ကျော်မောင်(တိုင်းတာရေး) – ၀တ္ထုမဖတ်သည့် ပညာတတ်

August 30, 2018


ကျော်မောင်(တိုင်းတာရေး) – ၀တ္ထုမဖတ်သည့် ပညာတတ် 

(မိုးမခ) သြဂုတ် ၃၀၊ ၂၀၁၈

ညတညတွင် မိတ်ဆွေရင်းတယောက်နှင့် ကော်ဖီသောက်ကာ စကားစမြည်ပြောကြရင်း ၀တ္ထုမဖတ်သည့် လူတွေရှိကြကြောင်း ပြောလိုက်မိသည်။ သူက ရယ်ရင်း ဒါဟာ သူတို့လိုလူမျိုးတွေကို ပြောတာဖြစ်ကြောင်း ခနဲ့ပြုံးလေးဖြင့် ပြန်ပြောသည်။ တကယ်ကို ၀တ္ထုတွေ မဖတ်တာလားဟု မေးသောအခါ သူဟာ ငယ်ငယ်လေးကတည်းက ၀တ္ထုဖတ်တဲ့သူ မဟုတ်ကြောင်း၊ ပညာတတ် ဘွဲ့ရပြီးလို့ သင်ယူခဲ့တဲ့ ပညာရပ်နဲ့ဆိုင်တဲ့လုပ်ငန်းပိုင်းမှာပဲ လုပ်ကိုင်နေတာ နှစ်ပေါင်းမနည်းတော့ပြီ ဖြစ်ကြောင်း၊ ယခုအထိလည်း ၀တ္ထုတွေကို မဖတ်ကြောင်း ပြောပြသည်။

“အင်း ဒါဆို ခင်ဗျားတို့လို လူတန်းစားတရပ်ကို လေ့လာဖို့ လိုကောင်းလိုပြီထင်တယ်”

“ဘယ်လိုလူတန်းစားလဲဆိုတာ ပြောပါဦး”

“၀တ္ထုမဖတ်တဲ့ ပညာတတ်လူတန်းစားပေါ့။ ကျနော်လေ့လာမိသလောက် ၀တ္ထုမဖတ်တဲ့သူတွေဟာ ကျနော်အခု ပြောပြမယ့် အချက်လေးချက်ထဲက တချက်ချက်နဲ့ ကိုက်ညီလေ့ရှိတာ တွေ့ရတယ်ဗျ။ အဲဒါတွေက …

နံပါတ်တစ် အနေနဲ့ပြောရင် ကြီးပြင်းရာ ပတ်ဝန်းကျင်သည် ၀တ္ထုမဖတ်တဲ့ ပတ်ဝန်းကျင်အသိုင်းအ၀ိုင်းကဆိုရင် အဲဒီလူသည် ၀တ္ထုဖတ်ဖို့ စာဖတ်ဝါသနာပါဖို့ အတော်ခဲယဉ်းတယ်။

နံပါတ်နှစ်အချက်က စာဖတ်တဲ့ အသိုင်းအ၀ိုင်းမှာတော့ ရောက်သွားပါရဲ့၊ ၀တ္ထုစာအုပ်တွေကို မဖတ်ဖို့ ရှောင်ကြဉ်ဖို့ နှိုးဆော်တဲ့ အသိုင်းအ၀ိုင်းဆိုရင် ၀တ္ထုတွေကို ဖတ်ဖြစ်ဖို့ မလွယ်နိုင်ဘူး။

နံပါတ်သုံး အချက်က ကိုယ်တိုင်က ၀တ္ထုမဖတ်ချင်တဲ့သူ။ ၀တ္ထုဖတ်တာဟာ ဘာမှ အကျိုးမရှိဘဲ အချိန်ဖြန်းတာပဲ ဖြစ်တယ်လို့ ယူဆနေသူ။ တခြားအပျော်အပါးတွေ အားကစားလိုက်စားမှုတွေကို ၀တ္ထုဖတ်တာထက် ပိုမိုနှစ်သက်သူ။ နောက်တခါ ၀တ္ထုဖတ်လို့ အဲဒီကနေ လိုချင်တဲ့ပညာ ရမလာဘူး၊ ပိုက်ဆံ ရမလာဘူးလို့ အယူအဆရှိသူတွေ။

နောက်ဆုံး နံပါတ်လေး အချက်က ဖတ်စရာ ၀တ္ထုစာအုပ်မရှိတဲ့အတွက် ၀တ္ထုမဖတ်ဖူးသူ။ ဒါကလည်း အခုခေတ်မှာ မရှိနိုင်တော့ပါဘူးရယ်လို့ ငြင်းရင် တကယ်က တချို့ကျေးလက်တောရွာတွေမှာ ကာတွန်းစာအုပ်တို့ ဂျာနယ်တို့လောက်ပဲ ရှိတဲ့အတွက် စာကြီးပေကြီးလို့ ဆိုနိုင်တဲ့ ၀တ္ထုတွေ မရှိကြဘူး။ စာရေးဆရာတွေက သူတို့ဝတ္ထုတွေထဲမှာ အဲဒီကျေးလက်တောရွာတွေအကြောင်း ဖွဲ့နွဲ့ရေးထားကြတာကိုတောင် သူတို့မှာ မဖတ်နိုင်ရရှာဘူး။ အဲဒီလို အချက်လေးချက်ရှိတာ တွေ့ရတယ်။ ဒါနဲ့ ခင်ဗျားကရော ဘာဖြစ်လို့ ၀တ္ထုမဖတ်တာလည်း”

“ငယ်ငယ်တုန်းက ဆိုရင်တော့ နံပါတ်တစ်နဲ့ ငြိမယ်ထင်တယ်။ အခုအခါမှာတော့ နံပါတ်သုံးနဲ့ သွားပြီး ကိုက်ညီနေသလိုပဲ”

“ဟိုတုန်းက အကြောင်းအမျိုးမျိုးကြောင့် မဖတ်ဖြစ်တာ ထားလိုက်၊ အခုလောလောဆယ်မှာ ၀တ္ထုစာအုပ်တအုပ်တလေလောက်များ ဖတ်ကြည့်ချင်စိတ်များ မဖြစ်မိဘူးလား”

“၀တ္ထုတအုပ်ကို အချိန်ပေးပြီး ဖတ်ရဖို့ အတော်ကို ၀န်လေးသွားပြီ။ ဟိုတုန်းကလည်း မဖတ်လို့ အခုလည်း ဖတ်ဖို့ဆိုတာ မဖြစ်နိုင်ဘူး။ ဖတ်မယ်ဆိုပြီး ကြံတဲ့အခါမှာလည်း ဘယ်လိုဝတ္ထုမျိုးကို စပြီးဖတ်ရမယ်မှန်း မသိဘူး။ ၀တ္ထုဖတ်ချိန်ကြောင့် ကုန်သွားမယ့်အချိန်ကို ပညာရပ်ဆိုင်ရာစာပေမျိုးကို ဖတ်တာမှ ပိုပြီး အကျိုးရှိမယ်လို့ ယူဆနေတုန်းပါပဲ”

“ဒါဆိုရင် ခင်ဗျားရဲ့ နောင်လာနောက်သားတွေကို ၀တ္ထုဖတ်ဖို့ ခင်ဗျား ဘယ်လိုညွှန်းမလဲ”

“ဘယ်ညွှန်းနိုင်မလဲ။ ပညာတတ်ဖြစ်ပြီး ၀တ္ထုတအုပ်တောင် မဖတ်ဖြစ်တဲ့အတွက် အပြစ်ရှိသူလိုမျိုး ပြောကြဆိုကြတာတော့ သဘောမကျဘူး။ ၀တ္ထုမဖတ်တဲ့အတွက် ကျနော် အခုလုပ်နေတဲ့ အလုပ်မှာ ဘာမှ ထိခိုက်သွားတာ မရှိသလို၊ ကျနော့်ဘ၀တိုးတက်ရေးမှာလည်း နှောင့်နှေးသွားတာမျိုး မရှိပါဘူး။ တခုပဲရှိတယ်၊ ခင်ဗျားတို့လို့ စာသမား ပေသမားတွေနဲ့ စကားပြောတဲ့အခါမှာတော့ စာအကြောင်းပေအကြောင်းတွေကို မဆွေးနွေးနိုင်တော့ဘူးပေါ့။ ပြောရရင် ခင်ဗျားပြောတဲ့ စာရေးဆရာနာမည်တွေ ကျနော် မသိဘူး။ သူတို့စာတွေလည်း မဖတ်ဖူးဘူး။ အဲဒီအတွက် သူတို့ရေးတဲ့စာတွေထဲမှာပါတဲ့ ဇာတ်ကောင်တွေ ဇာတ်အိမ်တွေ ဒိုင်ယာလော့တွေ ဘာမှ ကျနော်မသိဘူး။ အဲဒီလို မသိတဲ့အတွက်လည်း ကျနော့်အနေနဲ့ အပြစ်ရှိတယ်လို့လည်း မထင်မိပါဘူး။ ဒါနဲ့ ခင်ဗျားကိုလည်း ပြန်မေးရဦးမယ်၊ ၀တ္ထုတွေဖတ်နေရတာကောင်းတယ်လို့ ခင်ဗျားထင်လား”

“ကျနော်ကတော့ ၀တ္ထုဆိုတိုင်း ဘာလာလာ ဖတ်မယ်ဆိုတဲ့သူ မဟုတ်လေတော့ ၀တ္ထုဖတ်တာမှာ ကောင်းတယ် မကောင်းတယ်လို့တော့ မပြောနိုင်ပေဘူး။ ၀တ္ထုဖတ်ရင်တော့ ဇာတ်ကြောင်းပေါ်မူတည်ပြီး အချိန်ပေးရတာရှိတယ်။ ၀တ္ထုဇာတ်ကြောမှာမျောပြီး ဇာတ်အိမ်ထဲက သက်ရှိသက်မဲ့ဇာတ်ကောင်တွေ ၀တ္ထုရေးသူရဲ့ဖွဲ့နွဲ့ပုံတွေအလိုက် ခံစားတယ်”

“ဒါဟာ ဇိမ်ခံမှုတမျိုးလို့ ခင်ဗျားဆိုနိုင်မလား”

မေးခွန်းက အတော်အကျပ်ရိုက်စေသည့် မေးခွန်းဖြစ်သည်။ ၀တ္ထုဖတ်ခြင်းကို ဇိမ်ခံမှုတမျိုးဟု ကျနော် အရင်က မစဉ်းစားခဲ့။ သို့သော် ၀တ္ထုဖတ်နေစဉ်တွင် ၀တ္ထုဖတ်ခြင်းစည်းစိမ်ကို ရရှိနေသည်မှာ ငြင်း၍မရနိုင်သော အမှန်တရားဖြစ်သည်။ အဖျားပျောက်ကာစ နာလန်ထဖြစ်နေစဉ်တွင် မျက်လုံးနှစ်ဖက်စလုံး အားနည်းနေတတ်သည်။ ဤသည်ကို ဆန့်ကျင်ပြီး ၀တ္ထုတအုပ်ဆွဲကာ အိပ်ရာထဲ အလင်းရောင်နည်းနည်းတွင် စာဖတ်တာမျိုး လုပ်လေ့လုပ်ထ ရှိသည်။ ဝေဒနာကို ဖြေဖျောက်သည့်အနေဖြင့် မေ့လျော့စေသည့်အနေဖြင့် ၀တ္ထုဖတ်နေသည်ဟု အကြောင်းပြချက်ကောင်းကောင်းပေးနိုင်ခဲ့သည်။ နေထိုင်မကောင်းသည့်အချိန်တွင်ပင် ၀တ္ထုဖတ်သောကြောင့် ပုံမှန်အချိန်လိုမျိုးတွင် “ပြောသာ ပြောမနေတော့နဲ့” ဟု အလွတ်ပေးထားရမည့် သူမျိုးဖြစ်သည်။ ကျောင်းစာသင်ချိန် တချိန်နဲ့တချိန် အကူးအပြောင်းတွင် စာသင်ခုံထဲဝှက်သိမ်းထားသည့် အချစ်ဝတ္ထုကို ခိုးဖတ်ခြင်းသည် အချစ်ဝတ္ထုထဲမှ ဇာတ်ကောင်တွေထက် စွန့်စားခန်းဝတ္ထုတွေထက် ရင်ခုန်စရာကောင်းသည်က အမှန်ပင်ဖြစ်သည်။ သူ့မေးခွန်းကို မဖြေသေးခင်မှာ ခေါင်းထဲဝင်လာသော အတွေးတွေဖြစ်သည်။

“အေးဗျ ဇိမ်ခံမှုတမျိုးလို့လဲ ခင်ဗျားအနေနဲ့ဆိုချင်ဆိုနိုင်ပါတယ်။ ဒါပေမဲ့ သက်တောင့်သက်သာ ဇိမ်ခံခြင်းတော့ ဖြစ်မယ်မထင်ဘူး။ ဘာလို့ဆို တချို့ဝတ္ထုတွေဟာ ၀တ္ထုဇာတ်ကြောင်းအရ ဖတ်နေရင်းမှာ ဖတ်နေသူရဲ့ စိတ်ကို အမျိုးမျိုးဖြစ်စေနိုင်တယ်ဆိုတာ လေ့လာမိတယ်”

“ခင်ဗျား အဲဒီလို ၀တ္ထုဖတ်ကောင်းနေတဲ့အချိန်မှာ ကျနော်က ပညာရပ်တရပ်ကို ကောင်းကောင်းကြီး လေ့လာနေကောင်း ဖြစ်နေပါလိမ့်မယ်။ ခင်ဗျားက နာမည်ကြီးဝတ္ထုတွေနောက် အသစ်အသစ်သော ၀တ္ထုတွေနောက် လိုက်နေချိန်မှာ ကျနော်ကလည်း အသစ်အသစ်သော ပညာရပ်တွေနောက် လိုက်နေတာပါပဲ။ ဘယ်ဟာက ပိုအကျိုးရှိလည်း ဆိုတာ ကျနော်လည်း မပြောတတ်သေးဘူး”

“ကျနော် ၀တ္ထုတွေ မဖတ်ပါ”ဟု ဆိုသော သစ်လုပ်ငန်းရှင် သူဌေးတဦးထံတွင် ဘာသာရေးသင်တန်းတခုတက်ခဲ့ဖူးသည်။ ဆရာ သင်ပြပြောဆိုသည့် အခြားသောစကားများကို လွန်စွာအားရကျေနပ်မှု ဖြစ်သော်လည်း စာရူးပေရူးဖြစ်နေသည့် ကျနော်သည် “၀တ္ထုတွေ မဖတ်ပါ” ဟူသော ဆရာ့ပြောစကားများကို ဘ၀င်မကျ ဖြစ်မိသည်။ ဘာကြောင့် ဒီလိုမျိုး ဆရာပြောသလဲဟူသည်ကို ယခုတွင်မှ မြင်မိသည်။ ၀တ္ထုများသည် တိုတို ရှည်ရှည် လတ်လတ် အကုသိုလ်ဖြစ်စေသည်ဟူသောကြောင့်ပါတည်း။ ဆရာ့ကို “၀တ္ထုမဖတ်သည့် သူဌေး”ဟု ညွှန်းရမည် ဖြစ်သည်။ ဆရာ သက်ရှိထင်ရှားရှိပါသေးလျှင် ၀တ္ထုမဖတ်ရသည့်အကြောင်းကို ပို၍ တိကျစွာ သိရှိနိုင်ရန် သွားရောက်မေးမြန်းမိမည်ဟု ထင်သည်။

ကျနော့် အတွေးများ နှစ်အစိတ်လောက် နောက်ပြန်သွားနေသည်ကို မသိသော မိတ်ဆွေက ကျနော်ငြိမ်နေသည်ထင်၍ စကားပြန်ဆက်သည်။

“ခင်ဗျားရော ၀တ္ထုတွေ တော်တော်ဖတ်ဖြစ်လား၊ အခုလည်း ဖတ်နေတုန်းပဲလား”

“တော်တော်ဖတ်ဖြစ်တယ်။ ရပ်ကွက်ထဲမှာ စာအုပ်အငှားဆိုင် အသစ်ရောက်လာရင် ပထမဆုံးငှားတဲ့သူက ကျနော်တို့ပဲ။ စပေါ်ပေးပြီး ငှားဖတ်ရတဲ့ စာအုပ်တွေလည်း စပေါ်ပေးစရာမလိုဘဲ ငှားဖတ်လို့ရတာပဲ။ ကိုယ့်ရပ်ကွက်ထဲတင် ငှားဖတ်လို့ အားမရလို့ တဖက်ရပ်ကွက်မှာရှိတဲ့ ပုဂ္ဂလိက စာကြည့်တိုက်မှာ အသင်းဝင်ပြီး စာအုပ်တွေ ငှားဖတ်တာပဲ။ ကျောင်းစာကြည့်တိုက်ဆိုရင်လည်း ကျောင်းဆင်းချိန်မှာ မပြန်ဘဲ စာအုပ်ဗီရိုထဲက စာအုပ်တွေရွေးပြီး ငှားဖတ်တာပဲ။ မြို့နယ်ပြန်ကြားရေးစာကြည့်တိုက်မှာလည်း အသင်းဝင်ပြီး စာအုပ်ငှားဖတ်တာပဲ။ နယ်ကို အလည်သွားတာတောင် အဲဒီနယ်က ဘယ်စာအုပ်ဆိုင်မှာ ဘယ်လိုဝတ္ထုမျိုး ရှိတယ်ဆိုတာမျိုးကို နယ်ခံထက်တောင် ပိုသိပြီး ငှားဖတ်တာမျိုးတွေ ရှိတယ်။ တခါ အဲဒီလို ငှားငှားဖတ်နေတဲ့ ဆိုင်က စာအုပ်ဆိုင်ကို ပိတ်လိုက်ပြီး အအေးဆိုင်ဖွင့်လိုက်လို့ ဒေါသဖြစ်လိုက်တာများ အဲဒီဆိုင်ရှေ့ရောက်တိုင်း အပြစ်ဖို့စကား ပြောဖြစ်တဲ့အထိပဲ။ အခုအထိလည်း ၀တ္ထုတွေနောက်ကို လိုက်တုန်းပဲဗျ။ ကြုံရင်ကြုံသလို ထောင့်တနေရာရာမှာ မှီပြီး ၀တ္ထုဖတ်ရတာဟာ ခင်ဗျားပြောတဲ့ ဇိမ်ခံနည်းတမျိုးလို့ပဲ ဆိုရမလား”

“အဲဒီလို ၀တ္ထုတွေဖတ်ခဲ့ရတော့ ဖတ်နေရတော့ ၀တ္ထုတွေထဲကနေ ဘာတွေရသွားသလဲ”

အင်း ဒီလူတော့ စ တွယ်နေပြီလားဟု အတွေးဝင်လာမိသည်။ ဟုတ်နိုင်ပါဘူးလေ၊ သူသိချင်လို့ သဘောရိုးနဲ့ မေးတာဖြစ်မှာဟု ၀င်လာသည့်အတွေးဆိုးကို ဖယ်ရင်း “ရသွားတာကတော့ဗျာ အစုံပါပဲ။ မတူညီတဲ့ ဇာတ်အိမ်တွေကနေ မတူညီတဲ့ အတွေ့အကြုံတွေ အတွေးအမြင်တွေ ရတာပေါ့” ဟု ခပ်ရိုးရိုးဖြေမိသည်။

“ဆိုတော့ အဲဒီ အတွေ့အကြုံတွေ အတွေးအမြင်တွေက ခင်ဗျားအခု အလုပ်လုပ်တဲ့အခါမှာ အထောက်အကူပြုသလား။ ကျနော်ဆိုလိုချင်တာက ၀တ္ထုတွေထဲကနေ ခင်ဗျားလက်တွေ့ဘ၀ထဲမှာ အကျိုးပြုတာမျိုးများ ရှိခဲ့ဖူးသလားဆိုတာ”

“ကိုယ်ချင်းစာတရား ထားတတ်လာတယ်”

“ကိုယ်ချင်းစာတရား။ အဲဒါက ကျနော့်လို ၀တ္ထုမဖတ်တဲ့သူမှာလည်း ရှိနိုင်တာပဲ မဟုတ်လား”

“ရှိနိုင်ပါတယ်။ ဒါပေမယ့် ခင်ဗျားက ၀တ္ထုတွေထဲမှာ ပါတဲ့ နေရာမျိုးစုံ ဘ၀မျိုးစုံ စိတ်အမျိုးမျိုး အထွေထွေကို ၀တ္ထုဖတ်တဲ့သူလောက် သိနိုင်မယ်မထင်ဘူး။ သူတို့ရဲ့ဘ၀တွေကို သိချင်ရင် ခင်ဗျား ခရီးတွေအများကြီး သွားမှ ရနိုင်တယ်။ လူတွေအများကြီးနဲ့ တွေ့ဖူးမှ စကားပြောဖူးမှ သိနိုင်တယ်။ နိုင်ငံတွေစုံအောင်သွားမှ သိနိုင်တယ်။ နောက်တခု ရှိသေးတယ်။ အဲဒါက စာရေးဆရာဟာ သူပြောချင်တာတွေကို ၀တ္ထုထဲမှာ ဇာတ်ကောင်တွေကနေတဆင့် ပြောပြသွားတာတွေရှိတယ်။ အဲဒီ ပြောပြသွားတာတွေဟာ သူ့ရဲ့ ခံယူချက်တွေ အတွေ့အကြုံတွေ ဒဿနတွေ ဖြစ်လေ့ရှိတယ်။ ဒါတွေကို ခင်ဗျား သူတို့ရဲ့ ၀တ္ထုတွေ မဖတ်ဘဲနဲ့ ဘယ်လိုမှ မရနိုင်ဘူး”

“ခင်ဗျားပြောတဲ့ ၀တ္ထုရေးသူတွေရဲ့ ခံယူချက်တွေ ဒဿနတွေဟာ မှားယွင်းတာတွေများဖြစ်ခဲ့ရင် ဘယ်လိုလုပ်မလဲ”

“ထောက်သင့်တဲ့အချက်ပဲ။ အဆိပ်အတောက်ဖြစ်စေတာမျိုး ရှိနိုင်တာကို ကျနော်လက်ခံတယ်။ ဒါပေမယ့် ၀တ္ထုဖတ်တာ ၀ါရင့်လာရင် တနည်းပြောရရင်တော့ စာဖတ်ဝါးဝလာရင် အဲဒီလိုစာမျိုးတွေကို ခင်ဗျားရှောင်တတ်လာလိမ့်မယ်”

“ကျနော်က ၀တ္ထုတွေသာ မဖတ်တယ်။ အခုနောက်ပိုင်းမှာ ပညာရပ်ဆိုင်ရာစာအုပ်တွေပြီးရင် ဖတ်တာများလာတာကတော့ အတ္ထုပ္ပတ္တိစာအုပ်တွေပဲ။ ဒီလိုစာအုပ်တွေကျတော့ တကယ်ရှိခဲ့ ဖြစ်ခဲ့တာတွေကို ရေးထားတာဖြစ်တဲ့အတွက် အဲဒီလူတွေအကြောင်း ဖတ်ခြင်းကနေ ကျနော့်အတွက် အကျိုးရှိစရာတွေ အများကြီး ကျန်သွားတယ်။ သူတို့တွေ ဘယ်လိုလုပ်ပြီး ကြီးကျယ်မြင့်မြတ်တဲ့နေရာတွေကို ရောက်သွားကြသလဲဆိုတာကို ကျနော်သိသွားတယ်။ ဒါပေမယ့် ၀တ္ထုပုံစံနဲ့ ဇာတ်လမ်းဆင်ပြီး ရေးရင်တော့ ကျနော် ဆက်မဖတ်တော့ဘူး”

“ခင်ဗျား ၀တ္ထုမဖတ်ပေမဲ့ အဲဒီလို စာပေမျိုးကို ဖတ်တယ်ဆိုတာ သိရတဲ့အတွက် ကျနော် ၀မ်းသာတယ်။ ကျနော် ကြုံဖူးတဲ့ တယောက်အကြောင်းပြောပြဦးမယ်။ သူတို့မိသားစုက ပညာတတ်မိသားစုပဲ။ မိဘတွေက သားသမီးတွေကို လမ်းမှားလိုက်မိမှာစိုးလို့ ၀တ္ထုမဖတ်ခိုင်းတဲ့ မိသားစု။ ပယ်တာကတော့ အချစ်ဝတ္ထုတွေ မဖတ်စေချင်လို့ ပယ်တာပဲ။ နောက်ပိုင်းမှာ ရောထွေးတာတွေ မဖြစ်စေချင်တာနဲ့ ဘယ်ဝတ္ထုကိုမှ ပေးမဖတ်တော့တဲ့ အထိပဲ။ ကျနော့်အချက်လေးချက်ထဲက နံပါတ်နှစ်သမားတွေပေါ့။ သူတို့ထဲက ကျနော်နဲ့ အတော့်ကို ရင်းနှီးတဲ့တယောက်ကို မေးကြည့်တဲ့အခါ တက္ကသိုလ်ဝင်တန်းပြီးတဲ့အခါမှ ၀တ္ထုလေးတွေ ဟိုတအုပ် ဒီတအုပ် ဖတ်ဖူးတယ်တဲ့။ တခါမှာ အဲဒီတယောက်ဟာ ၀တ္ထုတအုပ်ကို သဲကြီးမဲကြီး ဖတ်နေတာ မြင်လိုက်ရဖူးတယ်။ ၀တ္ထုစာအုပ်ကြီးကိုင်ပြီး ဖတ်နေတာ မဟုတ်ဘူး။ ကွန်ပျူတာကနေ ဖတ်နေတာ။ ဖတ်နေတာများ ဘယ်လောက်ထိ ဖြစ်လဲဆို တထိုင်တည်းနဲ့ တအုပ်လုံး ပြီးသွားတဲ့အထိ ဇွဲကြီးကြီးနဲ့ ဖတ်နေတာ။ ဒီမှာ ထောက်ပြလိုတဲ့အချက်က ငယ်ငယ်တုန်းက မဖတ်ခဲ့ပေမယ့် နောက်ပိုင်းမှာလည်း စိတ်ဝင်စားရင် ဖတ်လို့ ရတယ်လို့ ပြောချင်တာ။ ဖတ်ချင်တဲ့စိတ် ရှိဖို့ပဲ လိုတာ”

“ကျနော်လည်း ကြားဖူးတာရှိတယ်။ ဒါက ကျနော့်လို ၀တ္ထုမဖတ်တဲ့ ပညာတတ်တွေ ရှိတယ်ဆိုတာကို ထောက်ပြချင်တဲ့သဘောပါ။ အရင်တုန်းက ဖတ်ချင်ဖတ်မယ်။ ဒါပေမယ့် အလုပ်တွေ တာဝန်တွေ ပိလာတဲ့အခါ အလုပ်နဲ့ဆိုင်တဲ့ စာအုပ်စာပေမျိုးတွေသာ ဖတ်နိုင်ကြပြီး ၀တ္ထုတွေဖက်ကို မလှည့်နိုင်တော့တဲ့သူတွေ ရှိနေတယ်။ အင်ဂျင်နီယာအများစုပေါ့။ တခြား နယ်ပယ်တွေက ပညာရှင်တွေလည်း ရှိမှာပဲ။ သူတို့တွေကိုရော ခင်ဗျား ဘယ်လိုပြောမလဲ”

ပြန်ပြောဖို့ ပြင်နေစဉ်မှာပင် စားသောက်ဆိုင်မှ ၀န်ထမ်းက သူတို့ဆိုင် မကြာခင် ပိတ်တော့မှာ ဖြစ်ကြောင်း လာပြောသည်။ နာရီကြည့်လိုက်တော့ ဆယ်နာရီထိုးတော့မည်။ ကျနော်တို့နှစ်ယောက် ဆိုင်မှ ထဖို့ ပြင်သည်။ ဘူတာသို့ အသွား လမ်းတွင် စကားဆက်ကြသည်။

“အေးဗျာ၊ ကျနော် စောစောပိုင်းက ပြောခဲ့သလိုပဲ၊ ခင်ဗျားလို လူမျိုးတွေနဲ့ ခင်ဗျားပြောတဲ့ ၀တ္ထုမဖတ်အားတဲ့ လူမျိုးတွေကို လေ့လာဖို့လိုပြီ ဆိုတာပဲ။ ၀တ္ထုမဖတ်သော ပညာတတ်များကို လေ့လာခြင်းလို့ အမည်ပေးပြီး စစ်တမ်းကောက်ရမယ်ထင်တာပဲ”

“ကျနော်လည်း ခင်ဗျားတို့လို လူတန်းစားတရပ်အကြောင်းကို အချိန်ရရင် လေ့လာချင်သေးတယ်။ ၀တ္ထုရေလျင်မှာ မျောပါနေသော လူများကို လေ့လာခြင်းလို့ အမည်ပေးမယ်ဗျာ။ နောက်နေ့တွေ အချိန်ရရင် ဆက်ပြောကြတာပေါ့။ သွားပြီဗျို့”

သူက သူ့အိမ်သို့ ဘတ်စ်ကားစီးပြီး ပြန်သလို ကျနော်ကလည်း ကျနော့်မိသားစုရှိရာ အိမ်ဂေဟာဆီသို့ ရထားစီးပြီး ပြန်သည်။ ရထားပေါ်တွင် ဖုန်းကိုယ်စီဖြင့် ဂိမ်းဆော့သူဆော့၊ ဇာတ်လမ်းတွဲကြည့်သူကြည့်ဖြင့်။ ကျောပိုးအိတ်ဇစ်ဖွင့်ပြီး ဖတ်လက်စ ၀တ္ထုစာအုပ်ကို အိတ်ထဲမှ ဆွဲထုတ်လိုက်သည်။ အဖော်မပါဘဲ နာရီဝက်လောက် စီးရမည့်ခရီးမှာ စာမျက်နှာတရွက်ပြီး တရွက်လှန်၍ ၀တ္ထုစာအုပ်ဖတ်နေရခြင်းလောက် ကောင်းသည့်စည်းစိမ် ရှိနိုင်ပါဦးမည်လော။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

One Response to ကျော်မောင်(တိုင်းတာရေး) – ၀တ္ထုမဖတ်သည့် ပညာတတ်

  1. Ko Zaw Zaw Han Win on September 1, 2018 at 4:05 am

    ငယ်စဉ်ကစာမပိတဲ့အတန်းတွေမှာဝတ္ထုဖတ်ဖြစ်ပါတယ်။ကျောင်းအားရက်အဖိုးအဖွားဆီသွားလည်ရင်းအဖိုးရဲ့စည်းကမ်းအတိုင်းည၁၁နာရီမတိုင်ခင်အထိဝတ္ထုတွေဖတ်ပါတယ်။သိပ်စွဲခဲ့တာက
    ဆရာမြရဲ့
    master piece ပင်ကိုယ်ရေး ဓားတောင်။အခုခေတ်မှာ ဓားတောင်ထဲက ဦးဘရန်ကဲသို့ကိုယ့်ကျင့်တရားပျက်သည့်အပြင်တစ်ဘို့ထဲသမားတွေသိပ်များ။တချို့လည်းဦးဘရန်ဖြစ်ရန်ကြိုးစားနေကြသည်။
    ဆရာမြအလင်းပြသည်ကားလူငယ်လူကြီးလူလတ်တွေကို ကိုနန္ဒလိုစိတ်ထားကောင်းသောပညာတတ်နှင့်သံချောင်းလိုစိတ်ထားမြင့်မြတ်ပြီးသန်မာစေရန်ဖြစ်သည်။သို့သော်ယခုခေတ်အများစုသည်ယင်းနှင့်ဆန့်ကျင်ဘက်ဖြစ်နေကြသည်။
    ယခုခေတ်ကိုသုံးသပ်သော်။

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်