fbpx

သန်းဝင်းလှိုင် – မြန်မာ့ခေါင်းပေါင်း

October 9, 2018

သန်းဝင်းလှိုင် – မြန်မာ့ခေါင်းပေါင်း

(မိုးမခ) အောက်တိုဘာ ၉၊ ၂၀၁၈

”ကိုဘီအေ အုပ်ပေါင်းပေါင်းလို့ တုတ်တစ်ချောင်းနဲ့ လမ်း ကို လျှောက်တယ်။ ကိုဘီအေ မြို့အုပ်လောင်းက …   တုတ်တစ် ချောင်းနှင့် လမ်းကိုလျှောက်တယ်။ ခေါင်းပေါင်းစ …  ရှည် လွန်း၊ ရှည်လွန်းတယ်။ ဟိုစကူးကျောင်း … ကျောင်းသားရယ်။ ကောလိပ်ကျောင်း … ကျောင်းသားရယ်။ နေရှင်နယ် ကျောင်းသားရယ် …”

ကျွန်တော် အမှတ်သညာ ထားတတ်စ အရွယ်က ကြားဖူး ခဲ့သော ”ကိုလေအိုး” သီချင်းတစ်ပုဒ်၏ စာသားတစ်ပိုဒ် ဖြစ်ပါသည်။ သီချင်းစာသား၏ အဓိပ္ပာယ်မှာ မြန်မာနိုင်ငံ အင်္ဂလိပ်လက်အောက် ကျရောက်စဉ်က မြန်မာလုလင်ပျိုတစ် ယောက်အဖို့ မြို့အုပ်ရာထူးသည် အထွတ်အထိပ် ဖြစ်သည်။ ထို့မြို့အုပ်လောင်းသည် ခေါင်းပေါင်းကို အုပ်ပေါင်းပေါင်း၍ တုတ်တစ်ချောင်းနှင့် လမ်းလျှောက်နေဟန်ကို တင်စားရေးဖွဲ့ ထားခြင်းပင် ဖြစ်ပါသည်။

ထိုခေတ် ထိုကာလက လူလားမြောက်သော မြန်မာ ယောကျာ်း ပေါင်းကြပေသည်။ ဆရာကြီး ရွှေဥဒေါင်း၏ ”တစ်သက်တာမှတ်တမ်း” စာအုပ်တွင် ဆရာကြီးပီမိုးနင်း၏ အကြောင်းကို ရေးသားဖော်ပြရာ၌ ”သူရိယတစ်တိုက်လုံး (ကျွန်တော် အပါအဝင်) စာရေးများကိုပါ အုပ်ပေါင်းနှင့် ဂိုက် ထုတ်လျက်ရှိကြသော ထိုခေတ်တွင် ပုသိမ်ထီးကို ချိုင်းကြား ညှပ်လျက် ကွင်းထိုးခုံဖိနပ် လျှိုကာ ပတ်ပေါင်းရိုးရိုးကလေးနှင့် ဆေးပေါ့လိပ်ခဲလျက် အလုပ်တက်လေ့ရှိသော ကိုကျော် (ပီမိုး နင်း)မှာ လူဆန်းတစ်ယောက်လို ဖြစ်နေ၏” ဟု ရေးသား ဖော်ပြထားသည်။

၁၉၈၀ ပြည့်နှစ်၊ ဒီဇင်ဘာလထုတ် ရှုမဝမဂ္ဂဇင်း၌ ပါရှိ သော ဆရာသော်တာဆွေ၏ ”ကျွန်တော့်ဘဝဇာတ်ကြောင်း-၉၇”တွင်လည်း ဆရာရွှေဥဒေါင်းကို စတိုင်ကို ဖော်ပြရာ၌ လည်း ”ဆရာကြီးရွှေဥဒေါင်းကား ကျွန်တော်နှင့်တွေ့ရသော အချိန်မှာ ဘဲမြီးဆံတောက်နှင့်သာ ဖြစ်သည်။ ရှေးယခင် ငယ် စဉ်ကလည်း မြို့နေအင်္ဂလိပ်ကျောင်းသားမို့ ကျွန်တော့်အဖေ ဘုန်းကြီးကျောင်းထွက် ကျေးတောသားလို ဆံရှည်ထားခဲ့ဖူး မည် မဟုတ်ချေ။ ထို့ကြောင့် သူ့ခေါင်းကို ခြင်းနှင့်သာ ပေါင်း ရသည်။ ဆရာကြီးသည် အမြဲတမ်း ဘီအေပေါင်း။ သူရိယ သတင်းစာ အယ်ဒီတာခေတ်က စတိုင်အတိုင်း ဖြစ်ပါသည်။ သူအသက် ၈၀ ပြည့်ခါနီး လုပ်သားပြည်သူ့နေစဉ်သတင်းစာ အယ်ဒီတာချုပ် ဖြစ်လာသောအခါ၌လည်း သူရိယသတင်းစာ တိုက်တုန်းကလို နေ့စဉ် ရှိုးကျကျ ခေါင်းပေါင်းစနှင့် မဟုတ် တော့သော်လည်း ပွဲနေပွဲထိုင် အခမ်းအနား သွားစရာရှိပြီဆို လျှင် ခေါင်းပေါင်းကို ကျကျနန ပေါင်းပါလေပြီ။ ဆရာကြီး သည် ဤခေါင်းပေါင်းကိစ္စကို အလွန်ဂုဏ်ယူလေ့ရှိသည်” ဟု ရေးဖွဲ့ထားလေသည်။

ခေါင်းပေါင်းဆင်မြန်းခြင်းသည် မြန်မာ့ဆင်ယင်ထုံးဖွဲ့မှု တွင် အဓိကယဉ်ကျေးမှုတစ်ခု ဖြစ်သည်။ ပွဲနေပွဲထိုင် အခမ်း အနားများတွင် မြန်မာယောကျာ်းများသည် ခေါင်းပေါင်းကို ဆင်မြန်းလေ့ရှိကြသည်။ ခေတ်အမျိုးမျိုးပြောင်းလဲခဲ့သော်လည်း ထိုခေါင်းပေါင်း ပေါင်းသည့် အလေ့အထမှာ ကွယ်ပျောက် တိမ်ကောခြင်း မရှိဘဲ မြန်မာ့ယဉ်ကျေးမှုအဖြစ် ခိုင်မြဲအောင် ဆင်ယင်ကြသည်မှာ ထူးခြားထင်ရှားသဖြင့် မြန်မာတို့ ဂုဏ်ယူ စရာပင် ဖြစ်သည်။

ခေါင်းပေါင်းသည် မြန်မာလူမျိုးယောကျာ်းများ ဦးခေါင်း တွင် ဆင်းမြန်းသော တန်ဆာဆင်ယင်မှုတစ်မျိုး
ဖြစ်သည်။ ခေါင်းပေါင်းကို ဆင်းရဲသားများမှ ဘုရင်မင်းမြတ်အထိ အမြတ် တနိုးထားကာ ဆင်မြန်းကြသည်။ ဦးခေါင်းကို ရစ်၍ ပေါင်း ရသဖြင့် ”ဦးရစ်” ဟုလည်း ခေါ်ကြသည်။

မြန်မာလူမျိုးတို့ ခေါင်းပေါင်းခြင်း အလေ့အထသည် အိန္ဒိယနိုင်ငံမှ အတုယူခဲ့သည်ဟု အချို့ပညာရှင်တို့က အယူ ရှိကြသည်။ အိန္ဒိယနိုင်ငံ၌ ဦးရစ်ပေါင်းခြင်းဓလေ့မှာ အလွန် ရှေးကျသောထုံးတမ်းစဉ်လာတစ်ခု ဖြစ်၏။ ဂေါတမမြတ်စွာ ဘုရား၏ ဓာတ်တော်များခွဲဝေပွဲတွင် ဒေါနပုဏ္ဏားသည် ဓာတ် တော်များကို ဦးရစ်ကြား၌ ဝှက်ထားကြောင်း ကျမ်းဂန်များတွင် လာရှိသည်။ မြန်မာနိုင်ငံတွင်မူ ပုဂံခေတ်ကပင် မြန်မာများ ခေါင်းပေါင်း ဆင်မြန်းနေကြပြီဖြစ်ကြောင်းကို သိရှိရသည်။ ပုဂံပြည် နရသီဟပတေ့မင်းကြီးလက်ထက်တွင် ပညာရှိအမတ် ရာဇသင်္ကြန်၏သား အုတ်လှငယ်သည် ဦးခေါင်း၌ ပေါင်းထုပ် ထားသော အဝတ်ကို ချွတ်၍ချပြီးလျှင် အရှင့်အမှုတော်ကို ဦးဆွေ့ဆံမြည့် ထမ်းဆောင်ရပါသည်ဟု လျှောက်ထားဖူး ကြောင်း မြန်မာ့သမိုင်းတွင် ဖော်ပြထားသည်။

ခေါင်းပေါင်း ပေါင်းရာ၌လည်း သျှောင်ကိုအုပ်၍ဖြစ်စေ၊ ဖော်၍ဖြစ်စေ ပေါင်းကြသည်။ အထူးသဖြင့် ဘုရင် မင်းညီ မင်းသား မှူးမတ်တို့သည် သျှောင်ကိုမအုပ်ဘဲ ဦးခေါင်းကို ရစ်ပတ်ကာ ခေါင်းပေါင်းကို ခွေရစ်၍ပေါင်းကြသည်။ ယင်းတို့ ၏ ခေါင်းပေါင်းကို ”ဗောင်း” သို့မဟုတ် ”ဗောင်းတော်” ဟု ခေါ်ကြသည်။ အရပ်သားများကမူ သျှောင်ကိုအုပ်၍ ပေါင်း လေ့ရှိကြသည်။ ဘုရင့်မင်းညီမင်းသားတို့မှာ ရွှေကျင်ခေတ် ပဝါ သို့မဟုတ် ရွှေကြိုးခတ်ပဝါများကို ဆင်မြန်းကြသည်။ ပတ္တမြားဖြင့် စီခြယ်ထားသော ပတ္တမြားဗောင်းတော် နဝရတ် ကိုးသွယ်ဖြင့် စီခြယ်ထားသော ”နဝရတ်ဗောင်းတော်” နှင့် ”ရွှေသားဗောင်းတော်”၊ ”စိန်တွယ်ဗောင်းတော်”၊ ”မြတွယ် ဗောင်းတော်” များလည်း ရှိသေးသည်။ ဘုရင်နှင့်မင်းသား စသည်တို့၏ ဗောင်းတော်၌ ငွေကြည်ပွင့်ကလေးများ တပ်ထား သော တစ်စတည်းသော ခေါင်းပေါင်းမှာ ဦးခေါင်း၏ နောက် ဘက်တွင်ရှိ၍ အပေါ်သို့ တည့်တည့်မတ်မတ် ထောင်လျက် ရှိသည်။ ခေါင်းပေါင်းစ တည့်မတ်ခြင်း၏ အဓိပ္ပာယ်မှာ ဖြောင့် မတ်တည့်မတ်ခြင်းကို ဖော်ညွှန်းခြင်း ဖြစ်သည်။ မင်းညီမင်း သား မှူးမတ် စသည်တို့ကား ခေါင်းပေါင်းစနှစ်ထောင်၍ ပေါင်းကြရသည်။ မြန်မာဘုရင်တို့သည် ဗောင်းတော် အထွတ် အမြတ် ထားကြသည်။

ထို့ကြောင့် ဗောင်းတော်၊ သရဖူတော်၊ မကိုဋ်တော်များကို နန်းမဦးတည့်တည့်တွင် ဆောက်လုပ်ထားသော ဗောင်းတော် ဆောင်၌ သီးသန့်ထားရှိသည်။ ဗောင်းတော်ဆောင်အတွက် သီးခြားအမှုထမ်း အရာထမ်းများ မရှိသော်လည်း ဆရာတော် သံဃာတော်များ မှူးမတ်စော်ဘွားတို့သည် ရုတ်တရက် ဘုရင် မင်းမြတ်ရှေ့တော်သို့ မဝင်ရသေးမီ ထိုအဆောင်၌ ခေတ္တဆိုင်းငံ့ နေကြရသည်။ ဗောင်းတော်ဆောင်၏တောင်ဘက်၌ တောင် ထားဝယ်ဆောင်နှင့် ရွှေတိုက်တော်ဆောင်မြောက်ဘက်၌ မြောက်ထားဝယ်ဆောင်နှင့် လက်ဖက်ရည်ဆောင်များ ရှိသည်။

ဘုရင်မင်းမြတ်တို့၏ ဗောင်းတော်တို့နှင့်စပ်လျဉ်း၍ ”ဗောင်းတော်နဝရတ် မျက်ခတ်စီဆင်၊ မိုးနတ်သွင်တည်း” ဟူ၍လည်းကောင်း၊ ”စိန်တွယ်၊ မြတွယ်၊ မျက်ခြယ်ဗောင်း တော်” ဟူ၍လည်းကောင်း ရှေးစာဆိုများ ရေးစပ်သီကုံးခဲ့ကြ သည်ကို ပျို့အစောင်စောင် လင်္ကာအသီးသီးတို့တွင် တွေ့ရပေ သည်။
မှူးကြီးမတ်ကြီးများသည် ဖြူစင်သောပိတ်ရက်ထည်ကို ပေါင်းချောင်ပတ်သဏ္ဌာန် လုံးရစ်အောင်ခွေရစ်ကာ သျှောင်ကို လှပ်၍ ဆင်မြန်းကြသည်။ ထိုခေါင်းပေါင်းမျိုးကို ခေါင်းပေါင်း ဖြူဖော့လုံးဟု ခေါ်သည်။ ဇာတ်သဘင်ဝန်ကြီးများနှင့် ရှေးဆန် သော ပုဂ္ဂိုလ်တချို့တို့သည် ယခုထက်တိုင် ခေါင်းပေါင်းဖြူ ဖော့လုံးနှင့် တောင်ရှည်ပုဆိုးများကို ဝတ်ဆင်လေ့ရှိကြသေး သည်။

ကုန်းဘောင်ခေတ်နောက်ပိုင်းတွင် ပြည်တွင်းဖြစ် အထည် များသာမက နိုင်ငံခြားဖြစ်ပဝါများဖြင့်လည်း ခေါင်းပေါင်း ပေါင်း၍ ဆင်မြန်းလေ့ရှိကြသည်။ အနောက်နန်းမိဘုရား မမြ ကလေး၏ ”မျှော်တော်စိုက်” လေးဆစ်တွင် ”နေမှိန်မှိန် ဆင်ဗောင်းတော် ရွှေပုသိမ်နှင့် လာချိန်တယ်ပေါ့” ဆိုသော စာပိုဒ်အရ ထိုအခါက ပုသိမ်မြို့သို့ အာရပ်ကုန်သည်များ ယူ ဆောင်လာသော ပိုးပဝါများကို မင်းညီမင်းသားမှအစ လူအများ ဆင်မြန်းလေ့ရှိကြောင်း သိသာနိုင်ပေသည်။ ထိုခေတ်လောက် မှာပင် ကျေးတစ်ရာခေါင်းပေါင်းမှာ ခေတ်စားခဲ့လေသည်။ ကျေးတစ်ရာခေါင်းပေါင်းဆိုသည်မှာ ကျေးငှက်ရုပ် ၁၀ဝ ခန့်မျှ ရေးခြယ်ထားသော ပိုးခေါင်းပေါင်း ဖြစ်လေသည်။ ထို့ကြောင့် လယ်ဝန်သံတော်ဆင့် ဆောမြို့စားမင်း ရေးသားသော လယ် ထွန်မင်္ဂလာဗုံကြီးသံတွင် ”တာတော်ခွင်၊ ရေဝင်အောင် ရွှေ ကတွတ်ကို မင်းလွှတ်ခဲ့လေး၊ ပျိုစိုက်တဲ့ လယ်ကန်သင်းမှာ မြင်းနီနှင့် ညနေဆီကို စိုင်းသီလို့ ပြေးလေ့၊ မြင်လိုက်ကဲ့နော်၊ ခေါင်းပေါ်မှာ တစ်ရာကျေးနှင့် ထူးလို့ ယဉ်ကျေးလေ့”ဟု စပ်ဆိုထားသည်ကို တွေ့ရလေသည်။

ထို့နောက် ဦးသျှောင်ထုံးသော အလေ့နည်းပါးလာသော အခါ သျှောင်အစား ကြိမ်ခြင်းကို အောက်ကခံ၍ ခေါင်းပေါင်း ပေါင်းကြသည်။ ထိုပေါင်းနည်းကို ”အုပ်ပေါင်း” ပေါင်းဟု ခေါ်ကြသည်။ ၁၉၂၂ ခုနှစ်လောက်မှစ၍ တက္ကသိုလ်ဘွဲ့ယူ သူများသည် ခေါင်းပေါင်းနှင့် ဝတ်ရုံကို ဆင်မြန်းလျက် ဘွဲ့ယူ ကြ၏။ ထိုခေတ်ကျောင်းသားများသည် ခေါင်းပေါင်းပေါင်း၍ ကျောင်းတက်ကြသည်။ ထိုကျောင်းသားများ ထွင်လိုက်သော ခေါင်းပေါင်းမှာ ခေါင်းပေါင်းစရှည်ရှည်ချထားသော အုပ်ပေါင်း ဆန်ဆန် ပေါင်းနည်းမျိုးဖြစ်၍ ”ဘီအေပေါင်း”ဟု ခေါ်ဆို ကြသည်။ သို့သော်လည်း အုပ်ပေါင်းကဲ့သို့ ခြင်းခံ၍ ခေါင်း တစ်ခုလုံး အုပ်မထားချေ။

ပြည်ထောင်စုဖွား တိုင်းရင်းသားများသည် အမျိုးအနွယ် အလိုက် ဦးခေါင်းကို အဝတ်တန်ဆာဖြင့် ရစ်ပတ်ဆင်မြန်းကြ သည်။ ရှေးခေတ်ရှမ်းတိုင်းရင်းသားများ၏ ခေါင်းပေါင်းသည် ၁၂ တောင်မှ ၁၅ တောင်ခန့်အထိ ရှည်သည်ဟု သိရသည်။ ခေါင်းပေါင်းနှင့် မြန်မာခေါင်းပေါင်းတို့၏ ခြားနားမှုမှာ ပေါင်းစသည် အထက်ကိုထောင်၍ မြန်မာခေါင်းပေါင်းစ သည် အောက်ကိုချထားခြင်းပင် ဖြစ်သည်။ ခေါင်းပေါင်းဆင် မြန်းခြင်းသည် မြန်မာ့ယဉ်ကျေးမှု၏ အဓိကအချက်ကြီးတစ်ခု ဖြစ်သည့် အားလျော်စွာ ပွဲနေပွဲထိုင် အခမ်းအနားများတွင် တိုင်းရင်းသားများသည် မိမိတို့ ရိုးရာထုံးတမ်းနှင့်အညီ ခေါင်း ပေါင်းကို ဆင်းမြန်းလေ့ရှိကြပေသည်။ ခေါင်းပေါင်းဆင်မြန်းမှု ကို မြန်မာနိုင်ငံအတွင်း၌သာမက နိုင်ငံခြားသို့ ရောက်ရှိနေကြ သော သံအမတ်ကြီးများနှင့် နိုင်ငံတော်သားများသည် မြန်မာ့ ရိုးရာဝတ်ဆင်မှုအဖြစ် ခေါင်းပေါင်းကိုပါ ထည့်သွင်း၍ ဆင် မြန်းကြသည်။

ခေါင်းပေါင်းလုပ်ငန်း
ယခုအခါ ဦးသျှောင်ထုံးသော အလေ့နည်းပါးလာသော ကြောင့် သျှောင်အစားကြိမ်ခြင်းကို အောက်ကခံ၍ ပေါင်းသည့် အုပ်ပေါင်းများ ခေတ်စားလာပေသည်။ အလွယ်တကူ ဆင်မြန်း နိုင်သည့် အုပ်ပေါင်းခေါင်းပုံစံတစ်မျိုးကို ခေါင်းပေါင်းပညာရှင် ဦးမြဒင်က တီထွင်ပေးခဲ့သည်။ ဦးမြဒင်သည် ငယ်စဉ်အချိန်က တို့ဗမာအစည်းအရုံးဝင် သခင်တစ်ဦး ဖြစ်သည်။ ခေါင်းပေါင်း လုပ်ငန်းနှင့်စပ်လျဉ်း၍ ရေနံမြေသပိတ်မစမီ ၁၉၃၅ ခုနှစ်ခန့် ကပင် အသုံးပြုခဲ့သည့် ပင်နီဖျင်တဘက်ကို ယုန်နားရွက်ကဲ့သို့ ခေါင်းပေါင်းစ တစ်စထုတ်၍ ပေါင်းခဲ့ကြသည်။ အဆိုပါ ခေါင်းပေါင်းပုံစံမျိုးကို အလွယ်တကူဆင်မြန်းနိုင်ရန် အတွင်းမှ စက္ကူခေါင်းစွပ်ခံ၍ ပင်နီဖျင်တဘက်စဖြင့် ပေါင်းသည့် ခေါင်း ပေါင်းနမူနာကို ဦးမြဒင်ကိုယ်တိုင် ၁၉၃၆ ခုနှစ်ခန့်ကပင် ဖျာပုံ မြို့တွင် ကျင်းပသော သခင်များ ညီလာခံတွင် တင်ပြခဲ့ရာ သခင်အများစုက ကြိုက်နှစ်သက်၍ ထိုပုံစံအတိုင်းသခင်များက အသုံးပြုခဲ့ကြသည်။

၁၉၃၇ ခုနှစ်အတွင်းမှာပင် ထိုပုံစံအတိုင်း အများသုံးနိုင် ရန်အတွက် ပိုးပဝါဖြင့် နမူနာပေါင်းပြီး ဖျာပုံတွင် လာရောက် ကပြသော လေဘာတီမမြရင်အငြိမ့်အဖွဲ့မှ လူရွှင်တော်ဦးဒန် ပေါက်နှင့် ဦးညှပ်ကြီးတို့အား ကြော်ညာခိုင်းခဲ့သည်။ ကြော်ညာ ပြီးရက်ပိုင်းအတွင်း ခေါင်းပေါင်းမှာယူမှု (အော်ဒါ) များစွာ ရရှိခဲ့ပါသည်။ အဆိုပါခေါင်းပေါင်းများ ပြုလုပ်ရာတွင် အသုံး ပြုမည့်ပုဂ္ဂိုလ်၏ ဦးခေါင်းပုံစံ ပြုလုပ်ကာ စက္ကူခေါင်းစွပ်ခံ ပုံစံပြုလုပ်ကာ စက္ကူခေါင်းစွပ်ခံကို ပုံဖော်ပြီး ခေါင်းပေါင်း ပေါင်းယူရပေသည်။ တိကျသော အတိုင်းအတာ မရှိသည့်ပြင် စက္ကူခေါင်းစွပ်ခံပုံစံဖြစ်၍ လုပ်ငန်းအခက်အခဲများစွာ ရှိခဲ့ ကြောင်း သိရှိရပါသည်။ ထို့ပြင် စက္ကူခေါင်းစွပ်နှင့် ပေါင်း ရသည်မှာ လေလုံနေသဖြင့် ခေါင်းပူအိုက်ကြောင်း၊ ကြိမ်ခြင်း ဖြင့် ပေါင်းသည့် ခေါင်းပေါင်းမျိုး ထုတ်လုပ်သင့်ကြောင်း အသုံးပြုသူများ၏ အကြံပေးချက်အရ ၁၉၃၉ ခုနှစ်နောက်ပိုင်း မှစပြီး ကြိမ်ခြင်းခံ၍ ပေါင်းသည့် ခေါင်းပေါင်းများကို စတင် ထုတ်လုပ်ပေးခဲ့သည်။

ခေါင်းပေါင်းအတွက် လိုအပ်သော ကုန်ကြမ်းများမှာ ခေါင်းပေါင်းအောက်ခံကြိမ်ခြင်း၊ အောက်ခံခွေ၊ ပဝါ၊ ခေါင်း ပေါင်းပုံသွင်းရန် ပုံစံစသည့် ပစ္စည်းများ ဖြစ်သည်။

ယခုအခါ မူလလက်ဟောင်း မောင့်ကျက်သရေခေါင်း ပေါင်းလုပ်ငန်းနှင့် မြန်မာ့ကျက်သရေဆောင် ခေါင်းပေါင်းလုပ် ငန်းအပြင် မြန်မာ့ဂုဏ်ရောင်မောင်တင်မောင် ခေါင်းပေါင်းလုပ် ငန်း၊ အောင်ဝင်းဝင်း၊ ခေါင်းပေါင်းလုပ်ငန်း၊ ကျိုင်းတုံစတိုး ခေါင်းပေါင်းလုပ်ငန်း၊ မောင်စိုးမိုးဦး ခေါင်းပေါင်းလုပ်ငန်း၊ အောင်ကုမ္ပဏီခေါင်းပေါင်း(မန္တလေး)လုပ်ငန်းတို့သည် ခေါင်း ပေါင်းများကို ထုတ်လုပ်ရောင်းချလျက် ရှိပေသည်။

မည်သို့ဆိုစေ … ခေါင်းပေါင်းပေါင်းခြင်း အလေ့အထမှာ ကွယ်ပျောက်တိမ်ကောခြင်း မရှိဘဲ မြန်မာ့ရိုးရာယဉ်ကျေးမှု အဆောင်အယောင်အဖြစ် ယနေ့တိုင် ခိုင်မြဲလျက်ရှိသည်မှာ မြန်မာတစ်မျိုးသားလုံး ဂုဏ်ယူစရာပင် ဖြစ်ပါတော့သည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, သန်းဝင်းလှိုင်

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)