ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၂၀)

September 9, 2018
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၂၀)
(မိုးမခ) စက်တင်ဘာ ၉၊ ၂၀၁၈


ငှက်မျိုးစိပ်များတွင် ကြိုးကြာဖြူသည် မြောက်အရပ်မှာမွေးသော ငှက်တမျိုးပင်ဖြစ်လင့် ကစား အရွယ်ရောက်သောအခါ တောင်အရပ်တွင် ရှင်သန်ကြီးပြင်းလေ့ရှိသည့် ငှက်မျိုးဖြစ်သည်။ သတ္တ၀ါတိုင်းက ကိုယ့်ရဲ့မွေးရပ်ဇာတိကို ခုံမင်တတ်ကြသော်လည်း သူက မွေးရပ်မြေမှာ မပျော်သောငှက်တဲ့လေ။ နာမည်ကြီး တိဗက်ရိုးရာ ကျေးလက် တေးသီချင်းတပုဒ်ထဲမှာ ဖတ်ဖူးတာပါ။

၁၉၅၉-ခုနှစ် ဧပြီလထဲတွင် ဘုန်းတော်ကြီးဒလိုင်းလားမားနှင့်အဖွဲ့ နိုင်ငံရေးခိုလှုံဖို့ အိန္ဒိယနိုင်ငံထဲရောက်နေပြီဖြစ်ကြောင်း အိန္ဒိယအစိုးရအဖွဲ့အားလုံးကို အသိပေးပါသည်။ ၀န်ကြီးချုပ်နေရူးကိုယ်တိုင်က အလေးဂရုပြုအပ်သော ဧည့်သည်တော်မို့ အစိုးရအဖွဲ့ဝင် တွေအားလုံးကလည်း ဘုန်းတော်ကြီးရောက်လာခြင်းကို လိုလိုလားလား ကြိုဆိုကြပါ သည်။ ဘုန်းတော်ကြီးကိုအကြောင်းပြုပြီး အိန္ဒိယနှင့်တရုတ် နှစ်နိုင်ငံကြားမှာ အဖုအထစ်တွေ မဖြစ်စေလို။ တိဗက်အရေးနှင့်ပတ်သက်လို့ ၁၉၅၀-ပြည့်နှစ်နောက်ပိုင်း ကစပြီး ပီကင်းက အိန္ဒိယကို တလျှောက်လုံး ဖိအားပေးခဲ့လေသည်။ ၁၉၅၄-ခုနှစ်တွင် အိန္ဒိယနှင့်တရုတ် နှစ်နိုင်ငံ သဘောတူညီချက်ငါးရပ်ကို လက်မှတ်ရေးထိုးခဲ့ကြဖူးသည်။ အဲဒီတုန်းကတည်းက အိန္ဒိယမှာ ရောက်ရှိနေကြပြီဖြစ်တဲ့ တိဗက်ဒုက္ခသည်တွေကို တိဗက်ပြန်ပို့ဖို့ အိန္ဒိယအစိုးရကို တိုက်တွန်းခဲ့သေးသည်။ ယခု ဘုန်းတော်ကြီး ဒလိုင်းလားမားကို နိုင်ငံရေးခိုလှုံခွင့်ပေးလိုက်ပြီဆိုသောအခါ သည်သတင်းစကားက တရုတ်ပြည်မကြီးကို မီးပုံယမ်းကျဆိုသလို ဒေါသအမျက်ထွက်စေပါတော့သည်။

ဘုန်းတော်ကြီးကို လက်ခံလိုက်ခြင်းဖြင့် တရုတ်ပြည်ရဲ့ ငြိုငြင်မှုတွေ အလိုမကျမှု တွေရှိလာမှာကို ၀န်ကြီးနေရူးက သိပြီးဖြစ်သော်လည်း တွယ်ရာမဲ့နေသည့် ဘုန်း တော်ကြီးကို သူဥပေက္ခာမပြုရက်တော့။ အတွယ်အတာမဲ့ဘ၀တွေရဲ့ တောင်းဆိုမှုကို နှစ်ကြိမ်တိုင်တိုင် လျစ်လျူရှုပစ်သည်အထိတော့ သူ့နှလုံးသားတွေ မာရေ ကြောရည် မရှိလှ။  တဖက်မှာလည်း ဘုန်းတော်ကြီးအပေါ်မှာထားသည့် သူ့ယုံကြည်မှုက ထုထည်ကြီးမားလွန်းလှသည်။ နိုင်ငံရေးခိုလှုံခွင့်နှစ်ပတ်သက်၍ စိုးရိမ်မှုတွေ ရှိသော်ငြားလည်း တိဗက်ပြည်သူတွေအပေါ် လူသားချင်းစာနာထောက်ထားသည့် အကူအညီတွေ သူတတ်နိုင်သလောက်ပေးသွားဖို့ ၀န်ကြီးချုပ်နေရူးက စိတ်ဆုံးဖြတ် ထားပြီးဖြစ်သည်။  အမှန်တကယ်လည်း အိန္ဒိယကိုရောက်လာသည့် တိဗက်ပြည်သူများ ၏ လိုအပ်ချက်များကို သူက ကူညီဖြေရှင်းပေးခဲ့ပါသည်။ သူ့တိုင်းပြည်ထဲရောက် လာသည့် သူ့ဧည့်သည်ကို သူကအကောင်းဆုံးဧည့်ခံပြုစုခဲ့သူဖြစ်သည်။ သူဧည့်သည် တွေ ဘာမှ မငြိုငြင်စေရ။ အထူးသဖြင့် ဘုန်းတော်ကြီးဒလိုင်းလားမား စိတ်ကွက် သွားမှာကိုပင် သူကစိုးရိမ်နေသူဖြစ်သည်။

အိမ်နီးကောင်း၏အဓိပ္ပါယ်ကို ၀န်ကြီးချုပ်နေရူးက ကျနသေချာစွာ အဓိပ္ပါယ်ဖွင့်ဆိုပြ လိုက်ခြင်းပင်ဖြစ်သည်။ ရုပ်ပိုင်းဆိုင်ရာမှာပဲဖြစ်ဖြစ်၊ စိတ်ပိုင်းဆိုရာအရပဲဖြစ်ဖြစ် အားငယ်နေသူ၊ အားနည်းနေသူ၊ တွယ်ရာမဲ့ ခိုကိုးရာမဲ့နေသူတို့အပေါ် အနိုင်ကျင့်ပြီး ခေါင်းပုံဖြတ် အမြတ်ထုတ်တတ်ခြင်းသည် အိမ်နီးကောင်းတို့ မလုပ်အပ် မပြုအပ် သော စောင့်စည်းရမည့်ကျင့်ဝတ်တခုပင်ဖြစ်သည်။ အိမ်နီးချင်းတိုင်းပြည်များအပေါ် အိန္ဒိယက သူစောင့်ထိန်းရမည့် သူ့ကျင့်ဝတ်ကို အတတ်နိုင်ဆုံးစောင့်စည်းခဲ့ပါသည်။ သူ့အိမ်နီးချင်းများအပေါ် အခွင့်အရေးမယူခဲ့။ ကျင့်ဝတ်သိက္ခာ၊ သဘာဝ သယံဇာတနှင့် ပတ်သက်လို့ သူ့အိမ်နီးချင်းတိုင်းပြည်များအပေါ် အများက လက်ညှိုးထိုး မေးငေါ့ရ လောက်အောင်အထိ ခေါင်းပုံဖြတ် အမြတ်ထုတ်ယူခဲ့ခြင်း မရှိ။

ဘုန်းတော်ကြီးဒလိုင်းလားမား အိန္ဒိယမြေကို ခြေစချကတည်းက လိုအပ်ချက်သည့် အစားအသောက်၊ အ၀တ်အထည်နှင့် အသုံးအဆောင်ပစ္စည်းများကို ဒါကိုတာ လေယာဉ်နှင့် DC-10 လေယာဉ်များဖြင့် သယ်ယူပို့ဆောင်ပေးခဲ့သည်။ ဘုန်းတော်ကြီး ကို အိန္ဒိယပြည်သူများကလည်း သောင်းသောင်းဖျဖျ ကြိုဆိုခဲ့ကြသည်။ ဘုန်းတော်ကြီး ဒလိုင်းလားမား အိန္ဒိယရောက်ပြီးနောက် သုံးရက်အကြာမှာပဲ ဘုန်းတော်ကြီး သီတင်း သုံးနေထိုင်ရာဖြစ်သည့် ဥတ္တရာခမ်ပြည်နယ်ထဲက မဇူရီမြို့ကလေးဆီသို့ အိန္ဒိယ၀န်ကြီး ချုပ်နေရူးကိုယ်တိုင် သွားရောက်တွေ့ဆုံ အားပေးစကား ဆိုခဲ့ပါသည်။

လာဆာအဓိကရုဏ်းဖြစ်ပြီးနောက် တိဗက်ဒေသတွင် ဖမ်းဆီချုပ်နှောင်မှုတွေရှိလာ သောအခါ တိဗက်ပြည်ကိုစွန့်၍ အိမ်နီးချင်း နီပေါ၊ ဘူတန်နှင့် အိန္ဒိယနိုင်ငံများဆီသို့ ထွက်ပြေးလာခဲ့ကြပါတော့သည်။ ဂျွန်လ ၂၀-ရက်နေ့ သတင်းစာရှင်းလင်းပွဲတွင် ဘုန်းတော်ကြီးဒလိုင်းလားမားက တိဗက်နှင့် တရုတ်ပြည်ကြားမှာ ထားခဲ့သည့် ကတိက ၀တ်များကို ဖောက်ဖျက်နေမှုနှင့် သူ့တိုင်းပြည်၊ သူ့လူမျိုး၊ ဘာသာတရားနှင့် တိဗက် ယဉ်ကျေးမှုများကို တရုတ်ပြည်မကြီးက ၀င်ရောက်ဖျက်ဆီးနေမှုကို တားဆီး ဟန့်တား ပေးဖို့ အပြည်ပြည်ဆိုင်ရာတရားရုံးအဖွဲ့ကို ပန်ကြားလိုက်လေသည်။  ကနဦးစုံစမ်း စစ်ဆေး တွေ့ရှိချက်များအရ တိဗက်ပြည်သည် လွတ်လပ်သော တိုင်းပြည် တခုသာ ဖြစ်ကြောင်း၊ လူမျိုး ဘာသာနှင့် ယဉ်ကျေးမှုကို အကြောင်းမဲ့ဖျက်ဆီးဖို့ ကြိုးစား ခံနေရကြောင်းနှင့် တိဗက်ပြည်တွင် ပုံစံအမျိုးမျိုးဖြင့် လူ့အခွင့်အရေးချိုး ဖောက်မှု များရှိနေကြောင်း တရားရုံးက ထွက်ဆိုပါသည်။

၁၉၅၉-ခု စက်တင်ဘာလကုန်တွင်ကျင်းပသည့် ကုလသမဂ္ဂအစည်းအဝေးတွင် အိုက်ယာလန်နှင့် မလေးရှားတို့က တိဗက်အရေးကို ဆွေးနွေးကြဖို့ အဆိုတင်ခဲ့ကြ သော်လည်း တကယ်မဆွေးနွေးဖြစ်ခဲ့ကြ။ တရုတ်နိုင်ငံက ကုလသမဂ္ဂမှာ ဗီတိုအာဏာရ သည့် အဖွဲ့ဝင်နိုင်ငံမဟုတ်သည့်တိုင် ကွန်မြုနစ်စနစ်ကျင့်သုံးသည့် ရုရှားက ဗီတို အာဏာရထားပြီးဖြစ်သည်။ ( ၁၉၇၁-ခုကျမှ တရုတ်နိုင်ငံက ကုလသမဂ္ဂလုံခြံရေး ကောင်စီတွင် ဗီတိုအာဏာရသည့် တိုင်းပြည်ဖြစ်လာခဲ့သည်။ ) ၁၉၆၅-ခုနှစ်တကြိမ် တိဗက်အရေးကို ကုလသမဂ္ဂမှာ ဆွေးနွေးပေးဖို့ ဘုန်းတော်ကြီးက တောင်းဆို လိုက်ပြန်ပါသည်။ သို့သော် ကုလသမဂ္ဂက တိဗက်အရေးသည် စိုးရိမ်စရာအနေ အထားဖြစ်နေသည့်အတွက် ၀မ်းနည်းရပါသည်ဆိုတာလောက်ပဲ စကားဆိုပါသည်။ တကယ်လက်တွေ့ကျကျ ဘာမှလုပ်မပေးနိုင်ခဲ့။ မျက်နှာကြီးရာ ဟင်းဖတ်ပါတတ်ကြ သည့်လူ့အသိုင်းအ၀ိုင်းတခုမှာ တိဗက်ပြည်သူတို့က အမိမဲ့သား ရေနည်းငါးပမာ။ ကြွေလွင့်ဆုံးပါးသွားခဲ့ရတဲ့ မျှော်လင့်ချက်တွေအတွက် တန်ရာတန်ကြေးလေးတော့ ပြန်ရချင်နေသေးသည်မှာ တိဗက်ပြည်သူတို့၏ အိပ်မက်အပိုင်းအစတခုပင်ဖြစ်ပါလိမ့် မည်။

၁၉၅၉-ခုနှစ် နှစ်လည်ပိုင်းတွင် တိဗက်ပြည်ကို စွန့်ခွါထွက်ပြေးကြသည့် လူဦးရေက တနေ့တခြားတိုးလာပြီဖြစ်သည်။ ထောင်သောင်းများစွာသော တိဗက်ပြည်သူတို့ အမိမြေကို စွန့်ခွါသွားကြလေပြီ။ ဟိမ၀န္တာတောင်တန်းတွေရဲ့ ဟိုမှာဘက်မှာ လုံခြုံ ဘေးကင်းသည့်နေရာလေးတခုတော့ ရှိတန်ကောင်းပါရဲ့ဟူသောအတွေးက သူတို့ရဲ့ မျှော်လင့်ချက်ကို ရှင်သန်စေပါသည်။ ဘုန်းတော်ကြီးဒလိုင်းလားမား သက်ရှိထင်ရှားရှိ နေသေးသရွေ့ သူတို့အတွက် မျှော်လင့်ချက်တွေရှိသေးသည်။ လူသားတဦး၏ စိုးရိမ်သောကမှုသည် တိဗက်ပြည်ကနေ သူတို့ဖြတ်ကျော်ရမည့် မြင့်မားမတ်စောက် သည့် တောင်စွယ်တောင်ထိပ်တို့ထက် ပို၍မြင့်မားနေပါသေးသည်။ နှင်းတောကြီးများ ရေခဲတောင်ကြီးများကို ဖြတ်ကျော်ဖို့ဆိုသည်မှာ လူတိုင်းအတွက် လွယ်ကူလှသည် တော့ မဟုတ်ပါ။ တခါတရံ လူပေါင်းရှစ်ရာကျော် ကိုးရာနီးပါးရှိသည့် နယ်စပ်ဖြတ် ကျော်အဖွဲ့သည် အိန္ဒိယသို့ရောက်သောအခါ အသက်ရှင်ကျန်ရစ်သူက တစ်ရာပင် ကောင်းကောင်း မပြည့်တတ်တော့။ သေဆုံးသွားကြသူအများစုက အထူးသဖြင့် ကလေးငယ်များနှင့် သက်ကြီးရွယ်အိုများပင်ဖြစ်သည်။

လမ်းမှာ ခရီးပမ်းပြီး အသက်သေဆုံးသွားသူတွေရှိသလို အစားအစာပြတ်လပ် သောကြောင့် သေဆုံးသွားသူတွေလည်း ရှိပါသည်။ တချို့ကတော့ တရုတ်နယ်ခြား စောင့်စစ်တပ်က ဖမ်းဆီးလို့ တိဗက်ပြည်ထဲ ပြန်ရောက်သွားသူတွေလည်း ရှိသည်။ တိဗက်ကနေထွက်လာသည့် လားမားခြောက်သိန်းကျော်ထဲမှာ ခုနှစ်ထောင်ကျော်ပဲ အိန္ဒိယနိုင်ငံကိုရောက်သည်ဟု စစ်တမ်းများကဆိုပါသည်။  တကိုင်းပဲကျန်ကျန် နှစ်ကိုင်းပဲကျန်ကျန် တစ်ပင်လုံးသေသွားတာထက်စာလျှင်တော့ ရှင်သန်ခွင့်ရနေခြင်းက မြတ်သေးသည်ဟု တိဗက်တို့က ယုံကြည်ထားသည်။

ရေခဲတောင်တွေကြားမှာ ရှင်သန်ကြီးပြင်းခဲ့ရသည့် တိဗက်တို့အဖို့ အိန္ဒိယကို ရောက်ခါစ မှာ အစားအစာ၊ ရာသီဥတုတို့နှင့် သဟဇာတသိပ်မဖြစ်။ ရာသီဥတုက ပူပြင်း ခြောက်သွေ့လွန်းနေသည်။  အိန္ဒိယအစိုးရကတော့ တိဗက်တွေအတွက် ဘူတန်နှင့် နီပေါနယ်စပ်တို့တွင် စခန်းနှစ်ခု ချထားပေးပြီး ရောက်လာသည့်တိဗက်များကို အစားအစာ၊ အ၀တ်အထည်၊ ဆေးဝါးနှင့် အခြားလိုအပ်သောအသုံးအဆောင်များကို အကောင်းဆုံး ဖြည့်ဆီးပေးပါသည်။ သည်ဒုက္ခသည်စခန်းကြီးတွေရှိရာဆီကို တိဗက် ဒုက္ခသည်တွေ တဖွဲဖွဲရောက်လာနေကြပြီဖြစ်သည်။ ရက်စက်ကြမ်းကြုတ်ခြင်းရဲ့ အခြားတဖက်မှာ နူးညံ့သိမ်မွေ့သည့် စာနာမှုနှင့် ချစ်ခြင်းမေတ္တာတရားတို့ရှိပါသည်။

အနေကြာလာသောအခါ အိန္ဒိယအစိုးရရဲ့ အထောက်အပံ့နဲ့ ထိုင်စားနေရတဲ့ဘ၀ကို တိဗက်တို့က ငြီးငွေ့လာပြီဖြစ်သည်။ ဒုက္ခသည်စခန်းထဲမှာ ထိုင်စားနေရတဲ့ဘ၀ကို စိတ်ပျက်လာသည်။ တိဗက်တွေ အလုပ်လုပ်ချင်သည်။ သူတို့နှင့်သင့်လျော်မည့် အလုပ်ကလေးတွေကို လုပ်ချင်နေကြသည်။ ဟိမ၀န္တာတောင်ခြေတလျှောက်တွင် အိန္ဒိယအစိုးရရဲ့ တံတားဆောက်၊ လမ်းဖောက်လုပ်ငန်းတွေမှာ ၀င်ရောက်လုပ် ကိုင်ကြလေသည်။ ပူပြင်းလှသည့်နေရောင်အောက်တွင် ပင်ပင်ပန်းပန်းအလုပ် လုပ်နေကြသည့် တိဗက်လူမျိုးများ၊ လားမားများနှင့် တိဗက်သီလရှင်ကလေးများကို မြင်တွေ့လိုက်ရသောအခါ ဘုန်းတော်ကြီးဒလိုင်းလားမားမှာ စိတ်မကောင်းဖြစ်မိပါတော့ သည်။ အလုပ်ကြမ်းစခန်းများတွင် နေထိုင်ကြရသည့် တိဗက်တို့ရဲ့ဘ၀က ခက်ခဲကြမ်းတမ်းလွန်းလှသည်။ သည်လိုခက်ခဲကြမ်းတမ်းမှုမျိုးကို ကြံ့ကြံ့ခံရပ်တည်နိုင်ဖို့ တောင်ပေါ်သားတိဗက်တို့ရဲ့ကိုယ်ခံအားက နုနယ်လွန်းလှသည်။ ဒုက္ခသည်စခန်းကို ဘုန်းတော်ကြီးဒလိုင်းလားမားလာရောက်လည်ပတ်သောအခါ တိဗက်လူမျိုးတွေရဲ့ အခြေအနေအမှန်ကို လက်တွေ့သိမြင်သွားပြီဖြစ်သည်။ ဘုန်းတော်ကြီးက သူ့ပြည်သူ တွေကို စိတ်ဓာတ်မကျဖို့၊ အခုအချိန်မှာ တိဗက်ပြည်ဟာ အမှောင်ထဲမှာကျ ရောက်နေပေမယ့် နောင်တချိန်မှာ တိဗက်ပြည်ဟာ တိဗက်လူမျိုးများအတွက်သာဖြစ် ကြောင်းနှင့် ဘာသာတရားနှင့် ယဉ်ကျေးမှုကို ထိန်းသိမ်းစောင့်ရှောက်ထားကြဖို့ အထူးမှာကြားခဲ့ပါသည်။

လမ်းဖောက်၊ တံတားဆောက် အလုပ်တွေက တိဗက်တွေအတွက် ပင်ပန်းလွန်းသည်။ ဘုန်းတော်ကြီးအနေနဲ့ တိဗက်လူမျိုးများအတွက် သင့်လျော်မည့်အလုပ်တွေကို ဖန်တီး ပေးချင်သည်။ ကော်ဇောစက်ရုံနှင့် အခြားစက်ရုံအလုပ်ရုံတွေမှာ တိဗက်တွေကို အလုပ်တွေ ဖန်တီးပေးပါသည်။ အထူးဝမ်းသာစရာကောင်းသည်မှာ ၀န်ကြီးချုပ်နေရူးက ဓရံဆာလာဆိုသောအရပ်ကို ဘုန်းတော်ကြီးကို သီးသန့်နေရာအဖြစ်ပေးလှူမည့် သတင်းပင်ဖြစ်သည်။ ဓရံဆာလာဆိုသည်မှာ နယူးဒေလီမြို့ရဲ့ အရှေ့မြောက်ဘက် ပန်ဂျပ်ပြည်နယ်ရဲ့ အထက်နားမှာရှိသည့် တောင်ပေါ်မြို့ကလေးဖြစ်သည်။ သည်မြို့ ကလေးကို ဗြိတိသျှအစိုးရက ၁၈၆၀-ခုနှစ်က နွေရာသီအပန်းဖြေစခမ်းအဖြစ် စတင် တည်ဆောက်ခဲ့ခြင်းဖြစ်သည်။ ခရစ်ယာန်ဘုရားရှိခိုးကျောင်းအပါအ၀င် ဘန်ဂလို များကို တည်ဆောက်ခဲ့ပါသည်။ ဘုန်းတော်ကြီးဒလိုင်းလားမားသည် ရေခဲတောင်ကြီး များနှင့် သဘာဝသစ်တောကြီးများတည်ရှိရာ ဓရံဆာလာတောင်ပေါ်မြို့ ကလေးသို့ ၁၉၆၀-ခုနှစ် ဧပြီလထဲတွင် ပြောင်းရွေ့နေထိုင်ခဲ့လေသည်။

ဆက်လက်ဖော်ပြပါဦးမည်။

ကိုသစ် (သီတဂူ)
၉၊ ၈၊ ၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခရီးသွား ဆောင်းပါး

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

Twitter: moemaka


%d bloggers like this:

ကြော်ငြာရန် …

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ

By

မိုးမခ သြဂုတ်လ ၂၀၁၈၊ တွဲ ၅ မှတ် ၄ ထွက်ပြီ (မိုးမခ)...

Read more »

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ

By

မိုးမခ ဇူလိုင် ၂၀၁၈ – အတွဲ ၅၊ အမှတ် ၃ တကယ်ထွက်ပြီ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

ကဏ္ဍများအလိုက်

ကဏ္ဍများအလိုက် မာတိကာစဉ်