စီနီမာ သာဂိ – အကျိုးနဲ ချမ်းသာတဲ့ အာရှသားတွေ (Crazy Rich Asians) တဲ့လား

August 25, 2018

စီနီမာ သာဂိ – အကျိုးနဲ ချမ်းသာတဲ့ အာရှသားတွေ (Crazy Rich Asians) တဲ့လား

(မိုးမခ) သြဂုတ် ၂၅၊ ၂၀၁၈

၂၀၁၈ သြဂုတ်မှာ နိုင်ငံတကာက ရုံတွေပေါ် တင်လာတဲ့ ရုပ်ရှင်ကားတခုကတော့ Crazy Rich Asians ပါ။ (သောက်)ကျိုးနဲ ချမ်းသာတဲ့ အာရှသားတွေပေါ့။ တကားလုံးကို အေရှင် (Asian) တွေနဲ့ ရိုက်ပါတယ်။ Netflix ပေါ် ချပေးလိုက်မလို့ဟာ Warner Brothers (Hollywood) က နိုင်ငံတကာက ရုံတွေပေါ် တင်ဖို့ ဆုံးဖြတ်လိုက်တယ်။ ဒီကား ပေါက်မယ်ပေါ့။ တကယ်လည်း ပေါက်သွားပါတယ်။ ကုန်ကျစာရိတ် သန်း ၃၀၊ အခု ရုံတင်ပြီး တပတ်အတွင်း သန်း ၅၀ ဒေါ်လာ ကျော် ငွေဝင်သွားပါပြီ။

ကြည့်တဲ့ ပရိသတ်က အေရှင်တွေ များတယ်ဆိုပေမယ့် ၃၈% အာရှနွယ်တွေ ဖြစ်ပြီး အာရှသားမဟုတ်သူတွေက ၆၀% ကျော် အားပေးတယ် ဆိုပါတယ်။ အမေရိကန်မှာ နာမည်ကျော်နေတဲ့ အာရှသား စာရေးဆရာ Kevin Kwan ရဲ့ ၀တ္ထုစီးရီးထဲက ကောက်နုတ်တာဖြစ်ပြီး ဒါရိုက်တာကလည်း Jon M Chu ဟောလီးဝုဒ်ဒါရိုက်တာ အာရှသားပါပဲ။ မင်းသား မင်းသမီး ဇာတ်ပို့ ဇာတ်ရံတွေအားလုံးကလည်း နာမည်ရနေတဲ့ အာရှသားတွေ အနုပညာရှင်တွေ ဖြစ်ပါတယ်။ ဇာတ်အိမ်ကို အမေရိကား နယူးယောက်ကနေ စပြီး စင်ကာပူမှာ ထိုင်ပါတယ်။ လူပြိန်းကြိုက် အချစ်ဝတ္ထုတွေလို အမေရိကန်က လူလတ်တန်းစား ပညာတတ် အေရှင် ပရော်ဖက်ဆာမလေးနဲ့ စင်္ကာပူက ကျိကျိတက်ချမ်းသာတဲ့ အမွေခံ လူချောကလေးတို့ ဇာတ်။ ကောင်လေးဘက်က ကျိကျိတက်ချမ်းသာတော့ ကောင်မလေးကို ခွဲခြား နှိမ်ချ ဆက်ဆံတဲ့ဆီမှာ ကောင်မလေးနဲ့ ကောင်လေးတို့က သူငယ်တွေ အားပေးမှုနဲ့ ရုန်းကန် ရင်ဆိုင်ကြရတာပေါ့။ ဂုဏ်ရည်မတူသော်လည်း နောက်ဆုံးတော့ ကောင်လေးဘက်က အမေက အလျော့ပေးပြီး ဇာတ်သိမ်းကျတော့ ညားကြလေသတည်းပေါ့လေ။

အာရှက တရုတ် အိန္ဒိယ ကိုရီးယား ဂျပန်မှာ သည်လို ဇာတ်ခွဲခြားတဲ့ ကားတွေ အများကြီးပါ။ အနောက်မှာလည်း သည်လိုပဲ ရှိပါတယ်။ ဆပ်ပြာပူပေါင်းဇာတ်တွေ … soap opera တွေလို့ ခေါ်တယ် ထင်တယ်။ နောက်ဆုံးတော့လည်း သက်တံ့ရောင် တလက်လက်နဲ့ ဆပ်ပြာပူပေါင်းလေး ပေါက်ပြီး ပြီးတော့လည်း ပြီးသွားတာပဲပေါ့။ သို့သော် သည်ကားက အဲသည်ထက် တာသွားပါတယ်။ သူ့ဆပ်ပြာပူပေါင်းက အရှေ့နဲ့ အနောက်တို့ရဲ့ ဇာတ်ခွဲခြားမှုကို ဆင်ရိုက်ထားတာကိုး။

အရှေ့ကတော့ ထုံးစံအတိုင်း မိဘ မျိုးရိုး ဂုဏ် ဓန နာမည် စတာတွေကို အလေးထား ကျောရိုးထားပါတယ်။ မိသားစုတို့ အမွေတို့ ရိုးရာ အစဉ်အလာတို့ကို ဦးတင်တယ်။ အနောက်ကတော့ ကိုယ့်အားကိုယ်ကိုး၊ မိမဲ့ ဘမဲ့၊ ကိုယ်ဒူးကိုယ်ချွန်၊ ရုန်းကန် တွန်းလှန်တာတွေ ဘာတွေကို စိတ်ကူးယဉ်တယ်။ အနောက်က အာရှသူ ပရော်ဖက်ဆာမက အမေတခု သမီးတခုလေး၊ လူလတ်တန်းစား။ အရှေ့က အာရှသား လူချောလေးက မိစုံဘစုံ ဆွေကြီးမျိုးကြီး သောက်ကျိုးနဲချမ်းသာတဲ့ မိသားစုကနေ လာတာ။ သည်လိုမျိုးပေါ့။

ဇာတ်ကားကို ပြောချင်တာ မဟုတ်ပါဘူး။ ပြောချင်တာက ဟောလီဝုဒ်ကော ရုပ်ရှင်တွေကော ပရိသတ်ပါ ခေတ်ပြောင်းလာတာ ပြောချင်တာပါ။ အမေရိကန်ရုပ်ရှင်တွေမှာ အသားရောင်စုံကို တင်ရိုက်လာတယ်။ လူဖြူကြီးစိုးတဲ့ ဇာတ်ကနေ လူမည်း လူဝါ လူညိုတွေနဲ့ ဇာတ်ကားကောင်းတွေ ထွက်လာတယ်။ diverse ဖြစ်လာတယ်။ ပရိသတ်ကလည်း အားပေးတယ်။ အရင်ကဆိုရင် လူနီရိုင်းတွေ လူမည်းတွေ တရုတ်တွေဟာ လူဆိုးတွေချည်းပဲ။ ခပ်ပေါပေါ ခပ်ချာချာတွေချည်းပဲ။ အဲသည်လောင်းရိပ်ကနေ လွတ်လာတယ်။ လွတ်လာတာကလည်း သိပ်မကြာသေးပါဘူး၊ ၂၁ ရာစုထဲ ၀င်ပြီးမှ တဖြေးဖြေး ပြောင်းလာတာပါ။ လူဖြူတွေဟာ ကမ္ဘာကြီးကို ပတ်ပြီး ကယ်တင်ရှင် သူရဲကောင်း ထိပ်သီးတွေကနေ သူတို့ကိုယ်တိုင်လည်း အခြားဇာတ်ကောင်တွေနဲ့ ရောနှောပြီး လူသားဆန်လာတယ်။ humanize လုပ်ခံရတယ်လို့ ခေါ်မှာပေါ့။ လူဇာတ်သွင်းခံရတယ်၊ အရင်ကဆို သူတို့ကို ဘုရားလောင်းဇာတ်သွင်း ရိုက်တာကိုး။

ပြီးတော့ သူတို့ဇာတ်ကို စင်ကာပူမှာ ရွေးပြလိုက်တော့ အနောက်နိုင်ငံမှာပဲ လောကနိဗ္ဗာန် ဆိုတာ ရှိတယ်လောက် ထင်နေတဲ့ အမြင်ကျဉ်းသူ အနောက်သားတွေဟာ စင်ကာပူရဲ့ စရိုက်နဲ့ စတိုင်ကို ရုပ်ရှင်ထဲမှာ မြင်လိုက်ရတော့ နည်းနည်းတော့ မာန်ကျသွားတယ်။ အနောက်သားတွေက အာရှဆိုတာ သူတို့အကျတွေနဲ့ တန်ဆာဆင်ထားတယ် ထင်တာကိုး။ ဂျပန်ချမ်းသာလှတယ် ဘယ်လောက်ပြောပြော ဂျပန်တွေခင်မျာ ခုထိ အလုပ်ကျူံးလုပ်နေရတုန်း ဇိမ်မခံတတ်ရှာဘူးလို့ stereotype ပုံစံခွက်ချ သတ်မှတ်တတ်တာ၊ ထိုင်းတွေဆိုတာကလည်း ဇိမ်ခန်းတွေနဲ့ ငွေရှာတာလို့ ရိုက်ရိုက်ပြနေတာကနေ စင်ကာပူကို ထုတ်ပြလိုက်တော့ အာရှရဲ့ အသွင်သစ် အလန်းသစ်တွေ သူတို့ မြင်သွားတယ်။ ဒါကလည်း အာရှအပေါ် အနောက်အမြင်ကို ပြောင်းစေမယ် ထင်တယ်။

စာရေးဆရာကော ဒါရိုက်တာကပါ ထုတ်ဖော်ပြောဆိုနေတာက အနောက်သားတွေက မင်းတို့ အာရှသားတွေ သည်လောက် နေရာရလာတာ ငါတို့တွေ နေရာပေးထားလို့၊ ရသလောက်နဲ့ ကျေနပ်နေကြ၊ ငါတို့ကို ကျေးဇူးတင်ကြလို့ အမြဲ လောင်းရိပ်မိုးနေတဲ့ အနောက်အကျင့်ကို ရုန်းထွက်ပြီး သည်ကားကို အာရှသား အာရှဟန်နဲ့ ရိုက်ပြလိုက်ကြတာလို့ ဆိုပါတယ်။ ဒါဟာလည်း အာရှသားမှ မဟုတ်ဘူး အမေရိကားမှာ လူမည်းတွေ အောင်မြင်လာတာကို လူဖြူတွေက သူတို့ ပစားပေးထားလို့ပါ ငါတို့က ပျင်းတောင် ပျင်းသေးဆိုတဲ့ လူမျိုးကြီး တဖက်သတ်ဆန် အမြင်သေမှုကို ခုချိန်ထိ လူမည်းတွေက ရုန်းကန် တိုက်ပွဲဝင်နေရတုန်းပဲဆိုတာကို အာရှသားတွေကပါ ၀င်ပြီး ရပ်တည်ပြလိုက်တယ်လို့ မြင်ပါတယ်။

နောက်တချက် သူတို့ပြထားတာကတော့ အာရှတန်ဖိုးနဲ့ အနောက်ကကြီးပြင်းလာတဲ့ အနောက်သား အာရှတွေဟာ အသွင်ချင်း မတူတော့ဘူးဆိုတာကိုလည်း တို့ထိထားပါတယ်။ အာရှသားတွေဟာ ဓန ဥစ္စာ အာဏာ မျိုးရိုး အစဉ်အလာကို သိပ်တန်ဖိုးထားတယ်၊ ဦးစားပေးတယ်။ အဲသည်ကနေ ရုန်းဖို့ သိပ်မကြိုးစားကြသေးဘူး။ အနောက်က အာရှသားတွေကတော့ အမေရိကန်ဆန်နေပြီ (ကောင်းတဲ့ အမေရိကန်ဆန်မှုပါ၊ ဇာတ်ခွဲတဲ့ ခွဲခြားမှုကို မဆိုလို)။ ဖြူဖြူမည်းမည်း အတူတူပဲ ဆိုတာမျိုး။ လူ့တဦးချင်းစီရဲ့ တန်ဖိုးနဲ့ ကိုယ့်တန်ဖိုးကို ကိုယ့်ဖာသာကိုယ် ရပ်တည်ကာကွယ်ရမယ်၊ ဘယ်သူ့မှ ကိုးကွယ် အားကိုးနေလို့ မရဘူး ဆိုတဲ့ အညံ့မခံတဲ့ စိတ်ကို ဇာတ်ကားမှာ အဲသည် အာရှသူ ပရော်ဖက်ဆာမလေးနဲ့ သူ့အမေတို့ နောက်ကြောင်းနဲ့ ပြသွားတယ် ထင်ပါတယ်။

အမေရိကန်မှာက bastard တွေချည်းပဲလို့ ဆိုရိုးရှိတယ်။ အဖေမပေါ်ဘဲ မွေးတဲ့သားသမီးတွေပေါ့။ ကိုလိုနီခေတ်မှာကတည်းက ငဆိုးတွေ ဇာတ်ပျက်တွေကို အမေရိကားကို ပို့ကြတယ်၊ ထွက်ပြေးကြတယ် ဆိုရိုးရှိတယ်။ ဘာအစဉ်အလာမှ မရှိဘဲ နိုင်ငံတခုကို လူပေါင်းစုံ စရိုက်ပေါင်းစုံနဲ့ ထောင်ထားတာပေါ့လေ။ ပြီင်္းတော့ အမေရိကားကို ရောက်လာတဲ့ နောက်ပိုင်း immigrant တွေကလည်း fresh off the boat တွေ … “သဘောင်္ကျတွေ” လို့ ဗမ်းစကားရှိတယ်။ မြန်မာတွေက ပြောတယ်၊ ခုန်ချတယ် ဆိုတာလေ။ လေယာဉ်ပျံပေါ်က ခုန်ချတယ်တို့ သဘောင်္ပေါ်က ခုန်ချတယ်လို့။ ကျွန်ခေတ်တုန်းကလည်း သဘောင်္ပေါ်ကနေ ကျွန်တွေကို ကြိုးတွေချီပြီး ခေါ်ချလာတာပဲ။ သဘောင်္ပေါ်က လတ်လတ်ဆပ်ဆပ် ဆင်းလာတာတွေပေါ့။ အမေရိကားက လူဖြူ လူမည်း လူဝါ လူညိုတွေဟာ bastards တွေ fresh off the boat တွေနဲ့ လာခဲ့ကြတာကို တဒေါင့်တစွန်း ရိုက်ပြတယ်။ အမေရိကား လေယာဉ်ပေါ်ကို တက်လာတဲ့ အမေရိကန်သားလူတွေကို ရိုက်ပြထားတာများ … စရိုက်မျိုးစုံဆိုတာမျိုးကို ပါအောင် ရိုက်ပါတယ်။ (ကွင်းစကွင်းပိတ်နဲ့ ပြောရရင် စာရေးဆရာ Kevin Kwan က စင်ကာပူက ၀ရမ်းပြေးပဲ။ သူလည်း စင်ကာပူမှာ စစ်မှုထမ်းရမှာစိုးလို့ အမေရိကားကို ပြေးလာတာ၊ ခုထိ စင်ကာပူမပြန်ရသေးဘူး။ သူပြန်ရင် စင်ကာပူက ဖမ်းပြီး ထောင်ချမှာတဲ့)

ရုပ်ရှင်ကားအကြောင်းပြောတာ ဘယ်ကနေ နိုင်ငံရေးတွေ ပါလာပါလိမ့်။ ကဲ နိဂုံးချုပ်ပါတော့မယ်။ အဲသည် ရုပ်ရှင်ကို ကြည့်ပြီး လူတွေက ကြိုက်ကြောင်း နှစ်သက်ကြောင်းတွေ ရေးကြတယ်။ ပြောကြ ချီးးကြတယ်။ ဝေဖန်ချက်တခုကတော့ အာရှသားရုပ်ရှင်တွေ အနောက်ကမ္ဘာမှာ ရေရှည် အောင်မြင်ပါ့မလားပေါ့။ ဆပ်ပြာပူပေါင်းလို့ ပေါ်ပျောက်သွားမလားပေါ့။ မေးကြတယ်။ အရင်က အနောက်သားတွေက အာရှကားတွေ ရိုက်ကြတာပါ။ ဂန္ဒီတို့ slum dogs တို့ စသည်ဖြင့်။ အခုဟာက အာရှသားတွေက အာရှသားချည်းသက်သက် ကိုယ်စားပြု ရိုက်တယ်ဆိုတာထက် နိုင်ငံတကာပြန့်နေတဲ့ လူအရောင်ပေါင်းစုံကို ရိုက်ပြတာရဲ့ နိဒါန်း ဖြစ်တယ်လို့ ဆိုချင်ပါတယ်။ အခု ကျနော်ရေးနေတဲ့ စာမူမှာတောင် အာရှသားတွေလို့ သုံးပါတယ်။ တရုတ်တွေလို့ တောင် မသုံးဘူး။ ဟုတ်တယ်နော်။ အေရှင်တွေပါ။ Asian တွေလေ … အားလုံး သူလို ကိုယ်လိုတွေချည်း။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သာဂိ, ဝေဖန်ရေးရာ, ရုပ်ရှင်ခံစားမှု

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments