Than Win Hlaing – Articles

September 27, 2013

မြန်မာမင်းတို့၏ ဆင်ဖြူတော်
သန်းဝင်းလှိုင်
စက်တင်ဘာ ၂၇၊ ၂၀၁၃

မြန်မာမင်းတို့သည် ဆင်ဖြူတော်ကို ရတနာအဖြစ် သတ်မှတ်ကြသည်။ ရှေးဦးပျူခေတ် (အေဒီ ၁ ရာစုမှ ၉ ရာစု) ကပင် ဆင်ဖြူတော်ကို အထွတ်အမြတ် ထားကြသည်။ မဇ္ဇျိမဒေသသို့ ဘုရားဖူးသွားသော တရုတ်ဘုန်းတော်ကြီးများသည် အပြန်ခရီးတွင် ပျူနိုင်ငံသို့ဝင်၍ ခရီးတထောက်နားပြီးမှ တရုတ်ပြည်သို့ ပြန်လေ့ရှိရာ ပျူမြို့၌ သူတို့တွေ့မြင်ခဲ့ရသောအကြောင်းများကိုခရီးသွားမှတ်တမ်းများ၌ ရေးသားမှတ်တမ်းတင် ခဲ့ကြသည်။ ယင်းသို့ မှတ်တမ်းတင်ရာတွင် ပျူမင်းတို့သည် ခရီးတိုသွားသောအခါ လူထမ်းသော ရွှေဝေါယာဉ်စီး၍ လည်းကောင်း၊ အခမ်းအနားထွက်တော်မူရာ၌ ရတနာကျောက်မျက်စီခြယ်ထားသော ကကြိုးတန်ဆာဆင်ထားသည့် ဆင်တော်ကိုစီး၍ လည်းကောင်း၊ ဝေးလံသောခရီးသွားပါက မြင်းတော်ကိုစီး၍လည်းကောင်း ခရီးသွားကြ သည်ဟု ရေးသားဖော်ပြထားသည်။
တရုတ်မှတ်တမ်းများတွင် သရေခေတ္တရာ နေပြည်တော်၌   ကျောက်ဖြူသားနှင့် ထုလုပ်ထားသော ပေ ၁ဝဝ ခန့်ရှိ ဆင်ဖြူတော်ရုပ် ၂ရုပ်ရှိကြောင်း၊ ဘေးအန္တရာယ်နှင့် ကြုံတွေ့ရသောအခါ ဆင်ဖြူတော်ရုပ်ကိုပူဇော်ပသ၍ ဘေးရန်ကင်းရန် ဆုတောင်းကြ ကြောင်းပါရှိသည်။
ပုဂံခေတ် နော်ရထာမင်းလက်ထက် (အေဒီ ၁ဝ၄၄ – ၁ဝ၇၇)တွင် အေဒီ ၁ဝ၅၄ခုနှစ်၌ သထုံသို့ ချီတက်၍ မနူဟာမင်း ဆက်သသော ပိဋကတ်တော်များ၊ ဘုရားဆင်းတုတော်များ၊ ဓါတ်တော်များကို ဆင်ဖြူတော် ၃၂စီးဖြင့် ပုဂံနေပြည်တော်သို့ ပင့်ဆောင်ခဲ့ကြောင်း တွေ့ရသည်။ ထို့ပြင် သရေခေတ္တရာခေတ် ဒွတ္ထဘောင်မင်း တည်ခဲ့သော စေတီတော် ပြိုပျက်ရာမှ ဘုရားဖူး သင်းကျစ်တော် ရခဲ့ရာ ရတနာအတိပြီးသော ဆင်ဖြူတော်ဖြင့် ပင့်ဆောင်ခဲ့ကြောင်း၊ သီရိလင်္ကာနိုင်ငံမှ ပင့်လာသော ဗုဒ္ဓစွယ်တော်ကိုလည်း ‘ပုလဲပြုံး’ အမည်ရှိ ဆင်ဖြူတော်တွင် ပြာသာဒ်နှင့် တင်ဆောင်ကာ အဓိဋ္ဌာန်ပြုလွှတ်ရာတွင် ယနေ့ ရွှေစည်းခုံ စေတီတော် တည်ရှိရာ သဲခုံတွင် လည်းကောင်း၊ တန့်ကြည်တောင်ထိပ်တွင် လည်းကောင်း၊ တုရင်တောင်တန်းပေါ်တွင် လည်းကောင်း၊ ကျောက်ဆည်အနီးရှိ ပြက္ခရွှေတောင်ထိပ်တွင် လည်းကောင်း ဆင်ဖြူတော်ဝပ်သော နေရာများကို စွယ်တော်စေတီများ တည်ခဲ့ကြောင်း ဘုရားသမိုင်းများတွင် ဖော်ပြထားသည်။ အနော်ရထာမင်းသည် ဆင်ဖြူတော်ပေါင်း ၃၈စီး ပိုင်ဆိုင်ကြောင်း ရာဇဝင်ကျမ်းများ၌ ဖော်ပြထားသည်။
အနော်ရထာမင်းကို ဆက်ခံခဲ့သော ကျန်စစ်သားမင်း၊ သူ့ကိုဆက်ခံသော မြေးတော် အလောင်းစည်သူမင်းတို့သည် ဆင်ဖြူရှင်များ ဖြစ်ကြောင်း ကျောက်စာများ၌ ဖော်ပြထားသည်။ အလောင်းစည်သူမင်း ရေးထိုးသော ရွှေမုဋ္ဌောကျောက်စာတွင် ‘ဆင်ဖြူတော် ၃၆စီး သခင်ဖြစ်သော အလောင်းစည်သူမင်းကြီး’ ဟု ဖော်ပြထားသည်။
ပုဂံခေတ်နောက်ပိုင်း မြန်မာ့မင်းဆက်အသီးသီးတွင်လည်း ဆင်ဖြူတော်ရရှိသော သို့မဟုတ် ဆက်ခံရရှိသော မင်းတို့သည် ဆင်ဖြူရှင်ဘွဲ့ကို ခံယူကြသည်။
မြန်မာမင်းတို့သည် မည်မျှအထိ ဆင်ဖြူရှင်ဘွဲ့ကို အထွတ်အမြတ် ခံယူချင်ကြောင်း ပင်းယခေတ်မှ သီဟသူမင်း (အေဒီ ၁၃၁၂ – ၁၃၂၂) ကို ကြည့်လျှင် သိသာသည်။ သီဟသူမင်းသည် ၎င်း၏ နန်းဆက် ၃နှစ်မြောက်တွင် စမုံမြစ်အတွင်း မျောပါလာသော ဆင်ဖြူမ အသေကောင်ကိုပင် ဆယ်ယူ၍ တစ်စီးရှင်ဘွဲ့ခံယူခဲ့ဖူးသည်။ ထို့နောက် ဥဇနာမင်း လက်ထက် (အေဒီ ၁၃၂၂ – ၁၃၄၂)၌ သူ၏ညီတော် ပင်လယ်မြို့စားကျော်စွာတွင် (၁)ပုလဲတစ်မူး (၂)မဟာကေသရ (၃)သန်မြန်စွာ (၄)ဥပေါသထ (၅)ချစ်စွမရဲ ဟူသော အမည်ဘွဲ့များ ပေးထားသည့် ဆင်ဖြူတော် (၅)စီးကို ဆက်ခံရရှိသောကြောင့် နောင်တော်က သူ့အား အေဒီ ၁၃၄၂ ၌ ထီးနန်းလွှဲအပ်ရာတွင် ငါးစီးရှင်ကျော်စွာ (၁၃၄၂ – ၁၃၅၁)ဘွဲ့နှင့် နန်းတက်ခဲ့သည်။
စစ်ကိုင်းမင်းဆက်များအနက် အနော်ရထာမင်းရဲ (အေဒီ ၁၃၄၅)နှင့် တရဖျား (အေဒီ ၁၃၄၉ – ၁၃၅၂) တို့သည် ဆင်ဖြူတော် ဆက်သခြင်းခံရသော မင်းများဖြစ်သည်။
ပထမ အင်းဝခေတ် (အေဒီ ၁၃၆၄ –     )၊ မင်းကြီးစွာစော်ကဲ (အေဒီ ၁၃၆၈ – ၁၄၀၁) လက်ထက်တွင် ဘုရင့်ဆင်များထားရှိရာ ‘အောက်မား’ ၌ ဆင်ဖြူတစ်စီး မွေးဖွားလာသည်။ သားတော် တရဖျား မွေးဖွားချိန်နှင့် တိုက်ဆိုင်နေသောကြောင့် ထိုဆင်ဖြူကို ဖွားဖက်တော်ဟု သတ်မှတ်ပြီး တရဖျားကိုလည်း ဆင်ဖြူရှင် တရဖျားဘွဲ့ ခံယူစေသည်။
သီဟသူမင်းလက်ထက် (အေဒီ ၁၄၂၂ -၁၄၂၆)တွင် သူ့ဘကြီးတော် အထိန်းတော်က ဆင်ဖြူတစ်စီးနှင့် လက်အောက်ခံ ပြည်မြို့စားက ဆင်ဖြူတစ်စီး ဆက်သသောကြောင့် ဆင်ဖြူရှင်ဘွဲ့ ခံယူသည်။
ရွှေနန်းကျော့ရှင်မင်းလက်ထက် (အေဒီ ၁၅၀၁ – ၁၅၂၇)တွင် ဆင်ဖြူတစ်စီး ပေါ်ထွန်း၍ အကြိုတော်အဖွဲ့ စေလွှတ်ရသည်။
တောင်ငူခေတ် (အေဒီ ၁၂၇၉ မှ ၁၆၁၂ ထိ)တွင် ဆင်ဖြူများစွာ ဆက်သခံရသော မင်းကား ဘုရင့်နောင်မင်းတရားကြီး (၁၅၁၆ ဖေဖော်ဝါရီ ၅ – ၁၅၈၁ နိုဝင်ဘာ ၁၂) ဖြစ်သည်။ မင်းတရားရွှေထီး ၁၅၅၁ခုနှစ်၊ ဧပြီလ ၂၁တွင် စစ်တောင်းစား သမိန်စောထွတ် လုပ်ကြံခံရ၍ နတ်ပြည်စံပြီးနောက် ၁၅၅၁တွင် သီရိတြိဘ၀နာ ဒိတျပဝရ ပဏ္ဍိတသုဓမ္မရာဇာဓိပတိ အမည်ခံ၍ မင်းပြုခဲ့သည်။ သူ့အား ဆင်ဖြူများစွာရှိသဖြင့် ဆင်ဖြူ၊ ဆင်နီများသခင် ဘဝရှင်မင်းတရားကြီးဘုရားဟု အမည်တွင်ခဲ့သည်။ ၎င်းတွင် ဆင်ဖြူများစွာရှိသော်လည်း အားရတင်းတိမ်မှု မရှိဘဲ အယုဒ္ဓယတွင် ဆင်ဖြူများရှိသဖြင့် ဆက်သရန် တောင်းခံသည်။ အယုဒ္ဓယမင်းက မဆက်သသောကြောင့် ချီတက်တိုက်ခိုက်သည်။ အယုဒ္ဓယမှ ဆင်ဖြူ (၄)စီး ထပ်မံရရှိခဲ့ရာဟံသာဝတီဆင်ဖြူများရှင်ဟုသမိုင်းတွင်ခဲ့သည်။ ကမ္ဘောဇသာဒီရွှေနန်းတော်သစ် နှင့် ဟံသာဝတီနန်းမြို့တော်အသစ် တည်ဆောက်ပြီးစီးချိန်က အခစားရောက်ရှိလာသော ပေါ်တူဂီနှင့်အီတာလျံသံတမန်များ၊ကုန်သည်များအနက် နန်းတွင်းသို့ ၀င်ရောက်ခွင့်ရခဲ့ဖူးသော ဗီးနစ်မြို့စား ဆီဇာဖရက်ဒရစ်က ဟံသာဝတီ ရွှေမြို့တော်၊ ရွှေနန်းတော်သစ်နှင့် ဘုရင့်ဆင်တပ်၊ မြင်းတပ်များ၊ ဆင်ဖြူတော်များ အကြောင်းကို မျက်မြင်ကိုယ်တွေ့ မှတ်တမ်းတင်ခဲ့သည်။ ယင်းတို့၏ မှတ်တမ်း၌ ဆင်ဖြူတော်တို့ကို နန်းတွင်းဝင်းအတွင်း၌ သီးခြားပြာသာဒ်များ ပါရှိသော အဆောင်များနှင့် ထားရှိကြောင်း၊ ဘယက်တန်ဆာ ဆင်ယင်ထားကြောင်း၊ ကျွေးမွေးပြုစုစောင့်ရှောက်ရန် ဆင်ဖြူတော် ဝန်ထမ်းများ ခန့်ထားကြောင်း၊ဆင်ဖြူတော်များကိုလာရောက်ကြည့်ရှုသူများထံမှ ဒင်္ဂါးတစ်ပြားနှုန်းကောက် ယူပြီး ထိုငွေများကို ဆင်ဖြူတော်များအတွက် အသုံးပြုခြင်းနှင့် ဆင်ဖြူတော်များ၏ ကုသိုလ်ပြု လုပ်ငန်းများတွင် အသုံးပြုကြောင်း ဖော်ပြထားသည်။
ဒုတိယ တောင်ငူခေတ် (ဝါ) ညောင်ရမ်းခေတ် (အေဒီ ၁၅၉၇ မှ ၁၇၅၂ထိ)တွင် ဆင်ဖြူရှင်ဘွဲ့ ခံယူသောမင်းမှာ စနေမင်း၏သားတော် တနင်္ဂနွေမင်း (အေဒီ ၁၇၁၄ – ၁၇၃၃) ဖြစ်သည်။ ထိုမင်းကို ရာဇဝင်၌ “မှန်နန်းရှင်ဆင်ဖြူ့ရှင်တနင်္ဂနွေမင်း” ဟု ကမ္မည်းရေးထိုးကြသည်။ (ဤမင်းလက်ထက်၌ စဥ့်ကိုင်သဌေးနှင့် ဇနီးမဏိသြဃတို့၏သား ဦးကုလားသည် ရာဇဝင်ကြီးကိုရေးသားခဲ့သည်။) ထိုမင်းလက်ထက် ဧရာဝတီ အထက်ပိုင်းရှိသော တောတွင်းမှ ဆင်ဖြူတစ်စီး တွေ့ရှိ၍ ဆက်သရာ ဆွတ်ဆွတ်ဖြူဖွေးသော အဆင်းရှိသောကြောင့် ‘သေတဂဇရာဇာ’ ဆင်ဖြူတော်မျိုးဖြစ်ကြောင်း ဂဇသျှတ္တရ ပညာရှင်တို့က မှတ်ချက်ပြုခဲ့ကြသည်။ ထို့ကြောင့် ‘ဆဒ္ဒန်ပြောင်မွန်’ ဘွဲ့ပေးပြီး ဆင်ဖြူတော်သိမ်းသဘင်ကို ကျင်းပခဲ့သည်။ မင်းသည် ၁၇၃၃ခုနှစ် နိုဝင်ဘာလ ၃ရက်နေ့တွင် နတ်ပြည်စံခဲ့သည်။
ကုန်းဘောင်ခေတ်(အေဒီ၁၇၅၂-၁၈၈၅)ကိုတည်ထောင်ခဲ့သေအလောင်းမင်းတရားကြီး (၁၇၁၄ သြဂုတ် ၁၃ – ၁၇၆၀ မေ ၁၁) သည် သူ့ထံအခစားရောက်ရှိလာသော ဗြိတိသျှသံအမတ် ကပ္ပတိန် ဂျော့ဘေကာ (Capt. George Baker) မှ တဆင့် ဗြိတိသျှ ဒုတိယမြောက် ဂျော့ဘုရင်ထံ ပေးပို့သော ပတ္တမြားစီ ရွှေပြားပေါ်၌ ရေးထားသော အကြည်တော် မဟာမိတ်ဆက်စာတွင် မိမိကိုယ် မိမိ “ဆင်ဖြူ၊ ဆင်နီ၊ ဆင်ကျားများ သခင်” ဟူ၍ ဖော်ပြထားသည်။
အလောင်းမင်းတရားကြီး၏ ဒုတိယသားတော် မြေဒူးမင်းသည် နောင်တော်ကြီး နတ်ပြည်စံသောအခါ သားတော် စဥ့်ကူးမင်းကို အိမ်ရှေ့နန်းရန်ထားလျက် ၁၇၆၃ခုနှစ် နိုဝင်ဘာလ ၂၉တွင် ထီးနန်းစံခဲ့သည်။ အလောင်းမင်းတရားကြီးက “ငါ့သားတော်များ အစဉ်အတိုင်း မင်းပြုရန်” ဟူသော အမှာတော်နှင့် ဆန့်ကျင်၍ သားတော်စဥ့်ကူးမင်းကို နန်းရန်ထားလိုက်သဖြင့်နောင်အခါထီးနန်းအတွက် အရှုပ်အထွေးများ ပေါ်ပေါက်လာခဲ့ရသည်။ သူသည် စစ်အောင်ပွဲများစွာ ရရှိသော မင်းဖြစ်သည်။ ၁၇၇၁ခုနှစ်တွင် မကွေးမြို့က ဆက်သလာသော ဆင်ဖြူတစ်စီးကိုဆဒ္ဒန်ပြောင်ကျော် ဘွဲ့အမည်ပေး၍ ဆင်ဖြူရှင်ဘွဲ့ခံသည်။ ကုန်းဘောင်ဆင်ဖြူရှင်မင်းဟုရာဇဝင်တွင်ဖော်ပြကြသည်။ဆင်ဖြူရှင်မင်းသည် ထီးနန်းရသည့် နှစ်မှာပင်ရတနာပူရအင်းမြို့တော်ကိုတည်ထောင်စံနေသောကြောင့် “ရတနာပူရတတိယ မြို့တည်မင်း” ဟု ရာဇဝင်ထိုးမှတ်သည်။ ဆင်ဖြူရှင်မင်းသည် ၁၇၇၆ခုနှစ် ဇွန်လ ၉ရက်နေ့တွင် နတ်ပြည်စံခဲ့သည်။
ဆင်ဖြူရှင်ကို ဆက်ခံသော သားတော်စဥ့်ကူးမင်းလက်ထက် (အေဒီ ၁၇၆၉ – ၁၇၈၁)တွင် မင်းတုန်းတောရမှ ရရှိသော ဆင်ဖြူတစ်စီးကို ‘ဆဒ္ဒန်မင်္ဂလာ’ ဘွဲ့ပေးပြီး ဆင်ဖြူရှင်ဘွဲ့ကို ခံသည်။ သူ၏ ဆင်ဖြူတော်ကို အတွင်းဝန်ထောက် မောင်ညိုက ဆင်ဖြူတော်၏ ကြန်အင်္ဂါ လက္ခဏာများနှင့် ပြည့်စုံ၍ ဆဒ္ဒန်ဆင်မျိုးဖြစ်ကြောင်း လျှောက်တင်ခဲ့သည်။
ကုန်းဘောင်မင်းဆက်၌ ဆင်ဖြူတော် အများဆုံး ဆက်သခံရသောမင်းမှာ ဗဒုံမင်း (ဘိုးတော်မင်းတရား)(အေဒီ၁၇၄၄-၁၈၁၉)ဖြစ်သည်။ သူသည် အလောင်းမင်းတရားကြီး၏ တတိယသားတော် ဖြစ်သည်။ ဗဒုံမြို့ကို စားရသောကြောင့် ဗဒုံမင်းဟုတွင်သည်။ နန်းသက် ၃၇နှစ် ၄လ ရှည်သော သက်တော်ရှည် ကုန်းဘောင်မင်းတပါးဖြစ်သည်။ သူ၏ လက်ထက် (အေဒီ ၁၇၈၂ – ၁၈၁၉)တွင် ဆင်ဖြူတော် (၁၁)စီး ဆက်ခံရရှိသည်။ အဆိုပါ ဆင်ဖြူတော်များ၏ ဘွဲ့အမည်များမှာ –
(၁) ဥပေါ်ပြောင်မွန်
(၂) ရတနာပြောင်မွန်
(၃) နာဂဝရ
(၄) ရတနာကုမုဒ်
(၅) ဥပေါ်ထွဋ်ခေါင်
(၆) ဝရသေတဂီရိ
(၇) ဘတ္တဝတီ
(၈) ပုဏ္ဏရိက
(၉) သီရိမလ္လာမဟာသုဘဒ္ဒါ
(၁၀) နိဗ္ဗာနပစ္စယနာဂရာဇာ
(၁၁) တကောင်းမြို့မှ ဆက်သသော ဘွဲ့အမည် မသိရသည့် ဆင်ဖြူတော် တစ်စီး စသည်တို့ဖြစ်သည်။
ဗဒုံမင်းလက်ထက် ‘နိဗ္ဗာနပစ္စယနာဂရာဇာ’  ဘွဲ့မည်ရှိ ဆင်ဖြူတော်ရရှိသည့် အကြောင်းကို ဦးမောင်မောင်တင် (K.S.M., A.T.M) ပြုစုသော ‘ရွှေနန်းသုံးဝေါဟာရ အဘိဓာန်’ အမှတ် ၁၅၁ ၌ အောက်ပါအတိုင်း ဖော်ပြထားသည်။
“သက္ကရာဇ် ၁၁၆၈ခု၊ ဟံသာဝတီမြို့တော် နိဗ္ဗာန်ရွာ အရှေ့သံတံခါး တောတွင်းသာယာအရပ်တွင် ဆင်ရံခြွေရွေ ပေါက်မ တစ်ထောင်ကျော် ခြံရံလျက် ဗိုင်းဝါဂွမ်းကဲ့သို့ ကိုယ်လုံး ဖြူစင် နူးညံ့စွာသော ဆဒ္ဒန်အစစ်ဖြစ်သော ရတနာ ဆင်ဖြူတော်ကို တွေ့ရသောကြောင့် စီးဆင်သုံးဆယ်ကျော်၊ လူသုံးထောင်ကျော်များနှင့် ဝန်းရံသည်တွင် အရံဆင်တစ်ထောင်ကျော်တို့ ခွာ၍ ဆဒ္ဒန်ဆင်ဖြူတော်ကို အသာအယာဝန်းရံရမိသည်ကို ဟံသာဝတီမြို့ဝန်၊ ရေဝန်တို့ နိဗ္ဗာန်ရွာ အရှေ့ ဆဒ္ဒန်ဆင်ဖြူတော် နေသည့်အရပ်တွင် သာယာကြီးကျယ်သော ရိပ်ကြီးတန်ဆောင်းနှင့် ဆောက်လုပ်မွေးကျွေးရပ်နေစေပြီးလျှင် ထိုအကြောင်းကို ဟံသာဝတီမြို့ဝန်၊ ရေဝန်တို့က ခြေတော်ဦးခိုက်စေလွှတ် လျှောက်ထား၍ ဆင်ဖြူများသခင် အရှင်ဘဝရှင်မင်းတရားကြီး ကြားတော်မူလေလျှင် ဆဒ္ဒန်ရတနာ ဆင်ဖြူတော်ကို ရွှေဖောင်နှင့်တင်၍ ရွှေလောင်းဆွဲလှေငင် လှေခန့်ထားစီရင်ပြီးလျှင် ဟံသာဝတီမြို့ဝန်၊ရေဝန်တို့ကြီးကြပ်ဆောင်ယူခဲ့စေဟုအမိန့်တော်ရှိ၍ှ အလျှောက်ထားသူ တို့ကို မှာထားပြန်စေသည်။
ဟံသာဝတီ မြို့ဝန်၊ ရေဝန်တို့သည်လည်း စေသူတို့ရောက်လျှင် ဆဒ္ဒန်ဆင်ဖြူတော်ကို ရွှေဖောင်ဝယ်တင်၍ ရွှေလောင်းလက်ပြည့်ငင်စေပြီးလျှင် ရွှေဖောင်တော် ၀ဲယာရှေ့နောက် ပွဲသဘင်စုံ ခြံရံတီးမှုတ်လျက် ဟံသာဝတီရေ၀န် နော်ရထာကျော်ခေါင်ကြီးကြပ်ဆောင်ယူ ဆန်တက်ခဲ့ရ၏။
ဆင်ဖြူများသခင် ဘဝရှင်မင်းတရားကြီးဘုရားလည်း မင်းကွန်းတဖက် အလယ်ကျွန်းစံနန်းတော်ရှေ့တွင် ဖန်မှန်ပတ္တမြားစီခြယ်သည့် ရွှေအတိပြီးသော ဘုံငါးဆင့်ရှိသော တန်ဆောင်း၊ ပြသာဒ်တစ်ဆောင်၊ လက်ဝဲလက်ယာဘုံသုံးဆင့်ရှိသော ရွှေပြဿဒ်နှစ်ဆောင်၊ နှစ်ထပ်လည်ပေါ်ဆောင် ခြောက်ဆောင်၊ ကြီးကျယ်သာယာသော ဘုံငါးဆင့်ရှိသော တန်ဆောင်း၊ ပြဿာဒ်အတွင်း ဖန်မှန်ပတ္တမြားခြယ်လှယ်သော ဇမ္ဗူရာဇ် ရွှေစင်အတိပြီးသော မှီတိုင် မှီတုံးအုံးမွေ့ရာ အစုံနှင့် ဆင်မင်းနန်းကို စီရင်ဆောက်ထားစေသည်။
ကြည်းကြောင်းကလည်း ပုဂံမြို့ကသည် မင်းကွန်းတဖက် အလယ်ကျွန်းရောက် ဧရာဝတီမြစ်ထိပ် လက်ဝဲလက်ယာ ပွဲသဘင်၊ ရာဇမတ်၊ ငှက်ပျောပင်ရှင်၊ ကြံပင်ရှင်၊ ပစ္စူ၊ ယမြား၊ ကုက္ကား၊ တန်ခွန်၊ မြူတာရေပြည့်ပန်းစုံခိုက်၊ ရေကြောင်းကလည်း ရွှေလှေ ရွှေလှောင်းပွဲသဘင် တူရိယာ အစုံနှင့် တစ်မြို့ကသည် တစ်မြို့၊ တစ်ရွာကသည် တစ်ရွာ အဆက်အလက်မပြတ် ကြည်းရေ စီရင်တော်မူသည်။ စခန်းတိုင်းကိုလည်း ရွှေအတိပြီးသော တန်ဆောင်းပြာဿာဒ်ဆောက်လုပ်ရသည်။စစ်ကိုင်းမြို့မြစ်ကမ်းဆိပ်၊ ရွှေမြို့တော်မြစ်ကမ်း ဆိပ်များတွင် ရွှေအတိ ဖန်မှုန့်တို့ဖြင့်ပြီးသော တန်ဆောင်းပြာဿာဒ် ဆောက်လုပ်စေသည်။
ယင်းသို့မှ ဆင်ဖြူများသခင် ဘ၀ရှင်မင်းတရားကြီးမှာ ပြည်ကြီးမွန်ဖောင်တော်နှင့် အရှင်မိဘုရားခေါင်ကြီးဘုရား၊ သားတော်၊ မြေးတော်၊ ဆွေတော်၊ မျိုးတော်၊ မှူးတော်၊ မတ်တော်၊ ဗိုလ်မှူး တပ်မှူး၊ သူရဲသူဆက်အပေါင်းခြံရံလျက် ကြည်းကြောင်း၊ ရေကြောင်း စစ်အင် ၇၄ပါး နှင့် သက္ကရာဇ် ၁၁၆၈ခု တန်ဆောင်မုန်းလတွင် ဆဒ္ဒန်ဆင်ဖြူကို ပုဂံမြို့ရောက် ကြိုတော်မူသည်။ ပုဂံမြို့တွင် စံတော်မူခိုက် ရွှေဂူဘုရား တည်တော်မူသည်။ ဆဒ္ဒန်ဆင်မင်း ကြိုယူတော်မူ၍ ပုဂံမြို့ကသည် စခန်းအတိုင်း ပြည်သူပြည်သားတို့ အဖူးအမြှော်ခံ၍ ကြည်းရေငြိမ့်မွမ်းလျက် ဆဒ္ဒန်ဆင်ဖြူတော်ကို ကြိုယူဆန်တက်တော်မူသည်။
သက္ကရာဇ် ၁၁၆၈ခု၊ နတ်တော်လပြည့်ကျော် ၄ရက်နေ့ စစ်ကိုင်းမြို့သို့ရောက်လျှင် ဖန်မှန်ပတ္တမြား စီခြယ်သော တန်ဆောင်း ရွှေပြာဿာဒ်ဝယ် ဆဒ္ဒန်ဆင်ဖြူတော်ကို တင်ထားတော်မူသည်။ ပွဲသဘင်ကြီးစွာလည်း စံတော်မူသည်။ ထိုတွင် ၃ရက် ပြည်သူပြည်သားတို့ အဖူးအမြော်ကိုခံတော်မူလျက် ၅ရက် ပွဲသဘင်ခံ၍ နေတော်မူသည်။
ရွှေနန်းတော်က ဆန်တက်တော်မူ၍ မင်းကွန်းအလယ်ကျွန်းဆိပ်သို့ရောက်လျှင် နန်းတော်ဦး ဆင်မင်းနန်းတော်ကသည် မြစ်ကမ်းဆိပ်ရောက်တက်လမ်း တလျှောက်ကို လက်ဝဲလက်ယာ ရာဇမတ်ကာ၍ ငှက်ပျောပင်ရှင်၊ ကြံပင်ရှင်၊ ညောင်ရေအိုး ပန်းစုံခိုက်၊ တံခွန်၊ ကုက္ကား၊ မုလေးပွား၊ ယမြား၊ ပစ္စူ ခိုက်ထားစေသည်။ လမ်းကိုသဲမွေ့ကြဲပြီးလျှင် ကော်ဇောခင်းရသည်။ ခင်းထားသည့် ကော်ဇောထက် ဆဒ္ဒန်ဆင်ဖြူတော်ကို လျှောက်သွားစေပြီးလျှင် ရွှေငွေဖန်မှုန့်တို့ဖြင့် ပြီးသော ဆင်မင်းနန်းတွင် ဆဒ္ဒန်ရတနာ ဆင်ဖြူတော်ကို သိမ်းတော်မူရမည့် အခမ်းအနားများကို ဆရာတော်၊ သံဃာတော်၊ ပုဏ္ဏားပညာရှိ၊လူပညာရှိတို့ကပိဋကတ်ကျမ်းဂန်လောကီစာဟောင်း စာတမ်းထွက်ရှိသည် များနှင့် လျှောက်ထားကြစေ အမိန့်တော်ရှိ၍ သာသနာပြုဆရာတော် စသော ဆရာတော်၊ သံဃာတော်၊ ပုဏ္ဏားပညာရှိတို့ လျှောက်ထားကြသည်ကား –
“ယခု ဘုန်းတော် သမ္မာတော်ကြောင့် ရအပ်သော ဆင်ဖြူရတနာသည် ဘုရားအလောင်းတော် ဝေဿန္တရာမင်းကြီး ဖွားတော်မူသောနေ့ ဆဒ္ဒန်အမျိုးဖြစ်သော ဆင်ဖြူရတနာကို ဆင်တင်းကုပ်၌ အမိဆင်မထားသောသကဲ့သို့ လည်းကောင်း၊ ဒုဋ္ဌဂါမဏိမင်းကြီးလက်ထက် ဆဒ္ဒန်အမျိုးဖြစ်သော ဆင်ဖြူရတနာကို မြို့ရွာအနီး ကဏ္ဍုလ မြစ်ဖျား၌အမိဆင်မထားသောသကဲ့သို့လည်းကောင်း၊ယခုလည်း ဘုန်းတော်သမ္မာတော်ကြောင့် ကိုယ်အလုံးဖြူစင်နူးညံ့စွာသော ဆဒ္ဒန်အစစ်ဖြစ်သော ဆင်ဖြူရတနာကို နိဗ္ဗာန်ရွာအနီး၌ နတ်တို့ဖန်ဆင်း၍ အမိဆင်မထားလာရသည် ဖြစ်ပါသည်။”
ဆဒ္ဒန်ဆင်ဖြူတော်ကို သိမ်းတော်မူရမည်မှာ မဟာသုဒဿနစကြာမန္ဓာတ်မင်း၊ ဗာရာဏသီ ဗြဟ္မဒတ်မင်း၊ ဝေဿန္တာရာမင်း၊ ဒုဋ္ဌဂါမဏိမင်းတို့ ဆင်ဖြူရတနာကို သိမ်းတော်မူသည့် ကျမ်းဂန်ဇာတ်နိပါတ် ထွက်ရှိသည့်အတိုင်း ရတနာဆင်ဖြူတော်ထားရန် ရွှေငွေဖန်မှုန့်တို့ဖြင့် ပြီးသော ဆန်းကြယ်စွာသော တန်ဆောင်းပြဿာဒ်ကို စီရင်ခြင်း၊ အထူးထူးအထွေထွေသော အဆင်တော်အဆောင်အယောင် အခင်းအကျင်းတို့ကို စီရင်ခြင်း၊ ဆင်တော်ကို ဆင်ယင်ရန် အဖိုးများစွာထိုက်သော တန်ဆာတို့ကို စီရင်ခြင်း၊ ဆင်တော်ကို ဆင်ယင်ရန် အဖိုးများစွာထိုက်သော တန်ဆာတို့ကို စီရင်ခြင်း၊ ပြည်ကိုတန်ဆာဆင်၍ ဆင်တော်ဆောင်ယူအံ့သော ခရီးလမ်းတလျှောက်ကို စီရင်ခြင်း၊ ဆင်တော်ရှေ့သို့ဆောင်ယူရန် အခမ်းအနားကို စီရင်ခြင်း၊ ဆင်တော်ကို ဘိသိက်သွန်းတော်မူမည်ကို စီရင်ခြင်း၊ ဆင်တော်ကို ဘွဲ့နာမံတပ်တော်မူမည်ကို စီရင်ခြင်း၊ ဆင်တော်ကို ချီးမြှင့်ပြုစုတော်မူမည်ကို စီရင်ခြင်း၊ ဆင်တော်ကို ခြေတော်တင်တော်မူမည်ကို စီရင်ခြင်း၊ ဤသို့ဆယ်ပါးသော အစီအရင်တို့ကို အခမ်းအနားကြီးကျယ်စွာ စီရင်၍ သိမ်းတော်မူသင့်ကြောင်းနှင့် တညီတညွတ်တည်း လျှောက်ထားကြသည်တွင်ဆဒ္ဒန်ဆင်ဖြူတော် ခေါင်းဆေးသင်္ကြန်ခေါ်မည်ကို စီရင်ရသည်ကား –
ဆဒ္ဒန်ဆင်ဖြူတော်ကို သင်္ကြန်ခေါ်ရန် စံနန်းတော် အနောက်မြောက်ယွန်း သောင်ပြင်တွင် သင်္ကြန်ခေါ်တန်ဆောင်း၊ ပရိတ်နာတန်ဆောင်း၊ ဆဒ္ဒန်ဆင်ဖြူတော်ကို တန်ဆာဆင်ယင်ရန် တန်ဆောင်း၊ သမ္မာဒေ၀နတ်ပူဇော်ရန် တန်ဆောင်း၊ သင်္ကြန်ရေတော်ထားရန် တန်ဆောင်း၊ ဘုံသုံးဆင့်တန်ဆောင်း၊ ပြဿာဒ်ခုနှစ်ဆောင် စမြင်ပါ ဆောက်လုပ်၍ အတွင်းအပြင်ပိတ် ရမထီ ကြက်လွှမ်းပြီးလျှင် သတောင်းလည်ကြာ ယပ်သုံးဆင့်စီ ဆွဲရသည်။ သစ်သီးမျိုးစုံ၊ ပန်းမျိုးစုံထားရန်၊ မင်းညီမင်းသားတို့နေရန်၊ မှူးတော်မတ်တော်တို့နေရန်၊ လက်ဝဲလက်ယာပွဲသဘင် အတီးအကတို့နေရန်၊ စကြောတဲကန္နားပြင်ပါ ငါးဆောင်၊ အရံဆင်တော်စုနေရန် ကန္နားပြင်ကြီးလေးဆောင် ဆောက်လုပ်ပြီးလျှင် ၀င်းလေးမျက်နှာကာရံ၍ တန်ဆောင်းပြဿာဒ်များမှာ ငှက်ပျောပင်ရှင်၊ ကြံပင်ရှင်၊ တံခွန်၊ ကုက္ကား၊ မုလေးပွား၊ ယမြား၊ ပစ္စူ၊ ရေပြည့်မြူတာ ပန်းစုံခိုက်၊ သစ်သီးဆိုင်း၊ ပန်းဆိုင်း၊ အမွှေးအထုံတို့ဖြင့် တန်ဆာဆင်ယင်ကျင်းပရသည်။ ဂင်္ဂါရေ၊ အန၀တတ်ရေ၊ အုတ်သစ်ရေ၊ ကျူဝန်းလက်ပံရေတော်များကိုလည်း ရဇ္ဇာဘိသေကသင်္ကြန်တော်တွင် ဆောင်ယူသည့်နည်း စီရင်ခန့်ထား ကျင်းပဆောင်ယူစေ၍ ရထားတန်ဆောင်းတွင် သွင်းထားရသည်။
သင်္ကြန်တန်ဆောင်း၊ နင်းကြမ်းခင်းရန် မြစ်လယ်မြေ၊ ဂင်္ဂါမြေ၊ ဝက်စွယ်၌ပါသောမြေ၊ နပုန်းအိမ်အောက်မြေ၊ ကမ်းလေးခွမြေ၊ တောင်ပို့မြေ၊ ဆင်စွယ်၌ပါသောမြေ၊ မင်းအိမ်တံခါးမြေ၊ နွားလားဥဿဘ ဦးချို၌ပါသောမြေ၊ အဓိကလယ်ကြီးမြေ၊ တောင်ထိပ်မြေ၊ ထွန်သွားတွင် ကပ်သောမြေ၊ နတ်စင်အောက်မြေ၊ ဘုရားအဓိကမြေတို့ကို အသီးသီးဆိုင်ရာဆင့်ဆို ခန့်ထားဆောင်ယူစေ၍ဆဒ္ဒန်ဆင်ဖြူတော်သင်္ကြန် တန်ဆောင်းနင်းကြမ်းအောက်ခံလုပ် ရ သည်။
သင်္ကြန်တော်အခါ မရောက်မီ တရက်က အသီတိရဟန္တာရုပ်ထု ၈ပါး၊ အရိယာသံဃာတော် ၈ပါးကို ပင့်၍ ပရိတ်နာ တန်ဆောင်းမှာ ပရိတ်တော် ဂုဏ်တော်များကို ရွတ်ဖတ် သရဇ္ဖာယ်ရသည်။
အခမ်းအနားစီရင်ပြီး၍ သင်္ကြန်အခါနီးလျှင် ဆင်မင်းနန်းက သင်္ကြန်တန်ဆောင်းသို့ ဆောင်ယူသည်မှာ ရှေ့ခြောက်တပ်၊ နောက်ခြောက်တပ် ခင်းကျင်းလိုက်ရသည်။ ထို့ပြင် ရှေ့ဖျား စမြောင်သိုင်းနှင့် ယင်းနောက် သူဌေးသူကြွယ်။ ယင်းနောက် ၈ပါးပုဏ္ဏားစု။ ယင်းနောက် ရွှေပုစွန်ဆီ အလံကြီး ယင်းနောက် ချပ်တန်ဆာနှင့် သေနတ်စွဲသူရဲ ၂ဝဝ၊ ယင်းနောက် ချပ်တန်ဆာနှင့် ရွှေလှံစွဲ သူရဲ ၂၀၀။ ယင်းနောက် ချပ်တန်ဆာနှင့် ရွှေခါး၊ ရွှေလွှား၊ ရွှေကာစွဲ သူရဲ ၂ဝဝ။ ယင်းနောက် စည်တော်ခုံ။ ယင်းနောက် ဆဒ္ဒန်ဆင်ဖြူတော်ကို သနားတော်မူသည့် ထီးဖြူတော်ကို ၄စင်းနှင့် မင်းခမ်းတော်အစုံများကို ၄ဝတော်၊ ၅ဝတော်တို့ မောင်း၊ နားတောင်း၊ ဝတ်လုံ၊ စလွယ် ဆင်ယင်၍ ခွဲကိုင်လိုက်ရသည်။ ယင်းနောက် ဘိသိက်တော်ဆက် ရှစ်ပါး၊ ပုဏ္ဏားကြီး ၈ပါး၊ ယင်းနောက် အရံဆင်တော်ခုံ၊ ယင်းနောက် နေ့ကျော်သား မှူးကြီး မတ်ကြီးတို့ ဆဒ္ဒန်ဆင်ဖြူတော်ကို လက်ဝဲလက်ယာ မစ၍ လိုက်ရသည်။ ယင်းနောက် လက်ယာအရံ၊ လက်ဝဲအရံ ဆင်တော်စု။ ယင်းနောက် သားတော် အိမ်ရှေ့မင်း။ မြေးတော် စစ်ကိုင်းမင်း။ ယင်းနောက် မင်းသား မင်းမြေး ဆွေတော် မျိုးတော်စု။ ယင်းနောက် မှူးတော် မတ်တော်။ ယင်းနောက် စုရေး စုကိုင်၊ ဒိုင်းမှူး၊ သင်းမှူး၊ သွေးသောက်စု၊ မြေးတော်သည်တို့ သနားတော်ခံရသည့် မောင်း၊ နားတောင်း၊ ၀တ်လုံစလွယ် ဘွဲ့ဖြူဆင်ယင်၍ လိုက်ကြရသည်။ သင်္ကြန်တန်ဆောင်းသို့ ရောက်လျှင် မြောက်သို့ဦးခေါင်းမူလျက် ပွဲသဘင် စုံခံ၍ အခါတော်ကို ငံ့လင့်နေရသည်။
အခါတော်စောင့် ပုဏ္ဏားပညာရှိတို့က အခါတော်ရောက်ပြီကြားလျှင် သားတော်ပြည်မင်း ဓမ္မရာဇာ၊ သားတော် တောင်ငူမင်း၊ သတိုးဓမ္မရာဇာ၊ သားတော် ပုဂံမင်း၊ သတိုးမင်းဖျား၊ သားတော် ပုခန်းမင်းသား၊ သတိုးမင်းရဲကျော်ခေါင်တို့ သက္ကရာဇ် ၁၁၆၈ခု၊ တပို့တွဲလပြည့်ကျော် ၁၃ရက်နေ့ ကောင်းမြတ်သော အခါတွင် တရော်ရည်၊ ကင်ပွန်းရည်တို့ဖြင့် ဆဒ္ဒန်ဆင်ဖြူတော်ကို ဦးခေါင်းဆေး၍ သင်္ကြန်ရေ၊ ပရိတ်တော်ရေတို့ဖြင့် သွန်းလောင်းရသည်။
ပြီးလျှင် တန်ဆာဆင်သော တန်ဆောင်း၊ ပြဿာဒ်သို့ ဆောင်ယူ၍ ရတနာကိုးပါးတို့ဖြင့် ဆန်းကြယ်စွာ ခြယ်လှယ်လုပ်ဆောင်သော အဖိုးခုနှစ်သိန်း ခုနှစ်ထောင့်ရှစ်ဆယ့်ရှစ် ထိုက်သော ရတနာဦးကင်းဖုံး၊ ရတနာနားဆွဲ၊ ရတနာမျက်နှာကပ်၊ ရတနာစွယ်ခွေး၊ ရတနာလည်ဆွဲ၊ ရတနာရွှေချူ၊ ရတနာလက်ကောက်၊ ရတနာခြေကျဉ်း၊ ရတနာကြိုး၊ ရတနာကွန်ချာ တန်ဆာတော်များကို ဆင်ယင်စေသည်။ အရံဆင်တော်များကိုလည်း တချိန်တခါတည်း ဦးခေါင်းဆေးရသည်။ ပြီးလျှင် ရှေ့ခြောက်တပ်၊ နောက်ခြောက်တပ်နှင့် စီစဉ်ခင်းကျင်းမြဲအတိုင်း ဆဒ္ဒန်ဆင်ဖြူတော်ကို ဆင်မင်းနန်းသို့ ဆောင်ယူသည်။ ပွဲသဘင်စုံလည်း ခံရပေ။
ထို့နောက် သက္ကရာဇ် ၁၁၆၈ခု၊ တပို့တွဲလပြည့်ကျော် ၁၄ရက်နေ့ ကောင်းမြတ်သော အခါတော်မြတ်၌ မင်းတို့အဆင်အလာအတိုင်း ဆဒ္ဒန်ဆင်ဖြူတော်ကို မင်းတရားကြီးသည် သိမ်းယူတော်မူသည်။
ပြီးလျှင်ဘုန်းတော်အလွန်ကြီးမြတ်တော်မူလှသောဆင်ဖြူများရှင်လက်နက်စင်္ကြာသခင် အရှင်ဘဝရှင်မင်းတရားကြီးဘုရားက –
“ကျွန်းငယ်အရံငါးရွာရှိသော လေးကျွန်းလုံးကို အစားရသော သဗ္ဗညုတ ဘုရားအလောင်းစင်္ကြာ မန္ဓာတ်မင်းတို့ကဲ့သို့ ဖြည့်ကျင့်တော်မူသည်။ ဘုန်းတော် ပါရမီတော်ကြောင့် ရအပ်သော ဆဒ္ဒန်ဆင်ဖြူတော်ကို တံဆိပ်နာမံ ကျောက်စီရွှေဘွဲ့အခြွေအရံ ရွှေလှံ ရွှေခါး ရွှေလွှား ရွှေကာ သေနတ်မီးပေါက် အတီးအမှုတ် စည်တော်စုံ ထီးဖြူသော မင်းမြှောက်တန်ဆာငါးပါး၊ မင်းခမ်းမင်းနားအစုံနှင့်တကွ အပ်တော်မူ၍ ဖန်မှုန့်ပတ္တမြား မွမ်းမံစီခြယ်သော ရွှေနန်းပြဿာဒ်နှင့် ချီးမြှင့်ပြုစုတော်မူသည်။ ငါအရှင် ဧက္ကရာဇ်မင်းမြတ် အကျိုးတော်၊ သာသနာတော်မြတ်စီးပွား၊ ပြည်သူ၊ လူ၊ ရဟန်းတို့စီးပွားဖြစ်မည့်အကြောင်း၊ မိုးလေဖြောင့်မှန်၍ ပြည်ထဲလေးမျက်နှာ ၀ပြော သာယာငြိမ်းချမ်းမည့် အကြောင်းကို ကြည့်ရှုရမည်” အမိန့်တော်ရှိသည်။
ပြီးလျှင် သံတော်ဆင့် သီရိနန္ဒကျော်က “နိဗ္ဗာန ပစ္စယနာဂရာဇာ” ဟူသော ဘွဲ့တော်ကို ကွမ်းခွက်မှာယူ၍ ဆဒ္ဒန်ဆင်ဖြူတော်ကို လက်ယာက တုပ်ပျပ်လျက် ဖတ်လျှောက်၍ ဆဒ္ဒန်ဆင်ဖြူတော်ကို ဘွဲ့တပ်ချီသည်။ပြီးလျှင် အရံဆင်တော်များကိုလည်း သံတော်ဆင့် အဆောင်မြဲတို့ ဖတ်လျှောက်၍ အသီးသီးဘွဲ့တပ်ကြရသည်။ ပြီးလျှင် လက်ဖွဲ့တော်စာကို လျှောက်တင်ရသည်။
ပြီးလျှင် ဆဒ္ဒန်ဆင်မင်းကို တွေ့မြင်၍ သူငပန်းဦးကို ဗျတ္တသီရိဘွဲ့၊ ငတော်ကို ဗျတ္တသူရိန်ဘွဲ့၊ ငကနီကို ဗျတ္တဇေယျဘွဲ့၊ ငမောင်ကို ဗျတ္တဇောတဘွဲ့နှင့် ငွေစင်ငါးရာ၊ ရွှေဖလားငါးရာ၊ ငွေဖလားငါးရာ၊ ပိတ်အုပ်ငါးရာ၊ ကမ္ဗလာငါးရာ၊ ဆာပါအုပ်ငါးရာ၊ ပိုးကျင်စုံပုဆိုးငါးရာ တို့ကို ဆုပေးတော်မူမည်။
အမတ်ကြီး မဟာမင်းလှကို ဆဒ္ဒန်ဆင်မင်း၊ ရွှေတောင်နရွာကျော်၊ ရွှေတောင်သီဟကျော်သူတို့ကို ဆဒ္ဒန်ဆင်မင်းဝန်ထောက်၊ ဂဇကျော်သူ၊ လက်ဝဲဇေယျတို့ကို ဆဒ္ဒန်ဆင်မင်းနားခံ၊ ဘယကျော်စွာ ဘယနန်သူတို့ကို ဆဒ္ဒန်ဆင်မင်း စာရေးကြီး ခန့်တော်မူ၍ ဆင်မင်းနန်းမှာ တက်သက်စီရင် ထိန်းအုပ်ရသည်။
ဗဒုံမင်းနောက်ဆက်ခံသောမြေးတော် စစ်ကိုင်းမင်း (ဘကြီးတော်မင်းတရား)သည် လည်း ဆင်ဖြူရှင်ဘွဲ့ခံခဲ့သည်။ သူ၏လက်ထက် (အေဒီ ၁၈၁၉ – ၁၈၃၇)တွင် ယောမြို့ ကျေး၊ ကျောက်စရစ်ကန် ချောင်းအရပ်မှရသော ဆင်ဖြူတော်ကို ရှေးအစဉ်အလာအတိုင်း သိမ်းယူ၍ပြီး အရုဏဂီရိဘွဲ့အပ်နှင်းကာ ဆင်ဖြူရှင်ဘွဲ့ခံခြင်းဖြစ်သည်။ စစ်ကိုင်းမင်းပိုင်သော အခြားဆင်ဖြူရှင် (၆)စီးမှာ (၁)ရတနာပြောင်မွန် (၂)ပုဂံတမူး (၃)ရတနာကုမုဒ် (၄)ဥပေါတသ (၅)နောင်ရင်း (၆)ဘုန်းရောင်တောက် တို့ဖြစ်သည်။
စစ်ကိုင်းမင်းနောက် ဆက်ခံသော သာယာဝတီမင်း၊ ပုဂံမင်းတို့ လက်ထက်တွင် ဆင်ဖြူတော် ရရှိကြောင်း၊ ဆင်ဖြူရှင်ဘွဲ့ခံကြောင်းကို မတွေ့ရချေ။
မင်းတုန်းမင်းတရားကြီးလက်ထက် (အေဒီ ၁၈၅၃ – ၁၈၇၈)တွင် ဆင်ဖြူတော်အထီး (၇)စီး၊ အမ (၅)စီး စုစုပေါင်း (၁၂)စီးတို့ကို လက်အောက်ခံ စော်ဘွားစော်ခံ၊ မြို့ဝန်၊ မြို့အုပ်တို့က ဆက်သသောကြောင့် ဆင်ဖြူတော်သိမ်းပွဲသဘင်များခံကာ ဆင်ဖြူတော်များကို ဘွဲ့အမည်များ ပေးအပ်ခဲ့သည်။ ဆင်ဖြူတော်ဘွဲ့အမည်များမှာ (၁)မာတင်ပြောင်မွန် (၂)လေးကျွန်းရန်အောင် (၃)ဇမ္ဗူတန်ဆောင်း (၄)ဇမ္ဗူတံဆိပ် (၅)ဘဒ္ဒါဝတီ (၆)ဇမ္ဗူကျက်သရေ (၇)ဘုန်းရောင်ရွှန်းပွင့် (၈)ဘိုးခေါင်ရင့်မာ (၉)ဘုန်းရောင်ရွှန်း (၁၀)ဘုန်းတောက်ပ (၁၁)ဘုန်းရောင်ဝင်း (၁၂)မောရိယ ပစ္စယနာဂရာဇာ တို့ဖြစ်သည်။
မင်းတုန်းမင်းလက်ထက်တွင်မြန်မာသက္ကရာဇ်၁၂၃၉ခုနှစ် တန်ဆောင်မုန်းလပြည့်ကျော် ၆ရက် (ခရစ် ၁၈၇၇ခုနှစ် နိုဝင်ဘာလ ၂၆ရက်) တနင်္လာနေ့တွင် ထားဝယ်မြို့မှ ဆက်သသည့် သီရိမဟာသုဘတ္တရတနာဆင်ဖြူတော်မကို မင်းတုန်းမင်းတရားကြီးက အလယ်နန်းမိဖုရားအား ပေးသနားတော်မူခဲ့ရာ ယင်းမိဘုရားသည် ဆင်ဖြူမရှင် မိဘုရားကြီးဟု ဘွဲ့အမည်တွင်ခဲ့သည်။
သီပေါမင်းလက်ထက် (အေဒီ ၁၈၇၈ – ၁၈၈၅)တွင် ဆင်ဖြူတော် (၂)စီး ရှိပြီးဖြစ်သည်။ တစီးမှာ ‘မောရိယပစ္စယနာဂရာဇာ’ ဖြစ်ပြီး၊ အခြားဆင်မတစ်စီးမှာ ‘သီရိမဟာသုဘတ္တာ’ ဖြစ်သည်။ ကုန်းဘောင်မဟာရာဇ၀င်တော်ကြီးတွင် မြန်မာနှစ် ၁၂၄၆ခုနှစ် နယုန်လဆန်း ၁၄ရက် (ခရစ် ၁၈၈၄ခုနှစ် ဇွန်လ ၇ရက်) စနေနေ့တွင် ထိုဆင်ဖြူတော်နှစ်စီးကို ဦးဆေးသင်္ကြန်အခမ်းအနား ပြုလုပ်ကြောင်း ဖော်ပြထားသည်။
ထို့နောက် သီပေါမင်းလက်ထက်တွင် မြန်မာနှစ် ၁၂၄၇ခုနှစ် ကဆုန်လတွင် ဇေယတိုင်း တောင်ငူမြို့ ရန်အောင်မြင်တောမှ ဆင်ဖြူတော်တစီးရရှိခဲ့ရာ ‘ဇေယဝ ပစ္စယနာဂရာဇာ’ဟု ဘွဲ့အမည်ပေးခဲ့သည်။ ဆင်မင်းဝန်တို့မှာ မင်းလှမင်းကျော်သီရိဦးထုပ်နှင့် ဦးတိုးတို့ဖြစ်ပြီး ဆင်ဝန်မှာ မဟာမင်းထင်မင်းခေါင် ဦးတက်ဖြစ်သည်။ သီပေါမင်း ဆင်ဖြူတော်ရရှိသည်မှာ ပါတော်မမူခင် (၆)လခန့်က ဖြစ်သည်။ ၁၈၈၅ နိုဝင်ဘာ ၂၉တွင် သီပေါမင်းပါတော်မူပြီးနောက် ဆင်ဖြူတော်သည် မန္တလေးနန်းတော်အတွင်းရှိ ဆင်နန်းတွင်ပင် ဆက်လက်ထားရှိသည်။ သို့သော် မြန်မာမင်းလက်ထက်ကကဲ့သို့ တခမ်းတနား စောင့်ရှောက်မှု မရှိတော့ချေ။
ခရစ်နှစ် ၁၈၈၇ခုနှစ် ညတစ်ညတွင် အင်္ဂလိပ် အစိုးရက ဆင်ဖြူတော်ကို မီးသဘောင်္ဖြင့် တင်ဆောင်၍ ရန်ကုန်သို့ သယ်ယူသွားခဲ့သည်။ မည်သူမျှ မသိလိုက်ပေ။ ဆင်ဖြူတော်ကို ရန်ကုန်မြို့ တိရစ္ဆာန်ရုံ၌ ထားရှိသည်။ ထိုစဉ်က ရန်ကုန်တိရစ္ဆာန်ရုံသည် ယခု ရန်ကုန်ပြည်သူ့ဆေးရုံကြီးဝင်းအတွင်းတွင် ရှိသည်။ ထို့နောက် ၁၉၁ဝ ပြည့်နှစ်တွင် အဆိုပါ ဆင်ဖြူတော်သည် မုန်ယိုသည့်အတွက် ဗြိတိသျှခြေလျင်တပ်သားများက သေနတ်ဖြင့် ပစ်သတ်လိုက်ကြသည်။
ဆင်ဖြူရှင်တော်ကို မြန်မာတိုင်းရင်းသားများဖြစ်ကြသော မွန် နှင့် ရခိုင်မင်း တို့သည် ဆင်ဖြူတော်ကို အထူးလေးစား အမြတ်တနိုးရှိကြသည်။ ဟံသာဝတီ ပဲခူးတွင် စိုးစံခဲ့သော ၀ါရီဂူမင်းသည် သောက္ကတေး(ဘူခိုထိုင်း)မင်း၏ သမီးတော် ပင်တိုင်စံကိုယူပြီး မုတ္တမသို့ ထွက်လာခဲ့သည်။ မုတ္တမတွင် မြို့စားဖြစ်လာပြီး မကြာမီ ဟံသာဝတီ ပဲခူးတွင် နန်းရပြီးနောက် ခရစ် ၁၂၈၇ ဇန်န၀ါရီလ ၃၀တွင် မုတ္တမမြို့တွင် ၀ါရီရူမင်းဆက်ကို တည်ထောင်ခဲ့သည်။ မင်းဖြစ်ပြီးသောအခါ ယောက္ခမတော် သောက္ကတေးမင်းက အေဒီ ၁၂၉၃တွင် ဆင်ဖြူတစ်စီး ဆက်သသည်။ ၀ါရီရူမင်းသည် အေဒီ ၁၂၈၇မှ ၁၂၉၆အထိ မင်းပြုစဉ် တိုင်းပြည်စည်ပင်သာယာသည်။ ပညာရှင်များအား စုဝေးစေပြီး ဓမ္မသတ်တစောင် ပြုစုစေခဲ့ရာ ၀ါရီရူဓမ္မသတ်ဟုတွင်ခဲ့သည်။
ဤမင်းဆက်မှ သတ္တမမြောက်မင်းဖြစ်သော ဗညားဦး (၁၃၄၈ – ၁၃၈၃)သည်လည်း ဆင်ဖြူရှင်ဘွဲ့ခံခဲ့သည်။ သူ့နောက်ဆက်ခံသော သားတော် ရာဇဓိရာဇ် (၁၃၈၃ – ၁၄၂၁)သည် မွန်ဘုရင်များအနက် အလွန်ထင်ရှားသူဖြစ်သည်။ ရာဇဓိရာဇ်အား အယုဒ္ဓယဘုရင် ရာမေဘွန်က ဆင်ဖြူရှင်တစ်စီး ဆက်သရာ အမတ်ချုပ်ကြီး အမတ်ထိန်နှင့် အမတ်ဗြတ်စတို့ကို ကမန်ပိုက်အရပ်အထိ သွားရောက်စေပြီး ဆင်ဖြူတော်ကို အခမ်းအနားနှင့် ကြိုဆိုစေသည်။
ရခိုင်မင်းများအနက် ဆင်ဖြူတော်ဆက်သခံရ၍ ဆင်ဖြူရှင်ဘွဲ့ခံသော မင်းများရှိခဲ့ရာ မြောက်ဦးမင်းဆက် (အေဒီ ၁၄၃ဝ – ၁၇၈၅)မှ မင်းဖလောင်း၏သားတော် မင်းရာဇာကြီး (အေဒီ ၁၅၉၃ – ၁၆၁၂)သည် ဆင်ဖြူရှင်ဘွဲ့ခံပြီး ဆုတံဆိပ်တော်နှင့် ဆင်ဖြူရှင်ဘွဲ့ခံသော ငွေဒင်္ဂါများ သွန်းလုပ်ခဲ့သည်။
စာကိုး
၁။ ဦးမောင်မောင်တင် (K.S.M.,A.T.M)၊ ရွှေနန်းသုံးဝေါဟာရ အဘိဓာန်၊ ရန်ကုန်၊ ရာပြည့်စာအုပ်တိုက် တကြိမ် ၂၀၀၅။

၂။ ဦးကုလား၊ ရာဇဝင်ချုပ်၊ ရာပြည့်စာအုပ်တိုက်၊ ဒုကြိမ် ၂၀၁၁။

၃။ ရှေးဟောင်းစာပေ သုတေသီတဦး၊ မြန်မာ့နန်းသုံးဆင် (မြန်မာမှုအစဉ်အလာနှင့် ဆင်ရတနာသုတေသီလက်စွဲ) အတွဲ ၁၊၂။ (လက်နှိပ်စက်မူ)

၎။ မောင်သန်းဆွေ(ထားဝယ်)၊ “မြန်မာမှုအစဉ်အလာနှင့် ဆင်ဖြူရတနာ” သူရဇ္ဇမဂ္ဂဇင်း အတွဲ ၁၂၊ အမှတ် ၆ (၂ဝ၁၂၊ ဇွန်လ)။ အမှတ် ၇ (၂ဝ၁၂ ဇူလိုင်လ)၊ အမှတ် ၈ (၂ဝ၁၂ သြဂုတ်လ)၊ အမှတ် ၉ (၂ဝ၁၂ စက်တင်ဘာ)၊ အမှတ် ၁ဝ (၂ဝ၁၂ အောက်တိုဘာလ)၊ အမှတ် ၁၁ (၂ဝ၁၂ နိုဝင်ဘာ)။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)