လှကျော်ဇော ● ကျွန်မဆက်၍ရေးချင်သော ဖေဖေအကြောင်းများ – ဆောင်းပါးအမှတ် (၄၉)

September 30, 2018

လှကျော်ဇော ● ကျွန်မဆက်၍ရေးချင်သော ဖေဖေအကြောင်းများ – ဆောင်းပါးအမှတ် (၄၉)

(မိုးမခ) စက်တင်ဘာ ၃၀၊ ၂ဝ၁၈
ဗိုလ်မှူးကြီးကြည်မောင် (NLD-ဦးကြည်မောင်) နဲ့ ဖေဖေ။


“ဟင် … ဗိုလ်ချုပ်က ကိုယ့်ကိုအဲသလိုပြောသလား”

ကိုကျော် (ကျော်ဇောဦး) ရဲ့သားကြီး သူရိန်ကျော်ဇောတို့ဇနီးမောင်နှံ လန်ဒန်ဘီဘီစီမှာ အလုပ်လုပ်နေစဉ်က အားလပ်ခွင့်ရ တိုင်း ဖေဖေဆီလာကန်တော့တတ်ပါတယ်။ တခါတရံ ကျွန်မတို့နေထိုင်ရာ တရုတ်ပြည်ကိုအရင်လာ တပတ်ဆယ်ရက်နေ-ဗမာပြည်ပြန်လုပ်တတ်သလို တခါတလေတော့လည်းဗမာပြည်အရင်ဝင်ပြီး အပြန်ကျမှ ကျွန်မတို့ဆီဝင်ပါတယ်။ လာတိုင်း လည်း သူတို့က အခွင့်ရရင် ရသလို ဖေဖေ့ကိုရှေးဖြစ်ဟောင်းတွေ ဟိုမေး ဒီမေးတွေလုပ်ပါတယ်။ သူတို့က အသံလည်း သွင်းပါတယ်။ တခါတော့ ရဲဘော်သုံးကျိတ်ဝင်တွေ ဂျပန်မှာစစ်သင်တန်းတက်စဉ်ကအကြောင်းတွေ မေးပါတယ်။

ဖေဖေလည်း အဲဒီနေ့က စိတ်လိုလက်ရ ရဲဘော်သုံးကျိတ်ဝင်အကြောင်းတွေသာမက နောက်ပိုင်း ဂျပန်စစ်ပညာသင်များအကြောင်းပါပြောပြရင်း သူနဲ့ရင်းနှီးခင်မင်လှတဲ့ ပထမပတ်ဂျပန်စစ်တက္ကသိုလ်ဆင်း ဗိုလ်မှူးကြီးကြည်မောင် (အဲဒီကာလမှာ ဒီချုပ်ဦးကြည်မောင်ဖြစ်နေပါပြီ) အကြောင်း ရောက်သွားပါတယ်။

“ကိုကြည်မောင်က သူ့ကိုယ်သူ ကွန်မြူနစ်ဆန့်ကျင်ရေးသမားလို့ထင်နေတာ။ တကယ်တော့ သူအခြေခံစိတ်ရင်းက ကွန်မြူ နစ်ဖြစ်နေတာ” လို့ ဖေဖေက ပြောပါတယ်။ ဖေဖေက အန်ကယ်ကြည်မောင်ရဲ့အခြေခံမျိုးချစ် ပြည်ချစ်စိတ်နဲ့ ပြည်သူတွေဖက် ကတသမတ်တည်းရပ်တည်နေမှုကို ဆိုလိုဟန်ရှိပါတယ်။

သူရိန်ဗမာပြည်ရောက်တော့ အန်ကယ်ကြည်မောင်အပါအဝင် ဝါရင့်နိုင်ငံရေးသမားကြီးများအုပ်စုက သခင်သိန်းမောင်ကြီး အိမ်မှာ သူရိန်ကိုခေါ်ပြီး ဖေဖေနဲ့တွေ့ခဲ့တဲ့အကျိုးအကြောင်းတွေကို ဝိုင်းမေးမြန်းကြပါတယ်။ ဒီမှာတင် သူရိန်က အန်ကယ် ကြည်မောင်နဲ့ပတ်သက်တဲ့ ဖေဖေ့ရဲ့အထက်ပါမှတ်ချက်ကိုပြောပြလိုက်တော့ “အဖိုးဦးကြည်မောင်ကလေ-တမျက်နှာလုံး ဝင်းသွားပြီးတော့၊ ဟင် … ဗိုလ်ချုပ်က ကိုယ့်ကို အဲသလိုပြောသလား။ ဟုတ်လား။ အဲလိုပြောသလား” နဲ့ မေးလိုက်တာလို့ သူရိန်က ပြန်ပြောပြဘူးပါတယ်။

“အပေါင်းအသင်းတွေကလည်း ကြည့်ဦးလေ။ ကိုယ်တို့နဲ့က အမြဲတွဲနေတာ” လို့ အနားမှာထိုင်နေတဲ့ အန်ကယ် (သခင်) အုန်းမြင့်က ရီရီမောမောနဲ့ဝင်ထောက်သတဲ့။ သခင်အုန်းမြင့်ဆိုတာကလည်း လက်ဝဲနွယ်နိုင်ငံရေးသမားကြီးအဖြစ် စစ် အစိုးရအဆက်ဆက် မျက်မုန်းကျိုးခံရ၊ ထောင်အကြိမ်ကြိမ်ချခံရသူပဲလေ။ ဖေဖေနဲ့လည်း အလွန်ရင်းနှီးသူပါ။

ဖေဖေက အဲသလိုအန်ကယ်ကြည်မောင်ကို တလေးတစားပြောခဲ့တာတွေရှိသလို၊ သူမြင်တဲ့ အန်ကယ်ရဲ့အားနည်းချက် တွေကိုလည်း သူ့စာအုပ်မှာထည့်ရေးထားတာတွေ့ရပါတယ်။

ဖေဖေငြိမ်းချမ်းရေးခရီးစဉ်များအတွင်း ပုသိမ်မြို့ရောက်စဉ်က မြို့ခံလူတချို့ရဲ့ပြောပြချက်တွေ (အိမ်စောင့်အစိုးရလက်ထက်၊ အနောက်တောင်တိုင်းတိုင်းမှူး ဗိုလ်မှူးကြီးကြည်မောင်ရဲ့အကြောင်းအရာပြဿနာများကို သေသေချာချာမလေ့လာပဲ အ မိန့်ချလုပ်ဆောင်မှုကြောင့် ငိုအားထက်ရယ်အားသန်ရတဲ့အဖြစ်တွေ) ကြားခဲ့ရတာအပေါ် ဖေဖေက ဒီလိုမှတ်ချက်ရေးထားပါ တယ်။

 

…. တကယ်တော့ ဗိုလ်မှူးကြီးကြည်မောင်မှာ တိုင်းချစ် ပြည်ချစ်စိတ် ပြင်းထန်သူဖြစ်သည်။ သို့သော် စစ်သားသာဖြစ်သဖြင့် တိုင်းပြည်တည်ဆောက်ရေးလုပ်ငန်း၊ တိုင်းပြည်အုပ်ချုပ်ရေးလုပ်ငန်းများမှာ မလုပ်တတ်၊ မကျွမ်းကျင်ပါ။ ထို့အပြင် ဒီမိုက ရေစီလုပ်ဟန်လည်း မရှိပါ။ ထို့ကြောင့် မိမိစေတနာနှင့်လုပ်တာပဲဟုသဘောထားကာ အကျိုးဆက် ဘယ်လိုရှိမရှိ လူထုကို လည်း မမေး၊ မစဉ်းစား ဇွတ်လုပ်မိခြင်းဖြစ်ပါသည်။

 —– ကိုကြည်မောင်အနေနှင့် ကွန်မြူနစ်ကိုဆန့်ကျင်တာလည်း ကွန်မြူနစ်တွေမှာ ဒီမိုကရေစီမရှိဟု ထင်မြင်နေသောကြောင့် လည်းဖြစ်ပါသည်။ ထို့ပြင် သူက အမေရိကန်ဒီမိုကရေစီကိုလည်း အတော်အထင်ကြီးပါသည်။ သူ၏ အဓိကအားနည်းချက်မှာ ဗမာပြည်သူတွေ နိုင်ငံရေးအရ တိုးတက်လှည့်ပြောင်းသွားသည့်ခေတ် ၁၉၄၂ – ၄၅ အတွင်း ဗမာပြည်မရှိဘဲ၊ ဂျပန်တွင် စစ် ပညာသင်သွားနေရသည့်အတွက် ဗမာပြည်သူများ၏နိုင်ငံရေးနှင့် သူမကျွမ်းဝင်၊ မရင်းနှီးဖြစ်သွားရခြင်း ဖြစ်ပါသည်။——

(ဗိုလ်မှူးချုပ်ဟောင်းကျော်ဇော။ ကိုယ်တိုင်ရေးအတ္ထုပွတ္တိ။ ဆိုင်းစုမှသည် မန်ဟိုင်းဆီသို့ (ယဉ်မျိုးစာပေ) နှာ၂၇၁)။

—————————————-

ကျွန်မတို့မှာမိသားစုလိုက် ရင်းနှီးခင်မင်သူများရှိခဲ့တဲ့အထဲမှာ အန်ကယ်ကြည်မောင် (ဒီချုပ်ဦးကြည်မောင်) တို့မိသားစုပါဝင်ပါ တယ်။

အန်ကယ်ကြည်မောင်နဲ့ ဖေဖေနဲ့က လွတ်လပ်ရေးမရခင် ၁၉၄၇ မှာစတင်ခဲ့တဲ့ အလံနီအနွယ်ဝင် ဗုံပေါက်သာကျော်တို့ရဲ့ ပြည်နယ်ပုန်ကန်မှုကို တပ်မတော်ကနှိမ်နှင်းတဲ့စစ်ဆင်ရေးတွေကတည်းက စတင်သိရှိခဲ့တာပါ။ အဲဒီတုန်းက အန်ကယ် ကြည်မောင်တို့အုပ်က ဂျပန်စစ်တက္ကသိုလ်မှာတက်နေတုန်း၊ ဗမာပြည်က ဂျပန်တော်လှန်ရေးကာလနဲ့တိုးပြီး၊ ဂျပန်မှာသောင် တင်နေကြပါတယ်။ ဂျပန်က စစ်ရှုံးလက်နက်ချရတဲ့အခါ၊ ဂျပန်စစ်သံမှူးဗိုလ်စင်္ကြာက ကယ်ထုတ်လာလို့ ရန်ကုန်ပြန်ရောက် လာတာပါ။ ဗမာပြည်ပြန်ဝင်လာတဲ့ အင်္ဂလိပ်တွေက သူတို့တတွေကို ဂျပန်နဲ့ပူးပေါင်းတဲ့အမှုနဲ့ အရေးယူဖို့လုပ်ခဲ့ပေမယ့် ဗိုလ်ချုပ်အောင်ဆန်းကလွှတ်တာဆိုတဲ့အကြောင်းပြချက်နဲ့ လွတ်လာကြပြီး တပ်ထဲပြန်ရောက်လာခဲ့တာပါ။

ရခိုင်ကိုရောက်လာတဲ့ ဂျပန်ကျောင်းဆင်းတွေထဲမှာ အန်ကယ်ကြည်မောင်နဲ့ သူ့သူငယ်ချင်းလည်းဖြစ်၊ ယောက်ဖလည်းဖြစ်တဲ့ ဗိုလ်လွင် (ဒီချုပ်ပြောရေးဆိုခွင့်ရှိသူအဖြစ် တာဝန်ထမ်းဆောင်သွားတဲ့ ကွယ်လွန်သူဦးလွင်) တို့နှစ်ယောက် ပါလာပါတယ်။ ဦးလွင်ကတော့ အဲဒီကာလအဖြစ်အပျက်တွေကို လွတ်လပ်တဲ့အာရှအသံက (၂ဝဝ၉) ထုတ်လွှင့်သွားတဲ့ “မျိုးချစ်စစ်သည်မှ သည် NLD ခေါင်းဆောင်ဘဝသို့” ဆိုတဲ့အစီအစဉ်မှာ အတော်ပြည့်ပြည့်စုံစုံ ပြောသွားပါတယ်။

အန်ကယ်ကြည်မောင်သိမ်းထားခဲ့တဲ့ ဖေဖေ့ ဓာတ်ပုံ။ (၁၉၅၄ – ၅၆ အတွင်း)

ဖေဖေနဲ့ သူတို့သမီးယောက်ဖနှစ်ယောက် အဲဒီကတည်းက ရင်းနှီးခဲ့ကြပါတယ်။ အင်းစိန်တိုက်ပွဲမှာလည်း အန်ကယ်ကြည် မောင်က ဆက်ပါလာပြန်ပါတယ်။ မင်္ဂလာဒုံမှာ အတူတူနေကြရင်းနဲ့ မိသားစုတွေရင်းနှီးသွားကြတာပါ။ အန်ကယ်ဇနီး အန်တီကြည်ကြည်က အလွန်ချစ်စရာကောင်းပါတယ်။ မေမေနဲ့ ညီအမတွေလိုချစ်ခင်ကြပြီး၊ မင်္ဂလာဒုံမှာ တပ်မတော်အမျိုး သမီးအဖွဲ့တို့၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းတို့ဖွဲ့ပြီး မင်္ဂလာဒုံစစ်ဆေးရုံကြီးရဲ့အမျိုးသမီးလူနာဆောင်ကို ဖွင့်ခဲ့ ကြပါတယ်။

ကျွန်မတို့မိသားစု (၂) စုတပ်ထဲမှာနေတုန်းကရော၊ တပ်ပြင်ရောက်သွားချိန်မှာရော၊ အထူးသဖြင့် အန်ကယ်ကြည်မောင်အထိမ်းသိမ်းခံနေရစဉ် အန်တီကြည်ကြည်တယောက်တည်း အပြင်မှာ ကလေး (၄) ယောက်နဲ့ ကျန်နေရစ်စဉ်ကရော၊ တောက် လျှောက်ဆွေမျိုးရင်းချာတွေလို တဦးကို တဦး ယိုင်းပင်းကူညီပြီးနေလာခဲ့ကြတာပါ။

အန်ကယ်ကြည်မောင်ကို ဖေဖေက ၁၃ဝဝ ပြည့်အရေးတော်ပုံကြီးအတွင်းမှာကတည်းက သိရှိလေးစားလာခဲ့တာ။ အဲဒီနေ့ (၂ဝ-၁၂-၁၉၃၈) ဖေဖေတို့တတွေ အတွင်းဝန်ရုံးကြီးဝိုင်းသပိတ်တားရာမှာ အင်္ဂလိပ်ဂေါ်ရာမြင်းစီးတပ်က အကြမ်းဖက်နှိမ်နှင်း တဲ့အချိန်-တက္ကသိုလ်ကျောင်းသားများတပ်ဖွဲ့ကိုဦးစီးအမိန့်တွေပေးနေတဲ့(ပုလိပ်ဒုတ်ချက်ကြောင့်အင်္ကျီလက်တဖက်အ စုတ်နဲ့လွယ်အိတ်အနီကြီးလွယ်ထားတဲ့) ကိုကြည်မောင်ကို ဖေဖေက စတွေ့ခဲ့ပါတယ်။ ထို့အတူ ရခိုင်စစ်မြေပြင်မှာရော၊ အင်း စိန်စစ်မြေပြင်မှာရော အတူတူတွဲအလုပ်လုပ်ပြီးကတည်းက အန်ကယ်က ဖေဖေကို လေးစားခင်မင်ခဲ့ပါတယ်။

အန်ကယ်က အလွန်ပွင့်လင်းရိုးသားသူပါ။ ဗိုလ်နေဝင်းကို မလေးစားမကြည်ညိုရုံမက သူတို့ပြောတဲ့မဆလကိုလည်း မ ကြိုက်၊ သူတိုင်းမှူးလုပ်နေတဲ့တိုင်းမှာ ဗိုလ်နေဝင်းလာလုပ်တဲ့ လယ်သမားဆွေးနွေးပွဲတွေကိုလည်းမတက်၊ ရှောင်နေတာ၊ တွေလည်း လုပ်တတ်ပါတယ်။ (ဗိုလ်နေဝင်းကို မယုံတာပါ။) ဒါကိုလည်း တခါတလေ စကားလွန်တတ်ပါတယ်။ ဗိုလ်နေဝင်း ပြန်ကြားဟန်ရှိပါတယ်။ နောက်ဆုံးတော့ တပ်ကထွက်လိုက်ရပါတယ်။

တပ်ကထွက်ပြီးနောက်လည်း အချိန်မရွေးတဲ့ နဂါးမျက်စောင်းထိထားသူပီပီ အကြိမ်ကြိမ်ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရပါတယ်။ ဖေဖေဆီကိုတော့ အမြဲလာတတ်ပါတယ်။ ထောင်ကထွက်လာရင်လည်း ထောင်တွင်းအတွေ့အကြုံတွေလာပြောတတ်ပါ တယ်။ တပ်နဲ့လည်း သိပ်အဆက်ပြတ်သူမဟုတ်တော့၊ တပ်တွင်းသတင်းများကလည်းစုံပါတယ်။ စကားပြောရင်လည်း အားရပါးရပြောတတ်ရုံမက အပြောင်အနောက်မှတ်ချက်များပါ ရယ်ကာမောကာပါတတ်ပါတယ်။ ကျွန်မတို့ အဲဒီတုန်းက နေခဲ့တဲ့ ဆီဆုံလမ်းအိမ်ကလေးကလည်း ပေ ၂၅ × ၅ဝ မြေကွက်အပြည့် လမ်းဘေးကပ်ဆောက်ထားတာပါ။ ဒါ့အပြင် အိမ် ပတ်ပတ်လည်မှာလည်း ထောက်လှမ်းရေးကအပြည့်ပါ။ အိမ်ရှေ့အဆက်မပြတ်လျှောက်နေတဲ့ထောက်လှမ်းရေး၊ လမ်းထိပ် ဆိုင်တွေ၊ ဆိုက်ကားတွေပေါ်ထိုင်စောင့်နေတဲ့ထောက်လှမ်းရေးကလည်း မနည်းမနောပါပဲ။

တခါများ အန်ကယ်က ကျွန်မတို့အိမ်လာဖို့ သူ့အိမ်ကအထွက် လမ်းထိပ်မှာကားရပ်စောင့်ကြည့်နေတဲ့ ထောက်လှမ်းရေး (၂) ယောက်တွေ့တော့ အန်ကယ်ကရွတ်ပြီး အဲဒီကားပေါ်တက်ထိုင် ကဲမင်းတို့လည်း ငါသွားမယ့်နေရာလိုက်မှာ။ မထူးပါ ဘူး။ ငါ့ကို ဗိုလ်ချုပ်ကျော်ဇောအိမ်ပို့ပေတော့လို့ပြောပြီး လိုက်ပို့ခိုင်းခဲ့ပါတယ်။ ဖေဖေကိုပြောပြပြီး တသောသောနဲ့ရယ်လိုက် တာ။ တခါတလေလည်း တခြားအနားယူသွားတဲ့ လူဟောင်းတွေ(ဥပမာ-ဗိုလ်မှူးကြီးတင်မောင် (မြတ်ထန်)) နဲ့ချိန်းလာ တတ်ပါတယ်။ သူတို့လာရင် သတင်းစုံကြားရတတ်ပါတယ်။ ဥပမာအားဖြင့် တော်လှန်ရေးကောင်စီခေတ် မီးရထားဝန်ကြီးဖြစ် ခဲ့သူ ဗိုလ်ခင်ညိုပြုတ်သွားရတဲ့အကြောင်များဆိုပါစို့။ အဲဒီကတည်းက အန်ကယ်ကြည်မောင်က ဗိုလ်ခင်ညိုက မလည်ရှုပ် သွားလုပ်တာ၊ ကစ်တီဘသန်း (ဗိုလ်နေဝင်းဇနီးဒေါ်ခင်မေသန်း) ထိလို့ကတော့ ခံသွားရမှာပေါ့တဲ့။ အဲဒီတုန်းကတော့ အ ကြောင်း ရင်းသေသေချာချာ မသိလိုက်ပါဘူး။

(အခုပေါ်ထွက်လာတဲ့ ကြည်ဝင်းစိန်ရဲ့- ကျွန်တော်နှင့်ဗိုလ်ချုပ်များစာအုပ်မှာ အစအနတွေပေါ်လာပါတယ်။ နှာ- ၁၅၄- ဗမာ့ မီးရထားအရှုပ်တော်ပုံ ခေါင်းစဉ်အောက်မှာ အဲဒီခေတ်မီးရထားဌာနက ထိပ်သီးအရာရှိကြီးများရဲ့(ဇနီးများပါ) ခြစားမှုအ ကြောင်းတွေပါပါတယ်။ ပြင်သစ်မီးရထားကုမ္ပဏီကြီးဆီက လာဘ်စားထားတဲ့ကိစ္စများဟာ ဖဆပလခေတ်ကတည်းကစခဲ့ တာပါ။ မီးရထားဌာနအရာရှိကြီးတဦးရဲ့ဇနီးဟာ အာဏာအရှိဆုံးပုဂ္ဂိုလ်ကြီးဇနီးနဲ့ ငယ်သူငယ်ကျောင်းနေဖက်ဖြစ်တယ်။ ဒါကို ဗိုလ်ခင်ညိုကို အသိမပေးပဲစုံစမ်းရန် သူ့ကို ဗိုလ်အောင်ကြီးနဲ့ နှုတ်ခမ်းမွှေးဗိုလ်လွင် (ထိုစဉ်ကထောက်လှမ်းရေးမှူး)ကတာဝန်ပေးခဲ့တယ်လို့ ရေးထားပါတယ်။)

ဖေဖေက အန်ကယ်ကိုကျေးဇူးတင်နေတဲ့အချက်တရပ်လည်း ရှိနေပါသေးတယ်။ ဆရာကြီးဂူဗိမာန်တည်ဆောက်ရေးအ တွက် စိတ်ချရတဲ့ဗိသုကာရှာရာမှာ အန်ကယ်ကြည်မောင်က သူ့မိတ်ဆွေ အမေရိကန်ကပြန်ရောက်စ ဗိသုကာဦးကျော်မင်းကိုခေါ်လာပေးခဲ့ပါတယ်။ ဦးကျော်မင်းဟာ သူ့အတတ်ပညာပိုင်းဆိုင်ရာ ဗိသုကာပညာရပ်မှာ ကျွမ်းကျင်ရုံမက အခြေခံ နိုင်ငံရေးအရလည်း မျိုးချစ်စိတ်ပြင်းပြပြီး ဆရာကြီးမှိုင်းကိုလည်း ကြည်ညိုလေးစားသူဖြစ်လို့ ဂူဗိမာန်ကိစ္စအားလုံးကို ဖေဖေ တို့က ဦးကျော်မင်းကိုပုံအပ်ခဲ့ပါတယ်။ ဦးကျော်မင်းကို ဖေဖေတို့ရလိုက်တဲ့အတွက် ဆရာကြီးရဲ့ဂုဏ်သိက္ခာနဲ့ကိုက်ညီတဲ့ မှိုင်းဂူဗိမာန်ကြီးကိုတည်ဆောက်လိုက်နိုင်တာပါ။ ဒီအတွက် ဖေဖေက အန်ကယ်ကြည်မောင်ကို သိပ်ကျေးဇူးတင်နေတာပါ။  ဒါ့အပြင် ဖေဖေက အန်ကယ်ကြည်မောင်ရဲ့အခြေခံစိတ်ကိုလည်းနားလည်ဟန် ရှိပါတယ်။ ဗိုလ်အောင်ကြီးဦးဆောင်တဲ့ တပ်မှူးဟောင်းများအဖွဲ့ ဒီချုပ်ကထွက်သွားစဉ်က အဲဒီအဖွဲ့က အန်ကယ်ကြည်မောင်တယောက်တည်းကျန်ခဲ့ပါတယ်။

ကျွန်မတို့ရဲဘော်တချို့က ဗိုလ်အောင်ကြီးက ဗိုလ်ကြည်မောင်ကို တမင်ချန်ထားခဲ့ဟန်တူတယ်လို့ပြောတော့ ဖေဖေက-မ ဟုတ်နိုင်ပါဘူး။ ဗိုလ်အောင်ကြီးနဲ့ ဗိုလ်ကြည်မောင်နဲ့အခြေခံချင်းမတူပါဘူးလို့ ပြောခဲ့ဘူးပါတယ်။

ဖေဖေရဲ့အကဲဖြတ်ချက်တွေ မှန်ကန်ကြောင်း အခုနောက်ပိုင်းထွက်ရှိလာတဲ့ရေးသားချက်များအရ သိရပါတယ်။

၂ဝ၁၇-ဇူလိုင်-သြဂုတ်ထုတ် မဟာဗျူဟာနှင့် မူဝါဒလေ့လာရေးဂျာနယ်။ အတွဲ (၁) အမှတ် (၃) ပါ နေထွန်းနိုင်ရဲ့ ဦးကြည် မောင် ၏ခေါင်းဆောင်မှုနှင့် မဟာဗျူဟာစာတမ်း ဖတ်ကြည့်ပါ။ အန်ကယ်ကြည်မောင်ရဲ့အရည်အချင်းတွေကို စနစ်တကျ သုတေသနပြုထားတာပါ။ အထူးသဖြင့် မသေရုံတမယ်ကျန်နေတဲ့ ဒီချုပ်ပါတီကို ၁၉၉ဝ ခုနှစ်ရွေးကောက်ပွဲအနိုင်ရရေး အတွက် ပါတီတွင်းစည်းလုံးညီညွှတ်ရေးကိုရအောင်တည်ဆောက်ပြီး ဦးဆောင်နိုင်ခဲ့တဲ့အခန်းဟာ ဂန္ဓဝင်မြောက်ပါတယ်။ (ဒီနေရာမှာ စာတမ်းရှင်ကိုကျေးဇူးတင်ကြောင်း ပြောလိုပါတယ်။)

တခါ အထက်ပါ ကျွန်တော်နှင့်ဗိုလ်ချုပ်များစာအုပ်နိဒါန်းမှာလည်း စာရေးသူက ဒီလိုရေးထားပါတယ်။ ၁၉၈၈ အောက်တိုဘာ လလယ်မှာ အမေရိကားမှာနေထိုင်နေတဲ့သူ့ဆီကို ဆရာဟောင်း (ကျေးဇူးရှင်လည်းဖြစ်ဟန်ရှိတဲ့) ဗိုလ်ချုပ်အောင်ကြီးက ဖုန်း ဆက်ပြီး အာဏာသိမ်းတာတစ်လမပြည့်သေးတဲ့ နဝတဗိုလ်စောမောင်က နိုင်ငံတကာဆက်ဆံရေးနဲ့ စီးပွားရေးပြဿနာ များမှာအကြံဉာဏ်ပေးဖို့ အကူအညီတောင်းတဲ့အတွက် ဂျပန်ကလူတွေနဲ့ရင်းနှီးတဲ့သူ့ကို လှမ်းဆက်သွယ်တာတဲ့။ အဲဒီ အချိန် ဗိုလ်အောင်ကြီးဘေးမှာ နဝတအတွင်းရေးမှူး (၂) ဗိုလ်ချုပ်တင်ဦးနဲ့ အရှေ့တောင်တိုင်းမှူးဗိုလ်ချုပ်ဉာဏ်လင်းတို့ရှိ ကြောင်းရေးထားပါတယ်။

သြော် ဒါ့ကြောင့်ပဲ လူတွေက ဗိုလ်အောင်ကြီးကို စမူဆာဗိုလ်အောင်ကြီးလို့ ခေါ်တာကိုး။

ဖေဖေကလည်း ဒါ့ကြောင့်ပဲ ဗိုလ်အောင်ကြီးနဲ့ ကိုကြည်မောင်နဲ့က အခြေခံချင်းမတူဘူးလို့ ပြောဟန်ရှိပါတယ်။  အန်ကယ် ကြည်မောင်ဟာ ဖေဖေရဲ့တပ်မတော်တွင်းနေစဉ်က ရိုက်ကူးထားတဲ့ ရှားပါးဓာတ်ပုံအတော်များများ (တရုတ်ဖြူကျူးကျော်မှု ကိုတိုက်ခဲ့တဲ့ ဘုရင့်နောင်နဲ့ ရန်ကြီးအောင်တိုက်ပွဲတွင်း) ကို သေသေချာချာ သိမ်းထားပေးခဲ့ပါတယ်။ (ကျွန်မတို့အိမ်မှာ ကျန် ခဲ့တဲ့ပုံများကို ကျွန်မတို့မိသားစုတောခိုစဉ် (၁၉၇၆ ဇူလိုင်လ) ထောက်လှမ်းရေးများက သိမ်းဆည်းသွားခဲ့ပါတယ်။) အဲဒီပုံများကို အန်ကယ်ကွယ်လွန်သွားမှ အန်တီကြည်ကြည်ကတဆင့် ကျွန်မတို့ပြန်ရရှိခဲ့ပါတယ်။

ဗမာပြည်ကြီးကို အခုအထိဒုက္ခပေးနေတဲ့စစ်အာဏာရှင်စနစ်ကြီးကိုတွန်းလှန်တိုက်ခိုက်ရာမှာ တဒေါင့်တနေရာကပါဝင်ခဲ့တဲ့ တပ်မှူးဟောင်းတဦးလည်းဖြစ်ခဲ့တဲ့ အန်ကယ်ကြည်မောင်ဟာ သူ့ခေတ်သူအခါက သူ့ပုခုံးပေါ်ရောက်လာတဲ့ သမိုင်းတာဝန် ကို တတ်နိုင်သမျှထမ်းဆောင်သွားတဲ့ ဗမာ့သားကောင်းတဦးဖြစ်ပါတယ်လို့သာ မှတ်ချက်ပြုချင်ပါတယ်။

လှကျော်ဇော
၆၊ ၉၊ ၂ဝ၁၈

 


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ, လှကျော်ဇော

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments