လှကျော်ဇော ● အနောက်နိုင်ငံများ ကျဆုံးပြီလား

July 21, 2018

လှကျော်ဇော ● အနောက်နိုင်ငံများ ကျဆုံးပြီလား  

(အနောက်နိုင်ငံများအတွက် မေတ္တာလက်ဆောင်)
(မိုးမခ) ဇူလိုင် ၂၁၊ ၀၁၈


ဒီနှစ် ဧပြီလမှာ ပင်ဂွန်းစာအုပ်တိုက်က အနောက်နိုင်ငံများ (အမေရိကန်နဲ့ဥရောပနိုင်ငံများ) အကြား အတော်လှုပ်လှုပ်ရှားရှား ဖြစ်သွားစေတဲ့ စာအုပ်တအုပ်ထွက်လာပါတယ်။ Has the West Lost it. အနောက်နိုင်ငံများကျဆုံးပြီလားတဲ့။ အနောက် နိုင်ငံများအတွက် လှုံ့ဆော်ဖို့လို့ဆိုပြီး ထွက်လာတဲ့စာအုပ်ပါ။ စာအုပ်ရေးသူကတော့ အိန္ဒိယနွယ်ဖွား စင်ကာပူပါမောက္ခ တဦးပါ။ ကုလသမဂွဆိုင်ရာ စင်ကာပူကိုယ်စားလှယ်အဖြစ် (၁၀) နှစ် တာဝန်ထမ်းဆောင်ခဲ့ဘူးပြီး (ကြားထဲမှာ ကုလလုံခြုံ ရေး ကောင်စီဥက္ကဌ ၂ နှစ်လုပ်ဖူးတဲ့) သံတမန်ဟောင်းတဦးလည်းဖြစ်တဲ့ ကီရှောမာဘူဘာနီပါ။ Kishore Mahbubani.သူက လီကွမ်ယူတက္ကသိုလ်ရဲ့ကျောင်းအုပ်ကြီးလည်း လုပ်ခဲ့ဘူးပါတယ်။ ၂၁ ရာစုဟာ အာရှရာစုနှစ်ဖြစ်နိုင်တယ်ဆိုတဲ့အထိုင်ပေါ်ကနေအတွေးသစ်အမြင်သစ်များကိုစနစ်တကျသုတေသနတွေပြုပြီး စာအုပ်အတော်များများရေးသားထုတ်ဝေခဲ့သူဖြစ်ပါတယ်။ အခုလောလောဆယ်မှာတော့ တရုတ်ပြည် ဖူတန်တက္ကသိုလ်ရဲ့ဧည့်ပါမောက္ခအဖြစ် လုပ်ဆောင်နေပါတယ်။

သူ့စာအုပ်တွေထွက်တိုင်း စာအုပ်မိတ်ဆက်ချက်များကို ကမ္ဘာအနှံ့လှည့်ပြီး၊ တက္ကသိုလ်များ၊ သူတေသနအဖွဲ့များမှာ ဟောပြောပွဲတွေလုပ်ပါတယ်။ ဟောပြောပွဲအပြီးမှာလည်း အမေးအဖြေကဏ္ဍကလည်း အတော်ကိုအသက်ဝင်ပြီး ဦးနှောက် လှုပ်ရှားစရာတွေ အတော်များပါတယ်။  (မှတ်ချက်။ You Tube မှာ သူဟောပြောပွဲအခွေတွေ အတော်များများတင်ထားတာ တွေ့ရပါတယ်။) စာအုပ်ထုတ်ရတဲ့ရည်ရွယ်ချက်၊ စာအုပ်ပါ အချက်အလက်များ ဒီအယူအဆအသစ်အဆန်းများအပေါ် သက်သေပြချက်များ၊  (စာရင်းဇယားများ)  စတဲ့အကြောင်းများ သူ့ဟောပြောချက်များမှာပါရှိပါတယ်။    အနောက်နိုင်ငံများအ တွက်မေတ္တာလက်ဆောင်ပါလို့ဆိုပြီး အခုထုတ်လိုက်တဲ့  ဒီစာအုပ်ရဲ့ရည်ရွယ်ချက်များကိုပြောရာမှာ ….

၁။ ကမ္ဘာကြီးအတွက် အနောက်နိုင်ငံများဘယ်လောက်အရေးကြီးသလဲ၊ ဘာဖြစ်လို့ အနောက်နိုင်ငံများ ပြုပြင်ပြောင်းလဲ သင့်သလဲ။

ကမ္ဘာပေါ်မှာပေါ်ခဲ့သမျှ ယဉ်ကျေးမှုကြီးများအကြား လွန်ခဲ့တဲ့အနှစ် (၂၀၀) က စတင်ပေါ်ပေါက်ခဲ့တဲ့ အနောက်ယဉ်ကျေးမှုဟာ အအောင်မြင်ဆုံး ယဉ်ကျေးမှုဖြစ်ခဲ့ပြီး ကျန်ကမ္ဘာသူကမ္ဘာသားများကိုပေးတဲ့ လက်ဆောင်မွန်တရပ်ဖြစ်ပါတယ်။ သူက သူ့ကိုယ်သု အနောက်ယဉ်ကျေးမှုရဲ့အလွန်ကောင်းမွန်တဲ့ နမူနာတရပ်လို့ဆိုပါတယ်။ အိန္ဒိယမှ စစ်ပြေးဒုက္ခသည် မိဖနှစ်ပါး ကမွေးဖွားခဲ့တဲ့ စင်ကာပူပျံကျရပ်ကွက်ထဲက အာဟာရမပြည့်ဝတဲ့ကလေးငယ်တဦးဟာ စင်ကာပူရဲ့လူမှုအထောက်အပံ့အမျိုးမျိုးနဲ့ တက္ကသိုလ်ကြီးများကဘွဲ့တွေရရှိခဲ့ရုံမက သံတမန်ကြီးတဦးဖြစ်လာနိုင်တဲ့အခွင့်အရေးတွေကို သူကထောက်ပြပါ တယ်။

လူသားသမိုင်းဟာ ဒါကြောင့်ပဲ အမှောင်ခေတ်ကလွတ်ပြီး ဘယ်တုန်းကမှမရရှိခဲ့ဘူးတဲ့ အကျိုးကျေးဇူးတွေကို ခံစားလာရပါ တယ်။ ကမ္ဘာကြီးဟာ ပိုမိုကောင်းမွန်တဲ့ဒေသကြီးဖြစ်လာနေပါပြီတဲ့။ ဥပမာ ၁၉၅၀ ခုနှစ်များက ကမ္ဘာပေါ်မှာစစ်ပွဲကြောင့် သေရသူများဟာ တနှစ်ကို ၆၅၀၀၀ ရှိနေရာကအခုတော့ ၂၀၀၀ ၀န်းကျင်ပဲရှိပါတော့တယ်။

၁၉၅၀  ။ ။ လူဦးရေရဲ့ (၇၅ ရာခိုင်နှုန်း) ဟာ ဆင်းရဲတွင်းထဲနေနေရပေမယ့်၊ အခု (၁၀ ရာခိုင်နှုန်း) အောက်ရောက်သွားပါပြီ။ ၂၀၃၀ မှာ လုံးဝမရှိတော့။ ၅ နှစ်အောက်ကလေးသေနှုန်းဟာ  (၅၀ ရာခိုင်နှုန်း) ရော့ကျသွားပါပြီ။  (ဒီနေရာမှာ သူက ထောက်ပြသွားတာကတော့ ကုလသမဂွကဦးဆောင်ပြီးလုပ်ဆောင်နေတဲ့ ထောင်စုနှစ်ဖွံ့ဖြိုးတိုးတက်ရေးစီမ့ကိန်းများနဲ့ စဉ်ဆက်မပြတ်ဖွံ့ဖြိုးရေးရည်မှန်းချက်များအကြောင်းများပါ။)

ဒါတွေအားလုံးအတွက် အနောက်နိုင်ငံများကို ကျန်ကမ္ဘာသူကမ္ဘာသားများ ကျေးဇူးတင်သင့်ပါတယ်။ ဒါ့အပြင် အနောက်နိုင်ငံ အနေနဲ့ ဒီအခြေအနေတွေကို ဆက်လက်ထိမ်းသိမ်းဖို့လိုအပ်ပါတယ်။ ဒီအတွက်ပြုပြင်ပြောင်းလဲဖို့ လိုအပ်ပါတယ်။ ဒါကို သတိပေးချင်တာပါတဲ့။

၂။ အနောက်နိုင်ငံရဲ့သေနင်္ဂဗျူဟာအမှားများကိုလည်း ထောက်ပြချင်တာလည်း ပါပါတယ်တဲ့။ အဲဒါတွေကတော့ ….

က။ ၁၉၉၀ ခုနှစ်များမှာ သေနတ်တချက်မှမဖောက်လိုက်ရပဲ၊ ဆိုဗီယက်ယူနီယံကြီးကိုပြိုကွဲစေလိုက်မှုက အနောက်နိုင်ငံ များကို ဘ၀င်မြင့်သွားစေခဲ့ပါတယ်။ ဖူကူယာမာရဲ့ သမိုင်းနိဂုံးချုပ်သွားပြီဆိုတဲ့ဦးနှောက်တွေကို ဖျက်ဆီးပစ်လိုက်တဲ့အမြင် တွေနဲ့ အနောက်တိုင်းပညာရှင်တွေ အိပ်မောကျသွားခဲ့ကြပါတယ်။ ရရှိခဲ့တဲ့အောင်ပွဲပေါ်မှာ ယစ်မူးပြီး သတိပေါ့လျော့လာ ခဲ့ပါတယ်။ အနောက်နိုင်ငံများရဲ့လစ်ဘရယ်ဒီမိုကရေစီက အောင်ပွဲခံလိုက်ပြီ၊ ကျန်နိုင်ငံများ ဒါကိုကျင့်သုံးကြရမယ်လို့ထင်ခဲ့ကြတယ်။

အဲသလို အနောက်နိုင်ငံများအိပ်ပျော်သွားချိန်မှာ လွန်ခဲ့တဲ့ထောင်စုနှစ်များအတွင်း (၁၈၂၀ ခုနှစ်များအထိ) မှာ သရဖူဆောင်း ခဲ့တဲ့ယဉ်ကျေးမှုကြီးများဖြစ်တဲ့ တရုတ်နဲ့အိန္ဒိယတို့ တဖြည်းဖြည်းနဲ့ သူတို့နေရာကိုပြန်ရောက်လာဖို့ကြိုးစားလာတဲ့အချိန်နဲ့သွားတိုက်နေပါတယ်။ ၁၉၈၀ ခုနှစ်များမှာ တရုတ်က တိန့်ရှောင်ပင်နဲ့ ၁၉၉၀ မှာ အိန္ဒိယက မာမိုဟန်ဆင်းတို့ရဲ့ပြုပြင် ပြောင်းလဲရေးများ စတင်ခဲ့ပါတယ်။ အခုတော့ ဒီနိုင်ငံများရဲ့ဖွံ့ဖြိုးတိုးတက်ရေးများဟာ အံ့မခန်းဖြစ်လာနေပါပြီ။ ဒါကို တား ဆီးပိတ်ဆို့ဖို့မလုပ်ပဲ၊ ဒီရေစီးကြောင်းများနဲ့အညီ အံဝင်ဂွင်ကျထိမ်းညှိနိုင်မယ့်လမ်းများကို ရှာရပါလိမ့်မယ်။(adjust and adapt)

ခ။ ၂၀၀၁ ခုနှစ် အမေရိကန်ကုန်သွယ်ရေးမျှော်စင်ကြီး အကြမ်းဖက်သမားများရဲ့တိုက်ခိုက်ခြင်းခံလိုက်ရမှုက အမေရိကန်ကို တဖက်သတ်လုပ်ရပ်များ၊ တခြားပြည်တွင်းဝင်ရောက်စွက်ဖက်ပြီး အစိုးရအပြောင်းအလဲဖြစ်ရေး စတဲ့ပေါ်လစီအမှားများ ဖက်ရောက်သွားစေခဲ့ပြီး၊ မိမိရဲ့အင်အားများကို အများကြီးဖြုန်းတီးပစ်လိုက်ပါတယ်။ ဒါ့အပြင် တရုတ်နိုင်ငံကို ကမ္ဘာကုန်သွယ် အဖွဲ့အစည်း (WTO) ၀င်ခွင့်ပြုချိန် တရုတ်ရဲ့ဈေးပေါတဲ့အလုပ်သမားသန်း (၈၀၀) ကျော် ကမ္ဘာအရင်းရှင်စီးပွားရေးစနစ် တွင်း ၀င်ရောက်လာမှုအပေါ် လက်ဦးမှုရှိစွာသင့်တော်တဲ့သတိထားမှု၊ ထိမ်းညှိမှုများမလုပ်နိုင်ခဲ့ကြလို့ အနောက်နိုင်ငံများ အတွင်း အဆောက်အအုံဆိုင်ရာပြသာနာများ၊ ဥပမာ အလုပ်လက်မဲ့ပြဿနာ စတာများပေါ်ပေါက်ခဲ့ရပါတယ်။ ဒီကနေ Populism ဆိုတဲ့ အန္တရာယ်များလှတဲ့ နိုင်ငံရေးရေစီးကြောင်းတခု ပေါ်ထွန်းလာခဲ့ပါတယ်။

ဂ။ ကမ္ဘာကြီးဟာ အလွန်သေးငယ်သွားကာကမ္ဘာရွာဖြစ်သွားပြီး တနိုင်ငံနဲ့တနိုင်ငံဆက်စပ်မှုများဟာလည်း အလွန်လွယ်ကူ လျှင်မြန်သွားပြီ ကမ္ဘာကြီးကိုအုပ်ချုပ်ဖို့ (Global Governance) နည်းစနစ်အသစ်တွေ လိုအပ်လာပြီ ဆိုတာသတိမထားမိတာ ပါပဲ။

တနည်းပြောရရင် အနောက်နိုင်ငံများဦးဆောင် အမေရိကန်အနေနဲ့ မိမိတို့ရဲ့နံပတ် (၁) နေရာဟာ ယိုင်နဲ့လာနေပြီး ဆိုတာ ကို မမြင်နိုင်တာပါ။  အကြီးဆုံးအားနဲချက်ကတော့ အနောက်တိုင်းပညာရှင်များအနေနဲ့ ကျန်သူများရဲ့ပြောဆိုချက်များကိုနားမထောင်နိုင်တော့တာနဲ့ ရေရှည်အမြင်နဲ့မစဉ်းစားနိုင်မဆင်ခြင်နိုင်တော့တာ ဖြစ်ပါတယ်။ သူတို့မှာ သေနင်္ဂဗျူဟာ အမြင်ရှိတဲ့သူ အတော်နည်းပါးသွားပါပြီတဲ့။

ဒါတွေကတော့ သူ့စာအုပ်မှာထောက်ပြထားတဲ့  အနောက်နိုင်ငံများရဲ့ အမှားများဖြစ်ပါတယ်။ ကမ္ဘာကြီး ပိုမိုကောင်းမွန်လာ ရေးအတွက် အနောက်နိုင်ငံများအတွက် အကြံပေးချက်များဆိုတဲ့အပိုင်းမှာတော့  (M သုံးလုံးတဲ့)

၁။ Minimal Interference. (တခြားနိုင်ငံများသို့ ၀င်ရောက်စွက်ဖက်ခြင်းများကိုလျှော့ချရေး)
အနောက်နိုင်ငံများရဲ့၁၈ – ၁၉ ရာစုကအောင်မြင်မှုများဖြစ်တဲ့ တကမ္ဘာလုံးဖြန့်ချိတက်လွှမ်းမိုးခဲ့တဲ့ (ကိုလိုနီစနစ်) အကျင့်စ ရိုက်များကနေ နောက်ဆုတ်ရတော့မှာပါ။ အတတ်နိုင်ဆုံး တခြားနိုင်ငံများကို ဝင်ရောက်စွက်ဖက်မှုများကနေ လျှော့ချရပါလိမ့် မယ်။ မလွှဲမရှောင်သာကိစ္စများပေါ်ပေါက်လာရင်လည်း အများနဲ့ညှိနှိုင်းပြီး (ကုလဆုံးဖြတ်ချက်မျိုး)  မှသာ ပါဝင်သင့်ပါတယ်။ ဖြစ်ပေါ်လာနိုင်တဲ့အကျိုးဆက်များကိုလည်း သေသေချာချာ တွက်ချက်သင့်ပါတယ်။ အမေရိကန်ရဲ့ အီရတ်စစ်ပွဲနွံအတွင်း နစ်နေမှုက တရုတ်အတွက် လွတ်လွတ်လပ်လပ်ဖွံ့ဖြိုးတိုးတက်သွားဖို့ အခွင့်အရေးရသွားစေပါတယ်။ အခုတော့ အာရှနိုင်ငံ ကြီးများဖြစ်တဲ့ တရုတ် အိန္ဒိယ ဂျပန်တို့ရဲ့စီးပွားရေးအင်အားဟာ အနောက်နိုင်ငံများကို ယှဉ်ပြိုင်လာနေပါပြီ။

၂။ Multilateralism လို့ခေါ်တဲ့ ၀င်ရိုးစွန်းအများအပြားပါဝင်တဲ့စနစ်ကို ပိုမိုကောင်းပြည့်စုံအောင် လုပ်ရပါလိမ့်မယ်။ ယခု အခါ ကမ္ဘာကြီးမှာ တနိုင်ငံတည်းမဖြေရှင်းနိုင်တဲ့ သမရိုးကျမဟုတ်တဲ့ ဘေးရန်များနဲ့ ရင်ဆိုင်လာနေရပါတယ်။  (ဥပမာ     ဆူနာမီလို ကြီးမားတဲ့သဘာဝဘေးများ၊ ရာသီဥတာပူနွေးလာမှု၊ ရောဂါကပ်ဘေးများ)။ ဒါ့အပြင်ကမ္ဘာကြီးအနေနဲ့ အလွန် သေးရှုံ့သွားပြီ ကမ္ဘာရွာအဖြစ် တဆက်တစပ်တည်းဖြစ်တည်လာမှုကြောင့် အုပ်ချုပ်မှုအသစ် (New council. Global Governance) လိုအပ်လာနေပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး၊ အမေရိကန်ဦးစီးပြီး အနောက်ကမ္ဘာကတီထွင်ဖန်တီးခဲ့တဲ့ ဝင်ရိုးစွန်းအများအပြားရှိတဲ့စနစ် (multilateraliem) ဆိုင်ရာအဖွဲ့အစည်းများ   ကုလသမဂ္ဂ၊ ကုလလုံခြုံရေးကောင်စီ၊ ကမ္ဘာဘဏ်၊ အနိုင်နိုင်ငံငွေကြေးစနစ် (IMF)   စတာတွေဟာအတော်အလုပ်ဖြစ်ခဲ့ပါတယ်။ အခု ၂၁ ရာစုဝင်လာချိန်အပြောင်းအလဲများပေါ်မူတည်ပြီး အဆောက် အအုံ ဆိုင်ရာပြုပြင်ပြောင်းလဲမှုများ (ဥပမာ ကုလလုံခြုံရေးကောင်စီပြုပြင်ပြောင်းလဲရေး၊ IMF ပြုပြင်ပြောင်းလဲရေး) ကို လုပ်ကြရပါလိမ့်မယ်။

အနောက်နိုင်ငံများအနေနဲ့ ဒီအဆောက်အအုံတွေ ပိုမိုအားကောင်းအောင်လုပ်ရမယ့်အချိန်မှာ၊ သမတထရန့်က ဒီအဖွဲ့ အစည်း တွေကနေနုတ်ထွက်ပြီး အားပျော့အောင်လုပ်နေတာတွေဟာ မှားပါတယ်။

၃။ Machiavellian ဒီစကားလုံးကို အပေါင်းလက္ခနာအဖြစ် မိမိရဲ့ဦးတည်ချက်ကိုရောက်ဖို့ နည်းနာအမျိုးမျိုးနဲ့ကြိုးစားမှု လို့ သဘောထားပါလို့ ဆိုပါတယ်။ စနစ်တကျပြင်ဆင်တွက်ချက်ပြီး နည်းပရိယာယ်ကြွယ်ဝမှုကို ဆိုလိုဟန်ရှိပါတယ်။ အနောက်နိုင်ငံများအနေနဲ့ကမ္ဘာကြီးရဲ့ပထ၀ီနီုင်ငံရေးအပြောင်းအလဲများကို အသေအချာဆုပ်ကိုင်ပြီး ပြုပြင်ပြောင်းလဲရေးများကိုအ ချိန်နဲ့တပြေးညီ ထိမ်းညှိလုပ်ဆောင်ရမှာဖြစ်ပါတယ်။

ဒုတိယကမ္ဘာစစ်အပြီး အနောက်နိုင်ငံယဉ်ကျေးမှုများရဲ့ အကျိုးကျေးဇူးကြောင့် ကမ္ဘာအနှံ့အပြားလက္ခဏာဆောင်မှု (Globalization) ကအာရှနိုင်ငံများဆီသို့ ဖွံ့ဖြိုးတိုးတက်မှုတွေကို ရရှိစေလိုက်ပါတယ်။ ဂျပန် အာရှ ကျားလေးကောင် စတာ များကတဆင့်အခုအချိန်မှာတော့ တရုတ် အိန္ဒိယစတာများအထိ ရောက်လာပါပြီ။

ဒါ့အပြင် ဒေသဆိုင်ရာစုပေါင်းအဖွဲ့အစည်းများအကြား အအောင်မြင်ဆုံးလို့ပြောနိုင်တဲ့ အရှေ့တောင်အာရှ (၁၀) နိုင်ငံပူး ပေါင်းဖွဲ့စည်းထားတဲ့အာစီယံ (Asean) ဟာလည်း ယန္တရားအမျိုးမျိုးနဲ့ (အာစီယံ+နိုင်ငံမျိုးမျိုး) အတော်အရှိန်ကောင်းစွာနဲ့လည်ပတ်နေတာတွေ့နိုင်ပါတယ်။  (မှတ်ချက် ဇူလိုင် (၂) ရက်နေ့က တိုကျိုမှာကျင်းပခဲ့တဲ့ အာစီယံ+၆ (အာစီယံ ၁၀ နိုင်ငံ+တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတျေလီးယား၊ နယူးဇီလန် ၆ နိုင်ငံ) တို့ ပါဝင်မယ့် RCEP (Regional Comprehensive Economic Partnership) လွတ်လပ်တဲ့ကုန်သွယ်ရေးဇုံဖွဲ့စည်းရေးညှိနှိုင်းဆွေးနွေးမှုဟာ အတော်ခရီး ပေါက် နေပါပြီ။ )

သဘောကတော့ ကမ္ဘာစီးပွားရေးဗဟို အာရှတိုက်ဖက်လှည့်လာပြီဆိုတာပါပဲ။ ဒါကို အမေရိကန်အပါအ၀င် အနောက်နိုင်ငံများအနေနဲ့အသိအမှတ်ပြုသင့်ပါတယ်။ ဒါ့အပြင် ယခုခေတ် အမေရိကန်ကနံမည်ကြီးတက္ကသိုလ်များမှာ တက်ရောက် သင်ကြားသူများ၊ ဘွဲ့ရထူးချွန်ကျောင်းသားများ၊ သုတေသနသမားများ၊ စီးပွားရေးသမားများ လခအမြင့်ဆုံးရနေသူတွေထဲ မှာ ၄၀- ၅၀ ရာခိုင်နှုန်းဟာ အာရှသားများ (သို့မဟုတ်) အာရှနွယ်ဖွား အမေရိကန်များဖြစ်နေပါတယ်။ ဒါတွေဟာ အမေရိ ကန်ယဉ်ကျေးမှုက ကျန်ကမ္ဘာသူကမ္ဘာသားများကိုပေးအပ်တဲ့ လက်ဆောင်များပါ။ ဒီအာရှသားများရဲ့ အစွမ်းအစနဲ့အလား အလာများကိုကို ပိုမိုဖွံ့ဖြိုးလာအောင် အနောက်နိုင်ငံများက ၀ိုင်းဝန်းကူညီလုပ်ဆောင်ပေးခြင်းဖြင့် ကမ္ဘာကြီးရဲ့ဖွံ့ဖြိုးတိုး တက်မှုကို တတ်နိုင်သမျှညီတူညီမျှဖြစ်လာရေးကိုကြိုးစားရမှာပါ။ ကမ္ဘာရွာမှာ မိမိတိုင်းပြည်တပြည်တည်းအကျိုးပဲကြည့်လို့မဖြစ်ပါဘူး။

ဒီနေရာမှာ သူဥပမာပေးတာကတော့ ဥရောပသမဂ္ဂ (E.U) ရဲ့အဖြစ်အပျက်များပါ။ ဥရောပသမဂွအနေနဲ့ လယ်ယာထွက် ပစ္စည်းအမျိုးမျိုးကို လယ်ယာထောက်ပံ့ကြေးအမျိုးမျိုး၊ စက်ယန္တရားအမျိုးမျိုးနဲ့ထုတ်လုပ်ပြီး လွတ်လပ်တဲ့ဈေးကွက်များဖန်တီးကာကာ၊ အာဖရိကတိုက်ကိုတိုးရောင်းချခဲ့ပါတယ်။ အာဖရိကနိုင်ငံများအနေနဲ့ အစိုးရကလည်း ထောက်ပံ့ကြေးတွေ မပေးနိုင်၊ ထုတ်လုပ်ရေးတွေမှာ စက်ကိရိယာများလည်းမသုံးနိုင်လေတော့ ဥရောပက ဈေးနှုံးသက်သာစွာဝင်လာတဲ့ လယ် ယာ ထွက်ပစ္စည်းများကို မယှဉ်နိုင်ဖြစ်ကာ၊ အာဖရိကလယ်သမားများငတ်ကုန်ပါတယ်။ ဒီတော့ မြေထဲပင်လယ်လေးသာခြား တဲ့ ဥရောပသို့လှေစီးဒုက္ခသည်များအဖြစ် ရောက်လာပါတော့တယ်။ ဒီပြသာနာဟာ ဥရောပနိုင်ငံများ ကိုယ့်ဟာကိုယ်ရှာထားတဲ့ဒုက္ခပါ။ ဒီတော့ဥရောပအနေနဲ့ ဒီအာဖရိကနိုင်ငံများတိုးတက်လာမှသာလျှင် ဒီကိစ္စကိုဖြေရှင်း နိုင်မှာပါ။ ပထ၀ီအနေအထားအရ ဥရောပဟာ အာဖရိကဖွံ့ဖြိုးတိုးတက်ရေးကို (အမေရိကန်က အာဖရိကမှာဖွံ့ဖြိုးရေးတွေ အတွက် ရင်းနှီးမြှုပ်နှံမှုတွေလုပ်နေတဲ့ တရုတ်နဲ့ မပေါင်းဖို့ညွှန်ကြားနေမှုကိုလက်မခံပဲ) ၀ိုင်းလုပ်ကြရပါလိမ့်မယ်။ တကယ် တော့ အမေရိကန်အပါအ၀င် အနောက်နိုင်ငံများအနေနဲ့ လက်တွေ့ကျစွာစဉ်းစားကြပြီး မိမိတို့ရဲ့နိုင်ငံရေး စီးပွားရေး ဗျူဟာတွေကို ပြုပြင်ထိမ်းညှိလုပ်ဆောင်ဖို့ လို အပ်လာနေပါပြီ။

အနောက်နိုင်ငံများကဘယ်လိုပဲတားဆီးတားဆီး အာရှနိုင်ငံကြီးများရဲ့ (အထူးသဖြင့် တရုတ်ရဲ့) ဖွံ့ဖြိုးတိုးတက်မှုကို တား ဆီးနိုင်မှာမဟုတ်ပါဘူး။ ဒါ့အပြင် နိုင်ငံအားလုံးအနေနဲ့ တနေ့မှာ ဒီမိုကရေစီနိုင်ငံတွေဖြစ်လာမှာပါ။ ဒါပေမယ့် အနောက် နိုင်ငံတွေသိထားဖို့လိုတာက သူ့နိုင်ငံ သူ့ယဉ်ကျေးမှု သူ့ဖွံ့ဖြိုးမှုအဆင့်နဲ့ ကိုက်ညီစွာသာ ဒီမိုကရေစီရရှိလာမှာသာဖြစ်ပြီး မိမိတို့အမြင်များနဲ့ မကိုက်ညီတိုင်း လက်မခံလို့ မဖြစ်ဘူးဆိုတာပါပဲတဲ့။

ဒါတွေကတော့ ပါမောက္ခ မာဘူဘာနီရဲ့သူ့စာအုပ်အကြောင်း မိတ်ဆက်ချက်များဖြစ်ပါတယ်။ အချက်အလက်အသစ်အဆန်း များပါတာကြောင့် ဦးနှောက်လှုပ်ရှားစရာများအဖြစ် တင်ပြလိုက်ပါတယ်။

လှကျော်ဇော
၁၂၊ ၇၊ ၂၀၁၈။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာအုပ်စင်, ရသဆောင်းပါးစုံ, လှကျော်ဇော

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်