ခက်မာ ● မပျောက်ဆုံးသူ ကိုယ်စစ်စစ်

October 8, 2018

● မပျောက်ဆုံးသူ ကိုယ်စစ်စစ်
(မိုးမခ) အောက်တိုဘာ ၈၊ ၂၀၁၈

မိုးမခ အတွဲ (၅)၊ အမှတ် (၁) ၂၀၁၈၊ မေလထုတ်မှ ပြန်လည်ဖော်ပြခြင်းဖြစ်သည်။

ကျမက အအိပ်မက်လှသူပါ။ ငယ်ငယ်က စည်းကမ်းကြီးတဲ့ ကျောင်းဆရာမ အဖွား၊ အမေတို့နဲ့နေရတော့ အိပ်ချင်သလောက်အိပ်ခွင့်မရပါဘူး။ ငယ်ငယ်က မနက်စောစောအိပ်လို့ကောင်းနေတုန်း အဘွားက မှန်မီး အိမ်လေးနဲ့ တချောက်ချောက်လုပ်နေရင် နားကိုမလည်ဘူး။ အဝတ်အစားသေတ္တာကို ရှင်းနေတာမျိုး၊ စာဟောင်းတွေ၊ ကဒ်ပြားဟောင်းတွေ ပြန်ကြည့်နေတာမျိုး ဘာမှအရေးမကြီးတာတွေကို ဒီလောက်အိပ်ကောင်း တဲ့အချိန်မှာ လုပ်ရသလားပေါ့။ အဲဒီချောက်ချောက်သံတွေဆုံးရင်တော့ အဘွားဘုရားရှိခိုးပြီ။ သံဗုဒ္ဓေ၊ ဂုဏ်တော်ကိုးပါး၊ မေတ္တာသုတ်၊ ဓမ္မစင်္ကြာ၊ ပဌာန်း စုံအောင် တနာရီကျော်ရွတ်ဖတ်ပြီးလို့ မေတ္တာပို့ အမျှဝေပြီဆို ကျမငိုချင်ပြီ။ မေတ္တာပို့သံပြီးတာနဲ့ ကျမနံမည်အော်ခေါ်တော့မယ်။ အင်မတန်အိပ်လို့ကောင်းတဲ့ ဝေလီဝေလင်း အချိန်မှာ ကျမအိပ်ရာထရတော့မယ်လေ။ အဲဒီအရွယ်ထဲက ငါကြီးလာရင် မနက်ခင်းကို စိတ်ကြိုက်အိပ်မယ်လို့ စိတ်ထဲကြုံးဝါးခဲ့တာ။ မနက်ခင်းကိုနေမြင့်အောင် အိပ်ရေးဟာ ကျမဘဝအတွက် ပထမဆုံးဘဝရည်မှန်းချက်ဖြစ် ခဲ့ပါတယ်။

အလယ်တန်းရောက်တော့ ပထမတနှစ်မှာ ကျမနေတဲ့ရွာနဲ့ လေးမိုင်လောက်ဝေးတဲ့လေးအိမ်စုဆိုတဲ့ရွာမှာ ကျောင်းသွားတက်ရတာမို့ မနက် ၇ နာရီတက်မယ့်ကျောင်းချိန်မီအောင် ဧရာဝတီသင်္ဘောကြီးစီးသွားရတဲ့ အတွက် မနက်ဆို ၄ နာရီ အိပ်ရာထ၊ ထမင်းဗူးပြင်ပြီး ၁၅ မိနစ်၊ မိနစ် ၂၀ လောက် သင်္ဘောဆိပ်ဆီ လမ်းလျှောက်ဆင်းရပါတယ်။ ရွာတန်းရှည်ရဲ့လမ်းကလေးဟာ ဆောင်းဆို ကရမက်ပန်းရနံ့၊ ခရစ်စမတ်ပန်းရနံ့ တွေနဲ့၊ မိုးရာသီဆိုရင်တော့ ယုဇနပန်း၊ ကရမက်ပန်းရနံ့တွေနဲ့မွှေးလို့ပေါ့။ ဒါပေမဲ့ မှောင်မဲနေဆဲ မနက်စောစော မှာ အိပ်ချင်မူးတူးနဲ့သင်္ဘောဆိပ်ဆင်းရ တဲ့ ၅ တန်းကျောင်းသူကလေးကတော့ ပန်းရနံ့တွေကို အရဿာမခံနိုင် ခဲ့ပါဘူး။ အင်္ကျီအနီရောင်နဲ့အမျိုးသမီးတဦး ဆံပင်ဖားလျားချနေတတ်တယ်ဆိုတဲ့ ရွာလယ်က သက်တမ်းရင့် မန်ကျည်းပင်ကြီးနားရောက်ပြီဆိုရင်တော့ အိပ်ချင်မူးတူးမျက်လုံးတွေအလိုလိုကျယ်လာရပြီးပေါ့။ အဲဒီနေရာက စပြီး သင်္ဘောဆိပ်ရောက်သည်အထိ ရသမျှဘုရားစာ ဖင်တပြန် ခေါင်းတပြန်ရွတ်တော့တာပါပဲ။ ဘုရားစာနဲ့ အတူရွတ်သွားတတ်တာကတော့ ငါကြီးလာရင် နေမြင့်အောင်အိပ်မယ်ဆိုတဲ့ ဂါထာပေါ့။

အထက်တန်းကျပြန်တော့လည်း ရွာမှာအထက်တန်းကျောင်းမရှိတော့ ၄ မိုင်ကျော်ဝေးတဲ့ မအူပင်မြို့ကို ပဲ့ထောင်တလှည့် ခြေလျှင်တခါနဲ့ ကျောင်းသွားတက်ရပြန်တာမို့ မနက် ၄ နာရီထရပြန်တာပါပဲ။ ပဲ့ထောင်က တော့ အိမ်နောက်ဖေးချောင်းကလေးအတိုင်းလာတာမို့ လမ်းမလျှောက်ရတော့ပါဘူး။ ဒါ့အပြင် တနာရီလောက် ကြာတဲ့ခရီးအတွင်း ပဲ့ထောင်ပေါ်အိပ်ပြီးလိုက်သွားနိုင်တာမို့ သင်္ဘောစီးပြီးကျောင်းတက်ရတာထက် ကျမ ပိုကြိုက်ခဲ့ပါတယ်။ ဒါပေမဲ့ ဆယ်ကျော်သက်အကြို ကောင်မလေး တယောက် ပဲ့ထောင်စက်သံတဒုတ်ဒုတ်၊ လှိုင်းတအိအိနဲ့ ပုခက်လွှဲသလိုဖြစ်နေ တာကြောင့် ဆက်ရက်မင်းစည်းစိမ်နဲ့အိပ်မောကျနေရာကနေ ‘ရောက်ပြီ၊ ရောက်ပြီ’ ဆိုတဲ့ အတန်းဖော်တွေရဲ့အသံနဲ့နိုးရတဲ့အခါ ဘယ်သူ့ကိုမှန်းမသိ ထောင်းကနဲ ဒေါသထွက်ပြီး အနာဂတ်ရည်မှန်းချက် ပိုမိုခိုင်မာရပါတယ်။

“ငါကြီးလာရင် နေမြင့်အောင်အိပ်မယ်။”
“ငါကြီးလာရင် နေမြင့်အောင်အိပ်မယ်။”

ကံကြမ္မာက တက္ကသိုလ်ရောက်တော့လည်း ကျမကို မျက်နှာသာမပေးပြန်ပါဘူး။ ကျမအတန်းတွေက မနက် ပိုင်းတွေမို့ မနက် ၆ နာရီဝန်းကျင်လာတဲ့ ကျောင်းဖယ်ရီမီဖို့ ၅ နာရီလောက်တော့ အိပ်ရာထရပြန်ရော။ တောင်ဥက္ကလာမြင်သာတိုးချဲ့ရပ်ကွက်ရဲ့ ခိုလိုးခုလုကျောက်လမ်းတွေပေါ် အိပ်ချင်မူးတူး ဒယီးဒယိုင်လျှောက် ရင်း ဂါထာရွတ်သက် ရင့်ရပြန်ပါတယ်။

ဘဝရဲ့ရွှေရောင်ရက်တွေကိုတော့ ၂၀၀၇ နောက်ပိုင်း ကိုယ့်အိမ်နဲ့၊ ကိုယ့်မိသားစုနဲ့ကိုယ်နေရချိန်မှာ တစိတ် တပိုင်းရပါတယ်။ သားတွေကို တလှည့်စီကျောင်းကားဆီပို့ပေးရတာမို့ ကိုယ့်အလှည့်မဟုတ်တဲ့ရက်နဲ့ စနေ၊ တနင်္ဂနွေတွေမှာ ငယ်ငယ်ကရည်မှန်းချက်ပြည့်ရပါတယ်။ ၂၀၀၇ ခုနှစ် အမေရိကန်ပြည်ထောင်စု University of Iowa မှာ International Writing Program လာတက်တော့ နေရတဲ့ Iowa House ဟိုတယ်မှာကျွေးတဲ့ မနက် ခင်းစာဘရိတ်ဖတ်စ်ကို ၃ လအတွင်း ကျမသွားစားတာ ၅ကြိမ် ထက်မပိုပါဘူး။ မနက်စာအလွတ်ခံပြီးအိပ်တာ ပေါ့။ ရွှေရောင်ရက်များရဲ့ တစိတ်တပိုင်းလို့ဆိုရမှာပါ။
တတိယအကြိမ် ရွှေရောင်ရက်တွေကိုတော့ ၂၀၀၉ ခုနှစ်မိသားစုလိုက် အမေရိကားကိုလာပြီး Writer-in-residence အဖြစ်နေရချိန်မှာ ပြန်ရပါတယ်။ အဲဒီအချိန် သားတွေကလည်းကြီးပြီမို့ ကျောင်းကားဆီလိုက်မပို့ရ တော့သလို စာရေးတာကိုသာအလုပ်အဖြစ်လုပ်ရတာဆိုတော့ ညဥ့်နက်အောင်စာရေး၊ နောက်တနေ့မှာ နောက်စိလောက်ထိနေထိုးမှ အိပ်ရာ ထပေါ့။ ဒါပေမဲ့ ကံကြမ္မာက ကျမရဲ့အနာဂတ်ရည်မှန်းချက်ကို နှစ်နှစ်ထက် ပိုပြီးပြည့်ခွင့်မပေးပါ။ ၂၀၁၂ ခုနှစ်ကစပြီး ရေဒီယို သတင်းဌာနမှာလုပ်ကတည်းက ‘နေမြင့်အောင် အိပ်စက်ရေး’ ဘဝရည်မှန်းချက်ကို ကျောခိုင်းရပြန်ပါတယ်။

မြန်မာစံတော်ချိန်နဲ့ ၁၂ နာရီနဲ့ မိနစ် ၃၀ တိတိကွာတဲ့ ကမ္ဘာ့အနောက်ခြမ်းတိုင်းပြည်တခုမှာနေရတဲ့အတွက် မြန်မာပြည်က နေ့ခင်းကြောင်တောင်ဟာ ကျမရှိရာအရပ်မှာ ညကြီးသန်းကောင်ပေါ့။ ဒါပေမဲ့လုပ်ရတဲ့အလုပ်က မြန်မာပြည်အတွက် မြန်မာစံတော်ချိန်နဲ့ဆိုတော့ အမေရိကန်နေပြည်သူများအိပ်လို့အကောင်းဆုံး ညလယ် ကောင်သန်းကောင်ကျော်မှာ အိပ်ရာ ထပြီး အလုပ်သွားရပါတယ်။ နေ့စဉ်နှိုးစက်နဲ့ထရတော့ နှိုးစက်သံကို ရန်သူ လိုဖြစ်လာရပါတယ်။ ဒီတော့ အလုပ်ပိတ်ရက် တွေဆို နှိုးစက်ပိတ်အိပ်ရတာကိုက ရန်သူကိုလက်စားချေရသလို အရသာရှိတာကလား။ ကိုယ်လုပ်နေရတဲ့အလုပ်အပေါ် သံယောဇဉ်ရှိသော်ငြားလည်း အသက် ၅၀ နားနီးသည် အထိ အသက် ၅ နှစ်ကရှိခဲ့တဲ့ နေမြင့်အောင်အိပ်ရေးဆိုတဲ့ အနာဂတ်ရည်မှန်းချက်မပြည့်ဝသေးတာဟာ ဝမ်းနည်းစရာအူကြောင်ကြောင်ပေါ့။
——————–

အခုချိန်မှာတော့ဖြင့် အဲဒီရည်မှန်းချက်ဟာ ဒီတသက်မပြည့်တော့ဘူးဆိုတာ ပီပီပြင်ပြင်သဘောပေါက်ရပါပြီ။ ဒီတခါနှိပ် စက်တာကတော့ဖြင့် ဇရာဆိုသောအရာပေပေါ့။ ကိစ္စများမြောင် လူတို့ဘောင်မှာ ဘဝရပ်တည်ရေး အတွက် မနက်အစောကြီးအိပ်ရာထရတဲ့ဘဝက မလွတ်သေးတောင် စနေ၊ တနင်္ဂနွေလေးနှစ်ရက်ပိတ်တုန်း ငယ်ဘဝရည်မှန်းချက်လေးအကောင်အထည်ဖော်နိုင်ရင်လည်း တပတ်မှာ ၁၅ ရာခိုင်နှုန်းလောက်တော့ ရည်မှန်းချက်ပြည့်တာပါပဲလို့ သဘောထား ကြည့်မိခဲ့ပါတယ်။ Something is better than nothing. ဆိုသမို့ လား။ ကိုယ့်ကိုကိုယ် ကျောသပ်၊ နှစ်သိမ့်၊ အားပေးလို့ ရည်မှန်းချက်တစိတ်တပိုင်းပြည့်အောင် အကောင် အထည်ဖော်မလား ကြိုးစားပါတယ်၊ မနက် ၃နာရီကျော် ၄ နာရီဆို မျက်နှာကိုရေခဲရေနဲ့ဖျန်းပြီးနှိုးလိုက်တဲ့ အလား၊ ဆတ်ကနဲ နိုးလေသည်ပေါ့။ နိုးပြန်တော့လည်း အလုပ်သွားရတဲ့ရက်တွေလို အိပ်ချင်မူးတူး ပျင်းပျင်း တွဲတွဲဖြစ်မနေဘဲ စက္ကန့်ပိုင်းအတွင်း ဇီးကွက်မျက်လုံးလို ဝင်းကနဲလက်ပြီး အာရုံတွေကလည်း နိုးကြားလို့လေ။ ငယ်နုစဉ်ကလို အိပ်ရာထဲနှပ်နေဖို့ကျပြန်တော့လည်း ကျောတွေပူ၊ ခေါင်းတွေကိုက်လာရတာက နှပ်ရတာနဲ့ မတန်လှသမို့ အိပ်ရာထဲကကထွက်ပြီး ထမင်းလေးထကြော်စားလိုက်၊ ရေနွေးကြမ်းလေးထ,တည်သောက်လိုက် နဲ့ ငယ်ငယ်က မနက်စောစောအိပ်ကောင်းချိန် အဘွားတယောက် တချောက်ချောက်လုပ်ခဲ့သမျှတွေကို ဘဝနဲ့ရင်းလို့ ကောင်း ကောင်း နားလည်နေရပါပြီ။  တက္ကသိုလ်ကျောင်းသူဘဝ အဆောင်နေချိန်မှာ တညလုံး၊ တနေ့လုံး ထမင်းမစားပဲ အိပ်နိုင်ခဲ့ တာတွေဟာ တန်ဖိုးရှိလှသော လွမ်းရက်များဖြစ်ခဲ့ပြီပေါ့။ ခုချိန်မှာတော့ ဇရာရန်သူရဲ့ နှောက်ယှက်မှုနဲ့ မှောင်မှောင်မဲမဲ ချမ်းချမ်းဆီးဆီး ဆောင်းတွင်းအားလပ်ရက်တို့ရဲ့ မနက်ခင်းတွေ မှာ  ဘာလုပ်ရမှန်းမသိ အူကြောင်ကြောင်နဲ့ FaceBook လေးရှိနေလို့ တော်သေးတယ်တွေးပြီး အမြင်အကုသိုလ်နောက် အတွေးအကုသိုလ်ဆက်လို့ သမုဒယထဲပျော်ပျော်ကြီးလည်နေရတာကို အဟုတ်လုပ် နေရပါတယ်။ အဘွားရဲ့ တချောက်ချောက်ကို နှစ်ပေါင်းများစွာကြာမှ ဘဝနဲ့ရင်းပြီးနား လည်နားလည်လာရတဲ့ ဘဝပေါ့။

အဲဒီသမုဒယအာရုံကြောင့်ပဲ ပြီးခဲ့တဲ့ရက်က စာရေးဖော်ညီမ ညိုခက်ကျော်နဲ့ အွန်လိုင်းပေါ်မှာဆုံတွေ့ပြောဆိုကြ ပြီး ငယ်ငယ်ကပိုင်ဆိုင်ခဲ့တာတွေမရှိတော့တဲ့ လက်ရှိဘဝတွေကိုအခြေပြုလို့ ‘ပျောက်ဆုံးသွားသောကိုယ် စစ်စစ်’ ဆိုတဲ့ခေါင်းစဉ်နဲ့ အက်ဆေးရေးကြဖို့ ပြောင်သလိုနောက်သလို ပြောမိကြပါတယ်။ ဒါပေမဲ့ လုပ်စရာ၊ ဒါမှမဟုတ် လုပ်ချင်တာရှိရင် နေ့ရွှေ့၊ ညရွှေ့ ရွှေ့တတ်တဲ့အကျင့်လေး မပျောက်ဆုံးသေးသူကျမမှာ အတော် ကြာသည်ထိ စာရေးဖြစ်ရေး အကောင်အထည် မဖော်နိုင်ခဲ့ပါဘူး။ အစားစားဖို့ဆို အချိန်မရွေးအဆင်သင့်ရှိတတ် ပေမဲ့ အလုပ်လုပ်ဖို့ကျတော့ ပူတယ်၊ အေးတယ်၊ မျက်စိ ညောင်းသလိုလို၊ ခေါင်းကိုက်သလိုလိုခံစားရတယ်ဆိုတာမျိုး အကြောင်းပြတတ်တာလေးကလည်း မပျောက်ပြန်သေးဆို တော့ ရက်မှလပြောင်းရပြန်ပါတယ်။

အခုလို မုဒ်လေးကလည်းရှိလာ၊ လူမအား စိတ်မအားတာတွေအကြောင်းပြလို့လည်း မရတော့တဲ့ အချိန်မျိုး ဘဝထဲက ပျောက်ဆုံးသွားရတာတွေရှာလိုက်တော့ အဲဒီလိုအကျင့်ဆိုးတွေကလည်းမပျောက်၊ ငယ်ငယ်ထဲက ရှိခဲ့တဲ့ နေမြင့်အောင်အိပ်စက် ရေးရည်မှန်း ချက်ကလည်း ခုထိမပြည့်နိုင်သေးတဲ့ သနားစရာ ကိုယ့်ကိုကိုယ်သာ ရှာတွေ့ပါတော့တယ်။ ဒါနဲ့ပဲ မူလပြောဆိုထားတဲ့ “ပျောက်ဆုံးသွားသူ ကိုယ်စစ်စစ်” ဆိုတဲ့ခေါင်းစဉ်နဲ့ဖီလာ ဆန့်ကျင်နေတဲ့ “မပျောက်ဆုံးသူ ကိုယ်စစ်စစ်” အကြောင်းသာ ရေးရပါတော့တယ်။

ခက်မာ
ဖေဖော်ဝါရီ၊ ၂၀၁၈


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments