နွယ်နွယ်လွင် ● ကျမသိသော ဥပဒေ

August 17, 2018

နွယ်နွယ်လွင် ● ကျမသိသော ဥပဒေ
(မိုးမခ) သြဂတ်စ် ၁၇၊ ၂၀၁၈

● နိဒါန်း
မြန်မာနိုင်ငံသည် နှစ်ပေါင်း ၆၀ ကျော် စစ်အာဏာရှင်လက်အောက် ကျရောက်ခဲ့သောကြောင့် တရားမျှတမှုကို ပေးစွမ်းနိုင် သည့် ဥပဒေစနစ် ပျက်သုဉ်းခဲ့ရသည်။ ယခုလို ပွင့်လင်းလာသည့်ခေတ်တွင် မြန်မာပြည် ဥပဒေစနစ် ပြုပြင်ပြောင်းလဲရေး အတွက် ပါဝင်ပတ်သက်သူအသီးသီးက ကြိုးပမ်းနေကြသည်။ သမ္မတသစ် ဦးဝင်းမြင့်ကိုယ်တိုင်ကပင် ‘ယိမ်းယိုင်နေ သည့်တရားစီရင်ရေးစနစ်ကို ပြန်လည်တည့်မတ်မည်’ ဟု ကတိကဝတ်ထားရှိသည်ကို တွေ့ရသည်။ လက်တွေ့တွင် မြန်မာ ပြည်၏ ဥပဒေစနစ်နှင့် အတွေးအခေါ်အယူအဆများသည် ကျောက်ခေတ်ကို မကျော်လွန်နိုင်သေး၊ ဒုံရင်းဒုံရင်းပင်ဖြစ်ကြောင်း တွေ့ရှိရသည်။

ဤကဲ့သို့ ဖြစ်နေခြင်းမှ ရုန်းထွက်ရန်လိုသည်။ မည်သို့ရုန်းထွက်ရမည်နည်းဆိုသော် ဥပဒေစနစ်နှင့်အတွေးအခေါ်များကို နိုင်ငံတကာအမြင်ရှုထောင့်မှချဉ်းကပ်ပြီး မြန်မာပြည်နှင့် ကိုက်ညီသည့်စနစ်ဖြစ်လာအောင် ပြုပြင်ပြောင်းလဲရန်လိုအပ်သည်။ တဖက်တွင် တိုင်းပြည်က နိုင်ငံတကာတွင်ဝင်ဆံ့ပြီး အခြားတဖက်တွင် လူထုကနားလည်သဘောပေါက် လက်ခံကျင့် သုံး သည့် ဥပဒေစနစ်ကိုတည်ဆောက်ရန် လိုအပ်သည်။

ထိုအခါ ကျမသိသောဖွံ့ဖြိုးပြီးတိုင်းပြည်များတွင် ကျင့်သုံးလျက်ရှိသည့် ဥပဒေစနစ်နှင့် တရားမျှတမှုအကြောင်းကိုမျှဝေရန် အကြောင်းဖန်လာ၏။

● ဥပဒေကို သဘောပေါက်နားလည်ပုံ

ကမ္ဘာကအသိအမှတ်ပြုသောဥပဒေဆိုသည်မှာ အစိုးရနှင့်လူထုအကြား လူမှုပဋိညာဉ်ဖြစ်သည်။ နိုင်ငံတနိုင်ငံတွင် လူထုက အစိုးရတရပ်ကို ရွေးကောက်တင်မြှောက်ကာ အုပ်ချုပ်စေခြင်းဆိုသည်မှာ နိုင်ငံ၏အရေး (တနည်းအားဖြင့်) ထိုနိုင်ငံအတွင်း နေထိုင်သော လူ့အဖွဲ့အစည်းသဟဇာတဖြစ်ရေးနှင့် ဖွံဖြိုးတိုးတက်ရေးကိုလုပ်ဆောင်နိုင်ရန်အတွက် အာဏာနှင့် လုပ်ပိုင်ခွင့် ကို တရားဝင်အပ်နှင်းလိုက်ခြင်း ဖြစ်သည်။

ထိုသို့အပ်နှင်းရာတွင် စည်းမဲ့ဘောင်မဲ့အပ်နှင်းရသည်မဟုတ်ပေ။ လူမှုပဋိညာဉ်တခုကို လူထုနှင့်အစိုးရအကြား ချုပ်ဆိုရ သည်။ ထိုပဋိညာဉ်အရ အစိုးရဘက်က လူ့အဖွဲ့အစည်း သဟဇာတဖြစ်ရေးအတွက်ရည်ရွယ်ကာ ပြည်သူလူထုကထောက်ခံ သော အုပ်ချုပ်ရေးစနစ်၊ ဥပဒေပြုရေးစနစ်၊ တရားစီရင်ရေးစနစ်တို့ကိုဖော်ဆောင်ပြီး လူထုဘဝလုံခြုံရေးနှင့် လူ့ အခွင့်အရေး များကို ကာကွယ်ပေးရမည့်တာဝန်ရှိသည်။ ပြည်သူလူထုဘက်ကလည်း မိမိတို့၏အချို့ပုဂ္ဂလိကအခွင့်အရေးများသည် အခြားပြည်သူများကို ထိခိုက်စေနိုင်သောကြောင့် သော်လည်းကောင်း၊ မိမိတို့ကိုယ်တိုင်ရွေးချယ်ထားသော နိုင်ငံရေးစနစ်နှင့် မကိုက်ညီသောကြောင့်သော်လည်းကောင်း စွန့်လွှတ်ရသည်များ ရှိပါသည်။ စာဖတ်သူများ သို့လော သို့ လောမဖြစ်စေ ရန်အတွက် အရိုးရှင်းဆုံး ဥပမာပေးရလျှင် – လူတိုင်းတွင် ပုဂ္ဂလိကပိုင်ဆိုင်ခွင့် (property right) ရှိသည်။ သို့သော် အများ ပြည်သူပိုင်ဖြစ်သည့် လူသွားလမ်းပေါ်တက် မြေကွက်ဝယ် အိမ်ဆောက်၍ မရပေ။

သို့သော် မြန်မာနိုင်ငံတွင် ဥပဒေကို လူမှုပဋိညာဉ်ဟုအဓိပ္ပာယ်ဖွင့်သည်ကို မတွေ့ရပေ။ ထိုသို့ဖြစ်ရသည့်အကြောင်းရင်း (၂) မျိုးတွေ့ရပါသည်။ ပထမအကြောင်းရင်းမှာ မြန်မာ ပြည် သူပြည်သားများလက်ခံလိုက်ရသော လူမှုပဋိညာဉ်သည် မျှတမှုမရှိပဲ တဖက်စောင်းနင်းကျနေခြင်းကြောင့်ဖြစ်သည်။ တိုင်းပြည်တပြည်တွင် ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေသည် အမြင့်ဆုံး ဥပဒေဖြစ်သည်။ အများသိပြီးဖြစ်သည့်အတိုင်း မြန်မာပြည်တွင် ထိုအမြင့်ဆုံးဥပဒေ၏တရားဝင်မှု(legitimacy)သည် မေးခွန်းထုတ်ဖွယ်ရာဖြစ်သည်။ တရားမျှတမှုကိုအပြည့် အဝပေးစွမ်းနိုင်သည့် လူမှုပဋိညာဉ်မျိုးမဟုတ်ပေ။

ဒုတိယအကြောင်းရင်းမှာ အာဏာရှင်ယဉ်ကျေးမှုအောက်က ဥပဒေကိုအဓိပ္ပာယ်ဖွင့်ဆိုသောကြောင့် ဖြစ်သည်။ ဥပဒေ ဆိုသည်မှာ လူအများကလိုက်နာရမည့်အရာ (တနည်းအားဖြင့်) ထုတ်ပြန်ထားသောအမိန့်ဟု အဓိပ္ပာယ်ဖွင့်ကြသည်။ ထိုအဓိပ္ပာယ်အောက်တွင် ရှင်သန်ရသောလူထု၏ဘဝသည် အမြဲတစေ ဖိနှိပ်ခံရသူအဖြစ် ရှိနေဦးမည်ဖြစ်သည်။ ထိုဖိနှိပ်ခံရသူ ဘဝမှရုန်းထွက်လိုလျှင် ပထမအဆင့်အနေနှင့် ဥပဒေတိုင်းကို လူထုကလိုက်နာရမည့်အမိန့်ဟုမယူဆစေလိုပဲ လူမှုပဋိညာဉ်အဖြစ် ယူဆစေလိုပါသည်။ ဒုတိယအဆင့်အနေနှင့် လူမှု ပဋိညာဉ်တွင် ပါဝင်သောစည်းကမ်းချက်တိုင်းသည် တဖက်စောင်းနင်း ဖြစ်မဖြစ် ဆန်းစစ်သင့်သည်။

● Common Law ဥပဒေစနစ်၏ အခြေခံ

ကမ္ဘာပေါ်တွင် နိုင်ငံရေးစနစ်ကဲ့သို့ ဥပဒေစနစ်ရှိ၏။ နိုင်ငံရေးစနစ်များတွင် ဆိုရှယ်လစ်စနစ်၊ ဒီမိုကရေစီစနစ်၊ အာဏာရှင် စနစ်၊ ဘုရင်ခံစနစ် …စသဖြင့် ရှိသကဲ့သို့ ဥပဒေစနစ် တွင်လည်း Common Law စနစ်၊ Civil Law စနစ်၊ ယင်း၂ မျိုးစလုံးကို ပေါင်းစပ်ထားသည့်စနစ်၊ ဘာသာရေးကိုအခြေခံသည် ဥပဒေစနစ် စသည်တို့ ရှိကြ၏။ ယေဘုယျအားဖြင့် နိုင်ငံအများစုကျင့်သုံးလျက်ရှိသောစနစ်မှာ Common Law နှင့် Civil Law သာဖြစ်၏။ Common Law စနစ်ကို အင်္ဂလိပ်ကိုလိုနီဖြစ်ခဲ့ဖူးသော နိုင်ငံများတွင်ကျင့်သုံးကြပြီး၊ Civil Law စနစ်ကို ပြင်သစ်နှင့် ရောမအင်ပိုင်ယာအောက်ကျရောက်ဖူးသောနိုင်ငံများနှင့် ကိုလိုနီမဖြစ်ဖူးသောနိုင်ငံများတွင် ကျင့်သုံးကြသည်။

မြန်မာပြည်သည်လည်း အင်္ဂလိပ်ကိုလိုနီဖြစ်ခဲ့ဖူးသောကြောင့် Common Law စနစ်ကို ဆက်ခံကျင့်သုံးသည်။ Civil Law နှင့် Common Law ကွာခြားသည်မှာ Common Law စနစ်တွင် စီရင်ထုံးများနှင့် ပြဋ္ဌာန်းဥပဒေများသည် ဥပဒေဖြစ်၏။ Civil Law တွင် စီရင်ထုံးများက ဥပဒေမဖြစ်ပါ။ ကိုဓဥပဒေများကသာ ဥပဒေဖြစ်၏။ Common Law ၏ အဓိကမူမှာ တရားရုံးများတွင် doctrine of stare decisis ဟု ခေါ်သည့် ရှေ့ကကျိုးကြောင်းဆီလျော်စွာဆုံးဖြတ်ခဲ့သော စီရင်ထုံးကို နောက်အမှုက သွေဖည်၍မရ။ ရှေ့စီရင်ထုံးအတိုင်း လိုက်လံ ဆုံးဖြတ်ရသည်။ သွေဖည်မည်ဆိုလျှင် အကြွင်းမဲ့ယုတ္တိတန်သော ခိုင်လုံသည့်အကြောင်းပြချက် ပေးရသည်။ ဥပမာ – ရှေ့စီရင်ထုံးက မည်သူကိုမဆို နှိပ်စက်ညှဉ်းပန်းခြင်း မပြု လုပ်ရဟုဆုံးဖြတ်ခဲ့လျှင် နောက်စီရင်သည့်အမှုက ထောင်သားတို့ကိုနှိပ်စက်ခြင်းကို ခွင့်ပြုသည်ဟု ဆုံးဖြတ်၍မရ။

တရားရုံးများသည် တရားစီရင်ရာတွင် အလုပ်နှစ်မျိုးလုပ်ပါသည်။ ပထမတမျိုးမှာ အဆိုပါ doctrine of stare decisis ကို တရားသူကြီးများကအသုံးပြုပြီး ကျိုးကြောင်းညီညွတ်သည့် စီရင်ချက်များကို ပေးရခြင်းဖြစ်သည်။ ခုံရုံးမှ အများနှင့် သဘောထားကွဲလွဲသည့် တရားသူကြီးများကမူ obiter dictum ဟုခေါ်သည့် မိမိ၏သဘောထားကွဲလွဲချက်ကို ပေးနိုင်ပါသည်။ သို့သော် ၎င်းတို့သည် ဥပဒေ၏စည်းနှောင်အားမရှိသောကြောင့် စီရင်ထုံးဖြစ်မလာပါ။ အချို့ dictum များမှာ လူ့အဖွဲ့အစည်းအတွက် တန်ဖိုးရှိလှသောကြောင့် မှတ်သားလောက်သည့် စကားများအနေဖြင့် မှတ်တမ်းတင်ပါသည်။

ဖွံ့ဖြိုးသောနိုင်ငံများတွင် တရားသူကြီးများ၏စကားသည် အင်မတန်ခရီးပေါက်ပါသည်။ ၎င်းတို့ပြောလိုက်သော တရားခွင် ထဲမှစကားများကို ဥပဒေအသိုင်းအဝိုင်းများ၊ လူ့အဖွဲ့အစည်းများက စံအဖြစ် မှတ်ယူကြသည်။ သဘောထားကွဲလွဲ ငြင်းခုံခြင်းများလည်း ပြုလုပ်ကြပါသည်။

ဥပမာ – သိပ္ပံနှင့်နည်းပညာ တိုးတက်လွန်းသောနိုင်ငံများတွင် ဖန်ပြွန်သန္ဓေသားဖြင့် ကလေးမွေးဖွားခွင့်ကိုထောက်ခံသူများက ‘မိသားစုထူထောင်ခွင့်’ (the right to family) လူ့ အခွင့်အရေးစံနှုန်းများဖြင့် တိုင်းတာကြသည်။ ကလေးမရနိုင်သော အိမ်ထောင်စုတွင် ဖန်ပြွန်သန္ဓေသားသည် မိသားစုဘဝထူထောင်ခွင့်ဖြစ်သည်ဟုဆို၏။ ဆန့်ကျင်သူများကမူ ဖန် ပြွန်ထဲတွင် အသက်ရှိသောသန္ဓေသားလောင်းကို လအတန်ကြာထည့်၍ မွေးဖွားရခြင်းသည် နိုင်ငံတကာလူ့အခွင့်အရေးစံနှုန်းတခုဖြစ်သော ‘နှိပ်စက်ညှဉ်းပန်းခြင်းမပြုရ’ (prohibition from torture) ဆိုသည့်တားမြစ်ချက်ကို ဖောက်ဖျက်သည် ဟုဆို၏။ ထိုအခါ ECtHR ဟု ကမ္ဘာကသိကြသော ဥရောပနိုင်ငံများဆိုင်ရာ လူ့အခွင့်အရေးတရားရုံး (European Court of Human Rights) က ‘အသက်ဘယ်ကစသနည်း’ ဆိုသည့် ဥပဒေပြဿနာ (legal issue) ကိုစဉ်းစားမှသာလျှင် မှန်မှန်ကန်ကန်အဖြေထွက်မည်ဟုဆုံးဖြတ်ပြီး စီရင်ထုံး ပြုကြသည်။ ယခုအခါ အမေရိကန်တရားရုံးများကလည်း ဥပရောထုံးကို နှလုံးမူကြသည်။

တရားသူကြီးများ၏ ဒုတိယအလုပ်မှာ ဥပဒေအနက်ဖွင့်ဆိုခြင်း (judicial interpretation) ဖြစ်သည်။ မည်သည့်ဥပဒေကို အဓိပ္ပာယ်ဖွင့်ဆိုသနည်းဆိုသော် ဥပဒေပြုလွှတ်တော်က ပြဋ္ဌာန်းလိုက်သည့် ပြဋ္ဌာန်းဥပဒေ (legislations or statutes)  များတွင် ပါဝင်သည့်ပုဒ်မများကို အနက်ဖွင့်ဆိုသည်။ မည်သည့်အခါတွင် ပြုလုပ်သနည်းဆိုသော် သက်ဆိုင်ရာ ဥပဒေ ပုဒ်မများကို အသုံးပြုရန် လိုအပ်သည့်အမှုများတွင်အနက်ဖွင့်ဆိုရန် လိုအပ်သောအခါမှ ဖွင့်ဆိုခြင်းဖြစ်သည်။

ထိုသို့ဖွင့်ဆိုရာတွင် ကမ္ဘာပေါ်တွင် golden rule, literal rule, mischief rule စသဖြင့် ရွေးချယ်လိုက်နာရမည့် ဥပဒေစည်းကမ်းများ တစုံစီရှိပါသည်။ တစုံစီတွင် အားကောင်းချက် အားနည်းချက်အသီးသီးရှိရာ အမှုအခြေအနေကိုလိုက်၍ ရွေးချယ်ရသည်။ အန္တိမရည်မှန်းချက်မှာ တရားမျှတမှုရရှိရေးအတွက်ဖြစ်သည်။ ဖွင့်ဆိုနည်းတခုမှာ တရားရုံးက သက်ဆိုင် ရာဥပဒေကို ပြုစုရခြင်း၏ မူရင်းရည်ရွယ်ချက် (legislative intention) ကို ပြန်လှန်သုံးသပ် ဆွေးနွေးကာ အဓိပ္ပါယ်ဖွင့်ဆိုခြင်းဖြစ်သည်။ ဥပဒေအဓိပ္ပာယ်ဖွင့်ဆိုခြင်းသည် အင်မတန် အရေးကြီးသည်။ အဘယ်ကြောင့်ဆိုသော် ဥပဒေစကားလုံးများသည် လူမှုတန်ဖိုးကိုအခြေခံသောကြောင့် ဖြစ်သည်။ စကားလုံးတလုံး၏အနက်အဓိပ္ပာယ်သည် လူအဖွဲ့အစည်း တခုလုံး၏ကံကြမ္မာကို ပြောင်းလဲစေနိုင်သောကြောင့်ဖြစ်သည်။

သို့သော် မြန်မာပြည်တွင် စစ်အာဏာရှင်လက်ထက် ဥပဒေကဲ့သို့အာဏာတည်သော အမိန့်များ၊ မတရားသောအမိန့်များ ထုတ်ပြန်ပြီး၊ ဥပဒေကျောင်းများတွင် အရည်အချင်းကို နှိမ့်ချ လိုက်သောကြောင့် ဥပဒေစနစ်တခုလုံး ပျက်ပြားခဲ့ရသည်။ ဥပဒေအနက်ဖွင့်ဆိုခြင်းအလုပ်ကို ယနေ့ထက်တိုင် မြန်မာပြည်တရားရုံးကများက မလုပ်ကြပါ။ အမှုတခုကိုစွဲချက်တင်လျှင် ဆိုင်ရာဆိုင်ရာပုဒ်မများကို စာအုပ်ထဲတွင် ရေးထားသည့်အတိုင်းဖတ်ပြီး ဆုံးဖြတ်ခြင်း၊ လုပ်ထုံးလုပ်နည်းများကိုလိုက်နာခြင်း (instrumentalist view of law) ဖြင့်သာ တရားစီရင်ခြင်း အလေ့အကျင့်ကို နှစ်ပေါင်းအတော်ကြာကြာ ကျင့်သုံး ခဲ့ကြပါသည်။ ဆုံးဖြတ်ရာတွင် ဒီမိုကရေစီစံနှုန်းများဖြင့် ကိုက်ညီမညီ၊ လူ့အခွင့်အရေးကို ကာကွယ်ပေးမပေး၊ တရားဥပဒေ စိုးမိုးမှု ရှိမရှိ ကျိုးကြောင်းဆီလျှော်စွာ စဉ်းစားဆုံးဖြတ်သည့် အလေ့အထ မရှိပါ။

● ဥပဒေနှင့် နိုင်ငံရေး
ဥပဒေစနစ်သည် နိုင်ငံရေးစနစ်နှင့်လည်းဆက်နွယ်နေသောကြောင့် ဥပဒေသမားတို့သည် အခြေခံ နိုင်ငံရေးစနစ်နှင့်သမိုင်းကိုလည်း မှန်မှန်ကန်ကန်နားလည်ဖို့လိုအပ်သည်။ မြန်မာ ပြည်တွင် ရှေးဘုရင်များလက်ထက်က သက်ဦးဆံပိုင်အုပ်ချုပ်ရေးကိုကျင့်သုံးသည်။ ထိုအခါ ခေတ်အဆက်ဆက် ဘုရင်တို့သည် ၎င်းတို့အာဏာတည်မြဲရေးအတွက် လူထုကို မင်း ကျင့်တရားနှင့်အညီ အုပ်ချုပ်ပါသည်ဟု အုပ်ချုပ်ခံလူတန်းစားများက ထင်မြင်လက်ခံစေရန် ရာဇသတ်၊ ဓမ္မသတ်၊ ဖြတ်ထုံး စသည်တို့နှင့် လူတို့၏ပြဿနာများကို ကုစားရသည်။

တဖန် အင်္ဂလိပ်ကိုလိုနီအုပ်ချုပ်ရေးဝင်လာသော် ၎င်းတို့အင်ပိုင်ယာအောက်တွင်ကျရောက်သော တိုင်းပြည်တိုင်း၏ ဥပဒေစနစ်ကို ၎င်းတို့ကျင့်သုံးသော Common Law ဥပဒေစနစ် အဖြစ် ပြောင်းလဲပစ်ခဲ့သည်။ နှိုင်းယှဉ်မှုအားဖြင့် ပြောရလျှင် Common Law စနစ်သည် သက်ဦးဆံပိုင်ဥပဒေစနစ်ထက် လူ့အဖွဲ့အစည်းကို အများကြီးတိုးတက်အောင် ပြုလုပ်ပေး နိုင်သည်။ မကောင်းသည့်အချက်ကတော့ အုပ်ချုပ်ခံနိုင်ငံများတွင် ကိုလိုနီအုပ်ချုပ်ရေးကိုမလှန်နိုင်အောင် ဖိနှိပ်သောဥပဒေ များလည်း ပြဋ္ဌာန်းခဲ့ခြင်းဖြစ်သည်။ ယခုအချိန်တွင်တော့ အင်္ဂလိပ် Common Law စနစ်သည် ကမ္ဘာကြီးတွင် ဦးဆောင် နေသော စနစ်ဖြစ်ပါသည်။

ဥပဒေစနစ်သည် နိုင်ငံရေးစနစ်နှင့်ဆက်နွယ်လျက်ရှိသောကြောင့် နိုင်ငံတကာဥပဒေကျောင်းများတွင် ပထမနှစ်တွင်ပင် ကမ္ဘာ့နိုင်ငံရေး၊ ပြည်တွင်းနိုင်ငံရေးနှင့် သမိုင်းအခြေခံကို အနည်းငယ်ထိတွေ့ရသည်။ ဥပမာ အမေရိကန်နိုင်ငံတွင် ကျွန်စနစ် ကိုတိုက်ဖျက်ရာမှ ဖြစ်ခြင်း၊ ကျွန်များလွတ်မြောက်သောအခါ ကျွန်ပြုခံရသူတို့အပါအဝင် နိုင်ငံ သားတိုင်း၏ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေး (civil and political rights) ရရှိအောင် လုပ်ခြင်းတို့ကို ကနဦးလေ့လာရသည်။ မည်ကဲ့သို့ တိုက်ယူကြသည်။ မည်သည့် အတွေး အခေါ်ဖြင့် လျှောက်လှမ်းခဲ့ကြသည်။ ထိုအခြေခံအတွေးအခေါ်ကို အဆင့်မြင့်လာအောင် တရားစီရင်ရေးနှင့် ဥပဒေပြုရေးတို့က မည်ကဲ့သို့တည်ဆောက်ခဲ့ကြသည် စသဖြင့် သမိုင်းကို နားလည်အောင် လေ့လာရသည်။ ထိုသို့လေ့လာမှသာ နိုင်ငံသားနှင့် နိုင်ငံရေးအခွင့်အရေးဆိုသည်မှာ မည်သူတို့က မည်သည့်အတွက်ကြောင့် ရပိုင်ခွင့်ရှိသနည်း ဆိုသည့်တန်ဖိုးကို ကျိုးကြောင်းဆက်စပ် နားလည်သဘောပေါက်သည်။

● ဥပဒေပညာရေး

မြန်မာပြည်ဥပဒေပညာရေးသည် အင်မတန်ဝမ်းနည်းဖွယ်ရာ ကောင်းလောက်အောင် နိမ့်ကျနေပါသည်။ ကမ္ဘာကြီးက ရှေ့သွားသမျှ မြန်မာပြည်ကနောက်ကျမကျန်ခဲ့လိုလျှင် ခွန်အား စိုက်ထုတ်ကာ အင်တိုက်အားတိုက် မြှင့်တင်ရမည့်အချိန်ရောက်ပြီ။

ဥပဒေကျောင်းသားများကို ခေတ်သစ်နိုင်ငံရေးစနစ်နှင့်သမိုင်းကို မှန်မှန်ကန်ကန် လေ့လာနိုင်သည့်အခွင့်အလမ်း ဖန်တီးပေးရမည်။ နိုင်ငံတကာ ဥပဒေဖလော့ဆဖီကို ကောင်းကောင်း သင်ပေးရမည်။ တရားမျှတမှုအကြောင်းကို ကြောင်းကျိုးဆီလျော်စွာ ဆွေးနွေးနိုင်သည့် ဆွေးနွေးပွဲများကျင်းပပေးရမည်။ လစ်ဘရယ်ဒီမိုကရေစီ၊ နီတိကျင့်ဝတ်၊ လောကပါလတရား၊ လူ့အခွင့်အရေး၊ လွတ်လပ်မှု (freedom)၊ တရားဥပဒေ စိုးမိုးရေး (rule of law) စသည်တို့ကို လေ့လာစေရမည်။ အဓိကအားဖြင့် အတွေးအခေါ်ကို အားပေးသည့် ပညာရေးစနစ်ကို ဥပဒေကျောင်းတွင် နှစ်ဆတိုး၍ လုပ်သင့်ပါသည်။ လောလောဆယ်တော့ စနစ်က အတွေးအခေါ်ကိုအားမပေးသည့်အပြင် ဝင်ခွင့်အမှတ်ကို မတရားနှိမ့်ပစ်သည်။ အမှတ်စနစ်သည် ပင်လျှင် မှားယွင်းနေပါသည်။

နိုင်ငံတကာတက္ကသိုလ်များတွင် အင်္ဂလန်အခေါ် LLB (Legum Baccalaureus) အမေရိကန် အခေါ် JD (Juris Doctor) ဘွဲ့ကြိုတန်း ဥပဒေဘွဲ့သည် ပရော်ဖက်ရှင်နယ်ဘွဲ့ဖြစ်သည်။ ပရော်ဖက်ရှင်နယ်ဘွဲ့ဆိုသည်မှာ ကျောင်းပြီးလျှင် လက်တွေ့ကွင်းဆင်းလိုင်စင်ယူပြီး အလုပ်လုပ်နိုင်သည့်ဘွဲ့ကို ဆိုလိုသည်။ ဆရာဝန်များကဲ့သို့ဖြစ်သည်။ LLB သို့မဟုတ် JD မရ လျှင် ရှေ့နေမဖြစ်နိုင်ပါ။ ထိုဘွဲ့အတွက် နောင်မှ ပြန်တက်၍လည်းမရပါ။ လက်တွေ့အလုပ်လုပ်ရာတွင် သိသင့်သိထိုက်သည့် စာချုပ်စာတမ်းဥပဒေ (contract law)၊ ရာဇဝတ်ဥပဒေ (criminal law)၊ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် အုပ်ချုပ်ရေးဥပဒေများ (constitutional and administrative law)၊ နိုင်ငံတကာ လူ့အခွင့်အရေးဥပဒေ (international human rights law)၊ တရားမနှင့်ရာဇဝတ်ကျင့်ထုံးများ (civil and criminal procedure) နှင့် ဥပဒေအတွေးအခေါ် (jurisprudence) အစရှိသည်တို့ကို တကမ္ဘာလုံးရှိ ဘွဲ့ကြိုဥပဒေတန်းတိုင်းတွင် သင်ပါသည်။

ထိုဘာသာရပ်တိုင်းတွင် အဓိကအားဖြင့် ဥပဒေအတွေးအခေါ်နှင့် ယုတ္တိဗေဒကို ဦးစားပေးသင်ပါသည်။ တန်ဖိုးများကိုအခြေခံ၍ တည်ဆောက်ထားသော ဥပဒေများအကြောင်းကို လေ့လာရပါသည်။ ဥပမာ – ဟောင်ကောင်တွင် SDO ဟုလူသိများသည့် Sex Discrimination Ordinance တွင် လိင်ကွဲပြားမှုပေါ်အခြေခံပြီး မခွဲခြားစေရန် မည်သို့သော တန်ဖိုး များကိုအခြေခံကာ ရေးသားထားကြောင်း လေ့လာရသည်။ ထိုဥပဒေများကိုအသုံးပြုပြီး တရားသူကြီးများက ဆင်ခြင်တုံတရားဖြင့် မည်ကဲ့သို့ဆုံးဖြတ်သည်ကို နားလည်အောင် စီရင် ထုံးများ၏ reasoning အပိုင်းကို လေ့လာရသည်မှာ အခက်ခဲဆုံး ဖြစ်ပါသည်။

Constitutional Law ကဲ့သို့သော ဘာသာရပ်များတွင် သမိုင်းသိအောင် ကိုယ့်ဘာသာ ထပ်ဆောင်းလေ့လာရပါသေးသည်။ သမိုင်းမသိလျှင် သဘောတရားရေးရာများကို ရှေ့ဆက် နားလည်ဖို့ခက်ပါသည်။ ရှေ့နေပညာဖြစ်သော ချက်ကျလက်ကျနှင့် သိက္ခာရှိစွာငြင်းချက်ထုတ်တတ်အောင် လေ့ကျင့်ရပါသည်။ နိုင်ငံတကာ တရားသူကြီးများက လောကျောင်းတွင် မကြာခဏလာရောက် အတွေးအမြင်ဖလှယ်ကြပါသည်။ ကျောင်းသားများက တရားရုံးများကိုမကြာခဏသွားရသည့်အပြင် mooting ဟုခေါ်သော တရားခွင်သရုပ်ပြပြိုင်ပွဲများလည်း နိုင်ငံတကာအဆင့် ဝင်ပြိုင်ရပါသည်။ ကျောင်းသားများ မိမိတက်ရောက်သည့်တက္ကသိုလ်ပရ၀ုဏ်တွင်သာကျင်လည်ပြီး ဝါးလုံးခေါင်းထဲ လမသာစေရန် နွေရာသီတွင် ဖလှယ်ရေးအစီ အစဉ်ဖြင့် နိုင်ငံခြားလောကျောင်းများကိုလည်း သွားရပါသည်။ Philosophical level တရားမျှတမှုကိုရှာဖွေလိုသူများအဖို့လည်း ရှာဖွေဖို့အခွင့်အလမ်းများပေးပါသည်။ ဥပဒေ မဟာတန်း LLM ရောက်လျှင်တော့ ကိုယ်ဝါသနာပါရာကို အထူးပြုယူရသောကြောင့် ပညာရှင်ဘွဲ့ဖြစ်သွားသည်။

နိုင်ငံတကာတွင် ဥပဒေကျောင်းဝင်ခွင့်ရရန် အရမ်းခက်ခဲပါသည်။ အကြောင်းမှာ ဥပဒေပညာသည် ကျိုးကြောင်းဆက်စပ်တွေးခေါ်ခြင်းကို အလွန်အားထားသည့်အတွက် အတွေး အခေါ်ကောင်းသည့် အထက်မြက်အသွက်လက်ဆုံး ဦးနှောက်များကိုသာ လက်ခံသောကြောင့်ဖြစ်သည်။ တနှစ်တနှစ် ဥပဒေကျောင်းဝင်ခွင့် လျှောက်ထားသူများထဲမှ ၁၀% သာ ဝင်ခွင့်ရသော ကျောင်းများရှိသလို ၃% လောက်ထိသာ ဝင်ခွင့်ရသောကျောင်းများလည်းရှိပါသည်။ လူဦးရေလည်း အခြားဌာနများနှင့်မတူ ကန့်သတ်ထားပါသည်။

မြန်မာပြည်တွင်တော့ ၁၀ တန်းစာမေးပွဲတွင် အမှတ်နည်းသည့် ကျောင်းသူကျောင်းသား တော်တော်များများများသည် ဥပဒေကျောင်း လျှောက်ကြသည်ဟု သိရပါသည်။ လူအများ၏ အမြင်တွင် ဥပဒေပညာသည် ပုဒ်ထီးပုဒ်မများကို အလွတ် ကျက်ကာ ငါ့စကားနွားရပြောပြီး လူအများထံမှ လှည့်ဖျား ငွေယူသည့် ပညာလိုဖြစ်နေသည်ဟု သိရသည်။ တရားရုံးများသည် လူ့အဖွဲ့အစည်း သဟဇာတဖြစ်ရေးကို ရှေးရှုခြင်းမပြုသောကြောင့် လူထုကယုံကြည်မှု နည်းနည်းမှမရှိသည်ကို တွေ့ရ၏။ ဥပဒေပြုရာတွင် တန်ဖိုးများကိုအခြေခံထားခြင်း မပြုသောကြောင့် ဥပဒေများသည် လူထု၏ဘဝနှင့်လည်း ကင်းကွာလျက်ရှိ ပေသည်။ ထိုအခင်းအကျင်းကို ပြောင်းလဲပစ်ရန် လိုအပ်ပါသည်။ ဥပဒေပညာကို လူ့အဖွဲ့အစည်းအတွက် တရားမျှ တခြင်းကို ရှာဖွေပေးနိုင်သည့်ပညာအဖြစ် ဥပဒေကျောင်းများမှစ၍ လုံးဝပြောင်းလဲပစ်ရန် လိုအပ်သည်။ တရားရုံးများသည် ပြည်သူ တို့၏ အထွေထွေပြဿနာကို ဝိုင်းဝန်းဖြေရှင်းပြီး တိုးတက်သည့် လူ့အဖွဲ့အစည်းတခုကိုတည်ဆောက်ရာတွင် ကဏ္ဍတရပ်အနေနှင့် ပါဝင်ရန် အချိန်ရောက်ပြီဖြစ်ပါသည်။

(မနွယ်နွယ်လွင်သည် ထိုင်း-မြန်မာနယ်စပ် ဒီမိုကရေစီအရေးလှုပ်ရှားမှုတွင် အထက်တန်းကျောင်းသူဘဝအထိဖြတ်သန်းခဲ့ သည်။ ဟောင်ကောင်အစိုးရ၏ ပညာတော်သင်ဆုဖြင့် ၂၀၁၃ ခုနှစ်တွင် City University of Hong Kong မှ LLB ဥပဒေ ဘွဲ့ကိုရရှိခဲ့ပြီး အမေရိကန်အစိုးရ၏ ဖူးလ်ဘရိုက်ပညာတော်သင်ဆုဖြင့် ၂၀၁၆ ခုနှစ်တွင် အမေရိကန်ပြည်ထောင်စု University of Notre Dame မှ LLM ဘွဲ့ကိုရရှိခဲ့သည်။ သြစတေးလျနိုင်ငံ Monash University တွင် Intellectual Property Law နှင့် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းရေးဆွဲသူ နိုဘဲလ်ဆုရ Rene Cassin ၏ Fondation René Cassin တွင် International Human Rights Law တို့ကိုလည်း အထူးပြုလေ့လာခဲ့ပါသည်။ လက်ရှိ မြန်မာနိုင်ငံတွင် ပြည့်သူ့အကျိုးပြုဥပဒေ (public interest law) နယ်ပယ်တွင် ဥပဒေအကြံပေးနှင့် နိုင်ငံတကာသုတေသီအဖြစ် လုပ်ကိုင် လျက်ရှိသည်။)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်