ကျော်ကျော် (မြရည်စမ်း) ● အရောင်လွင့်ပြယ်သွားသည့် ဆိုင်းဘုတ်များနှင့် ပြယ်လွင့်သွားသော ဆိတ်ဖလူးပန်းရနံ့

September 8, 2018

● အရောင်လွင့်ပြယ်သွားသည့် ဆိုင်းဘုတ်များနှင့် ပြယ်လွင့်သွားသော ဆိတ်ဖလူးပန်းရနံ့
(မိုးမခ) စက်တင်ဘာ ၈၊ ၂၀၁၈


(တစ်)
ကျွန်တော်သည် ဆိုင်းဘုတ်ရေးစားသူ တယောက်သာ ဖြစ်ပါသည်။ ယခုအချိန်တွင် ကွန်ပြူတာဖြင့် ဒီဇိုင်းလုပ်၍ ဗီနိုင်းစက် ကြီးများဖြင့် ရိုက်နှိပ်သော ဆိုင်းဘုတ်များ ခေတ်စားလာပြီ ဖြစ်ပါသည်။ သို့သော်လည်း နှစ်ရှည်လများ လုပ်ကိုင်လာသော ဆီဆေးဖြင့် ဆိုင်းဘုတ်ရေးသည့် လုပ်ငန်းကို ကျွန်တော် မစွန့်လွှတ်နိုင်သေးပါ။ ထမင်းနပ်မမှန်လှသော လုပ်ငန်းကို မစွန့် လွှတ်နိုင်သေးသည့်ကိစ္စအတွက် ကျွန်တော့်ထံတွင် ဆင်ခြေတခု၊ (စကားလှလှပြောရလျှင်)အကြောင်းပြချက်တခုတော့ ရှိနေပြန်သည်။ ကျွန်တော်တို့အထက်တန်းကျောင်းသားဘဝက စူးနှင့်ဂျွန်ဆီပါဝင်သော နောက်ဆုံးသစ်ရွက်ဟူသည့် စာလေးတပုဒ်ကို သင်ကြားခဲ့ရပါသည်။ ထိုသင်ခန်းစာထဲတွင်  ပန်းချီဆရာကြီး တယောက်လည်း ပါဝင်ပါသည်။ ပန်းချီ ဆရာကြီးသည် သူ့ဘဝအတွက် သူဘာသာ အကြိုက်ဆုံးဖြစ်မည့်၊ ပန်းချီကားတချပ်ကို ရေးဆွဲနိုင်ရန် ကြိုးစားနေသူ တ ယောက်ဖြစ်သည်။ အသက်ကြီးလှပြီ ဖြစ်သော်လည်း ပန်းချီဆွဲခြင်းမှ အနားမယူနိုင်သေး။

ကျွန်တော့်ဘဝတွင်လည်း ကျွန်တော့်စိတ်ကြိုက် ဖြစ်ခဲ့ရသော ဆိုင်းဘုတ်ဟူ၍ မရှိခဲ့သေးပါ။ “ဒီစာလုံးအရွယ်အစားကို ဒီဆေး၊ဒီအရောင်နှင့်ဒီလိုရေး” ဟူ၍သာ အလုပ်အပ်ခဲ့ကြပါသည်။ ဆိုင်းဘုတ်များမှာလည်း ပုဂ္ဂလိကလုပ်ငန်းရှင်များမှ အပ်သောဆိုင်းဘုတ်ထက် အစိုးရဌာနများ၊ အစိုးရရုံးများက အပ်သောဆိုင်းဘုတ်က ပို၍များခဲ့ပါသည်။ ကျွန်တော့်အလုပ်ကို တာဝန်ကျေပွန်အောင် ကြိုးစားခဲ့ပါသည်။ အကောင်းဆုံးဟူသော ဆီဆေးကို  အသုံးပြုပေးခဲ့သည်။ သို့သော် မည်သည့်အခါမျှ ကျွန်တော်စိတ်တိုင်းမကျခဲ့ပါ။ ဆိုင်းဘုတ်တင်ပွဲနေ့တွင် ကျွန်တော့်လက်ရာဆိုင်းဘုတ်သည် အရောင်အဆင်းဖိတ်ဖိတ်လက် နေသည်။ လူတွေက ချီးမွမ်းကြပါသည်။ ထိုကိစ္စသည် ခဏမျှသာခံပါသည်။

(နှစ်)
ပိုက်ဆံအိတ်လေးကို ခါးကြားထိုးလိုက်ပြီး ဆိုင်ကယ်ပေါ်သို့ ကျွန်တော်တက်လိုက်သည်။ ဇနီးသည်က ငရုပ်ဆီလျှော့ထည့်ခဲ့ဖို့ အော်ပြီးမှာသည်ကို ခေါင်းညိတ်ပြလိုက်ရသေးသည်။ သူကလည်း ဒီကနေ့ညမှ  ခေါက်ဆွဲအရည်ဖျော် သောက်ချင်နေပြန် သည်။ ဆိုင်ကယ်ကို တဖြည်းဖြည်း စီးလာခဲ့သည်။ အပြင်မှာ မိုးသားတွေက မည်းမှောင်နေဆဲဖြစ်သည်။ မိုးရွာနေသည်မှာ တညနေလုံး။ ယခုမှ တိခနဲရပ်ရုံရှိသေးသည်။ တောက်ပနေကြသော လမ်းမီးများအောက်ဝယ် ကတ္တရာလမ်းမကြီးက အေး တိ အေးစက်ဖြင့် မည်းမည်းပြောင်ပြောင်ကြီး ဖြစ်နေသည်။

လမ်းမပေါ်တွင် ယာဉ်အသွားအလာ နည်းပါးနေပေပြီ။ အချိန်အားဖြင့် သိပ်ပြီးညဥ့်မနက်လှသေးသော်လည်း လမ်းနံဘေးဆိုင် လေးတွေ သိမ်းဆည်းနေကြပြီ။ ကျွန်တော်က မြို့လေး၏ ရုပ်ရှင်ရုံနားအထိ သွားရမည် ဖြစ်သည်။ ခေါက်ဆွဲဆိုင်က ထိုအနားတွင်ရှိသည်။ ရုပ်ရှင်ရုံဟု သုံးနှုန်းမိသော်လည်း ထိုအဆောက်အအုံ၌ ရုပ်ရှင်မပြတာ အတော်ကြာပါပြီ။ ဂိုထောင်ကြီးတခု ဖြစ်ချင်လည်း ဖြစ်နေနိုင်ပါသည်။ မည်သည့်ပစ္စည်းများသိုလှောင်ထားပြီးပိုင်ရှင်မည်သူဖြစ်သည်ကို ကျွန် တော်မသိပါ။ ကျွန်တော်သိသည်မှာ ကျွန်တော်ကလေးဘဝက ထိုရုပ်ရှင်ရုံကြီးတွင် ညစဉ်လိုလို ကြမ်းပိုးထိုးခဲ့သည့် အကြောင်းသာ ဖြစ်ပါသည်။ ရုပ်ရှင်ပြီးကာနီး ၁၅ မိနစ်အလိုလောက်တွင် ရုံဖွင့်ပေးသည်။ ထိုအချိန်လေးတွင် ဝင်ကြည့်ခွင့်ရ ခဲ့သော ဇာတ်သိမ်းခန်းများသည် အရသာရှိလှပါသည်။ ရုံမဖွင့်မီ အချိန်လေး၌ ရုပ်ရှင်ရုံဘေး ဗာဒံပင်အောက်တွင် ဘဝတူ သူငယ်ချင်းများနှင့် စုပြီးထိုင်ဖြစ်ခဲ့ကြသည်။ ရုပ်ပြစာအုပ်၊ ကာတွန်းစာအုပ်များထဲမှဇာတ်လမ်းများကို သူတလှည့် ကိုယ်တလှည့် မှတ်မိသလောက် ပြန်ပြောကြ၊နားထောင်ကြသည်။ စကားပြောကြရင်းဖြင့် ဗာဒံသီးအခြောက်ကို အုတ်နီခဲဖြင့် ထုပြီးစားကြသည်။ ထိုအချိန်များသည် ချိုမြကြောင်း၊ဗာဒံသီးအဆံသည် ဆိမ့်မွှေးကြောင်း မှတ်မိနေပါသည်။ ရုပ်ရှင်ပြီးချိန်၌ ကလေးခြေထောက် တိုတိုလေးဖြင့် မိုးချုပ်ညဥ့်နက် အိမ်ပြန်ခဲ့ဖြစ်သော ဘေးမသီရန်မခကာလများကို မှတ်မိနေပါသည်။

ယခုနေအချိန်များ ကျွန်တော်ကလေးဘဝကလို ခြေကျင်သွားနေသည့် ကောင်လေးတယောက်တလေ တွေ့မိလျှင် အိမ်ပြန်လိုက်ပို့ပေးချင်လှပါသည်။ ဆိုင်ကယ်စီးနေရင်းဖြင့် ကလေးဘဝကို သတိရမိရင်း ကတ္တရာလမ်းမကြီး၏ ဘေးဘီဝဲယာကို သတိထားကြည့်မိသည်။ လူသူပါးလျလွန်းလှသည်။ ရုပ်ရှင်ကြီး၌ ဇာတ်ကားမပြတော့တာ ကြာလှပြီဖြစ်သည်။ ရုံဖွင့်ချိန် တဆယ့်ငါးမိနစ်။ ကာတွန်းဇာတ်လမ်းများ။ အုတ်နီခဲဖြင့် ထုခွာပြီးစားခဲ့ရသော ဗာဒံသီးအဆံဆိမ့်ဆိမ့်လေးများ။ ယခုခေတ်ကလေးများသည် ကျွန်တော်တို့ခေတ်က ကလေးဘဝနှင့် ဖြတ်သန်းမှုချင်းသည် တူနိုင်ကြတော့မည်မဟုတ်မှန်း ကျွန်တော်သိပါသည်။ သိနေရဲ့သားနှင့် လွမ်းတမ်းတနေသည်လား၊ နှမြောတသနေသည်လား ဝေခွဲမရ ဖြစ်ရပါသည်။ ဝေခွဲမရဖြစ်ခြင်းနှင့်အတူ ရနံ့သင်းသင်းလေး မွှေး၍လာသည်။

ရှေ့နားတွင် ဆေးရုံလမ်းသွယ်လေးကို တွေ့နေရပြီ။ ဆိုင်ကယ်ကို အရှိန်လျှော့ချမိသည်။ အရှိန်လျှော့မိသည့်အတွက် ဘာသာအံ့သြမိပါသည်။ ငယ်ရွယ်စဉ်ကလေးဘဝကတော့ မိုးချုပ်ညဥ့်နက်အိမ်ပြန်လေတိုင်း ထိုလမ်းသွယ်လေးအနား ရောက်လျှင် ဖိနပ်နှစ်ဖက်ချွတ်၍ လက်နှစ်ဖက်၌စွပ်ပြီး  ကျွန်တော်အားကုန်ပြေးတတ်သည်။ ထိုမှဝင်သွားလျှင် ဆေးရုံ ရင်ခွဲရုံသို့ ရောက်မည်မှန်း ကျွန်တော်သိပါသည်။ လမ်းသွယ်လေးဘေးမှ ကိုလိုနီခေတ်လက်ကျန်အဆောက်အအုံကြီးနှင့်ကုက္ကိုပင်အုပ်အုပ်ကြီးကလည်း ကြောက်လန့်စရာကောင်းနေပါသည်။ ထိုနေရာ၌ သရဲတစ္ဆေများ နေထိုင်ကျက်စားကြသည်ဟု ကြားဖူးသောကြောင့် ဖြစ်ပါသည်။

ယခုတော့ သရဲတစ္ဆေများကို ကျွန်တော်မကြောက်တော့ပါ။ မိုးသက်လေးကလေးနှင့်အတူ ပါလာသော ဆိတ်ဖလူးပန်းရနံ့ကို ရသည့်အခိုက်ဝယ် ကြည်နူးနေမိသေးသည်။ ဆိတ်ဖလူးပန်းရနံ့သည် ထိုလမ်းသွယ်လေးအနားမှ ထွက်ပေါ်လာတတ်သည်မှာ ကျွန်တော်ကလေးဘဝကတည်းက ဖြစ်ပါသည်။ ထိုစဉ်က ဆိတ်ဖလူးပန်းရနံ့ကို ကျွန်တော်မခံစားတတ်သေး။ သရဲတစ္ဆေကြောက်သောကြောင့် ပြေးဖို့သာ တာစူနေခဲ့သည်။

အချိန်တွေစီးဆင်းသွားကြပြီးနောက် ကျွန်တော်ဂစ်တာတီးတတ်လာပါသည်။ ကံအားလျော်စွာ ရည်းစားလေးတယောက် လည်း ရခဲ့ပါသည်။ ထိုနေ့မှစ၍ သရဲတစ္ဆေများကို ကျွန်တော်မကြောက်တော့ပါ။ သူမနှင့်ကျွန်တော် ရုပ်ရှင်ကြည့်ကြသည်။ ရုပ်ရှင်ပြီး၍ သူမအိမ်ပြန်လျှင် ခြေကျင်လျှောက်၍ လိုက်ပို့ပေးဖြစ်သည်။ ထိုဆေးရုံလမ်းသွယ်လေးနားအရောက်တွင် ဆိတ်ဖလူးပန်းရနံ့လေး ပြေးလွှားရောက်လာတတ်သည်။ ငယ်ငယ်ကလို ကျွန်တော်ထွက်မပြေးမိတော့။ ဖြေးညှင်းစွာပင် လျှောက်နေမိသည်။ သူမက သရဲတစ္ဆေကြောက်တတ်သဖြင့် ထိုနေရာလေးရောက်လျှင်  နက်မှောင်ဖြောင့်စင်းရှည်လျားလှသော ဆံကေသာကို တပတ်ရှိုထုံးဖို့ ဟန်ပြင်တတ်သည်။ ကျွန်တော်က စကားမရှိစကားရှာကာ ကိုလိုနီခေတ်လက်ကျန်အအောက်အအုံကြီး၏ သမိုင်းနှင့် ကုက္ကိုပင်ကြီး၏သက်တမ်းကို ကြားဖူးသလောက်ဗဟုသုတနှင့် အကြောက်ပြေစေရန် ပြောပြတတ်ပါသည်။

(သုံး)
ခေါက်ဆွဲဖိုးပေးရန်အတွက် ကျွန်တော့်ခါးကြားမှ ပိုက်ဆံအိတ်ကို ဆွဲထုတ်လိုက်သောအခါ ဘေးအနားမှ အမျိုးသမီးသည် ဆတ်ခနဲနောက်သို့ ဆုတ်သွားသည်။ ကျွန်တော့်လက်ကို စူးစိုက်ကြည့်နေသည်။ သေနတ်တလက်၊ဓားစူးတချောင်းကို မြင်ရတော့မည့်အလား  အမျိုးသမီး၏ မျက်လုံးများမှာ စိုးထိတ်နေပုံရသည်။ ပိုက်ဆံအိတ်ကိုင်ထားသည်ကို မြင်သောအခါမှ သက်ပြင်းမသိမသာချသည်။

ခေါက်ဆွဲဆိုင်အနီးတွင် လူသွားလူလာ သိပ်ပြီးမပြတ်လပ်သေးပါ။ ကျွန်တော့်မှာ ကြောက်တတ်လွန်းသော အမျိုးသမီး၏ အဖြစ်ကြောင့် စိတ်မတိုမိသော်လည်း စိတ်တော့ဆင်းရဲမိပါသည်။ ခေါက်ဆွဲရောင်းသူက ခရမ်းချဉ်သီးနီနီရဲရဲများကို ကတ်ကြေးနှင့်ညှပ်နေရင်း လွန်ခဲ့သောညများက လူရိုက်မှုများအကြောင်းနှင့် လုယက်မှုများအကြောင်းကို စားသုံးသူ တယောက်အား ဖောက်သည်ချနေသည်။ ရန်ငြိုးရန်စမရှိပဲ အရိုက်ခံလိုက်ရသော သူတယောက်အကြောင်းလည်း ပါပါ သည်။ ထမင်းဝယ်လာသော သူတယောက်။  ဆိုင်ကယ်နှင့်လူငယ်တစု။ မြို့လယ်ခေါင်ညတည။ နီထွေးထွေးသွေးစက်များ။ လွတ်မြောက်နေဆဲဖြစ်သည့် ရိုက်နှက်သူများ။ ထိုကိစ္စဖြစ်ပေါ်ပြီးနောက် ထိတ်လန့်သွားသော မြို့သူမြို့သားများနှင့်တိတ်ဆိတ်သွားသော မြို့လယ်လမ်းမများ။

ထိုစကားများကြားတော့ မသိစိတ်က နောက်သို့လှည့်ကြည့်စေသည်။ စင်းစင်းငုတ်တုတ်ကြီး လဲလျောင်းနေသော ဂိုထောင်တဖြစ်လဲ ရုပ်ရှင်ရုံကြီးကိုသာ တွေ့ရပါသည်။ ထိုအထဲတွင် မော်တော်ဆိုင်ကယ်အသစ်စက်စက်တွေများရှိနေမည်လား။ အဝတ်အထည်အသစ်စက်စက်တွေများရှိနေမည်လား။ အစားအစာမျိုးစုံနှင့်နောက်ဆုံးပေါ်ဟန်းဆက်တွေများရှိနေမည်လား ကျွန်တော်မခန့်မှန်းတတ်ပါ။ စိတ်တင်းကျပ်မှုကို အချိန်တိုဖြင့် ဖြေလျော့ပေးနိုင်သည့် လက်သီးဖြင့်ထိုး၊ခြေထောက်နှင့်ကန်၍ရသော ယိုးဒယားလုပ် ကရောင်းအိတ်ရှည်ကြီးများလည်း ရှိချင်ရှိနေနိုင်ပါသည်။ စိတ်ကူးယဉ်ဆန်ဆန်ဖြင့် ပိုပို သာသာပြောကြည့်ရလျှင် အလုပ်အကိုင်အခွင့်အလမ်းများနှင့် မျှော်လင့်ချက်ရောင်နီများလည်း ရှိကောင်းရှိလိမ့်မည်။ ထို ဂို ထောင်ကြီးသည် ပန်ဒိုရာသေတ္တာတလုံးတော့ ဘယ်နည်းနှင့်မျှ မဖြစ်နိုင်ရှာပါ။ စင်းစင်းငုတ်တုတ်ကြီးဖြင့် သော့ ခလောက် အထပ်ထပ်ခတ်ထားသော ဂိုထောင်အတွင်းသို့ စိတ်ကူးဖြင့်သာ ကျွန်တော်ဝင်ရောက်နိုင်ပါသည်။ ထိုအထဲတွင် ဆန်အိတ် များနှင့် ဆီပုံးများအထပ်လိုက် အပုံလိုက် ရှိနေပါက လမ်းမပေါ်ဆွဲတင်၍ ပံ့သကူပစ်လိုက်ချင်မိသည်။

ခေါက်ဆွဲသည်က ဗဟုသုတမျှဝေပေးနေသည်။ မန္တလေးမြို့လယ်ခေါင် နေ့ခင်းကြောင်တောင်၌ ဖြစ်ပွားခဲ့သော သေနတ် ပစ်ခတ်မှု။ လမ်းနံဘေးဆိုင်ကယ်ရပ်တံ့ကာ ဖုန်းဆက်နေသူကို ဓားဖြင့်အကြမ်းဖက်မှု။ ခေါက်ဆွဲရောင်းသူသည် ပေါက်ပေါက် ပွင့်ဖောက်သလို စကားကို တပေါက်ပေါက်နှင့် ပြောဆိုရင်း ပြင်နေလက်စခေါက်ဆွဲပန်းကန်အတွင်း ဘယာကြော်အကွင်းကို ချေမွကာထည့်လိုက်သည်။ ကျွန်တော်ကလည်း ငရုပ်သီးလျှော့ဖိုနှင့်ဘယာကြော်အပိုထည့်ပေးဖို့ ပြောလိုက်ပါသည်။ ဆေး ဆိုးမှိုတက် ငရုပ်သီးခြောက်များ၏ ဆိုးကျိုးကို ဇနီးသည်က ကြောက်သည်။ ကျွန်တော်က ဘေးဘယာများနှင့် ဝေးကွာလိုသည်။ စားသုံးသူတယောက်သည် ခေါက်ဆွဲပန်းကန်ကို တဖူးဖူးနှင့်မှုတ်ကာ စားသောက်နေပါသည်။ ငရုပ်သီး စပ်ခြင်းကြောင့်လား၊ အိမ်သို့ အလျင်အမြန်ပြန်လို ခြင်းကြောင့်လားတော့ သူ့အဖြစ်သူသာသိပေလိမ့်မည်။

(လေး)
ခေါက်ဆွဲဝယ်ပြီး ပြန်လာရာလမ်းတွင် လူသူလေးပါး ကင်းမဲ့နေပါပြီ။ ဆိုင်ကယ်ကို တဖြည်းဖြည်းသာ စီးလာခဲ့မိသည်။ ဆေးရုံလမ်းသွယ်လေး အနီးသို့ ရောက်သောအခါ ဆိတ်ဖလူးပန်းရနံ့ မွှေးသင်းလာသည်။ ဆိုင်ကယ်လီဗာကို အရှိန်မြင့်လိုက်မိသည့် အတွက် ကျွန်တော့်မသိစိတ်ကို ကျွန်တော်အံသြမိပါသည်။ အိမ်ကို အမြန်ရောက်ချင်နေ၍လား။ ကျွန်တော်ကြောက်နေ၍လား။ အိမ်မှ ဇနီးသည်ကတော့ ကျွန်တော့်အိမ်အပြန်ကို စောင့်နေမှာ သေချာပါသည်။ “ခဏလေးပါကွာ”ဆိုပြီး အိမ်အပြင်ထွက်သွားကြသော အိမ်သားများ အိမ်ပြန်မရောက်တော့သည့် အဖြစ်အပျက်များ နေ့စဉ်ကြားနေရပါသည်။ ဆေးရုံလမ်းသွယ်လေးထဲသို့ အမှတ်မထင် လှမ်းကြည့်မိသည်။ ထိုလမ်းသွယ်လေး အဆုံးတွင် ရင်ခွဲရုံရှိသည်။ အ,ကာလမရဏနှင့် ကြုံဆုံရသူတို့ ထိုနေရာသို့ ဒုတ်ဒုတ်ထိ ရောက်ကြရသည်။

“ငယ်စဉ်ကလေးဘဝကလို သရဲတစ္ဆေများကို ကြောက်နေသေးသလား” ဟု ကိုယ့်ကိုယ်ကိုယ် ပြန်မေးမိပါသည်။ တခုခုကို ကျွန်တော်ကြောက်နေမိပါသည်။ သရဲတစ္ဆေများကို ကျွန်တော်မကြောက်ပါ။ သို့သော် အ,ကာလမရဏကြောင့် သရဲတစ္ဆေဖြစ်ရမည်ကို ကျွန်တော်ကြောက်နေမိသည်ဟု ထင်ပါသည်။ အကြောက်ပြေစေရန်အတွက် သီချင်းတပုဒ်ကို အော်ဆိုလိုက်ဖို့ ကြိုးစားမိသည်။ မရပါ။ သီချင်းမဆိုတော့ဘဲ”ငါကြောက်နေတာ ဘယ်သူ့ကြောင့်လဲ”ဟုသာ အကြိမ်ကြိမ်အော်ဟစ်လိုက်မိသည်။ စိတ်ကို ညွှတ်နူးစေသော ဆိတ်ဖလူးပန်းရနံ့သည် အဝေးသို့ ထွက်ပြေးသွားရှာသည်။

တရိပ်ရိပ်ပြေးနေသောဆိုင်ကယ်သည် အိမ်နှင့်တဖြည်းဖြည်းနီးလာပါပြီ။ လက်ဝဲဖက်သို့ အမှတ်မထင်ကြည့်မိသောအခါ မြို့လေး၏ စုပေါင်းရုံးကြီးကို မြင်ရပါသည်။ ထိန်ထိန်ညီးနေသော ညမီးများအောက်တွင် အလွန်တင့်တယ်နေ သယောင် ထင်ရပါသည်။ ထိုရုံးကြီးတွင် ကျွန်တော့်လက်ရာဆိုင်းဘုတ်များ အများအပြားရှိပါသည်။ ဥပဒေရုံး၊တရားရုံး၊အုပ်ချုပ်ရေးမှူးရုံး၊ စသဖြင့် ဆိုင်းဘုတ်အများအပြားကို ကျွန်တော်ရေးခဲ့ရပါသည်။ စေတနာအပြည့်အဝထားကာ အကောင်းဆုံးဆီဆေးကို အသုံးပြုခဲ့ပါသည်။ အသေသပ်ဆုံး စုတ်ချက်များဖြင့် ပြတ်သားအောင် ရေးခဲ့ပါသည်။ ဆိုးဝါးစွာနှိပ်စက်တတ်သော ဥတု သုံးပါးကြားဝယ် မည်သည့်ဆိုင်းဘုတ်မှ တာရှည်မခံကြပါ။ ကျွန်တော်၏ ညံ့ဖျင်းမှုကို ကာကွယ်လိုသောကြောင့် ဆိုးဝါးသည့် ဥတုသုံးပါးကို အပြစ်ဖို့နေခြင်း မဟုတ်ပါ။ ဂေဟစံနစ်ပျက်စီးခြင်း၏ အကျိုးဆက်အဖြစ် ဆိုးဝါးလွန်းသည့် ဥတုသုံးပါး၏ ဒဏ်ကို လည်စင်းခံနေကြရကြောင်း အားလုံးလိုလို သိကြပေလိမ့်မည်။

(ငါး)
ကျွန်တော်အိမ်ပြန်ရောက်ချိန်တွင် မိုးသည်းထန်စွာ ရွာသွန်းခဲ့ပါသည်။  ငရုပ်သီးမပါသော ခေါက်ဆွဲအရည်ဖျော်ကို စိတ်ချလက်ချ သောက်သုံးနေသည့်ဇနီးသည်ကိုကြည့်ရင်း အ,ကာလမရဏအကြောင်းကို ကျွန်တော်မေ့ပျောက်နေခဲ့သည်။ ထွက်ပြေးသွားသော ဆိတ်ဖလူးပန်းရနံ့များအကြောင်း သူ့ကိုပြောမပြချင်တော့ပါ။

ထိုနေ့ညက ဇနီးသည်အိပ်ပျော်နေစဉ် အိပ်မပျော်နိုင်သူမှာ ကျွန်တော်ဖြစ်ခဲ့သည်။ မိုးစက်မိုးပေါက်များက အိမ်ခေါင်မိုးကို တ ဖြုန်းဖြုန်း တဖြန်းဖြန်းရို်က်ခတ်သံပေးရင်း ကျွန်တော့်ကို အိပ်စက်အနားယူဖို့ ဆော်သြကြပါသည်။ သို့သော် ကျွန်တော် မအိပ်စက်နိုင်သေး။ ဆိုးဝါးလွန်းသည့် ဥတုသုံးပါးကို ကြံ့ကြံ့ခံနိုင်မည့် ဆိုင်းဘုတ်ရေးဆွဲဖို့သာ စိတ်ကူးယဉ်နေမိသည်။ ထိုအမှုကိစ္စ ပြီးစီးပါလျှင် ထမင်းနပ်မမှန်သည့် ဆိုင်းဘုတ်ရေးခြင်းလုပ်ငန်းမှ အနားယူတော့မည်။

ဥတုသုံးပါးကို ကြံ့ကြံ့ခံနိုင်ရမည့် ဆိုင်းဘုတ်က များများစားစားတော့ မလိုအပ်။ သုံးခု မျှသာ။

ကျော်ကျော် (မြရည်စမ်း)
၃ စက်တင်ဘာ၊ ၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments