fbpx

ကိုသစ် (သီတဂူ) ● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၂၃)

October 2, 2018
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

● မုန်တိုင်းထဲက ဖယောင်းတိုင် – အပိုင်း (၂၃)

အောက်တိုဘာ ၂၊ ၂၀၁၈


တခါတရံမှာ ကံမကောင်းခြင်းတွေက  အပေါင်းအဖော်များနှင့်အတူ ရောက်လာ တတ်ကြပါသေးသည်။ “ကံဆိုးမသွားရာ မိုးလိုက်လို့ရွာ”ဟု မြန်မာစကားပုံက ဆိုပါသည်။ ၁၉၆၆-ခုနှစ် ဇူလိုင်လထဲတွင် မော်စီတုန်းလွှတ်လိုက်သောအဖွဲ့တဖွဲ့ လာဆာကို ရောက်လာသည်။ သူတို့ရဲ့အထူးတာဝန်က မော်စီတုန်းရဲ့ ယဉ်ကျေးမှု တော်လှန်ရေးကို လာဆာမှာ လက်တွေ့အကောင်အထည်ဖော်ဖို့ပင်ဖြစ်သည်။ မော်စီတုန်းရဲ့အကြံက တိဗက်ဒေသမှာ ယဉ်ကျေးမှုတော်လှန်ရေးနှင့်အတူ ပစ္စည်းမဲ့ လူတန်းစားစနစ်တခုကို ထူထောင်မည်။ လူတိုင်းတန်းတူဖြစ်စေရမည်ဟု မည်သို့ပင် မက်လုံးပေးစေကာမူ  တိဗက်လူမျိုးတိုရဲ့ဘ၀က နွံထဲမှာ နစ်နေသည့် လှည်းအိုကြီး ပမာ။ ဆင်းရဲမွဲတေမှုနှင့်အတူ ဘာသာတရား၊ ယဉ်ကျေးမှုနှင့် လူတို့၏ စိတ်နေ စိတ်ထားတို့ နိမ့်ပါးသွားခဲ့ရပါတော့သည်။

တိဗက်ဒေသသည် မော်စီတုန်းအတွက် အစမ်းသပ်ခံ စစ်မြေတလင်းတခုပင်ဖြစ်သည်။ သူစေလွှတ်လိုက်သည့် အထူးတာဝန်အဖွဲ့က လာဆာကိုရောက်ပြီးနောက် လက်သရမ်း ပါလေတော့သည်။ Jokhang ဘုရားရှိခိုးကျောင်းကို ၀င်ရောက်စီးနင်းပြီးနောက် တိဗက် လူမျိုးတို့ အထွတ်အမြတ်ထားသည့်အရာမှန်သမျှကို မထီမဲ့မြင်ပြုသည်။ အစား ပြန်မရနိုင်လောက်သည်အထိ တန်ဖိုးကြီးမားလှသည့် တိဗက်ရှေးဟောင်း လက်ရာများ ကို ဖျက်စီးပစ်လိုက်လေသည်။ အဖျက်စီးခံရမည့်ဘေးမှလွတ်ပါစေတော့ဟူသော ရည် ရွယ်ချက်ဖြင့် ပန်ချန်းလားမားကိုယ်တိုင် အဖျက်ဆီးခံကျောင်းများကနေ ရှာဖွေ စုဆောင်းထားသည့် တိဗက်ရှေးဟောင်းအမွေအနှစ်များကို သည်ဘုရားကျောင်း အတွင်းမှာ သိမ်းစည်းထားခြင်းဖြစ်သည်။

လူသားတို့၏ အယူသည်းမှုသည် ဆင်ခြင်တုံတရားကို မျက်ကွယ်ပြုလေ့ရှိပါသည်။ ရှေးဟောင်းဆင်းတုတော်များ ခေါင်းဖြတ်ခံရသည်။ ကျမ်းစာများကို မီးရှို့ပစ်သည်။ နှစ်ပေါင်းရာနဲ့ချီပြီး ထိမ်းသိမ်းစောင့်ရှောက်လာခဲ့သည့် စေတီငယ်များ၊ ဆင်းတုတော် များကို တခဏအတွင်းမှာပင် ဖျက်ဆီးပစ်လိုက်ပါသည်။ တချို့ဘုန်းကြီးကျောင်းများကို ဖျက်သိမ်းပြီးနောက် လူနေဆောင်အဖြစ်၊ တချို့ကို ကုန်ပစ္စည်းများသိုလှောင်ရာ ဂိုထောင်အဖြစ် အသွင်ပြောင်းပစ်လိုက်သည်။ ယဉ်ကျေးပါသည်ဆိုသော လူ့ယဉ်ကျေး တွေရဲ့ ယဉ်ကျေးမှုတော်လှန်ရေးတဲ့လား။  ၁၉ရ၆-ခုနှစ် စက်တင်ဘာလ ၉-ရက်နေ့တွင် မော်စီတုန်း သေဆုံးသွားပါသည်။  တိဗက်ဒေသမှာ ဆင်နွှဲသည့် ယဉ်ကျေးမှု တော်လှန် ရေးသည်လည်း မော်စီတုန်းသေဆုံးသွားတော့မှပဲ အဆုံးသတ်သွားပါတော့သည်။ ယဉ်ကျေးမှုတော်လှန်ရေးပြီးဆုံးသွားသောအခါ တိဗက်ဒေသမှာ ဘုန်းကြီးကျောင်း ခြောက်ထောင်ကျော်ကလေးပဲ ကျန်ရစ်ခဲ့ပါတော့သည်။

ဘုံဝါဒစနစ်ကိုထူထောင်သည်ဟုဆိုသော်လည်း တောင်သူတွေအပေါ် အခွန်တွေ တိုးကောက်သည်။ ဆန်စပါး သီးနှံတွေ အပေါ် အမြတ်ထုတ်သည်။ ထွက်သမျှသီးနှံ များကို အစိုးရဒိုင်များတွင် အောက်ဈေးဖြင့် သွင်းခိုင်းသည်။ ဘုံဝါဒစနစ်ကြောင့် မြေပိုင်ရှင်တိဗက်တို့ ပိုင်ရှင်မဲ့ဘ၀ရောက်ကုန်သည်။ နေထွက်ကနေ နေ၀င်ချိန်အထိ အလုပ်ထဲမှာပဲ ဘ၀တွေကို မြှုပ်နှံခိုင်း ထားသည်။ ကျနော်တို့တိုင်းပြည်တွင် ကြက်ဆူပင်က ဆီမထွက်မှန်းသိပေမယ့် ဇွတ်အတင်းအဓမ္မစိုက်ခိုင်းခဲ့သည့် အဖြစ်ဆိုး ကြီး ရှိခဲ့ဘူးပါသည်။ ပင်လယ်ရေမျက်နှာပြင်ထက် ပေပေါင်းသောင်းချီမြင့်မား သည့် တိဗက်တောင် ပေါ်ဒေသတွင် စပါးစိုက်ပျိုးမရမှန်းသိပေမယ့် တိဗက်တို့ကို စပါးစိုက်ဖို့ အဓမ္မ ခိုင်းစေခဲ့ဘူးပါသည်။ တိဗက်တို့က ပျားတွေနှင့်တူသည်။ ကိုယ့်ရပိုင်ခွင့်ကို ကိုယ်တိုင် သုံးစွဲခွင့်ပျောက်ဆုံးနေကြသည်။ တိဗက်ဒေသတွင် ကျင့်သုံးသည့် တန်းတူညီမျှရေး ၀ါဒသည် အမှန်တကယ်တော့ ပျက်စီးဆုံးရှုံးခြင်းသို့ ဦးတည်နေသည့်စနစ်ကြီး သာဖြစ်သည်။ တဆင့်လျှော့ပြီး အနှိမ်ခံနေရပြီဆို ကတည်းက အဘယ်မှာလျှင် တန်းတူ ညီမျှဝါဒဖြစ်ပါတော့မည်နည်း။

တိုက်ပွဲတစ်ခု၏ ထုံးစံမှာ လက်နက်အင်အား လူအင်အားချင်းညီမျှလျှင် လက်ဦးမှု ရသူက နိုင်မည်။ လက်ရှိနှင့် လက်မဲ့ဖြစ်လျှင် လက်မဲ့က တကွက်ရှုံးနေပြီဖြစ်၍ ရည်မှန်ထားသလောက် အကျိုးပြီးချင်မှ ပြီးတတ်သည်။ ကိုယ်ကျိုးကိုယ့်စီးပွါးအတွက် တိဗက်ပြည်သူတို့လည်း တိုက်သင့်သလောက်တော့ တိုက်ခဲ့ပါသေးသည်။ သို့သော် အရာရာကို အသိပညာဖြင့် မောင်းနှင်သောခေတ်မှာ ကိုယ်က လှေကြီးထိုးရိုးရိုး လုပ်နေလို့မဖြစ်တော့။ ဘုံဝါဒစနစ်က တိဗက်ပြည်သူတွေကို အခက်တွေ့စေပါတော့ သည်။ တိဗက်တောင်တန်းများပေါ်တွင် ခြေသလုံးအိမ်တိုင် လှည့်လည်ကျက်စား တတ်ကြသည့် တိဗက်လူမျိုးများမှာ လွန်ခဲ့သောနှစ်ပေါင်းထောင်ချီကတည်းက ရှိခဲ့ကြဘူးသည်။ စမရီသားကောင်ခေါ် တိဗက်နွားနောက်များ၊ သိုးများ၊ ဆိတ်များကို ပိုင်ဆိုင်တတ်ကြသည့် တောပျော် တိဗက်များက တသီးတသန့်နေထိုင်ရတာကို ကြိုက်နှစ်သက်သူများဖြစ်သည်။ နွားနောက်စသည့် သည်သတ္တ၀ါတွေက သူတို့ရဲ့ ဘ၀ပဲဖြစ်သည်။ သည်သားကောင်တွေကနေ လိုအပ်သည့် နို့၊ အသား၊ စားနပ်ရိက္ခာနှင့် အ၀တ်အထည်တို့ကို ဖန်တီးပေးသည်။ စပါးလိုအပ်လျှင် နွားနောက်နဲ့စပါး ဖလှယ် ယူသည်။ ဂျုံလိုအပ်လာလျှင် ဆိတ် သိုးတို့ဖြင့် အရောင်းအ၀ယ် အလဲအလှယ် လုပ်လို့ရ သည်။ ပိုက်ဆံဆိုသည်မှာ တောပျော်တိဗက်တို့အတွက် မြင်ရခဲသည့်အရာ တခုပင်ဖြစ်သည်။

တိဗက်ပြည်ရဲ့ သဘာဝသစ်တောများ၊ တောင်တန်းကြီးများ၊ မြစ်ချောင်းများ၊ စိမ်းလန်း သည့်တောအုပ်များနှင့် သဘာဝသံဇာ တများက ပြည်မကြီးရဲ့ ထိပ်ပိုင်းခေါင်းဆောင်များကို အာသာငမ်းငမ်း ယစ်မူးတပ်မက်စေပါတော့သည်။ ထိုယစ်မူးတပ် မက်ခြင်း၏ နောက်ကွယ်တွင် တိဗက်ပြည်သူတို့၏ အိပ်မက်တွေ ကျပျောက်သွားခဲ့ရခြင်းဖြစ်သည်။ ထိုယစ်မူးတပ်မက်ခြင်း၏နောက်ကွယ်တွင် တိဗက်ပြည်သူတို့၏ အနာဂတ်တွေ ဆုံးပါး သွားခဲ့ရခြင်းဖြစ်သည်။  ပြီးတော့ အဲဒီယစ်မူးတပ်မက်ခြင်း၏နောက်ကွယ်တွင် တိဗက် ပြည်သူတို့၏ဘ၀တွေ တစစီပဲ့ကြွေသွားခဲ့ခြင်းဖြစ်ပါသည်။

ဒီနေ့ညနေခင်း ဓရံဆာလာမှာ မိုးတွေရွာသည်။ မိုးသီးတွေ ကြွေပါသည်။ မိမိဘ၀တွင် ဒိုးလုံး လောက်အရွယ်အစားရှိသည့် မိုးသီးများကို ပထမဆုံးအကြိမ် မြင်ဖူးလိုက်ခြင်း ပင်ဖြစ်သည်။ နယူးဒေလီမြို့ကနေ ဓရံဆာလာကို အတူလာခဲ့ကြသည့် ဦးဇင်းခေမိန္ဒ ကတော့ ခပ်လှမ်းလှမ်းမှာရှိသည့် တိဗက်ဘုန်ကြီးကျောင်းတကျောင်းတွင် နေပါသည်။ အဲဒီအချိန်က ဓရံဆာလာမှာ မြန်မာရဟန်းဆိုလို့ မိမိတို့နှစ်ပါးသာ ရှိပါသေးသည်။ ဓရံဆာလာမှာ သင်တန်းတွေက အမျိုးအမည် စုံလင်လှသည်။ ပြင်သစ်စာ၊ အင်္ဂလိပ်စာ၊ ဂျာမန်စာ၊ ဂျပန် ကိုးရီးယား စသဖြင့် စုံလို့ပါပဲ။ ရောက်စတုန်းကတော့ ဟိုစပ်စပ် ဒီစပ်စပ် လိုက်ပြီးတီးခေါက် ကြည့်လိုက်သေးသည်။ နောက်တော့မှ ကိုယ့်ကိုယ်ကို မဖြစ်မှန်း သိတာနဲ့ နောက်ဆုတ်နေ လိုက်ခြင်းဖြစ်သည်။ ဓရံဆာလာမှာက ဂငယ်ပုံစံဖြစ်နေသည့် အဓိကလမ်းမကြီး နှစ်လမ်းပဲရှိပါသည်။ ဘယ်ဘက်လမ်းကနေ ရှေ့ဆက်သွား၊ လမ်းဆုံးလျှင် အ၀ိုင်းကြီးကို တွေ့ရမည်။ အ၀ိုင်းကြီးကနေ ညာဘက်လမ်းဆီကို သွားချင်သွား။ မသွားချင်လျှင် လာလမ်းအတိုင်း ပြန်ရုံသာရှိသည်။ ဘယ်လမ်း ညာလမ်း နှစ်ဖြစ်နေသော်လည်း ကြားထဲမှာ အလျားလိုက်သွယ်တန်းထား သည့် ဆိုင်ခန်းတခန်းသာ ခြားပါသည်။ တနေရာမဟုတ် တနေရာမှာ ဒီမျက်နှာတွေက မမြင်ချင်မှ အဆုံး။ ဟိုဟိုဒီဒီသင်တန်းက ဆရာတွေက လမ်းမှာတွေ့ရင် မိတ်ဆွေတို့ထုံးစံအတိုင်း ပြုံးပြ နှုတ်ဆက် တတ်ကြသည်။ ရာသီဥတုကောင်းလျှင် တိဘက်လ ဘက်ရည်ဆိုင် ကလေးများရှိရာသို့ ရောက်သွားတတ်ပါ သေးသည်။ မိတ်ဆွေဖြစ်ခွင့်ရခြင်း၊ အင်္ဂလိပ် စကား ပြောခွင့်ရခြင်း တို့သည် ဓရံဆာလာရောက် ကိုယ့်အတွက်တော့ ပျော်စရာ အချိန်ကလေးများပင်ဖြစ်နေပါတော့သည်။

ဓရံဆာလာတွင် နှစ်လခန့် နေပြီးသွားသောအခါ ဘုံဘေတက္ကသိုလ်နှင့် မဂဓ တက္ကသိုလ်တို့တွင် ပညာသင်ယူနေကြသည့် ဆရာမေ (ခ) ဒေါက်တာအရှင် မေဓာနန္ဒ နှင့် အရှင်ဝိလာသဂ္ဂါလင်္ကာရ (ငနုချောင်းသား)တို့ ဓရံဆာလာသို့ ရောက်လာကြ ပါသည်။ ဆရာမေကတော့ ဗီယက်နမ်ဘုန်းကြီးလေးနှင့် အတူနေပြီး ငနုချောင်း သားကြီးကတော့ အိမ်လခသက်သာအောင် မိမိနှင့်အတူနေမည်ဟု ပြောပါသည်။ လက်ရှိမိမိနေသည့်အခန်းက တယောက်ခန်းဖြစ်နေ၍ အဆင်မပြေပါ။ နောက်သုံးရက် အကြာမှာပဲ နှစ်ပါးနေဖို့ အဆင်ပြေမည့် အဆောင်သစ်ကို ပြောင်းရွေ့လိုက်ပါသည်။ သူကတော့ “မင်း..အင်္ဂလိပ် ပြောရအောင် ငါလူခေါ်လာတယ်”ဆိုပြီး အခန်းထဲကို နိုင်ငံခြားသား မိတ်ဆွေတွေကို မကြာခဏ ခေါ်ခေါ်လာသည်။ အများစုကတော့ တိဗက်တွေပါ။ တနေ့မှာတော့ ဒေးဗစ်ဆိုတဲ့ အဖြူတယောက်ကို အဆောင်သို့ ခေါ်လာသည်။ အခန်းထဲဝင်ဝင် သူက “ကိုသစ်ရေ မင်းနဲ့ အင်္ဂလိပ်စကားပြော ရအောင်လို့ ငါအဖြူတကောင်ကို ခေါ်လာပြီ”ဟု ၀မ်းသာအားရ ပြောပါသည်။။ နောက်တော့ မိတ်ဆွေတွေ ဖြစ်သွားကြသည်။ သူက ကိုယ်တို့အခန်းကိုလည်း မကြာမကြာ လာလည်တတ်သည်။ တနေ့မှာတော့ ငနုချောင်းသားကြီးက Neighbour ဆိုတဲ့ အင်္ဂလိပ်စကားလုံးကို ဒေးဗစ်ကို စာလုံးပေါင်းခိုင်းတဲ့အခါ ဒေးဗစ်လည်း စာလုံး မပေါင်းတတ်ပဲဖြစ်နေသည်။ ဒေးဗစ်ပြန်ထွက်သွားတော့မှ ငနုချောင်း သားကြီးကို နောက်နောက်ပြောင်ပြောင် ပြောမိလိုက်သေးသည်။ “ဒီမှာကိုယ့်လူရ၊ ကိုယ့်အတွက် အင်္ဂလိပ်စကားပြော ရအောင်ဆိုပြီး မိတ်ဆွေတွေ ခေါ်ခေါ်လာတာကတော့ ကောင်းပါ တယ်။ ဒါပေမယ့် တွေ့ကရာလူတွေတော့ ခေါ်ခေါ်မလာပါနဲ့ ကိုယ့်လူရ။ အခု ကိုယ့်လူခေါ်လာတဲ့သူက Neighbour-တောင် စာလုံးပေါင်းမရဘူးရယ်”ဟု ပြော လိုက်တော့ ငနုချောင်း သားကြီးကား ပါးစပ်ပြဲကြီးဖြင့် တဟားဟား ရယ်ပါတော့ လေတော့သည်။ သေချာပြန်စဉ်းစားကြည့်တော့ ကိုယ်တွေလည်း ဒေးဗစ်တွေပါပဲ။ မြန်မာစာလုံးပေါင်းတွေ မကြာခဏဆိုသလို မှားမှားပြီးရေးမိတော့မှ ဒေးဗစ်ကို ကိုယ်ချင်းစာမိသည်။ ခင်မင်ရင်းနှီးခဲ့ရသည့် တိဗက်မိတ်ဆွေတွေထဲမှာ တချို့က ဘ၀အတွေ့အကြုံတွေ  တော်တော်များသည်။ အင်္ဂလိပ်စကား လည်း ကောင်းကောင်း ပြောနိုင်ကြသည်။ လူချင်းနည်းနည်းလေး ရင်းနှီးတာနဲ့ သူတို့ဘ၀တွေရဲ့ ရင်နာစရာ အဖြစ်အပျက်တွေ ကို ရင်ဖွင့်တော့တာပါပဲ။

ခြေခင်းလက်ခင်းသာသသည့် ညနေခင်းမှာ မိတ်ဆွေများနှင့်အတူ လဘက်ရည် ဆိုင်ထိုင်ခြင်းသည်  ဓရံဆာလာ၏ ယဉ်ကျေးမှုတခုဟုပင် ဆိုချင်ပါတော့သည်။ ဒီနေ့ညနေခင်းမှာလည်း အခါတိုင်းထိုင်နေကျ လဘက်ရည်ဆိုင်ကလေးမှာပဲ ထိုင် ဖြစ်ပါသည်။ “တိဗက်မှာ တရုတ်ပြည်မကြီးက အရာရှိကြီးတွေ ပြောပြောနေတဲ့ စကား တခုရှိတယ်ဗျ။ ဘာလဲဆိုတော့ “တံမြက်စည်းနဲ့ လှည်းမထုတ်သရွေ့ အခန်းထဲမှာ ရှိနေတဲ့ ဖုန်တွေဟာ ဘယ်တော့မှ သူ့အလိုလို ထွက်သွားမှာ မဟုတ်ဘူး” ဆိုတဲ့ စကားပဲဟု လွန်ခဲ့သောနှစ်ပတ်ခန့်လောက် အချိန်ကလေးကမှ လူထွက်ထားသည့် တိဗက်လူငယ်တဦးက ပြောပါသည်။ တိဗက်စာပေနဲ့ယဉ်ကျေးမှု၊ တိဗက်ရိုးရာ အနုပညာ၊ ဘာသာ သာသနာကို မော်စီတုန်းက အခန်းထဲရောက် နေသည့် ဖုန်မှုံ့တွေ လို သဘောထားပုံရသည်။

လာဆာကိုအထူးတပ်ဖွဲ့စေလွှတ်ပြီး ယဉ်ကျေးမှု တော်လှန်ရေးလုပ်သည့် ကာလ အတွင်းမှာ အခြေအနေအားလုံးက ဖရိုဖရဲ ရုပ်ဆိုးအကျည်းတန်သွားခဲ့ရသည်။ တိဗက်မှာရှိသည့် ရှေးဟောင်းပစ္စည်းများကို သိမ်းယူပြီးနောက် ဘေဂျင်း၊ ဟောင် ကောင်နဲ့ ထိုင်ဝမ်ရှေးဟောင်းပစ္စည်းအရောင်းဆိုင်များသို့ တင်ပို့ရောင်း ချကြလေသည်။ စေတီများ၊ ကျောင်းကန်ပုထိုးများနှင့် ရှေးဟောင်းတိဗက်ကျမ်းစာများ အများဆုံး အဖျက်ဆီးခံခဲ့ရသည့်ကာလတခုပင်ဖြစ်သည်။ တိဗက်လူမျိုးတွေ အလွန်နှစ် သက်သည့် အိမ်ရှေ့မှာ အလှစိုက်ထားသည့် ပန်းအိုးတွေကိုတောင် သိမ်းဆည်းယူငင်သွား တတ်ကြသည်။  အင်အားကြီး သူက အင်အားနည်းသူကို အနိုင်ယူလိုမှုတွေ အားကြီး လာသောအခါ နိုင်နည်းမျိုးစုံကို အသုံးပြုတတ်ကြပါသည်။ မှားမှား မှန်မှန် ခေါင်းငုံ့ ခံနေရသည့်အနေအထားတခုမှာ အင်အားကြီးသူတို့က သူတို့စိတ်ကူးပေါက်သလို နိုင်ထက်ကလူ  ပြုမူတတ် ကြသည်မှာ အသိဥာဏ်နှင့် ဆင်ခြင်တုံတရားကင်းမဲ့တတ်ကြ သည့် လူသားတို့၏ သဘာဝမိုက်မဲမှုတခုပင်ဖြစ်ပါလိမ့်မည်။

သူပြောပြသည့် အဖြစ်အပျက်ကလေးတစ်ခုကို မှတ်မိပါသေးသည်။ “လူသားတယောက်ရယ်လို့ ဖြစ်လာပြီဆိုရင်တော့ မိတ်ဆွေကောင်းရှိဖို့ လိုအပ်တယ်။ လွတ်လပ်မှုရှိဖို့လည်း လိုအပ်တယ်။ ပြီးတော့ အမှန်တရားကိုချစ်တတ်ဖို့နဲ့ ဘ၀ကို နေပျော်စေတဲ့ မိသားစုသံယောဇဉ်ဆိုတာလည်း ဘ၀မှာ ရှိဖို့လိုအပ်သေးတယ်ဗျ”။

ဒါက ကျနော်ဘ၀နဲ့ယှဉ်ပြီး ပြောတာ။ ဒီဓရံဆာလာမှာ ကျနော်နေလာတာ နှစ်နှစ်ဆယ်ကျော်ပြီလေ။ မိတ်ဆွေနည်းနည်းပါးပါး ရှိတယ်။ မိသားစုတွေအကုန်လုံးက တိဗက်ပြည်မှာကျန်ခဲ့တော့ လွမ်းတာပေါ့။ တိဗက်ပြည်ကို ပြန်ချင်တယ်။ သူတို့ ဘယ်လိုနေကြလဲ၊ အသက်မှ ရှင်ကြသေးရဲ့လားလည်း မသိဘူး။ မသေခင်လေး တိဗက်က မိသားစုတွေနဲ့ ပြန်တွေ့ချင်သေးတယ်’ဟု အသစ်စက်စက်လူထွက်ထား သည့် လားမားလူထွက်ကလေးက ပြောပါသည်။

လားမားလူထွက်ကလေးက သူ့အိပ်မက်တွေကို တ၀ကြီးပြောပြပြီးနောက် သင်တန်း ရှိသေးသည်ဟုဆိုကာ နှုတ်ဆက် ထွက်ခွါသွားပါသည်။ လောလောလောလောနှင့် ဆိုင်ထဲကနေ ခပ်သုတ်သုတ်ထွက်ခွါသွားတဲ့ လားမားလူထွက် ကလေး ရဲ့ကျောပြင်ကို လှမ်းကြည့်နေရင်းက သူပြောသွားတဲ့ စကားလေးကို စဉ်းစားနေမိသည်။ “လူသား တယောက်ရယ်လို့ ဖြစ်လာပြီဆိုရင်တော့ မိတ်ဆွေကောင်းရှိဖို့ လိုအပ်တယ်။ လွတ်လပ်မှုရှိဖို့လည်း လိုအပ်တယ်။ ပြီးတော့ အမှန်တရားကို ချစ်တတ်ဖို့နဲ့ ဘ၀ကို နေပျော်စေတဲ့ မိသားစုသံယောဇဉ်ဆိုတာလည်း ဘ၀မှာ ရှိဖို့လိုအပ်သေးတယ်”။

သူသူငါငါ မပြီးဆုံးနိုင်သေးတဲ့ ရှေ့ဆက်ရဦးမည့် ခရီးရှည်ကြီးအကြောင်းကို ပြန်တွေး ကြည့်မိလိုက်တော့ ဘ၀ဆိုသည်မှာ သစ်ရွက်ပမာ…..။

ဆက်လက်ဖော်ပြပါမည်။
ကိုသစ် (သီတဂူ)
၁၀၊ ၁၊ ၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ခရီးသွား ဆောင်းပါး

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)