ကြေးမုံအေး – အိပ်ပျော်နေတဲ့ မြို့ကလေး

October 5, 2018

than htay maung

  – အိပ်ပျော်နေတဲ့ မြို့ကလေး

(မိုးမခ) အောက်တိုဘာ ၅၊ ၂၀၁၈

( တစ် )

ညနေခင်းမြို့အဝင်ကနေ လမ်းလျှောက်ပြန်လာတော့ လမ်းမီးတိုင်မှာ မီးသီးလေးတွေ ဖျတ်ခနဲ လင်းဖြူလာခဲ့ပြီ။ အမှောင်ရိပ်ဝါးမျိုစမြို့ကလေးဟာ လမ်းမီးသီးတွေရဲ့မာကြူရီမီးရောင်အောက်မှာ စိုလက်လက်။ အငြိမ့်စင်ပေါ်က မင်းသမီးထွက်တော့မှာမို့ မီးရောင်ပြောင်းလိုက်သလို။
လှလိုက်တဲ့ ညနေခင်းအိုလေး။

ကတ္တရာလမ်းမထက်မှာ ဆိုင်ကယ်တစီးနှစ်စီး။ ဆည်မြောင်းလက်တံဘက်ကနေ လမ်းလျှောက်ပြန်လာခဲ့တဲ့ လူတချို့။ ခြေညောင်းလက်ဆန့် လေညင်းခံထွက်လာပုံရတဲ့ မိသားစုတစု။ ကလေးလေးတွေကို လက်ဆွဲလို့။ဖြေးဖြေးအေးအေး တတီတီ ဟွန်းသံပေးရင်းဖြတ်မောင်းသွားတဲ့ကားလေးတချို့ တလေ တွေ့ရ။ ဟော ! ရှားရှားပါးပါး မြင်ရခဲတဲ့နွားလှည်းလေးတစီး။ လမ်းဘေးက လှည်းလမ်းကြောင်းမှာ တအီအီနဲ့မောင်းလာ။ မြင်ကွင်းထဲမှာတော့ အရာအားလုံးဟာ နေသားတကျ။ ပန်းချီကားထဲက ရှုမျော်ခင်းတစ်ခုသဖွယ်။ ငြိမ့်ငြိမ့်ညောင်းညောင်း။

ကာဗွန်မိုနောက်ဆိုဒ်ကင်းမဲ့သန့်ရှင်းတဲ့လေကို အဆုတ်ထဲထိရောက်အောင် တဝရှုသွင်းလိုက်ရင်း ခြေလှမ်းကို မြန်နှုန်းမြှင့်လိုက်တယ်။ လျှောက်စမ်းကွာ။ အရေးထဲခွေးတကောင်က လမ်းမပေါ်ကို ကန့်လန့်ဖြတ်တက်လာတာမို့ ဆိုင်ကယ်သမားက အသာရပ်စောင့်နေရ။ အခိုက်အတန့်လေး။ လမ်းဘေးအိမ်က လမ်းလျှောက်တတ်ခါစ ကလေးငယ်လေးက တတောက် တောက်နဲ့ လမ်းမပေါ်တက်လာ။

“ဟဲ့ ..ဟဲ့”

အမေဖြစ်သူက ကမန်းကတန်းနောက်ကလိုက်ဆွဲ။ တကယ်တော့ “လမ်း”ဆိုတာ အမြဲတမ်း အန္တရာယ်ရှိနေနိုင်တဲ့ နေရာပါလေ။

တဖြည်းဖြည်းနဲ့ အလင်းကလျော့ရဲ အမှောင်က အတင့်ရဲလာခဲ့ပြီ။ လမ်းဘေးတဖက်တချက်က သစ်ပင်ကြီးတွေဟာ မကြာသေးခင်ကမှ ခုတ်ထားတာမို့ မြင်ကွင်းက ရှင်းလင်းသပ်ရပ်လို့။ ဟိုးယခင် သစ်သားမီးတိုင်တွေနေရာမှာ အသစ်လဲထားတဲ့ကွန်ကရစ်မီးတိုင်လေးတွေက ညီညီစီစီ နဲ့ မျက်စိတဆုံး။
ရှေ့မှာ တိုက်စိမ်းပြာလေးနဲ့ အဝါနုရောင် ပြန်ဆက်ရုံးနဲ့ တိမွေးကုရုံးကို လှမ်းမြင်နေရပြီ။ ရှေ့ကို ဆက်သွားခဲ့ရင် မြို့ကလေးရဲ့တခုတည်းသော အထကကျောင်းကြီးကို ရောက်လိမ့်မယ်။ ကျောင်းပုရဝုဏ်ကို လွန်လာရင်တော့ မြို့ကလေးရဲ့ မိန်းပွိုင့်လို့ ခေါ်ရမယ့် ကွေ့တာင်ဘက်စူးစူးအတိုင်း လိုက်သွားရင် ပခုက္ကူ၊ အနောက်ဘက်တည့်တည့်ကို ချိုးလိုက်ရင်တော့ ဂန့်ဂေါ ။ ကျွန်မလာရာလမ်းအတိုင်း မြောက်ဘက်အထိဆက်သွားရင်တော့ မုံရွာ။ အဲဒီမြို့တွေကို အသေအချာ ဆိုက်ဆိုက်မြိက်မြိုက် ရောက်ရှိသွားပါလိမ့်မယ်။ အဲဒီကွေ့နေရာလေးမှာ လမ်းညွှန် ဆိုင်းဘုတ်ပြာပြာလေးတွေဟာ လက်ညှိုးညွှန်ပြနေသလိုလို။

( နှစ် )

စာသင်ကျောင်းကိုကျော်ပြီးလမ်းဆုံလမ်းခွကိုရောက်ခါနီးတော့ ပြင်းပြင်းရှရှရနံ့တခုကို ရလိုက်ပါပြီ။ ဘာနံ့များပါလိမ့်။ ညှော်လိုက်သည်မှ စူးစူးရှရှ။ ဆီကို မီးပြင်းပြင်းနဲ့ အပူပေးထိ တွေ့လို့ ဖြစ်ပေါ်လာတဲ့ညှော်နံ့မျိုး။

ဟုတ်တာပေါ့ …ဒါဟာ အသားကင်နံ့ပဲ။ ရှေ့မှာ လူလေးငါးယောက်ဝိုင်းအုံစောင့်ဆိုင်းနေကြတဲ့ အသားကင်ဆိုင်။ ဒီအသားကင်ဆိုင်ဟာ ဒီမြို့ကလေးမှာ ပေါ်လာတာ သိပ်မကြာလှ
သေး။ အလွန်ဆုံးရှိလှမှသုံးလေးလပေါ့။

အရင်တုန်းက မြို့ကလေးထဲမှာ ညနေခင်းထွက်စားစရာဆိုလို့ ဘာဆိုင်မှမရှိ။ မာလာဟင်းနဲ့ ပင်လယ်စာတွဲရောင်းသောဆိုင်လေးတဆိုင်နဲ့ ကြာဇံဟင်းဆိုင်တဆိုင်သာရှိပြီး ဒါကိုပဲ အလုအယက်တန်းစီ စောင့်ဝယ်ခဲ့ရသော မြို့ကလေးပေါ့။ ဟော …အခုတော့ အသားကင်ဆိုင်တဆိုင် တိုးလာခဲ့ပြီ။

“ဘာကင်တွေရလဲ”
” အစုံပဲ အစ်မ။ ငါးကင် ကြက်ခြေထောက်၊ ကြက်ဆီဗူး၊ ရုံးပတီ၊ အာလူး၊ ငုံးဥ၊ အသားတု”
“သြော်…မဆိုးပါဘူး၊ စုံသားပဲ”

ကျွန်မ စနည်းနာကြည့်လိုက်တော့ အသားတုနဲ့ ရုံးပတီသီးကင်တွေ အများကြီးထည့်ထားတဲ့ ကြွပ်ကြွပ်အိတ်ကိုဆွဲပြီး ဆိုင်ကယ်ပေါ်တက်တော့မဲ့ ကောင်မလေးက ဖြေပါတယ်။

” ညီမလေး ဘယ်ကလာဝယ်တာလဲ”
“မြကုန်းက အစ်မ”

အင်း…ရွာကလေးတွေက လူတွေဟာ သနားဂရုဏာ သက်ချင်စရာလူတွေ။
“အသားကင်” ဆိုတာ ဘာမှန်းမသိဘဲ သွားရေစာ စားစရာဆိုလို့ ပဲခွေလေးနဲ့ မုန့်ဆီကြော်ကို ဘဝတလျှောက်လုံး မက်မက်စက်စက်စားပြီး ဘဝကို ပြီးဆုံးသွားခဲ့ရတဲ့ လူတွေ။ အလိုရမ္မက် နည်းပါးပြီး ဘာမှမရှိခဲ့တဲ့ ဘဝတွေမှာ ပျော်ရွှင်စွာ နေထိုင်ဖြတ်သန်းသွားခဲ့ကြတဲ့ လူတွေ။

သူတို့ အလွန်ဆုံးစားရလှခေါက်ဆွဲကြော်ပေါ့ ။ အခုတော့ မြို့ကလေးဟာ ဗားရှင်းမြှင့်ပြီး အကင်ဆိုင်တွေ ပေါ်ထွက်လာခဲ့ပြီ။ ညနေခင်း အပျင်းပြေလမ်းလျှောက်ရင်း အဲဒီအကင်တွေကို မြည်းစမ်းနိုင်ပြီ။ ရွာနီးချူပ်စပ်က လူတွေလည်း တကူးတကန့် မဟုတ်တောင် ခရီးသွားဟန်လွဲနဲ့ လူကြုံလမ်းကြုံခဲ့ရင် ဝယ်သွားနိုင်ပါပြီ။ မာလာဟင်း၊ ပင်လယ်စာ၊ သင်္ဘောသီးထောင်း၊ ကြာဇံဟင်း…။
အင်း.ဒီလောက်ဆိုလဲ သိပ်မဆိုးလှပါဘူးလေ။ မြို့ကလေးရဲ့ညနေခင်းတွေဟာ အဲဒီလို အကင်ဆိုင်လေးတွေကြောင့် ပိုလို့သက်ဝင်လှပသွားတယ်လို့ ဆိုရမှာပေါ့။

( သုံး )

ဒီလိုနဲ့ရှေ့ကို ဆက်လျှောက်ခဲ့တော့ မြို့ကလေးထဲက နာမည်ကြီးလက်ဖက်ရည်ဆိုင်နဲ့ တခြားလက်ဖက်ရည်ဆိုင်လေးတွေ။ စတိုးဆိုင်၊ ကုန်စုံဆိုင်၊ ထမင်းဆိုင်၊ ဘီယာဆိုင်နဲ့ တခြားစားသောက်ဆိုင်လေးတွေဆိုတာ ရောထွေးပြန့်ကြဲလို့။ ဆိုင်လေးတွေက မြို့ကြီးပြကြီးတွေကဆိုင်တွေလိုတော့ ခမ်းနားထည်ဝါမှု မရှိလှ။ ခပ်သေးသေးခပ်နုတ်နုတ်လေးတွေပါပဲ။ ရယ်ဒီမိတ်အင်္ကျီတွေတင်ရောင်းတဲ့ အထည်ဆိုင်ကြီး သုံးဆိုင်လောက်ကလွဲလို့ မြို့ကလေးထဲမှာ ဆူပါမားကက်လို၊ မီနီမားကက်လို ဈေးဝယ်စင်တာကြီးတွေလည်း မရှိပါ။

လူနေအိမ်ခြေအဆောက်အဦးတွေကိုကြည့်လျှင် ပိုလို့တောင် ဆိုးရွားနေသေး။
အခုနောက်ပိုင်းနှစ်များမှ နံကပ်များ၊ အာရ်စီတိုက်များ အပြိုင်းအရိုင်းဆောက်လုပ်လာကြသည်မှာ မကြာလှသေး။ ဘယ်အချိန်ကတည်းက ရှိခဲ့မှန်းမသိသော ဘိုးစဉ်ဘောင်ဆက် ယုံ ကြည်စွဲလန်းသက်ဝင်မှုတခု။ ဤ နယ်သည်”ဗန့်ကျီနယ်”ဖြစ်၍ တိုက်မဆောက်ရ။ ဆောက်လျှင် သေတတ်သည်။ နူနာစွဲမည်။ ခိုက်တတ်သည် ဟူသော အစွဲကြီးတခုကြောင့် မြို့ ကလေးပေါ်၌သာမက ကျေးလက်တောရွာများမှ ငွေကြေးချမ်းသာသူများပင်လျှင်တိုက်ဆောက်ပြီး မနေခဲ့ရပါချေ။ သစ်ဝါးပေါများသော နယ်မြေဒေသဖြစ်၍ များသောအားဖြင့် ကျွန်း၊ ပျဉ်းကတိုး၊ ပိတောက်ကဲ့သို့သော သစ်များဖြင့်သာ ပျဉ်ထောင်အိမ်ကောင်းကောင်း ဆောက်လုပ်ပြီး နေထိုင်ကြရလေ၏။

အခုတော့ အဲဒီလူပြောသူပြောများလှသောကြောက်စရာ လှန့်လုံးကြီး ဘယ်ရောက်သွားလေသည်မသိ။ ကျွန်မတို့လို နောက်မျိုးဆက်တွေက ခပ်တည်တည်ပင် တိုက်တွေဆောက်ပြီး နေထိုင်ကြလေပြီ။ ဒါကိုကြိုဆိုရမှာပေါ့နော်။ သိပ်အဓိပ္ပာယ်မရှိလှသော ရှေးရိုးအယူအဆဟောင်းများကိုတော့ ရဲဝံ့စွာဖယ်ရှားပစ်ဖို့တော့ လိုအပ်တာပေါ့။ လက်ရှိခေတ်နှင့် မကိုက်ညီ တော့သော မဆီလျော်တော့သော အစွဲအလန်းများနှင့် ဓလေ့ထုံးတမ်းအစဉ်အလာများ၊ ခြောက်လုံးလှန့်လုံးများကို နည်းနည်းတော့ ဆန်းစစ်လေ့လာပြီးမှ လက်ခံဖို့လိုတယ်လို့ ကျွန်မတွေး နေမိပါသေးတယ် ။
ရှေ့ကိုဆက်လျှောက်ပါဦးမယ်။

( လေး )

မြို့မဈေးဆိုတာ မြို့ကလေးရဲ့ အထင်ကရနေရာတခုပေါ့။ ဈေးဝင်းကြီးက ကျယ်ကျယ်ပြန့်ပြန့်ရှိနေပေမယ့် ဈေးထဲမှာ ဈေးဆိုင်ခန်းဆိုလို့ မယ်မယ်ရရ ပြစရာမရှိ။ ရှေ့မျက်နှာစာလေးမှာ သာ ပျဉ်ခင်းသွပ်မိုးဆိုင်ခန်းလေး ငါးခန်းလား အလှပြထားသလိုလို။ မနက်ခင်း ဆယ်နာရီလောက်ဆိုရင်ပဲ ဈေးကကွဲပြီး လူတွေ ကျဲပါးပြတ်တောက်ကုန်ပြီ။ ဆယ်နာရီကျော်လာခဲ့လျှင် မြို့မဈေးဟာ ကျီးနှင့်ဖုတ်ဖုတ်။ ခြောက်တိခြောက်ကပ်။ မြို့ကလေးဟာ ဟိတ်ဟန်သိပ်ထုတ်တယ်လို့ မဆိုငြားသော်လည်းပဲ ဈေးအတွက် သိမ်ငယ်နေရတာတော့အမှန်။ တခြားမြို့က ဈေးတွေနဲ့ ယှဉ်ကြည့်လိုက်လေတိုင်း ကိုယ့်မြို့ဈေးကလေးဟာမျက်နှာငယ်စရာပ။ ဒါကို ဒီမြို့နယ်သားဖြစ်သော လက်ရှိတိုင်းစည်ပင်ဝန်ကြီးသည် တိုးတက်အောင်လုပ်ပေးဖို့ ကောင်း သည်ဟု ယောင်ချာချာနှ့င့်တွေးနေမိသေးသည်။

ဈေးနှင့်မျက်နှာချင်းဆိုင်မှာတော့ ပုဂ္ဂလိကဆိုင်ခန်းလေးတွေရှိသေးလို့ နည်းနည်းတော့ စည်ကားနေသယောင်ယောင်။

ဈေးနေ့တွေဆိုရင်တော့ ဈေးနားတဝိုက်မှာ လူတွေဆိုင်ကယ်တွေသာမက စက်တပ်ယာဉ်အမျိုးမျိုးနှင့် ရှုပ်ထွေးဆူညံတယ်ပေါ့။ လေအေးအေးလေးတချက် ဝေ့ခတ်သွားတော့ အနည်းငယ်လန်းဆန်းသွားသလိုလို။

ပြန်မကွေ့သေးဘဲ ရှေ့တည့်တည့်ကိုဆက်လျှောက်လာခဲ့တယ်။

ဈေးအလွန်ဒီနေရာတွေဟာ ဟိုတုန်းကဆိုရင် ကွက်သစ်အစွန်အဖျားတွေပေါ့။ လူနေအိမ်ခြေနည်းပါးပြီး လူသွားလူလာ သိပ်ကို ကျဲပါးပြတ်တောက်ခဲ့တဲ့ နေရာတွေပေါ့။ သစ်ပင်ဝါးပင် စိမ်းစိမ်းစိုစိုမရှိဘဲ ခြောက်သွေ့မွဲရီနေခဲ့တဲ့ နေရာလေးတွေပါပဲ။ အခုတော့ဖြင့်ကြည့်ပါဦး။ တိုက်သစ်တွေဆိုတာ ထိုးထိုးထောင်ထောင်နဲ့။ ဈေးဆိုင်တွေနဲ့။ လူတွေ၊ ဆိုင်ကယ်တွေဆိုရင် မျက်စိနောက်စရာကောင်းလောက်အောင်ကို ရှုပ်ထွေးလှုပ်ခတ်လို့။ ဆူညံပွက်လောထလို့။

အရင်က ဒီနေရာလေးဟာ ကွက်သစ်ဆိုတာ မယုံကြည်နိုင်စရာ။ ကြည့်လေ .. ဒီနားပတ်ချာလည်မှာကို လက်ဖက်ရည်ဆိုင်က ခုနှစ်ဆိုင်တဲ့။ စက်ချုပ်ဆိုင်၊ အလှပြင်ဆိုင် ၊ ကားဝပ်ရှော့၊ ဆိုင်ကယ်ဝပ်ရှော့၊ ဖုန်းဆိုင်၊ ဆေးခန်း၊ စားသောက်ဆိုင် …အိုး…စုံလို့ပါပဲ။

ကျွန်မနေထိုင်ရာ မြို့ဦးရပ်ကွက်ထက်တောင်ဒီနေရာလေးက ပိုလို့ စည်ကားရှုပ်ထွေးနေသေးသည်။ မြို့ကလေးရဲ့အစည်ကားဆုံးနေရာလို့တောင် ပြောလို့ ရနိုင်မယ်ထင်ပါရဲ့။ လမ်းလျှောက်ရတာ ညောင်းညာကိုက်ခဲလာပေမယ့် ခြေလှမ်းတွေဟာ တလှမ်းပြီးတလှမ်း ….ရှေ့ကိုရွေ့လျားနေ …။

( ၅)

မြွေတကောင်ဆန့်ဆန့်ကြီး အိပ်မောကျနေသလို လဲလျောင်းငြိမ်သက်နေတဲ့ ကတ္တရာလမ်းမကြီးဘေးမှာတော့ သစ်ပင်ထူထူအုပ်အုပ်လေးတွေဟာ စိမ်းမြနေတဲ့ တောရိပ်တော
တန်းလေးလို။ ရုတ်တရက် မျက်ဝန်းတွေဟာ အေးမြသွားခဲ့တယ်။ ထနောင်းပင်ကားကား၊ ကုက္ကိုပင်ဖားဖား ၊ တမာပင်ညို့ညို့တွေဆီက အေးမြမှုဟာ ကျွန်မရင်ထဲကို အသေအချာ
တိုးဝင်လာခဲ့ပြီ ။ တစ်ချက်တစ်ချက် လွင့်ပြေး လာတဲ့ ကားမီးရောင်အောက်မှာ မြင်တွေ့နေရတဲ့မြင်ကွင်းတွေဟာ နေ့လည်နေ့ခင်းနဲ့ မတူဘဲ လှပဆန်းသစ်နေသလိုလို။

အိမ်တွေဆိုင်တွေထဲမှာ ညှိထွန်းထားတဲ့မီးရောင်လေးတွေဟာ အမှောင်ထဲက မီးပန်းပွင့်လေးတွေ။ ဟိုတစ ဒီတစနဲ့ လင်းလက် ဝင်းပလို့။ လမ်းပေါ်မှာ တော့ ဆိုင်ကယ်တွေဟာ တဝေါဝေါနဲ့ ပြေးလွှားနေဆဲ။ မြို့ကလေးရဲ့ ဂုဏ်ယူဝံ့ကြွားစရာတခုက ဘယ်လိုရာဇဝတ်မှုခင်းမျိုးမှမရှိတာ၊ထိတ်လန့်ချောက်ချားစရာ အမှုအခင်းမျိုးတွေ ဖြစ်မလာခဲ့တာ။ တခါတရံ ခိုးမူလေးလောက်ကလွဲရင် ပြောပလောက်စရာ ဒုစရိုက်မှု လုယက်မှု ရိုက်နှက်မှု အကြမ်းဖက်မှုတွေမရှိတာကိုပဲ မြို့သူမြို့သားတွေဟာ ဂုဏ်ယူမဆုံး တပြုံးပြုံး။
ခြေလှမ်းတွေဟာ တရွေ့ရွေ့ ….

( ခြောက် )

ဟော..ဟိုရှေ့ဆီမှာသစ်တောရုံး၊ ဆလရရုံးနဲ့စိုက်ပျိုးရေးရုံး။
စိုက်ပျိုးရေးရုံးဆိုလို့ ကျွန်မတို့ ငယ်စဉ်ကမြို့ကလေးဟာ ဂျုံအထူးအထွက်တိုးနယ်မြေလို့ သတ်မှတ်ခြင်းခံထားရတဲ့ မြို့ပေါ့။ ဂျုံအထူးအထွက်တိုး ခန်းမကြီးတောင် ယနေ့ထက်တိုင်
ရှိနေဆဲလေ။ ဂျုံကိုတော့ မစိုက်ကြတော့ပါဘူး။ ပြောင်းလဲသွားတဲ့ခေတ်စနစ်အခြေအနေအရ အခုချိန်မှာ ဂျုံအစား ပဲကိုပဲ စိုက်ကြပါတော့တယ်။ ပြီးတော့ နေကြာ၊ နှမ်းနဲ့ ပဲစင်းငုံကို
လည်း နည်းနည်းစီ စိုက်ကြပျိုးကြ ရိတ်သိမ်းကြပေါ့။ ပဲပေါ်ချိန်၊ နှမ်းပေါ်ချိန်နဲ့ နေကြာပေါ်ချိန်များဆိုရင် မြို့ကလေးဟာကျေးလက်ဂီတသံအောက်မှာ မြူးကြွားကခုန်နေတဲ့ အချိန်ပေါ့။

ရိုးသားသန့်စင်တဲ့ မြို့ကလေးရဲ့ရယ်မောသံဟာလည်း အဲဒီလို အချိန်မျိုးဆိုရင် မြူးလွင်လို့ပေါ့။
ရှေ့နား ခပ်လှမ်းလှမ်းမှာ ရေတွင်းလေး။ လက်ငင်ရေတွင်းလေး။ အနားမှာကလက်ပံပင်ကြီး။ကျွန်မသိလိုက်ပြီ။ ဒီလက်ပံပင်ကြီးဟာ နွေရာသီဆို ရဲစိုနီမြန်းနေအောင် ပွင့်တာများ သိပ်လှတာပဲ ရေတွင်းလေးမှာလည်း ရေငင်သူ၊ ရေလာချိုးသူတွေနဲ့။ ကျွန်မတို့ မြို့ကလေးရဲ့ သရုပ်မှန်ပန်းချီကားတချပ်ပါပဲ။

အခုတော့ ရေတွင်းလေးမှာလည်း ရေငင်သူနဲ့ ရေလာချိုးမယ့်သူ မရှိတော့။ စည်ပင်သာယာက တမြို့လုံးကို လုံလောက်အောင် ရေပေးဝေထားလေတော့ လက်ငင်တွင်း ယဉ်ကျေးမှုလေးတွေဟာ ပျောက်ဆုံးသွားခဲ့ပြီ။

ဟိုတုန်းကတော့ မြို့ကလေးဟာ ရေအလွန်ရှားသတဲ့လေ။ ရေတွင်းက နည်းလွန်းပြီး သောက်သုံးရေအတွက်သိပ်အခက်အခဲဖြစ်ပါတယ်တဲ့။ မေမေတို့ ဒီမြို့ကလေးကို ရောက်
လာကာစတုန်းက ညဥ့်နက်သန်ခေါင်ကျမှအုပ်စုဖွဲ့ပြီး အိမ်အတွက် ရေခပ်ရေငင်ရတာတဲ့။ သူများတွေအတွက်တော့ မသိ။ ကျွန်မအတွက်တော့ လက်ငင်တွင်းလေးဟာ အလွမ်း
ရက်စွဲတွေပါပဲ။

အလွမ်းရေတွင်းလေးနဲ့ လက်ပံပင်ကြီးကို ကျော်လွန်လာခဲ့တော့ မြို့ပြင်က ဘီးခွန်ကောက်တဲ့ ဂိတ်တွေနဲ့ နီးကပ်လာပါပြီ။ မြို့အထွက် ဓာတ်ဆီဆိုင်၊ ပန့်ဆိုင်တွေနဲ့ နီးကပ်လာပြီမို့ အိမ်ကို ပြန်ဖို့ဆုံးဖြတ်လိုက်ပါတယ်။

( ခုနှစ် )

မထင်မှတ်တဲ့ဘဝတဆစ်ချိုး အကွေ့တခုမှာ မြို့ကလေးနဲ့ ကာလတခုကြာမြင့်အောင်ကျွန်မ ခွဲခွာနေခဲ့ရဖူးပါတယ်။ အဲဒီလိုမြို့ကလေးနဲ့ ဝေးနေတုန်းက မြို့ကလေးအကြောင်းကို စဉ်းစားမိ လေတိုင်း လွမ်းဆွတ်တမ်းတစိတ်တွေကပ်ငြိပြီး ရင်ဟာ ပြည့်သိပ်းကျပ်လို့။ စိတ်ဟာ ထိခိုက်ကြေကွဲလို့။ အခုတော့လည်း မြို့ကလေးရဲ့ရင်ခွင်ထက်မှာ ကျွန်မဟာ ပျော်ရွှင်စွာ ခိုဝင်
နေပါပြီ။ မြို့ကလေးဟာ ကျွန်မ။ ကျွန်မဟာမြို့ကလေးပေါ့။

နှစ်ကာလတွေအောက်မှာ မြို့ကလေးဟာ အပေါ်ယံရုပ်ဝတ္ထုတွေ ဖွံ့ဖြိုးတိုးတက်လာပေမဲ့ အတွင်းသားတွေ မပြောင်းမလဲဘဲရှိနေတာက ဝမ်းသာစရာပါ။ အေးငြိမ်းမှု၊ငြိမ်သက်မှု၊ ရိုးရှင်းမှု၊ အရောင်ကင်းစင်မှု၊ အရောကင်းပမှု။ ဒါတွေနဲ့ပဲ မြို့ကလေးဟာ ရဲရင့်မော်ကြွားလို့ရနေပြီပေါ့။ ဒီလို ဝိသေသတွေနဲ့ ပြည့်စုံနေလို့လည်း မြို့သူမြို့သားတွေဟာ ဟောဒီလို ရဲရင့်ရိုးသားခဲ့တဲ့ မြို့ကလေးမှာ မွေးဖွားခဲ့ရတာကို ဂုဏ်ယူဝံ့ကြွားရကောင်းမှန်းသိနေခဲ့ပေါ့။

မြို့ကလေးရေ …..ငါလေ မင်းကို သိပ်ချစ်တာပဲ မြို့ကလေးရေ။

မြို့ပေါ်ကလူတွေက ဝန်ထမ်းတွေများပြီး ကျေးလက်မှာတော့ လယ်သမား ယာသမားတွေ နေထိုင်ပျော်မွေ့တဲ့ မြို့ကလေး။ မြေပုံရဲ့အလယ်တည့်တည့်လောက်မှာရှိတဲ့ မိုးနည်း
ရေရှားရပ်ဝန်းဒေသထဲက မြို့ကလေးး။ မြစ်ချောင်းအင်းအိုင် နည်းပါးလွန်းလှတဲ့မြို့ကလေးး။ ကျွန်မချစ်တဲ့ မြို့ကလေး။  ကျွန်မကို အမြဲတစေ ဖမ်းစားညှို့ငင်ထားတဲ့မြို့ကလေး။

မြို့ကလေးရေ….. ထာဝရအေးချမ်းပါစေ။
ထာဝရငြိမ်သက်ပါစေကွယ်။

မကောင်းမှုဒုစရိုက်အကုသိုလ် ကင်းပတဲ့မြို့ကလေးး။ ကမ္ဘာရွာကြီးထဲမှာ ဘာကိုမှမသိဘဲ ရိုးအစွာ နေထိုင်လာခဲ့တဲ့မြို့ကလေး။ နောင်လာမဲ့အနာဂတ်ကာလတွေမှာ ဘယ်အရာတွေ ဘယ်လိုပဲ ပြောင်းလဲသွားပါစေလေ။ ကျွန်မ ချစ်တဲ့ ဟောဒီမြို့ကလေးကိုတော့ ဒီအတိုင်းပဲ ကြည်လင်ရှင်းသန့်စွာနဲ့ကျွန်မ မြင်သွားချင်ပါတယ်။ ဒါကတော့ ကျွန်မရဲ့ “အတ္တ” လို့ပဲပြော ပါတော့နော်။

ကျွန်မရဲ့ အိမ်ကိုရောက်ခါနီးတော့ မြို့ကလေးထဲက အသံဗလံတွေဟာ တိတ်ဆိတ်။ အလင်းတွေဟာ ပါးလျမှုန်ရီလာခဲ့ပြီ။ တနေ့တာလုံး ပင်ပန်းနွမ်းလျလာခဲ့တဲ့ မြို့ကလေးဟာ အိပ်တော့မယ်ထင်ပါရဲ့။

မြို့ကလေးရေ ကျေးဇူးပြုပြီး နှစ်နှစ်ခြိုက်ခြိုက်အိပ်ပစ်လိုက်ပါကွယ်။ ချစ်ခြင်းမုန်းခြင်း အမျက်အအီ အနည်းငယ်မျှလောက်ပင်မရှိဘဲ အေးချမ်းစွာနဲ့ အိပ်ပစ်လိုက်စမ်းပါ။ ပူပင်သောကဆိုလို့ မြူမှုန်တစ်မှုန်မျှလောက်ပင် မရှိပါစေနဲ့။ စိတ်လက်ကြည်သာ ပကတိချမ်းသာစွာနဲ့ အိပ်စက်လိုက်စမ်းပါ။ ရောင်နီပျို့လို့ နေ့သစ်ကူးလာမယ့်နံနက်ခင်းကို ရောက်လာခဲ့ရင် “မင်္ဂလာပါနံနက်ခင်းပါ “လို့ နှုတ်ခွန်းဆက်ကြရအောင် … … …

ကြေးမုံအေး


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments