နိုလှိုင်း ● ကြက်လျှာစွန်းလမ်းတွေနဲ့ မြို့

October 1, 2018

● ကြက်လျှာစွန်းလမ်းတွေနဲ့ မြို့
(မိုးမခ) အောက်တိုဘာ ၁၊ ၂၀၁၈


၁။
မြို့ဟာဘယ်နေရာကနေကြည့်လိုက်ကြည့်လိုက် အစွန်းထွက်နေတဲ့ထောင့်တွေနဲ့ တိတိကျကျချွန်ထွက်လာတဲ့လမ်းအကွေ့တွေနဲ့။ လမ်းထောင့်ခြံဝန်းတွေဟာ ကြက်လျှာစွန်းပုံစံနေရာလွတ်တွေမှာ မဲညစ်ညစ်မလုံမခြုံ ခြံစည်းရိုးတွေနဲ့ပေါ့။ လမ်းအတွင်းပိုင်းနေရာတွေကျပြန်တော့လည်း တြိဂံလိုလို ပဉ္စဂံလိုလိုပုံစံမျိုးတွေဖြစ်နေတယ်။ ပုံစံမကျတဲ့ အဝန်းအဝိုင်းတွေဖြစ်နေ တယ်။ ဒါကြောင့်လည်း မြို့မှာဘယ်နေရာမှ ဂငယ်ကွေ့ဆိုတာမရှိဘူး။ ဘယ်နေရာမှလေးထောင့်ကျကျခြံကွက်ရယ်လို့မရှိဘူး။ လမ်းဆုံမီးပွိုင့်ဆိုတာလည်း မရှိဘူးပေါ့။ ဘာဖြစ်လို့လည်းဆိုတော့ မြို့ဟာ ချွန်ထွက်နေတဲ့လမ်းနေရာတွေနဲ့ တမင်္ဂလာလုပ်ယူထားသလိုဖြစ်နေတာကြောင့်ပါ။ ပြောရရင် မြို့အလည်ကောင်မှာ နဂိုရ်ကတည်းကအဝိုင်းတစ်ခုရှိတယ်။ အဲဒီအဝိုင်းကိုမြို့ရဲ့ အလယ်ဗဟိုချက်အဖြစ်ယူထားပုံရတယ်ဆိုပါတော့။ မြို့လယ်မှာ အဝိုင်းတစ်ခုရှိပြီး အဲဒီ မြို့လယ်ကောင်အဝိုင်းကမှလမ်းတွေအားလုံးက ဖြာထွက်သွားတဲ့ပုံစံမျိုးပေါ့။ အဝိုင်းရဲ့အလယ်ကောင်မှာ ဖြိုဖျတ်ခံထားရတဲ့ရုပ်တုတစ်ခုရဲ့ အောက်ခင်းကျောက်ပြားကြီးတစ်ချပ်ရှိပါတယ်။ မသယ်ယူရသေးတဲ့ ရုပ်တုရဲ့ လက်တစ်ဖက်ရှိနေတယ်။ ပုံမှန်အတိုင်း ဆိုရင်တော့ အဝိုင်းတစ်ခုကနေခွဲထွက်သွားတတ်တဲ့လမ်းတွေက လမ်းအနေအထားကျယ်ရင်ကျယ်သလောက် အရှေ့ အနောက်တောင်မြောက်လေးလမ်း ဒါမှမဟုတ် ငါးလမ်းလောက်သာ ခွဲထွက်သွားတတ်တာမဟုတ်လား။ အခုကျတော့ ဒီမြို့ မှာ အဝိုင်းကနေခွဲထွက်တဲ့လမ်းမပေါင်း ရှစ်လမ်းတိတိရှိတယ်။ နောက်ပြီးအဲဒီခွဲထွက်သွားတဲ့လမ်းတွေပေါ်မှာ ထပ်ပြီးခွဲသွားတဲ့လမ်းတွေအားလုံးကလည်း မျဉ်းစောင်းပုံစံဖြစ်အောင်ဖန်တီးထားတယ်။ ဒါကြောင့် မြို့ဟာ စနစ်တကျလုပ်ယူထားတဲ့ကြက်လျှာစွန်းပုံစံလမ်းအချွန်တွေနဲ့ထပ်ပြီးဖြာထွက်နေသလိုဖြစ်နေတော့တာပေါ့။

မြို့အပြင်မှာတော့ တစ်မြို့လုံးကဖြာထွက်လာတဲ့လမ်းတွေကိုအနားသတ်ပေးထားတဲ့ လမ်းမကြီးတစ်လမ်းရှိပါတယ်။ အဲဒါကတော့ တစ်မြို့လုံးကိုအပြင်ကပတ်လမ်းပုံသဏ္ဌာန်ဖြစ်အောင်လုပ်ထားတဲ့လမ်းအဝိုင်းကြီးတစ်ခုပါပဲ။ မြို့ဟာ ကောင်ကင်ပေါ်ကကြည့်ရင် စက်ဝိုင်းပုံစံ ဂျီသြမေတြီ သင်္ကေတလိုလို ဂမ္ဘီရအမှတ်အသားတစ်ခုလိုဖြစ်နေတာပါ။ စင်္ကြာပုံစံမျိုး စက်ဝိုင်းတစ်ခုထဲမျဉ်းတွေ မျဉ်းဖြတ်တွေ ရှုပ်ထွေးသွယ်တန်းနေသလိုပေါ့။ ဒါပေမယ့် ဘာရည်ရွယ်ချက်နဲ့မြို့ပုံစံကို အဲဒီလိုတည်ဆောက်ခဲ့ကြသလဲဆိုတာတော့ တစ်ယောက်မှမသိကြဘူးတဲ့။ ဟိုးအရင်ခေတ်က မြို့ဟောင်းတွေလို လူ့အသက်တွေအများကြီးရင်းပြီးတည်ဆောက်ခဲ့ကြတာလည်း ဖြစ်နိုင်တယ်။ ရှေးဟောင်းမြို့တစ်မြို့လိုပဲမြို့သက်တမ်းကလည်းကြာ အသားသေခဲ့ပြီဆိုတော့လေ။ သိမှီသူတစ်ယောက်မှ မြို့မှာမရှိတော့သလို သမိုင်းအထောက်အထားတစ်ခုခုအနေနဲ့လည်းမကျန်ခဲ့ဘူးဖြစ်နေတယ်။ ဒါမှမဟုတ် သမိုင်းကို ဖျောက်ဖျတ်ပစ်လိုက်တာလည်း ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ မြို့ပေါ်က ကြက်လျှာစွန်းလမ်းထောင့်နေရာတွေမှာ ဖြိုဖျက်ခံထားရတဲ့ ရုပ်တုတစ်ခုရဲ့ ခြေရာလက်ရာတွေတော့ အခုထိတွေ့မြင်နေ ရသေးတာပေါ့လေ။ အဲဒီရုပ်တုတွေဟာ တစ်စုံတစ်ယောက်တည်းလား။ လူုဂ္ဂိုလ်အမြောက်အများရဲ့ ရုပ်တုတွေလား ရှေး လက်ရာတွေပဲလားဆိုတာတော့ အသက်ကြီးကြီးလူကြီးတွေကိုမေးမြန်းမှ သိလိမ့်မယ်ထင်တယ်။ နောက်ပြီး အခုအချိန်ကျမှမြို့ကိုအသစ်ကနေပြန်စ အကွက်ဖော်ရအောင်ကလည်း မလွယ်ကူတော့ဘူးမဟုတ်လား။ လမ်းတွေကိုကစောင်းနေတဲ့ထောင့်ချွန်းတွေချည်းဖြစ်နေတော့ ခြံတွေအိမ်တွေကလည်း သူ့နေရာအလိုက် ထောင့်ချိုးတွေများတဲ့အကွက်ပုံစံတွေဖြစ်နေတော့တာပေါ့။ မလိုချင်လည်း ဝန်းထဲထည့်ထားရတဲ့ထောင့်ချွန်းနေရာလွတ်တွေက အနှံ့အပြားနေရာယူထားတယ်။ ဒါပေမယ့် အဲဒီလိုဆန်းပြားနေခြင်းကပဲမြို့ရဲ့ အင်္ဂါရပ်တစ်ခုလိုဖြစ်နေခဲ့ပြီမဟုတ်လား။ မြို့ပေါ်ကလူတွေအနေနဲ့ ဒီကိစ္စဟာဘယ်လိုမှမထူးဆန်းတော့ဘူး။ ပုံပြင်ဆန်ဆန်မြို့တစ်မြို့လို့လည်း တချို့တွေကယူဆထားခဲ့ကြတယ်လေ။

၂။
အဲဒီလိုမြို့ကို ရုတ်တရက်ကြီးရောက်သွားခဲ့တာပေါ့။ ရုတ်တရက်ကြီးဆိုတာက လာရင်းကိစ္စဘာမှန်းမသိခင်မှာပဲ ဒီမြို့ကိုရောက်ခဲ့တာကိုဆိုလိုတာပါ။ ဘေးမှာအဖော်တစ်ယောက်ယောက်ယောက်ပါလာသလား ဒါမှမဟုတ် အဖော်တွေအများကြီးနဲ့ လားဆိုတာတော့ သိပ်မသေချာလှဘူး။ မှတ်ဉာဏ်ထဲမှာ ဝိုးတိုးဝါးတားပဲ။ တစ်ချို့အချိန်တွေလည်း တည်းခိုခန်းလို ဟိုတယ် လိုနေရာမျိုးမှာ လူအများကြီးနဲ့တရုန်းရုန်းအဖွဲ့ကျနေတတ်ပြီး တချို့အချိန်တွေကျတော့ အဖော်တစ်ယောက်နဲ့ အေးအေး လူလူ လမ်းလျှောက်ထွက်နေရတတ်ပြန်တယ်။ အဲဒီအဖော်ကလည်း စကားနည်းပြီး မြင်မြင်ရာငေးမောကြည့် တတ်တဲ့ လူမျိုးပါပဲ။ သူနဲ့က တကယ်ကိုရင်းရင်းနှီးနှီး ပက်သက်နေသလိုမျိုး ဒီမြို့မှာလည်း တစ်ယောက်အကြောင်းတစ်ယောက်သိတာဆိုလို့ သူနဲ့ကိုယ်ပဲ ရှိတဲ့ပုံစံပါ။ သီးသန့်ဆန်ဆန် ခင်မင်နေတာပေါ့။ တခါတလေနှစ်ယောက်သား မြို့ကိုလှည့် ပတ်ကြည့် တတ်ကြတယ်။ မြို့ထဲက ကြက်လျှာစွန်းလမ်းထောင့်ချိုးတွေမှာကျန်ရစ်ခဲ့တဲ့ ရုပ်တုအရာတွေကိုလေ့ လာနေ တတ်ကြတယ်။ မြို့ရဲ့အခြေအနေအရပ်ရပ်ကို မြို့လယ်ကောင်အဝိုင်းမှာထိုင်ပြီး ငေးကြည့်နေလေ့ရှိတတ်ပါတယ်။ ဒါကြောင့်လည်း တချို့ ကိစ္စတွေကို သိပ်မကြာခင် သဘောပေါက်လာကြတာပါပဲ။ မြို့ပေါ်က လူတွေရဲ့ မျက်နှာတွေကို ဖတ်တတ်လာတယ်။ အဓိ ကတော့ မြို့ပေါ်က ကြက်လျှာစွန်းလမ်းတွေအကြောင်း ဒီမြို့မှာနေထိုင်တဲ့လူတွေအကြောင်းပေါ့။ တဖြေးဖြေးနဲ့ဒီမြို့ အကြောင်းကို နားလည်လာတယ်လို့ပဲ ဆိုကြပါစို့။

မြို့မှာရှိတဲ့လူတွေရဲ့မျက်နှာပေါ် အလွယ်တကူတွေ့ရတာကတော့ အကြောက်တရားပဲ။ စိုးရိမ်ထိတ်လန့်နေတဲ့မျက်နှာတွေ တစ်ခုခုကိုအမြဲပူပန်နေတဲ့စိတ်တွေပေါ့။ အဲဒါကိုတော့ သိပ်မကြာခင်မှာပဲ အလွယ်တကူသဘောပေါက်ခဲ့ကြတယ်။ သူတို့ကို ကြည့်လိုက်ရင် အသိပညာမနှံ့စပ်ခြင်းတွေ ခေတ်မီတဲ့အမြင်မရှိခြင်းတွေနဲ့ဖုံးလွှမ်းနေသလိုခံစားရတယ်။ ကြုံသလိုဖြတ်သန်းနေထိုင်ရခြင်းဆိုတာ သူတို့ရဲ့မွေးရာပါအခွင့်အရေးတစ်ခုလို ကြောက်လန့်ခြင်းဆိုတာလည်းအမြဲလက်တွဲထားရတဲ့ ဘာသာတရားဖြစ်နေတယ်။ အဲဒီလိုဖြစ်အောင်လည်း စနစ်တကျပြုလုပ်ခံထားရပုံပေါ်ပါတယ်။ ဥပမာပြောရရင် တရားမျှတမှု ဆိုတာကို သူတို့မသိဘူး။ လူသားဖြစ်မှုလူ့အဖြစ်ရပ်တည်မှုစံနှုန်းတွေကိုသူတို့မသိဘူး။ ထက်မြက်တဲ့အတွေးအခေါ်ဆိုတာ သူတို့ကြားဖူးဟန်မတူဘူး။ နောက်ဆုံး သူတို့ကိုယ်သူတို့ ဘာကြောင့် အခုလိုဖိနှိပ်ခံနေရတယ်ဆိုတာကိုပါ သူတို့မသိ ဘူး ဖြစ်နေတာ။ ကုန်ကုန်ပြောကြေးဆို အပြင်လောကကြီးနဲ့ပါအဆက်ဖြတ်ပြီး အသိဉာဏ်ထုံထိုင်းအောင်လုပ်ထားသလို သူတို့ ဘဝတွေက အရာရာနိမ့်ကျလွန်းနေတယ်လို့ မြင်တာပါပဲ။။ တကယ်တော့ အခုလိုအခြေအနေတွေကနေ သူတို့ဘဝကို ဘယ်လိုပြောင်းလဲရမယ်ဆိုတာပါ သူတို့လုံးဝမသိတော့ဘူးဖြစ်နေတာလေ။

၃။
မြို့မှာထူးခြားတာက လူတွေဟာသူတို့ကိုယ်သူတို့ ကြီးကျယ်မြင့်မြတ်တဲ့သူတွေလို့ခံယူထားကြတာပဲ။ လက်ရှိအခြေအနေ တွေအရ နိမ့်ကျတဲ့ဘဝတွေ အသိဥာဏ်ပညာချို့တဲ့နေတဲ့ဘဝတွေသာဖြစ်နေတာ သူတို့ကိုယ်တိုင်ကတော့ သိပ်ထက်မြက် တဲ့လူတွေလို့ ထင်နေကြတယ်။ အခုလိုဖြစ်နေတာကိုလည်း ခဏလောက်ဒုက္ခခံနေရတဲ့ အချိန်တစ်ခုလို့သတ်မှတ်ထားကြတယ်လေ။ ဒါပေမယ့် သူတို့ရဲ့စိတ်ခံစားချက်တွေကိုတော့ အသိအမှတ်ပြုပေးမှဖြစ်လိမ့်မယ်။ တစ်ဦးနဲ့တစ်ဦး အငြင်းပွား မှုတွေ အတိုက်အခိုက်ရန်လိုမှုတွေနဲ့နှစ်ပေါင်းများစွာအသားကျနေတယ်ဆိုပေမယ့် သူတို့ရဲ့စိတ်ဒဏ်ရာတွေဟာ တော်တော် ကြီး ကျယ်ခဲ့မှန်း သိခဲ့ရလို့ပါ။ တဖက်ကလည်း သူတို့ကိုအထင်သေးသရော်ချင်ပေမယ့် တဖက်ကလည်းသူတို့ရဲ့ခံစားချက်တွေကိုနားလည်ပေးနေနိုင်ခဲ့တယ်။ အဲဒီမှာ ပိုပြီးသဘောပေါက်လာတာက သူတို့ဟာဘဝတလျောက်လုံး မတရားဖိနှိပ်မှုတွေ လက်နက်ပြခြိမ်းခြောက်မှုတွေနဲ့သာကြုံလာခဲ့ရပေမယ့် သူတို့အားလုံးရဲ့ရင်ထဲက လွတ်မြောက်ချင်တဲ့မီးတောက်ကတော့ အရှိန်မသေပဲ တငွေ့ငွေ့ကျွမ်းလောင်နေတယ်ဆိုတာပါပဲ။

အဲဒါအကြောက်တရားနဲ့အတူ တွဲမြင်နေရတဲ့သူတို့ရဲ့ပုံပန်းသဏ္ဌာန်တွေပဲပေါ့။ ဒီလိုဖြစ်အောင်လည်း အုပ်ချုပ်သူလူတစ်စုက ခေတ်အဆက်ဆက်စနစ်တကျနှိပ်ကွပ်ခဲ့ကြတာ မဟုတ်လား။ ဖိနှိပ်အုပ်ချုပ်ခဲ့ကြတယ်။ အာဏာနဲ့ စည်းစိမ်ချမ်းသာဟာ အသိတရားတွေကိုဖုံးလွှမ်းပစ်ခဲ့တယ်ပဲ ဆိုပါစို့။ ခေါင်းထောင်ပုန်ကန်လာသူမှန်သမျှကို မတရားဖမ်းဆီးနှိပ်စက်ခဲ့ကြတယ်။ တော်လှန်လိုစိတ်ရှိတဲ့လူငယ်တွေကို အချိန်အကြာကြီး ဖမ်းဆီးနှိပ်စက်ထားတတ်ကြတယ်။ မြို့မှာ တော်လှန်လိုစိတ်ရှိတဲ့လူငယ်တွေဆိုတာ ခေတ်အဆက်ဆက်ရှိခဲ့ဖူးတာပါပဲ။ ဒါပေမယ့် အုပ်ချုပ်သူတွေရဲ့ မမျှတတဲ့ မတရားအနိုင်ကျင့်မှုတွေ အောက်မှာ စုံးစုံးမြုပ်ပျောက်ကွယ်သွားခဲ့တာချည်းပဲပေါ့။ ဒါတွေကို မြို့ကလူတွေအနေနဲ့လည်း မသိဘူးလားဆိုတော့ မဟုတ်ပါဘူး။ သိပေမယ့် အကြောက်တရားအောက်မှာ ဘယ်လိုမှလှုပ်ရှားရုန်းကန်လို့မရ ငြိမ်ဝပ်နေကြရတော့တာ။ အကြောက်တရားအောက်မှာ အသိဥာဏ်ဦးနှောက်တွေကို သေအောင်စနစ်တကျဖျတ်ဆီးခံထားရတာ။ မြို့လေးဟာ အဲဒီလိုပါ။

၎။
အစတုန်းကဆို မြို့မှာရေဒီယိုတွေမရှိဘူး။ သတင်းတွေကိုအမှောင်ချထားသလိုလို ပြင်ပကမ္ဘာလောကနဲ့အဆက်အသွယ် ဖြတ်တောက်ထားသလိုပါ။ ဒါပေမယ့် ဒီကိစ္စကသိပ်တော့လည်းမသေချာလှပါဘူး။ ဘာကြောင့်လဲဆိုတော့ တချို့လူတွေက အဲဒီကာလတွေမှာ ရေဒီယိုတွေခိုးနားထောင်လေ့ရှိကြတယ်လေ။ ကမ္ဘာလောကကြီးနဲ့လည်းအဆက်အသွယ်အပြတ်အောင် သတင်းတွေကိုလည်းတိကျသေချာချင်တဲ့ လူတချို့တလေပေါ့။ တော်တော်များများကတော့ ရေဒီယိုသတင်းတွေကို တောင်မှ ခိုးဝှက်နားမထောင်ခဲ့ကြဘူးတဲ့။ သိလည်းဘာမှလုပ်မရမယ့်အတူတူ ပိတ်လှောင်ကန်သတ်ထားတဲ့ မြိုအဝိုင်းအဝန်း ကလေးမှာပဲ ကြုံသလိုပျော်အောင်နေနေကြတာပေါ့။ ရေဒီယိုသတင်းတွေက တခါတလေမြို့ကလူတွေကို ဒေါသထွက်စေ တယ်။ ပကတိအခြေအနေတွေကို အတွင်းကျကျမြင်လာစေတယ်။ ဒီမြို့မှာနေထိုင်နေရတာကပဲ လူဖြစ်ရှုံးသလိုလို ထင် လာစေတယ် မဟုတ်လား။ နောက်ပြီး မြို့ကိုအုပ်ချုပ်တဲ့သူတွေကလည်း အဲဒီလိုမြို့အကြောင်းမကောင်းပြောတာကို လုံးလုံးမကြိုက်ဘူးလေ။ သူတို့ကိုစည်းခြားတယ် မြို့ကလေးရဲ့သာယာလှပမှုကိုအကျည်းတန်အောင်လုပ်နေတယ်လို့ သူတို့ ကထင်နေတာ။ ဒါကြောင့်လည်း မြို့မှာရှိတဲ့လူတွေကို အပြင်ကသတင်းတွေနားမထောင်ရဘူးဆိုပြီး ကန့်သတ်ခဲ့ကြ တာပေါ့။

မြို့ပတ်ဝန်းကျင်ဟာ သာယာတယ် စည်ကားတယ်လို့ ထင်ရပေမယ့် သိပ်ခေတ်မှီတိုးတက်နေတဲ့ပုံစံတော့မရှိဘူး။ အချိန်အကြာကြီး ပြင်ပလောကနဲ့အဆက်အသွယ်မဲ့နေခဲ့တာဆိုတော့လေ။ ခေတ်မှီတဲ့အမြင်တွေ မရှိဘူးဖြစ်နေတာ။ နောက်ပြီးမြို့ကလူတွေအားလုံးကလည်း သာမန်လက်လုပ်လက်စားတွေပဲဆိုရင်ပိုမှန်လိမ့်မယ်။ အလုပ်အကိုင်မယ်မယ်ရရမရှိပဲ သူတို့ရဲ့နေ့စဉ်ဘဝတွေကို ကြုံသလိုဖြတ်သန်းနေထိုင်ကြတယ်ပေါ့။ ဒါပေမယ့် ထူးဆန်းဖို့ကောင်းတာက အဲဒီလို မြို့ပေါ်ကလူတွေအားလုံး ဆင်းရဲမွဲတေ နိမ့်ကျတဲ့ဘဝတွေသာဖြစ်နေတာ မြို့ပတ်ဝန်းကျင်မှာတော့ သိပ်ကိုအံ့အားသင့်စရာကောင်းလောက်အောင် သယံဇာတတွေရှိနေတယ် ဆိုတာပဲ။ ဒါပေမယ့် အဲဒီလိုသယံဇာတတွေအမျာကြီးရှိနေလျက်နဲ့ မြို့လေးဟာဘာလို့ မဖွံ့ဖြိုးမတိုးတက်တာလဲဆိုတာကို အစကသဘောမပေါက်ဘူး။ နောက်မှ တဖြေးဖြေးသဘောပေါက်လာ မိတယ်။ အဲဒါကတော့ အားလုံးကို အုပ်ချုပ်သူတွေကပဲ အလုံးစုံထိန်းချုပ်ထားကြလို့ပါ။ မြို့မှာရှိတဲ့သူတွေအားလုံး အသိဥာဏ်မရှိ ဆင်းရဲမွဲတေနေပေမယ့် လူတစုကတော့ သိပ်ကိုချမ်းသာကြွယ်ဝသူတွေဖြစ်နေတယ်လေ။  မြို့ရဲ့အဓိက လုပ်ငန်းတွေထဲမှာ ရွှေကြောတွေ ရေနံတွေနဲ့ သိပ်ကိုအဖိုးတန်တဲ့သစ်တောကြီးတွေရှိတယ်။ မြို့ရဲ့ဘေးပတ်ဝန်းကျင်မှာသိပ်ကိုများပြားလှတဲ့ ရွှေလုပ်ကွက်တွေရှိတယ်။ ဒါပေမယ့် မြို့ကိုအုပ်ချုပ်တဲ့လူတစ်စုကပဲ လက်ဝါးကြီးအုပ်ထားတာ။ သူတို့လူတစ်စုအတွက်ပဲ လုပ်ခွင့်ရနေတာပေါ့။

၅။
မြို့ကိုအစဉ်အဆက် အုပ်ချုပ်ခဲ့တဲ့လူတွေကလည်း ထူးဆန်းတယ်လို့ဆိုရမလား မပြောတတ်ဘူး။ မြို့ကိုတကယ်တိုးတက် စေချင် ခေတ်မီစေချင်တဲ့သူတွေကို ဘယ်တော့မှနေရာမပေး အလေးမထားခဲ့ဖူးဘူးလေ။ သူတို့သိတာက မြို့မှာရှိသမျှအရာအားလုံးကိုလက်ဝါးကြီးအုပ်မယ်။ သူတို့ချမ်းသာသထက်ချမ်းသာအောင်လုပ်မယ်ဆိုတာပဲ။ တိုးတက်တဲ့အမြင်ရှိသူတွေဆို ဖမ်းဆီးနှိပ်စက်ကြတယ်။ မြို့မှာရှိတဲ့သူမှန်သမျှကိုအကြောက်တရာတွေပဲ ဖုံးလွှမ်းနေအောင် တစ်နေ့တစ်နေ့ပူပန်သောကတွေနဲ့သာလုံးလည်လိုက်နေအောင်ပြုလုပ်ထားလိုက်တယ်။ မြို့ကလူတွေရဲ့ပညာရေးကအစ အစစအရာရာအားလုံးကို ဖိနှိပ်ထားခဲ့တယ်ပေါ့။

အဲဒါကြောင့်လည်း မြို့သားတွေအားလုံးက မြို့ကိုအုပ်ချုပ်တဲ့သူတွေပြောင်းလဲဖို့ ခေတ်အဆက်ဆက်မျှော်လင့်နေကြတာပေါ့။ သူတို့တစ်ဘဝလုံးအရေးကြီးတဲ့ မျှော်လင့်ချက် နောင်လာမယ့်အနာဂတ်အတွက်မျှော်လင့်နေတာက မြို့ကိုအုပ်ချုပ်တဲ့သူတွေပြောင်းလဲဖို့ပဲ။ ဒါပေမယ့် အဲဒီမျှော်လင့်ချက်ဟာ အခုအချိန်တွေအထိတော့ မလွယ်ကူဘူဖြစ်နေတုန်းပါပဲ။ ဒီလိုဖြစ်ဖို့သူတို့ အိပ်မက်တွေမက်ခဲ့ကြတယ်။ တချို့လည်း မြို့ကိုအုပ်ချုပ်တဲ့သူတွေကိုတော်လှန်ရင်း ဘဝပါပျောက်ခဲ့ကြ တယ်။ ဒီလိုမှ အိပ်မက်တွေမမက်လိုက် အသက်သွင်းဖို့ကြိုးစားကြည့်လိုက်နဲ့ မြို့ဟာအရင်အတိုင်းပဲရှိနေခဲ့တယ်။ အခုထိ တော့ ဘာမှတော့ မထူးလာသေးပါဘူး။ ဒါပေမယ့် သူတို့အားလုံးဟာ ကြိုးစားနေကြတုန်းပါ။ အဲဒီလိုမကြိုးစားရင်လည်း မြို့ကလူတွေရဲ့ဘဝဟာသေနေပြီ။ ဆောက်တည်ရာမရဖြစ်နေပြီ။ ဒီမျှော်လင့်ချက်တွေက သူတို့ဘဝတွေအတွက် နောက်ဆုံး လက်ကျန်နောက်ဆုံးအိပ်မက်တွေဖြစ်နေပြီ။

၆။
တကယ်လည်း မျှော်လင့်ချက်တွေပြည့်ခဲ့တယ်လို့ပဲဆိုရမလားတော့ မသိဘူး။ မြို့ကိုအုပ်ချုပ်သူလူဟောင်းတွေဟာ နောက်ဆုံးအခွံပဲကျန်တော့တဲ့မြို့ကို အချိန်အတိုင်းအတာတစ်ခုအပြီးမှာတော့ နောက်လူတွေကိုသက်တောင့်သက်သာလေး လက်လွှဲသွားခဲ့တယ်လေ။ မြို့နဲ့ပတ်သက်ပြီး ဘာမှထပ်ယူစရာမရှိတော့လောက်အောင်ကျန်ခဲ့တဲ့ အခြေအနေနဲ့ပေါ့။ သူတို့ဟာစနစ်ကျကျနဲ့ကို သူတို့အပေါ်နောက်ကြောင်းပြန်အရေးယူအပြစ်ပြောခွင့်မရဆအာင်လုပ်ယူခဲ့ကြတယ်။ သူတို့ကို လောကကြီးကဒဏ်မခတ်ခင် သူတို့ရဲ့ရက်စက်မှုတွေကို ကံကြမ္မာက တရားမစီရင်ခင်အချိန်ကလေးမှာပေါ့။ သူတို့ဟာ မြို့ လေးကို လူသစ်တွေလက်ထဲ ဖုတ်ဖတ်ခါပစ်ထည့်သွားခဲ့ကြတယ်။ သူတို့ရဲ့လုပ်ရပ်တွေက နောက်ဆုံးအခြေအနေထိရောက်နေပြီဆိုတာသိသွားတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ မြို့ဟာ လူဟောင်းတွေလက်ထဲမှာ သယံဇာတတွေအများကြီးဆုံးရှုံးခဲ့တယ်။ တိုးတက်မှုအရမ်းနောက်ကျခဲ့တယ်။ အဖတ်ဆယ်မရလောက်အောင် ပျက်စီးခဲ့ရပါတယ်။

လူအသစ်တွေလက်ထဲရောက်တော့ မြို့ဟာ ဘာမှမကျန်တော့လောက်အောင် ချွတ်ခြုံကျနေတဲ့မြို့ဖြစ်နေပါပြီ။ ဒါပေမယ့် အုပ်ချုပ်တဲ့သူအသစ်တွေကတော့ အချိန်မီပြန်အဖပ်ဆယ်နိုင်မလား အရင်ကလိုမျိုးသယံဇာတတွေကျန်နေဦးမလားမျှော်လင့်ချက်နဲ့ စိတ်ကူးယဉ်ခဲ့ကြတာပေါ့။ အဲဒီလိုပဲ မြို့ကလူတွေကလည်း မျှော်လင့်ချက်တွေအသက်သွင်းနိုင်ခဲ့ပြီဆိုပြီး ယုံကြည်နေကြတာပေါ့လေ။ အုပ်ချုပ်သူအသစ်တွေဟာ သူတို့ရဲ့မြို့ကိုအချိန်မီပြန်လည်တည်ဆောက်နိုင်မယ်လို့ သူတို့တကယ်ကိုယုံကြည်ခဲ့ကြတယ်မဟုတ်လား။ အုပ်ချုပ်သူအသစ်တွေ အစောကြီးကတည်းက ပေးထားတဲ့ကတိတွေကလည်း မက်မောစရာတွေပါပဲ။ မြို့ကို အစကနေပြန်လည်ဆည်ဆောက်မယ်။ ကြက်လျှာစွန်းလမ်းတွေကို ခေတ်မီ အောင်ပြန် လည်ပြုပြင်မယ်။ ဖျတ်ဆီးခံခဲ့ရတဲ့ရုပ်တုတွေနေရာမှာ ရုပ်တုအသစ်တွေအစားထိုးပေးမယ်။ မြို့ကို ယခုမြင်နေရတဲ့ပုံစံမျိုး မဟုတ်ပဲ တကယ်ကိုလှပတဲ့မြို့အဖြစ် မြေလှန်ပစ်မယ်ဆိုပါတော့။ မြို့ကလူတွေအတွက် ကတိတွေက မက်လောက်စရာ တွေချည်းပဲပေါ့လေ။

၇။
ဒါပေမယ့် အခုအချိန်တွေအထိ မြို့ဟာ အစွန်းထွက်နေတဲ့ထောင့်တွေနဲ့ တိတိကျကျချွန်ထွက်လာတဲ့လမ်းအကွေ့တွေနဲ့။ လမ်းထောင့်ခြံဝန်းတွေဟာ ကြက်လျှာစွန်းပုံစံနေရာလွတ်တွေနဲ့  မဲညစ်ညစ်မလုံမခြုံ ခြံစည်းရိုးတွေနဲ့ပါပဲ။ အုပ်ချုပ်သူ အသစ်တွေ ဘယ်လိုရည်ရွယ်ချက်နဲ့ ဒီနေရာကိုအရယူခဲ့ကြတာလဲဆိုတာ ဘယ်သူမှမသိပါဘူး။ သူတို့လည်း အရင်လူ ဟောင်းတွေလိုပဲ သယံဇာတတွေယူစရာကျန်ဦးမလားဆိုတဲ့မျှော်လင့်ချက်နဲ့ကြိုးစားခဲ့တာလည်းဖြစ်နိုင်သလို လူဟောင်းတွေအပေါ်နာကျည်းလွန်းတာကြောင့်လည်းဖြစ်နိုင်ပါတယ်။ အခုအချိန်တွေအထိတော့ ကြက်လျှာစွန်းလမ်းထောင့်တွေကလည်းအရင်အတိုင်း ရှိနေတုန်းပါပဲ။ ဒါပေမယ့် အုပ်ချုပ်သူအသစ်တွေဟာ သူတို့နေရာရပြီးတဲ့နောက်ပိုင်း ကြက်လျှာစွန်းလမ်းထောင့်ကရုပ်တုတွေကိုတော့ အလျှင်အမြန်အစားထိုးခဲ့ကြတယ်။ သူတို့ကိုမြို့ပေါ်ကလူတွေစိတ်မပျက်စေချင်တာလည်းပါမှာပေါ့။ မြို့ကလူတွေအတွက် အဲဒီရုပ်တုတွေဟာ အရာအားလုံးထက်ပိုပြီး အရေးကြီးလိမ့်မယ်လို့ထင်တာလည်း ဖြစ်နိုင်ပါတယ်။ ဒါကြောင့် သူတို့ဟာ ရုပ်တုကိစ္စတွေကို အပူတပြင်းအကောင်အထည်ဖော်ခဲ့ကြတယ်။ ကျန်တဲ့အသားသေနေတဲ့ပုံစံခွက်တွေကတော့ ချက်ချင်းကြီးပြောင်းလဲလို့မဖြစ်နိုင်ဘူးမဟုတ်လား။ နှစ်ပေါင်းများစွာလည်းကြာခဲ့ အရိုးစွဲနေပြီဆိုတော့လေ။ အရေးတကြီးလည်းမလိုအပ်နေဘူး ထင်နေခဲ့တယ်။

ဒါပေမယ့်လည်း မြို့ကလူတွေအားလုံးအတွက်ကတော့ ရုပ်တုကိစ္စက အရေးပေါ်အခြေအနေမျိုးမေ့ဟုတ်ဘူး။ အရင်က တည်းက ဖျောက်ဖျက်ထားခဲ့တာလည်းဖြစ်တော့ အထူးအဆန်းကြီးမှ မဟုတ်တော့တာလေ။ တစ်ခုလေးပဲ။ သူတို့က တန်ခိုးရှင်လိုချက်ချင်းမန်းမှုတ်နိုင်တဲ့ သူမျိုးကိုလိုချင်တာမဟုတ်ဘူး။ သူတို့စိတ်ထဲမှာ ယုံကြည်စိတ်ချနိုင်လောက်တဲ့အနာဂတ်ကိုမြင်ချင်တာ။ သူတို့ဘဝကိုစိတ်ချလက်ချပုံထပ်ထားချင်တာမျိုးလောက်ပါ။ အခုကျတော့ ပိုပြီးကောင်းလာတာလား။ ထပ်မံဆိုးရွားတော့မယ့်နိမိတ်ပုံတွေလားတော့မသိဘူး။ မြို့လေးဟာအရင်အတိုင်း ကြက်လျှာစွန်းလမ်းထောင့်တွေပေါ် ပုံပန်းမကျနတဲ့ရုပ်တုအသစ်တွေရောက်လာတယ်ဆိုရုံကလွဲရင် အရင်အတိုင်းပါပဲ။

နိုလှိုင်း
၂၀၁၈ ဇူလိုင် ၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments