ဆလိုင်းနံရံ – မိုးတွေပြိုတဲ့ လမ်း

September 24, 2018

မိုးတွေပြိုတဲ့ လမ်း

ဆလိုင်းနံရံ
(မိုးမခ) စက်တင်ဘာ ၂၄၊ ၂၀၁၈



မိုးအကြောင်း ကဗျာတွေရေးကြ သီတွေ စပ်ကြသလို အမှန်တကယ်သာယာတာမဟုတ်ခဲ့ဘူး။ ကဗျာဆန်တာမဟုတ်ဘူး။ မိုးဟာ ရက်စက်ခြင်းပါပဲ။ တောင်ပေါ်မိုးရာသီဟာ ပိုပြီးရက်စက်တယ်။ 

ဆင်းရဲတဲ့တိုင်းပြည်မှာရွာတဲ့မိုးက ပိုပြီးရက်စက်တယ်။ လူမှန်းသိလာကတည်းက မိုးရာသီရောက်လာပြီဆို မောင်နှမများတဲ့ကျွန်တော်တို့မိသားစုအတွက် သာမန်စိတ်မချမ်းမြေ့မှုတွေ ရောက်ရောက်လာတယ်။ စားရေး အတွက်၊ နေရေးအတွက်၊ ကျောင်းတက်ဖို့အတွက်လိုအပ်ချက်တွေက ခါတိုင်းထက်သုံးဆလောက်ရှိတယ်။ မိုးရာသီကိုကျွန်တော်မကြိုက်ခဲ့ဖူးဘူး။


ကျွန်တော်ဆယ်တန်းကို တောင်ပေါ်မှာပဲဖြေ၊ တောင်ပေါ်မှာပဲ အောင်ခဲ့တယ်။ ကျွန်တော်ဆိုတာ ဒီတောင်ပေါ်မှာ မွေး၊ ဒီတောင်ပေါ်မှာ ကြီးပြင်းခဲ့တဲ့တောင်ပေါ်သား။ တောင်တွေကိုကျော်ပြီး မြေပြန့်ဆိုတာ ကိုမမြင်ဖူးတဲ့ကောင်။
တကမ္ဘာလုံးကို တောင်တန်းတွေနဲ့ပြည့်ချင်ပြည့်နေမယ်လို့ ယုံကြည်တဲ့သူ၊ ဒီချင်းတောင်တန်းတွေဟာ အဆုံးရှိလိမ့်မယ်မဟုတ်ဘူးလို့ထင်ထားတဲ့ကောင်။ မြေပြန့်ဆိုတာ မြင်ယောင်ကြည့်ဖူးတာမဟုတ်။ စာအုပ်တွေထဲက ကမ္ဘာကြီးကိုလည်ဖူးပေမယ့် ရုပ်ခန္ဓာနဲ့ဆိုတောင်ပေါ်မြို့ရဲ့ “ကြိုဆိုပါ၏” ဆိုင်းဘုတ်ကိုမကျော်ဖူးတဲ့လူ။
ကျွန်တော့်လိုလူတွေ အများကြီးရှိမှာပါ။ တောင်ပေါ်က ထွက်ရခက်တယ်လေ။ အလည်အပတ်လောက်အတွက်နဲ့ ကားညလုံးပေါက် ငွေအကုန်ကျခံ ဘယ်သူမှမသွားလောက်ဘူးပေါ့။ ကျွန်တော် အဲ့လိုတွေးတာ။

တက္ကသိုလ်ဝင်တန်းအောင်စာရင်းမှာ ကျွန်တော့် နာမည်ပါလာကတည်းက သူငယ်ချင်းတွေနဲ့တွေ့တာကျဲသွားတယ်။ ဆရာမတွေနဲ့တွေ့တာ ကျဲလာတယ်။ အကြောင်းကမရှိတော့ တွေ့ဖို့ကမကြုံတော့ဘူး။
တနေ့တော့ ကျောင်းမှာအခမ်းအနားတခုရှိတယ်တဲ့။ ကျွန်တော်လည်း ဖိတ်ခံရတယ်ပေါ့။ ဆယ်တန်းကို ဂုဏ်ထူးနဲ့အောင်တဲ့သူတွေကို ဆုချီးမြှင့်တဲ့အစီစဉ်ကလည်းပါတော့ ကံကောင်းလို့ဂုဏ်ထူးရတဲ့သူတွေထဲက ကျွန်တော်လည်းပါတော့ သွားခွင့်ရှိသွားတယ်ပေါ့။ အစည်းအဝေးနာမည်ကိုတော့ မမှတ်မိတော့ဘူး။ ကျောင်းမှာ ပုံမှန်လုပ်နေကျအစည်းအဝေးတခုပါပဲ။ သင်းလုံး ကျွတ်အစည်းအဝေးလားတခုခုပဲ။
ထားပါတော့။ အစည်းအဝေးကိုတက်ဖြစ်ခဲ့တယ်။
အစည်းအဝေးက ပုံမှန်လုပ်နေကြတွေလိုပဲ။ တချို့လူတွေ တက်စကားပြောကြ ပြီးတော့ လက်ခုပ်တီးကြနဲ့ ပြီးသွားရော။ အစည်းအဝေးပြီးလို့ ဆရာမကို သွားနှုတ်ဆက်တော့ ဆရာမက ကျွန်တော့်ကိုတက်ရမယ့်တက္ကသိုလ်ကို အကြံပေးတယ်။ တကယ်က ကျွန်တော်ဘာတက်လို့ တက်ရမှန်းမသိသေးဘူး။
ဟိုတလောက နော်ဝေးကပြန်လာတဲ့အစ်မတယောက်က ကျွန်တော်နဲ့ကျွန်တော့်သူငယ်ချင်းကို မေးဖူးတယ်။ ခုတက်နေတဲ့တက္ကသိုလ်က တကယ်ဝါသနာပါလို့တက်ကြတာလားတဲ့။ ၁၅-၁၆ နှစ်မှာ ကိုယ်ဘာ တက္ကသိုလ် ဝါသနာပါလဲဆိုတာရောသိကြပြီလားတဲ့။
အဖြေက ဝါသနာကမသိခဲ့ဘူး၊ ခုတက်တာက ဘာတက်ရ မှန်းမသိလို့တက်တာလို့ပဲ သူငယ်ချင်းက ပြန်ဖြေလိုက်တယ်။ ကျွန်တော့်အဖြေလည်း ဒါပါပဲ။ ထားပါတော့ ဒါကတော့ ကြုံလို့ပြောပြတာပါ။ ဆရာမအကြံပေးတဲ့ တက္ကသိုလ်က ရေဆင်းစိုက်ပျိုးရေးတက္ကသိုလ်တဲ့။
တကယ်တော့ မနေ့တနေ့က အဖေနဲ့ဒီအကြောင်း ဆွေးနွေးဖြစ်ကြသေးတယ်။ အဖေကတော့ သစ်တောတက္ကသိုလ်တက်စေချင်ပုံပဲ။ ဒါမတက်ချင် တိ/မွေးကု တက္ကသိုလ်တက်ဖို့ ကြိုပြောထားတယ်။ 
ဟားခါးအစိုးရစက်မှုလက်မှုသိပ္ပံတောင်တက်ရင်ကောင်းမလားဆိုပြီး ကြားထဲ တွေးမိသေးတယ်။ အဖေကတော့ ရိုးရိုးမေဂျာတွေတက်တာကို လုံးဝ သဘောမကျ၊ သက်သက်အချိန်ကုန်ခံငွေကုန်ခံခြင်းလို့ သတ်မှတ်လို့လားတော့မသိဘူး။ အဖေတက်ဖို့ပြောတဲ့ ကျောင်းတွေက အလုပ်သေချာတဲ့ကျောင်းတွေ ချည်း။
အဲ့ဒီနောက် ကျွန်တော့်ဘော်ဒါတွေနဲ့စကားပြောကြတော့ သူတို့က တိမွေးကုတက်ဖို့လျှောက်ထားကြပြီ တဲ့။ 
ကျွန်တော်လည်း သစ်တောမတက်ချင်တာနဲ့ပဲ တိမွေးကုကို ရွေးလိုက်တယ်ဆိုပါတော့။ နောက်နေ့ကျ ကျောင်းကိုလိပ်မူပြီး ဝင်ခွင့်လျှောက်လွှာပို့လိုက်တယ်။
နေပြည်တော်၊ ရေဆင်းမှာရှိတဲ့ ကျောင်းသုံးကျောင်းလုံး က တခြားကျောင်းတွေနဲ့မတူ ဝင်ခွင့်ဖြေရတယ်။ ဖြေခွင့်ရပြီသိကတည်းကစပြီး စာတွေနည်းနည်းပါးပါး ပြန်နွှေးရတယ်။ ရေဆင်းကိုလျှောက်ထားတဲ့ သူငယ်ချင်း တယောက်က စာမေးပွဲမဖြေခင်တပတ်လောက်ကြိုသွားကြဖို့၊ စာတွေဘာတွေလည်း အတူကြည့်လို့ရအောင်  နောက် နယ်မြေစိမ်းမို့ ကြိုသွားပြီးအခြေ အနေကြည့်ရအောင်ပြောလာတော့ အားလုံးလက်ခံလိုက်ကြတယ်။
ခရီးသွားဖို့ ပြင်ဆင်လိုက်ကြတယ်။
အချိန်က မိုးရာသီနှောင်းပိုင်းဆိုပေမယ့် မိုးကတော့ များ သထက်များလာတဲ့ချိန်။ ဒီနေရာမှာ မိုးရာသီကပြန်ပါလာပြီ။ နေရောင်ခြည်ကိုယ်တိုင် ချင်းပြည်ကို အရောက် လာဖို့ခက်ခဲရတဲ့အထိ မိုးတိမ်တွေနေရာအနှံ့မှာ နေရာယူထားကြတယ်။ သတင်းတွေကြားနေရတယ်း မြေပြိုပြီး ကားလမ်းပိတ်တဲ့သတင်းတွေပေါ့၊ မြို့ထဲ မှာလည်း မိုးရေတွေနဲ့စိုစွတ်နေပြီး မှိုတက်နေတဲ့မြို့လို ဖြစ်နေပြီ။ မှိုင်းတွေလည်း ပြည့်လို့၊ မိုးရေထဲ ကျောင်းသွားနေတဲ့ကလေးတွေကိုကြည့်ရတာ သနားစိတ်ဝင်မိတယ်။
ချင်းတောင်မှာရွာတဲ့မိုးက ရွာပြီဆိုဆက်တိုက်ရွာတဲ့အပြင် ချမ်းကလည်းအသေချမ်းတာဗျ၊ ကျွန်တော်တို့လည်း တောင်တွေပြိုလို့ လမ်းပိတ်တဲ့သတင်းတွေကြားနေရပေမယ့် သွားရမယ့်နေ့ကိုသတ်မှတ်လိုက်ကြတယ်။ ရက် ကပ်မှသွားမိလို့ လမ်းမှာတောင်ပြိုတာတွေဘာတွေကြုံခဲ့ရင် ဝင်ခွင့်ဖြေခွင့်ပါဆုံးရှုံးသွားနိုင်တယ်။ စောပြီးရောက်ရင် ပြဿနာမရှိပေမယ့် နောက်ကျမှရောက်သွားရင် အချိန်ကုန်လူပင်ပန်းတဲ့အပြင် ခရီးစရိတ်ငွေတွေက အလကားဖြစ်သွားလိမ့်မယ်။ စိတ်ပျက်စရာကောင်းတဲ့ ခရီးပါပဲ။ 
ကားဂိတ်သွားပြီး Booking လုပ်ထားကြတယ်။ ကားဂိတ် တွေကတော့ ကြိုပြောထားကြတယ်။ ကားထွက်နိုင်မထွက်နိုင်က မသေချာတဲ့အကြောင်း။ ဘာပဲဖြစ်ဖြစ်ထွက်ဖြစ်ခဲ့ရင် လိုက်သွားရအောင်ဆိုပြီး လက်မှတ်ကိုတော့ ဖြတ်လိုက်ကြတယ်။ လမ်းတွေပြိုရင် ကားတွေဆက်သွားလို့မရပဲ လမ်းပေါ်အိပ်ရင်အိပ်ကြတဲ့အချိန်။ အဲ့ဒါကြောင့် ကားဆရာနဲ့ကားဂိတ်ကြား အဆက်သွယ်မပြတ် လုပ်ကြရတယ်။ တောင်ပြိုပြီဆို ကားဂိတ်ကနေလည်း ကားကိုမထွက်ခိုင်းတော့ဘူး။ ဒီချိန်တွေဆို ခရီးသွားလည်း ပါးတယ်။ 
တကယ်အရေးကြီးမှ ခရီးသွားကြရတယ်။ တောင်က အချိန်မရွေးပြိုနိုင်တဲ့အတွက် ခရီးသွားတွေအတွက် အသက်အန္တရာယ်ရှိတယ်။ နောက်ပြီး လမ်းက ကတ္တရာလမ်းဆိုပေမယ့် ကတ္တရာရှိမှန်းတောင်မသိသာ။ ကျောက်ခင်းလမ်းလိုလို၊ တချို့နေရာတွေဆို မြေသားသက်သက်ကြီးဆိုတော့ ရွှံ့နွံလိုဖြစ်တယ်။ ခရီးသွားတာ စွန့်စားလွန်းရာကျတဲ့အချိန်လို့ပဲ ပြောကြတယ်။ မြို့တွင်းလမ်းတောင် သိပ်ကောင်းတာမဟုတ်ဘူး။  မြို့ပြင်လမ်းက ဘယ်လိုအခြေနေရှိမလဲဆိုတာတော့ တွေးကြည့်လို့ရတယ်။ 
ကျွန်တော့်မှာနောက်ထပ်ပြသနာက အုပ်ထိန်းသူ တယောက်မှ ကျွန်တော်နဲ့လိုက်ဖို့အဆင်မပြေတာပဲ။ တကယ်တော့ ကျွန်တော်တယောက်တည်းမဟုတ်ပါဘူး။ ကျွန်တော်တို့အားလုံးနီးပါး အုပ်ထိန်းသူ ဘယ်သူ မှမလိုက်ကြဘူး။ ၇ ယောက်လောက်သွားရမှာဆိုတော့ စိတ်ချကြလို့လား၊ ဒါမှမဟုတ် မအားကြတာလားတော့မသိဘူး။ ကျွန်တော့်အဖေကတော့ မအားတာသေ ချာတယ်။ အိမ်မှာရှိချိန်ထက် ရုံးမှာရှိနေတဲ့အချိန်က ပိုများတယ်။ အလုပ်ကခွင့်တောင်းပြီး ကျွန်တော့်ကိုလိုက်မယ်ဆိုရင်တောင် ကျွန်တော်သဘောကျမှာ မဟုတ် ဘူး။ ဘာလို့လဲဆိုတော့ ကျွန်တော့်တို့အိမ်မှာ မိသားစုက ၉ ယောက်တောင်ရှိတာ၊ မောင်နှမက ၇ ယောက် အဖေနဲ့အမေနဲ့ ဆို ၉ ယောက်ပေါ့။ ကျွန်တော်က အလတ်။ 
ဆိုတော့ ကျွန်တော့်အတွက်အချိန်သပ်သပ်ကြီးဖဲ့ပေးဖို့က အဆင်မပြေဘူးဆိုတာ ကျွန်တော်သိတယ်။ ကျွန်တော်လည်း ပြည်မဖက်ကို တခါမှမရောက်ဖူးဘူးဆိုပေမဲ့ သိပ်တော့မကြောက်ဘူး။ ကျွန်တော် ဗမာစကားနား လည်တယ်။ ပြောတတ်တယ်။ နောက်ပြီး သူငယ်ချင်းတွေကလည်း ပါတော့ အေးဆေးပေါ့။ ချင်းပြည်ဖက်ကနေ ရေဆင်းတက်နေကြတဲ့သူတွေလည်းရှိတော့ အချင်းချင်းအကူညီတောင်းကြ ရတာပါပဲ။ 
တကယ်တော့ စိတ်ပျက်စရာပါပဲ ။
ဒီလိုနဲ့အိမ်မှာအိပ်ရင်းနေရင်းထိုင်ရင်းစာကြည့်တိုက်သွားရင်း အချိန်ကကုန်သွားတယ်။  စိတ်ဝင်စားစရာမကောင်းတဲ့ခရီးတခုကိုသွားရမယ့်အချိန်က ရောက်လာတယ်။ ပျာယာခတ်နေတာက အမေ။ စိတ်အပူဆုံးလည်း အမေ။ စိပ်ပုတီး ၊ Holy Water ၊ သူတော်စင်တွေဆီ ဆုတောင်းစာ စသဖြင့် စသဖြင့် ခရီးစဉ်အတွက် အလုပ်ရှုပ်နေတယ်။ အဖေက အဝတ်အစား၊ စောင်၊ အိတ်တွေအတွက် အလုပ်ရှုပ်တယ်။ ကျွန်တော်က နှစ်ခုလုံးနဲ့ အလုပ်ရှုပ်တယ်။ ကျွန်တော့်ကတော့ ကိုယ့်ကိုကိုယ် ကိုလမ်ဘတ်လို ကမ္ဘာပတ်ရတော့မယ့် ကောင်လိုလို စိတ်ထဲထင်မိတယ်။ နေရာစိမ်းမှာ ကျွန်တော်သွားရတော့မယ်။ 
ပြတင်းပေါက်လေးကို အသာယာဖွင့်ကြည့်လိုက်တော့ မနေ့တွေကလို မိုးတွေက သည်းနေဆဲပဲ။ ကျွန်တော်စိတ်ပျက်မိတယ်။ တကယ်တော့ နေရောင်ခြည်ကိုမြင်ဖို့ စိတ်ထဲက မရှိပါဘူး။ ကျွန်တော် ကြိုသိတဲ့ အပြင်လောက အခြေနေကို ကြိုသိသိနဲ့လိုက်ကာဖွင့်ပြီး ရာသီဥတုကို ကြည့်ယုံသက်သက်ပါပဲ။ ကြည့်လိုက်တော့လည်း ထင်တဲ့အတိုင်းပဲ။ ဒီမြို့က ထွက်ရဖို့ အခြေနေဖြစ်လာတာလည်း သဘောကျမိပြန်တယ်။ သုံးလေးရက်လောက်ကတည်းက ကြိုထုတ်ထားတဲ့ အထုပ်ပိုးကိုတချက် ပြန်စစ်လိုက်တယ်။ အဆင်သင့် ဖြစ်နေပြီ။
ပုံမှန် ဟားခါး-မန္တလေးက မနက် ၉ နာရီ ထွက်တယ်။ ဒါပေမဲ့ ရာသီဥတု အခြေနေကြောင့် ညနေ ၂ နာရီ ထွက်ရမယ်တဲ့။ အဆင်ပြေလောက်ပါတယ်။ မန္တလေး ဘယ်လောက်ဝေးမှန်းမသိတဲ့ကျွန်တော်ကတော့ ဘယ် ချိန်ထွက်ထွက် ဘာမှပြောစရာမရှိ။ မိုးကတော့ သည်းမြဲသည်းနေတယ်။ ထွက်ဖို့နီးလာလေ ပိုမငြိမ်မသက် ဖြစ်လာလေဖြစ်တဲ့သူက အမေ။
မိုးကလည်း သည်းသထက်သည်းလာတယ်။ အမေကတော့ မသွားတော့ဖို့ပါပြောနေတယ်။ အဖေက ကားဂိတ်လိုက်ပို့ဖို့ ရုံးကားကို အကူညီတောင်းထားတယ်။ မိုးက သိပ်သည်းတော့ ဆိုင်ကယ်နဲ့ဆိုရင် အထုပ်တွေမိုးစိုမှာစိုးတာကြောင့်ဖြစ်တယ်။
နေ့လည် တစ်ချက်လောက် ရောက်လာပြီ။ မိုးက ရွာနေတုန်းပဲ။ စိတ်ပျက်စရာ ကောင်းလှတယ်။ ပုံမှန်ဆို ကျွန်တော် TV ကြည့်ရင်ကြည့်နေမယ့်အချိန်၊ အိပ်ရင်အိပ်နေမယ့်အချိန်။ ခုတော့ စိုးရိမ်စိတ်တွေနဲ့ စိတ် လှုပ်ရှားနေရတယ်။ 
ရုံးကားသံကို ကျွန်တော်ကြားလိုက်တယ်။ အိမ်မှာ ကပ် ထားတဲ့ တိုင်ကပ်နာရီကို ကြည့်လိုက်တော့ ၁ နာရီ ကျော်နေပြီ။ သွားဖို့ကွက်တိပဲ။ အထုတ်ကိုကိုင်ပြီး အိမ်ပြင်ထွက်လာတယ်။ ကားဆရာက လာကြိုတယ်။ အမေကတော့ တတွတ်တွတ်နဲ့တခုပြီးတခု မှာလို့မပြီးသေး။ ဆုတောင်းဖို့၊ လမ်းမှာ ညအိပ်ကြရင်ဘယ်လို ဘယ်လိုနေရမလဲ၊ တခုပြီးတခုမှာနေဆဲ။ ကျွန်တော့်ကို ကျွန်တော် စစ်မြေပြင်ထွက်မယ့် စစ်သားလိုတောင်ထင်မိတယ်။ ပစ္စည်းကိုကားပေါ်တင်ပြီး ထွက်လာကြတယ်။ အမေကတော့ အိမ်ရှေ့မှာ စိတ်ပူပန်မှုတွေ အပြည့်နဲ့ရပ်နေတယ်။ ကျွန်တော်ပြောရဲတယ်။ သူမစိတ်ထဲက ဆုတောင်းနေတော့မယ်ဆိုတာ။ 
ကားဂိတ်ကိုရောက်လာတော့ ပစ္စည်းချလိုက်ကြတယ်။ ကားဆရာနဲ့အဖေက ကားထွက်တဲ့အထိ စောင့်နေကြမယ့်ပုံနဲ့ ရပ်နေကြတယ်။ ကျွန်တော်နဲ့သူငယ်ချင်းတွေက စကားတွေပြောကြရီကြနဲ့ အေးဆေးဖြစ်နေ ကြပြီ။ မိုးတွေကတော့ ရွာနေဆဲပဲ။ မိုးတွေရွာဆဲလို့ပြောလို့ ခင်ဗျားတို့သံသယတောင်ဖြစ်ချင်ဖြစ်လိမ့်မယ်။ မိုးရွာတာချည်းပဲ ကျွန်တော် ပြောတယ်ထင်ကြလိမ့်မယ်။ တကယ်တော့ မိုးက တခါမှကို မစဲတာဗျ။ အမှန်တကယ် မစဲတာ။ 
၂ နာရီထိုးတော့ ကားထွက်မယ့်အရိပ်ယောင် သိပ်မတွေ့ ရ။၂ နာရီခွဲလောက်ရှိတော့ ကားဂိတ်ကနေ ကျွန် တော်တို့ဆီလာပြီး ပြောလိုက်ပါတော့တယ်။ မြေပြိုပြန်ပြီတဲ့။ ဒီနေ့ ကားမထွက်ပါဘူးတဲ့။ ထွက်ရင်လည်း လမ်း မှာအိပ်မယ့်အတူတူ မထွက်တော့တာဖြစ်တယ်တဲ့။ ကျွန်တော့်စိတ်ထဲက အလုံးကြီးကျသွားသလို ခံစားလိုက်ရတယ်။ ကားမထွက်တော့ဘူးဆိုတော့ ပြန်ကြရုံပဲ။ ကျွန်တော်ဝမ်းသာမိတယ်။ ဒီမိုးတွေကြား ကျွန်တော်တောင်တန်းကြီးကိုမကျောခိုင်းချင်ဘူး။ စိတ်ပျက်စရာတွေချည်းပဲ။ 
ကျွန်တော်တို့ အိမ်ကိုကိုယ်စီပြန်သွားကြတယ်။ မိုးက ရွာ နေဆဲပဲ။ ကျွန်တော့် စိတ်ပျက်နေတာကိုတော့ မပြောပြတော့ပါဘူး။ အိမ်ကို ပြန်လာတယ်။ အမေက လာကြိုတယ်။ အန္တရယ်ကြားက အိမ်ပြန်လာတဲ့ သားကို သူကြိုနေတာ။ အိမ်ပြန်ရောက်ပြီး ပုံမှန်အတိုင်းပြန်နေတယ်။ ပေါ့ပေါ့ပါးပါးပဲ အိမ်ထဲနေပြီး စာဖတ်နေလိုက်တယ်။ အမေချက်တဲ့လက်ရာကို ပုံမှန်အတိုင်း စားဖြစ် တယ်။ အငယ်ကောင်တွေနဲ့ဆော့ဖြစ်တယ်။ ခရီးစဉ်ကိစ္စစိတ်ထဲကထုတ်ပစ်လိုက်တယ်။ ဒီအရာက ကျွန်တော့်ကိုမပျော်အောင်လုပ်နေတာ။ ကျွန်တော်မေ့ဖို့ ကြိုး စားလိုက်တယ်။ ပုံမှန်အတိုင်း ပြန်နေတယ်။
နောက်နေ့မနက် နိုးလာတော့ ပုံမှန်အတိုင်း အိပ်ရာ ထထချင်း ပြတင်းပေါက်မှန်ကို ဖွင့်ကြည့်လိုက်တယ်။ မိုးနည်းသွားပြီ။ ဟုတ်တယ်မိုးဖွဲလေးပဲ ရွာနေတယ်။ မြေပြင်က တိမ်တွေလည်း ပိုပါးသွားတယ်။ ပတ်ဝန်း ကျင်က မည်းသည်းမနေတော့။ နည်းနည်းပိုကြည်တယ်။ အမေ့ဆုတောင်းသံကြောင့်ဖြစ်မယ်။ စိပ်ပုတီးစိပ်နေတဲ့အမေ့ကို မျက်လုံးမြင်ယောင်လာတယ်။ ဒီနေ့က ကားဂိတ်ကို ၁၂ နာရီ အရောက်သွားရမယ်တဲ့။ အိုကေပါတယ်။ ပတ်ဝန်းကျင်ကပိုကြည်နေပြီ။ မိုးကတော့ ရွာလိုက် စဲလိုက်။ အဲဒီနေ့မှာတော့ ကားတကယ် ထွက်ဖြစ်ခဲ့ကြတယ်။ ခရီးသွားတွေက နည်းတယ်။ ခုံလွတ်တွေ တော်တော်များတယ်။ မြေပြို တာ လမ်းကြောင်းပြန်ရှင်းလိုက်ကြပြီဖြစ်တဲ့အကြောင်း သတင်း လာပေးကြတယ်။ အဆင်ပြေပါတယ်။ ကားထွက်တော့ မိုးရွာနေတယ်။ မြို့က ထွက်လာပြီးနောက် နာရီသုံးချက်လောက်ထိ မိုးကမစဲဘူး။
လမ်းထပ်မပြိုဖို့ ကျိတ်ဆုတောင်းတယ်။ ဒီလို ဆုတောင်းရ တာ ကျွန်တော်သဘောမကျဘူး။ အေးဆေး အိပ်ချင်တယ်။ စိတ်ကူးယဉ်ရင်း ခရီးသွားချင်တယ်။ ခုတော့ ဆုတောင်းနေတယ်။ အမေကလည်း ဆု တောင်းမမေ့ ဖို့ အတန်တန်မှာထားတာဗျ။ သူလည်း ဆုတောင်းနေမယ်ဆိုတာ ကျွန်တော်သိတယ်။ လမ်းပြိုပြီး လမ်းတဝက်မှာ ကားပေါ်ညအိပ်ရမယ့်အဖြစ်ကို အမေက ကြိုက်မှာမဟုတ်ဘူး။
ဒီလိုနဲ့သွားရင်း ဘုံဇုံးရွာကျော်ရောက်လာတော့ တိမ်တွေကြား တိမ်ပြာကြီးကိုလှမ်းမြင်လိုက်တယ်ဗျ။ ဝမ်းသာလိုက်ရခြင်း။ မမြင်တာကြာပြီလေ။ နောက်တော့ ညနေစောင်းရဲ့အလှကိုပါ မြင်ရတယ်ဗျ။ အရမ်းမိုက်တာပဲ။ တောင်ပေါ်ကို လှမ်းမြင်ယောင်မိတယ်။ မိုးတွေနဲ့ စိုစွတ်မည်းနေတုန်းပဲလားမသိဘူး။ ဂန့်ဂေါရောက်တော့ အဆက်သွယ်လုပ်လို့ရအောင် ဟိုတစ်လောက အဖေမဲနှိုက်ပြီးရတဲ့ ဆင်းကဒ်ကို ၁၅၀၀၀ ခွဲတန် ဟန်ဖုန်းထဲထည့်ပြီးပေးလိုက်တဲ့ ဖုန်းလေးကို ထုတ်လိုက်တယ်။
အိမ်ကို ဖုန်းဆက်လိုက်တယ်။ ဂန့်ဂေါကို ရောက်နေပြီ။ အရာရာအဆင်ပြေတယ်။ လမ်းလည်းမပြိုဘူး။ မိုးလည်း မရွာဘူး။ အခြေနေတွေကို ပြောပြတယ်။ အဖေက ပြုံးနေတယ်ထင်တယ်။ ဒါမှမဟုတ် သူ ပျော်နေတဲ့ စိတ်နဲ့ပြောနေတယ်ဆိုတာ ကျွန်တော်သိတယ်။ ခံစားမိတာပါ။ အဖေကလည်း ပြန်ပြောတယ်။ သားထွက်တာနဲ့ ဒီမှာလည်း မိုးစဲသွားပြီတဲ့။ အဖေရော ကျွန်တော်ရော ရီလိုက်ကြတယ်။ အမေလည်း ပျော်နေမယ်ဆိုတာ ကျွန်တော်ပြောရဲတယ် ။

” သား ! မန္တလေးရောက်ရင် ဖုန်းဆက်နော် ” တဲ့အဖေက။ 

ခရီးကို ကျွန်တော်တို့ ဆက်သွားကြတယ်။ ခုဆို တောင်တွေကျော်ပြီး မြေပြန့်ဆီကိုကျွန်တော်တို့ရောက် နေပါပြီ။
ဆလိုင်းနံရံ
ဇူလိုင် ၊၂၀၁၈

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို, မြန်မာပြည်တွင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments