စိုးခိုင်ညိန်း ● ကဗျာနဲ့အတူ ရှင်သန်နေထိုင်ခြင်း

July 30, 2018

● ကဗျာနဲ့အတူ ရှင်သန်နေထိုင်ခြင်း
(မိုးမခ) ဇူလိုင် ၃၀၊ ၂၀၁၈


ဘာတစ်ခုမှ မတွေးတော မဆင်ခြင်ဖြစ်တာ ကြာပါပြီ။ တစ်နေ့ တစ်နေ့ ရောက်လာတဲ့  နေရောင်ခြည်ကို ငေးကြည့်လိုက်၊ မြင်နေရတဲ့ သစ်ပင်တွေမှာ သစ်ရွက်တွေနဲ့ စိမ်းလန်းနေတာကို အထူးအဆန်းလုပ်ပြီး ကြည့်လိုက်၊ မိုးရွာတဲ့အခါ ပြတင်း ပေါက်ကိုပိတ် မိုးဘယ်တော့မိုးတိတ်မလဲဆိုတဲ့ စိတ်နဲ့ အိပ်ရာပေါ်မှာ လဲရင်း ကိုယ့်ရဲ့ ရှင်သန်နေခြင်းကို မေ့လျော့ ထွက် သက်ဝင်သက်ကို သူ့ဝတ္တရားရှိသလို လုပ်နေပစေဆိုပြီး ပစ်ထားနေမိတဲ့ နေ့ရက်တွေ ဖြစ်ပါတယ်။ အဲဒီလို နေ့ရက်တွေ တစ်ရက်ပြီး တစ်ရက် အဓိပ္ပါယ်မဲ့သလို ကုန်ဆုံးနေတဲ့ အခိုက်မှာ သေမယ်ဆို သေချင်စရာကောင်းတဲ့ နေ့ရက်တွေပဲ ဆိုတဲ့ စာသားဟာ ခေါင်းထဲကို အလိုလိုရောက်ရှိလာတာ ဖြစ်ပါတယ်။

ကိုယ့်အနားမှာ သစ်ရွက်တွေဟာ ဝါကျင်ခြောက်သွေ့ပြီး တဖွဲဖွဲကြွေကျလာတယ်။ ကိုယ့်မှာတော့ နာကျင်ခြောက်သွေ့နေပေမဲ့ သစ်ရွက်တစ်ရွက်လို ကြွေကျလိုက်လို့ မရပြန်ဘူးလို့ ပြီးခဲ့တဲ့ နွေရာသီက ရေးခဲ့ ဘူးတဲ့ စာသားတစ်ခုကို သတိရမိပြန်တယ်။ ကျွန်တော်ဟာ သစ်ရွက်တစ်ရွက်လို ရုတ်တရက် ကြွေကျလိုက် ဖို့ ခက်ခဲပေမဲ့ ရုတ်တရက် မထင်မှတ်ပဲ သေသွားကြတဲ့ အဖြစ်တွေဟာ ရင်နာစရာပါပဲ။ မမြင်ရတဲ့ သေခြင်း တရားဟာ ဘယ်နေရာမှာ မဆို ရှိနိုင်ပါတယ်။ သေခြင်းတရားဟာ မလည်တော့တဲ့ မျက်နှာကြက်က ပန်ကာရဲ့အောက်မှာလည်း ရှိနိုင်သလို၊ ထုတ်တန်းမှာ တွဲလောင်းကျနေတဲ့ ကြိုးတစ် ချောင်းရဲ့ အတွင်းသားထဲမှာလည်း ပုန်းနေနိုင်ပါတယ်။

သေခြင်းတရားဟာ ကိုယ်ယုံယုံကြည်ကြည်နဲ့ တက်နင်းထားတဲ့ မြေကြီးထဲမှာလည်း ရှိနိုင်သလို ဘယ်တော့မှ ကိုယ့်အပေါ် ပြိုမကျဘူးလို့ ထင်ထားတဲ့ ကိုယ့်ခေါင်းပေါ်က မိုးကောင်းကင်ကြီးထဲမှာလည်း ရှိပါတယ်။ သေခြင်းတရားဟာ မမြင်ရတဲ့ လေထုထဲမှာလည်း ပျံ့နှံ့နေနိုင်ပါတယ်။ ဒါကြောင့် အချိန်မရွေး သေခြင်းတရားနဲ့ တွေ့ဖို့ မခက်ခဲပါဘူး။ ရေအိုင်ထဲကို ဖြတ် သွားတဲ့အခါမှာ တွေ့နိုင်သလို၊ ရှင်းလင်းလှတဲ့ အမြန်လမ်းမကြီးပေါ်မှာလည်း တွေ့နိုင်ပါတယ်။ သေခြင်းတရားကို ဘယ်သူမှ မတွေ့ချင်ပေမဲ့ ဘယ်သူမှ ရှောင်လွှဲလို့ မရနိုင်ပါဘူး။ တနေ့နေ့တော့ မုချ တွေ့ကြရမှာချည်းပါပဲ။ ဝမ်းနည်းစရာပါပဲ။

အချိန်မတန်ခင် အကြောင်းကြောင်းတွေကြောင့် သေခြင်းတရားနဲ့ စောစောစီးစီး တွေ့သွားကြသူ တွေရဲ့ အဖြစ်တွေဟာ ဝမ်းနည်းစရာကောင်းပါတယ်။ ဒီလို ဝမ်းနည်းစရာကောင်းတဲ့ အဖြစ်တွေဟာ ကျွန်တော်တို့ ပတ်ဝန်းကျင်တွေမှာ မကြာခဏ တွေ့ကြုံနေကြရတဲ့အဖြစ်တွေပါပဲ။ ဒီရက်ပိုင်းတွေမှာ ဒီဝမ်းနည်းစရာကောင်းတဲ့ သတင်းတွေ၊ အဖြစ်အပျက်တွေ ပျံ့နှံ့ကြား သိနေရတဲ့အချိန်မှာ သေမယ်ဆို သေချင်စရာကောင်းတဲ့နေ့တွေဆိုတဲ့စာသားဟာ ခေါင်းထဲကို ရောက်လာပါတယ်။ မြင် ယောင်နေမိတာက ဝမ်းနည်းစရာကောင်းတဲ့ ပန်းချီကားလေး တစ်ချပ်၊ လမ်းမပေါ်က ရေအိုင်ထဲမှာ ပက်လက်လှန်နေတဲ့ ထီးလေးတစ်ချောင်း၊ နောက် သေခြင်းတရားကို တက်နင်းမိလိုက်တဲ့ ငယ်ငယ်ရွယ်ရွယ် အသက်တစ်ချောင်း ဟာ ပေါ လောပေါ်နေတယ်။  အသက်မရှိတော့တဲ့ အကြောင်း ရေးဆွဲထားတဲ့ အဲဒီပန်းချီကားလေးဟာ ဝမ်းနည်းစရာကောင်းကောင် အသက်ဝင်လှပါတယ်။ ဝမ်းနည်းစရာကောင်းပါတယ်။

ကျွန်တော့်မှာလည်း ရှင်သန်နေရပေမဲ့ အဓိပ္ပါယ်မဲ့သလို သေဆုံးသလို ဖြစ်နေတဲ့ နေ့ရက်တွေဟာ ပြီးခဲ့တဲ့ လ မှာကတည်းက တစ်ရက်ပြီး တစ်ရက် ကုန်ဆုံးနေခဲ့တာ ဖြစ်ပါတယ်။ အနာဂါတ်မှာ ဖြစ်လာနိုင်တဲ့ မက်လုံးတစ်ခုကို မျှော်လင့်နေမိရင်း ရှင် သန်မှုကို refresh လုပ်နေရတယ်လို့ ဆိုရင်လည်း မမှားပါဘူး။

နေ့ရက်တွေတိုင်းမှာ တစ်ယောက်တည်း တိတ်ဆိတ်ငြိမ်သက်နေမိတဲ့ အဖြစ်တွေကို တစ်ခါတစ်ခါ ကိုယ့်ဟာကိုယ် ပြန်စဉ်း စားကြည့်မိရင်း အဲဒီနည်းနဲ့ နေ့ရက်တွေကို ကျော်လွန်လွန်မြောက်ခဲ့တာတွေကို အံ့သြစရာအဖြစ်တွေပါပဲ။ အဲဒီနေ့ရက်တွေမှာ တစ်ယောက်တည်းပေမဲ့ အထီးကျန်တယ်လို့ မထင်ခဲ့မိတဲ့ အဖြစ်တွေဟာ အနီးအနားမှာ ကဗျာတွေ ရှိနေခဲ့လို့ပဲ ဖြစ်ပါတယ်။ တစ်ယောက်တည်းပေမဲ့ ကဗျာတွေနဲ့ အတူကပြီး ဗျာများနေခဲ့မိတဲ့ နေ့ရက်တွေပါပဲ။

ကဗျာတွေရဲ့ အတွင်းသားထဲအထိ ဝင်ရောက်နေထိုင်ရတဲ့အခါ ဘဝဟာ ပျော်ရွှင်စရာကောင်းလာပါတယ်။ တစ်ယောက် တည်းပေမဲ့လည်း စကားတွေ ပြောဆိုနေမိသလို ၊ လေထဲက အသံတွေကိုလည်း နားထောင်နေလို့ ရပါတယ်။ သစ်ရွက်လေး တစ်ရွက် ကိုယ့်အနား ကြွေကျလာရင်လည်း အဖော်တစ်ယောက် ရောက်လာတာပဲလို့ ဝမ်းမြောက်စရာ ဖြစ်ရပါတယ်။ ကဗျာရဲ့ အတွင်းထဲကနေ ကြည့်ရလို့ မြင်ရသမျှတွေဟာ စိမ်းစိုလတ်ဆတ်နေတာချည်းပါပဲ။ အရာအားလုံးဟာ ပျော်မွေ့ဖွယ် ရာပါပဲ။ ခြောက်သွေ့ငြီးငွေ့စရာ ဘာတစ်ခုမှ မရှိပါဘူး။

ကဗျာရဲ့ အပြင်ဘက်ကို ထွက်လိုက်မိတဲ့ နေ့တွေဟာ ရှေ့တန်းကို ထွက်ရတဲ့ နေ့ပဲ ဖြစ်ပါတယ်။ ခက်ခဲ ပင်ပန်းမှုတွေနဲ့ အန္တရာယ်ရှိတဲ့ နေ့ရက်တွေပဲ ဖြစ်ပါတယ်။ ကဗျာရဲ့ အပြင်ဘက်မှာတော့ ခေါ်သံလည်း မကြား၊ အော်သံလည်း မကြား၊ တစ် ယောက်တည်း ပြာယာခတ်ပြီး အလှဓါတ်တို့ ပျောက်ဆုံး အမုန်းတရား တွေနဲ့ ဖုံးအုပ် တောအုပ်ထဲ တစ်ယောက်တည်း ရောက်သွားသလိုပါပဲ။

အဲဒီအခြေနေမှာတော့ သစ်ရွက်ကြွေသံ၊ သစ်ကိုင်းခြောက်ကျိုးကျသံလေးတွေဟာ ထိပ်လန့်စရာ ရန်သူလိုက်လာသလို အန္တရာယ်အချက်ပေးသံအဖြစ် ထင်မြင်နေမိတာ ဖြစ်ပါတယ်။ လူတွေအများကြီးထဲမှာ ကိုယ်တစ်ယောက်တည်း ရယ်မော စရာ ကင်းမဲ့သလို အထီးတည်း ခြောက်သွေ့ကာ ရေငတ်နေရတဲ့သစ်ခြောက်ပင်လို အဖြစ်မျိုးနဲ့ ရှင်သန်နေရခြင်းပဲ ဖြစ်ပါ တယ်။

ကိုယ့်ခေါင်းပေါ်မှာ ဓါတ်ကြိုးတွေ၊ သစ်ကိုင်းသစ်ခက်တွေစတဲ့ ပြုတ်ကျလာနိုင်တဲ့ ဘယ်အရာမဆို ရှိမနေတဲ့ ကွင်းပြင်ကြီးထဲ ရောက်နေတယ်ဆိုရင်တောင် ကောင်းကင်ကြီးက ကိုယ့်အပေါ် ပြိုကျလာနိုင်တယ်ဆိုတဲ့အတွေးကို အခုချိန်မှာ တွေးနေ မိ ပါပြီ။ အဲဒီလို တွေးနေမိတဲ့ သူတစ်ယောက်ဆီမှာ ရယ်စရာတွေ ရှားပါးလာတာဟာ မထူးဆန်းတဲ့ကိစ္စပဲ ဖြစ်ပါတယ်။

ဘဝမှာ ပျော်ပျော်ရွှင်ရွှင်နေရဖို့ ပျော်စရာဖြစ်မယ်ထင်တဲ့ အရာတွေကို ရွှေရှာသလို၊ ကျောက်ရှာသလို ကြိုးစားပန်းစား တူး ယက်ပြီး ရှာဖွေကြတယ်။ ရှာတွေ့တဲ့အခါမှာ ပျော်ကြရဲ့လား။ ဂူထဲမှာ အသက်ရှင်လျှက် တွေ့ခဲ့ကြတုန်းကတော့ ကျွန်တော်တို့ ပျော်ရွှင်ခဲ့ကြရတယ်။ မြေဇာပုံအောက်က ရှာလို့တွေ့တဲ့အလောင်းတွေကို မြင်ရတာကတော့ ဝမ်းနည်းစရာချည်းပါပဲ။ ရှာ တွေ့မှု များလေလေ၊ နာကျင်ဝမ်း နည်းစရာ များလေလေပါပဲ။

နာနာကျင်ကျင်နဲ့ ရယ်မောနေနိုင်ဖို့ဆိုတာ ကဗျာနဲ့ ထိတွေ့နေဖို့ လိုပါတယ်။ ကဗျာထဲကို ဝင်ရောက် လိုက်တာနဲ့ ကပြီး ပျော်ရုံပါပဲ၊ ဗျာများ ပူဆွေးရတဲ့ အဖြစ်တွေကို သတိမရတော့ပါဘူး။ အဲဒီအခါမှာတော့ လက်နဲ့ ဘယ်နေရာစမ်းစမ်း ထိတွေ့ လို့ရနိုင်တဲ့ သေခြင်းတရားကို ရယ်ရယ်မောမောနဲ့ လက်ဆွဲနှုတ်ဆက်နိုင်ပါတယ်။ အဲဒီလိုစိတ်ကူးနဲ့ ကဗျာတစ်ပုဒ်ထဲကို တိုးဝင်လိုက်မိတယ်။ အားလုံးကို အန္တရာယ်ကင်းတဲ့ ကဗျာအတွင်းသားထဲ ဝင်လာခဲ့ဖို့ ဖိတ်ခေါ်လိုက်ပါတယ်။

ပြုတ်ကျနိုင်တဲ့ ဓါတ်ကြိုးတွေအောက် ငါတို့
——————————————-

အမည်မသိ ရှေးစာဆိုရဲ့ ကဗျာတွေ အလွတ်ကျက်ပြီး
စာမေးပွဲခန်းထဲ ရောက်ခဲ့ဖူးသူ ငါတို့ဟာ အမည်မရှိ လူငယ်ဘဝများလား။

တိတ်တိတ်ဆိတ်ဆိတ်၊ မြို့ဆီသယ်လာတဲ့ အော်သံမှာ
ငါတို့ “ဒီလိုနဲ့ အရွယ်ရောက်ခဲ့ကြ” ဆိုတဲ့ စကားက
ကျယ်ကျယ်လောင်လောင်။

နှင်းအကြောင်းပြောတုန်း သစ်ရွက်တွေက အကြွေမြန်လိုက်တာ
ငါ့မှာ အဲဒီရုပ်ရှင် ကြည့်ရင်း ရယ်နေခဲ့ရတယ်။

(ကေမျိုးငြိမ်း)


သစ်ရွက်တွေ အကြွေမြန်တာကို ကြည့်ပြီး ကျွန်တော်ကတော့ ရယ်မောလို့ မရခဲ့ပါဘူး။ ဒါပေမဲ့ ကျွန်တော့်ရဲ့ ခေါင်းပေါ်က အချိန်မရွေး ပြုတ်ကျနိုင်တဲ့ ဓါတ်ကြိုးတွေကိုတော့ မေ့ထားလိုက်နိုင်ပါတယ်။ ဒါဟာ ရယ်စရာကောင်းတဲ့ အဖြစ်ပါပဲ။

ဘဝတစ်လျှောက် ကုန်လွန်ခဲ့တဲ့ ရက်စွဲတွေမှာ ဘယ်လိုနေထိုင်ခြင်းနဲ့ ကျော်လွန်နိုင်ခဲ့တယ်ဆိုတာ အခုတော့ သဘောပေါက် လာပါပြီ။ လိုလေသေးမရှိ ချမ်းချမ်းသာသာ မနေခဲ့ရတာကိုက လွတ်လပ်ပေါ့ပါး ချမ်းသာခြင်းတစ်မျိုးပဲဆိုတာ မာရီလင်မွန်ရို ကို ပြောပြချင်လိုက်တာ။ ဆရာသုခမိန်လှိုင်ကတော့ ငယ်ငယ်ရွယ်ရွယ်နဲ့ ကိုယ့်ဘဝကို အဆုံးသပ်သွားတာကို အခုလို တမ်းချင်းတစ်ပုဒ် ရေးပါတယ်။ မာရီလင်မွန်ရိုးသို့ တမ်းချင်းတဲ့။

“ဆင်းရဲခြင်းက ဒုက္ခ” တဲ့။

နီလာရောင် ရေချိုးခန်း
“ပဲရစ်”ရေမွှေးဖြန်းထားသော ပန်းခြံ
မရမ်းရောင် ရှမ်ပိန် ရေခဲစိမ် ‘မာတနီ’
ငွေခြည်ရောင် ရေခဲသေတ္တာတို့ကြားမှာ
အဆိပ်သောက်သေဆုံးသွားသော
ဟောလီးဝုဒ်၏ ကြယ်ပွင့်အပြာ
အို မာရီလင်မွန်ရိုး။

“ချမ်းသာခြင်းမှာ
ဘာဒုက္ခများ တွေ့ခဲ့လဲ” ။


မချမ်းသာဘူးတော့ ချမ်းသာခြင်းမှာ ဘယ်လိုဒုက္ခတွေ ရှိသလဲဆိုတာ ကျွန်တော် မခန့်မှန်းတတ်ပါ ဘူး။ ဒါပေမဲ့ ဆင်းရဲခြင်းမှာ ဘယ်လိုချမ်းသာသုခတွေ ရှိတယ်ဆိုတဲ့အကြောင်းကိုတော့ ကျွန်တော် နားလည်သဘောပေါက်နေပါပြီ။

ဆင်းဆင်းရဲရဲနဲ့ ကဗျာရဲ့အတွင်းသားထဲအထိ ဝင်ရောက်နေထိုင်ခဲ့ရတဲ့ နှစ်ကာလတွေဟာ ကျွန်တော့်ရဲ့ ပျော်ရွှင်ဖွယ်ရာ ချမ်းသာသော နေ့ရက်တွေပါပဲ။ ဒီနိုင်ငံမှာ ကဗျာရေးလို့ ဘယ်တော့မှမချမ်းသာဘူးလို့ စိတ်ထဲစွဲထင်နေမိတာကိုက ကျွန် တော်အဖို့တော့ ရယ်စရာတစ်ခုဖြစ်နေတဲ့ အမှန်တရားဖြစ်ပါတယ်။ အဲဒီလိုမျိုး ရယ်စရာတွေဟာ ကျွန်တော်တို့ဝန်း ကျင်မှာ ပေါများလှပါတယ်။ ဘယ်လိုပဲဖြစ်ဖြစ် ရယ်စရာတွေပေါများနေတာဟာ ပျော်ရွှင်စရာပါပဲ။ ဒီလိုပျော်စရာတွေနဲ့ဆိုတော့ ဆင်း ရဲလှပေမဲ့ ကျွန်တော်တို့ဟာ ချမ်းသာစွာနေရပါတယ်။ အားလုံးဟာ ဒီကောင်ကင်ကြီးရဲ့အောက်မှာနဲ့ ဒီမြေကြီးပေါ်မှာ အတူ တူ နေနေကြရတာပဲ မဟုတ်လား။ ။

စိုးခိုင်ညိန်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်