fbpx

ကျော်မောင် (တိုင်းတာရေး) ● နောက်ကစီပါ

July 28, 2018

● နောက်ကစီပါ
(မိုးမခ) ဇူလိုင် ၂၈၊ ၂ဝ၁၈

တစ်ရက်မှာ ရွှေတိဂုံစေတီတော်သို့ ဘုရားဖူးသွားကြသည်။ စိန်ဖူးတော်၊ ငှက်မြတ်နားတော်၊ ထီးတော်တို့ကို မှန်ပြောင်းဖြင့်အနီးကပ်ကြည့်၍ရသည့်နေရာသို့ ရောက်သွားသည်။ ကြည့်နေသူရှိသည်။ အသက်အစိတ်လောက် ရှိမည်ဟု ခန့်မှန်းရသော နိုင်ငံခြားသူနှစ်ယောက်လည်း သူ့နောက်တွင် မတ်တပ်ရပ်စောင့်နေသည်။ သူတို့သည် မြန်မာဝတ်စုံများ ဝတ်ဆင်ထားကြသည်ကို သတိပြုမိသည်။ ကျနော်တို့လည်း သူတို့နောက် မလှမ်းမကမ်းတွင် ဝင်စီသည်။

မှန်ပြောင်းကြည့်သူပြီးခါနီးတွင် အနီးအနားတွင်ရှိသော ဘုရားဖူးအုပ်စုထဲမှ ဆယ်ကျော်သက်မရှိတရှိ ကလေးမလေးနှစ်ယောက် ချက်ရောက်လာပြီး မှန်ပြောင်းကြည့်ဖို့ ပြင်သည်။ ကြည့်နေသူထွက်သွားသောအခါ ကလေးမလေးတယောက်က မှန်ပြောင်းကို လှမ်းကိုင်သည်။ သို့သော် နိုင်ငံခြားသူတယောက်မှလည်း ကလေးမလေးအရင် မှန်ပြောင်းကို ကြည့်ဖို့ လှမ်းကိုင်သည်။ သူက ကလေးမလေးကို ပြုံးပြကာ ခေါင်းငုံကြည့်ပြီး အင်္ဂလိပ်ဘာသာဖြင့်ပြောသည်။ ကျနော်တို့ဖက်ကို လက်ဖြင့်ညွှန်းပြီး ပြောနေသည်။ ဘာသာပြန်ရသော် “နောက်ကစီပါ၊ နောက်ကစီပါ၊ ဟိုလူတွေနောက်က သွားစီပါ”ဟု ပြန်ရမည်ဖြစ်သည်။

နယ်မှ ဘုရားဖူးလာကြပုံရသော ကလေးမလေးနှစ်ယောက်မှာလည်း သူတို့အရင်ကြည့်ခွင့်မရသည့်အတွက် အတင်းကာရော မဖြစ်။ ကျနော့်တို့နောက်မှာလည်း လာပြီး တန်းမစီ။ ကြားထဲမှ မနေနိုင်သော ကျနော့်မှာ ထိုနိုင်ငံခြားသူနှစ်ယောက် မှန်ပြောင်းကြည့်ပြီးသည်ကို စောင့်ပြီး လက်ချာရိုက်ရလေသည်။ ဒီကလေးမလေးတွေက ကြားဖြတ်ခြင်းမဟုတ်၊ တန်းစီရမည်ဆိုခြင်းကို သူတို့တွင် အလေ့အကျင့်မရှိခြင်းသာဖြစ်ကြောင်း၊ တန်းစီစီ မစီစီ လူကြီးတွေက ကလေးများကို ဦးစားပေးရမည်ဟု နားလည်ကြောင်း တတ်သမျှ အင်္ဂလိပ်စကားဖြင့် ခပ်တည်တည်ပြောလေသည်။ သူတို့နှစ်ယောက်မှာ အားနာပုံလည်းမပြ၊ ပြန်လည်ပြောဆိုခြင်းလည်း မပြုဘဲ ထွက်ခွာသွားလေသည်။

ကျနော်တို့အလှည့်ရောက်သည်တွင် အရင်မကြည့်သေးဘဲ ကလေးမလေးနှစ်ယောက်ကို ကြည့်စေဖို့ အလှည့်ပေးမည်ကြံပြီး လိုက်ရှာရာ သူတို့မှာ အနားတွင် မရှိတော့။ သူတို့သည် စေတီတော်မြတ်ကြီးသို့ မကြာခဏ လာရောက်နိုင်ကြသူများဖြစ်လျှင် ကိစ္စမရှိ။ ထိုတကြိမ်သာ ကြုံတောင့်ကြုံခဲ ဖူးမြင်ခွင့်ရသူများဆိုပါလျှင် သူတို့အတွက် အမှတ်တရဖြစ်စရာတခု လျော့သွားနိုင်စရာရှိသည်ဟု တွေးမိပါသည်။

ရန်ကုန်မြို့တွင် ကြုံခဲ့ရသော ဖြစ်ရပ်တစ်ခုဖြစ်ပါသည်။ စင်ကာပူတွင် ကြုံခဲ့ရသော ဖြစ်ရပ်တစ်ခုကိုလည်း ဆက်လက်ဖော်ပြပါမည်။

တစ်ရက်တွင် ညစာအဖြစ် ထမင်းစားဖို့ အခွင့်မသာတော့သောကြောင့် ဘာဂါစားမည်ဟု အကြံဖြစ်ကာ ဘာဂါဆိုင်သို့ ဝင်လိုက်သည်။ ကောင်တာရှေ့တွင် တန်းစီနေသူ နှစ်ယောက်သာရှိသောကြောင့် ထိုသူနှစ်ယောက်နောက်တွင် ကပ်ကာ တန်းစီသည်။ ကောင်တာမှ အရောင်းဝန်ထမ်းမှာ အသက်ငါးဆယ်ကျော်လောက်ရှိမည်ဟု ခန့်မှန်းရသည့် အဒေါ်ကြီးတစ်ဦးဖြစ်သည်။ သူက ရှေ့ဆုံးမှ ဝယ်သူလူငယ်ကို “ဘာစားမလဲ” မေးသည်။ ထိုအချိန်တွင် ဝင်ပေါက်ထွက်ပေါက်မှန်တံခါးကို တွန်းဖွင့်ကာ ကလေးနှစ်ယောက်ဝင်လာသည်။ (စကားချပ် – အမှန်မှာ “ဆွဲဖွင့်ပါ”ဟု ရေးထားသောစာသားအား ဆန့်ကျင်ပြီး တွန်းဖွင့်ဝင်လာခြင်းဖြစ်သည်။ အပြင်မှ တွန်းဖွင့်ပါက မှန်တံခါးရွက်နှင့် ဆိုင်တွင်းရှိ တန်းစီနေသော ဝယ်သူများ ထိခိုက်မိနိုင်သောကြောင့် ဆွဲဖွင့်ပါဟု သတိပေးစာ ကပ်ထားပုံရသည်။) သူတို့သည် အသက်ခြောက်နှစ် ခုနစ်နှစ်လောက်အရွယ် ကောင်လေးနှင့် ကောင်မလေးဖြစ်သည်။ အဝတ်အစားမှာ တောက်တောက်ပြောင်ပြောင်မဟုတ်။ ကောင်လေးက စင်ကာပူဒေါ်လာ တစ်ဆယ်တန်ကို လက်ဖြင့် အရွက်လိုက် ကိုင်ထားပြီး ကောင်တာရှေ့တွင် သွားရပ်သည်။  ကောင်မလေးက ကောင်လေးနှင့် ခပ်ခွာခွာတွင် ရပ်သည်။ တန်းစီစနစ် ထွန်းကားပါသည်ဆိုသော အရပ်တွင် ဒီကလေးနှစ်ယောက် အဘယ်သို့သောအကြောင်းကြောင့် စည်းကမ်းဖောက်ရသနည်းဟု မကျေမနပ်ဖြစ်မိသည်။

အကဲခတ်မိရသလောက် ကောင်လေးနှင့်ကောင်မလေးမှာ မောင်နှမဖြစ်ပုံရသည်။ ယောက်ျားလေးမှာ အစ်ကိုဖြစ်သော ကြောင့် ခေါင်းဆောင်လုပ်ကာ ပိုက်ဆံကို သူကိုင်ထားခွင့်ရသည့်ပုံဖြစ်ပြီး ဝယ်ယူဖို့ကိုလည်း သူပဲ တာဝန်ယူရပုံ ရသည်။ ကောင်တာမှ အဒေါ်ကြီးက သူတို့ကို တချက်ကြည့်သည်။ ပြီးနောက် သူအလုပ်သူ ဆက်လုပ်သည်။ ရှေ့ဆုံးမှ ဝယ်သူမှာလည်း သူ့ဘေးနားတွင် လာရပ်နေသော ကောင်လေးကို အကျောမခံဘဲ သူမှာလိုသည်များကို မှာကာ ကျသင့်ငွေ ရှင်းပြီး တဖက်တွင် အစားအသောက်ကို စောင့်သည်။ ထိုအချိန်တွင် ကျနော့်အရှေ့မှ တန်းစီသူသည် ဘာကြောင့်ရယ်မှန်းမသိ၊ တန်းစီရာမှ နောက်သို့လှည့်ကြည့်ပြီး မှန်တံခါးတွန်းဖွင့်ကာ ဆိုင်ပြင်သို့ထွက်သွားသည်။

ထို့ကြောင့် အစားအသောက်မှာဖို့ အလှည့်ကျသူမှာ ကျနော်ဖြစ်လာသည်။ မှာဖို့ ပြင်နေစဉ်မှာပင် ကောင်လေးက အဒေါ်ကြီး ကို “အန်တီ” ဟု ခေါ်လိုက်သည်။ အဒေါ်ကြီးက “ခဏနေဦး”ဟု ပြန်ပြောသည်။ ကောင်လေးက “အိုး ၊ အန်တီ”ဟု သူ့ကို ကြည့်အောင် “အိုး” ဟူသော စကားလုံးအား ရှေ့မှထည့်ကာ စိတ်မရှည်သည့်ပုံဖြင့် ထပ်ခေါ်သည်။ အန်တီလည်း ဂရုမစိုက် ဟန်ဆောင်ကာ ဝယ်သူကို ကြည့်သည်။ ကျနော်ကလည်း ဘာစားရင်ကောင်းမလဲ ရွေးနေရင်း ကိုယ့်အလှည့်ကို ကလေးနှစ် ယောက်အတွက်ပေးလိုက်ရင် ကောင်းမလားဟု တွေးနေသည်။ သို့သော်လည်း ထိုကလေးသည် အလှည့်ကျော်ဝယ်လိုသူ ဖြစ်သည့်အတွက် သဘောမတွေ့လှ။ ကိုယ့်အတွေးဖြင့်ကိုယ် ဖြစ်နေသော်လည်း တွေဝေနေသော ဝယ်သူတစ်ယောက်ဟု အဒေါ်ကြီးအနေဖြင့် ထင်မြင်သွားပုံရသည်။

ထိုစဉ်မှာပင် ကျနော့်နောက်မှ အမျိုးသမီးသည် အဒေါ်ကြီးရှိရာ ကောင်တာသို့ ခြေလှမ်းကာ အစားအသောက်များ စတင်မှာသည်။ မည်သည့်အချိန်က ရောက်လာပြီး တန်းစီနေကြောင်း ကျနော်သတိမထားမိ။ သူပြုမူသော အပြုအမူသည် စည်းကမ်းဖောက်ခြင်းဖြစ်သည်သာမက ဝယ်သူအချင်းချင်း မသိမသာ စော်ကားခြင်းလည်း ဖြစ်ပေသည်။ ကျနော်သာ ထိုကဲ့သို့ ပြုမူပါက အဆုံးမသတ်နိုင်သော စောဒကတက်ခြင်းများကို ကြားနာရပေမည်။ ကျနော်လည်း ယခုလိုအခြေအနေတွင် ဆုံးဖြတ်နိုင်သူမှာ ရောင်းသူ အဒေါ်ကြီးသာလျှင်ဖြစ်သည်ဟု ခံယူကာ အဒေါ်ကြီးအား ကြည့်သည်။ အဒေါ်ကြီးမှာ ဘေးနားတွင် နားပူနားဆာလုပ်နေသော ကလေးနှစ်ယောက်ဒဏ်ကို မခံနိုင်ရကား  နောက်မှ ကျော်တက်လာသည့် ဝယ်သူ ကို အဘယ်သို့လျှင် အပြစ်တင်ရက်ပါ့မည်နည်း။ ဖြစ်နိုင်ဖွယ် တစ်ခုမှာကား အလှည့်ကျသည့်အခါတွင် တုံ့ဆိုင်းခြင်းမရှိဘဲ မှာယူလိုသည်တို့ကို ဟောဟောဒိုင်းဒိုင်း မှာတတ်သည့် ဝယ်သူမျိုးကို ရောင်းသူတို့က သဘောအလွန် ကျကြသည်။ ထို့ ကြောင့် သူသည် ဝယ်သူအမျိုးသမီးမှာသော စားသောက်ဖွယ်ရာများကို မှတ်ပြီး ကျသင့်ငွေကို ယူသည်။ ကျနော့်ကိုကား အားနာသောကြောင့်ထင့်၊ အကြည့်တစ်ချက်မှ မကြည့်။

ကျနော်လည်း နောက်ကလူမှ အဆင်အခြင်မဲ့စွာဖြင့် အလှည့်ကျော်ခြင်းခံလိုက်ရသည်ကို မခံချိမခံသာ ဖြစ်သည်က တကြောင်း၊ ကလေးနှစ်ယောက်ကို မည်သူမှ အရေးယူဦးစားပေးခြင်းမရှိသည်ကိုတွေ့နေရသည်က တကြောင်း(ကျနော် ကိုယ်တိုင်သည်လည်း တန်းမစီသော ကလေးများကို ချက်ချင်းဦးစားပေးဖို့အရေး စဉ်းစားတွေဝေနေခဲ့သည် မဟုတ်ပါလော)၊ ညစာစားနေကျ အချိန်ကို အတော်ကျော်လွန်နေသောကြောင့် အစာအိမ်ဆီမှ ဝါယောဓာတ်သည် အထက်မှသည် အောက် သို့ ညာဖက်မှသည် ဘယ်ဖက်သို့ စည်းဝါးတကျလှည့်ပတ်ကခုန်နေသည်ကို ခံစားမိနေသည်က တကြောင်း စသည်တို့ကြောင့် ရင်တွင်းဒေါသကို မပိုက်သိမ်းမိနိုင်ဘဲ ရှေ့တွင် ဝယ်ယူနေသူအား မကျေနပ်သောမျက်လုံးအကြည့်ဖြင့် ပြူးပြဲကြည့်လိုက်မိ သေးသည်။

တန်းစီဝယ်ယူနေသူအချင်းချင်း အလှည့်ကျော်ခြင်းကို မကျေနပ်၍ ကြည့်နေသည်ကို သိသော်လည်း မသိဟန်ဆောင်ကာ ခပ်တည်တည်နေကြောင်းတွေ့ရလေသည်။ အမှန်မှာ ကျနော့်အလှည့်ဖြစ်ကြောင်း ရောင်းသူအဒေါ်ကြီးမှ ရှင်းပြဖို့ကောင်း သည်။ ထိုတယောက် မှာယူပြီးမှ “ဘာမှာမလဲ” ဟု ကျနော့်အား မေးသည်။ ကျနော်က အရင်မဖြေဘဲ နောက်တွင် တန်းစီနေ သော ဝယ်သူရှိမရှိလှည့်ကြည့်သည်။ အမျိုးသမီးငယ်တယောက်သာ ရှိသည့်အတွက် ထိုတယောက်ကိုရော အဒေါ်ကြီး ကိုရော ပြောသည့်ပုံစံဖြင့် “ကလေးနှစ်ယောက်ကိုသာ အလှည့်ပေးလိုက်ပါ”ဟု ဆိုလိုက်သည်။ နောက်ဘက်မှ တန်းစီနေ သော အမျိုးသမီးငယ်မှာ ကလေးနှစ်ယောက်အား အလှည့်ပေးရန် ပြုံးပြုံးရွှင်ရွှင်ဖြင့် သဘောတူကြောင်း ခေါင်းညိတ်ပြသည်။

အခွင့်ပေးသဖြင့် အရင်ဝယ်ယူခွင့်ရသော အခါ ကောင်လေးမှာ သူမှာလိုသည်များကို တစ်ခုပြီးတစ်ခု မှာလေသည်။ ကျနော့် ကိုကား ကျေးဇူးတင်စကား တလုံးလေးမျှပင်မဆို။ ကျနော်ကလည်း ကျေးဇူးတင်လောက်အောင် ပြုလုပ်ခြင်းဖြစ်သည်ဟု မယူဆသည့်အတွက် မည်သို့မျှ မဖြစ်။ သူတို့ မှာနေတုန်း ပိုက်ဆံရှင်းတုန်းမှာပင် ဆိုင်ထဲသို့ရောက်လာသော အဖွားကြီး တစ်ယောက်က “ဟင် နင်တို့တွေ ညတိုင်း ဒီ ဘာဂါတွေပဲ စားနေကြသလား” ဟု ကလေးနှစ်ယောက်ကို ရင်းနှီးစွာ ဆိုသည်။ ကလေးများ၏ အိမ်နားတွင်နေသော အိမ်နီးချင်း ဖြစ်နိုင်သည်ဟု ယူဆမိသည်။ ယူဆချက်အတိုင်း မှန်ပါက ထိုကလေး နှစ်ယောက်သည် ပုံမှန်ဖောက်သည်များ ဖြစ်ပေလိမ့်မည်။ ဝယ်နေကြဖြစ်လျှင် ယခင်အခေါက်များတွင်လည်း ထိုကဲ့သို့ တန်း မစီဘဲ ဝယ်ယူနေကြသူများဖြစ်သလားဟု ကျနော် ဆက်မတွေးချင်။

ကျနော်လည်း အလှည့်ရောက်သည်တွင် မှာချင်သည်များကို မြန်မြန်မှာယူကာ ငွေပေးချေပြီး စားသောက်ဖွယ်ရာများကို စောင့်ဆိုင်းကာ သယ်ဆောင်လာခဲ့သည်။

ဖြစ်ရပ်နှစ်ခုကို ပြန်လည်သုံးသပ်ကြည့်မိသည်။ တန်းစီခြင်းသည် စင်ကာပူတွင် နေသူများအတွက်မူ အများအားဖြင့် အလိုအလျောက်ပြုမူကြသော အမူအကျင့်ပုံစံဖြစ်၍နေသည်။ အားလုံးဟု မသုံးဘဲ အများအားဖြင့်ဟု ဆိုရခြင်းမှာ  ဒုတိယဖြစ်ရပ်လိုမျိုး ဖြစ်ရပ်မျိုးများလည်း ရှိနေသောကြောင့် ဖြစ်သည်။ အလိုအလျောက်ပြုမူကြသော အမူအကျင့်ပုံစံဟု ပြောရခြင်းမှာ စနစ်တကျတန်းစီကြခြင်းကို ကြာမြင့်စွာ လိုက်နာရင်းဖြင့် အကျင့်ပါသွားကြပုံရသောကြောင့် ဖြစ်သည်။ ရန်ကုန်တွင် တန်းစီစနစ် ထွန်းကားနေပါသလားဟူသော မေးခွန်းကို ပြန်မေးမိသည်။ တန်းစီစနစ်မထွန်းကားသေးသော အရပ်ဟု ညွှန်းဆိုကြခြင်းသည် မှားယွင်းသော ညွှန်းဆိုခြင်း ဖြစ်ပါသည်။ အကြောင်းမှာ ဟိုးအရင်ကာလများဆီတွင် စားသုံးဆီ တစ်ဆယ်သားရရှိဖို့ နေပူထဲ မိုးရွာထဲ တန်းစီခဲ့ကြရသည် မဟုတ်ပါလော။ ဆန်တစ်ပြည်ရရှိဖို့ အပင်ပန်းခံ တန်းစီခဲ့ကြရသည် မဟုတ်ပါလော။ လက်နှိပ်ရေတုံကင်တွင် ရေပုံးကိုယ်စီဖြင့် တန်းစီခဲ့ရသည် မဟုတ်ပါလော။ ယခုထက်တိုင်လည်း ထိုထိုသော လုပ်ငန်းဆောင်တာများပြီးမြောက်ဖို့အရေး တန်းစီနေကြရသည် မဟုတ်ပါလော။

သို့သော်၊ ထို “သို့သော်”သည် အရေးစိုက် ဂရုပြုရမည့် “သို့သော်” ဖြစ်ပါသည်။ သို့သော် ထိုကာလက ကျင့်သုံးသော တန်းစီစနစ်တွင် လွဲမှားသော ဦးစားပေးစနစ်က ဝင်ရောက်ဖျက်ဆီးခဲ့သည်။ ဦးစားပေးစနစ်မှာ သက်ကြီးရွယ်အိုများ၊ ကလေး သူငယ်များကို ဦးစားပေးခြင်းမဟုတ်။ မျက်နှာကြီးရာ “ကြက်ပေါင်ဆီပြန်ဟင်း”ပါသော ဦးစားပေးစနစ်ဖြစ်သည်။ လက်သိပ် ထိုး အဆင်ပြေစေသော ဦးစားပေးစနစ်ဖြစ်သည်။ စားပွဲအောက် စားပွဲပေါ်များမှ ပေးသည်ကို လက်ခံကာ ဦးစားပေးသော စနစ်ဖြစ်သည်။ ဖိုင်ကြား စာအုပ်ကြားတွင် ညှပ်ကာပေးသော ပုဂ္ဂိုလ်ကိုမှ ကြည်ကြည်ဖြူဖြူ ခွင့်ပြုသောစနစ်ဖြစ်သည်။ တန်းစီစနစ်သည် ထိုသို့ဖြင့် လဲပြိုခဲ့ရဖူးသည်။ အသိမရှိသောကြောင့် တနေကုန်တန်းစီသော်လည်း ဝင်တွေ့ဖို့အလှည့် ရောက်မလာဘဲ အိမ်သို့သာ ပြန်ရောက်ခဲ့ရသူများ ဖြစ်ခဲ့ကြဖူးပေမည်။ ၄င်းမှာ ဝန်ဆောင်မှုပေးသည့်ဘက်မှ လွဲမှားသော ဦးစားပေးစနစ်သုံးကာ ဖောက်ဖျက်ခြင်းဖြစ်သည်။

စားသောက်ဆိုင်များ၊ စတိုးဆိုင်များ၊ အရောင်းဆိုင်များရှိ ငွေရှင်းကောင်တာများတွင် မတတ်သာ၍သာ တန်းစီနေရသော် လည်း အခွင့်သာပါက တန်းစီစနစ်ကို ပြောင်ကျကျဖောက်ဖျက်ကြသူများကို သတိထားမိ တွေ့မိကြပေလိမ့်မည်။ ၎င်းမှာ တန်းစီသူများက သူတို့ကိုယ်တိုင်ကျင့်သုံးနေသော တန်းစီစနစ်ကို ဖောက်ဖျက်ခြင်း ဖြစ်သည်။

“နောက်ကစီပါ”ဟု ပြောဆို ညွှန်းပြဖို့ ကျနော်တို့ နှုတ်လေးနေကြသည်။ “စနစ်တကျတန်းစီကြပါ”ဟု တိုက်တွန်းဖို့ ကျနော်တို့ ဝန်လေးနေကြသည်။ အကြောင်းမှာ ထိုသို့သတိပေးပြောဆိုလိုက်ခြင်းကြောင့် စည်းကမ်းဖောက်ဖျက်သူ တစ်ဖက်သားမှ ပြန်လည်တုံ့ပြန်လာမည့် ဆိုးရွားသည့်အပြုအမူများကို မခံစားနိုင်သောကြောင့် ဖြစ်ကောင်းဖြစ်ပေလိမ့်မည်။ တွေ့နေ မြင် နေရသည်ကို တားဆီးမှုမပေးနိုင်သည့်သူများဖြစ်သော ဝန်ဆောင်မှုပေးသူနှင့် တန်းစီနေသူများ နှစ်ဖက်စလုံးမှ မသိလိုက်မသိဖာသာနေလိုက်ကြခြင်းဖြစ်သည်။ ထိုသို့ သဘောထားလိုက်ကြခြင်းသည် တန်းစီစနစ်ကို တိုးတက်အောင်မဆောင်ရွက်နိုင်ခြင်းတည်းဟူသော အားနည်းချက်ကို အားပေးကြခြင်းဖြစ်သည်။ ၎င်းမှာ ဝန်ဆောင်မှုပေးသူများ၊ တန်းစီသူများသာမက စည်းကမ်းမဲ့သည်ကို မြင်သူများကပါ တန်းစီစနစ်ကို မထွန်းကားအောင် ဖောက်ဖျက်ခြင်း ဖြစ်သည်။

တန်းစီစနစ်တွင် ကြားဖြတ်ခြင်း မပြုဘဲ နောက်ကနေ အသာ ဝင်စီလိုက်ကြဖို့ လိုသည်။ ကြားဖြတ်မည့်သူ (များ)ကိုလည်း ကြားဖြတ်ခြင်းမပြုဘဲ နောက်ကဝင်စီဖို့ ဆော်သြတည့်မတ်ပေးနိုင်ရမည်။ တန်းစီစနစ် ချောမွေ့ရေးသည် ရှေ့မှ တန်းစီနေ သူများကို မြန်မြန်ဆန်ဆန် ဝန်ဆောင်မှုပေးနိုင်မှုအပေါ်တွင် မူတည်သည်။ ဦးစားပေးစနစ်ကိုလည်း မှန်ကန်သောဦးစားပေးခြင်းဖြစ်သည့် သက်ကြီးရွယ်အိုများ၊ နာမကျန်းဖြစ်နေသူများ၊ ကလေးသူငယ်များ၊ ကိုယ်ဝန်သည်များအတွက် ဦးစားပေးသော စနစ်ဖြစ်စေရမည်။ တန်းစီစနစ်တွင် မှန်ကန်သောဦးစားပေးစနစ်ကို ထပ်ဆောင်းလိုက်ခြင်းဖြင့် လုပ်ငန်းဆောင်တာအဝဝကို လျင်မြန်စွာ ပြီးမြောက်နိုင်ပေလိမ့်မည်။ ထိုအခါတွင် တန်းစီစနစ်၏ အကျိုးကို ရရှိခံစားနိုင်ကြမည် ဖြစ်သည်။ “နောက်ကစီပါ” ဟု ကျနော်တို့ ရဲရဲဝံ့ဝံ့ တိုက်တွန်းရင်း ကိုယ်တိုင်လည်း ကျင့်သုံးကြဖို့ လိုအပ်မည် ဖြစ်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)