မျိုးတေဇာမောင် – ကဗျာကို ဘာသာပြန်ခြင်း

August 3, 2018

 

မျိုးတေဇာမောင်  – ကဗျာကို ဘာသာပြန်ခြင်း

(မိုးမခ) သြဂုတ် ၃၊ ၂၀၁၈

နိဒါန်းစကား

ဒီနေ့ ကျနော် စာတမ်းတစ်စောင် ဖတ်မှာ မဟုတ်ပါဘူး။ အကဲဒမစ် ကျကျ ပြောနိုင်ဖို့လည်း သိပ်မတတ်စွမ်းပါဘူး။အလွန်နည်းပါးလှတဲ့ ကျနော့် ရဲ့ ကဗျာ ဘာသာပြန်အတွေ့အကြုံ တချို့၊ ဘာသာပြန်ရာမှာ ကြုံရတဲ့ အခက်အခဲတချို့၊ နဲ့ ကဗျာဘာသာပြန်ခြင်း နဲ့ ဘာသာပြန်ကဗျာဆိုင်ရာ ကျနော့် ပုဂ္ဂလိက အမြင်တချို့ ကို YTU က မိတ်ဆွေတွေနဲ့ မျှဝေမှာပဲဖြစ်ပါတယ်။ နောက်ပြီး ခင်ဗျားတို့ နဲ့ ကဗျာ တစ်ပုဒ်လောက် အတူတူဘာသာပြန်ကြည့်ကြမယ်လို့ စိတ်ကူးထားပါတယ်။

၁။ကဗျာကို ဘာသာပြန်လို့ရသလား
ဘာသာပြန်ကဗျာနဲ့ပတ်သက်ပြီး ကျနော်မေးခွန်း (၁)ခု လောက် မေးကြည့်ပါမယ်။

ကဗျာကိုဘာသာပြန်လို့ရသလား ။

ဒီမေးခွန်း နဲ့ပတ်သက်ပြီးတော့ ခင်ဗျားတို့တွေးမိနိုင်တာကဘာသာပြန်လို့ရလို့ပဲ ဘာသာပြန်ကဗျာတွေ ဖတ်နေရတယ်၊ စာအုပ်တွေထုတ်နေကြတာပဲ ၊ဒီမေးခွန်းဟာ မလိုအပ်တဲ့ မေးခွန်းတစ်ခုလို့ မြင်စရာအကြောင်းရှိပါတယ်။

ဒီနေရာမှာ အမေရိကန် ကဗျာဆရာကြီး Robert Frost ရဲ့ ကျော်ကြားတဲ့အဆိုအမိန့် တစ်ခု ကို ကိုးကားပါမယ်။

Poetry is what gets lost in translation.

ကဗျာ ဟာ ဘာသာပြန်ထဲ ပျောက်သွားတဲ့အရာ။
ကဗျာ နော် ၊Poetry နော်၊ Poem မဟုတ်ဘူး။
ကဗျာတစ်ပုဒ်ချင်းဟာ Poem ဖြစ်ပြီး ကဗျာရဲ့ အတွင်းသဘော၊အသံအလှ၊စကားလုံးအလှ စတာတွေကိုခြုံယူပြီး Poetryလို့ ဆိုချင်ပါတယ် (ကဗျာဓာတ်လို့ ပြောချင်ရင်လည်း ယာယီ အားဖြင့် လက်ခံထားလို့ရပါတယ်။)အဲ့ဒီ့ Poetry/ကဗျာဓာတ် ဟာ ဘာသာပြန်ရာမှာ ပျောက်ဆုံးသွားသတဲ့။ ဖရော့စ်တ် ရဲ့အလိုအရဆိုရင် ကဗျာဟာ ဘာသာပြန်လို့မရဘူးလို့ မပြောနိုင်ပေဘူးလား။

နောက်ထပ် အမြင်တစ်ခု ထပ်ပြောကြည့်ပါမယ်။

မက္ကဆီကို ကဗျာဆရာ Octavio Paz ရဲ့အမြင်။

Poetry is what is gained in translation.

ကဗျာဟာ ဘာသာပြန်ခြင်း ထဲ မှာ ရလိုက်တဲ့ တိုးပွားမှု၊အကျိုးအမြတ်တစ်ခု။ကျနော်ကတော့ ကိုယ်တိုင်လည်း ကဗျာ ဘာသာပြန်နေသူတစ်ယောက်ဖြစ်တာကြောင့် Paz ရဲ့ အမြင်နဲ့ပိုနီးစပ်ပါတယ်။

ဒါဆိုရင် ဖရော့စ်တ် ရဲ့ အဆိုကို ငြင်းသလားဆိုတော့ တစ်ရာရာခိုင်နှုန်းတော့ မငြင်းနိုင်ပါဘူး။

ဘာသာမပြန်ရက်လို့ ဘာသာမပြန်ဘဲထား ထားရတဲ့ ကဗျာတွေရှိပါတယ် ။ နောက်ပိုင်းမှာဆွေးနွေးပါတယ်။ ဒါကတော့ ကဗျာကို ဘာသာပြန်ခြင်းနဲ့ ပတ်သက်ပြီး နည်းနည်း နွေးသွားအောင် လုပ်လိုက်ရုံပါပဲ။

ကျနော်တို့ ကဗျာတွေကို ဘာသာပြန်ကြတဲ့အခါ အင်္ဂလိပ်လိုရေးထားတဲ့ ကဗျာ တွေ ကို ဘာသာပြန်ကြသလို အင်္ဂလိပ်ဘာသာနဲ့ရေးသားထားတာမဟုတ်တဲ့ ကဗျာတွေကို လည်း မူရင်းကနေတိုက်ရိုက်ဘာသာပြန်ကြတာရှိတယ်။(ဥပမာ- ဟိုက္ကူကဗျာတွေကို ဂျပန်ဘာသာကနေတိုက်ရိုက်ဘာသာပြန်တာမျိုး) နောက်တစ်မျိုးက မူရင်းဘာသာစကားတစ်ခု ကနေ ဘာသာပြန်ထားတဲ့ အင်္ဂလိပ်ဘာသာန်မူ က တစ်ဆင်ဘာသာပြန်တာ။ ကျနော် အခုအချိန်ထိ ဘာသာပြန်သမျှမှာ ရောဘတ်ဘလိုဝ်း ၊ ဂျိမ်းစ် ရိုက်၊ ဝီလျံ ဒပ်ဖီ၊ ဂျိမ်းစ်တိတ်၊ မာ့ထ် စထရန်း စတဲ့ အမေရိကန်ကဗျာဆရာ တချို့ကလွဲရင် အများစု ဟာ မူရင်းအင်္ဂလိပ်ဘာသာမဟုတ်ပါဘူး။ နောက် တရုတ်ကဗျာဆရာ ဟ ဂျင်း ။သူကတော့ တရုတ်ပေမယ့် အင်္ဂလိပ်လိုရေးတဲ့ တရုတ် ။

အဲ့တော့ ကျနော် ဘာသာပြန်ဖူးတာ

၁။ မူရင်းအင်္ဂလိပ်ဘာသာနဲ့ ရေးသားထားတဲ့ ကဗျာတွေ

၂။ မူရင်းအခြားဘာသာစကားနဲ့ရေးသားထားပြီး အင်္ဂလိပ်ဘာသာနဲ့ ဘာသာပြန်ထားတဲ့ ဘာသာပြန်မူကဗျာတွေ

၃။ အင်္ဂလိပ်မဟုတ်တဲ့ ကဗျာဆရာ ရဲ့ အင်္ဂလိပ် ဘာသာနဲ့ရေးထားတဲ့ကဗျာ… ဒီသုံးမျိုး။

ကျနော့် သိမှု၊ကျနော့်လုပ်ဆောင်ချက် ဘောင် ကို တင်ကူးချပြတာပါ။ အဲ့ဒီ့ဘောင်ထဲက ပဲ ကျနော် ဆက်ဆွေးနွေးပါမယ်။

ကဗျာကို ဘာသာပြန်တဲ့အခါ ကျနော် တို့ ဗမာပြည် မှာ စံထားအပ်တဲ့ ”ဟန် ”နှစ်မျိုးရှိတယ်လို့ ကျနော်မြင်တယ် ။

ဆရာမောင်သာနိုး ရဲ့ ဘာသာပြန်ဟန် နဲ့ ဆရာမောင်သစ်တည် (ဆရာမြသန်းတင့်) ရဲ့ ဘာသာပြန်ဟန် လို့ ကျနော့် အတ္တနောမတိ အရ ခွဲခြား ပါတယ်။ ဆရာမောင်သာနိုး က အတ္ထာလင်္ကာရ လို့ခေါ်တဲ့ အနက်ကို ရှေးရှု ဘာသာပြန်တာ သာမက သဒ္ဒါလင်္ကာရ လို့ခေါ်တဲ့ အသံကိုပါ မူရင်းနဲ့ ထပ်တူမျှနိုင်သမျှ ၊ထပ်တူမျှ နိုင်အောင် အားထုတ်လေ့ရှိပြီး၊ ဆရာမောင်သစ်တည် ကတော့ အနက်ကို ပိုပြီး ထိမိ ဖို့ ကို အဓိကပြုတတ်တယ် လို့မြင်ပါတယ်။ဒီ ဆရာနှစ်ပါးရဲ့ ဟန် နှစ်ခုကြားမှာ မျှမျှတတ ထွင်ထွက်လာတာ မောင်သစ်မင်း လို့မြင်ပါတယ်။( မောင်သစ်မင်း ရဲ့ သုံးယောက်ကောင်းကင် နဲ့ ကွာဝေး ဘာသာပြန်များ)

 
၂။ကဗျာ ကို ဘာသာပြန်ဖို့ ဘာတွေ လိုအပ်သလဲ။

၂.၁။ဘာသာပြန်ခြင်း
ဘာသာပြန်ခြင်း ဆိုတာ ဘာသာစကားတစ်ခု ကနေ အခြားဘာသာစကား တစ်ခု ဆီ အနက်ပြန်ဆိုခြင်း လို့ အကြမ်းအားဖြင့် ပြောနိုင်ပါတယ်။

ရိုမန် အိုင်ဂါဒင် Roman Igarden ရဲ့ အလိုအရ ဘာသာပြန်ခြင်းဟာ ဘယ်တော့မှ ပြည့်စုံလုံလောက်မှာမဟုတ်။ ဘာသာပြန်ခြင်းကိုယ်၌ မှာ ပြဿနာ ကိန်းဝပ်နေတယ်လို့ဆိုပါတယ်။ ကဗျာဘာသာပြန်ရာမှာ ပိုပြီး မလုံလောက်စေမယ့် ကိစ္စက အနက်ကို ဘာသာပြန်ခြင်းအပြင် မူလ ကဗျာရဲ့ အသံအလှကို ဘယ်လောက်ထိ ရအောင်ယူနိုင်မလဲဆိုတာက ပါလာပြန်တယ်။ ဆရာဇော်ဂျီရဲ့ အလိုအရပြောရမယ်ဆိုရင် ”သဒ္ဒါ နည်း၊ သဒ္ဒါလင်္ကာရ နည်း ၊အတ္တာလင်္ကာရ နည်းကိုသိ၍ကျွမ်းကျင်လိမ္မာစွာသုံးတတ်စေကာမူ စိတ်ကူးဉာဏ်မရှိလျှင် ထိုသူသည်ကဗျာဆရာမဖြစ်နိုင် ထိုသူ၏စာလည်း ကဗျာအဖြစ်မရပ်တည်နိုင်” ဆိုတာ့ ကား မူလကဗျာဖန်တီး စဉ် က မူလကဗျာဆရာရဲ့ ”စိတ်ကူးဉာဏ်”ဆီ အနီးဆုံးရောက်ဖို့ ချဉ်းကပ်ပြီး ဘာသာမပြန်နိုင်ဘူးဆိုရင် ဘာသာပြန်ကဗျာ တစ်ပုဒ်ဟာ ဘာသာစကားတစ်ခု ကနေ တစ်ခုဆီ ကူးပြောင်းသွားရုံပဲရှိပြီး ကဗျာဖြစ်လာမှာမဟုတ်ဘူး။ ဒါဆိုရင် အစောပိုင်းက ကိုးကားခဲ့တဲ့ ရောဘတ် ဖရော့စ်တ် ရဲ့ စကားလို ကဗျာ ဟာ ဘာသာပြန်ထဲ ပျောက်ဆုံးသွားရတော့မှာပါပဲ။ဒါ့ကြောင့် ပြန်ချုပ်ရရင် ကဗျာဘာသာပြန် လုပ်ငန်းတစ်ခုမှာ

၁။ မူရင်းဘာသာစကား /Source

၂။ ဘာသာပြန်မယ့် ဘာသာစကား/Target

၃။ မူလ ကဗျာရေးသူရဲ့ စိတ်ကူးဉာဏ် /Imagination ဆီ ချဉ်းကပ်ခြင်း ဆိုတဲ့ အချက် သုံးချက်လိုအပ်မယ်လို့ မြင်ပါတယ်။

၂.၂။ယဉ်ကျေးမှု ကိစ္စ

ကဗျာဘာသာပြန်ခြင်းမှာ သာမက ပါဘူး၊ ဘာသာပြန်ခြင်းဆိုတာ ဟာ ယဉ်ကျေးမှု ခြင်းကူးလူးဆက်သွယ်ပေးတာလည်းဖြစ်ပါတယ်။ မူလ လက်ရာ ကိုဖန်တီးခဲ့တဲ့ ဒေသ နဲ့ ကာလ ရဲ့ ယဉ်ကျေးမှု ဖြစ်စဉ်ကို လည်း ဘာသာပြန်သူ က မဖြစ်မနေ ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။ယဉ်ကျေးမှု ဆိုရာမှာ မူရင်း ကဗျာ ပေါ်ထွန်းရာ ဒေသနဲ့ ကာလရဲ့ သမိုင်းနောက်ခံ၊ နိုင်ငံရေးအခြေအနေ၊ဒေသိဘာသာစကား စတာတွေပါလာပါလိမ့်မယ်။အရာအားလုံးဟာ

နိုင်ငံရေး ရဲ့ လက်အောက်ခံဖြစ်တယ်ဆိုတဲ့ အမြင် ဟာ အတိုင်းအတာတစ်ခုထိ မှန်နေပါသေးတယ်။ ကဗျာဟာ လည်း နိုင်ငံရေးရဲ့ လက်အောက်မှာ တစ်ခါတလေ တော့ ရှိနေနိုင်ပါတယ်။ဒါ့ကြောင့် ကဗျာ ကိုဘာသာပြန်ရာ မှာ မူလ ကဗျာရေးသူရဲ့ နိုင်ငံရေးနောက်ခံ၊နိုင်ငံရေးအမြင်ကိုလည်း ထည့်သွင်းစဉ်းစားရပါလိမ့်မယ်။သမိုင်းနောက်ခံ အကြောင်းအရာတွေ နဲ့ ဒေသိယ ဘာသာစကား ကိစ္စမှာတော့ လိုအပ်ရင် အောက်ခြေမှတ်စုတွေ ထည့်သွင်းပေးရတာမျိုးလည်းရှိတတ်ပါတယ်။ တခါတရံ မှာ အောက်ခြေ မှတ်စုတွေဟာ ကဗျာဖတ်ခြင်းကို အနှောက်အယှက် ပေးနေမလားလို့ စဉ်းစားမိကောင်းစဉ်းစားမိပါလိမ့်မယ်။ တခါတရံ မှာတော့ အောက်ခြေမှတ်စုတွေ ကြောင့် ကဗျာဖတ်ရတာ ပိုပြီး ချောမွေ့သွားတာမျိုးလည်းရှိနိုင်ပါတယ်။

ဆရာမောင်သာနိုး ရဲ့ ထင်းရှူးပင်ရိပ် ကို ဗမာခေတ်ပေါ်ကဗျာရဲ့ လမ်းညွှန်တစ်ခုလို့ တော်တော်များများက သတ်မှတ်ကြတာဟာ ဒီအချက်ကို လက်ခံကြောင်းသက်သေပြချက်တစ်ခုပါပဲ။ ဆရာမောင်သာနိုး ဟာ ထင်ရှူးပင်ရိပ်ကို ရည်ရွယ်ချက်မရှိဘဲ အင်္ဂလိပ်စာ တတ်ကြောင်းပြဖို့ သက်သက် ဘာသာပြန်ပေးခဲ့တာ မဟုတ်ပါဘူး။ ထင်ရှူးပင်ရိပ် မှာ စိန်ခေါ်သံ၊တပ်လှန့်သံပါ ပါတယ်။ မော်ဒန် ကဗျာဆိုလို့ မူးလို့ရှူစရာတောင်မရှိဘူးဆိုတဲ့ စကားပါပဲ။

ဆရာနိုး ရဲ့ အလုပ်တွေအကြောင်းပြောကြရင် ထင်းရှူးပင် ဆိုပြီး ဖတ်ဖူးသူရော၊မဖတ်ဘဲနဲ့ရော ရောချပြောဆိုကြပါတယ်။ အဲ့ဒီလိုနည်းနဲ့ အရက်ဝိုင်းတွေ စိုပြည်ဖို့ လောက်ပဲ ထင်းရှူးပင်ရိပ်ခဲ့ကြတာ နှစ်ပေါင်းများစွာ ။ဆရာနိုးကတော့ရပ်တန့်မနေပါဘူး။ နိုင်ငံတကာကဗျာ ကို ဆက်လက် တင်သွင်းပေးနေခဲ့ပါတယ်။ တောမှော်ရုံလမ်း၊ဆွတ်ပျံ့ဖွယ်အောင်.. အဲ့ဒီ့စာအုပ်တွေမှာ အနီးခေတ်နိုင်ငံတကာကဗျာဆီ ရောက်သထက်ရောက်လာပါပြီ။

နောက်ပြီး မကြာခင်ကမှထွက်ရှိထားတဲ့ မိုးတစိမ့်စိမ့် ၊ကျနော်တို့နှစ်ပေါင်းများစွာမျှော်လင့်ခဲ့ရတဲ့ မိုးမခပင်ရိပ် စတဲ့စာအုပ်တွေ နဲ့ ဆရာနိုးရဲ့ ကျေးဇူးဟာ ဗမာကဗျာအပေါ်ကြီးကြီးမားမားရှိပါတယ်။

ဘာသာပြန်ကဗျာနဲ့ ပတ်သက်တဲ့ အရေးပါသောအမြင်များ
၁။ ဒီတိုင်းပြည်မှာ ခေတ်ပေါ်ကဗျာဆိုတာ ကဗျာဖွဲ့နည်း ကျမ်းမရှိခဲ့ဘဲ နိုင်ငံခြားကဗျာ စာကြောင်းလိုက်၊အတန်းလိုက် ဘာသာပြန်ပုံသဏ္ဍာန် ကို ခံတွင်းတွေ့ခဲ့ရာမှ (၁၀)နှစ်စီလူငယ်များ တစ်ဦးကဗျာ တစ်ဦး လှမ်းကြည့်ကာ အလွတ်သဘော စာပေအနုပညာဝိုင်းများမှာ ဖလှယ်နှီးနှော ကြကာ ကမ္ဘာပေါ်က လွတ်လပ်တဲ့ အနုပညာ လှုပ်ရှားတင်ဆက်မှုများကို အမြင်အကြားဖြင့် မှီးယူအတုခိုးကာ ရေးသားရှင်သန် တဲ့ အနုပညာဖြစ်ပါတယ်။
အောင်ချိမ့် ရဲ့ အမှာစာ မှ (လူနှစ်ယောက်နဲ့ ကဗျာ -မောင်ပြည့်မင်း၊ခင်အောင်အေး)

၂။ ကဗျာဆိုတာ ဒီလိုရေးလို့ လည်း ရပါလားဟု သိမြင်လာကြသည်။နာမည်ကျော်အနောက်တိုင်း ကဗျာဆရာများ၏ ကဗျာများကို တုပရေးရာမှ ခေတ်ပေါ်မြန်မာကဗျာပုံစံတစ်ခုဖြစ်ထွန်းလာရန် ကျနော်တို့ကြိုးစားအားထုတ်ခဲ့ကြသည်။ အဲ့ဒီတုန်းက ၁၉၇၀ တစ်ဝိုက်။ ခေတ်ဦးမော်ဒန် ကဗျာသမားများသည် ‘ထင်းရှူးပင်ရိပ် ‘ကို မော်ဒန်ကဗျာ သမ္မာကျမ်းစာ အဖြစ်ကိုင်စွဲခဲ့ကြတာ ဘယ်သူမှ ငြင်းမရ။
သစ္စာနီ (ကဗျာလောက အမှတ်-၆)
၃။ ထင်းရှူးပင်ရိပ် ဖတ်ပြီးနောက်ပိုင်းမှာ မြန်မာကဗျာတွေရဲ့ ပုံစံဟာ လုံးဝပြောင်းလဲသွားပါတယ်။
ရေမွန်ဝဏ္ဏ
(နိုင်းနိုင် ရဲ့ ‘၏’ ကဗျာစာအုပ် အမှာစာ)

၎။ နိုင်ငံရပ်ခြားကဗျာတွေ ကို မဖတ်နိုင်ကြတဲ့ လူငယ်ကဗျာသမားတွေဟာ မောင်သာနိုးရဲ့ ‘ထင်းရှူးပင်ရိပ် ‘မှာ အားဖြည့်ကြပါတယ်။ မြဇင်နဲ့ မောင်သာနိုး နှစ်ဦးရဲ့ ကျေးဇူးနဲ့ ကျနော်တို့တတွေ ခေတ်ပေါ်ကဗျာလမ်းကို နင်းမိကြပါတယ်။….. ကျနော်တို့ မန္တလေး ကဗျာဆရာများဟာ ခေတ်စမ်းလက်သစ်တွေအဖြစ် ယက်ကန်ယက်ကန် ပါပဲ။ နောက်ပိုင်း လူငယ်တွေကတော့ ရှေးဟောင်းစာပေ သံယောဇဉ် နည်းကြတဲ့ မောဒန်လမ်းပေါ်ရဲရဲလျှောက်သွားကြပါတယ်။
မောင်စွမ်းရည်
(ကဗျာ့နရီ နှင့်နိမိတ်ပုံ တတိယအကြိမ် အမှာစာ)

၅။ မောင်သစ်တည်(မြသန်းတင့် ) ၏ ဘာသာပြန်ကဗျာများထဲမှ ယုဂိုဆလဗ် ကဗျာဆရာ ဗာ့စကို ပေါ့ပါ ၏ ‘ကွာဝေး'(၁၉၇၅၊ရှုမဝ) ကိုဖတ်ရှုရပြီး အောင်ချိမ့်သည် ”ကျနော်လန့်ဖြန့်ပြီး အသဲခိုက်ရ၊ကျနော်တို့တတွေ ယောက်ယတ်ခတ်ခဲ့ရတဲ့ ‘ကွာဝေး’ပါပဲ။ ဟု ရေးခဲ့ပါတယ်။
(မောင်သစ်မင်းဘာသာပြန် ကွာဝေး အမှာစာ)

၆။ ထင်းရှူးပင်ရိပ်ဟာ ခေတ်ပေါ်ကဗျာရဲ့ ဒစ်ရှင်နရီ
အောင်ချိမ့်
(သစ်ရွက်အသေများပေါ်မှ ရက်စက်သောဂီတ /ဒု-ကြိမ် အမှာစာ)

ရန်ကုန်နည်းပညာတက္ကသိုလ် စာပေအသင်း (YTU -Literature Association) /Poetry Workshop မှာဖတ်ကြားဆွေးနွေးခဲ့တဲ့ အရေးအသားဖြစ်ပါတယ်။

မျိုးတေဇာမောင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:အတွေးအမြင်, ဝေဖန်ရေးရာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)