ကျော်ကျော် (မြရည်စမ်း) ● ဆလိမ်စု ရပ်ကွက်လေးနှင့် ဆက်စပ်၍ …

August 19, 2018

● ဆလိမ်စု ရပ်ကွက်လေးနှင့် ဆက်စပ်၍ …
(မိုးမခ) သြဂတ်စ် ၁၉၊ ၂၀၁၈


(၁)
တိုင်းသူပြည်သားများကို ကိုယ်ချင်းစာတတ်သောထိုင်းဘုရင်ကြီးသည် အလွန်တရာပူပြင်းလှသောနွေရက်များ၌ မိုးအတုရွာ ချစေပြီး အေးချမ်းစေခဲ့သည်ဟု ကြားသိခဲ့ရဖူးပါသည်။ မိုးအတုသည် လိုအပ်နေသောအချိန်၌ အထောက်အပံ့ကောင်းတခု ဖြစ်ခဲ့ပေလိမ့်မည်။ သက်ကြီးရွယ်အိုများအပါအ၀င် သူ့နိုင်ငံသားများပျော်ရွှင်နေကြပုံကို တခုတ်တရပြောခဲ့ကြ၏။ မိုးကိုမျှော် နေသော သေအံ့ဆဲဆဲသစ်ပင်ပန်းမာလ်များသည်လည်း ထိုမိုးဖြင့်အသက်ဆက်ခဲ့ကြမည်မှာ ဘယ်လိုမှလွဲနိုင် မည်မဟုတ်ဟု ကျွန်တော်ယူဆခဲ့ပါသည်။

(၂)
ကျွန်တော်ငယ်ရွယ်စဉ်ဘ၀က အခြေခံလူတန်းစားအများစု နေထိုင်သည့် ရပ်ကွက်အတွင်းရှိအိမ်လေးတွင် နေထိုင်ခဲ့ဖူးပါ သည်။ ထိုအိမ်လေး၏ဧည့်ခန်းတွင် အနောက်ဘက်အရပ်ကို မျက်နှာမူထားသော ပြတင်းပေါက်ကလေး တပေါက်ရှိသည်။ ထိုပြတင်းပေါက်ဘေးရှိ သစ်သားစားပွဲအနွမ်းလေးတွင် ကျွန်တော်စာကျက်လေ့ရှိ၏။

ကျွန်တော်တို့အိမ်လေးပတ်ဝန်းကျင်တွင်နေထိုင်ကြသော အိမ်ထောင်ဦးစီးအမျိုးသားများမှာ ဆိုက်ကားဆရာ၊ ဆီစက်ဆန် စက်အလုပ်သမား၊ ညနေဈေးဆန်ပြုတ်ရောင်းသူနှင့် ရထားများ သင်္ဘောများပေါ်လိုက်ပါ၍ သွားကိုက်ပျောက် ဆေး၊ သွားပိုးချဆေး၊ အဆစ်အမြစ်လိမ်းဆေး ရောင်းချသူတို့ ဖြစ်ကြသည်။ ထိုသူများထဲတွင် ဆေးရောင်းသည့်ကိုမောင်ဖြူသည် ကျွန်တော်နှင့်အိမ်ချင်းကပ်လျက်နေထိုင်သည်။ အိမ်နီးချင်းများ၏အလုပ်အကိုင်ကိုအစွဲပြု၍ ဆလိမ်စုဟု ကျွန်တော့်ဘာသာ ကင်ပွန်းတပ်မိသည်။ ဆလိမ်စုကို ပိုသေချာအောင်လုပ်ပေးသောနေရာ ဌာနကလည်း အိမ်နှင့်မနီးမဝေးတွင် ရှိနေပြန်သေး သည်။ ညနေခင်းတွင် ပွဲတော်တမျှစည်ကားနေတတ်သော နံပါတ်ဖိုးမူးယစ်ဆေးရောင်းချသည့်(ထိုကာလအခေါ်) ဘိရှိ သည်။ အိမ်ရှေ့ လမ်းသွယ်လေးသည် နေဝင်ရီတရောတွင်ဆေးသမားများ၊ ဆိုက်ကားသမားများ၊ ဆီစက်ဆန်စက် အလုပ်သမားများဖြင့် ခြေချင်းလိမ်စည်ကားနေတတ်သည်။ သူတို့၏ တိုးတိုးတမျိုး၊ ကျယ်ကျယ်တမျိုးစကားသံသည် ပြတင်းပေါက်လေးကိုဖြတ်သန်းကာ ကျွန်တော့်နားထဲ ဝင်လာတတ်စမြဲပင်။

ခြံချင်းကပ်နေကြသော ကိုမောင်ဖြူတို့အိမ်လေးဆီသို့ ကျောင်းပိတ်ရက်များတွင် ကျွန်တော်အလည်သွားတတ်သည်။ သူ၏ပစ္စည်းပစ္စယများထဲ၌ ကျွန်တော်စိတ်အဝင်စားဆုံးမှာ သွားပိုး လေးများဖြစ်သည်။ သွားပိုးချဆေးဝယ်ကြသူများထဲမှ မယုံကြည်သူများရှိပါက ချက်ချင်းလက်ငင်းပင် သွားပိုးချပေးသည်။ ပန်းဝတ်ဆံလေးများကို အခြောက်လှန်း၍ပြုလုပ် ထားသော သွားပိုးအတုလေးများသည် ဇာစ်မြစ်မသိသူများအဖို့ အူယားစဖွယ်သွားပိုးလေးများသာ ဖြစ်နေတော့သည်။

ကိုမောင်ဖြူသည် ကျွန်တော်စပ်စုသမျှကိုတော့ စိတ်ရှည်လက်ရှည်ရှင်းပြရှာသည်။ ကျွန်တော်ကလည်း  အိမ်မှာရှိသောစားသောက်ဖွယ်ရာလေးများကို သူတို့အိမ်အတွက် ယူသွားပေး တတ်ပါသည်။ သူစိတ်လိုလက်ရရှိသည့်အခါ ပြသတတ်သည့်လက်လှည့်မျက်လှည့်လေးများပင် ကျွန်တော်ကြည့်ခွင့်ရခဲ့ပါသေးသည်။ သူပြုလုပ်ထားသော သွားပိုးအတုလေးများနှင့် ပတ်သက်၍ ‘သွားကိုက်ပျောက်ဆေးကအစစ်ပါကွာ၊ လူတွေက သွားပိုးလေးတွေကို မြင်လိုက်ရရင် ပိုပြီးသက်သာတတ်ကြလို့ လုပ်ထားရတာ’ ဟု ပြောဖူးပါသည်။

မနက်ပိုင်းကျောင်းသို့မသွားမီ ကျွန်တော်စာကျက်နေချိန်၌ ကိုမောင်ဖြူတယောက် ဆေးရောင်းထွက်တော့သည်။ ခြံဝသို့ လိုက်ပို့ကြသော သူ့ဇနီးဖြစ်သူနှင့်၂ နှစ်သာသာခန့်ရှိမည့် သူ့သမီး ငယ်လေးကို လက်ပြသည်။ ထို့နောက် ကျွန်တော် စာကျက်နေရာသို့ လှမ်း၍လက်ပြနုတ်ဆက်ပြီးမှ တပတ်ရစ်စက်ဘီးကလေးနှင့် ထွက်ခွာသွားတတ်သည်။ မသိသူများ အဖို့တော့ အသား ဖြူဖြူ၊ကိုယ်လုံးကိုယ်ထည်တောင့်တောင့်နှင့် ဥပဓိရုပ်ကောင်းကောင်းကိုမောင်ဖြူကို အစိုးရအရာရှိတယောက်ဟုပင် ထင်စရာရှိသည်။ လည်ကတုံးအင်္ကျီဖြူလေးမှာ မီးကြွေကြောင်းက အထင်းသား။

(၃)
လောကတွင် အတုနှင့်အစစ်သည် တခါတရံ၌ ခွဲခြားရခက်ခဲလှပေသည်။ အစစ်ဟုသတ်မှတ်ထားသည်များက အတုဖြစ် နေပြီး အတုဟု သတ်မှတ်ထားသည်များက အစစ်လည်း ဖြစ်ချင်ဖြစ်နေနိုင်သေးသည်။ ရေအတု၊ မြေအတု၊ လေအတု၊ ကျွန်းအတု၊ ငွေကြေးအတု၊ သွားအတု၊ လက်အတု၊ ခြေအတု၊ အချစ်အတု၊ မေတ္တာအတု၊ မင်္ဂလာဆောင်အတုများမှသည် အသုဘအတုအထိရှိကြလေသော ခေတ်ကြီးထဲတွင် အတုများကိုစာရင်းပြုစု၍ပြီးနိုင်မည်မထင်။ သမ္မတအတု၊ ဝန်ကြီးအတု၊ လွှတ်တော်ကိုယ်စားလှယ်အတု၊ လွှတ်တော်အတု၊ နိုင်ငံရေးအတု၊ နိုင်ငံရေးသမားအတု၊ စနစ်အတုများအကြောင်းကိုလည်း ကျွန်တော်ထည့်မပြောလိုပါ။ လွတ်လပ်ရေးသည်ပင် ရွှေရည်စိမ်ထားသောအတုဟူ၍ ရှိခဲ့သောလောက၌ ထိုအချင်း အရာများသည်လည်း ဆန်းကြယ်လှသည်တော့မဟုတ်ပြန်ပါ။ သေနတ်များ၊ ကျည်ဆန်များသည်ပင် လက်နက်ကျွမ်းကျင်သူများရှေ့မှောက်၌ အတုလိုလို၊ အစစ်လိုလို ဇဝေဇဝါဖြစ်အောင် ဟန်ဆောင်ပြတတ်သည့် ခေတ်ကြီးဖြစ်ပါသည်။

တနေ့က အရက်အတုများဖမ်းမိသည့် သတင်းဖတ်ရသည်။ ထိုအခါတွင် ကလေးဘဝက ရင်းနှီးခင်မင်ခဲ့ရသူ ကိုမောင်ဖြူကို သတိရမိပြန်သည်။ အရက်အတုလုပ်သည့်ကိစ္စကို ဥပဒေအရ မည်သို့အပြစ်ပေးရမည်ဆိုခြင်းကိုတော့ ဥပဒေပညာရှင်ကြီး များကပင် သိကြပေလိမ့်မည်။ ကျွန်တော်ကတော့ ကိုမောင်ဖြူ၏အဖြစ်လေးကိုသာ ပြန်အောက်မေ့မိ တော့သည်။

အတွေးများ သည် ငယ်စဉ်ကလေးဘ၀က စာကြည့်စားပွဲလေးသို့ပြန်ရောက်သွားပြီး ပြတင်းပေါက်လေးမှတဆင့် ထိုစဉ်ကာလက မြင်တွေ့ခဲ့ရသည်များကို ပြန်ကြား ပြန်မြင်မိသည်။

ထိုစဉ်ရက်များ၌ မနက်ခင်းအလုပ်မသွားမီ နှုတ်ဆက်နေကြဖြစ်သော ကိုမောင်ဖြူတယောက် ကျွန်တော့်ကိုနှုတ်မဆက် လက်မပြ။ သူ့ခြံတံခါးဝ၌လည်း အရင်ကလို သူ့ဇနီးနှင့်သမီးငယ်လေးကို မတွေ့မိ။

ထိုရက်များက ကျောင်းစာမေးပွဲဖြေနေရ၍ အိမ်လည်မသွားဖြစ်။ စာမေးပွဲပြီးချိန်တွင်အမေက “နင့်လူကြီး မောင်ဖြူ  ဘိန်းဖြူတွေ သုံးနေတယ်ကြားတယ်” ဟု စိတ်မကောင်းသည့် ပုံစံနှင့်ပြောလာသည်။ ကိုမောင်ဖြူတယောက် ဆေးထွက် ရောင်းတာ မတွေ့ရတော့သလို၊ သူ့စက်ဘီးလေးကိုလည်း ကျွန်တော်မတွေ့ရ။ သူ့အိမ်ဖက်သို့ ကျွန်တော်ကူးသွားသောအခါ ဖြူဖပ်ဖြူလျော်မျက်နှာလေးဖြင့် နွမ်းလျနေသော ကလေးငယ်ဘေး၌ သူ့ဇနီးထိုင်နေသည်။ ကလေးဖျားလိုက်ပျောက်လိုက် ဖြစ်နေသည်မှာ ကြာပြီဖြစ်ကြောင်းနှင့် ကိုမောင်ဖြူအပြင်သွားကြောင်းသာ သူ့ဇနီးက ပြောပြသည်။ မျက်နှာတော့ မကောင်းလှ။ ကျွန်တော်အထင်အရ ကလေး ငယ်လေးမှာ အာဟာရချို့တဲ့နေပုံ ရလေသည်။ ဤအတိုင်းသာဆက်သွားလျှင် အသက်အန္တရာယ်ပင် ထိပါးနိုင်လောက်သည်။ အခြေခံလူတန်းစားများအတွက် မတ်တတ်စာကလွဲလျှင် တုံးလုံးစာအတွက်မလွယ်ကူလှ။

နောက်တရက်ကြားရသည့်သတင်းမှာပို၍ဆိုး၏။ ကိုမောင်ဖြူတယောက် အချုပ်ထဲရောက်နေသည်ဟု အမေကပြောသည်။ မည်သည့်အမှုအမျိုးစားကို ကျူးလွန်သောကြောင့် အချုပ်ကျသနည်းဆိုသည်ကို အမေလည်းရေရေရာရာမသိ။

ကိုမောင်ဖြူတို့အိမ်လေးပိတ်ထားသည်။ လှမ်းကြည့်လျှင် သော့ခတ်ထားသော ခြံတံခါးယဲ့ယဲ့နှဲ့နှဲ့လေးကိုမြင်ရသည်။ သူ၏ဇနီးသည်နှင့်နာမကျန်းဖြစ်နေသူ သမီးငယ်လေးဘယ်သို့ရောက်သွားသနည်း ဟု အတွေးပိုမိခဲ့သည်။

ကျွန်တော်သူ့ကို မေ့နေသောတနေ့၌ အိမ်သို့သူရောက်ချလာသည်။ အချုပ်ထဲနေခဲ့ရသည်ဆိုသော်လည်း ဖြူလို့ဝလို့ပင်။ သူအချုပ်ထဲမရောက်မီအချိန်က ဘိန်းဖြူသုံးစွဲသည်ဟု အမေပြောသောစကားကိုပင် ကျွန်တော်မယုံချင်ပါ။ သူပြောပြ၍ အကြောင်းစုံသိရလေသောအခါ ကျွန်တော့်မှာ အံသြမဆုံးတော့။

တကယ်တမ်းတော့ သူသည် ဘိန်းဖြူမသုံးခဲ့ရှာပါ။ သူ့သမီးငယ်လေးသည် ဆေးဝါးဓာတ်စာလုံလောက်ပြည့်ဝစွာမမတတ်နိုင်၍ တရှောင်ရှောင်ဖြစ်နေရသည်ကို အဖေဖြစ်သူကိုမောင်ဖြူ  မကြည့်ရက်တော့။ သို့ဖြစ်၍ သူ့အနေဖြင့်ဆုံးဖြတ်ချက်တခုကိုရဲရဲကြီး ချပစ်လိုက်သည်။ သူစီးနေကြ စက်ဘီးလေးကို ရောင်းပစ်လိုက်ပြီး ငွေစကြေးစလေးများကိုင်ကာ ဘိန်းဖြူရောင်း သည့် အိမ်သို့သွားသည်။ ထိုအချိန်က သူ့စက်ဘီးလေးရောင်းရငွေသည် ကျပ်နှစ်ထောင်ရသည်။ ပင်နင်စလင်ပုလင်းအဖုံးလေးဖြင့် နံပါတ်ဖိုးတဖုံးကို ငွေအစိတ်သာပေးရသည်။ လေးငါးရက်ခန့် ဘိန်းဖြူမှန်မှန်အားပေးသော ကိုမောင်ဖြူကိုရောင်းချသူမိန်းမကြီးက လူယုံဖောက်သည်စာရင်းထဲသွင်းလိုက်သည်။

ထိုအခိုက်အတန့်ကိုအခွင့်အရေးအဖြစ် ကိုမောင်ဖြူက အသုံးချလိုက်သည်။ သူ့မိတ်ဆွေတယောက်က ဘိန်းဖြူဟောင်ထုပ်လိုက် ရောင်းချင်ပါသည်ဟု ပြောပြီးဝယ်ယူရန်စပ်ဟပ်သည်။ လောဘကြီးသောမိန်းမကြီးက နမူနာကြည့်ချင်ပါသည်ဟုဆိုလေသောအခါကိုမောင်ဖြူ  စိတ်ထဲပျော်မိတော့သည်။ နမူနာပြသော ဘိန်းဖြူမှုန့်များကို ထိုမိန်းမကြီးနည်းမျိုးစုံဖြင့် စမ်းသပ်သည်။ အစစ်ဟုအသိအမှတ်ပြုသောအခါရော့ပတ္တမြား၊ ရော့နဂါး အရောင်းအဝယ်ကိစ္စပြီးကြသည်။ နောက်တခါလာလျှင်ဖြင့် ဤသို့ဈေးမနှိမ်ရန် ကိုမောင်ဖြူက ပြောခဲ့သေးသည်။ ထို့နောက်အိမ်သို့အမြန်ပြန်ပြီး ဘာမှမသိရှာသေးသော ဇနီးနှင့်သမီးငယ်ကိုခေါ်ကာ ဘူတာရုံသို့ဆင်းခဲ့သည်။ ဆိုက်ဆိုက်မြိုက်မြိုက်တွေ့ရသော အစုန်ရထားပေါ်ဇနီးနှင့်သမီးကို တင်ပေး လိုက်ပြီး ရှိသမျှငွေအကုန်ထည့်ပေးလိုက်သည်။ ဇာတိရပ်ရွာမှာ သူလာမခေါ်မချင်းနေပြီး ကလေးဆေးကုရန် တတွတ်တွတ်မှာနေစဉ် ရထားကြီးထွက်သွားသည်။ ဇာတ်လမ်းက မဆုံး သေး။ ကျွန်တော်သိချင်သည်များ မသိရသေး၍ ဆက်ပြောရန် တောင်းဆိုရသည်။

ဘူတာမှနေ၍ အိမ်သို့မပြန်ဘဲ ရဲစခန်းသို့တန်းသွားသည်။ အိမ်ပြန်လျှင် သူ့အသက်အန္တရာယ်ရှိမည်မှန်း ကိုမောင်ဖြူသိသည်။ တာဝန်ကျရဲအရာရှိအား  သူ့ကိုအချုပ်ထဲထည့်ပေးဖို့တောင်းဆိုသောအခါ ဘာဖြစ်လို့လဲဟု အမေးခံရသည်။
သူက ဘိန်းဖြူအတုတွေသွားရောင်းလာခဲ့ပြီဟုဆိုသောအခါ တာဝန်ကျရဲအရာရှိစိတ်ညစ်ရတော့သည်။ ကိုမောင်ဖြူကို တာဝန်ကျရဲအရာရှိကဖြစ်ခဲ့သမျှအစုံအလင်ပြောပြခိုင်းနေစဉ်မှာပင်ဘိန်းဖြူရောင်းသည့်မိန်းမကြီးက ကိုယ်ရံတော်တွေနှင့် ရဲစခန်းထဲဝင်လာတော့သည်။

အချုပ်ထဲတွင် ရက်၂၀ လောက်နေလိုက်ရသည်ဟု ပြောသည်။ အသားဖြူဖြူ၊ဥပဓိရုပ်ကောင်းကောင်း၊ဗလတောင့်တောင့်နှင့် ကိုမောင်ဖြူသည် အချုပ်တန်းစီးပင် လုပ်ရသေးသည်ဆို၏။ သူ့အတွက်စားပြီးသောက်ပြီးပိုလျှံ၍ပင် နေသေးသည်ဟု ပြောပြီးအားပါးတရရယ်မောနေသည်။ ‘နမူနာပြတဲ့ ဘိန်းဖြူမှုန့်တွေ ခင်ဗျားဘယ်ကရသလဲ’ ဟု ကျွန်တော်မေးသောအခါ အဲဒီမှာ ပဲ ဝယ်ဝယ်ပြီးစုခဲ့တာ စက်ဘီးတစီးဘိုးဟု ပြောပြသည်။

ဘိန်းဖြူရောင်းချရန်အတွက် နိုင်ငံတော်အစိုးရမှ တရားဝင်ခွင့်ပြုထားခြင်း မရှိပါ။ ဘိန်းဖြူထုတ်လုပ်ခွင့်၊ ကူးသန်းရောင်းဝယ်သိုလှောင်ဖောက်ကားခွင့်ကိုလည်း တရားဝင်ခွင့်ပြုထားခြင်း မရှိပါ။ ဘိန်းဖြူအတုလုပ်ရောင်းချမှုကိုခုံမင်းရှေ့သို့ ပို့ဆောင်ရန်မဖြစ်နိုင်သည့်နောက် ကိုမောင်ဖြူ လွတ်မြောက်ခဲ့ပါသည်။

(၄)
လက်ရှိအချိန်တွင် ကမ္ဘာအနှံ့အပြား၌ အတုများမှိုထက်ပေါနေပါသည်။ အတုဖြစ်ပေါ်လာရခြင်း၏ အခြေခံအကြောင်းတရားသည် အာဏာနှင့်ဥစ္စာကို တပ်မက်လွန်းသည့် လောဘစိတ် ကြောင့်ဟု ယေဘုယျအနေဖြင့် သုံးသပ်နိုင်မည်ထင်ပါသည်။ စစ်ပွဲအတုများ၊ ကျည်ဆန်အတုများ၊စစ်မိန့်အတုများမှသည် ဒုက္ခသည်ကူညီရေးအဖွဲ့အစည်းအတုများအထိ ရှိနေကြသေး သော လောကဓာတ်တခွင်သည် အဓမ္မဝါဒီများကြောင့် မှိုင်းမှုန်ရီနေသည်။ သူ့လူကိုယ့်လူပင် မသဲကွဲနိုင်တော့။ ငယ်စဉ်ဘဝသင်ခဲ့ရသော စာသားလေးကို သတိရမိသည်။

အခြေခံဥပဒေသည် သွေး၊လွတ်လပ်ရေးသည်အသက် ဟု ဆိုထားသည်။ အခြေခံဥပဒေသွေးအတု ထည့်သွင်းစီးမျှောစေမှုကြောင့် လွတ်လပ်ရေးအသက်သည် ယဲ့ယဲ့လေးဖြင့် ဖုတ်လှိုက်ဖုတ်လှိုက်အသက်ရှုနေရသည်။ ရီဝေသောမျက်လုံးများကြောင့် ခေါင်းဆောင်တု၊ ခေါင်းဆောင်စစ်ပင်မကွဲပြား မခွဲခြားနိုင်တော့ပေ။ အတုမှန်းမသိ၊ အစစ်မှန်းမသိ အာဂုံဆောင်ခဲ့ရသော သမိုင်းဖတ်စာများကလည်း ဦးနှောက်အကန့်များကြား၌ ညှပ်နေပြန်သေးသည်။

(၅)
လွန်ခဲ့သောနှစ်က ကိုမောင်ဖြူတို့သားအဖကို မြေလတ်ပိုင်းမြို့လေးတမြို့တွင် တွေ့ခဲ့ရသည်။ သူ၏ဇနီးတော့ ဆုံးရှာပါပြီ။ တချိန်သောအခါက ဇီဝဓာတ်မျှင်းမျှင်းကလေးဖြင့် ကျွန်တော်မြင်ခဲ့ရသောသူ့သမီးလေးသည် ကျောင်းဆရာမလေးဖြစ်နေပေပြီ။ အလယ်တန်းပြဆရာမလေးဖြစ်နေသော သမီးကလေးဖြင့် အေးချမ်းစွာနေထိုင်နေပါသည်။

အရက်အတုလုပ်ရောင်းသူများကို တရားဥပဒေအရ ထိုက်သင့်သောပြစ်ဒဏ်ချမှတ်လိမ့်မည်ဟု ကျွန်တော်ယူဆပါသည်။ အရက်ဆိုင်များကို တရားဝင်မှတ်ပုံတင်ပြီး တွင်တွင်ကျယ်ကျယ်ဖွင့်လှစ်ခွင့်ပြုထားကြောင်း လူတိုင်းနီးပါးသိကြပါသည်။ ထိုနည်းတူစွာပင် တံဆိပ်မျိုးစုံနှင့်ပြည်တွင်းဖြစ်အရက်များကိုလည်း တရားဝင်ထုတ်လုပ်ခွင့်ပြုထားပြီးနိုင်ငံခြားဖြစ်ဈေးနှုန်းမြင့် အရက်များကိုလည်း ခေါင်းစဉ်ခွဲအမျိုးမျိုးအောက်တွင် တင်သွင်းခွင့်ပြုထားကြောင်း လူတချို့က သိကြပေလိမ့်မည်။ တရားဥပဒေသည် ဥပဒေဖြင့်လျှော်ညီစွာ အရက်တင်သွင်းသူများ၊ ထုတ်လုပ်သူများကို အကာအကွယ်ပေးပေလိမ့်မည်။

တရားဥပဒေသည်ကျောသားရင်သားမခွဲခြားပါဟု ကျမ်းသစ္စာများကြားတွင် ရဲဝံ့စွာဆိုထားသည် မဟုတ်ပါလော။ ကိုမောင်ဖြူသည်သာ ဘိန်းဖြူထုတ်လုပ်ဖြန့်ဖြူးခွင့်ကို ဥပဒေအရတားမြစ်ပိတ်ပင်ထားသဖြင့် သက်သာရာရခဲ့ခြင်း ဖြစ်ပေလိမ့်မည်ဟု ထင်မိပါသည်။

(၆)
ကျွန်တော်ငယ်ဘ၀က နေထိုင်ခဲ့ရာ ဆလိမ်စုရပ်ကွက်လေးသို့ စိတ်ကူးဖြင့် အခါခါရောက်မိနေတတ်သည်။ ပြတင်းတံခါးလေးကို ညင်သာစွာတွန်းဖွင့်၍ စာကြည့်စားပွဲအနွမ်းလေး၌ ထိုင်ကြည့်သည်။ မျက်စိဖွင့်၍နားစွင့်မိလေသောအခါ မြင်ကွင်းသည် လုံးဝမပြောင်းလဲသေးကြောင်း သိရလေပြန်သည်။ နေဝင်ရီတရောအချိန်၌ အိမ်ရှေ့လမ်းသွယ်လေးပေါ်တွင် အခြေခံ လူတန်းစားများ၊ ဆေးသမားလူငယ်များဖြင့် ခြေချင်းလိမ်နေကြဆဲ။ မပြောင်းလဲသေးပါဟု ကျွန်တော်ဆိုသောစကားကို စောဒကတက်ချင်သူများက လိမ်နေသောခြေထောက်များ ပို၍ များပြားလာခြင်းသည်  ပြောင်းလဲခြင်းဟုပြောခဲ့လျှင်တော့ ဆိတ်ဆိတ်လေးသာငြိမ်နေလိုက်ရတော့မည်။

ကိုမောင်ဖြူ၏ အိမ်လေးသို့လှမ်းကြည့်ရင်း အသစ်ဆောက်ထားသော တိုက်အတုကြီးနေရာ၌ သူ့အိမ်သေးသေးအစစ်ကလေးကို မြင်တွေ့နေရလေသည်။ ချုပ်ညရီသို့ ကူးခတ်နေဆဲ ဖြစ်သောအမှောင်ကြောင့် ကျွန်တော့်အမြင်အာရုံများကိုလည်း သံသယဖြစ်မိပါတော့သည်။

ကျော်ကျော် (မြရည်စမ်း)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

http://moemaka.com/archives/57845

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments