မောင်စွမ်းရည် – လူထုဦးလှနှင့် အရင်းနှီးဆုံးပုဂ္ဂိုလ်

September 26, 2018

လူထုဦးလှ၊ ဒေါက်တာသန်းထွန်း၊ ၊ ညိုမြ၊ ဒေါ်အမာ (ကောင်းကင်အွန်လိုင်း)


မောင်စွမ်းရည် – လူထုဦးလှနှင့် အရင်းနှီးဆုံးပုဂ္ဂိုလ်

(မိုးမခ) စက်တင်ဘာ ၂၆၊ ၂၀၁၈

ကျွန်တော်ဟာ ဦးလးလူထုဦးလှထုတ်ခဲ့တဲ့ ကြီးပွားရေးမဂ္ဂဇင်းကို စာဖတ်တတ်စအရွယ်ကစပြီး ဖတ်ခဲ့ရပါ တယ်။ လစဉ် မှန်မှန်ဖတ်ရတာတော့ မဟုတ်ပါ၊ ဒါပေမယ့် စွဲနေပါတယ်၊ ဦးဘဂျမ်းရဲ့ ကာတွန်း လက်ရာတွေ ပါနေလို့လား မဆိုနိုင်ပါ၊ ကာတွန်း (ကယ်ရီကေးချား) လက်ရာ မများပေမယ့် ထွန်းလှိုင်ဆိုသူရဲ့ ရုပ်ပြောင်ကာတွန်းများကိုလဲ အမှတ်ထင်ထင်ရှိနေခဲ့ပါတယ်။ ထွန်းလှိုင်ဆိုတာ ကြီးပွားရေးမဂ္ဂဇင်းများကလွဲလို့ တခြားမှာမှာ မှတ်မှတ်ရရ မတွေ့ခဲ့မိပါ၊ သူဆွဲတာကလဲ ဟစ်တလာတို့ ဒေါက်တာဘမော်တို့ ပုံတွေလို့ပဲ ကျွန်တော်မှတ်မိနေပါ တယ်၊ ကြီးတော့ပြန်မဖတ်မိပါ၊ ဒေါက်တာဘမော်နဲ့ ဟစ်တလာတို့မှာက ထူးခြားတဲ့ အမှတ်သင်္ကေတတွေ ပါရှိ ပါတယ်၊ ဒေါက်တာ ဘမော်ဆိုရင် ညာဘက်မျက်ခုံးထိ ခေါင်းပေါင်းနဲ့ ဖုံးနေ တတ်တယ်။ ဟစ်တလာမှာလဲ အဲသလို ညာမျက်ခုံးပေါ်ထိ ဆံပင်အုပ်နေပါတယ်၊ နှာခေါင်းအောက်ခြေမှာလဲ ဘေးမကားပဲ တလက်မလောက် နှုတ် ခမ်းမွေး စုစုလေးပါရှိပါတယ်၊ ဒီပုံနှစ်ပုံကို ဒီနေရာအထိ ပြန်ဆွဲပြနိုင်ပါသေးတယ်၊ အဲဒိထွန်းလှိုင်ဆိုတာ ဆရာတော် ရွှေကိုင်းသား ဦးသောဘိတရဲ့ ကလောင်နာမည်လို့ နောက်မှ သိလာရပါတယ်၊ ရတနာပုံဖိုးမှတ်စု ဆိုတာလဲ မောင်ထွန်း လှိုင်ပါတဲ့။

ကိုထွန်းလှိုင်က စစ်ကိုင်းသား။ စစ်ကိုင်းမှာ စာရေးဆရာ မဟာဆွေ၊ စာရေးဆရာ ဇေယျာမောင် (မန်းတက္ကသိုလ်ကျောင်းအုပ်ဆရာကြီး ဦးကိုလေး) တို့နဲ့ စစ်ကိုင်းမြို့ တကောင်းရပ်မှာ အတူ မွေးဖွားကြီးပြင်းခဲ့ရသူများဖြစ်ပေမယ့် လူတော့ မရင်းနှီးခဲ့ကြဘူးလို့လဲ သိရပါတယ်၊ ကိုထွန်းလှိုင်မှာ ပညာဆုံးအောင် မသင်ရပဲ မူလတန်းဆရာဖြစ်သင်ကျောင်းကို တက်ခဲ့ပြီး ကျောင်းဆရာလုပ်ဖို့ ကြိုးစားခဲ့ပေမယ့် ကျောင်းသားတွေရှေ့ စကားမပြောရဲလို့ တဲ့၊ မန္တလေး ကျောက်စာရုံးမှာပဲ စာကူး၊ ပန်းချီကူးစတဲ့ အလုပ်တွေလုပ်ရတဲ့ စာရေးအလုပ်ပဲ ဝင်လုပ်နေခဲ့ရာက အလုပ်ထွက် သင်္ကန်းဝတ် သုတေသနစာရေးဆရာအဖြစ်နဲ့ တသက်လုံး နေထိုင်သွားခဲ့တယ်။

ကျွန်တော် မှတ်သားမိသလောက်ကတော့ ထွန်းလှိုင်အမည်နဲ့ ကာတွန်းရုပ်ပြောင်ဆွဲပါတယ်၊ တကယ် တော့ သူက ပုဂံဘုရားတွေက နံရံပန်းချီတွေ ကူးယူတဲ့အလုပ် လုပ်လာခဲ့တာပါ၊ စာရေးတော့ ရွှေကိုင်းသား၊ ရတနာပုံဖိုးမှတ်စုစတဲ့ အမည်များနဲ့ စာရေးပါတယ်၊ ကျွန်တော်မှတ်မိတာကတော့ ရွှေဘိုဗုံကြီးသံ၊ ကောက်စိုက်သီချင်းတွေပါပဲ၊ ရွှေဘိုဗုံကြီးသံဆိုတာ ရေးသူအမည်မပါတဲ့ folks song ခေါ် လူထုတေးအမျိုးအစားဖြစ်တာကို သတိပြုမိပါတယ်၊ မြန်မာနိုင်ငံသုတေသနအသင်းဂျာနယ်နဲ့ ကြီးပွားရေးမဂ္ဂဇင်းများမှာပဲ ဒီလိုစာမျိုးကို ဖတ်ရဖူးပါ တယ်၊ ဆင်းရဲသားလူထုရဲ့ ရေးသူမရှိ ရေးသူမသိတဲ့ စာမျိုးကို လူရာသွင်းခြင်းပါပဲ၊ စာပေအဖြစ် စင်တင်ခြင်းပါပဲ။

ဦးလေးနဲ့ဒေါ်ဒေါ်တို့ အိမ်ထောင်ကျပြီး မနလေးကို ၁၉၃၉ မှာ ပြောင်းလာခဲ့တယ်၊ မကြာခင် ဒုတိယကမ္ဘာစစ်ပြီး စာနယ်ဇင်းထုတ်ဝေမှုတွေ ရပ်သွားတယ်၊ စစ်ကြီးပြီးတော့မှ ပြန်ထုတ်ကြတယ်၊ ဦးလေးကတော့ စစ်အတွင်းမှာတောင် စာအုပ် ဆက်ထုတ်ခဲ့ပါသေးတယ်၊ စစ်ပြီးတော့ ၁၉၄၅ ဇူလိုင်မှာ လူထုဂျာနယ်၊ ၁၉၄၆ ဧပြီ မှာ လူထုသတင်းစာ ထုတ်ပါတယ်၊ လူထုမှာ သူရ(ပြည်)၊ ဆန်းထွန်း (မန်းတက္ကသိုလ်)၊ မောင်နေဝင်း(နေရီရီ)၊ မောင်သာနိုးစတဲ့ စာရေးဆရာ များ အယ်ဒီတာအဖြစ် လုပ်ခဲ့ကြပါတယ်၊ အဲဒီအခါမှာ ရွှေကိုင်းသားနဲ့ ပြန်ဆက်ပါတယ်၊ ရွှေကိုင်းသားရဲ့အကိုကြီး ဦးဘကွန်းရော၊ သူ့တူ ကိုလှမြင့်ပါ လူထုမှာ သတင်းထောက်လုပ်ကြပါတယ်၊ ဒီလိုနဲ့ ဆရာတော်နဲ့ လူထုနဲ့လဲ ပြန်ဆက်မိပြန်ပါတယ်၊ စစ်ကိုင်းနဲ့ မန္တလေးဆိုတာ မြို့တော်ညီနောင်မဟုတ်လား၊ ဧရာဝတီပဲ ခြားတာကြောင့် ရေအိုးနဲ့ ရေမှုတ်ဆိုသလို လာချင်လျှင် အနီးလေးပါပဲ။ ဆရာတောကတော့ တခါတလေ နေ့စဉ်လာပါတယ်၊ လူထုတိုက်မှာ ဆွမ်းကပ်ချိန် နောက်ကျသွားရင်တော့ လုံးဝ ဆွမ်းမစားတော့ဘူးတဲ့။

ရွှေကိုင်းသား ဦးသောဘိတဟာ လူထုသတင်းစာ၊ လူထုဂျာနယ်မှာ သမိုင်းဆောင်းပါ၊ စာပေဆောင်းပါး တွေ မပြတ်ရေးပြီး စာအုပ်အဖြစ် သီးခြားရေးပေးထားတာတွေလဲ ရှိတယ်လို့ဆိုပါတယ်၊ ဥပမာ ဆင်ယင်ထုံးဖွဲ့မှုသမိုင်း၊ တံဆိပ်ခေါင်းသမိုင်း ဆိုတာမျိုးတွေပါ၊ ငလျင်သမိုင်းတို့ စစ်ကိုင်းတောင် သစ်ပင်ပန်းပင်တွေအကြောင်း စာအုပ်တွေက အပုံအပင် ရှိပါသေးတယ်၊ ၁၉၅၁ မှာ ဆင်ယင်ထုံးဖွဲ့မှုစာအုပ်ကို လူထုတိုက်ကထုတ်တော့ ပထမဦးဆုံးပေးတဲ့ စာပေဗိမာန်သုတပေဒသာဆု ခြီးမြှင့်တာကို ခံရပါတယ်။ စာအုပ်ထဲက ရုပ်ပုံတွေကို ဆရာတော်ကိုယ်တိုင်ဆွဲတာပါ၊  သည့်နောက်လဲ လူထုတိုက်ကထုတ်က ထုတ်သမျှ သုတေသနဆိုင်ရာ စာအုပ်တွေအားလုံးကို တည်းဖြတ်ပေးပါသေးတယ်။

ဆရာကြီး သခင်ကိုယ်တော်မှိုင်းရဲ့ လေးချိုးပေါင်းချုပ် ပထမဆုံးထုတ်တော့ ဆရာကြီးကိုယ်တိုင်က သူ့ သားသမီးသဖွယ် ဖြစ်တဲ့ “မောင်လှ မအမာ” တို့ဆီကို စာအုပ်လှမ်းပို့ပြီး ထုတ်ဝေစေတဲ့အခါ ဦးလေးတို့၊ ဒေါ်ဒေါ်တို့က ဆရာတော်ကို တည်းဖြတ်၊ ပရုဖတ်ပေးစေရုံမက အမှာစာပါရေးခိုင်းခဲ့တာပါ၊ ဆရာတော်ကလဲ တလေးတစား တည်းဖြတ် ပေးခဲ့တာပါ၊ ပေမူက ကူးယူတည်းဖြတ်ရတဲ့ ဦးခြိမ့်ရဲ့ အီတာလီယန်သွားမှတ်တမ်းလိုဟာမျိုးကိုလဲ ဆရာတော်တည်း ဖြတ်ပေးခဲ့ရတာပါ၊

ဦးလေးတို့မှာ ငယ်ပေါင်းကြီးဖော်သူငယ်ချင်းတွေအများကြီးရှိပါတယ်၊ ဇဝန၊ သုခ၊ မဟာဆွေ၊ သူရိယ ဦးသိမ်းမောင်၊ သခင်ဇင်၊ သခင်သန်းထွန်း၊ ဦးဇော်ဝိတ်၊ ကာယဗလဦးထွန်းရှိန်၊ ဦးမောင်မောင် စသဖြင့် ဘက်စုံက အပေါင်းအသင်းအစုံရှိပါတယ်၊ ဦးသောဘိတကတော့ ရဟန်းဝတ်စာပေ “မိတ်ဆွေ”ပါ၊ ဦးလေး ဒေါ်ဒေါ်တို့ မှာ ရဟန်းဝတ်စာရေးဆရာ သုံးပါးနှင့် ရင်းနှီးကျွမ်းဝင်ခဲ့ပါတယ်၊ ဦးလေးက သူ့မိတ်ဆွေတွေနဲ့ စကားစပ်ရင် ရယ်စရာလိုလိုနဲ့ ခုလိုပြောလေ့ရှိသတဲ့။

“ ဦးကုလိန (စာရေးဆရာ မင်းရှင်နောင်)နဲ့ အရှင်ဥာဏိသရ( စာရေးဆရာဦးဆန်းထွန်း)တို့ကို လူမထွက်ပါနဲ့ လို့ အတန်တန်တောင်းပန်ပေယ့် မရဘူး။ ဦးပဇင်း ဦးသောဘိတကျပြန်တော့လည်း လူဆိုပေမယ့် ဘုန်းကြီးနဲ့ မခြား နေထိုင်တာမို့ သင်္ကန်းမဝတ်လည်း မထူးပါဘူး၊ ဦးပဇင်းရယ်လို့ လျှောက်ထားတာလဲ မရဘူး” လို့ပြောဖူးပါသတဲ့။ ဘယ်လိုပြောပြောမရပါ၊ ရဟန်းဝိနည်းကို နည်းနည်းကမျှ အငြိအစွန်းမခံပဲ သင်္ကန်းဝတ်နဲ့ပဲ အရိုးထုတ်သွားခဲ့ပါတယ်၊

ဒီလိုသင်္ကန်းဝတ်နဲ့ နေရင်းက သုတေသနဆောင်းပါးတွေလဲ မပြတ်ရေးပါတယ်၊ ရှေးဟောင်းပစ္စည်း၊ မြန်မာမှုပစ္စည်းမျိုးစုံကိုလဲ စုပါတယ်၊ တိုင်ကပ်နာရီ၊ မြေဆေးတံ၊ တံဆိပ်ခေါင်းတို့ကို စနစ်တကျစုခဲ့ပါတယ်၊ စာရေးပြီးတိုင်း လူထုတိုက်ကို ဆရာတော်ကိုယ်တိုင် လာပေးရှာတာပါ၊ ဆရာတော်မှာ လက်တိုလက်တောင်းခိုင်း စရာလဲမရှိပါ၊ တပါးတည်းမနေပါနှင့် အဖော်တယောက်လောက်ခေါ်ထားပါလို့ ဦးလေးတို့ ဒေါ်ဒေါ်တို့က ပြော လွန်းလို့ အဖော်မခေါ်ချင်လဲ ခေါ်ထားရပေမယ့် ဘယ်အဖော်မှ လူသူကင်းတဲ့ တောကြိုတောင်ကြားကို တာရှည်မနေနိုင်ကြပါ၊ ဆရာတော်ကို လူထုတိုက်က စာရေးရေး မရေးရေး တစ်လအနည်းဆုံး ငွေကျပ် ၃၀၀ ထောက်ပံ့ပူဇော်ထားပါတယ်၊ ဖတ်စရာစာနယ်ဇင်းများကိုလဲ မန္တလေးမှာအကြီးဆုံး စာအုပ်ကိုယ်စားလှယ်ဖြစ်တဲ့ ရဲရင့် စာပေတိုက်နဲ့ ဆက်ပေးထားပါတယ်၊ လိုချင်သမျှစာအုပ်ကို ဝယ်ယူပြီး အကြွေးမှတ်ထားခဲ့တာကို လူထုတိုက်က အကြွေးဆပ်ပေးပါတယ်၊ စာပေသမားတစ်ယောက်(တစ်ပါး) အဖို့ ကိုယ်ဖတ်ချင်သလောက စာအုပ် တွေကို ကိုယ့်အိတ်ထဲက ငွေမစိုက်မထုတ်ရပဲ တသက်လုံးဖတ်သွားနိုင်တယ်ဆိုတာ ဘယ်လောက်စိတ်ချမ်းသာ စရာကောင်းလိုက်မလဲလို့ စဉ်းစားကြည့်စမ်းပါ၊

ဆရာတော်ရွှေကိုင်းသားအနေနဲ့ မန္တလေးကိုကူးပြီး စာမူပို့တယ်ဆိုတာ တကယ်တော့ ဆရာတော်ကိုယ် တိုင်မပို့ပဲ လူထုတိုက်က ကားနဲ့ အယူတော် လွှတ်လို့ရပါတယ်၊ ဆရာတော်က စာအုပ်ဆိုင်ကို လာချင်တာက တကြောင်း၊ ဆရာတော်ရဲ့ ငယ်ပေါင်းကြီးပွားရေးမဂ္ဂဇင်း မိတ်ဆွေများနဲ့ ရှေးဟောင်းနှောင်းဖြစ် စကားစမြည်ပြော ချင်တာကြောင့် တကြောင်း ဖြစ်ပါတယ်၊ ကျွန်တော် တို့နဲ့လဲ ခရီးသွားရင်း ကားပေါ် ရထားပေါ်မှာတောင် စာ ကြောင်း ပေကြောင်းတွေကို တအေးအေးနဲ့ ပြောလို့မဆုံး အောင် ပြောကြဆိုကြတာပါ၊ စာဆိုတော်နေ့ တွေဆို ရင် မန္တလေးစာတမ်းဖတ်ပွဲ စာဆိုတော်ကန်တော့ပွဲလာရင် ဆရာတော်ရွှေကိုင်းသားနဲ့ ငယ်ဆရာရင်း ကျောက်စာဝန်ဦးမြနဲ့ ဦးခေါင်းချင်းထပ် စကားပြောရတာကို အလွန်ပီတဖြစ်ရှာပါတယ်၊ ကျောက်စာဝန် ဦးမြဆိုတာ ဆရာ တော်ကို ကျောက်စာဖတ်နည်း၊ ဗိသုကာပုံဆွဲနည်း၊ ပန်းချီကူးနည်း၊ ပျူစာ၊ မွန်စာဖတ်နည်းတွေကို လက်ပူးလက်ကျပ်သင်ပေးခဲ့တာပါ၊ ဦးမြက အမှန်မှာ ခရစ်ယာန်ဘာသာဝင်ပါ၊ ဆရာကြီး ဦးဖေမောင်တင်လိုပါပဲ၊ ဒါပေမယ့် ဆရာကြီးနှစ်ပါးဟာ ဗုဒ္ဓစာပေနဲ့ မြန်မာစာပေကို တော်ရုံမြန်မာပညာရှင်တွေထက် အများကြီးပိုသိသူတွေပါ၊ ပုဂံပန်းချီ၊ ပုဂံဗိသုကာနဲ့ ပုဂံကျောက်စာကို ဆရာကြီးနှစ်ပါးထက် ပိုသိသူ အလွန့်အလွန်နည်းပါးလိမ့်မယ်၊

ဆရာရွှေကိုင်းသားဟာ ရဟန်းကျင့်ဝတ်တွေလဲ နေ့ညဝတ်မပျက်ဆောင်ရွက်ရင်းက မြန်မာ့ယဉ်ကျေးမှု၊ ဗုဒ္ဓဘာသာဝင်တို့ရဲ့ ယဉ်ကျေးမှုဓလေ့ထုံးစံတွေကို နှိုက်နှိုက်ချွတ်ချွတ် လေ့လာ ရေးသားသွားခဲ့တာဖြစ်ပါတယ်၊ လူထုဦးလှ ဒေါ်အမာတို့က သူတို့သားသမီးတွေ ထုတ်လို့မကုန်အောင် ဖတ်လို့ မနိုင်အောင် ရေးသွားခဲ့သလို ဆရာတော်ကလဲ စာတွေရေးသွားခဲ့တာမို့ ယနေ့ထက်ထိ မထုတ်ရသေးတဲ့ စာတွေရှိသေးတယ်လို့ သိရပါတယ်၊ သူတို့ သုံးဦးဟာ ငယ်ပေါင်းကြီးဖော်အဖြစ် အခင်မင်ဆုံးမိတ်ဆွေ သူငယ်ချင်း သုံးဦးဖြစ်တဲ့ အတိုင်း သူတို့ချင်း ဆုံမိကြလို့ စကားပြောနေကြရင် တပြုံးပြုံးနဲ့ ဘေးကကြည့်သူများပါ မေတ္တာရောင်ပြန်ဟပ်ပြီး ကြည်နူးရပါတယ်၊ “သုံးပွင့်တခိုင်” လို့ ပြောရရင် သက်ကြီးဝါကြီးတွေကို နုလွန်းသွားမလားလို့ ဆောင်းပါး ခေါင်းစဉ်မပေးဝံ့ပါ။

ဒေါ်ဒေါ်က မကြာခဏ ပြောဖူးတယ်၊ “ငါတို့ဟာ ဦးဇင်းနဲ့ နောင်ဘဝတွေမှာလဲ မောင်နှမဖြစ်ပါစေလို့ ဆုတောင်းတယ်” တဲ့၊ ဆရာတော်ကလဲ အလားတူ ဆုတောင်းတယ်လို့ဆိုပါတယ်၊ ဒီသုံးဦးဟာ ဘဝဆက်တိုင်း ညီအကို မောင်နှမတွေဖြစ်ကြမှာပါလို့ ယုံကြည်ပါတယ်၊

ဦးလေး လူထုဦးလှ ကွယ်လွန်တော့ အချစ်ဆုံးသူငယ်ချင်းမိတ်ဆွေဖြစ်သူ ရွှေကိုင်းသားက မကြည့်ဝံ့ မမြင်ရဲလို့တဲ့ ကြွမလာပါ၊ ဒေါ်ဒေါ်က ဦးဝင်းတင်ကို ကားနဲ့ အခေါ်လွှတ်ပါတယ်၊ “ကိုဝင်းတင်၊ ဆရာတော် မလိုက်ဘူးဆိုရင် ရှင်ပွေ့တင်ခဲ့၊ ဆရာတော်မပါရင် ရှင်ပြန်မလာခဲ့နဲ့”တဲ့။ ဆရာတော်က လိုက်လာရှာတယ်၊ သူ့ဒကာတော် အကိုကြီးရဲ့ရုပ်အလောင်းဘေးမှာ အံကြိတ်ပြီး အသုဘရှုရှာတယ်၊ ဒေါ်ဒေါ်လုပ်ပုံကလဲကြည့်ဦး၊ ဆရာတော်ရဲ့ လက်မောင်းကို ကိုင်လှုပ်၊ မျက်နှာအပ်၊ သင်င်္ကန်းနဲ့ မျက်ရည်သုတ်ရင်း၊ “ကိုထွန်းလှိုင်ရဲ့ ရှင့်သူငယ်ချင်းဖြစ်ပုံကို ကြည့်ပါအုံး” လို့ အော်ဟစ်ငိုကြွေးခဲ့ရှာတယ်၊ ဆရာတော်ခမျာလဲ တကိုယ်လုံး တုန်ခါသွားပြီး မျက်ရည် မဆည်နိုင်ရှာတော့ဘူးပေါ့၊ (ဆရာတော်က ဦးလေးထက် ၂နှစ်ငယ်ပါတယ်)။

မသန်းယဉ်မာတို့ ကိုညီပုလေးတို့ရေ “သုံးပွင့်တခိုင်” စာအုပ်ကလေးတအုပ် ထုတ်ပါလား၊ ဘုရားစင် ပေါ်တင်ပြီး နေ့စဉ်ကန်တော့ ပူဇော်ချင်ပါဘိကွယ်။

မောင်စွမ်းရည်
သြဂုတ်လ၊၂၀၊ ၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , , , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ, မောင်စွမ်းရည်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments