fbpx

ကြည်ဇော်ဝင်း ● ကိုခင်လွန်းရေ …အောင့်လုံးတွေကို ဖောက်ခွဲတော့မယ် နားထောင် (၁)

August 28, 2018

● ကိုခင်လွန်းရေ …အောင့်လုံးတွေကို ဖောက်ခွဲတော့မယ် နားထောင် (၁)

(မိုးမခ) သြဂတ်စ် ၂၈၊ ၂၀၁၈


ကိုခင်လွန်းရေ …

ခင်ဗျားနဲ့မနက်က video call ပြောပြီးကတည်းက ကျနော် စာရေးချင်စိတ်တွေ တဖွားဖွားပေါ်နေမိတယ်ဗျာ။ ခင်ဗျားတို့ ကျနော်တို့အသက်တွေလည်း ခြောက်ထိပ်စီးတွေကျော်လာပြီဆိုတော့ ဘဝအတွေ့အကြုံရော၊ စာပေအတွေ့အကြုံပါ ပြောစရာတွေအများကြီးရှိလာပြီပေါ့ဗျာ။ ကျနော်က စာပေလောကကို ၈၈ အရေးအခင်း (အရေးတော်ပုံ) ဖြစ်တဲ့နှစ်က စရောက် တယ်ဆိုတော့ နှစ် (၃၀) တင်းတင်ပြည့်ခဲ့ပြီပေါ့။ ကိုခင်လွန်းက စာပေလောကဝင်တာ ကျနော့်ထက်စောတယ်နော်။

ခင်ဗျားတို့လည်း ကျနော်ကြည်ဇော်ဝင်းကို ကြည်ဇော်ဝင်းဖြစ်စေတဲ့ ‘လင်းဆေးကုခန်း မီးသွေးရောင်းရန်ရှိသည်’ ဆိုတဲ့ဝတ္ထု ကို သိကြပါတယ်နော်။ ကျနော့်ကို အဲဒီ့ဝတ္ထုဖြစ်ပေါ်လာပုံကို ဘယ်သူကမှ မမေးကြဘူးဗျ၊ အခုလည်း ခင်ဗျားမမေးလည်း ပြောပြတော့မယ်ဗျာ၊ ဇွတ်ကြီးဆိုပါတော့။ မပင့်တဲ့ဘုန်းကြီးက သင်္ကန်းတရုံရုံနဲ့လို့ပြောရင်လည်း ခံရမှာပေါ့။

ခင်ဗျားမနက်ကပြောသလို ဝတ္ထုကောင်းတပုဒ်၊ ကဗျာကောင်းတပုဒ်ကိုရဖို့ ထွက်ဖို့ဆိုတာ လွယ်မှတ်လို့။ တကယ့်ဒုလ္လဘ တရားပါ။ ဆရာမောင်အောင်ပွင့်ရဲ့ ‘ငါးရိုးနင်တဲ့ ငွေလမင်း’ ကဗျာလိုပေါ့။

ဒီနေရာမှာ ကျနော်ကို နည်းနည်းလျှာရှည်ခွင့်ပေးဗျာ။ လျှာရှည်မှလည်း လိပ်ပတ်လည်မယ်ထင်လို့ပါ။ ခင်ဗျားတို့သိတဲ့အတိုင်း မန္တလေးဆေးကျောင်းမှာ ကျနော်တို့တတန်းတည်းကချည်း စာရေးဆရာ (၇) ယောက်ထွက်တယ်လေ။ ကျော်စွာထက်၊ ဂျူး၊ စုထား၊ ဂျိုဇော်၊ လူမျိုးနော်၊ အောင်ထိပ်နဲ့ ကျနော်ပေါ့။

အောင်ထိပ်နဲ့ကျနော်က နောက်ကျမှစာရေးတဲ့ စာရေားဆရာနှစ်ယောက်ဆိုပါတော့။ ရှေ့ကငါးယောက်ကတော့ ဆေး ကျောင်းသားဘဝကတည်းက စာရေးဆရာတွေဖြစ်နေကြပါပြီ။ သူငယ် ကျော်စွာထက်နဲ့ မရွှေဂျူးကတော့ အစောဆုံး နာမည်က စာရေးဆရာတွေပေါ့။

ကျနော်က သူတို့ကိုအထင်ကြီးအားကျပေမယ့် သူတို့လို စာမရေးတတ်ဘူးဗှာ။ အငုံ့စိတ်မှာတော့ သူတို့လိုပဲ စာရေးဆရာ ဖြစ်ချင်တာပေါ့ဗျာ။ စာရေးဆရာဖြစ်ဖို့ စာဖတ်ခဲ့တာမဟုတ်ပေမယ့် စာဖတ်ပါများလာတော့ သူတို့လိုရေးတတ်ချင်တာပေါ့။ စာရူးပေရူးလို့ ကွယ်ရာမှာအပြောခံရတော့ ပိုအခံရခက်တာပေါ့ဗျာ။ စာရေးဆရာမဖြစ်ရလို့ အိပ်ရာကလန့်လန့်နိုးတာတွေ တောင် ဖြစ်ခဲ့ဖူးပါရဲ့၊ စာမရေးတတ်တဲ့စာပေသမားတယောက်ရဲ့ဒုက္ခကလည်း ကြီးလွန်းတယ်။ စာရေးဖို့အားမပေးဘဲ ခွဲခြား ဆက်ဆံတာမျိုးတွေတောင် ခံရဖူးတယ်။ တနည်းအားဖြင့်တော့လည်း ကောင်းပါတယ်။ ကိုယ့်ရဲ့အတ္တမာနကို နှိုးဆွပေးသလို ဖြစ်တာပေါ့။ ကြံဖန်ပြီးကျေးဇူးတင်မယ်ဆိုရင်တော့ ကိုယ့်ကိုခွဲခြားဆက်ဆံခဲ့တဲ့သူတွေကို ကျေးဇူးတင်ရမှာပေါ့လေ။

အချိန်တန်တော့လည်း နွားချေးပုံပေါ်က ကြာပေါက်လာတယ်ဆိုရမှာပေါ့။ ဟဲ…ဟဲ၊ အရေးအခင်းဖြစ်မယ့် (၈၈) ခုနှစ် နှစ်ဆန်းမှာ စာရေးဖို့ဆုံးဖြတ်လိုက်တယ်။ ပထမဦးဆုံးရေးဖြစ်တဲ့ဝတ္ထုက (၁၉၈၈) ခု ဧပြီလထုတ် ရုပ်ရှင်အောင်လံမဂ္ဂဇင်း မှာပါတဲ့ ‘အပြောင်းအရွေ့’ ဆိုတဲ့ တစ်မျက်နှာဝတ္ထုတိုလေးဗျ။ ‘ဝင်းဆေးကုခန်း မီးသွေးရောင်းရန် ရှိသည် ’ ဆိုတဲ့ဝတ္ထုက ဒုတိယရေးတဲ့ဝတ္ထု။

အဲဒီဝတ္ထုဖြစ်ပေါ်လာပုံကို စကြရအောင်။

ကျနော်က (၁၉၈၅) ကနေ (၁၉၈၈) ခုနှစ် နှစ်ဆန်းအထိ စစ်ကိုင်းတောင်ရိုးက ဝါးချက် ဇီဝိတဒါန သံဃာ့ဆေးရုံမှာ တာဝန်ခံ ဆရာဝန်လုပ်ခဲ့တယ်။ ဒီနေရာမှာ ဝတ္ထုနဲ့တော့မဆိုင်ပါဘူးဗျာ။ ခေတ်ကိုပြောချင်တာပါ။ အဲဒီတုန်းက ကျနော့်ဆရာဝန်လစာ ဘယ်လောက်လဲဆိုတာ ကိုခင်လွန်းမသိချင်ဘူးလား၊ တစ်လ (တစ်ထောင်-၁၀၀၀) ကြီးများတောင် ရတာနော်။ ကျနော်နေ တဲ့မန္တလေးအိမ်ကနေ ဝါးချက်သံဃာ့ဆေးရုံဘယ်လိုသွားရတယ်ဆိုတာ ခင်ဗျားသိသွားရင် သနားရုံသာမက မျက်ရည်ပါ တောက်တောက်ကျသွားမယ်။ အင်း … ‘ဝင်းဆေးကုန်ခန်း မီးသွေးရောင်းရန် ရှိသည် ’ ဆိုတဲ့ဝတ္ထုဖြစ်ပေါ်လာပုံနဲ့လည်း ဆိုင်တယ်ဆိုရင် …ဆိုင်တယ်ပေါ့လေ။ နယူးစီဗီလိုင်းအိမ်ကနေ ဈေးချိုရောက်အောင် ဆိုင်ကယ်တစီးနဲ့သွားရတယ်။ ဆိုင်ကယ်ကို လမ်း ၃၀ က သင့်နော်တို့ရဲ့ ဒေါင်းအိုးဝေ စာဟောင်၊ စာကောင်းများ စာအုပ်ဆိုင်မှာ ထားခဲ့တယ်။ ဆိုင်ကယ်ပေါ်ကဆင်းပြီး စစ်ကိုင်း-မန္တလေးပြေးဆွဲနေတဲ့ ရွေကိုင်း မန်းတို့၊ ဇေယျာမန်းတို့၊ နေပြည်တော်တို့ ဆိုတဲ့ ဒိုင်နာလိုင်းကားတစီးပေါ်မှာ တက်လိုက်သွားတယ်။ နေပြည်တော်လိုင်းကားအသင်းဥက္ကဋ္ဌက ကျနော်နဲ့ခင်တဲ့ အေဝမ်းဆေးလိပ်ခုံပိုင်ရှင် ဦးတင်မောင်မြင့်ဗျ။ ဦးတင်မောင်မြင့်က ကျနော့်ကိုနေပြည်တော် လိုင်းကားအခမဲ့စီးခွင့်မေတ္တာ လက်မှတ်ထုတ်ပေးထားတယ်။ အဲဒီတုန်းက စစ်ကိုင်း-မန္တလေး လိုင်းကားခက (၂) ကျပ်ပါ။

ရွှေကိုင်းမန်းအသင်းကလည်း ကျနော့်ကို လပေး လက်မှတ်ထုတ်ပေးထားတယ်။ သူကတော့ လစဉ် (၃၁) ကျပ်ပေးသွင်းရ တယ်။ (၃၁) ကျပ်မှာ တစ်ကျပ်စွန်းနေတာကတော့ ကထိန်ကြေးတဲ့။ အဲဒီတော့ နေပြည်တော်တို့၊ ရွှေကိုင်းမန်းတို့ကားပေါ်ရောက်လို့ ကားခတောင်းတဲ့အခါ ကျနော်က မေတ္တာလက်မှတ် လပေးလက်မှတ်တွေထုတ်ပြတယ်။ အဲဒီအခါ စပယ်ယာတွေက ကျနော့်ကိုမကြည်တဲ့အကြည့်နဲ့ကြည့်ကြတယ်ပေါ့ဗျာ။ နောက်ပိုင်းကြတော့ စပယ်ယာတွေက ကျနော့်ကိုမှတ်မိသွားပြီး သိပ်မတင်ချင်ကြတော့ဘူး။ ကားမှတ်တိုင်မှာရပ်ပြီး လက်ပြတားတာတောင် ခရီးသည်တွေပြည့်နေတယ်ဆိုတဲ့သဘောနဲ့ ကျနော့်ကိုမတင်ဘဲ ကျော်မောင်းသွားကြတယ်။ စီးခွင့်ရလို့ စီးရပြန်တော့လည်း ခရီးသည်တွေထိုင်တဲ့ထိုင်ခုံမှာ ထိုင်တော့ လည်း သိပ်မကြည်ကြဘူး။ အဲဒီတော့လည်း အလိုက်တသိနဲ့ ကားခေါင်မိုးပေါ်တက်စီးပြီး လိုက်ရတာပေါ့ဗျာ။ အဲဒီတုန်းက ကျနော့်အသက်က (၃၀) ဝန်းကျင်ပဲရှိသေးတော့ ကြောင်တကောင်လိုပေါ့ပါးပြီး ကျားတကောင်လို လျင်မြန်သန်မာတုန်း ပေါ့ဗျာ။ အခုလို ဆင်ခန္ဓာ ဝက်ကိုယ်လုံးကြီးမဟုတ်သေးဘူးလေ။

ကားခေါင်မိုးပေါ်ကစီးပြီး စစ်ကိုင်းမရောက်မချင်း လမ်းဘေးဝဲယာကဆိုင်းဘုတ်တွေကို တောင်ဖတ် မြောက်ဖတ် လျှောက် လုပ်နေရတော့ တာပေါ့ဗျာ။ မန္တလေးနဲ့ စစ်ကိုင်းကြားမှာ အညာသူ၊ အညာသားတွေက တောင်မြို့လို့ခေါ်တဲ့ အမရပူရမြို့ရှိတာ ကိုခင်လွန်းသိတယ်နော်။ အမရပူရမြို့ရဲ့မိန်းလမ်းဘေးဝဲယာမှာအတွေ့ရအအများဆုံးဆိုင်းဘုတ်က မီးသွေးရောင်းတဲ့ ဆိုင်း ဘုတ်တွေပဲဗျ။

ဆိုင်အများစုကတော့ ‘မီးသွေးရပြီ’  လို့ရေးကြတာများပါတယ်။ တချို့ကလည်း ‘မီးသွေး’ လို့ပဲရေးတာမျိုးလည်းရှိတယ်။ တချို့ကလည်း “မီးသွေးရောင်းသည်” တဲ့။ တချို့ကတော့ “မတ္တရာမီးသွေး ရပြီ” ။ တချို့က ”မေမြို့မီးသွေးရပြီ” ။ ”  ကျောက်ဆည် မီးသွေးရပြီ ” စသည်ဖြင့်ပေါ့ဗျာ။ မီးသွေးထဲမှာတော့ ကျောက်ဆည်မီးသွေးက အကောင်းဆုံးလို့ပြောကြတယ်။

စစ်ကိုင်းရောက်တဲ့အခါ ကားခေါင်မိုးပေါ်ကခုန်ဆင်းပြီး “မော်” ပုံနှိပ်တိုက်မှာထားခဲ့တဲ့ ကျနော့်ရဲ့နောက်ဆိုင်ကယ်တစီးပေါ်ပြောင်းတက်ပြီး စစ်ကိုင်းတောင်ရိုးအရှေ့ဘက်မှာရှိတဲ့ ဧရာဝတီမြစ်ကမ်းနဖူးပေါ်က “စစ်ကိုင်းတောင်ရိုး ဝါးချက်ဇီဝိတဒါန သံဃာ့ဆေးရုံ” ကို သွားရပါတယ်ဗျာ။ ဆေးရုံတာဝန်ချိန်ပြီးတဲ့အခါ အလာခရီးအတိုင်းရုံးဖွင့်ရက်တိုင်း မန္တလေးကို ကိုယ်ပိုင်ဆေးခန်းဖွင့်ချိန်အမီပြန်ရတယ်ဆိုပါတော့။

အဲဒီတုန်းက အိမ်ငှားဘဝနဲ့နေ နေရတာ။ ဆေးရုံပိတ်ရက် စနေ တနင်္ဂနွေဆိုရင် စဥ့်ကိုင်မြို့နယ်ထဲက သပြေရိုးဆိုတဲ့ ရွာက လေးမှာ ဆေးခန်းသွားထင်ရတယ်။ အဲဒါ ကိုယ်ပိုင်ဆေးခန်းလေးကိုသွားတဲ့အခါမှာလည်း ဝါးချက်ဆေးရုံသွားသလို ဒိုင်နာလိုင်းကားခေါင်မိုးပေါ်တွယ်တက်စီးပြီး လိုက်သွားတာပေါ့ဗျာ။ ကျနော်မှတ်မိတဲ့ဒိုင်နာလိုင်းကားတွေကတော့ ကျားမင်းတို့၊ ဇော်ဂျီတို့ဆိုတဲ့ အသင်းးကားတွေပဲဗျ။

ကားတွေက ဈေးချိုကနေထွက်လာပြီး ဘုရားကြီးမြောက်ဖက်လမ်းကနေချိုး၊ ရန်ကုန် -မန္တလေးလမ်းဟောင်းလမ်းမကြီးပေါ်ထွက်ကြတယ်။ ပြောချင်တာက ဘုရားကြီးအရှေ့မြောက်ဘက် စိန်ကျော်တွေ့ရောက်တိုင်း သတိထားမိ၊ဖတ်မိတာက ကျနော်တို့ရဲ့မန္တလေးဆေးတက္ကသိုလ်က ဆရာမ ဒေါက်တာာ နွဲ့နွဲ့တင်ရဲ့ဆေးခန်းဆိုင်းဘုတ်လေးကိုပဲ။ ဒေါက်တာနွဲ့နွဲ့တင် M.B;B.S (MDY) ၊ အဲဒါအထိ ဘာမှမထူးဆန်းသေးဘူး။ ထူးဆန်းပြီးထူးခြားတာက ဆရာမဆေးခန်းဆိုင်းဘုတ်ဘေးနားမှာ “မှန်စာကြိုးရပြီ ” ဆိုတဲ့ဆိုင်းဘုတ်ပဲ။ ကျနော် မီးခိုးကြွက်လျှောက်အတွေးပွားမိတာက ဒီမှန်စာကြိုးလုပ်ငန်းဟာ ဆရာမမိဘတွေရဲ့ လက်ငုတ်လက်ရင်း အသက်မွေးမှုစီးပွားရေးလုပ်ငန်းလား၊ အဲဒီကရတဲ့ဝင်ငွေနဲ့ ဆရာမကိုကျောင်းထားခဲ့တာလား။ ကျနော်မှတ်မိသလောက်ကတော့ အဲဒီတုန်းက ဆရာမတို့အိမ်လေးဟာ ရေနံချေးဝနေတဲ့ နှစ်ထပ်ပျဉ်ထောင်အိမ်လေးပါ။

ကိုခင်လွန်းလည်း သိပြီးသားနေမှာပါ။ ဒေါက်တာနွဲ့နွဲ့တင်ဆိုတာ နိုင်ငံကျော်စတီရီယိုတေးရေးဆရာ ဒေါက်တာ စိုင်းခမ်းလိတ်ရဲ့ဇနီးလေ။ အများသိအောင်ပြောရရင်တော့ ‘သိပ်သိပ်ချစ်ရတဲ့ နွဲ့တင်ရယ်’ ထဲက နွဲ့တင်ပေါ့။ ကျနော့်မျက် စိထဲမှာ ဒေါက်တာနွဲ့နွဲ့တင် M.B;B.S(MYD) ဆိုတဲ့ ဆိုင်းဘုတ်နဲ့ ‘မှန်စာကြိုးရပြီ’ ဆိုတဲ့ဆိုင်းဘုတ်ယှဉ်လျက်တွေ့ရတာ မျက်စိထဲမှာ အဆီအငေါ်မတည့်လိုက်တာ။ ဒီဆိုင်းဘုတ်နှစ်ခုမှာ ဘယ်ဟာက အဓိကစီးပွားရေးလဲ၊ ဆရာမရဲ့ဆေးခန်း ဝင်ငွေက “မှန်စာကြိုး” ဝင်ငွေကို မကျော်နိုင်ဘူလား၊ ဒေါက်တာဆိုင်းဘုတ်က မှန်စာကြိုးဆိုင်းဘုတ်ကို ဖြုတ်မချနိုင်ဘူးလား။ ဒါမှမဟုတ် “မှန်စာကြိုး” ကပဲ ဆေးခန်းကိုကျားကန်ပေးထားနေရဆဲလား။ ဆေးခန်းနဲ့မှန်စာကြိုး ဘယ်ဟာက ဝင်ငွေပို ကောင်းနေသလဲ၊ အတွေးတွေ မဆုံးနိုင်အောင်ပါပဲကိုခင်လွန်းရေ။

ကျနော်လည်း ဆရာဝန်ဖြစ်ခါစ ဇနီး (၁)၊ သမီး (၁) ကို ဆေးခန်းလေးဖွင့်ပြီး ရှာကျွေးရတာလျှာထွက်ပြီး ဖတ်သီလိုက်နေတဲ့ ကာလဆိုပါတော့။ အိမ်ငှားဘဝမှာ ကျနော့်ဝင်ငွေနဲ့မလုံလောက်တော့ အမျိုးသမီးက  အခြားစီးပွားရေးတခုအနေနဲ့ ဈေးချို ထဲမှာ ဆိုင်ခန်းငှားပြီး ဆေးရောင်းနေတယ်။ အရင်းအနှီးကလည်း မတတ်နိုင်တော့ ဆိုင်ရှင်ကိုဆိုင်ခန်းလခရှာပေးရသလိုဖြစ်နေတယ်။ နှစ်ပေါင်းများစွာအခြေကျနေတဲ့ဆေးဆိုင်ကြီးတွေကြားမှာ မတိုးနိုင်ဘူးပေါ့ဗျာ။

တကယ့်အပြင်မှာဖွင်နေတဲ့ ကျနော့်ဆေးခန်းနာမည်ကလည်း ကျနော့်နာမည် ဒေါက်နည်ဝင်းနဲ့ ကျနော့်ဇနီးနာမည် မဝင်း တင်ဆိုတဲ့ နာမည်နှစ်မျိုးစလုံးပါအောင် “ဝင်း ဆေးကုခန်း” လို့ နာမည်ပေးခဲ့တာပါ။ အခုလောက်ဆိုရင် ကိုခင်လွန်းလည်း ဝတ္ထုတပုဒ်ကို ဘယ်လိုကိုယ်ဝန်ဆောင်ခဲ့ရတယ်ဆိုတာ သဘောပေါက်ပါပြီနော်။ ဒေါက်တာနွဲ့နွဲ့တင် M.B;B.S (MYD) နေရာမှာ “ဝင်းဆေးကုခန်း” ၊ “မှန်စာကြိုးရပြီ” နေရာမှာ “မီးသွေးရောင်းရန် ရှိသည်” ရောက်ခိုင်းလိုက်တာပေါ့။ “ ဝင်းဆေး ကုခန်း မီးသွေးရောင်းရန် ရှိသည်” ဆိုတဲ့ ဇာတ်လမ်းကျောရိုးက အဲဒီလိုရခဲ့တယ်ဆိုပါတော့။

ဒီဝတ္ထုဖြစ်ပေါ်လာပုံအကြောင်းရှင်းပြရင်း ကိုပိုင် (ပိုင်စိုးဝေ) ကို သတိရမိတယ်။ ကိုပိုင်နဲ့ ကျနော်အတူတွဲသောက်စဉ်ကာလတွေတုန်းက ကိုပိုင်က မူးလာရင် အမှန်စကားတွေ ပွင့်ထွက်လာတော့တာပဲ။ သူမူးတိုင်း ကျနော့်ကိုပြောနေကျစကားက “ဟေ့ကောင် … ကြည်ဇော်ဝင်း၊ မင်းကိုယ်မင်း လောက်စာတစ်လုံးတည်းနဲ့ ငှက်တကောင်ရတယ်ဆိုပြီ အထင်ကြီးမနေနဲ့၊ လောက်စာလုံးတစ်ခံတောင်းလုံးကုန်လည်း နောက်ထပ်ငှက်တကောင်မှ ရမှာမဟုတ်ဘူး” တဲ့။  ကိုပိုင်က အကြားအမြင်ရ တယ်ဆိုရမှာပေါ့လေ၊ သူပြောသလို ကျနော်လည်း ဘယ်ငှက်မှ မှန်အောင်မပစ်နိုင်တော့ပါဘူး။

ဘာပဲဖြစ်ဖြစ်ပေါ့ဗျာ… စာပေအတိတ်ကိုပြန်လွမ်းရတာ ကျက်သရေရှိလိုက်တာ။။ ခင်ဗျားမှာလည်း ကျနော့်လိုပဲ အောင့်လုံး တွေ အများကြီးရှိမှာ သေချာတယ်။ ခင်ဗျားရဲ့အောင့်လုံးတွေကိုလည်း ကျနော်နားနဲ့ကပ်ပြီး နားထောင်ကြည့်ချင်ပါ သေး တယ်။ ကျနော်တို့စာပေသမားတွေဆိုတာလည်း ထန်းရည်အမူးသမားများလို အမူးပြေတော့လည်း ထန်းပင်မော့ကြည့်ကြသလိုပဲပေါ့ဗျာ။

ထန်းတောထဲက
ကြည်ဇော်ဝင်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)