fbpx

ကြည်ဇော်ဝင်း – ကိုခင်လွန်းရေ….အောင့်လုံးတွေကိုဖောက်ခွဲတော့မယ် …. နားထောင် (၂)

September 3, 2018

ကိုခင်လွန်းရေ….အောင့်လုံးတွေကိုဖောက်ခွဲတော့မယ်
….
နားထောင် (၂)
ကြည်ဇော်ဝင်း
ကိုခင်လွန်းရေ ….

ကျနော်တို့နိုင်ငံမှာ စာရေးပြီး အသက်မွေးလို့ရတဲ့သူကို လက်ချိုးရေတွက်လို့ရပါတယ်။
တကယ်တော့ စာရေးဆရာအများစုဟာ ဘဝကိုရောင်းချပြီး ကိုယ်မွေးမြူထားတဲ့ ကလောင်တချောင်းအတွက် ပေးဆပ်နေရတဲ့သူတွေပါ။ အရပ်သားဒေါက်တာနည်ဝင်းက စာရေးဆရာကြည်ဇော်ဝင်းရှင်သန်ဖို့ နောက်ကွယ်ကနေပေးဆပ်နေရတယ်မဟုတ်လား။
အနုပညာသမားတယောက်မှာ ဘဝအမောတွေ သိပ်များနေရင် အနုပညာပစ္စည်းကောင်းတွေကို ရေရှည်မဖန်တီးနိုင်ပါဘူး။ ဘဝကသိပ်ဆင်းရဲလွန်းနေရင် ဆင်းရဲတဲ့ဘဝအကြောင်းကိုပဲ ထပ်ခါထပ်ခါ
ရေးမိပေလိမ့်မယ်။ ကျနော်က ဘဝသရုပ်ဖော်(သရုပ်မှန်စာပေ) တွေရေးနေပေမယ့် ကိုယ့်ဘဝကြီးရေရှည်ဆင်းရဲ နေမှာကိုတော့မကြိုက်ပါဘူး။ စားဝတ် နေရေးအတွက် အချိန်ပြည့်လုံးပန်းနေရရင်လည်း စာကောင်းတွေ မထွက်နိုင်ပါဘူး။ ပေမီဒေါက်မီစာရေးဆရာတယောက်ဖြစ်ဖို့ဆိုရင် စာရေးဆရာတယောက်ရဲ့ ဘဝကအထိုက်အလျောက်တော့ အဆင်ပြေနေရမယ်လေ။
ဝေဖန်ရေးဆရာတယောက်က ကျနော့်ဝတ္ထုတိုပေါင်းချုပ် တအုပ်ကို ပျစ်ပျစ်နှစ်နှစ်ဝေဖန်ဖူးတယ်။ 
ဆရာဝန်တယောက်က အိုးပိုင်အိမ်ပိုင်မရှိတာကို ငြီးချင်းလုပ်ပြီး ရေးစရာလားတဲ့။
ဒီတိုင်းပြည်မှာ ကိုယ့်ထက်နိမ့်ကျပြီး အဆင်မပြေတဲ့ဘဝတွေကိုမှ အားမနာဆိုတဲ့သဘောပေါ့လေ။
လူတိုင်းက အိုးပိုင်အိမ်ပိုင်နဲ့ နေချင်ကြတာပဲမဟုတ်လား။ အိုးပိုင်အိမ်ပိုင်နဲ့နေချင်တာအပြစ်လားကိုခင်လွန်းရာ။ အဲဒီဝေဖန်ရေးဆရာက ငတ်တာပြတ်တာရေးမှ သရုပ်မှန်စာပေ ထင်ပုံရတယ်။
ကျနော်မန္တလေးသားမဟုတ်တာ ကိုခင်လွန်းလည်းသိသား ပဲ။ ကျနော်စာရေးဆရာအဖြစ်နဲ့မန္တလေးမှာဆက်လက်ရပ်တည်ဖို့ဆိုရင် ကျနော့်မိသားစုအတွက် အိုးပိုင်အိမ်ပိုင် ရှိမှဖြစ်မယ်။ ကျနော်ရဲ့နေ့စဉ်ဆေးခန်းဝင်ငွေ
တစ်ပဲခြောက်ပြားနဲ့ မန္တလေးမြို့ကြီးပေါ်မှာ ဘယ်လိုလုပ်အိမ်ဝယ်နိုင်မလဲဗျာ။ သူငယ်ချင်းအုပ်စိုး(ဒေါက်တာဝင်းမြင့်ထွန်း) ပြောသလို လူနာရင်ဘတ်ကို နားကြပ်နဲ့ ထောက်ပြီး အောက်တန်းကျကျ ကျနော်ဓားပြမတိုက်နိုင်ဘူး။ ဆရာဝန်ဟာ မုဆိုးမဟုတ်သလို လူနာဟာလည်း သားကောင်မဟုတ်ပါဘူး။
ကျနော်က ဆေးခန်းထက် စာပေကိုစိတ်ဝင်စားနေတဲ့အချိန် ဆိုတော့ နာမည်ရစ စာရေးဆရာတို့ထုံးစံအတိုင်း ၁၉၈၈ ကနေ ၁၉၉၁ နှစ်အကုန်အထိ စာတွေပဲလှိမ့်ရေးနေမိတာပေါ့ဗျာ။ အဲဒီကာလတွေမှာ ရန်ကုန် မန္တလေး ကစာရေးဆရာတွေ တရုန်းရုန်းနဲ့ ကျနော့်အိမ်မှာ နေ့စဉ်ပွဲတော်ကြီးပေါ့။ ကျနော့်ဘဝရဲ့အပျော်ဆုံအချိန်တွေလို့ပြောလည်းရပါတယ်။
အိမ်ရှေ့မှာ အမြဲလိုလို စက်ဘီး လေး၊ ငါး၊ ခြောက်စီး ရှိနေတတ်တော့ ကျောင်းသားမိဘတယောက်က ဝိုင်းကျူရှင်ပေးတယ်ထင်ပြီး သူ့သားကလေး (၆) တန်းကို ကျူရှင်အပ်ချင်လို့ဆိုပြီး လာမေးတာတောင် ကြုံဖူး ပါတယ်။
ကျနော်ငှားနေတဲ့အိမ်က မန္တလေးဘူတာကြီးနဲ့ အနီးလေး ဆိုတော့ ရန်ကုန်ကစာရေးဆရာတွေအတွက်တော့ တည်းအိမ်၊ စားအိမ်ပေါ့။ ကျနော်မရှိလည်း ကျနော့်အိမ်ထမင်းစားခန်ဒမှာသူတို့ ဝိုင်းဖွဲ့စိုပြေနေကြတာမျိုး တွေတောင်ရှိဖူးပါရဲ့။
အဲ့ဒီကာလတွေတုန်းက ကျနော့်အိမ်ကိုမကြာခဏအလည်လာတတ်တဲ့ သူငယ်ချင်းစုထား (ဒေါက်တာထားထား)က ကျနော့်ကိုယ်စား ဧည့်ခံပေးနေတတ်တယ်။ ကျနော်ကလည်း စာသမားတွေနဲ့နေနေရရင် ထမင်းမေ့၊ဟင်းမေ့ရုံသာမက ကိုယ့်ဘဝကိုတောင် မေ့တယ်။
ကျနော့်အဖြစ်ကလည်း ကာတွန်းကိုကံချွန်ရဲ့ကာတွန်း တကွက်လိုဖြစ်နေတယ်။
မြို့နယ်စိုက်ပျိုးရေးမန်နေဂျာက ကျေးလက်စပါး ဂိုဒေါင်ကိုစစ်ဆေးဖို့ ကွင်းဆင်းလာတယ်။ မြို့နယ်စိုက် ပျိုးရေးမန်နေဂျာက သူ့ကိုလာကြိုတဲ့ကျေးလက်စိုက်ပျိုးရေးမန်နေဂျာကိုမေးသတဲ့။
ဒီလယ်ကွင်းတွေကိုကျော်ရင် စပါးဂိုဒေါင်တွေဆီကို ရောက်ပြီလားတဲ့။ ကျေး/ဂျာကအခုဂိုဒေါင်တွေထဲ ရောက်နေပါပြီတဲ့။ ကျနော်လည်း မြို့/ဂျာလို အခု ဂိုဒေါင်ထဲရောက်လို့ ရောက်မှန်းမသိသလို ဖြစ်နေပြီ။ ဆရာမောင်သာရ မန္တလေးရောက်လာရင် ကျနော်နဲ့တနေကုန်အတူသွား၊ အတူလာဖြစ်နေပြီ။ ကျနော့်မှာ ကျနော်အလေးစားရဆုံးး ဆရာမောင်သာရနဲ့အတူလို အမြဲနေထိုင်ခွင့်ရခြင်းဟာလည်း ကျနော့်အတွက်တော့ မင်္ဂလာတပါးပေါ့ကိုခင်လွန်း။ ကျနော်စာရေးဆရာဖြစ်လာတာလည်း ဆရာ့ကျေးဇူးတွေကြောင့်ပေါ့။
ဆရာမောင်သာရသာမရှိရင် …. ကြည်ဇော်ဝင်းဆိုတာဖြစ်လာမယ်တောင်မထင်ဘူး။ ဆရာ့စာပေ ကျေးဇူးတွေကကျနော့်အပေါ်မှာ အများကြီးရှိတယ်။
စာပေနယ်မှာ ကျနော်ခြေကျွံလာတာနဲ့အမျှ ကျနော့် မိသားစုရဲ့နောင်ရေးအတွက် စိတ်ပူလာတယ်။
ကျနော်စာပေနယ်မှာ တသက်လုံးပျော်မွေ့မယ်ဆိုရင် ကျနော့် မိသားစုရဲ့နောင်နေရေး၊ ထိုင်ရေးအတွက် စိတ်အေးရမှဖြစ်မယ်။ ဘယ်မလဲနေစရာအိမ်လေးတလုံး။ အဲဒီအချိန်မှာ ကချင်ကြီးတင်မောင်မြင့်ကျနော့်အိမ်ကို ပေါက်ချလာတယ်။ 
ကချင်ကြီးလို့သာအများကခေါ်နေကြပေမယ့် တကယ်တော့ ကိုတင်မောင်မြင့်က -ဗမာပါ။ သူကလည်း အဲဒီအချိန်တုန်းက (၈၈) အရေးအခင်းကြောင့် ဝန်ထမ်းဘဝကအလုပ်ဖြုတ်ခံထားရသူ။
အရပ်သားဘဝနဲ့ သူတို့ဒေသထုံးစံအတိုင်း ကျောက်သမားတပိုင်းဖြစ်နေပြီ။
ကျနော့်အိမ်ငှားနေရတာကိုကြည့်ပြီး ခင်ဗျားစာသမား ယောင်ယောင်လုပ်မနေနဲ့၊ ခင်ဗျားမိသားစုနောင်ရေးအတွက် ဖားကန့်ကိုအလုပ်သွားလုပ်၊ ကျနော်လိုက်ပို့မယ်လို့ပြောလာတယ်။ ရေဆာတုန်း ရေတွင်းထဲကျတယ် ဆိုပါတော့။ မိသားစုမှာတင်နေတဲ့အကြွေးတွေကလည်း လည်ပင်းမရောက်ပေမယ့် ရင်ခေါင်းဆိုက်နေပြီ။ ဆရာဝန်ဖြစ်နေပြီး ဘယ်လိုလုပ်အကြွေးတင်တာလဲလို့
ကိုခင်လွန်းသိချင်မှာပေါ့။
ဈေးချိုမှာ ကျနော့်အမျိုးသမီးဖွင့်ထားတဲ့ဆေးဆိုင်က ကျနော့်မှာအရင်းအနှီးမရှိတော့ ငွေတိုးယူရတာပေါ့ဗျာ။ အတိုးက သိပ်များလှတယ် တော့မဟုတ်ပါဘူး။ အလွတ်ကို ၁၀၀ မှ ၆ ကျပ်ကိုး။
အတိုးကိုလည်း လစဉ်မဆပ်နိုင်တော့ အရင်းပေါ်အတိုးဆင့်ပြီး များများလာတာပေါ့။ ဒီအကြွေးတွေကိုဆပ်နိုင်ဖို့ဆိုရင် ကျနော်ဖားကန့်သွားပြီး အလုပ်လုပ်မှ ဖြစ်တော့မယ်လေ။
အဲဒီအချိန်တုန်းက ဖားကန့်ဆိုတာ ပြည်တွင်းဖြစ် ဟောင်ကောင်ဆိုပြီး သိပ်နာမည်ကြီးနေတဲ့အချိန်။
ကျနော်တို့အညာသူအညာသားတွေအတွက် ဖားကန့်မှာငွေတွင်းကြီးရှိနေတယ်လို့ထင်နေကြတာဗျ။
ဖားကန့်မှာအလုပ်သွားလုပ်တဲ့အများစုက အဆင်ပြေပြီး ပြန်လာကြတာက များတာကိုး။ အဆင်မပြေလို့သာ ဖားကန့်သွားရမှာ တကယ်တမ်းကြတော့ ကျနော်မသွာချင်ဘူး။ ကျနော်ချစ်တဲ့မိသားစုကိုခွဲပြီး အိုးပစ်အိမ်ပစ်နဲ့ တနယ်တကျေးကို ဘယ်မှမသွားဖူးဘူးဗျ။ မိသားစုကိုထားခဲ့ပြီး ကျနော်တယောက် ထဲသွားရမှာ။
အဲဒီတုန်းက သမီးကြီးမနွယ်နည်ဝင်းက (၅)တန်း ကျောင်းသူလေးပဲရှိသေးတယ်။ ကျနော်ဘယ်လိုလုပ်ပြီး မိသားစုကိုခွဲခွာသွားနိုင်မှာလဲ။
ကျနော်က မကွေးတိုင်းသားဖြစ်ပေမယ့် အခုအသက် အရွယ်ထိအောင် မကွေးကိုမရောက်ဖူးဘူး။
ခုလောက်ဆို အိမ်ကိုခင်လွန်းတဲ့ကျနော့်ကို ကိုခင်လွန်းခံမှန်းလို့ရလောက်ပါပြီ။ ကျနော်ဟာ အိမ်ကခွဲရမှာကို သေမလောက်ကြောက်တဲ့သူ။ ဒါပေမဲ့ ဘာတတ်
နိုင်မှာလဲဗျာ။ ဘဝက တောင်းဆိုနေပြီ။
ကျနော်မရောက်ဖူးတဲ့ပြည်နယ်ကိုအစမ်းသွားကြည့်တဲ့ အနေနဲ့ ခင်ဗျားတို့မိတ်ဆွေကြီး ကဗျာဆရာဇောင်းထက် (ဦးဇင်ဝေ) ရှိတဲ့မြစ်ကြီးနားကောလိပ်ကို အရင်သွားကြည့်လိုက်တယ်။ ပြည်နယ်မိတ်ဆက်ဆိုပါတော့။
မှတ်မှတ်ရရ ၁၉၉၁ ခုအောက်တိုဘာလထဲမှာ မောင်ဇောင်းက ကျနော့်ကိုတွေ့လို့ပျော်နေပေမယ့် ကျနော့်ရင်ထဲမှာတော့ သောကတွေအပြည့်နဲ့။ အဲဒီအောက်တိုဘာလထဲမှာ တစ်လထဲ …. ကျနော့်ဝတ္ထုတို
သုံးပုဒ်ပါတာကိုလည်း မှတ်မိတ်နေသေးတယ်။ ကျနော်ချစ်တဲ့စာပေလောကကိုခွဲရမှာ ဘယ်လောက်ခက်မယ်မှန်းကိုခင်လွန်း မှန်းဆကြည့်နိုင်ပါတယ်။
ကျနော်ဖားကန့်ကိုမသွားမဖြစ်သွားရတော့မယ်ဆိုတော့ ဆရာမောင်သာရက မှာရှာတယ်။
ကိုနည်ဝင်း ဖားကန့်မှာ သုံးနှစ်ပဲအလုပ်လုပ်ပြီး ပြန်လာပါ။ သုံးနှစ်ထက်ပိုမနေပါနဲ့။
ဟိုမှာဖတ်ဖို့ အင်္ဂလိပ်ဝတ္ထုတွေ ထည့်ယူသွားပါတဲ့။
ညနေတိုင်းလိုလိုဆုံနေကြမန္တလေးစာပေအသိုင်းအဝိုင်းက လည်း စိတ်မကောင်းကြဘူးပေါ့။
ဖားကန့်မှာ ဆေးခန်းဖွင့်ရင် ဆေးခန်းငှားခပေးဖို့နဲ့ဆေးတွေဝယ်သွားဖို့ ကျနော်စီးနေကျကျနော်ရဲ့စီးတော်မြင်း ရွှေအိုရောင်ဆိုင်ကယ်လေးကိုရောင်းပြီး အရင်းအနှီး လုပ်လိုက်တယ်။
ကျနော်ဖားကန့်သွားမယ့်အချိန်က ဆောင်းတွင်းကြီးဆိုတော့ ဖားကန့်မှာအေးရင်ဝတ်ဖို့ အနွေးထည်တွေကို (၁၉)လမ်း ညောင်ပင်ဈေးက လေဘေးထည် ပေါချောင်ကောင်းတွေ ဝယ်သွားလိုက်တယ်။
အမှတ်မမှားရင် ၁၉၉၂ ခု နိုဝင်ဘာ (၁၃) ရက် ညနေ (၆)နာရီ မြစ်ကြီးနားရထားနဲ့ကိုတင်မောင်မြင့်ရှိရာ ဟိုပင်ကိုထွက်ခဲ့တယ်။ ကာတွန်းအော်ပီကျယ်၊ ကိုဆန်းကျော်မောင်(ဆူးငှက်)၊ ညိုညိုတင်လှတို့ ဘူတာကို လိုက်ပို့ကြတယ်။။ ဇနီးနဲ့သမီးက မျက်နှာမကောင်းစွာနဲ့လိုက်ပို့ကြတာကိုတော့ ထည့်ပြောဖို့မလိုဘူးထင်ပါရဲ့။
ညိုညိုတင်လှက ကိုကြည်ဇော်ဝင်း ဟိုမှာဖတ်ဖို့ဆိုပြီး ဆရာဒဂုန်တာရာရဲ့စာအုပ်တအုပ်ကို လက်ဆောင်ထည့်ပေးလိုက်တယ်။
ရထားပြတင်းပေါက်ကနေတန်းလန်းကျနေတဲ့ကျနော့်လက်ကို သမီးလေးမနွယ်နည်က ခုန်ခုန်ပြီး သူ့လက်ကလေးနဲ့လှမ်းလှမ်း ဆွဲရှာတယ်။ လိုက်ပို့ကြတဲ့သူတွေအားလုံးကလည်း မျက်နှာမကောင်းကြဘူပေါ့။
သူငယ်ချင်းအုပ်စိုးရဲ့ကဗျာစာအုပ်ကြော်ငြာစာသားလေးကိုလည်း ကြားယောာင်မိနေရဲ့။
“ဖြစ်ခွင့်တခုကိုရချင်ရင် ဖြစ်ခွင့်တခုကိုစွန့်လွှတ်”
“ချစ်ခွင့်တခုကိုရချင်ရင် ချစ်ခွင့်တခုကို စွန့်လွှတ်”တဲ့။
လွမ်းစရာတွေထက် မောစရာတွေပေါ့ ကိုခင်လွန်းရေ…။ ။

ကြည်ဇော်ဝင်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခေတ်ပြိုင်အတွေ့အကြုံ, မြန်မာပြည်တွင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)