှာ လူတွေကို ပစ်သတ်တာ။ ဖမ်းဆီးထားတာ။ နှိပ်စက်တာ။ တောထဲကို လူငယ်တွေကို မောင်းထုတ်တာတွေကို ၀ိုင်းပြီး မေးခွန်းတွေ ထုတ်ခဲ့ကြတယ်။

ခင်ညွန့်က အဲဒီတုန်းက စကားတခွန်း ပြောပြီး ကျောင်းသား လူငယ်တွေကို ပါးစပ်ပိတ်လိုက်တယ်။ (ပိတ်ဖို့ကြိုးစားတယ် လို့ ထင်ပါတယ်)။

အဲဒီ စကားဟာ ကျနော်တို့ ရှေ့ဆက်သွားရတဲ့ လမ်းတလျှောက်မှာ ပြောစမှတ်တွင်ခဲ့တဲ့ စကားတခွန်းဖြစ်ကျန်ခဲ့တယ်။

ခင်ညွန့်က လက်ကာပြီး ပြန်ပြောခဲ့တယ်။

” ညီလေးတို့ … အတိတ်ကို ပြန်မလှန်ကြေး ကွာ …” တဲ့။

အတိတ်ပြန်မလှန်ကြေး ဆိုတိုင်း အနာဂတ်ကြီးက ကောင်းသွားရောလားလို့ အနှစ် ၂၀ ကြာတဲ့အခါ ပြန်စဉ်းစားကြည့်စေချင်တာပါပဲ။ ၀ိုင်း စဉ်းစားကြပါဦး။

၂၀၁၀ ရွေးကောက်ပွဲကြီးကိုလည်း ကျနော်တို့ အတိတ်ကို ပြန်မလှန်ဘဲနဲ့ ဖြတ်ကြရမှာလား။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, မောင်ရစ်, ပြန်လည်ဆန်းသစ်ခြင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်