fbpx

မင်းအဂ္ဂ (ဆင်တဲဝ) ● ဒဏ်ရာကိုလျှာနဲ့လျက်၊ ရှေ့ခရီးဆက်ကြမယ်

July 28, 2018

● ဒဏ်ရာကိုလျှာနဲ့လျက်၊ ရှေ့ခရီးဆက်ကြမယ်
(မိုးမခ) ဇူလိုင် ၂၈၊ ၂၀၁၈

(က)
အရုဏ်ဦးက မလာသေး။ ညက နက်နေဆဲ။ ဝါကျင့်ကျင့်မီးလုံးများက လမ်းမီးတိုင်များမှာ မှုန်ရီ မှုန်ဝါးတွယ်ကပ်နေသည်။

၇၈ လမ်းမကြီးသည် တစပြင်ကဲ့သို့ငြိမ်သက်နေ၏။ မဟူရာကတ္တရာလမ်းပေါ်တွင်  ဖြတ်သန်းသွားလာနေသည့်ယာဉ် တစီး တလေ မျှပင်မရှိ။ ၃၂ လမ်းထိပ်ရှိစက်ခေါင်းရုံမှကြားနေကျ စက်ခေါင်းစက်နှိုးသံ၊ ရှေ့တိုးနောက်ငင် ရှန်တိန်သံတို့က တိတ် ဆိတ်လွန်းလှ၏။ မီးရထား (ဆ) လိုင်းမှ ထွက်လာသောဆိုက္ကားသည် ၇၈ လမ်းမကြီး၏တတ်ဆိတ်ခြင်းအား စတင်ဖြိုခွင်း သည်။ ခြေနင်းတပတ်လည်တိုင်း ထွက်ပေါ်လာသည့် မြည်သံစွဲအလင်္ကာနှင့်အပြိုင် ခွေးဝဲစားတကောင်၏ ဆွဲဆွဲငင်ငင်အူ လိုက်သံက နားကလောစွာ ဆူညံထွက်လာသည်။

“ရပ်၊ လက်နှစ်ဖက်လုံး ခေါင်းပေါ်တင်၊ ရှေ့မတိုးနဲ့ ပစ်ထည့်လိုက်မယ်”

“စစ်တပ်ဆိုတာ ပစ်ရင်မှန်အောင်ပစ်တယ်.. မိုးပေါ်ထောင်ပြီး ခြောက်တာမပါဘူး ..”

မကြာသေးမီက နှုတ်ထွက်သွားသော မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ တပါတီအာဏာရှင်ကြီးဦးနေဝင်း၏ပူပူနွေနွေး လူသိ ရှင် ကြားစိန်ခေါ်ခဲ့သံကိုသတိရမိတော့ သူ့တို့ဆံပင်တွေ ထိုးထိုးထောင်ထောင်။ သူ့တို့နောက် ကျောတွေကဖျဉ်းခနဲ။ ဓာတ်မီး ရောင်က သူတို့အပေါ် စူးစူးရှရှကျရောက်လာသည်။ မျက်လုံးတွေက ကျိန်းစပ်စပ်။ ကတ္တရာလမ်းနှင့် ရိုက်ခတ်ပြီး ပဲ့တင်ပြန် လာသည့် စစ်ဖိနပ်သံတွေက သူတို့နားထဲမှာ ညံလာသည်။

ကယ်ရီယာခုံပေါ်ထိုင်နေသော ကိုအောင်မြတ်၏ဘယ်လက်သည် လေထဲသို့မြောက်သွားသည်။ ညာလက်သည် ရှေ့ခုံတွင်ထိုင်နေသောဇနီး၏ပခုံးအား မှေးကိုင်ထားဆဲ။ ဆိုက္ကားဆရာ ကိုဘသိန်း၏ လက်နှစ်ဖက်သည်လည်း လက်ကိုင်မှခွာ၍ လေ ထဲသို့ ရောက်ပြီ။ ဘယ်ခြေထောက်ဖြင့် ဘီးသုံးဘီးအား ထိန်းထားလျက်။

“အား..ကျွတ်ကျွတ်.. နာလိုက်တာ. ကိုအောင်မြတ်ရယ်.. ဆေးရုံကို.. မြန်မြန်ပို့ပါ.. အို..အမေရဲ့.. နာလိုက်တာ..ကျွတ်ကျွတ်..”

မအေးမေ၏ညည်းတွားအော်သံက အကျည်းတန်မြင်ကွင်းအား အသက်သွင်းသည်သို့ရှိသည်။ ဆလိုက်မီးသည် ရှေ့ခုံဆီသို့ စုပြုံရောက်သွား၏။ သူ့ခန္ဓ္ဓာကိုယ်အား ရှေ့မှ သိုင်းခြုံထားသော မုံရွာချည် စောင်ပါးသည် ဆွဲဖယ်ခြင်းအမှုပြုခြင်းခံလိုက်ရ၏။ ရှုံ့မဲ့နေသောမျက်နှာနှင့် ဗိုက်အရေပြားအမိုးခုံးခုံးလေး ပေါ်လှုပ်ရှားနေသော လက်ချောင်းများက အလင်းတန်းအောက်မှာ စိတ်ပျက်ဖွယ်သရုပ်ဆောင်နေကြသည်။

“ကလေးမမွေးနိုင်လို့.. ဆေးရုံပို့မလို့ပါဗျာ.. ဒီမိန်းမကလည်း.. မိုးလင်းတဲ့အထိ အောင့်ထားပါလို့  တဖွဖွပြောနေတဲ့ကြား ထဲကနေ မအောင့်နိုင်လို့ခုလိုဖြစ်ရတာ..”

သူ့အသံသည် ဒေါသသံပါသွားမှန်း သူ့ကိုယ်သူသတိကပ်မိလိုက်၏။ ဒေါသ၏လားရာသည် သူ့မိန်းမဆီသို့မဟုတ်မှန်းတော့ သူသဘောပါသည်။ သူ့အာရုံက ရင်သွေးငယ်ဆီမှာ အလည်လွန်နေသည်။

“သွား၊ သွားလို့ရပြီ၊ ပါးစပ်က အော်သွား”

အမိန့်ဆန်သော စကားလုံများကတို၏၊ ပြတ်၏။ အကြင်နာသည်လန့်ဖျပ်သွားပြီးနောက် ကိုယ်ချင်းစာမှုသည် အဝေးသို့ထွက် ပြေးသွားပြီထင်၏။

“မွေးလူနာပါဗျို့.. မွေးလူနာပါဗျို့…”

“အမယ်လေး..ကိုအောင်မြတ်ရဲ့.. နာလိုက်တာတော့.. ဆေးရုံကိုမြန်မြန်ပို့ပါတော့.. အမယ်လေး  ..ကျွတ်..ကျွတ်..ကျွတ်..”

မအေးမေ၏အမိန့်ကိုနာခံရကောင်းမှန်းသိသော ဆိုက္ကားဘီးတို့သည် ဆေးရုံကြီးဆီသို့ သွက်လက် သောလည်ပတ်မှုပေါင်း များစွာဖြင့် အရေးပေါ်ဌာနသို့ရောက်ပြီ။ မအေးမေလည်း သားဖွားခန်းသို့ဝင်ပြီ။ ကို အောင်မြတ်သည်လည်း ဆင်ဝင်အောက် မှာထိုင်ရင်း အင်္ဂုလိမာလ သုတ်ရွတ်သည်။ မေတ္တာသုတ်ရွတ်သည်။

မေတ္တာပို့သည်။ ပို့မရ။ မေတ္တာနေရာတွင် ဒေါသတို့ကနေရာယူလာ၏။ ကိုယ့်ကလေးကို ကိုယ်မွေးတာ လွတ်လွတ်လပ်လပ် မွေးခွင့်မရပါလား။ ဒီမိုကရေစီသာရခဲ့လျှင် တလွဲ အကြောက်တရားဆိုသည်ရှိပါဦးမည်လား။ ဒီမိုကရေစီဆိုသည်မှာ ပြည်သူ့ထံမှဆင်းသက်လာသည်ဆို၏။

ဤသို့ဆိုလျှင် ပြည်သူပိုင်သော ဒီမိုကရေစီသည် အဘယ်ကြောင့် ပြည်သူ့ထံသို့ပြန်ရောက်မလာသနည်း။ ဒီမိုကရေစီလိုချင် သူ လှည်းနေလှည်းအောင်း၊ မြင်းဇောင်းမကျန် ပြည်သူတွေထဲတွင် သူလည်းပါခဲ့၏။ ဒီမိုကရေစီအရေးတော်ပုံကြီးသည် အားမတန်၍မာန်လျှော့လိုက်ရခြင်းဖြစ်သည်။ သူသည် အုတ်တစ်ချပ်ဖြစ်ခဲ့၏။ သဲတပွင့်ဖြစ်ခဲ့၏။ သည်သို့ ဖြစ်ခွင့်ရခဲ့ သည်ကိုလည်း ကိုအောင်မြတ်ကမမေ့။ ရုပ်ဒဏ်ရာမရခဲ့ပေမည့်စိတ်ဒဏ်ရာတော့ရခဲ့သည်။ ဒီမိုကရေစီကိုချဉ်ခြင်း တတ်မိ သည့် သူ့အာသီသသည် မေ့ဖျောက်၍ရမည်မဟုတ် တော့။
xxxxx

(က – ၁)

၇.၈.၁၉၈၈ နေ့။

နံနက်ခင်းနေဝန်းသည် ပတ္တမြားစေတီအပေါ်မှာမေးတင်နေသည်။ အမှတ် ၄၂ အစုန် မြစ်ကြီးနားမန္တလေးအမြန်ရထားသည် မင်းဝံတောင်ရိုးနှင့်အပြိုင် မြောက်မှတောင်သို့ ပြေးနေ၏။ ညာဘက်မှာရှိ ထုံးဖြူ ဖြူနှင့်ကောင်းမှုတော်စေတီက နံနက်ခင်းနေခြည်ဦး၏အဖူးမျှော်ကိုခံယူနေသည်ထင့်။ သပ္ပ္ပာယ်လှပေစွ။ ကိုအောင်မြတ်၏မျက်လုံးများက စက် ခေါင်းထိန်းချုပ်ခုံ (Control Pannel) ရှိ ဒိုင်ခွက်များပေါ်တွင် တရစ်ဝဲဝဲလည်နေ၏။ လက်ထောက်ဖြစ်သူကိုအောင်သန်းသည် စက်ခေါင်းရှေ့ရှိ ရထားသံလမ်းနှစ်ချောင်းပေါ်တွင် အကြည့်ပို့ထား၏။ အကြားအာရုံသည် သတင်းထောက် ခရစ်စတိုဖာဂါးနက်၏လေလှိုင်းပေါ်၌နစ်နေသည်။

“ဆရာ.. ဘီဘီစီက မနက်ဖန်ရှစ်လေးလုံးနေ့မှာဒီမိုကရေစီသပိတ်တိုက်ပွဲကြီးဆင်နွှဲဖို့ တောက်လျှောက် အခါပေးနေတယ်.. တပြည်လုံးအတိုင်းအတာနဲ့ဖြစ်လာနိုင်ပါ့မလားဆရာ..”

မာစတာကွန်ထရိုလာဖြင့် စက်ရှိန်ကိုထိန်းလိုက်ပြီး တပည့်ဖြစ်သူအား စောင်းငဲ့ကြည့်လိုက်သည်။

“မင်းကရော.. ဒီမိုကရေစီသပိတ်ကြီးပေါ်ပေါက်စေချင်သလား.. ဘာဖြစ်လို့ပေါ်ပေါက်စေချင်ရတာ လဲ.. မင်းအမြင်လေးပေါ့..”

ကိုအောင်သန်းက ရေဒီယိုလေးကိုခလုပ်ပိတ်လိုက်ပြီး ဒက်ခ်ျဘုတ်ပေါ်တင်ထားလိုက်၏။

“ကျွန်တော့်အမြင်ပြောရရင်တော့.. ဒီမိုကရေစီသပိတ်ကြီး တကယ်ဖြစ်စေချင်တယ်ဗျာ.. အဓိကကတော့ မ.ဆ.လအစိုးရ ကိုမကြိုက်ဘူးဗျာ.. သူတို့လုပ်ချင်တာကို စွတ်လုပ်တယ်.. ငွေစက္ကူတွေကို တရားမဝင်ကြေညာလိုက်တာ လူတွေတော်တော် များများ ထိကုန်တယ်၊ ကျွန်တော်ဆိုကလေးတွေရှင်ပြုဖို့စုထားတဲ့ ခုနစ်ဆယ့်ငါးကျပ်တန်တွေ တစ်ထပ်လိုက် ကြီးထိသွား တယ်.. မိန်းမဆိုရူးမလိုတောင် ဖြစ်သွားတာမနည်းကို ဖျောင်းဖျယူရတယ်..”

ကိုအောင်မြတ်သည် ရထားသံလမ်းဘေးမှာ ကျောပေးလမ်းရှောက်နေသူကို ဥသြဆွဲ၍ သတိပေးလိုက်သည်။

“အေးပေါ့ကွာ.. မင်းလိုပဲပေါ့..ငါ့တပည့်ရာ.. ပြည်သူတွေတဦးချင်းစီမှာ မဆလအစိုးရကို မကျေနပ်ချက်တွေက လူတိုင်း ကိုယ်စီရှိကြတယ်.. တပါတီစနစ်မှာ အုပ်ချုပ်တဲ့အစိုးရ ညံ့ဖျင်းရင် ပြည်သူတွေဟာ ဆင်းရဲဒုက္ခရောက်ကြရတာပဲ..တို့နိုင်ငံ ဟာ အရင်တုန်းက အရှေ့တောင်အာရှမှာ ထိပ်ဆုံးကရှိခဲ့တာပါ့၊  သူတို့နှိပ်စက်လိုက်တာ.ကမ္ဘာမှာဖွံ့ဖြိုးမှု နောက် အကျဆုံး နိုင်ငံ (LDC) စာရင်းဝင်သွားတော့တာပဲ.. အကြွင်းမဲ့အာဏာဟာ အကြွင်းမဲ့ပျက်စီးစေတာပေါ့ကွာ..သူတို့က ဒီမိုကရေစီကိုမောင်ပိုင်သိမ်းထားတဲ့ အာဏာရူးတွေပေါ့ကွာ..”

“၆၂ ခုနှစ်မတ်လမှာ ဗိုလ်ချုပ်ကြီးနေဝင်းဟာ.. ဝန်ကြီးချုပ်ဦးနုဆီကနေအာဏာသိမ်းတယ်ကွာ.. ဇူလိုင်လမှာ ကျောင်းသား တွေ ကိုသတ်တယ်. ကျောင်းသားသမဂ္ဂ အဆောက် အဦကြီးကို ဒိုင်းနမိုင်းနဲ့ ဖောက်ခွဲဖျက်ဆီးတယ်.. နောက်တော့ ၇၄မှာအလုပ်သမားအရေးအခင်း၊ ဦးသန့်ဈာပနအရေးအခင်း၊ ၇၅မှာ ကျောင်းသားအရေးအခင်း၊ ၇၆မှာ မှိုင်းရာပြည့် အရေးအခင်း၊ ရခိုင်ဆန်ပြဿနာ၊ ၈၈ဇွန်လကျောင်းသားအရေးအခင်းတွေဆက်တိုက်ပေါ်တာပေါ့.. ပေါ်တိုင်းလည်း ပြည်သူတွေရဲ့အသက်သွေးတွေ မြေခခဲ့ရတာချည်းပဲ.. ငွေစက္ကူ တွေနဲ့ပတ်သက်လို့ ၆၄.. ၈၅.. ၈၇.. သုံးကြိမ်တောင်မှ.. တရားမဝင်ကျေညာခဲ့တာ. ဒီပြည်သူတွေမှဒုက္ခမရောက်ရင် ဘယ်ပြည်သူတွေ ဒုက္ခရောက်မလဲကွာ.. ဒီအကြောင်း တရားတွေဟာ လောင်စာတွေပေါ့ကွာ. .ပေါက်ကွဲဖို့စနက်တံပဲလိုတော့တာ..စနက်တံက အာရ်အိုင်တီကျောင်းသားဖုန်းမော်ကျဆုံးမှုပဲ.. စနက်တံကတော့မီးရှို့ပြီးပြီ.. လောင်ဖို့ပဲလိုတော့တာ… ကြည့်ထား၊ မနက်ဖန် ဒီမိုကရေစီအရေးတော်ပုံကြီးမှာ ဒီမိုကရေစီလိုလားသူ ရဟန်းရှင်လူ ပြည်သူ ကျောင်းသား အားလုံးပါဝင်လာမှာ စိတ်ချ..”

ဘူတာဝင်ရန်အလံချိုးထားပြီမို့ ဆွေနွေးပွဲက တခန်းရပ်သွားသည်။ ကိုအောင်မြတ် ခံတွင်းချဉ်သွားသည်ထင့်။ အစီခံမပါသော ခပေါင်းစီးကရက်ကို ယမ်းမီးခြစ်ဆံနှင့်ဆွဲခြစ်ပြီး ခပ်ပြင်းပြင်းတဖွာရှိုက် လိုက်၏။ ဘူတာဝင်ပြီမို့ သူ့တပည့်သည် အရောင်လွင့် တွန့်ကျေနေသော နက်ပြာရောင်ဇင်ပိတ်သား ယူနီဖောင်းအား ဆွဲဆန့်နေလျက်။

အမြန်ရထားသည်အင်းဝတံတားကို အားမာန်ပါပါဖြတ်လျက် ရတနာပုံသို့ဦးတည်ပြီ။ ရွှေကြက်ယက်တာပေါင်ကွေ့ပေါ်တွင် တွဲပြူတင်းပေါက်များမှ ခေါင်းပြူထွက်နေသောခရီးသည် များဆီသို့ သူ့အကြည့် ရောက်သွားသည်။ အားလုံး၏မျက်နှာများ ပေါ်တွင် မျှော်လင့်ချက်ရောင်ခြည်တို့ယှက်သန်းနေပါရော့လား။ ကိုအောင်မြတ်သည် ကြိတ်ပြုံးတလက် လင်းလိုက်မိ သည်။ သူလည်းလေ မြန်ပြည်သားပေမို့။

(က-၂)

၈.၈.၁၉၈၈ နေ့

ကိုအောင်မြတ် သည်နေ့မနက် စောစောနိုးနေသည်။ ရှစ်လေးလုံးက သူ့ကိုနှိုးစက်ပေးထားသည် ဖြစ်မည်။ ဇနီးသည်မဗိုက်ကို နံနက်ခင်းအနမ်းလက်ဆောင်လေးပေးပြီး လက် ဖက်ရည်ဆိုင်ဘက် ထွက်ခဲ့သည်။ မြည်သံစွဲအလင်္ကာကိုဖန်တီးပေးနေသော မောင်ဗမာစက်ဘီးက သူ့စိတ်ကူးကို အနှောက်အယှက် ပေးနေ၏။ (င) လမ်းထိပ်ရှိ လက်ဖက်ရည် ဆိုင်သည် ရထား တာဝန်နားသူများ၏ လေထန်ကုန်းနေရာ။  သူ့အရင် သုံးယောက်က နေရာယူပြီးနေသည်။ လက်ဖက်ရည်ဖန်ဆိမ့်၊ ပဲပလာ တာနှင့် ဒူးယားစီးကရက်တစ်ပွဲမှာလိုက်သည်။

“ကိုအောင်မြတ်.. လက်ဖက်ရည်သောက်ပြီးရင်.. ကျွန်တော်တို့အဖွဲ့.. ဈေးချိုဘက် ဘုရားကြီးဘက် အခြေအနေသွား ကြည့်ကြရအောင်.. ဘယ့်နှယ်လဲ..”

ရထားစက်ဗိုလ်ကိုမျိုးတင့်က လေသံတိုးတိုးပစ်၏။ မျက်လုံးကတော့ ကျီးကန်းတောင်းမှောက်။ ထောက်လှမ်းရေးကို ကြောက်ရသည်ကိုး။ အခြားစားပွဲဝိုင်းတွေဆီကို တစ်ရာ့ရှစ် ဆယ်ဒီဂရီ လေ့လာလိုက်တော့ အားလုံးကလည်း တိုးတိုးတိတ် တိတ် ခေါင်းချင်းဆိုင်နေကြ၏။ မျက်လုံးတွေက ဆန္ဒတခု၏ တွန်းအားကြောင့်ထင်၏။ အရောင်တွေလက်လို့။

“အိုကေ.သွားကြမယ်လေ.. အခြေအနေကြည့်ပြီး.. လှုပ်ရှားကြတာပေါ့..”

သည်ဝိုင်းမှာထိုင်နေသူ ရထားစက်ဗိုလ်အားလုံးသည် ၇၅ခုကျောင်းသားအရေးအခင်းမှာ ကိုယ်တွေ့ကြုံခဲ့ရသည့် ဂျီတီအိုင်ကျောင်းသားတွေဖြစ်ခဲ့မှကိုး။ ရင်ထဲမှာကိန်းအောင်းနေ သည့်သပိတ်ပိုးက ရွပိုးထိုးနေပြီ။

လေးယောက်သား စက်ဘီးကိုယ်စီဖြင့် အေလမ်း (၃၅ လမ်း) အတိုင်း နင်းခဲ့ကြသည်။ လမ်းပေါ်မှာ အစုန်အဆန်သွားနေသူတွေ၊ ကန့်လန့်ဖြတ်သွားနေသူတွေကဥဒဟို။

ခါတိုင်းနေ့တွေထက် လူတွေလျှံ နေသလားလို့။ အေလမ်းနှင့်၈၄လမ်းထောင့် မီးရထားလိုင်းခန်းရောက်တော့ ရထားစက် ဗိုလ်တယောက်အိမ် ခဏဝင်သည်။ အာလာပသလ္လာပ စကား ပြောဖြစ်ကြသည်။ ခါတော်မီသပိတ်ကိစ္စကမပါလျှင်မဖြစ်။ နေ့လည်စာအတွက် စမူစာသုတ်တစ်ပွဲစီကြိုတင်ဗိုက်ဖြည့်ရင်း အိမ်ရှင်ကိုပါ စည်းရုံးလိုက်သည်။ အင်အားတောင့်သွား၏။ လူငါးယောက် ဖြစ်သွားပြီ။ စက်ဘီးတွေထားခဲ့သည်။ ခြေထောက်တွေကိုပဲ အားကိုးကြ တော့မည်။

“တို့..ဒီကနေ.. အေလမ်းအတိုင်း မြတောင်တိုက်ဘက်ကိုသွားမယ်.. အခြေအနေကြည့်ပြီးမှ ဘုရားကြီးဘက် ဒါမှမဟုတ် ဈေးချိုဖက်သွားကြတာပေါ့.. ”

၈၅ လမ်းကျော်လာတော့ မြတောင်တိုက်နားမှာ လူအုပ်ကြီးကိုလှမ်းတွေ့ရသည်။ အုတ်တံတိုင်းကြီး ပေါ်မှာလူငယ်တဦး။ ပလေကပ်ပုဆိုးအပြာရောင်ကို ခပ်တိုတိုဝတ်၊ အဖြူ ရောင်ရှပ်အကျီင်္ကို လက်စက ခေါက်၊ မျက်နှာတွင်လက်ကိုင်ပဝါကိုမျက်လုံးပေါ်ရုံစည်း၊ မတ်တတ်ရပ်ကာ လက်သီးလက်မောင်းတန်းလို့။ ဘေးနားရှိသာသနာ့အလံအောက်တွင် သံဃာ တော်များခြံရံလျက်။ ခွပ်ဒေါင်းအလံကိုင်ထားသော ကျောင်းသားနှစ်ယောက်က အုတ်တံတိုင်းဘေးတဖက်တချက်တွင် နေရာယူထားဆဲ။ ကျောင်းသားတယောက် ဖြစ်ဟန်ရှိသူ အဆိုပါလူငယ်က အာပေါင်အာရင်းသန်သန်နှင့် တရားဟောနေသည်။ သူ့အသံက အားမာန်အပြည့်ပွင့်အန်လို့။ ဒေါင်းအလံက မြူးမြူးကြွကြွ။ နားထောင်သူတွေက များသည်ထက် များလာသည်။ ရှေ့မှာက ရပ်ကြည့်နေသောပရိသတ်။ နောက်နားမှာက စက်ဘီးကိုယ်စီနှင့်ပရိသတ်။ သူတို့အုပ်စုသည် ရပ်ကြည့်ပရိသတ်မှာ ပေါင်းစည်းလိုက်သည်။

“…….ဆိုရှယ်လစ်..ရှစ်ဆယ်လို.. ဘယ်တော့မှကျပ်မပြည့်တဲ့ဦးနှောက်တွေနဲ့ ပြည်သူတွေကိုအုပ်ချုပ်နေတာ.. တိုင်းပြည်မမွဲ ဘဲ ဘယ်နေတော့မလဲ.. ဒါကြောင့်လည်း. တချိန်က အရှေ့တောင်အာရှမှာ ထိပ်ဆုံးကချမ်းသာကြွယ်ဝခဲ့တဲ့ ကျုပ်တို့နိုင်ငံဟာ ၈၇ခုနှစ်ဒီဇင်ဘာလထဲမှာ ဖွံ့ဖြိုးမှုနောက်အကျဆုံးနိုင်ငံအဖြစ် အကြေညာခံလိုက်ရတယ်ဗျာ..ဘယ်လောက် ရင်နာဖို့ကောင်း သလဲဗျာ.. ”

“ဖျောင်း.. ဖျောင်း.. ဖျောင်း..”

မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၏ မတရားမှုများ၊ မမျှတမှုများ၊ အာဏာရှင်အစိုးရ၏ ညှင်းပန်း နှိပ်ကွပ်မှုများ၊ ရက်စက် သတ်ဖြတ်မှုများကို စီကာပတ်ကုံးဟောသည်။ နားထောင်သူတွေ၏ရင်တွင်းမှးကျပ်ပိတ်လှောင်ထားသည့်စကားလုံးများနှင့် ထပ်တူညီနေသည်မို့ လက်ခုတ်သံတွေက တဖျောင်း ဖျောင်းဖြစ်နေသည်။ ပထမနေ့၏အစမို့ထင်၏။ လူငယ်တစ်ဦးတည်း တရားဟောလိုက်နားလိုက်နှင့် အသံတွေပြာလာသည်။ သို့သော် သူ အားမလျှော့။ ပရိသတ်ကြီးကလည်း လူငယ်ကို ကောင်းချီးပေးလျက်။ ဝန်းရံလျက်။

“တရားဟောတဲ့လူငယ်လေးက. ကိုလှမြင့်တဲ့.. တံခွန်တိုင် တောင်မြင့်ကတဲ့.. လေးစားဖို့ကောင်း လိုက်တာ.. သူ့သတ္တိကို ချီးကျူးတယ်ဗျာ..”

“ကျွန်တော်တို့ ဈေးချိုဘက်ကို တရားသွားဟောကြမယ်..”

သာသနာ့အလံခြံရံထားသော ခွပ်ဒေါင်းအလံသည် ရှေ့ကချီပြီ။ သံဃာတော်တွေခြံရံထားသော လူငယ်များသည် အားမာန်အပြည့်နှင့်။ လူထုအင်အားသည်လည်း ထပ်ချပ် မကွာနောက်ကလိုက်ပြီ။ ၃၅လမ်းအတိုင်း အရှေ့သို့တက်သည်။ ၈၄ လမ်းတွင် ဘယ်သို့ချိုးသည်။ ဈေးချိုတော်သို့ဦးတည်သည်။ ကိုအောင်မြတ်မျက်နှာတွင် ကန့်လန့်ဖြတ်ပုဝါက နေရာယူ သွား၏။ ကြွေးကြော်သံတိုင်သောအဖွဲ့တွင် သူ အားဖြည့်လိုက်ပြီ်။ ပထမဆုံးနေ့မို့ ကြွေးကြော်သံသည် လက်တန်းထိုးဆန်လှ၏။ မပီပြင်လှ။

“တစ်ပါတီအာဏာရှင်ဖြုတ်ချရေး”        “ဒို့အရေး ဒို့အရေး”
“ပါတီစုံစနစ်ရရှိရေး”                        “ဒို့အရေး ဒို့အရေး”
“ဒီမိုကရေစီရရှိရေး”                         “ဒို့အရေး ဒို့အရေး”
“သပိတ်… သပိတ်” “မှောက်.. မှောက်”
“အရေးတော်ပုံ”  “အောင်ရမည်”

တော်ဝင်ရုပ်ရှင်ရုံနားတွင်တထောက်နားပြီး တရားဟောသည်။ လမ်း၃၀ တွင် ထပ်မံဟောသည်။ ဈေးချိုတော်နာရီစင်သို့ ရောက်ကာနီးပြီ။ ကြွေးကြော်သံတို့ဘဝဂ်ညံပြီ။ ခွပ် ဒေါင်းအလံလည်း ဝဠာသို့ပျံပြီ။

အသံချဲ့စက်သံသည်လည်း နားဝလျှံလာပြီ။

“အားလုံးနားထောင်ပါ၊ “အားလုံးနားထောင်ပါ”
“အားလုံးလူစုခွဲပါ”၊ “ကိုယ့်နေရာကိုပြန်ပါ”
“သတ်မှတ်စည်းကျော်ရင် ပစ်ရပါလိမ့်မယ်”

၂၆ ဘီလမ်းနှင့် ၈၄ လမ်းထောင့်တွင်ရပ်ထားသော စစ်ကားပေါ်ရှိ လော်စပီကာမှ သေမင်းတမန်သတိပေးသံထွက်လာသည်။

စက်သေနတ်တတ်ဆင်ထားသောစစ်ကားက ခန်းမရှေ့မှာ ဟန်ရေးပြနေသည်။ ဒူးထောက်ပြီးသေနတ်ချိန်ထားသောရဲဘော်များက နာရီစင်၏အလှကိုဖျက်ဆီးသည်သို့ရှိ၏။ နံပါတ်တုတ် တဖက်၊ ဒိုင်းတဖက်ကာရံထားသောလုံထိန်းများက ဈေးချိုတော်ကို အကျည်းတန်စေ၏။

၈၄လမ်းအတိုင်း ၂၆ဘီလမ်းရှိရာဆီသို့ ချီတက်လာသော လူထု၏ကြွေးကြော်သံသည်ရပ်မသွား။ အသံချဲ့စက်ကိုအန်တု နေ၏။ လူထု၏ခြေလှမ်းများသည်ရပ်မသွား။ နံပါတ်တုတ်ကို စိန်ခေါ်နေ၏။ ဒေါင်း အလံလည်းဝံ့ဆဲ။ သာသနာ့အလံ သည်လည်းလွင့်ဆဲ။ စိတ်ဓါတ်လက်နက်နှင့်သေမင်းလက်နက် ထိတ်တိုက် တိုးပြီ။

နံပါတ်တုတ်တို့သည် တခွပ်ခွပ်မြည်ကုန်၏။ သေနတ်တို့သည် မီးပွင့်ကုန်၏။ မျက်ရည်ယိုဗုံးတို့သည် မီးခိုးတို့ကို ထုတ် လွှင့်ကုန်၏။ ယမ်းငွေ့တွေ ဝေပြီ။

သူ့ရှေ့ကလူငယ်နှစ်ယောက် သင်္ကန်းပုံပေါ်သို့ ဟပ်ထိုးလဲကျသွားသည်။ ပုဆိုးစိမ်းဝတ် ကောင် လေး၏အကျီင်္ဖြူတွင် အနီရောင်ရင့်ရင့်အကွက်လေးကို ကိုအောင်မြတ် မြင်လိုက်ရသည်။ သူ့အနီးတွင် မီးခိုးတွေအူသွားသည်။ အနီးရှိမတ်တပ်ရပ်နေသောကျောင်းစိမ်းလေးကို လှမ်းဆွဲပွေ့လိုက်ပြီး နောက်ပြန် လှည့်လိုက်သည်။  အသက်အောင့်လိုက်၏၊ မျက်ခွံများကို ပိတ်လိုက်၏။ ဝေးရာသို့ သူ ရှောင်ပြီ။

သူမသေသေး။ မသေသေးသူများနှင့်အတူ နောက်တကြိမ် ပြန်လာဦးမည်။ သူ သေသွားလျှင်လည်း ပြည်သူက သူတယောက်တည်းမှမဟုတ်တာ။ ကိုအောင်မြတ်မဲ့ပြုံး တချက်တွန့်လိုက်သည်။

နေ့ခင်းပိုင်းတွင် ကျောင်းသားများ၊ သံဃာတော်များ၊ ပြည်သူများအင်အားထောင်သောင်းချီပါဝင်သော စစ်ကြောင်းကြီး ငါးကြောင်းက ဒီမိုကရေစီတိုက်ပွဲကိုပါဝင်ဆင်နွှဲကြတော့သည်။ စစ်ကြောင်းကြီးတွေက နာမည်ကိုယ်စီနှင့်။ ငြိမ်းချမ်းရေး စစ်ကြောင်း၊ အိမ်တော်ရာစစ်ကြောင်း၊ ဘုရားကြီးစစ်ကြောင်း၊ ဂဠုန်နီစစ်ကြောင်း၊ နန်းရှေ့မာန်အောင် စစ်ကြောင်း။ ကို အောင်မြတ်တို့အဖွဲ့က ငြိမ်းချမ်းရေးစစ်ကြောင်းမှာ တက်တက်ကြွကြွနှင့်။

(က-၃)
၈၈၈၈ ရှစ်လေးလုံးနေ့မှစတင်ဆင်နွှဲခဲ့သော ပြည်သူ့ဒီမိုကရေစီအရေးတော်ပုံကြီးသည် ၁၂၈၈၈ နေ့တွင် နိုင်ငံတော် သမ္မတဦးစိန်လွင်အား ရာထူးမှဖြုတ်ချနိုင်ခဲ့သည်။ ပြည်သူတွေ သွေးမြေခ,ရကျိုး နပ်ခဲ့ပြီ။ အသက်ပေးဆပ်ရကျိုး နပ်ခဲ့ပြီ။

ဘုရားကြီးအနောက်ဘက် ၄၅တာ ဓမ္မာရုံကြီးတွင် မန္တလေးမြို့နယ်လုံးဆိုင်ရာသပိတ်မှောက် ဗဟိုကော်မတီကိုဖွဲ့စည်းနိုင်ခဲ့သည်။ ဆရာတော်ဦးကဝိန္ဒသည် ငြိမ်းချမ်းရေးစစ်ကြောင်း ခေါင်းဆောင်ပီပီ ငြိမ်းချမ်းစွာဆန္ဒပြရေးကို ရှေ့ရှူသည်။ စည်းကမ်း ရှိရေးကိုတန်ဖိုးထားသည်။ စစ်ကြောင်းအသီးသီး၏ရှေ့ဆုံးနေရာတွင် ရှေ့နေအသင်း၏အကြံပြုချက်အတိုင်း ‘ကျွန်ုပ်တို့ ငြိမ်းချမ်းစွာဆန္ဒပြနေကြပါသည်’ ကိုင်၍လှည့်လည်ဆန္ဒပြစေသည်။ ကြွေးကြော်သံများကိုလည်း တညီတညွတ် တည်းဖြစ်စေသည်။ ဗဟိုသပိတ် ကော်မတီ၏ကြီးကြပ်မှု အောက်မှာ သပိတ်စခန်းတွေများလာသည်။ သမဂ္ဂတွေများလာသည်။ ကိုအောင် မြတ်သည်လည်း ရထားသမဂ္ဂတွင်စည်းရုံးရေးတာဝန်ယူရပြီ။ မြစ်ငယ်ရထားတွဲပြင် စက်ရုံနှင့် မေမြို့ စက်ခေါင်းပြင် စက်ရုံတို့ကို သမဂ္ဂအဖွဲနှင့်အတူ စည်းရုံးရေးဆင်းဖို့အရေးသူတွေးမိသည်။ စစ်ကြောင်းတွေလည်းများမှများ။  နေ့အလိုက်၊ နယ်မြေအလိုက်အလှည့်ကျသတ်မှတ်ပေးရသည်အထိပင်။

ကိုအောင်မြတ်တို့အုပ်စုကလည်း စစ်ကြောင်းနားသည့်နေ့ဆို မီးရထားလိုင်းထိပ်မှာမဏ္ဍာပ်ထိုးပြီး ဆန္ဒပြသူများကို ကွမ်းတယာ၊ ရေတမှုတ်ကမ်းလို့။ ဆေးလိပ်၊ ဇီးပေါင်းဝေ လို့။ လက်ခုပ်၊ လက်ဝါးတွေနဲ့ အားပေးလို့။ စစ်ကြောင်းတွေမှာ တူညီဝတ်စုံတွေပါလာလျှင် တမျိုးကြည့်ကောင်းနေတတ်သည်။

“အောင်သန်း.. အဲဒီအပြာရောင်အဖွဲ့တွေက. စိန်အောင် စောင်စက်ကထင်တယ်… ဟိုနောက်က အဖွဲ့က ပြည်သူ့ရဲတပ်ဖွဲ့ပဲ….”

“ဆရာဝန်တွေနောက်ကအဖွဲ့က ပုဏ္ဏားအဖွဲ့ပါလား..ဗောဓိကုန်းကအဖွဲ့ပေါ့. အားရတယ်ဗျာ..”

“အော.. အိမ်ရှင်မများအဖွဲ့ကလည်း ဓားတွေ၊ ယောက်မတွေ၊ ငရုတ်ကျည်ပွေ့တွေ၊ ဆန်ကောတွေနဲ့ပါလား.. အေးပေါ့ဗျာ.. သူတို့ကဆင်းရဲမှုဒဏ်ကိုထိပ်ဆုံးကနေ ခါးစည်းခံ နေရသူတွေဆိုတော့ ဒီလောက်တော့ ရှိမှာပေါ့”

စစ်ကြောင်းတခုမှာ ကျောင်းပေါင်းစုံ၊ ဌာနပေါင်းစုံ၊ စက်ရုံပေါင်းစုံ၊ ရပ်ကွက်ပေါင်းစုံ၊ အလွှာပေါင်းစုံပါဝင်လေတော့ အရောင်အသွေးကလည်းစုံသည်။ မဏ္ဍာပ်ရှေ့မှာ တဖွဲ့ဖြတ်လိုက်၊ အားပေးလိုက်နှင့်။

“ဒီမိုကရေစီရရှိရေး” “ဒို့အရေးပါဆိုနေမှ…”
“ဟောဗျာ… အလှဖန်တီးရှင်များအဖွဲ့တဲ့..”

(က-၄)
နေ့ခင်းမှာ ဒီမိုကရေစီဟောပြောပွဲတွေရှိသလို ညပိုင်းမှာလည်း တရားပွဲတွေရှိသည်။ ဆရာတော်များ၏တရားပွဲများကလည်း စည်ကားချက်။ မင်းကျင့်တရားဆယ်ပါး တရား တော်သည် တနေ့တာကုန်ခန်းသွားသောစွမ်းအားတို့ကို ပြန်လည်ပြည့်ဝစေ၏။ ကပ္ပိလနှင့်ကောလိယ နှစ်နိုင်ငံအကြား ဂင်္ဂါမြစ်ရေခွဲဝေရေးတိုက်ပွဲတွင် စွမ်းဆောင်ခဲ့သောရဟန်းတို့၏ သာဓကကဲ့သို့ပင် မန်းမြို့တော်ဒီမိုကရေစီအရေးတော်ပုံမှ သံဃာတော်တို့ကား ကြည်ညိုလေးစားဖွယ် ကောင်းလေစွ။ စန္ဒဂုတ်မင်း၏စစ်ဗျုဟာသည်လည်း နမူနာ ယူချင်စရာပင်။

ကိုအောင်မြတ်တို့အဖွဲ့သည် မြေနီကျင်း၌ကျင်းပသော ဆရာတော် ဦးဥာဏိသရ၏တရားပွဲမှာ တရားနာရင်း၊ လုံခြုံရေးယူရင်း။ ကိုအောင်မြတ်သည် ပင်ပန်းရကောင်းမှန်းမသိ၊ အေးချမ်းမှုအတိဖြင့် တရား နာနေသော ပရိသတ်ကို လေးလေးစားစားကြည့်ရင်း ၂၆ရက်နေ့က လူပင်လယ်ကို ပြန်မြင်မိသည်။

“ဦးပဉ္စင်းရာ.. ပြည်သူတွေရဲ့စိတ်ဓာတ်တွေက လေးစားဖို့ကောင်းလိုက်တာ.. အခုတရားပွဲမှာလည်း. လူအပြည့်.. တနေ့က မန်းရာပြည့်ကွင်းမှာလည်း..လူတွေသိန်းချီ လောက် တယ်.. တကယ့် အံ့ဘနန်းပါပဲ.. ဘုရား..”

“ဒါယကာကလည်း.. ‘အုတ်ကျစ်ကျော်အေး၊ မန္တလေး’တဲ့.. မန္တလေးမြို့တည် နှစ်တစ်ရာပြည့်ပွဲတော်ကြီးကို မန္တလေးတောင်အနောက်ဘက်မှာရှိတဲ့ သည်ကွင်းပြင်ကျယ် ကြီးမှာ မင်္ဂလာရှိရှိ စည်စည်ကားကား ကျင်းပခဲ့ဖူးတာပေါ့.. အထက်မြန်မာနိုင်ငံလုံးဆိုင်ရာ သပိတ်တပ်ပေါင်းစုညီလာခံကြီးကိုလည်း ဒီမန်းရာပြည့်ကွင်းကြီးမှာ စည်စည်ကားကား သိုက်သိုက်မြိုက်မြိုက်ကျင်းပနိုင်ခဲ့တယ်.. ကြက်ပျံမကျ စည်ကားတယ်ဆိုတာ ဒါမျိုးပေါ့.. ဒီမိုကရေစီအရေးတော်ပုံကြီးအတွက်တော့ မင်္ဂလာပဲပေါ့ ဒါယကာရာ..  တအိမ်တယောက် မလာမနေရ.. ဘယ်သူကမှဆင့်ခေါ်နေစရာမလိုဘူ.. ကိုယ့်အသိတရားနဲ့ကိုယ်.. ကိုယ့်စည်းကမ်းနှင့်ကိုယ်လာကြတာ.. အဖိနှိပ်ခံဘ၀က ဘယ်လောက်များ လွတ်မြောက်ချင်ကြ သလဲ.. သိသာတယ်..”

“တင်ပါ့ ဘုရား.. ဒါကြာင့်လည်း.. ချွေးစို့နေတဲ့သူတို့မျက်နှာတွေဟာ. ပီတိတွေဖြာနေတာပေါ့ ဘုရား..မမောနိုင်မပန်းနိုင်ဘဲ..”

“သူတို့တတွေ မပျော်ဘဲဘယ်နေလိမ့်မလဲ..ဆန္ဒပြပြီးလေးရက်လောက်နဲ့. သမ္မတတယောက်ကို ဖြုတ်ချနိုင်သလို တပါတီအာဏာရှင်စံနစ်ကိုလည်း. ပြီးခဲ့တဲ့အပတ်က. ဖြုတ် ချနိုင်ခဲ့တယ်မဟုတ်လား. ဒါယကာရဲ့…”

ကိုအောင်မြတ်သည် ငြိမ်းချမ်းစွာတရားနာနေသောပရိတ်သတ်ကိုကြည့်ရင်း အခြားမြို့များမှ မင်းမဲ့စရိုက်ဆန်စွာ ညှင်းပန်းသတ်ဖြတ်မှုသတင်းများကို စိတ်မကောင်းဖြစ်မိသည်။ မ.ဆ.လ အစိုးရ၏ တန်ပြန် သပိတ်ဖန်တီးခြင်း၊ အကျဉ်းသားများကိုလွှတ်ပေးလိုက်ခြင်းတို့သည် သပိတ်မှောက်ပြည်သူတွေအကြားမှာ ရှုပ်ထွေးသွားအောင် ဖန်တီးလိုက်ခြင်းဖြစ်သည်။ မန္တလေးမြို့နယ်လုံးဆိုင်ရာသပိတ်တပ်ပေါင်းစုအဖွဲ့ချုပ်၏စီမံခန့်ခွဲမှုဖြင့် မြို့ပြဆိုင်ရာအုပ်ချုပ်ရေးအဖွဲ့နှင့်ဒီမိုကရေစီတရားရုံးတို့ပေါ်ပေါက်လာသည်။ မန္တလေးသည် မင်းမဲ့စရိုက်ကင်းမဲ့ ဇုန်ဖြစ်ခဲ့သည်။ ရပ်ကွက်တိုင်း၊လမ်းတိုင်းမှာလည်း လုံခြုံရေးအပြည့်။ ကိုယ့်အားကိုယ်ကိုးစနစ်။

“ဦးပဉ္စင်းဘုရား.. ဒီလူ့ကိုမသင်္ကာလို့ခေါ်လာတာပါဘုရား..”

ကိုအောင်သန်းနှင့်ကိုမျိုးတင့်တို့က လွယ်အိတ်စလွယ်သိုင်းလွယ်ထားသည့် လူတယာက်၏လက်မောင်းကို တဖက်တချက်စီချုပ်ကိုင်ရင်း ဆွဲခေါ်လာကြသည်။ ထိုသူက ရုန်းရင်းကန်ရင်းပါလာသည်။ သူ့လက်နှစ်ဘက်က လွယ်အိတ်ကိုဖိကိုင်ထားလျက်။ မျက်နှာကတုန်လှုပ်ချောက်ချားဟန်အပြည့်။ နားထင်စပ်က ချွေးစီးလေးသည် မီးရောင်အောက်တွင် ၀ပ်စင်းနေလျက်။

“ကဲ.. ဒါယကာ.. ဘာတွေပါလဲပြစမ်း..”

ကိုအောင်မြတ်က ထိုလူ့အိတ်ကိုညာလက်ဖြင့်လှမ်းဆွဲလိုက်သည်။ သူက ခါးခါးသီးညင်းသည်။ လွယ်အိတ်ကို မလွှတ်တမ်း ကိုင်ထားဆဲ။

“ဟာ…မကိုင်နဲ့.. မကိုင်နဲ့.. အတင်းမလုပ်နဲ့ ကွဲကုန်လိမ့်မယ်..”

ကိုအောင်မြတ်ခန္ဓာကိုယ်သည် နောက်သို့လန်သွားသည်။ အနှီပုဂ္ဂိုလ်သည် ဦးပဉ္စင်းရှေ့ရှိစားပွဲဆီသို့ တိုးသွားသည်။ ဦးပဉ္စင်း၏ခါးသည် မတ်သွား၏။ သူသည် လွယ်အိတ်ထဲမှ ပစ္စည်းများကို တခုချင် ထုတ်၍ စားပွဲပေါ်သို့ ဖြည်းညှင်းစွာတင်လိုက်သည်။ အားလုံးသည် ပါးစပ်အဝိုင်းသားနှင့်။

“တပည့်တော်က.. ဆေးကုပါတယ်ဘုရား.. အခုဟာက အားဆေးပုလင်းတွေပါဘုရား.. အရမ်းကိုင်လိုက်ရင် ကွဲသွားမှာစိုးလို့.. ကွဲတတ်တယ်လို့ပြောတာပါဘုရား.. တနေ့ခင်း လုံးဆန္ဒပြကြရတာ.. တပည့်တော့်အားဆေးလေးတလုံးထိုးလိုက်ရင်.. နောက်နေ့အတွက် လယ်ဒီဖြစ်သွားရော.. တပည့်တော်က.. အပ်ပုန်းဆိုတော့.. အရှင်ဘုရားတို့အဖွဲ့ကို ကြောက် လို့ပါဘုရား..”

(က-၅)
၃၇ လမ်းရှိ ရထားစက်ဗိုလ် ကိုမျိုးတင့်၏အမေ့အိမ်သည် ကိုအောင်မြတ်တို့လှုပ်ရှားရေးအတွက် စတေးရှောင်ရာ သို့မဟုတ် ကွန်းခိုရာ သိုမဟုတ် ဆုံဆည်းရာဂေဟာ။ အိမ်ရှင် ကလည်းစေတနာပါသည်။ လက်ဖက်ရည်ချိန်တန်လျှင်လက်ဖက်ရည်၊ မုန့်ချိန်တန်လျှင်မုန့်။ စတေးရှောင်အဖွဲ့အတွက် နေ့စဉ်ထုတ် ဒီမိုကရေစီစာစောင်တွေ၊ သတင်းစာတွေဖတ်ရလျှင် အရာရာသည်ပြည့်စုံနေ၏။ စာစောင်တွေကို တယောက်တစောင်ဖတ်ရင်း သတင်းများကိုဖလှယ်ကြ၊ ဆွေးနွေးကြသည်။ ရန်ကုန်ဆေးရုံကြီးမှာ ဆန္ဒပြဆေးရုံဝန်ထမ်းတွေကို စစ်တပ်က ပစ်ခတ်လူစုခွဲသည့်သတင်း၊ ဗိုလ်ချုပ်ကြီးဟောင်းဦးတင်ဦးနှင့်ဒေါ်အောင်ဆန်းစုကြည်တို့ ဒီမိုကရေစီဟောပြောပွဲများ ပြုလုပ်သည့်သတင်း၊ ဝန်ကြီးချုပ်ဟောင်းဦးနုနှင့်အဖွဲ့မှကြားဖြတ် အစိုးရဖွဲ့မည်ဆိုသည့်သတင်း၊ မိုးကုတ်မှာ ပစ်ခတ်လူစုခွဲသည်ဆိုသည့်သတင်း၊ သတင်းတွေက စုံမှစုံပင်။

“ဒီမိုကရေစီဆိုတာ ဂရိဘာသာစကားဗျ.. ဒီမော့စ်ဆိုတာ ပြည်သူလူထု.. ခရာတော့စ်ဆိုတာအုပ်ချုပ်ရေးပေါ့.. တကယ်တော့ ဒီမိုကရေစီဆိုတာ ပြည်သူ့အာဏာကိုဆိုလိုတာ ပဲ.. ပြည်သူ့ကိုယ်စား ပြည်သူကရွေးချယ်တင်မြှောက်လိုက်တဲ့အစိုးရကို အာဏာလွှဲအပ်တာပေါ့..”

“ကိုယ်ကတော့.. ဒီကဗျာလေးကို သိပ်သဘောကျတာပဲ.. ကိုကိုးကျွန်းအရေးတော်ပံမှာ ကျဆုံးသွားတဲ့ ရဲဘော်လေးမောင်ရဲ့ကဗျာ.. ကိုယ်ရွတ်ပြမယ်..နားထောင်ကြည့်..

ငါ့သွေးတစ်စက်၊ ငါ့သက်တစ်ချောင်း
ငါ့အလောင်းမှ၊ ထောင်သောင်းမြောက်များ
သွေးသစ်ပွားအံ့…
ငါကားဘယ်မှာသေအံ့နည်း။…..””ကြက်သီးတောင်ထတယ်ကွာ..”

အလုပ်ပြုတ်သွားသော ရထားစက်ဗိုလ်နှစ်ယောက်ဖြစ်သည့် ကိုမန်းဇော်နှင့်ကုလားကပြားပီတာစိုးမြင့်တို့ ရောက်လာသည်။ ကိုမျိုးတင့်၏မိခင်သည် ရေနွေးတအိုးထပ် ဖြည့် ပေးသည်။ အားလုံး၏နားများသည် ရေနွေးကြမ်းသောက်ရင်း ကိုအောင်မြတ်၏စကားနွံတွင်နစ်နေ၏။

“မြို့ဟောင်းဘူတာမှာ စစ်ကားတွေရောက်နေတယ်.. စစ်ရထားထွက်မဲ့သဘောရှိတယ်.. ရထားထွက်ဖြစ်ရင် ဘူတာမှာရုံပိုင်မရှိလည်း ကိစ္စမရှိဘူး.. သူတို့မှာ ဆက်သွယ်ရေး စက်တွေပါမှာ.. ရထားလမ်းတွေပျက်နေလည်း မှုမှာမဟုတ်ဘူး.. စစ်အင်ဂျင်နီယာတွေနဲ့ပြင်မှာ.. သူတို့အတွက်အရေးကြီးတာက ရထားမောင်းမဲ့သူ.. အဲဒီတော့.  မရမကရှာမှာသေချာ တယ်.. တို့အဖွဲ့တွေက. ဒါကို သဘောပေါက်ဖို့လိုတယ်.. ကိုယ်နဲ့နီးစပ်ရာကို လက်တို့ထား..”

ကိုမျိုးတင့်က ငွေနဂါးဆေးပေါ့လိပ်ကို ပြာချွေရင်းမှ စကားထောက်သည်။

“ကိုအောင်မြတ်ရ.. သူတို့မှာ စက်ခေါင်းမောင်းစစ်သည်တွေရှိတယ်မဟုတ်လား..”

“အော်.. ကိုမျိုးတင့်ရယ်.. သူတို့က ၇၆ခုနှစ်မှာ အင်းစိန်မီးရထားဗဟိုသင်တန်းကျောင်းက ဆင်းသွားတာ.. ဆယ်နှစ်ကျော်ပြီလေ.. လေ့ကျင့်မှုမှမရှိတာ.. မေ့လောက်ရောပေါ့ .. နောက်ပြီး သူတို့ လေ့ကျင့်တုန်းက ပြင်သစ်စက်ခေါင်းအဟောင်းတွေနဲ့.. အခုမန္တလေးမှာရှိတာက ဂျာမန်စက်ခေါင်းအသစ်တွေ.. သူတို့ဘယ်လိုမှမောင်းတတ်မှာမဟုတ်ဘူး.. အဲဒီ တော့.. မောင်းမဲ့သူ သေချာပေါက်လိုမှာ..”

ကိုအောင်မြတ်သည် စကားဖြတ်လိုက်ပြီးနောက် ရေနွေးကြမ်းတငုံမှုတ်သောက်လိုက်သည်။ အားလုံးသည် သူ ရှေ့ဆက်မည့်စကားလုံးများကိုငံ့လင့်လျက်။ ထိုစဉ် အောက် ထပ်မှ ကိုမျိုးတင့်၏အမေ့ အသံသည် အပေါ်ထပ်တိုင်လျှံတက်လာသည်။

“လာပြီဟေ့..လာပြီ.. ပြေး..ပြေး..ခပ်မြန်မြန်ပြေး..”

အားလုံးသည် တိုင်ပင်ထားသည့်အလား ထိုင်ရာမှဝုန်းခနဲ။ နောက်ဖေးပေါက်သို့ ပြေးသည်။ ဝရန်တာမှခိုဆင်းသည်။ နောက်ဖေးခြံစည်းရိုးကိုကျော်သည်။ ရထားသံလမ်း အတိုင်း ခြေဦးတည့်ကြသည်။

“အား..ကျွတ်..ကျွတ်..ကျွတ်..ကျွတ်…”

ကိုအောင်မြတ်သည် ဘယ်ဘက်ခြေထောက် ဒယဥ့်တိုက်ဖြင့် နောက်ဖေးပေါက်မှတဆင့် အောက်ထပ်သို့ဝင်သည်။ အိမ်ပေါ်တက်သည့်လှေခါးခြေရင်းတွင် အကြော်ဇလုံကို ကိုင်ထားသော ကိုမျိုးတင့်၏ အမေကိုတွေ့ရသည်။

“ဘယ်လိုဖြစ်ရတာလဲ မောင်အောင်မြတ်ရယ်.. ခြေထောက်က ဘာဖြစ်သွားတာလဲ..”

“ဘာဖြစ်ရမလဲ အဒေါ်ရယ်.. အဒေါ်က ပြေး..ပြေး..ဆိုလို့..အားလုံးပြေးကုန်ကြတာ.. သံလမ်းပေါ် တောင်ရောက်ကုန်ပြီ..ကျွန်တော်သာ..ခုန်ချလိုက်တာ..ခြေထောက်ခိုက် မိလို့ ကျန်နေခဲ့တာ..”

“ဟား. ဟား..ဟား.. ဖြစ်မှဖြစ်ရပလေ..မောင်အောင်မြတ်ရယ်.. ငါက မင်းတို့စားဖို့ ငါ့မြေးကိုအကြော်ဝယ်ခိုင်းလိုက်တာ.. ဟိုဘက်အိမ်က အဖေါ်ကိုမီအောင် အပြေးလိုက်ခိုင်း လိုက်တာ.. ဖြစ်မှဖြစ်ရ လေကွယ်.”

ကိုအောင်မြတ်၏ဘယ်ခြေထောက်သည် တေဇောဘမ်း၏ပူလောင်မှုအောက်တွင် အငွေ့လှုံသွားသည်။ ပီတာစိုးမြင့်၏ခြေထောက်များသည်ကား မြို့ဟောင်းဘူတာသို့ပင် ရောက်ပြီ။ အရှေ့ဘက်ရှိ မီးရထား လိုင်းခန်းများဆီသို့ ချိုးကွေ့နေဆဲ။

“ရပ်.. လက်မြှောက်..  ဘယ်သူလဲ..  ဘယ်သွားမလို့လဲ”

မောင်းတင်သံနှင့်အတူအမိန့်ပေးသံက တပြိုင်နက်ထွက်လာသည်။

“ဂျ..ဂျနော်.. ဒီ..ရားဂွက်မာ.. နေးဒယ်နော်.. ဗြုတ်သွားဒဲ့ မီးရဒါး ဇက်ဗိုလ်ဘာ..”

“အေး.. ရထားစက်ဗိုလ်ဆိုရင်.. ပြုတ်တာတွေ.. မပြုတ်တာတွေမလိုချင်ဘူး.. ရှေ့ကသွား.. စက်ခေါင်းပေါ်တက်..”

ပီတာစိုးမြင့်၏မျက်ဝန်းထဲတွင် ဆုံဆည်းရာအဖွဲ့သားများ၏မျက်နှာများကိုလည်းကောင်း၊ နားထဲတွင် ကိုအောင်မြတ်၏စကားသံတို့ကလည်းကောင်း၊ လက်ညှိုးထိုးနေကြသည် သည်။ ဆွမ်းခံရင်းငှက်သင့်သည့် သူ့ဖြစ်စဉ်ကို သူကိုယ်တိုင်အံ့အားသင့်နေမိသည်ပင်။ သည်သတင်းကိုကြားတော့ ကိုအောင်မြတ်ရင်မှာမချိ ဖြစ်သွားရသည်။

(က-၆)
၁၈.၉.၁၉၈၈ နေ့

တပ်မတော်သည် နိုင်ငံတော်အာဏာကို ဒုတိယအကြိမ်သိမ်းယူသည်။
xxxxx

(ခ)
ရောင်ခြည်မသန်းသေး။ အရုဏ်ဦးကဝေးသေး၏။ လင်းကြက်လည်းမတွန်နိုင်။ ညအမှောင်သည် နက်သည်ထက်နက်နေဆဲ။ နီကျင့်ကျင့်မျက်နှာကျက်မီးအလင်းသည်လည်း မှိန်နေဆဲ။

“မအေးမာ့ အမျိုးသားရှိသလား..”

သူနာပြုဆရာမ၏အသံသည် နံနက်ခင်းကိုငံ့လင့်သည့် ဆည်းလည်းသံဖြစ်မည်။ သူ့အပြုံးသည် လူသားသစ်တယောက်ကို ကြိုဆိုဟန်ရှိသည်။ ကိုအောင်မြတ်၏ နောက် ကြောင်းပြန်အတွေးသည် တိခနဲပြတ်သွား၏။ သူ ဆတ်ခနဲမတ်တပ်ရပ် လိုက်သည်။ သူ့နားစည်သည် ဆရာမ၏နှုတ်ခမ်းဖျားနား ကပ်သွား သည်ထင်၏။

“ရှင့်ဇနီး သားလေးမွေးတယ်.. မအေရော..ကလေးရော.. ကျန်းမာတယ်..”

သူ ထခုန်မတတ်ဝမ်းသာသွား၏။ သူ့မျက်နှာက ဝင်းသွားသည်။ သူ့မျက်လုံးက အရောင်တောက် သွားသည်။ သူ့အတွေးက သူ့နှုတ်ပေါ်မှာစီးသွားသည်။

“ငါ့အတွက် သားယောင်္ကျားရတာမင်္ဂလာပဲ.. ငါတို့မစွမ်းဆောင်နိုင်ခဲ့တဲ့ဒီမိုကရေစီပန်းတိုင်ကို သူတို့ကိုဆက်ပြီးလက်လွှဲ ပေးရမယ်. ငါ့သားဟာ ဒီမိုကရေစီအတွက် အာဇာနည် ဖြစ်စေရမယ်.. သူ့ကို ‘ ဇာနည်အောင် ‘လို့နာမည်ပေးရမယ်.. သူတို့ လက်ထက်မှာ ဒီမိုကရေစီတိုက်ပွဲ ‘အောင်’ ရမယ်…ဟုတ်တယ်.. သူ့နာမည်..ဇာနည်အောင်.. ဇာနည်အောင်.. ဇာနည်အောင်..”

‘ ဇာနည်အောင်’ ဟူသော နာမည်သည် သူ့နှလုံးသားနံရံတွင် ပဲ့တင်ရိုက်ခတ်လျက်ရှိတော့သည်။

(ခ-၁)

သည်နေ့သည် ဝန်ထမ်းအားလုံး လုပ်ငန်းခွင်သို့ ပြန်လည်ဝင်ရောက်တာဝန်ထမ်းဆောင်ရန် စစ်အစိုးရမှရာဇသံပေးထားသည့်နောက်ဆုံးနေ့။ စက်ရုံအုပ်ကြီး၏ရုံးခန်းတွင်ရထား စက်ဗိုလ်တွေ၊လက်ထောက်တွေနှင့် ရှုပ်ယှက်ခတ်နေသည်။ တဖက်သတ်စိတ်တိုင်းကျကြိုးချည်ထားသောပုံစံများတွင် ဖြည့်သွင်းသူက ဖြည့်၊ လက်မှတ်ရေးထိုးသူကထိုးလို့။ ရင်၌ဖြစ် တည်လာသောခံစားချက်များကို နှုတ်ခမ်းများက မသိကျိုးကျွန်ပြု၏။ မျက်နှာကအလိုက်တသိ ဘာသာပြန်ပေး၏။ မနေ့ညနေက ၃၇လမ်း ဆုံဆည်းရာတွင် သူ့အဖွဲ့တွေနှင့်ဆွေးနွေးခဲ့ သည်များကို ကိုအောင်မြတ် ပြန်လည်သတိရမိသည်။

“မနက်ဖန်နောက်ဆုံးနေ့ဆိုတော့ အလုပ်ပြန်ဝင်ရတော့မှာပဲ.. မဝင်ရင်.. ဆွဲမှာသေချာတယ်..”
“ကိုယ်ကမှ အလုပ်ကို မစွန့်လွှတ်နိုင်သေးတာ..” “မီးစင်ကြည့် ကကြရမှာပဲ..”
“မနက်ဖန်.. ရထားကသေချာပေါက်ပြန်ဆွဲမှာ..” “ဘယ်သူ. စ,မောင်းသင့်သလဲ..”

“ရထားစပြေးပြီဆိုပါစို့.. ရုံပိုင်တွေ၊ဘူတာဝန်ထမ်းတွေမစုံရင်.. ဘယ်သူက အလံချိုးပေးမလဲ.. ဆက်သွယ်ရေးစက် တွေပျက်နေရင် တဘူတာနဲ့တဘူတာ ဘယ်လိုဆက်သွယ် မလဲ.. အဆက်အသွယ်မရရင် ရထားချင်းတိုက်နိုင်တယ်.. နောက်ပြီး.. သံလမ်းအလုပ်သမားတွေ မစုံရင်. ရထားလမ်းတွေကို ဘယ်သူကစစ်ပေးမလဲ.. သံလမ်းဆက်တွေဖြုတ်ထားရင် ရထားမှောက်မှာ..”

ပြည်နယ်ရောက်ရင် လုံခြုံရေးကဘယ်လိုလဲ.. ချောင်းပစ်ရင်ပစ်.. မပစ်ရင်.. မိုင်းခွဲမှာ သေချာတယ်.. ကေအိုင်အေက အရင်တည်းက လက်စလက်နရှိတာ..”

“မောင်းမဲ့သူမရှိရင်..အားလုံးကိုကုတ်မှာ.. စ,မောင်းတဲ့သူက နည်းနည်းတော့ စွန့်စားရမှာပဲ.. အားလုံးကိုယ်စား. အနစ်နာခံရမှာပဲလေ..”

“အေးပါဗျာ.. ကျွန်တော် ဖိုမင်ကြီးကိုတင်ပြပြီး.. အကောင်းဆုံးဖြစ်အောင်.. စီစဉ်ပါ့မယ်.. အားလုံးစိတ်အေးအေးထားပါ..လုပ်ငန်းခွင်သာပြန်ဝင်ကြပါ.. ထမီကျွတ်လို့လွှတ် လိုက်တယ်လို့ပဲ အောက်မေ့ကြပါ.”

ကိုအောင်မြတ်သည် အင်အားမပါသည့်လေသံဖြင့်တုံ့ပြန်လိုက်ရပေမည့် သူကိုယ်တိုင်ပင် ခြေကုန် လက်ပန်းကျနေ သည်မဟုတ်ပါလော။ မည်သို့ဆိုစေ။ နှစ်လခန့်ရပ်ဆိုင်း ထားသော မန္တလေးမြစ်ကြီးနား လူစီးရထားသည်  ပြန်လည် ပြေးဆွဲမည်မှာ သေချာပါသည်။

(ခ-၂)
အဓိပ္ပာယ်မျိုးစုံ ဘာသာပြန်၍ရအံ့သောရထားဥသြသံက မန္တလေးဘူတာကြီးဆီမှ ပျံ့လွင့်လာ၏။ မြစ်ကြီိးနားသို့ထွက်မည့်လူစီးရထားသည် အမှတ် (၃) စင်္ကြံန်မှ လေးကန်သော သံဘီး၊ နှေးကွေးသောလည်ပတ်နှုန်းဖြင့် တပတ်ချင်းလိမ့် ထွက်လာသည်။ တွဲများပေါ်တွင် ခရီးသည်က ကျိုးတို့ကျဲတဲ။ သံပတ် ပေးစက်ရုပ်နှင့်တူသောတွဲထိန်းများသည်လည်း တံခါး ပေါက်ဝမှာ မိုးတိုးမတ်တတ်။ ဘူတာအထွက်အချက်ပြမီးတိုင်အကျော်မှာ ဥသြသံက ဆူညံလာပြန်သည်။ ၃၇လမ်းဆုံဆည်းရာမှစတေးရှောင်အဖွဲ့က အိမ် နောက်ဖေး၊ ရထားသံလမ်း ရှိရာသို့ ရီဝေသောအကြည့်ကိုယ်စီလွှဲထားလို့။ အကျီင်္အဖြူ၊ ပိကက်ဦးထုပ်အဖြူ ဆောင်းထားသောရထားစက်ဗိုလ်က ကွန်းခိုရာဂေဟာသို့ သံယောဇဉ်မကင်းသည့်အကြည့်ဖြင့် စောင်း ငဲ့ကြည့်သည်။

“ဘော်..ဘူ…ဘော်…”

“ကိုအောင်မြတ် မောင်းသွားရှာပါလား..””ဒါမှ.. ဇာနည်အောင်တို့အဖေကွ…”

ရှမ်းစုဘူတာကို ရထားဖြတ်ခိုက်မှာ မဟာမြတ်မုနိကို ကိုအောင်မြတ် ဦးခိုက်လိုက်သည်။ ဘုရားကြီး ၄၅တာ ကွင်းပြင်ကျယ် ထဲက သိန်းသောင်းချီသည့်လူပင်လယ်ကို မျက်ဝန်း ထဲမှာ မြင်ယောင်နေ၏။ ဘဝဂ် တိုင်ညံသည့် ဒီမိုကရေစီတောင်းဆိုသံသည် နားတွင်လျှံ၏။ အင်းဝတံတားကို ရထားဖြတ်တော့ စစ်ကိုင်း မြေကို ဖြတ်တိုက်လာသောလေပူပူသည် လူပေါင်းရာချီ၏သွေးညှီနံ့တို့လှိုင်နေ၏။ သပြေတန်းခံတပ်ကို မြင်လိုက်ချိန်မှာ ရထားစက်ဗိုလ်ကိုအောင်မြတ်သည် ဆရာတင်အေးကြူ ၏ကဗျာ စာပိုဒ်လေးကို နှုတ်မှ ဖွဖွရွတ်လိုက်မိ သည်။

“တောင်ဆိတ်များလိုပါ့…
ဒဏ်ရာကို လျှာနဲ့လျက်
ရှေ့ခရီးဆက်ကြမယ်…..”

ဟုတ်သည်။
ဒီမိုကရေစီ ခရီးသည်အားလုံးသည် ဒဏ်ရာကိုလျှာနဲ့လျက်ပြီး ရှေ့ခရီးဆက်ကြရဦးမည်။     ။

မင်းအဂ္ဂ (ဆင်တဲဝ)
(ဒီမိုကရေစီ အရေးတော်ပုံကာလကို ပြန်လည်ခံစားမိပါသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , , , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)