fbpx

လင်းသက်ငြိမ် ● ပြက္ခဒိန်နှင့် လူ

August 22, 2018

● ပြက္ခဒိန်နှင့် လူ
(မိုးမခ) သြဂတ်စ် ၂၂၊  ၀၁၈

ညနေက အချိန်ကာလ အတန်ကြာကြာ အလုပ်အတူတူလုပ်ခဲ့ရသည့် သူငယ်ချင်းတယောက်နှင့် လက်ဖက်ရည်ဆိုင်မှာပြန်​တွေ့ပြီး စကားပြောဖြစ်​ကြရင်း ကျောင်းကြီးဟု ကျွန်တော်တို့ ခေါ်ကြသည့် အထက်​တန်း​ကျောင်းမှာ အလုပ်လုပ်ခဲ့ကြရသည့် အကြောင်းသို့ ရောက်ရှိသွားသည်။ ​ကျောင်းကြီး၏ ရေတွင်းနံ​ဘေးတွင် ​ခြောက်​​ပေခန့်​အကျယ်​ရှိသည့် ကွန်ကရစ် ကျောက် ခွေကြီး​တွေကို ဆင့်ဆင့်ပြီးရေစင်ကြီး တည်ဆောက်​ရသည့်အလုပ်ကို ကျွန်တော်တို့လုပ်ခဲ့ကြရခြင်းပဲဖြစ်သည်။ ဘိလပ်​​မြေအိတ်​​တွေထမ်း၊  သဲအိတ်​​၊ ​ကျောက်​အိတ်​​တွေသယ်​။ မဆလာဖျော်၊ ကျောက်ခွေလောင်းစသည်ဖြင့် ကိုယ်နှင့် သက်တူ ရွယ်တူ ကျောင်းသား၊ ကျောင်းသူတွေရှေ့ အလုပ်လုပ်ရသည်မှာ ရှိုးတိုးရှန်းတန်းနှင့် စိတ်ထဲ တမျိုးတမည်ဖြစ်နေမိသည်။ ၀မ်းနည်းသလိုလည်း ခံစားရသည်။ ဘ၀ပေးအ​ခြေအ​နေချင်း မတူညီမှန်း၊ ကွာခြားမှန်းကိုလည်းသိပါသည်။ ဇာတ်​နာထား သည့် ဗွီဒီယိုဇာတ်လမ်း တခုမဟုတ်​​တော့ကျွန်​​တော်​တို့မကြည့်​ချင်​သည့် ဇာတ်​ဝင်​ခန်းကို​ ကျော်​ပစ်​လိုက်​၍ မရ​တော့လည်း ​မျက်​နှာကို​အောက်​ချကာ ကိုယ့်​အလုပ်​ကိုယ်​လုပ်​​ကြရသည်။ သူတို့၏ လန်းဆန်းတက်ကြွမှုတွေကြားမှာ အလိုလို သိမ်ငယ် နေ မိသည်ကား အမှန်​ပင်ဖြစ်ပါသည်။

မိုးတဖွဲဖွဲကျသည့်တနေ့တွင် ကျောက်ခွေလောင်းဖို့မဖြစ်နိုင်တော့ ​ကျောင်းထဲရှိသည့် မြောင်းတွေထဲမှ ရွှံ့ညွှန်​​များကို ဆယ်​၊ မြက်ပင်​​များကို ရှင်းလင်းပြီး ကျောင်းသန့်ရှင်းရေးလုပ်ကြရသည်။ ကျွန်တော်တို့ အလုပ်ရှင်က စွယ်စုံရပရဟိတဆိုတော့ ဘာမှမရှောင်ပါဘူး။ သူခိုင်းတဲ့အတိုင်း ကျွန်တော်တို့ကလည်း ကုသိုလ်ရတယ်ဆိုသည့် အတွေးနှင့်စိတ်ပါလက်ပါလုပ်ကိုင်ကြပါသည်။ ရှင်းလင်းရေးက ဆီးခြံတို့ အိမ်သာတို့အထိ​ရောက်သွားတော့ နှာခေါင်းရှုံ့မိကြတော့သည်။ မြန်​မာကား​တွေထဲဆို တ၀မ်းတခါး။ သမုဒ္ဒရာဝမ်းတထွာဘာညာ ဇာတ်နာလို့ သိပ်​ကောင်းတဲ့ အခန်း​ပေါ့။ လုပ်​မှစားရမသည့် ဘဝများသည် နာကျင်​ စရာ​တွေ​ပေါ် နိစ္စဓူဝ ကူးသန်း​နေကြရသည်မဟုတ်လား။ ကိုယ့်ကိုယ်ကို သနားညှာတာခြင်းသည် ပိုက်ဆံရသည့် ကိစ္စမဟုတ်ချေ။

အထက်​တန်း​ကျောင်း၏ အိမ်​သာနှင့်ဆီးခြံဟုသာပြောပေမယ့် ဘုရားစူး ကျိန်​​ပြောရမည့် အ​နေအထားရှိ​နေသည့်သန့်​ရှင်း​ရေးလုပ်​ရမည့် နေရာကိုကြည့်​ပြီး ကျွန်တော်တို့တယောက်မျက်နှာ တယောက်ကြည့်ကာ စိတ်​ပျက်​မိကြသည်​။ ကျောင်း၏ စည်းကမ်းနှင့် ယဉ်ကျေးလိမ္မာသည့်ကိစ္စကို ဒီအိမ်သာနှင့် ဆီးခြံကိုကြည့် အကဲဖြတ်မည်ဆိုလျှင် သုညအောက်ကို ထိုးကျ သွားမည်မှာ အသေအချာပင်။ အမှိုက်​​တွေစုပုံ​နေပြီး ဆိုးရွားတဲ့အနံ့အသက်​​တွေ ​ထောင်း​ထောင်းထ​နေသည့် ဆီးခြံထဲ အလယ်​ကကာထားတဲ့ အုတ်​နံရံကလည်း ပြိုကျလို့နေသည်။ ဒီအုတ်​တံတိုင်းက ဘာလို့ပြို​နေရတာလဲလို့ ​မေး​ကြည့်တော့ ​ကျောင်းသား​တွေက နှဲ့နှဲ့ပြီး တွန်းချိုးကြသည်ဟု ကျောင်းစောင့်ကပြောပြသည်။ တရက်​နည်းနည်းတရက်နည်းနည်းနဲ့ အုတ်​နံရံလည်းပြိုကျသွားတော့သည်။ စိတ်ဓာတ်၊ စည်းကမ်း၊ ပညာ ကျန်းမာရေးကောင်းမွန်ပါရဲ့လား။ ​ရေပိုက်​နဲ့ထိုးပြီး ဆီးခြံကို ကျွန်တော်တို့​ဆေးကြောသန့်စင်ရပါသည်။ အုတ်​ကျိုးအုတ်​ပဲ့​များကို အပြင်သို့ ​ထုတ်​ပစ်​ကြရသည်​။ ​ကျင်ငယ်နံ့ထောင်း​ထောင်း​ထနေသည့် ကျွပ်​ကျွပ်​အိတ်​​တွေ၊ သစ်​ရွက်​​ခြောက်​​တွေကို စုပုံပြီး အပြင်​ထုတ်​ကြ​သည်။ စိတ်​ထဲ​အော်​ဂလီဆန်​​နေ​ပေမယ့်​လည်း အလုပ်က အလုပ်​​ပါပဲ။

ဝက်​ဖြစ်​မှ​တော့ မစင်​​ကြောက်​​နေလို့မဖြစ်​ ဆိုသည့်စကားလို ပရိ​ယေသန ဝက်​​တွေ ​ဆီးခြံကြီးကို ရှင်းလင်းနေကြလေသည်​။

ကိုယ်​နှင့်​ အသက်​အရွယ်​မတိမ်းမယိမ်းဖြစ်​​သည့်​​ ဆင်​တူဝတ်​စုံများနှင့်​​ ကျောင်းသူ ​ကျောင်းသားများ​ရှေ့​မှောက်​မှာသန့် ရှင်းလုပ်​​နေရသည့်​အဖြစ်​သည်​ စိတ်​ကိုဓားတုံးကြီးနှင့်​အကြိမ်ကြိမ် လှီးဖြတ်​​နေရသည်​နှင့်​ တူသည်​ဟု ထင်​မိပါသည်​။ စာသင်ကျောင်းနှင့်အလိုမတူပဲ ဝေးကွာခဲ့ကြရသည့် ဘဝတချို့အကြောင်း ကျောင်းသင်ခန်းစာထဲ မပါဝင်နိုင်ပါ ။ ကျောင်းပြေး ၊ ကျောင်းလစ်တတ်သည့် အလေအလွင့်နေ့ရက်တွေထဲ ဖြစ်ရပ်မှန်ဇာတ်လမ်းများကို ကျွန်တော်ပြောပြလိုပါသည်။ ပေါ့ပါး လန်းဆန်းစွာ ကူးသန်းသွားလာနေကြသည့်ဆယ်ကျော်သက် လူယောက်ျား၊ လူမိန်းမများကို မသိမသာငေးမောကာ ကျွန်တော်တို့ ကိုယ့်အလုပ်ကိုယ်လုပ်နေရင်းသိမ်ငယ်နေခဲ့ကြသည်။ ချောမောလှပသည့် အထက်တန်းကျောင်းသူလေး တွေကို ငေးမောရင်ခုန်ဖို့ စိတ်မကူးမိပါ။ ကျောင်းစာအုပ်ထဲက ပညာတွေကို စွန့်လွှတ်၍ လက်တွေ့လောကကျောင်းတော်ကြီးမှာ သင်ယူနေကြရသူတွေအတွက်ရင်ခုန်ဖွယ်ရာ နေ့ရက်ဆိုတာ တိုရေရှားရေ နိုင်လွန်းလှပါသည်။
အလုပ်ထဲ ဒီကနေ့မှ စဝင်သည့်လူတယောက်သည်အိမ်သာခန်းထဲမှ ပြေးထွက်သွားပြီးတဝေါ့ဝေါ့ ထိုးအန်နေတော့သည်။ သူ့အသက်ကကျွန်တော့်ထက်ငယ်ပါသည်။ မြို့ကြီးတမြို့မှပြောင်းလာကာ အလုပ်ရှာရင်း အလုပ်ရဖို့ လွယ်ကူသည့် ကျွန်တော်တို့ကျောက်ခွေလုပ်ငန်းထဲ ဝင်လာခဲ့ခြင်းဖြစ်သည်။ အထည်ကြီးပျက်တယောက်ဟု သူပြောပြ၍သိရသည်။ ကျောက်ခွေ လုပ်ငန်းဆိုသည်မှာ ကျောက်နှင့်ဘိလပ်မြေကိုရောဖျော်ကာ ၊ သံပုံစံခွက်အဝိုင်းကြီးထဲလောင်းထည့်ပြီး၊ ရေကန်၊ ရေတွင်း၊ အိမ်သာ စသည့်နေရာများတွင် အသုံးပြုသည့်ကွန်ကရစ်ကျောက်ခွေများပြုလုပ်ရသည့် လုပ်ငန်းဖြစ်သည်။ မြေကျင်းတူးပြီး ကျောက်ခွေချရသည့် ပွင့်လင်းရာသီများတွင်အတန်အသင့်ဝင်ငွေရ၍ မဆိုးဘူးဟု ပြော၍ရသော်လည်းအခုလို မိုးကာလများ တွင်မူ အလုပ်ပါး၍ ရရာအလုပ်များကိုအဆင်ပြေသလို လုပ်ကိုင်ကြရပါသည်။ ကျရာနေရာကလုပ်နိုင်ရင်တော့ ငွေလေးငါးထောင်ထက်မနည်းရဖို့လွယ်ကူသည့် နေရာတခုဖြစ်ပါသည်။ ရှက်ခြင်း၊ ရွံခြင်းမရှိလျှင်အလုပ်ကတော့ ရှိပါသည်။ သူအန်ရ သည့် အကြောင်းကအိမ်သာထဲ ပိတ်ဆို့နေသည့် မစင်များကို ဆေးကြောရ၍ဖြစ်သည်။ မျက်ရည်များရစ်ဝဲနေသည့် သူ့ကို ကြည့်ပြီး စိတ်မကောင်းဖြစ်ရပေမယ့် ကျွန်တော်တို့ ဘာမှမတတ်နိုင်ပါ။ ကျောင်းသားများ၏ ခြေဆော့လက်ဆော့က အတော်ပင်စိတ်ပျက်ဖွယ်ရာကောင်းပါသည်။ ရေလောင်းအိမ်သာကိုဒုတ်များ၊ စက္ကူများနှင့်သုံးပြီး ပျက်စီးနေသည့် အိမ်သာ ထဲပြည့်အောင် မစွန့်ပြီး ဒုတ်များဖြင့် ထိုးစိုက်ထားခဲ့ကြသည်။ ခြောက်သွေ့နေသည့် မစင်များကို ကျွန်တော်တို့ ဆေးကြောသည့်အခါထိုဒုတ်ချောင်းများကို လက်နှင့်ဆွဲနုတ်ပြီး ကြွေခွက်ကိုဆေးကြောကြရသည်။

မျက်စိကိုစုံမှိတ်ပြီး ဒုတ်ချောင်းများကို လက်နှင့်ကျွန်တော်ဆွဲနုတ်ခဲ့ပါသည်။ လက်ဆော့ခြေဆော့နိုင်စွာထိုးထည့်ထားခဲ့သည့် ဒုတ်ချောင်းတွေက တချို့ အတော်ကိုရှည်၍ အားစိုက်ပြီးဆွဲနူတ်ရသည်။ မစင်များခြောက်ကပ်ပေကျံနေသည့် ဒုတ် ချောင်းများကို အမှိုက်အိတ်ထဲထည့်ရသည်။ အိမ်သာခွက်ထဲမှ မစင်များရေနှင့်နူးအိသွားသည့်အခါဆပ်ပြာမှုန့်များကိုဖြူး၍ ဘရပ်ရှ်ဖြင့် ပွတ်တိုက်ဆေးကြောရပါသည်။ လက်ကအားများသွားသည့်အခါ ဆပ်ပြာရည်များသည်ကျွန်တော့်မျက်နှာကိုလာစင်သည်။ အတူအလုပ်လုပ်နေကြသည့် လူတွေကရယ်မောကြသည်။ ကျွန်တော်လည်း ဘာမှမဖြစ်သလို ရယ်ရင်း၊ မော ရင်း ကိုယ့်အလုပ်ကိုယ်ဆက်လုပ်ခဲ့ကြသည်။ ကျွန်တော်တို့အဖွဲ့အိမ်သာနှင့်ဆီးခြံကို သန့်ရှင်းရေးလုပ်နေချိန်တွင် စာသင်ချိန် ခေါင်းလောင်းများ မကြာခဏထိုးသွားကြသည်။ အပြင်ကိုထွက်လာသည့် ကျောင်းသူတချို့သည်ကျွန်တော်တို့ကို ကြည့်ပြီး သနားကရုဏာသက်နေမည်လား။ နှာခေါင်းရှုံ့နေမည်လား ကျွန်တော်မတွေးတတ်ပါ။ ကျောင်းသားများသည် တနှစ်တတန်း (စာလိုက်နိုင်လျှင်) တက်၍ သွားပါလိမ့်မည်။ အောက်ခြေလူတန်းစားများသည် မည်သည့်အချိန်တွင် မည်သို့ ပြောင်းလဲ သွားကြမည်နည်း။

ရေစင်မှ ဆီးခြံနှင့်အိမ်သာသို့ သွယ်တန်းသည့်ပိုက်များကိုမြုပ်ရန်အတွက် မြောင်းများကိုဆက်၍ တူးကြရပြန်သည်။ သည် နေရာကတော့ အိမ်သာကိုဆေးကြောရတုန်းကလိုအော်ဂလီဆန် ပျို့တက်ရန် အကြောင်းမရှိသော်လည်းမျက်နှာကိုအပေါ်မမော့ရဲ၍ အောက်ငုံ့ထားရသည့် ကျွန်တော်တို့် အနားမှဖြတ်လျှောက်သွားကြသည့် လုံချည်စိမ်းစိမ်း၊ ပုဆိုးစိမ်းစိမ်းတို့နှင့် ဖြူ ဆွတ်သန့်စင်နေကြသည့် ခြေထောက်များ၊ ဖိနပ်များက စိတ်ကို အပ်နှင့်ဆွသလို ခံစားရပြန်သည်။ အငွေ့ပျံပျောက်ဆုံးသွားဖို့ ကျွန်တော်ဆန္ဒမပြု မိပါ။ သည်လောက်စိတ်ပျက်စရာကောင်းသည့် အလုပ်ကိုမလုပ်ဘဲ ထွက်သွား၍ရပေမယ့် ကျွန်တော် ဆက်လုပ်နေမိသည်။ သူတပါးအိတ်ထဲကပိုက်ဆံကို တူးဖော်ယူရသည့် ပညာမဲ့ ကြုံရာကျပမ်း အလုပ်သမား တယောက် အတွက် အလုပ်တခုဆိုသည်မှာ ပြောသလောက်မလွယ်ကူချေ။ ယခုလို သန့်ရှင်းရေးအလုပ်ကိုငြင်းဆန်လျှင် ကျောက်ခွေ လုပ်ငန်းတွင် အလုပ်ရဖို့မလွယ်ကူပေ။ ပွင့်လင်းရာသီတွင် ခွေလောင်း၊ တွင်းတူး၊ ခွေချ အလုပ်များကို လုပ်ရပြီး မိုးကာလတွင် မြက်ရှင်း၊ မြောင်းဆယ်၊ မြောင်းတူး၊ သဲတင်၊ သဲချ ၊ လမ်းခင်းစသည့် ကြုံရာကျရာအလုပ်များကိုကျွန်တော်တို့ လုပ်ကြရသည်။

လုပ်ရသည့်အလုပ်က ကျောက်ခွေအလုပ်ဆိုတော့အိမ်သာကျင်းများကို အကြိမ်ကြိမ်တူးခဲ့ရပေမယ့် ကျောင်းကြီးမှာလုပ် တုန်းကလောက် ကိုယ့်ကိုယ်ကို စိတ်ပျက်သိမ်ငယ်သည့်အချိန်မျိုးမရှိခဲ့ပါ။ သို့ပေမယ့် ကျွန်တော်ကျော်ဖြတ်ခဲ့ပါသည်။ ထို အဖြစ်အပျက်ကို ပြန်ပြောရသည့်အခါ ကျွန်တော်မအောင်မြင်ခင် ကာလတုန်းက အလုပ်ကိုဘယ်လိုလုပ်ခဲ့ရသည်။ အခု ကျွန်တော် ဘယ်လိုအခြေအနေမျိုးကို ရောက်ရှိ၍ နေပါပြီစသည်ဖြင့် ခမ်းနားထည်ဝါစွာ မပြောနိုင်ခဲ့ခြင်းကို ထူး၍နောင် တမရမိပါ။ တနေ့လုပ်တနေ့စား တယောက်ကတဆင့်ထက် တဆင့် မြင့်မြင့်သွားသည့် တက်ကျမ်းတွေ၊ ဇာတ်လမ်းတွေထဲ ကလို တကယ့်အဖြစ်သည် မလွယ်ကူပါ။ ခက်ခဲသည့် ဘဝဖြတ်သန်းမှုနှင့် လူတိုင်းကြုံ တွေ့ခဲ့ဖူးကြပေလိမ့်မည်။ အေးငြိမ်း သာယာသော ဘဝတခုသို့ပြောင်းလဲရောက်ရှိ၍ သွားခဲ့သည်လည်းရှိပေလိမ့်မည်။ ကျွန်တော်သည်အခုထိ အတန်အသင့် တည်ငြိမ်သည့် ဝင်ငွေရှိသောအလုပ်တခုခုနှင့်ပင် နေသားမကျနိုင်သေးပါ။ အရင်အကြောင်းများပြန်ပြောသည့်အခါ ယခုအကြောင်းလိုပင် အက်ကွဲရှတသည့် အသံထွက်နေဆဲသာ။ သူငယ်နှင့်စကားပြောပြီးပြန်လာသည့်အပြန်လမ်းသည် ခြေထောက်နှင့်လမ်းလျှောက်၍ ပြန်လာခြင်းသာဖြစ်ပါသည်။ ဒီလမ်းကို ကလေးဘဝကတည်းကနေ ယခုအချိန်အထိခြေထောက်နှင့်လှမ်းလျှောက် ဖြတ်သန်းခဲ့ရသည့်အတွက် ခြေထောက်များသည် လမ်းကိုအလွတ်ရနေကြပြီ။ ချိုင့်များ ကျင်း များကို သူ့အလိုလိုရှောင်ကွင်း သွားလာနေတတ်ပြီ။ မည်သည့်အချိန်အထိ ယခုလို လျှောက်နေရဦးမည်လဲဟု ကိုယ့်ကိုယ် ကိုပြန်လည် မေးမိချိန်တွင် ခြေထောက်များ ရပ်တံ့၍ သွားကြသည်။ ငြိမ်သက်ပျဝပ်နေသည့် အိမ်သည် တိတ်ဆိတ်စွာ ကျွန် တော့် ကိုကြိုဆို၍နေလေ၏။ အိမ်ထဲတွင် လက်ရှိရောက်နေသည့် ခုနှစ်သက္ကရာဇ်နှင့် သစ်လွင်ဆဲပြက္ခဒိန်တခုလည်း ချိတ်ဆွဲ လျှက် ရှိနေသည်။

လင်းသက်ငြိမ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)