fbpx

ထင်ကျော် (စက်မှုတက္ကသိုလ်) ● ဘဝတာတိုတို အရသာချိုစေဖို့

September 26, 2018

● ဘဝတာတိုတို အရသာချိုစေဖို့
(မိုးမခ) စက်တင်ဘာ ၂၆၊  ၂၀၈


ဘဝဆိုတာ တိုတိုလေးတဲ့။ ဒါဆိုရင်  ဒီဘဝ တိုတိုလေးဟာ သာယာချမ်းမြေ့တဲ့ဘဝ၊  ဂုဏ်ယူစရာကောင်းတဲ့ ဘဝတော့ ဖြစ်သင့်တာပေါ့။

ဒါပေမဲ့ တချို့လူတွေမှာ တိုးတိုးတိတ်တိတ် ကျိတ်ဖြစ်နေတဲ့ ရောဂါတမျိုးရှိလေရဲ့။  ကိုယ့်ကိုယ်ကိုယ် ဒါမှမဟုတ် ကိုယ့်ဘဝ ကို စိတ်ပျက်နေခြင်းပါ။  ဒီရောဂါက ချက်ခြင်းမသေနိုင်ပေမဲ့ အေအိုင်ဒီအက်စ်လို တဖြည်းဖြည်း ကိုယ်ရောစိတ်ပါ လုံးပါးပါးပြီး နလံမထူနိုင်လောက်အောင်ကို နှိပ်စက်တတ်ပါတယ်။

ကိုယ့်မှာ ဉာဏ်ရည် အစွမ်းအစလည်း ရှိပါရဲ့၊  ထိုက်သင့်တဲ့ ပညာအရည်အချင်းလည်း ရှိတဲ့အပြင် အောင်မြင်တဲ့ဘဝ တည် ဆောက်ဖို့ လိုအပ်တဲ့အခြေအနေ အချက်အလက်များလည်း ပြည့်စုံပါရဲ့။ ဒါပေမဲ့ ဒီဉာဏ် ဒီပညာနဲ့ ဒီအခြေအနေတွေကို ကိုယ့်အတွက် အသုံးပြုဖို့ နှိုးဆော်စုစည်းနိုင်စွမ်း မရှိ။  focus မမိတဲ့၊ ချိန်သားမကိုက်တဲ့ မှန်ဘီလူးလို ဘဝဟာ ဝိုးတိုးဝါးတားနဲ့ မရေမရာ။  ရည်ရွယ်ချက်မရှိ၊  ပန်းတိုင်မရှိ၊  စွမ်းအားလည်း မရှိ ဖြစ်နေတတ်ပါတယ်။

ဒီရောဂါက ရိုးရိုး ဆရာဝန်သွားပြလို့လဲမဖြစ်၊  စိတ်ရောဂါကုဆရာဝန်လဲမရ။  လူမှုဘဝရောဂါလို့ပဲ ကင်းတပ်ရမလားမသိ။  ဒီရောဂါက သူများကုပေးလို့မရ၊ ကိုယ်ဖာသာကိုယ်ကုမှ။

လှုပ်ရှားရုန်းကန်လိုစိတ် ကင်းမဲ့နေပြီဆိုရင်၊ မိမိကိုယ်ကိုယ် စိတ်ချယုံကြည်မှု မရှိတော့ရင်၊ ရည်ရွယ်ချက် ရည်မှန်းချက် ကင်းမဲ့နေတဲ့လက္ခဏာတွေ ပြနေပြီဆိုရင် ကိုယ့်မှာ ဒီရောဂါဖြစ်နေပြီမှတ်ပေါ့။

မဖြစ်မနေ ကုဖို့လိုပြီ။  လျစ်လျုရှုထားရင်တော့ တဖြည်းဖြည်း လုံးပါးပါးပြီး လူစဉ်မမှီ ဖြစ်သွားနိုင်တယ်။

ကုချင်ရင်တော့ ပထမဆုံး ကိုယ့်ဘဝရဲ့ ရည်မှန်းချက် ပန်းတိုင်ကို တိတိကျကျ ချမှတ်။  ကိုယ့်ပညာအရည်အချင်းနဲ့ ကိုယ့် အခြေအနေနဲ့ လိုက်လျောညီထွေဖြစ်နိုင်တဲ့ ရည်မှန်းချက်မျိုးဖြစ်ဖို့တော့ လိုတာပေါ့။  မဖြစ်နိုင်တာကြီးကို စိတ်ကူးယဉ်ပြီး ရည်မှန်းချက်ချရင်တော့ လေထဲတိုက်အိမ်ဆောက်သလို အချည်းနှီးဖြစ်သွားမှာပါဘဲ။

ပြီးတော့ ပန်းတိုင်ရောက်ချင်တဲ့ ဆန္ဒ တိုးတက်ကြီးထွားလာအောင် မပြတ်လှုံ့ဆော်ပေးပေါ့။

တကယ်တန်း ထက်ထက်သန်သန်လိုချင်စိတ် မရှိဘဲနဲ့ ပန်းတိုင်ချထားတယ်ဆိုရင်တော့ အဓိပ္ပါယ်မဲ့ လုပ်ရပ်ပါဘဲ။   ဒီတော့ လိုချင် ဆန္ဒထက်သန်ပြင်းပြလာအောင် ခဏခဏ လှုံ့ဆော်ပေးဖို့လိုပါတယ်။  ပန်းတိုင်ရောက်ရင် ခံစားရမဲ့ အကျိုးထူးတွေ၊  ချီတက်နေတုန်း အားရကျေနပ်စရာတွေ၊  အားတက်စရာတွေကို စိတ်ကူးနဲ့ မျှော်မှန်း၊  ခံစား၊  မြင်ယောင် ပေးရင်း မကြာ မကြာ auto suggestion လုပ်ပေးပေါ့။

နယ်ပယ်တခုခုမှာ အောင်မြင်နေတဲ့သူ တယောက်ယောက်ကို မေးကြည့်ရင် ရှင်းလင်းပြတ်သားတဲ့ ရည်မှန်းချက်နဲ့ ထက် သန်တဲ့ အလိုဆန္ဒရှိဖို့က အဓိကဆိုတာ ပြောပြပါလိမ့်မယ်။

လောကကြီးမှာ ဘယ်အရာမှ အလကားမရ ဆိုတာကိုလည်း ကောင်းကောင်း သဘောပေါက်ဖို့လိုပါတယ်။  ရည်မှန်းချက် ကြီးကြီးထားရင်တော့ တန်ဖိုးကြီးကြီး ပေးပေါ့။ တန်ဖိုးဆိုတာ အလုပ်ကို ပြောတာပါ။

အလုပ်လုပ်ချင်စိတ် မရှိဘဲနဲ့ ပန်းတိုင်ကို မျှော်နေရင်တော့ အချိန်ကုန် စိတ်မောရုံပဲ အဖတ်တင်ပါလိမ့်မယ်။

တွေဝေငေးမော ချောင်ခို နေလို့မရ၊  ကျားကုတ်ကျားခဲလုပ်မှရမယ်ဆိုတာကိုတော့ သဘောပေါက်ဖို့ လိုပါတယ်။

ဒီတော့ အလုပ်လုပ်ပေါ့။  ရလာတဲ့ အခွင့်အရေးမှန်သမျှ အမိအရ ဖမ်းဆုပ်ပေါ့။ စွန့်စားစရာရှိလည်း စွ့န့်စားလိုက်ပေါ့။

ပြီးတော့ မတီးငါးကျပ် တီးငါးကျပ်သမား အလုပ်မလုပ်တဲ့ သူတွေထက် အလုပ်လုပ်တဲ့သူမှာ အခက်အခဲ ပိုတွေ့ရမှာ သဘာ ဝပါ။  ဒီတော့ ပန်းတိုင်ကို ချီတက်တဲ့ လမ်းကြောင်းတလျှောက်မှာ အခက်အခဲ အမျိုးမျိုးနဲ့ တွေ့ရမှာပါပဲ။  ရှုံးနိမ့်တာတွေ၊  ဆုံးရှုံးတာတွေလည်း တွေ့ရမှာပါပဲ။

ဘယ်လိုအရှုံးနဲ့ တွေ့တွေ့ အလျှော့မပေးပါနဲ့။  ဒါယာယီ ရှုံးနိမ့်တာပါ၊  တနေ့ သေချာပေါက်ကို အောင်မြင်မှာဆိုတဲ့ စိတ်ဇွဲမျိုး ထားပေါ့။  ဒီဇွဲမျိုးနဲ့ နောက်မဆုတ်စတမ်းကြိုးပမ်းရင်တော့ နောက်ဆုံးတနေ့မှာ အောင်မြင်မှု ကိုယ့်ဆီရောက်လာမှာပါ။

ကလေးဘဝ လမ်းလျှောက်သင်ကာစတုန်းက တကြီမ်တည်းနဲ့ လျှောက်တတ်ခဲ့တာမှ မဟုတ်ဘဲ။  အကြိမ်ကြိမ် လဲလိုက် ကုန်ုးရုန်းထလိုက်နဲ့ ကြိုးစားခဲ့ရတာ မဟုတ်လား။

စက်ဘီးစီးသင်တုန်းကလည်း အကြိမ်ကြိမ်လဲ နဖူးပြဲ ဒူးကွဲပြီးမှ တတ်ခဲ့တာလေ။  ဒီတော့ ရှုံးနိမ့်တာမှန်သမျှ ယာယီလို့ သဘောထားပြီး မလျှော့တဲ့ဇွဲနဲ့ ကြိုးပမ်းပေါ့။

အရေးအကြီးဆုံးကတော့ ကိုယ့်ကိုယ်ကိုယ် ယုံကြည်စိတ်နဲ့ အောင်စိတ်ရှိဖို့ပါ။  ဒီကိစ္စ ငါလုပ်နိုင်ရမယ်လို့ ယုံကြည်ထားရင် တကယ်လည်း လုပ်နိုင်မှာပါ။

“ယုံကြည်စိတ် ထက်သန်သူအတွက် မဖြစ်နိုင်သောအရာသည် မရှိ” တဲ့။

ကိုယ့်မှာ ဆင်ခြေအပေးတတ်တဲ့ အကျင့်ဆိုးရှိရင်လည်း ပယ်ဖျောက်ဖို့ အရေးကြီးပါတယ်။  မဟုတ်ရင်တော့ အခက်အခဲလေး မတွေ့လိုက်နဲ့ ဆင်ခြေအမျိုးမျိုးပေး၊  အကြောင်းအမျိုးမျိုးပြပြီး နောက်ဆုတ်သွားတတ်ပါတယ်။  ဆင်ခြေဆိုတာ တိကျတဲ့ ရည်မှန်းချက်မရှိတဲ့သူတွေ၊  ထက်သန်တဲ့ ဆန္ဒကင်းမဲ့သူတွေမှာ ရှိတတ်တဲ့ လက္ခဏာဆိုးပါ။  ဒူးထောက် လက်မြှောက် နောက်ဆုတ်ဖို့ အားပေးတိုက်တွန်းတတ်ပါတယ်။  ကိုယ့်အစွမ်းအစတွေ တိမ်မြုပ်သွားစေတတ်ပါတယ်။

အခြေအနေမပေးလို့ဆိုတဲ့ ဆင်ခြေပေးနေမဲ့အစား ကိုယ်လိုချင်တဲ့အခြေအနေကို လိုက်ရှာ၊  ရှာမတွေ့လည်း ကိုယ်တိုင် ဖန်တီးယူပေါ့။  အောင်မြင်ကြီးပွားတဲ့ဘဝကို တည်ဆောက်ချင်ရင်တော့ ဆင်ခြေကို ဝေးဝေးရှောင်ပေါ့။

အဓိက ကတော့ ကိုယ့်ကိုယ်ကိုယ် အထင်မသေးပါနဲ့။  ကိုယ်အသက်မွေးဝမ်းကြောင်း ပြုနေတဲ့အလုပ်ကိုလည်း သိမ်ငယ်တဲ့ အလုပ်၊  အလကား အရာမဝင်တဲ့အလုပ်လို့ မသတ်မှတ်ပါနဲ့။ ဒီလိုသာ သတ်မှတ်ရင်တော့ ဒီအလုပ်လုပ်နေသမျှ  တညည်း ညည်း တမှိုင်မှိုင်နဲ့ ဘယ်တော့မှ စိတ်ချမ်းသာမှာမဟုတ်။

ဒီစိတ်အနေအထားတွေဟာ ကိုယ့်ကိုယ်ကိုယ် ရန်ရှာနေတာ၊  အောက်ကို မကျကျအောင် ဆွဲချနေတာဖြစ်လို့ မပြုပြင်နိုင် ရင်တော့ ကိုယ့်ဘဝ တနေ့တခြား နိမ့်ကျသထက် နိမ့်ကျသွားမှာ အသေအချာပါ။

တကယ်တော့ သမ္မာအာဇီဝအလုပ်မှန်ရင်တော့ အထင်သေးစရာမရှိပါဘူး။  ကိုယ့်အလုပ်ကို ကိုယ်တိုင်အထင်သေးနေရင် တော့ အခြားသူတွေက အထင်ကြီးနိုင်စရာ အကြောင်းကိုမရှိတော့။  လက်ရှိအလုပ်ကို ဘယ်လိုမှအထင်မကြီးနိုင်ဘူးဆိုရင် တော့လည်း စွန့်လွှတ်ပြီး ကိုယ်အထင်ကြီးတဲ့အလုပ်ကို ပြောင်းလုပ်တော့ပေါ့။

လောကမှာ ကြီးပွားအောင်မြင်ဖို့ ဆိုရင်တော့ အခက်အခဲအမျိုးမျိုးနဲ့ မလွဲမသွေ တွေ့ရမှာပါပဲ။  အပြင်ကရန်တွေ ရင်ဆိုင် နေရတဲ့ ကြားထဲ ကိုယ့်ကိုယ်ကိုယ် ပြန်ရန်ရှာနေဦးမယ် ဆိုရင်တော့ အောင်မြင်ဖို့ အခွင့်အလမ်း ဝေးသထက်ဝေးသွားမှာပါ။
ကိုယ်လည်း အောင်မြင်တဲ့ ဘဝပန်းတိုင်ဆီ ချီတက်တဲ့အခါမှာ အခက်အခဲ မျိုးစုံ ရင်ဆိုင်ခဲ့ရတာပါဘဲ။   ရန်ကုန်စက်မှုတက္ကသိုလ် (RIT) ကနေ BE (chemical)ဘွဲ့ ရခဲ့တဲ့ ၁၉၈၄ ခုနှစ်ဆိုတာ တိုင်းပြည်ရဲ့အမွဲဆုံးအချိန်။  မွဲတဲ့နေရာမှာ  ဖွတ်မင်းက အကို ခေါ်ရလောက်တဲ့ တိုင်းပြည်ရဲ့ ဖွတ်မင်းနောင်ကာလမှာ ဘွဲ့ရခဲ့တာဆိုတော့ ကိုယ်လည်း ဗရုတ်ဗရက်လှိုင်းလုံးထဲ လူးကာ လွန့်ကာနဲ့ပေါ့။

စက်ရုံတွေမှာ အင်ဂျင်နီယာတွေ မလုံလောက်ပေမဲ့ အသစ်လည်း မခန့်နိုင်။  ဒီတော့ ကိုယ်တို့က ယာယီလုပ်အားငှားရမ်းဆိုတဲ့ အူကြောင်ကြောင် ရာထူးနဲ့လုပ်ငန်းခွင် စဝင်ရတာပေါ့။  မင်းဘူးဓာတ်ငွေ့ရည်စက်ရုံ (BLA) စီမံကိန်းမှာ ဂျပန်တွေနဲ့ အတူတူ။  ကိုယ်တို့ကို ဂျပန်တွေက အင်ဂျင်နီယာငမွဲတွေမှန်းသိတော့ အဖိုးမတန်တဲ့ ဘောလ်ပင်လေးပေးလိုက်၊ gas မီးခြစ်လေး  လ္ဘက်ခြောက် ထုပ်လေးပေးလိုက်နဲ့ ကလေးတွေ ချော့ခိုင်းသလိုမျိုး ခိုင်းကြတာ။  ဒါပေမဲ့ ဒီကောင်တွေလည်း ပြန်သွားရော ဒီအဖိုးမတန်တာလေးတွေပါ နောက်ကလိုက်သွားတော့ တာပါဘဲ။

ကိုယ့်မြန်မာ အချင်းချင်းကျမှ အလုပ်ခိုင်းတဲ့အချိန်ဆိုရင် အင်ဂျင်နီယာကြီးတွေတဲ့၊  အခွင့်အရေးကိစ္စဆိုရင် တရားမဝင် ငှါးရမ်းတွေတဲ့။  လုပ်အားခေါင်းပုံဖြတ်တဲ့နေရာမှာ အရင်းရှင်ထက်ဆိုးတဲ့ ဆိုရှယ်လစ်ခေတ်ကြီးပေါ့။

ကိုယ်တို့လည်း ကြာကြာဒဏ်မခံနိုင်ပါဘူး။  ဒီတော့ ထွက်တယ် မလုပ်ဘူးပေါ့။  ဆယ်တန်းဖြေမဲ့ ကလေးတွေကို ကျုရှင်ပြမယ် ဘာဖြစ်သေးလဲပေါ့။

ငွေရေးကြေးရေး အဆင်ပြေပေမဲ့ စိတ်ထဲတော့ မကောင်း။  ဘာဘွဲ့ရသလဲလို့ အမေးခံရရင်၊  ဘွဲ့ကြီးနှမျှောစရာလို့ အပြောခံ ရရင် မကြိုက်ချင်။  အလုပ်အကိုင်မေးရင်လည်း မဖြေချင်။ အဖေ့ကိုလည်း အားနာမိပါရဲ့။ ငါ့သားက စက်မှုတက္ကသိုလ် ကျောင်းသားလို့ပြောလိုက်ရရင် အမောကို ပြေသွားတာပဲတဲ့။  အဖေဖြစ်စေချင်တဲ့ အင်ဂျင်နီယာတော့ ဖြစ်လာပါရဲ့။ ဒါပေမဲ့ လူပြင်တဲ့ အင်ဂျင်နီယာ။

”သင်တုန်းကတော့ သင်လိုက်ရတဲ့ ပညာတွေ၊  ကမ္ဘာကို အုပ်စိုးမလောက်ထိပေ။ ကိုယ်ဘွဲ့ရမှ…” ဆိုတဲ့ ထီးဆိုင်သီ ကြားရရင် ရင်ထဲမှာကျဉ်ကနဲ။

နောက်တော့ ဒီလိုသာ ကိုယ့်အလုပ်ကို ကိုယ်အထင်သေးနေလို့ရှိရင် ငါ့ဘဝ တုံးသွားလိမ့်မယ်။  တက်မရှိလည်း လက်နဲ့ ခရီးပေါက်အောင် လှော်မှဖြစ်မယ်။  ဒီတော့ မိဘတွေ၊ ကျောင်းသားတွေ အားကိုး အလေးအမြတ်ထားတဲ့ ဆရာကြီး ဖြစ် အောင်လုပ်မယ်လို့ ရည်မှန်းချက် ချရတော့တာပေါ့။ ဘော်ဒါကျောင်းဖွင့်ဖို့ ကြိုးစားရတော့တာပေါ့။

ဒါပေမဲ့ ကိုယ်တို့က စွန့်ဦးတီထွင်တွေလေ။  အဲဒီအချိန်တွေတုန်းက မကွေးတိုင်းဆိုရင် မကွေးမြို့ပေါ်မှာတောင် ဘော်ဒါ ကျောင်းဆိုတာ မရှိသေး။  ဆယ်တန်းနှစ်သစ်တွေကို အစိုးရအထက်တန်းကျောင်းကနေထွက်ပြီး အပြင်ကဖြေဖို့၊ ကိုယ့်ဆီကို ယုံယုံကြည်ကြည် လုံးလုံးလျားလျား အပ်နှံဖို့ ဟောပြောစည်းရုံးရတာ လွယ်တာမဟုတ်။  အခက်အခဲကမျိုးစုံ။  ဆိုင်ကယ် တစီး၊  phamphlet တထပ်နဲ့ မြို့ပတ်ဝန်းကျင်က ရွာသိမ်ရွာမွှားတောင် မကျန်အောင် စည်းရုံးရေးအနှံ့ဆင်း။  အခက်အခဲတွေ ဘယ်လောက်ကြီးကြီးမားမား တွေ့တွေ့ ငါဖြစ်အောင်လုပ်မယ်လို့ အားမွေးရင်းပေါ့။

နောက်တော့ ကိုယ့်ရဲ့ကြိုးစားမှု အသီးအပွင့်လေးတွေ ဖူးပွင့်လာပြီး ကိုယ့်မြို့ကို ဘော်ဒါမြို့တော်လို့ ဆိုပြီး အနယ်နယ် အရပ်၏ရပ်က ကျောင်းသားတွေ ပညာရည်နို့လာသောက်စို့ကြတဲ့အခါ ရင်ထဲကြည်နူးလို့မဆုံး။ ကိုယ့်အလုပ်ကို ကိုယ်ဂုဏ် ယူတတ်လာပါပြီ။ လူပြင်တဲ့ အင်ဂျင်နီယာဘဝကိုလည်း နှစ်သက်ခံယူတတ်လာပါပြီ။  since 1995 ဆိုတော့ အအောင်မြင် ဆုံးလို့မဆိုနိုင်တောင် သက်တမ်းအရှည်ဆုံး ဘော်ဒါကျောင်းကို ထိန်းသိမ်းတည်ထောင်နိုင်တဲ့အတွက် ဝမ်းမြောက်ဂုဏ် ယူလာတတ်ပါပြီ။

ဒီလိုပါဘဲ၊  ဘဝမှာ ချမ်းသာပျော်ရွှင် ကြီးပွားအောင်မြင်ချင်ရင်တော့ မိမိရဲ့ အထင်အမြင် အယူအဆတွေ၊  ကျင့်ကြံနေထိုင်ပုံ တွေကို ပြန်စိစစ်ပြီး ပြုပြင်စရာတွေ့ရင် ပြုပြင်ပေါ့။

ကိုယ့်ကို အောက်ဆွဲချမဲ့ အတွေးအမြင်တွေ အကျင့်အကြံတွေကို ပြုပြင်၊  တိကျတဲ့ ရည်မှန်းချက်ချ၊  ထက်သန်တက်ကြွတဲ့ စိတ်ဆန္ဒကိုမွေး၊  ကြုံလာတဲ့ အခက်အခဲတိုင်းကို ကြံ့ကြံ့ခံ ရင်ဆိုင်နိုင်ရင်တော့ အောင်မြင်မှုရမှာ မလွဲဧကန်ပါ။

ထင်ကျော် (စက်မှုတက္ကသိုလ်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)