မောင်မောင်စိုး ● မြန်မာပြည်နိုင်ငံရေးနှင့် ရေစီးကြောင်း ၂ ခု

August 13, 2018

မောင်မောင်စိုး ● မြန်မာပြည်နိုင်ငံရေးနှင့် ရေစီးကြောင်း ၂ ခု
(မိုးမခ) သြဂတ်စ် ၁၃၊ ၂၀၁၈


မြန်မာပြည်နိုင်ငံရေးပြဿနာသည် ဒီမိုကရေစီနှင့် လူ့အခွင့်အရေး ပြဿနာသက်သက်သာမဟုတ်ဘဲ အမျိုးသားတန်းတူ ရေး ပြဿနာလည်း ဖြစ်သည်။ ထိုပြဿနာရပ်များသည် ပေါက်ဖွားသည့်ဇစ်မြစ်တူသော်လည်း ကိုယ်စားပြုသူများမတူကြ။ ရည်မှန်းချက်များမတူကြ။ ကိုယ်စားပြုမှုများ မတူကြ။ ဖြတ်သန်းမှုများ မတူကြသည့် ရေစီး ၂ ခုသဖွယ်ဖြစ်သည်။ ထိုရေစီး ကြောင်း ၂ ပေါင်းဆုံပါက အရှိန်အဟုန်ကြီးမားသည့် ရေစီးကြောင်းကြီးတခုဖြစ်လာ ဖွယ်ရှိသော်လည်း ကံအကြောင်းမလှ စွာပင် မြန်မာပြည်နိုင်ငံရေးဖြစ်စဉ်တွင် ထိုရေစီးကြောင်း ၂ ခုသည် ပေါင်းဆုံနိုင်ခြင်းမရှိဘဲ မျဉ်းပြိုင်သဖွယ်ဖြစ်နေ သည်ကို တွေ့ရပေသည်။

● ဒီမိုကရေစီနှင့် လူ့အခွင့်အရေး
မြန်မာပြည် ပြည်မလူထုအများစု၏ အဓိက နိုင်ငံရေးရေစီးကြောင်းမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဖြစ်သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရပြီးဖဆပလ အစိုးရကာလနှင့် ၁၉၆၂ ခုနှစ် ဗိုလ်နေဝင်းအာဏာသိမ်းပြီးနောက် တော်လှန်ရေးကောင်စီနှင့် မဆလအစိုးရကာလတွင် ပြည်မရှိ နိုင်ငံရေးရေစီးကြောင်းသည် တမျိုးတဖုံဖြစ်ခဲ့သော်လည်း ၁၉၈၈ ခုနှစ် အရေးအခင်းပြီး နောက်ပိုင်း ပြည်မ၏ အဓိကနိုင်ငံရေးရေစီးကြောင်းမှာ ဒီမိုကရေစီနှင့် လူ့အခွင့်အရေးဖြစ်ခဲ့သည်။

ဒီမိုကရေစီအခွင့်အရေးများရရှိရေး လူ့အခွင့်အရေးများအပြည့်အဝရရှိရေးနှင့်အတူ နိုင်ငံရေးအရ ပါတီစုံဒီမိုကရေစီစနစ် တ ရပ်ဖေါ်ဆောင်ရေး၊ လွတ်လပ်ပြီးတရားမျှတသည့် ပါတီစုံဒီမိုကရေစီရွေးကောက်ပွဲတရပ်ကျင်းပပြီး လူထုအများစုက ရွေး ကောက်တင်မြှောက်သည့် ဒီမိုကရေစီအစိုးရတရပ် တင်မြှောက်နိုင်ရေးကို ရှေ့ရှုခဲ့သည်။ လွတ်လပ်စွာ မိမိဆန္ဒကို ထုတ်ဖေါ် ပြောဆိုခွင့်၊ လွတ်လပ်စွာရေးသားထုတ်ဝေခွင့်၊ လွတ်လပ်စွာစည်းရုံးစုဝေးခွင့်များကို အလေးထားခဲ့သည်။

လက်ရှိအချိန်တွင် အကန့်အသတ်အချို့ရှိနေဆဲဖြစ်သော်လည်း တိတိကျကျပြောရလျင် မြန်မာစစ်ဖက်နှင့်ပတ်သက်ယှက် နွယ်သော အကြောင်းအချင်းအရာများအပ ကျန်သည့်အပိုင်းများတွင် အတော်အတန်လွတ်လပ်စွာ ပြောဆိုရေးသားခွင့်ရ သည့်အခြေအနေဖြစ်သည်။ နှစ် ၅၀ ခန့်ကြာခဲ့ စစ်အုပ်ချုပ်ရေးကာလနှင့် ကွာခြားမှု တစုံတရာရရှိခဲ့သည်။

ပြည်မအင်အားစုများ၏ ဒီမိုကရေစီနှင့်လူအခွင့်အရေးရည်မှန်းချက်များအတွက် အဓိကပြဿနာမှာ တိုင်းပြည်အုပ်ချုပ်ရေး၊ ဥပဒေပြုရေး၊ တရာစီရင်ရေးတို့တွင် မြန်မာစစ်ဖက်၏ပါဝင်မှုကို လျှော့ချနိုင်ရေးဖြစ်သည်။ ထိုသို့ စစ်ဖက်ပါဝင်မှုအခန်းကို တရားဝင် ရေးဆွဲပြဌာန်းထားသော ၂၀၀၈ အခြေခံဥပဒေကို ပြင်ဆင်နိုင်ရေးဖြစ်သည်။ ဤအတွက် အဓိကလှုပ်ရှားမှုမှာ မြေ ပေါ် လူထုလှုပ်ရှားမှုနှင့် ၂၀၀၈ အခြေခံဥပဒေပါ အခွင့်အရေးနှင့်အညီပြုလုပ်သော ရွေးကောက်ပွဲများတွင်ပါဝင်ပြီး လွှတ် တော်တွင်း လှုပ်ရှားမှုများကို အားပြုသည်။

ထိုလှုပ်ရှားမှုများတွင် မြေပေါ်နိုင်ငံရေးပါတီများစွာ ပါဝင်လှုပ်ရှားနေကြသော်လည်း လူထုအများစု ထောက်ခံမှုရရှိသည်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် NLD ဖြစ်သည်။ ၂၀၁၅ ရွေးကောက်ပွဲတွင် NLD မှ ပြတ်သားစွာအနိုင်ရပြီးနောက် အခြေ အနေတမျိုးပြောင်းသွားသည်။ မူလကလွှတ်တော်တွင်း၌ အတိုက်အခံအဖြစ်သာရှိနေသော NLD သည် အစိုး ရဖွဲ့နိုင်သွား သည်။ မြန်မာစစ်ဖက်၏ ကျောထောက်နောက်ခံရယူထားသော ကြံ့ခိုင်ရေးပါတီမှာ လွှတ်တော်ထဲတွင် သေးငယ်သော အင် အားစုဖြစ်ကာ လုံလောက်သည့် ကန့်ကွက်မဲပေးနိုင်သည့် အခြေအနေမရှိတော့ပေ။

လက်ရှိလွှတ်တော်အတွင်း ၂၀၀၈ အခြေခံဥပဒေပြင်ဆင်ရေးအတွက် အဓိက အတိုက်အခံနေရာ (သို့မဟုတ်) ပုဒ်မ ၄၃၆ အရ ဥပဒေပြင်ရန်လိုအပ်သည့်ထောက်ခံမှုကို မြန်မာစစ်ဖက်ကိုယ်စားလှယ်များ၏ သဘောတူညီမှုရယူနိုင်ရန်သာ အဓိက ဖြစ်လာသည်။

၂၀၁၅ ရွေးကောက်ပွဲအပြီး အစိုးရလည်းဖွဲ့နိုင်၊ လွှတ်တော်တွင်လည်းအများစုဖြစ်လာသော NLD ၏ လက်ရှိဆောင်ပုဒ်မှာ အမျိုးသားရင်ကြားစေ့ရေးဖြစ်သည်။ အစိုးရလုပ်ငန်းဆောင်တာများတွင်လည်းကောင်း၊ လွှတ်တော်တွင်လည်းကောင်း၊ မြန်မာစစ်ဖက်နှင့် ပူးပေါင်းညှိနှိုင်းဆောင်ရွက်မည်ဟူသော သဘောဖြစ်သည်။ ၂၀၁၃/၂၀၁၄ အခြေခံဥပဒေပြင်ဆင်ရေး လူထုလှုပ်ရှားမှုများကဲ့သို့ NLD ၏ လူထုလှုပ်ရှားများ တွေ့နိုင်ရန် ခဲယဉ်းသွားပြီဖြစ်သည်။ လက်ရှိအချိန်တွင် NLD အစိုးရ အနေနှင့် မြန်မာစစ်ဖက်နှင့်ညှိနှိုင်းပြီး အုပ်ချုပ်ရေးဥပဒေပြုရေးတို့ကိုလုပ်ဆောင်ကာ တည်ငြိမ်သည့် ကာလတခုအဖြစ်ပုံဖေါ် ရန် ကြိုးပမ်းသွားဖွယ်ရှိသည်။

ယနေ့အများပြောနေကြသည့် “အရပ်ဖက် စစ်ဖက်ဆက်ဆံရေး” အသစ်တရပ်တည်ထောင်နိုင်ရန် ကြိုးပမ်းဖွယ်ရှိသည်။ ထိပ်တိုက်ရင်ဆိုင်ရေးထက် စေ့စပ်ညှိနှိုင်းရေးကို အလေးတင်းမည့် အလားအလာဖြစ်သည်။ ထို့ကြောင့် လက်ရှိအုပ်ချုပ် ရေး နှင့် ဥပဒေပြု ရေး အပိုင်းများတွင် NLD နှင့်မြန်မာစစ်ဖက်သည် ညွှန့်ပေါင်းအစိုးရသဖွယ် ဖြစ်နေဘွယ်ရာရှိပေသည်။သို့ဖြစ်ရာ ပြည်မ၏ အဓိက နိုင်ငံရေး ရေစီးကြောင်းဖြစ်သည့် ဒီမိုကရေစီရေးလူအခွင့်အရေး ရည်မှန်းချက်လမ်းကြောင်းသည် အမျိုး သားရင်ကြားစေ့ရေးလမ်းကြောင်းပေါ်တွင်ရှိသည်။ ထို့ပြင် ၎င်းရေစီးကြောင်းအား ကိုယ်စားပြုနေသည့် NLD အတွက် မြန် မာစစ်ဖက်နှင့် ရင်ကြားစေ့ရေးသည် အဓိကဦးစားပေးဖြစ်၍နေသည်ဟုဆိုရပါမည်။

ပြည်မနိုင်ငံရေးတွင် NLD နှင့်မတူသော နိုင်ငံရေးအင်အားစုအချို့နှင့် နိုင်ငံရေးအယူအဆ လှုပ်ရှားမှု အချို့တွေ့ရှိရသော်လည်း လူထုအများစုထောက်ခံမှု မရရှိနိုင်သေး၍ NLD ၏ ပင်မရေစီးကို ကျော်လွှားနိုင်ခြင်း မရှိသေးပေ။

● အမျိုးသားတန်းတူရေး
တိုင်းရင်းသားများ၏ အမျိုးသားတန်းတူရေးအတွက် တိုက်ပွဲဝင်သည့်လှုပ်ရှားမှုသည် ၁၉၄၈ ခုနှစ် လွတ်လပ်ရေးနှင့်အတူ ပေါ်ပေါက်ခဲ့သည်ဟုဆိုရမည်။ တိုင်းရင်းသားများ၏လှုပ်ရှားမှုမှာ ၂ ပိုင်းရှိသည်။ တပိုင်းက မြို့ပေါ်ဥပဒေတွင်း နိုင်ငံရေးပါတီ များ၏ လှုပ်ရှားမှုများဖြစ်သည်။ တပိုင်းကတော့ လက်နက်ကိုင်တိုက်ပွဲဝင်နေသော လက်နက်ကိုင်အဖွဲ့များဖြစ်သည်။

မြို့ပေါ်တိုင်းရင်းသားပါတီများကတော့ ၁၉၄၈ ခုနှစ်နောက်ပိုင်း ဖဆပလ အစိုးရလက်ထက်တွင် ၁၉၄၇ ခုနှစ်အခြေခံဥပဒေ တွင်ပါရှိသည့် ၁၀ နှစ်ကြာတွင် ခွဲထွက်နိုင်သောအခွင့်အရေးအားလည်းကောင်း၊ ဖက်ဒရယ်မူအားလည်းကောင်း ကိုင်စွဲခဲ့ကြ သည်။ သို့သော် ဥပဒေတွင်း တိုင်းရင်းသားပါတီများသည် ၁၉၆၂ ခုနှစ်မှစ၍ နှစ် ၅၀ ခန့် သက်ဝင်လှုပ်ရှားနိုင်စွမ်းမရှိခဲ့ပေ။ တိုင်းရင်းသားစာပေ ယဉ်ကျေးမှုအဖွဲ့များ အနေနှင့်ရပ်တည်လှုပ်ရှားခဲ့သော်လည်း လွန်ခဲ့သောနှစ်များက မြို့ပေါ်နိုင်ငံရေးလှုပ်ရှားစည်းရုံးရန်မဆိုထားနှင့် တိုင်းရင်းသား စာပေသင်ကြားရန်ပင် များစွာဖိနှိပ်ချုပ်ချယ်ခံရပြီး တရုတ်စာသင်ရသည် လောက်ပင် လွယ်ကူလွတ်လပ်ခြင်း မရှိခဲ့ပေ။

၁၉၄၈ ခုနှစ်နောက်ပိုင်းမှစ၍ တိုင်းရင်းသားလူမျိုး တမျိုးပြီးတမျိုးတဖွဲ့ပြီးတဖွဲ့ ဗဟိုအစိုးရအား လက်နက်ကိုင်တိုက်ခိုက်လာခဲ့ကြသည်။ ၁၉၄၈မှစ၍ ယနေ့ထိ အနှစ် ၇၀ နီးပါးကြာသည့် တိုင်းရင်းသားများ လက်နက်ကိုင်တိုက်ခိုက်ခဲ့သည့် သမိုင်း တွင် စဖွဲ့ကတည်း ရေရှည်ရပ်လာနိုင်သောအဖွဲ့များလည်းသောအဖွဲ့များလည်းရှိသည်။ အဖွဲ့များကွဲ၍ အင်အားချိနဲ့သွားသောအဖွဲ့များလည်းရှိသည်။ အင်အားတောင့်တင်းလာသောအဖွဲ့များလည်းရှိသည်။ အဖွဲ့များပျက်သွားလိုက် ပြန်ဖွဲ့လိုက်နှင့် လှုပ်ရှားရုန်းကန်နေရသည့် တိုင်းရင်းသားများလည်းရှိသည်။ မြန်မာစစ်ဖက်နှင့်ပူးပေါင်းသွားသည့် အဖွဲ့များလည်းရှိသည်။ မည်သိ့ပင်ဆိုစေကာမူ လက်ရှိအချိန်တွင် မြန်မာပြည်၌ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့ ၂၀ ဝန်းကျင်ခန့်နှင့် လက်နက်ကိုင် အင်အား ၁ သိန်းခန့်ရှိနေသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ ကနဦးနိုင်ငံရေးရည်မှန်းချက်မှာ သီးခြားသမတနိုင်ငံထူထောင်ရေးဖြစ်သည်။ ခွဲ ထွက်ရေးဖြစ်သည်။ ယခုနောက်ပိုင်းတွင် သီးခြားနိုင်ငံထူထောင်ရေးကို မတောင်းဆိုတော့။ ဖက်ဒရယ်ကို တောင်းဆိုသည်။ သို့သော် ၎င်းတို့တောင်းဆိုသည့် ဖက်ဒရယ်ပြည်နယ်ဆိုသည်မှာ ဥပဒေပြုအာဏာ၊ အုပ်ချုပ်ရေးအာဏာ၊ တရားစီရင်ရေး အာဏာ ၃ ရပ်ရှိသည့် ဖက်ဒရယ်ပြည်နယ်ဖြစ်သည်။ အဆိုပါဖက်ဒရယ်ကို လက်ရှိနိုင်ငံရေးအခြေအနေအရ ပြောင်းလဲ တောင်းဆိုသည့်တိုင် ခွဲထွက်ခွင့်ကို လုံးဝစွန့်လွှတ်လိုက်သည်ဟု အဓိပ္ပါယ်မရချေ။ တိုင်းရင်းသားများကြား မြင့်တက်လာသည့် နိုင်ငံရေးအသိစိတိ အမျိုးသားစိတ်တို့သည် တနေ့တခြား မြင့်တက်လာနေသည်ဆိုသည်ကိုတော့ သတိပြုရန်လိုသည်။

တိုင်းရင်းလက်နက်ကိုင်အဖွဲ့များသည် မတရားသင်းအက်ဥပဒေနှင့်ညိနေသဖြင့် မြို့ပေါ်ရှိ ၎င်းတို့တိုင်းရင်းသားကိုယ်စားပြု ပါတီများနှင့် တရားဝင်လက်တွဲခြင်းမရှိကြသော်လည်း ၎င်းတို့တိုင်းရင်းသားပြည်နယ်များအရေးနှင့်ပတ်သက်၍ ၎င်းတို့ကြား ကွဲလွဲမှုလည်းရှိကြသကဲ့သို့ အခြေခံတူညီမှုများလည်းရှိကြသည်။

တိုင်းရင်းသားပါတီများ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနှင့် ၎င်းတို့ဦးတည်ချက်အတွက် ဦးတည်တိုက်ပွဲဝင်နေ သည်မှာ ဗဟိုအစိုးရအား ဖြစ်သည်။ ယခင်ဖဆပလအစိုးရ နောက်ပိုင်းတွင် စစ်အစိုးရဖြစ်ခဲ့သော်လည်း လက်ရှိကာလ တွင်တော့ NLD အစိုးရနှင့် မြန်မာစစ်ဖက်တို့ ပူးတွဲထိန်းကျောင်းနေသည့် ဗဟိုအစိုးရဖြစ်နေသည်။

● ကွဲလွဲချက်များ
သို့ဖြစ်ရာ လက်ရှိအချိန်တွင် ဒီမိုကရေစီရေး လူအခွင့်အရေးအတွက်ရည်မှန်းချက်ထားသည့် ပြည်မအင်အားစုများနှင့် အ   မျိုးသားတန်းတူရေးကိုဦးတည်သည့် တိုင်းရင်းသားအင်အားစုများ၏ ဦးတည်ရာသည် အနဲငယ် ကွဲလွဲချက်ရှိသည်ဟုဆိုရမည်။ ဒီမိုကရေစီနှင့်လူအခွင့်အရေးအတွက် ဦးတည်ချက်သည် မြန်မာစစ်ဖက်အား ဦးတည်သည်။ သို့သော် အမျိုးသားတန်းတူရေး ဦးတည်ချက်သည် ဗဟိုအစိုးရဖြစ်ပေရာ မြန်မာစစ်ဖက်သာမက NLD အစိုးရပါ ပါဝင်နေသည်။

တဖန် ၁၉၄၈ နောက်ပိုင်းမှစခဲ့သော တိုင်းရင်းသားလက်နက်ကိုင်တိုက်ခိုက်မှုများသည် ၁၉၈၉ မှစ၍ မြန်မာစစ်ဖက် အပစ်ရပ် ငြိမ်းချမ်းရေးယူထားကြသည်။ အဆိုပါတိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အပစ်ရပ်ထားချိန်တွင် ပြည်တွင်းဒီမိုကရေစီရေးလှုပ်ရှားမှုက မြင့်တက်ပြင်းထန်နေသည်။ ပြည်တွင်းပြဿနာကို ဖြေရှင်းရန် မြန်မာစစ်ဖက်ခေါင်းဆောင်များကတိုင်းရင်းသားများနှင့် လက်နက်ကိုင်တိုက်ခိုက်နေမှု အားလျှော့ချ အချိုသတ်ထားသည်ဟု အများကသုံးသပ်ကြသည်။ သို့သော် ဤပြဿနာကို တဖက်တည်းကြည့်၍မရ တဖက်တွင်လည်း နှစ်ပေါင်း ဆယ်အချို့ စစ်တိုက်လာသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များရော တိုင်းရင်းသားဒေသများပါစစ်ပမ်းနေပြီဖြစ်၍ ခေတ္တစစ်ရပ်နားလိုကြပြီဖြစ်သည်။ ဥပမာ ဝ နယ်၌ ရွာ တိုင်းတွင် ခြေပြတ် လက်ပြတ် ဒုက္ခိတရဲဘော် မရှိသည့်ရွာ မရှိသလောက်ဖြစ်သည်။ အာဇာနည်အိမ်ထောင်ဟုခေါ်သည့် ကျ ဆုံးရဲဘော်မရှိသည့် ရွာ မရှိသလောက်ဖြစ်နေသည်။ ထိုရဲဘော်များ၊ မိသားစုဝင်များအား ထောက်ပံ့ ပံ့ပိုး ရန်လိုအပ်သကဲ့သို့ စစ်ဒဏ်ပိနေသော ဒေသခံတိုင်းရင်းသားဘဝများသည်လည်းခက်ခဲပေရာ စစ်ပွဲကိုရပ်နားပြီး ငြိမ်းချမ်းသောနည်းဖြင့် ပြဿ နာဖြေ ရှင်းကြည့်လိုကြသည်။

၂၀၁၂ နောက်ပိုင်းတွင် ပြည်မရှိ ဒီမိုကရေစီရေး လူအခွင့်အရေးလှုပ်ရှားသူများအတွက် ရွေးကောက်ပွဲလမ်းကြောင်း ပွင့် သည်။ အယူအဆကွဲပြားမှုများရှိသော်လည်း လူထုထောက်ခံမှု အများစုရထားသည့် NLD ကရွေးကောက်ပွဲလမ်းကြောင်းကိုရွေးသည်။ NLD အဖို့ လူထုတိုက်ပွဲလမ်းကြောင်းထက် ပို၍ လူထုထိခိုက်နာကျင်မှုနည်းသည့်လမ်းကို ရွေးမည်ဟုဆုံး ဖြတ်သည်ဟု ဆိုခဲ့သည်။ ပြည်မရှိ ဒီမိုကရေစီရေး လူအခွင့်အရေးလှုပ်ရှားသူများအတွက် လက်နက်ကိုက်တိုက်ပွဲဝင်ရန် အခြေအနေအချက်အလက်လည်း မရှိပေ။

ထိုအချိန်တွင် အနှစ် ၂၀ နီးပါး ငြိမ်းချမ်းနေသော တိုင်းရင်းသားဒေသများတွင် တိုက်ပွဲများပြန်ဖြစ်သည်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအနေနှင့် မြန်မာစစ်ဖက်၏ တိုင်းရင်းသားများနှင့်ပတ်သက်သည့်၊ တိုင်းရင်းသားလက်နက်ကိုတပ်များနှင့်ပတ်သက်သည့်သဘောထားကို လက်မခံရာမှ တိုင်းရင်းသားအဖွဲ့များနှင့် တပ်မတော် ပြန်လည်တင်းမာမှုဖြစ်ပွါးသည်။ တိုင်းရင်းသားများအနေနှင့် ငြိမ်းချမ်းသည့်ကာလထက် တိုင်းရင်းသားအခွင့်အရေးက ပို၍ အရေးကြီးသွားသည်ဟုဆိုရမည်။ သို့အတွက် လက်နက်ကိုင် တိုက်ခိုက်သည့်ဖက်သို့ ပြန်လည်ဦးတည်သွားသည်။

သို့ဖြစ်ရာ ပြည်မရှိ ဒီမိုကရေစီရေး လူ့အခွင့်အရေးလှုပ်ရှားမှုနှင့် တိုင်းရင်းသားတို့၏ အမျိုးသားတန်းတူရေးလှုပ်ရှားများသည် စည်းချက်ဝါးချက်မညီဟုဆိုရမည်။ တယောက်က ထိုင်လျှင် တယောက်က ထ ဖြစ်နေသည်ဟု ဆိုရပေမည်။

ထို့ပြင် ဒီမိုကရေစီရေး လူ့အခွင့်အရေးလှုပ်ရှားသူများအတွက် အဓိကဦးတည်ချက်မှာ စစ်အာဏာရှင်စနစ်ဖြစ်သည်။ တိုင်း ရင်းသားများအတွက်ကတော့ စစ်အာဏာရှင်သက်သက်မဟုတ် ဗမာလူမျိုးကြီးဝါဒလည်း ပါဝင်သည်။ ၁၉၆၀ ဝန်းကျင်က ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာပြဌာန်းခဲ့သည်မှာ မြန်မာစစ်ဖက်ခေါင်းဆောင်များမဟုတ် ဖဆပလ ဦးနုအစိုးရဖြစ်သည်။ သို့ဖြစ်ရာ မည်သည့်အုပ်ချုပ်သူကဖြစ်စေ သူတို့၏အခွင့်အရေးပေးသည်ဆိုပါက သူတို့ပူးပေါင်းမည်ဖြစ်သည်။ သူတို့ အတွက်လိုအပ်သည်မှာ သူတို့တိုင်းရင်းသားဒေသကို သူတို့စီမံအုပ်ချုပ်ပိုင်ခွင့်သာဖြစ်သည်။ အကယ်၍ မရရှိပါက မည် သည့်အစိုးရဖြစ်စေ သူတို့ ဆန့်ကျင်မည်သာဖြစ်သည်။

ဤအချက်နှင့်ပတ်သက်၍ အငြင်းပွါးဖွယ်ရာများစွာရှိသည်။ သို့သော် ဂရုပြုမိကြရန်လိုသည်။ ယခုတလော တိုင်းရင်းသားပြည် နယ်များတွင်ဗိုလ်ချုပ်အောင်ဆန်းကြေးရုပ်စိုက်ထူမည့်ကိစ္စနှင့်ပတ်သက်ပြီး ကန့်ကွက် ပြောဆိုငြင်းခုံနေကြခြင်းသည် ထိုဦး တည်ချက် ၂ ခုကွာခြားမှုပေါ်မှ မတူသည့်အမြင်များထွက်ပေါ်လာခြင်းဖြစ်သည်။

အချို့ကတော့ မြန်မာများလည်း တိုင်းရင်းသားတွေလိုဘဲ ခံနေရတာဘဲဟု ယေဘုယျပြောဆိုကြသည်။ သို့သော် လက်တွေ့ တွင် တိုင်းရင်းသားပြည်နယ်များနှင့် ပြည်မဒေသ၏ လမ်းပန်းလျှပ်စစ်မီးမှစ၍ ပညာရေး လူမှုရေးစီးပွါးရေးအစစအရာရာ ကွာခြားမှုများကို ဂရုပြုရန်လိုသကဲ့သို့ စစ်ပွဲအတွင်း စစ်ဘေးဒုက္ခနှင့် စစ်ပွဲ၏ရက်စက်ကြမ်းကြုတ်မှုများကို နှစ်ပေါင်းများစွာခံခဲ့ ရသည့် တိုင်းရင်းသားများကတော့ ထိုသို့မယူဆကြချေ။ ထို့ပြင် ကိုယ့်လူမျိုး ကိုယ့်ဒေသကို ကိုယ်တိုင် အုပ်ချုပ်စီမံခန့်ခွဲ ရှေ့ ဆောင်လိုသည့် အမျိုးသားစိတ်ကို နားလည်ရန်လိုအပ်သည်။

● နိဂုံး
အဆိုပါရေစီးကြောင်း ၂ ခု၌ ကွဲလွဲချက် မည်သို့ပင်ဖြစ်စေ တူညီချက်လည်းရှိသည်။ ၎င်းမှာ ဒီမိုကရေစီနှင့်လူ့အခွင့်အရေးအတွက် အခြေခံဥပဒေကိုပြင်ဆင်ရေးဆွဲရန် လိုအပ်နေသကဲ့သို့ အမျိုးသားတန်းတူရေး၊ ဖက်ဒရယ်အရေးအတွက် အခြေခံ ဥပဒေကို ပြင်ဆင်ရေးဆွဲရန် လိုအပ်လျက်ရှိပေသည်။

လက်ရှိမြန်မာ့ နိုင်ငံရေးတွင် အဆိုပါရေစီးကြောင်း ၂ ခုပေါင်းဆုံမှအားကောင်းမောင်းသန်နှင့် ပြဿနာများကို ဖြေရှင်းနိုင်ပေ လိမ့်မည်။ သို့သော် ပြီးခဲ့သောကာလအတွေ့အကြုံ အများအရတော့ ထိုရေစီးကြောင်း ၂ ခုသည် မျဉ်းပြိုင်၂ ခုသဘွယ်ဖြစ်နေ သည်။ လှုပ်ရှားမှု များသည်လည်း နရီစည်းဝါး ညီညာခြင်းမရှိခဲ့ပေ။ နရီစည်းဝါး ညီညာမှုရှိရနိအတွက် ထိုဦးတည်လှုပ်ရှားမှု များသည် အပြန်အလှန်နားလည်မှုရှိကြရန် လိုအပ်ပေမည်။ ပေါင်းစပ်နိုင်ကြရန် လိုအပ်ပေမည်။

ထို့အတွက် သမိုင်းတွင် အကြိမ်ကြိမ်ကြိုးစားခဲ့ကြပြီး အကြိမ်ကြိမ်ကျရှုံးခဲ့သည်များကို သင်ခန်းစာယူကြရန်လိုအပ်ပေမည်။ ထို့ပြင် အမြှော်အမြင်ရှိသော သြဇာရှိသော အင်အားရှိသော ခေါင်းဆောင်များနှင့် နိုင်ငံရေးအင်အားစုတရပ်လိုအပ်ပေမည်။ မျဉ်းပြိုင်၂ ခုသဖွယ်ဖြစ်နေသ၍တော့ မြန်မာပြည်အနာဂါတ် တောက်ပနိုင်မည်မဟုတ်ပါ။ ငြိမ်းချမ်းရေးမရှိလျှင် ဒီမိုကရေစီ မရှိနိုင်သကဲ့သို့ ဒီမိုကရေစီမရှိလျှင်လည်း ငြိမ်းချမ်းရေးမရှိနိုင်ပေ။

သို့သော်လည်း ဒီမိုကရေစီရေးကို ဦးစားပေးရှေ့ရှုသူများက “ဒီမိုကရေစီ ဖက်ဒရယ်ပြည်ထောင်စု” ဟုဆို၍ တိုင်းရင်းသားအရေးဦးစားပေးရှေ့ရှုသူများက “ဖက်ဒရယ် ဒီမိုကရေစီပြည်ထောင်စု” ဆိုနေကြခြင်းကတော့ ရှောင်ဖယ်၍မရသော လက် တွေ့ကျသည့် မြန်မာပြည်နိုင်ငံရေးဟုပင် ဆိုရပါမည်။

ပြီးပါပြီ။
မောင်မောင်စိုး

မှတ်ချက် ။ ။ ဖက်ဒရယ်ဂျာနယ်။ Vol-6, Issue :21, July. 2018 တွင် ဖေါ်ပြထားပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သူတို့အာဘော်, မောင်မောင်စိုး

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

Junior Win ၏ My Life will go on (အင်္ဂလိပ်ဘာသာ၊ ရုပ်စုံ) စာအုပ် ထွက်ပါပြီ

By

  Junior Win ၏ My Life will go on...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ

By

  ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ဂိမ်းသီအိုရီ – ၂ ထွက်ပြီ (မိုးမခ) ဇူလိုင်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်