ကျော်ကျော် (မြရည်စမ်း) ● မိုးသုံးဆယ်အလွန်မှ ၈၃၅/၂၃ လမ်း

August 25, 2018

● မိုးသုံးဆယ်အလွန်မှ ၈၃၅/၂၃ လမ်း
(မိုးမခ) သြဂတ်စ် ၂၅၊ ၂၀၁၈

(တစ်)
ထိုသတင်းကိုကြားကတည်းက ဒေါ်လေးကိုတွေ့ချင်နေမိသည်။ နောက်ထပ် ဆယ့်လေးငါးရက်ကြာတော့ အလုပ်ကိစ္စဖြင့် ရန်ကုန်ဆင်းဖြစ်သည်။ အလုပ်များ မပြီးပြတ်သေး သဖြင့် ဒေါ်လေးနေထိုင်ရာသို့ ကျွန်တော်မရောက်နိုင်သေး။ စိတ်ကတော့ ရောက်နေဖြစ်သည်။ ထိုမြို့နယ်၊ ထိုရပ်ကွက် ထိုလမ်းသွယ်လေး။ ပြီးတော့ ဆင်တူကြသည့်အိမ်ကလေးများ။

အိမ်တိုင်းစေ့ပြတင်းတခါးဖွင့်ထားလျှင် အိမ်ပေါက်စေ့ထုတ်ဖောက်ကာ မြင်ရသည့် မြင်ကွင်းများ။ မတွေ့ရသည်မှာ နွေသုံးဆယ်၊ မိုးသုံးဆယ်၊ ဆောင်းသုံးဆယ် ရှိပြီဖြစ်သည့် ချစ်လှစွာသော ဝမ်းကွဲအစ်မ။ နယ်သို့ မပြန်မီတစ်ရက်တွင် ကျွန်တော်ရောက်အောင်သွားခဲ့ပါသည်။

ကျွန်တော်တည်းခိုနေထိုင်သော သူငယ်ချင်း၏တိုက်ခန်းမှ ဒေါ်လေး၏အိမ်သို့ ရထားနှစ်တန်၊ ကားတစ်တန်စီးရသည်။ (ရထားနှစ်တန်ဆိုသည်မှာ  သီရီမြိုင်ဘူတာမှ ရန်ကုန်ဘူတာကြီးသို့ ရထားစီးရသည်။ ဘူတာကြီးရောက်လျှင် ကံဘဲ့ဘူတာသို့ ဆက်စီးရခြင်းကို ဆိုလိုပါ၏)။ ထို့နောက် ၃ ဖာလုံသာသာခန့် လမ်းလျောက်ရသည်။

သစ္စာလမ်းအတိုင်းကားစီးလာရင်း စာတိုက်လမ်းဆုံနေရာလေးသို့ ရောက်ကာနီးတွင် ဆရာဦးတင်ရွှေ၏ ကျူရှင်ကြော်ငြာဆိုင်းဘုတ်များ ရှိလေမလားဟု ကားပေါ်မှမျှော်ငေးမိသည်။ ထိုအခိုက်အတန့်လေး၌ ငယ်ဘဝ၏ ရနံ့တို့သည် အာရုံခံစားမှုသို့ လာရောက်တွယ်ငြိကြသည်။ စိတ်၏ အထင်မျှသာဖြစ်၏။ လမ်းများ၊ကားများ၊ လူများသည် လွန်ခဲ့သောနှစ်ကာလများကလို ကျွန်တော်မြင်ဖူးနေကျမဟုတ်တော့။ လမ်းနံဘေးဝဲယာမှ သစ်ပင်ကြီးများလည်း ရှိမနေကြတော့။ လုံးချင်းအိမ်ကလေးများလည်း ရှားပါးသွားချေပြီ။

ဒေါ်လေးနေထိုင်ရာ လမ်းသွယ်လေးသို့ ချိုးကွေ့ဝင်လိုက်လျှင် သုံးလေးလွှာခန့်မြင့်မည်ဖြစ်သော တိုက်ခန်းများက ဆီးကြိုနေကြသည်။ ယခင်က ကျောက်စရစ်လမ်းကလေးသည် ကွန်ကရစ်လမ်းဖြစ်နေပြီ။ ဒေါ်လေးတို့နေထိုင်ရာ အိမ်ကလေးမှာ လုံးချင်းအိမ်ကလေးအဖြစ် ရှိနေသေးသည်။ ထိုအိမ်လေး၌ ကျွန်တော်နေထိုင်ခဲ့ဖူးသောကာလများတွင် ခုနှစ်ရက်တစ်ပတ်လျှင် စာတစ်စောင်ခန့် အဖေ့ဆီက လာတတ်သည်။ ၈၃၅/၂၃ လမ်း ဟူသော အဖေ့လက်ရေးကိုကြည့်ရင်း စာအိတ်ကို တယုတယဖောက်ဖတ်ဖြစ်ပါသည်။ အဖေ့စာများတွင် ကျွန်တော့် ဘဝအတွက် လမ်းပြမြေပုံများ အမြဲလိုပါခဲ့ပါသည်။ ခြံအတွင်းတွင် အိမ်ကလေးနှစ်လုံးဖြစ်သွားပေပြီ။ အိမ်ခေါင်းရင်း မြက်ရိုင်းတောနေရာလည်း မရှိတော့ပါ။ သက်တောင့်သက်သာ ရှိမည့် ပုံ ရသော ခုတင်တလုံးပေါ်တွင် ဒေါ်လေးလှဲလျောင်းနေပါသည်။

ဒေါ်လေး၏ လက်ဖဝါးကို ကျွန်တော်နှိပ်နယ်ပေးနေမိသည်။ စကားပြောသည့်အခါ လျှာအနည်းငယ်လိပ်နေသည်မှအပ ဒေါ်လေး၏ အခြေအနေမဆိုးလှ။ “လမ်းတော့ ကောင်းကောင်း မလျှောက်နိုင်သေးဘူး” ဟု အစ်မက ပြောသည်။ လွန်ခဲ့သည့် တစ်လကျော်ကျော်လောက်က ကျွန်တော် နယ်မှာပဲ ရှိနေသည်။ တညနေတွင် ဒေါ်လေးကို သတိရစိတ်ကြောင့် ဝမ်းကွဲအစ်မထံ ဖုန်းဆက်လိုက်သည်။ ထိုအချိန်တွင် အစ်မရောဒေါ်လေးပါ ဆေးရုံကြီးသို့ ရောက်နေကြသည်။ အပူလွန် အအေးလွန် ရာသီဥတုကြမ်းကြမ်းထဲတွင် ဒေါ်လေးက လေဖြတ်ချင်သလို ဖြစ်သွားသည်။ (ဆေးပညာအရတော့ ဘယ်လိုခေါ်ဝေါ်သည်ဟု ကျွန်တော်မသိပါ)။ ဆေးရုံအချိန်မီတင်လိုက်နိုင်သဖြင့် အခြေအနေအဆိုးကြီးဘက်သို့ ရောက်မသွားရခြင်းဟု အစ်မက ပြောပြနေသည်။ အစ်မသည် ခုတင်ဘေးမှနေ၍ ကျွန်တော်တို့တူဝရီးကို ကြည့်နေသည်။ ကျွန်တော်က အစ်မကိုကြည့်နေရင်း တစုံတရာကို တွေးမိလာသည်။ ယခု အစ်မရပ်နေသော နေရာ၊ ပြီးတော့ ကျွန်တော်တို့ရောက်နေသည့်အိမ်ခန်း။ ယခုနေရာသည် ယခင်က မြက်ရိုင်းတောနေရာလေးဖြစ်ပါသည်။

(နှစ်)
ကျွန်တော်နေထိုင်ရာအရပ်သည် မြို့ပြဖြစ်သည်။ လူနေမှု စရိတ်မြင့်မားလှသည်။ ထို့ကြောင့် ကုန်ဈေးနှုန်းတက်လာသည့် ဒဏ်ကို သိသိသာသာခံစားရသူပိုများလာသည်။ငွေကြေးများ ကမောက်ကမဖြစ်ထားကြသည်မှာ တစ်နှစ်နီးပါး ကြာခဲ့ပါပြီ။ ငါးရာ တစ်ထောင်၊ ငါးထောင် တစ်သောင်း ရှိစုမဲ့စု ပိုင်ဆိုင်သူများမှအစ ငါးသိန်း ဆယ်သိန်းပိုင်ဆိုင်သူများ ၊ ထို့ထက်မက ပိုင်ဆိုင်သူများ၊ သူဌေး သူကြွယ်များပါ အခက်အခဲတွေ့နေကြရသည်။ လောင်စာဆီဈေးနှုန်းများကလည်း ရုတ်ချည်းခုန်တက်သွားသည်။ ဘတ်စ်ကားမှတ်တိုင် လေးငါးတိုင်စာမျှသာဝေးသော ခရီးအတွက် ဘတ်စ်ကားမလာနိုင်၍ လေးဘီးငှားစီးမည်ဆိုလျှင်ပင် အဆင်မပြေချင်တော့ပါ။ လေးဘီးကားဆရာကလည်း ဓာတ်ဆီဈေးကြီးနေသည့် အကြောင်းကိုသာ တွင်တွင်ကြီး ငြီးပြ တတ်တော့သည်။ သူ့အတွက်လည်း ထိုမှတပါး တခြားအကြောင်းအရာကို ပြောပြစရာမရှိပြီ။

ကုန်ဈေးနှုန်းများ မတရားကြီးမြင့်တက်လာသည့်အပြင် အလုပ်အကိုင်ကလည်း ရှားပါးလာသည်။ ဈေးဝယ်မည့်သူထက် ဈေးရောင်းချမည့်သူသာ များပြားလာသည်။ အုပ်စိုးသူ အစိုးရကို ဆန့်ကျင်သည့် ဆန္ဒပြပွဲများကလည်း ပြင်းထန်သည်ထက် ပြင်းထန်လာခဲ့ပြီဖြစ်သည်။

သြဂုတ်လ၏ ပထမအပတ်ထဲတွင်ဟု ကျွန်တော်မှတ်မိနေသည်။ မာရှယ်လောစစ်ဥပဒေကို ညနေ ၆ နာရီတွင် ထုတ်ပြန်ကြေညာခဲ့သည်။ ထိုအချိန်တွင် သင်္ဃန်းကျွန်းမြို့နယ်ရှိ ဓာတုဗေဒ ကျူရှင်တခုတွင် ကျွန်တော်ရောက်နေသည်။ ထိုသို့သောဥပဒေသည် မည်သို့သောအရာဖြစ်သနည်းဟု ဆရာ့ကိုမေးမိသည်။ “မင့်ရည်းစားနဲ့ လမ်းတွဲလျှောက်လာကို မျက်မုန်းကျိုး ရင်တောင် ဆံပင်ကို လေးကွက်ကြား ရိတ်ပစ်လို့ရတဲ့ဥပဒေမျိုးပေါ့ကွ” ဟု ဆရာက အနက်ဖွင့်သည်။ သာဓကပြသည်။ ထိုနေ့က ထိုအမိန့်ကို ဖီဆန်၍ လူတစ်သောင်းကျော်ခန့် ရန်ကုန်မြို့တွင်းသို့ လှည့်လည်ဆန္ဒပြကြသည်။ စစ်ဥပဒေကို ဖီဆန်မှုဖြင့် ပြည်သူလူထု ရာပေါင်းများစွာကို ဖမ်းဆီးခဲ့သည်။

သြဂုတ်လ(၈)ရက်ကိုတော့  တသက်မမေ့နိုင်အောင် မှတ်မိနေပါသည်။ ရန်ကုန်မြို့ လမ်းမပေါ် နေရာတိုင်း၌ လူတန်းစားပေါင်းစုံပါဝင်သော အထွေထွေ သပိတ်ကြီးကို ဆင်နွှဲကြသည်။ တနိုင်ငံလုံးရှိ ဆန္ဒပြလူထုကြီးက ဒီမိုကရေစီနှင့် လူ့အခွင့်အရေးရရှိရေး၊ မဆလ ပါတီနှုတ်ထွက်ရေးနှင့် ဆိုရှယ်လစ်စီးပွားရေးစနစ်ကို အဆုံးသတ်ရန် တောင်းဆိုကြသည်။ တနိုင်ငံလုံး အနယ်နယ်အရပ်ရပ်တွင် ဆန္ဒပြပွဲများ တပြိုင်တည်း ကျင်းပကြသည်။

နောက်တစနေ့ဖြစ်သော   သြဂုတ်လ(၉)ရက်နေ့တွင်လည်း ဆန္ဒပြပွဲများ ဆက်လက် ဖြစ်ပွားခဲ့သည်။ တပ်မ ၂၂ မှ စစ်သားများက လူထုကို ပစ်ခတ်ကြသည်။ ရာပေါင်းများစွာသေဆုံးခဲ့ပြီး ထောင်ပေါင်းများစွာ အဖမ်းခံရသည်။ ကျောင်းများအားလုံးပိတ်လိုက်သည်။ ကျွန်တော်က ဇာတိမြေကို ပြန်ချင်သည်ဟု ဒေါ်လေးကို ပူဆာမိသည်။”ကျောင်းက အချိန်မရွေးပြန်ဖွင့်နိုင်တာ ပဲ။ ကျက်စရာရှိတဲ့စာတွေကျက်ထား။ ပြီးတော့ အခုလိုအချိန်မျိုး အိမ်မှာလူများများရှိတော့ ပိုကောင်းတာပေါ့” ဟု ပြောပါသည်။

ထိုအတောအတွင်း နယ်မှာနေထိုင်သော အဖေ့ထံမှစာများကတော့ ရောက်ရောက်လာသေးသည်။ နယ်သို့ ပြန်မလာခဲ့ရန်၊ ရန်ကုန်ရှိဒေါ်လေးအိမ်၌သာ လိမ်လိမ်မာမာနေထိုင်ရန်၊ဝမ်းကွဲ အစ်မအာစောင့်ရှောက်ရန် အကြောင်းများကတော့ စာတိုင်း၌ ပါ၏။ တကယ်တော့ ကျောင်းများပိတ်ထားပြီဖြစ်၍ နယ်သို့ကျွန်တော်ပြန်ချင်နေပြီ ဖြစ်သည်။ အစ်မကို စောင့်ရှောက်ဖို့နေနေ သာသာ အစ်မကပင် ကျွန်တော့်အား ပြန်စောင့်ရှောက်နေရသည်။ ညနေခင်းအချိန်လေးများတွင် မောင်နှမနှစ်ယောက် သံသုမာလမ်းမကြီးပေါ်ထွက်ကာ စာစောင်များဖတ်ကြသည်။ ၈၈ အရေးတော်ပုံနှင့်ပတ်သက်ပြီး ရေးသားထားသောစာစောင်များဖြစ်ပါသည်။

ထိုစဉ်က ပန်းချီကိုကျွန်တော်စိတ်ဝင်စားနေသည်။ ထို့ကြောင့်ဖြစ်မည်။ အရောင်သစ်စာစောင်ကိုတော့ ကျွန်တော်မှတ်မှတ်ရရဖြစ်မိသည်။ ထိုသို့ စာစောင်များ ဖတ်နေကြစဉ် ကျွန်တော်စီးကရက်ဖွာတတ်နေပြီ။ ထိုကိစ္စကို အစ်မက သိပ်ပြီးကြည့်မရပါ။ သို့သော် သူက ကျွန်တော့်ကို နယ်သို့ပြန်မသွားစေချင်သူ။ ထို့ကြောင့် ဒေါ်လေးကို ပြန်မတိုင်ပါ။ နယ်သို့ပြန်သွားပြီး ပေတေလေလွှင့်သွားမှာမျိုး၊ ပညာရေးနိမ့်ကျသွားမှာမျိုးကို သူမလိုလား။

အစ်မက ဝမ်းကွဲဆိုပေသည့် ကျွန်တော့်ကို ချစ်ရှာပါသည်။ ဝမ်းကွဲအစ်ကိုကတော့ တေမိဖြစ်သည်။ သူ့ဘာသာ စာအုပ်တစ်အုပ်ဖတ်ပြီး ငြိမ်နေတတ်သည်။ မနက်စောစောတွင် အစ်မက ထမင်းလေးကြော်ကျွေးသည်။ မုန့်ဟင်းခါးဟင်းရည်လေး ဝယ်ခိုင်းပြီး ထမင်းကြမ်းခဲနှင့်ဖျော်၍ ကျွေးသည့်နေ့မျိုးဆိုလျှင် ကျွန်တော်ပျော်ရွှင်ပါသည်။ နေ့စဉ်ထုတ်စာစောင်များ၊သတင်းလွှာ များဖတ်နေရသဖြင့် အခြေအနေအရပ်ရပ်ကို ကျွန်တော်ခြုံငုံနားလည်နေပါသည်။ သို့သော် အမြဲတမ်းတော့ဗိုက်ဆာနေတတ်သည်။ တကယ်တော့အိမ်မှာ ကျွန်တော်အစားရဆုံးဖြစ်သည်။ ထမင်းစားကြပြီဆိုလျှင် နောက်တကြိမ်ထပ်မစားရတော့မည့်ပုံစံမျိုးဖြင့် ကျွန်တော်စားတတ်သည်။ တရေးတမောအိပ်သည်။ အိပ်ရာမှနိုးလာသောအခါ၌ ဗိုက်ပြန်ဆာနေတတ်သည်။

အိပ်ခြင်း၊ စားခြင်း၊ စာအုပ်ဖတ်ခြင်းနှင့် ဗိုက်ဆာနေခြင်းတို့မှတပါး တခြားလုပ်စရာအလုပ် မည်မည်ရရမရှိပါ။ ဇာတိမြေကို မနေနိုင်မထိုင်နိုင်လွမ်းသည့်နေ့မျိုးဆိုလျှင်တော့ အိမ်ခေါင်းရင်းမှ မြက်ရိုင်းတောလည်း မသက်သာရှာ။ စိတ်၏ ပြေရာပြေကြောင်းဖြစ်သော ဓားချက်များအောက်တွင် ပြားချပ်သွားတော့သည်။ တကယ်တော့ ကျွန်တော့်စိတ်သဏ္ဌာန်တွင် မြက်ပင်စိမ်းစိမ်း များကို မြက်ပင်ဟုပင် ထိုစဉ်က မထင်မြင်မိတော့ပဲ အငြိုးတကြီး ရှိနေခဲ့ပုံရပါသည်။

နေ့လယ်နေ့ခင်း အဆာပြေစားရန်အတွက် အုန်းသီးစိတ်များကို ရေခဲသေတ္တာထဲထည့်ထားပေးသည်။ ကြောင်အိမ်ပေါ်တွင် ထန်းလျက်ဗူးရှိသည်။ ဘီစကစ်မုန့်ပုံးများထဲ၌ပဲကြီးလှော်များ နှင့်ပဲ ကြားလှော်များရှိသည်။ ကြောင်အိမ်၏ အလယ်အဆင့်တွင် ပဲကြော်ဆံအထုပ်များလည်း ရှိနေသည်။ ရေခဲသေတ္တာအတွင်းမှ အုန်းသီးစိတ်များနှင့်ထန်းလျက်ခဲကို ဘယ်ညာနှစ်ဖက်ကိုင်ကာ တထိုင်ထဲလည်း စားပစ်လိုက်ဖူးသည်။ ထို့နောက် ရေခဲရေကို တကျိုက်ကျိုက်နှင့် သောက်နေလိုက်သည်။ ထိုအခါမျိုးတွင် အစ်မက ပြုံး၍ကြည့်နေတတ်ပါသည်။ တကယ်တော့ အစ်မသည် ကျွန်တော့်ထက် အသက် ၄ လသာကြီးပါသည်။ သို့သော် သူသည် လေးနှစ်လောက်ပို၍ ရင့်ကျက်နေခဲ့သည်။ အလိုက်ကန်းဆိုး နားမလည်သူက ကျွန်တော်သာဖြစ်သည်။

ထန်းလျက်ခဲများ၊ ပဲကြော်ဆံများ၊ ပဲကြီးလှော်များကို ဦးလေးနှင့်ဒေါ်လေးက ညောင်ပင်လေးဈေးသို့သွား၍ ဝယ်ယူခဲ့ကြခြင်းဖြစ်သည်။ ထိုနေ့က အိမ်သုံးဆေးတချို့ကိုလည်း ဝယ်ယူခဲ့ ကြသေးသည်။ ပစ္စည်းများမနိုင်မနင်းဖြင့်ပြန်လာကြသော ဦးလေးနှင့်ဒေါ်လေးကို ကျွန်တော်တို့က ခြံအပြင်ထွက်၍ ကြိုကြရသေးသည်။ မရှိမဖြစ်ပစ္စည်းများ ဖြစ်သည်ဟု ဒေါ်လေးကပြော ပြပြီး ဆန်ဈေးများတရိပ်ရိပ်နှင့် တက်နေသေးသည့်အကြောင်းကို ဆက်ပြောပါသည်။

နောက်တစ်ရက်တွင် ရပ်ကွက်အတွင်းရှိ ဈေးသို့သွားရာ ကျွန်တော်လိုက်သွားရသည်။ ဒေါ်လေးက ဆန်အိတ်များဝယ်ယူသည်။ အိမ်သို့ သယ်ပို့ခိုင်းရန်အတွက် အလုပ်သမားရှာနေသည်ကို ကျွန်တော်ကန့်ကွက်လိုက်ပါသည်။ ထိုဆန်အိတ်များကို တအိတ်ချင်းထမ်း၍ တလှမ်းချင်းလှမ်းကာ အိမ်သို့ ကျွန်တော်သယ်ပိုးလာခဲ့သည်။ အိမ်ရှိလူကြီးသူမများသည် ကာလတခု အတွက်ရည်ရွယ်ကာ စားနပ်ရိက္ခာသိုမှီးနေကြောင်း ထိုနေ့ကမှ သိခဲ့ရပါသည်။ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီမှကျင့်သုံးနေသည့် တပါတီအာဏာရှင်စနစ်ကို ဆန့်ကျင်သည့်ဆန္ဒပြပွဲများ သည်လည်း တနေ့တခြား အရှိန်အဟုန်ကြီးလာနေပေပြီ။ ဆန်ဈေးကြီးမြင့်လာသောကြောင့် “ဆန်တစ်ပြည် ဘယ်နှကျပ်၊ ဘယ်ကောင့်ခေါင်းကိုဖြတ်” ဟူ၍ပင် စီတန်းလမ်းလျှောက်ဆန္ဒပြ ပွဲများ၌ ကြွေးကြော်နေကြပြီ။

သံပုံးကို အားပါးတရတီးခဲ့ရသော ညတညလည်း ရှိခဲ့ဖူးပါသည်။ ထိုနေ့က  ဇူလိုင်လအတွင်းက ကျင်းပခဲ့သော မဆလပါတီဗဟိုကော်မတီ၏ အစည်းအဝေးမှ တင်မြှောက်ထားကြသော ပါတီဥက္ကဋ္ဌဦးစိန်လွင် ရာထူးမှဆင်းသည့်နေ့ဖြစ်သည်။ ဦးစိန်လွင်ကို ရာထူးမှ ဆင်းစေချင်သူ များလှပေသည်။ တရပ်ကွက်လုံးသံပုံးတီးသံ သောသောညံသွားခဲ့သည်။ ထိုသူသည် အစ ကတည်းကယဉ်သကို ဟု ဆိုရမည့်သူဖြစ်သည်။ တပ်မှူးဗိုလ်ချုပ်ဘဝမှာကတည်းက သွေးစွန်းသော သောကြာနေ့ကို ဖန်တီးခဲ့သူဖြစ်သည်။ ဆန္ဒပြသူ ထောင်ပေါင်းများစွာကို ရိုက်နှက်ဖမ်းဆီးခဲ့သူဖြစ်သည်။ လက်ရှိအနေအထားအရလည်း ရန်ကုန်ပြည်သူ့ဆေးရုံကြီးအတွင်းတွင် သေနတ်ဒဏ်ရာရသူများကို ဆေးကုသဖို့ပင်မနိုင်ရင်ကာ ဖြစ်နေပေပြီ။

ကျွန်တော်နေထိုင်ရာ လမ်းသွယ်လေး၏ထိပ်တွင် ဝါးခြမ်းများဖြင့် ခြံစည်းများ ကာထားလိုက်ကြပြီ။ ရပ်ကွက်အတွင်းမှ လူကြီးလူငယ်များသည် ဂိတ်တံခါးတပ်၍ ကိုယ့်ရပ်ကွက်ကိုယ် လုံခြုံရေးပေးကြပါသည်။ လမ်းသွယ်လေး၏ ထိပ်တွင်ရှိသော လုံခြုံရေးကင်းတဲသို့ ညအချိန်တွင် အဆာပြေစားရန် ထမင်းဆီဆမ်းနှင့်အကြော်ဆံများ သွားပို့ပေးဖူးသည်။

စစ်အာဏာရှင်၏ လက်သရမ်းကြီးဖြင့် မွှေနှောက်လိုက်သောကြောင့် ကြည်လင်နေမှုမှန်သမျှတို့ ပျောက်ဆုံးကုန်တော့သည်။ သူ့လူ ကိုယ့်လူ မနည်းကြီး ခွဲခြမ်းစိတ်ဖြာနေရသော အနေအထားများ။

စစ်ချီတေး၊ စစ်သည်တေးများကို တစ်နေကုန်မနားတမ်းလွှင့်ထုတ်ပြီး အ,ကာလသို့  ပို့ဆောင်ပေးကာနီးနေ့ရက်များ။

(သုံး)
ပြန်ကာနီးတော့ ဒေါ်လေးကို ထိုင်ကန်တော့ဖြစ်သည်။ ဒေါ်လေးအတွက် မည်သည့်ကန်တော့ပစ္စည်းမှ ဝယ်မလာဖြစ်သည့် အတွက် လက်ချည်းဗလာသာဖြစ်ပါသည်။

“ကျော်ကျော် လိမ်မာနော်”ဟု ဒေါ်လေးက ဆုပေးသည်။

ဟိုး…အတိတ်ကလိုဆိုလိုဖြင့် ဒေါ်လေးသည် ကျွန်တော့်အား စကားများစွာပြောပေလိမ့်မည် သို့တည်းမဟုတ် ထူးအိမ်သင် သီချင်းထဲကလို ပိုက်ဆံတစ်ပြားမှမရှိဘဲ သိက္ခာရှိချင်နေသော ကျွန်တော့်ကိုအံသြကာ စကားတစ်လုံးမှ ပြောမထွက်တတ် အောင်လည်း ဖြစ်ချင်ဖြစ်နေနိုင်ပါသည်။

အိမ်ထဲမှ ပြန်အထွက်တွင် ခြံစည်းရိုးဘေးရှိ ရေမြောင်းလေးထဲသို့ အမှတ်မထင် ငုံ့ကြည့်လိုက်မိသည်။ မြောင်းဖုံးလွတ်နေ သောနေရာမှ မြင်ရသော ရေကြည်ကြည်တွင် ငါးလေးတစ်ကောင် ကူးခတ်သွားပါသည်။

ကျော်ကျော် (မြရည်စမ်း)
၁၉၊ ၈၊ ၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments