fbpx

Maung Yit – From Talk Into Action

September 26, 2013

အယ်ဒီတာ့လက်ရေး (၂၈)
ကြာတော့သည်လည်း ‘ဒီ’စကား
မောင်ရစ်၊ စက်တင်ဘာ ၂၆၊ ၂၀၁၃
ဗမာပြည်နဲ့ ခပ်လှမ်းလှမ်းမှာ နေထိုင်ရသူအတွက်က တခုမှ အကောင်းကြားရတယ် မရှိဘူး။ မိုးတွေ ရွာနေတယ်။ ရေတွေ လျှံနေတယ်။ လူတွေ ဖျားနာနေတယ်။ အစိုးရရဲ့ အမှောင်ချစီမံကိန်းတွေကို မီးထွန်းကြည့်မိသူတွေကို ထောင်ချထားတယ်။ ဈေးတွေကြီးတယ်။ ကားတွေ ကြပ်တယ်။ ကလေးတွေက အလုပ်မရှိဘူး။ ကျုရှင်တွေ အများကြီးပဲ။ လယ်သမားနဲ့ အလုပ်သမားတွေမှာ အလုပ်မရှိဘူး။ အဲဒါနဲ့ ဘယ်နှယ့်များ ခင်ဗျားတို့တတွေ နေ နေ ပါလိမ့်၊ အကောင်းလေး တခွန်းလောက်တော့ ပြောစမ်းပါ ဆိုတော့ … အခုလို ပြောမယ်၊ ရေးမယ်၊ ဆွေးနွေးမယ်ဆိုရင် အရင်တုန်းကလို ဆောင့်ကန်ပြီး မဖမ်းတော့ဘူး တဲ့လေ။ အင်း … တော်သေးတာပေါ့။
          မပြောဘဲ ရေငုံနှုတ်ပိတ်နေရတဲ့ အဆင့်ကနေ (နဲနဲတော့) ပြောလို့ ရပြီဆိုတာ ကောင်းတာပေါ့။ ပြောတာတွေ နားထောင်ပြီး လိုက်လုပ်ပေးမယ့် အဆင့်ကို တက်ကြဖို့ပဲ လိုတော့တာပေါ့။ ဟောရင်း ပြောရင်းနဲ့သာ ပျံလွန်တော်မူမယ် ဆန်ဖြူဖြူတခွက် နေနေသာသာ ရေကြည်တပေါက် သောက်ရဖို့ မမြင်ဆိုရင်လည်း မဟုတ်သေးဘူးလေ။ တလောက လူရွှင်တော်တွေနဲ့ သမ္မတကြီး တွေ့သတဲ့။ နောက်တော့ အစိုးမင်းတွေ လွှတ်တော်အမတ်ကြီးတွေကလည်း လူရွှင်တော် ပြိုင်ပွဲကို တက်ပြီး ဆုပေးကြသတဲ့။ အံမယ် … လူရွှင်တော်ပြက်လုံးတွေကို အစိုးရက သင်ခန်းစာအဖြစ် ယူတယ်လို့တောင် ပြောလိုက်သေးတယ်။ လူရွှင်တော်တွေကို သူတို့တွေက ပြောင်းပြန် ပြက်လုံး ပြန်ထုတ်လွှတ်လိုက်သလားပဲ။ ‘မနောက်ပါနဲ့ အကိုရယ်’ ပြုပြင် ပြောင်းလဲစေချင်လို့ ပြောတာကို ဘယ်လိုများ သင်ခန်းစာယူလိုက်ကြတယ် မသိဘူး။
          ဒေါ်အောင်ဆန်းစုကြည်လည်း နိုင်ငံတကာနဲ့ ပြည်သူလူထုကို အရပ်တကာလှည့်ပြီး ပြောနေ ဟောနေရတာ အတော်ပင်ပန်းရှာတယ်။ ဟိုမိုးမခဆောင်းပါးတခုထဲမှာ ပါသလို ဟိုလွန်ခဲ့တဲ့နှစ်ကလည်း ဒီစကား၊ အခုဒီနှစ်လည်း ဒီစကားပဲ။ ဒီပရိသတ်ကြီးကို ပြောနေရတာ။ ပရိသတ်ကြီးကလည်း ဒီအတိုင်းပဲ။ အန်တီစု ကျန်းမာပါစေ။ သက်တော်ရာကျော် ရှည်ပါစေ။ တခုတော့ တိုးလာတယ်။ သမ္မတကြီး ဖြစ်ပါစေ ဆိုတဲ့ ဆုတောင်း။ ဒီစကားတွေ ဒီအပြောအဟောတွေချည်းတွေ ဒီလူတွေကို အာပေါက်မတတ် ပြောနေရတာကြောင့် ပါတီကိုယ်တိုင် ‘ဒီ’ ပါတီ၊ ဒီချုပ်၊ သူ့ပင်တိုင်ဆောင်းပါးခေါင်းစီးက ‘ဒီ’စကား၊ အင်း ပြီးတော့ သူ့စာစောင်ကလည်း ‘ဒီ’လှိုင်း ဖြစ်နေတာကိုး။ ဒီမိုး ဒီမြေ ဒီလူတွေနဲ့ ငါတို့ ‘ဒီ’မိုကရေစီ ဆိုတာ ‘ဒီ’လိုပဲ ပြီးကြမလား။
          ဒေါ်စုက ဒီလောက်ပြောတာတောင် … လူတွေက ‘စုစု ထူမှ ထမယ်’ လို့ ဖြေကြတဲ့သူတွေချည်းဆိုတော့ ဒေါ်စုခင်မျာ သူသမ္မတဖြစ်အောင် မစောင့်ပါနဲ့၊ သမ္မတကြီးဖြစ်အောင် လာလုပ်ပေးကြပေါ့လို့ ပြက်လုံး ထုတ်လိုက်ရရှာတယ်။ ဟိုသမ္မတနဲ့ ဟိုအစိုးရ၊ ဟိုလွှတ်တော်ကလူတွေလိုမျိုး ဒီလူတွေကလည်း ပြက်လုံးတွေကို သင်ခန်းစာ ယူတတ်ကြပါ့မလား မသိဘူးလေ။
          အပြောတွေကနေ အလုပ်ဖြစ်လာဖို့က ဖြစ်နိုင်ပါ့မလား။ မိုးမခကလည်း ဒီလူတွေပဲ၊ ဒီစာတွေချည်း ရေးတင်နေရရှာတယ်။ ဒီပရိသတ်ကြီးကပဲ ဖတ်နေတာ။ ပြောင်းတော့ ပြောင်းမှ ဖြစ်မှာပါ။ ဒေါ်စုကတော့ ကွန်မြူနီတီအဆင့် ၀ိုင်းတွန်းလို့ရတဲ့ အလုပ်တွေ ပြောပြသွားပါတယ်။ လာဘ်မပေးကြဖို့၊ လာဘ်မစားကြဖို့၊ အမှိုက်မပစ်ဖို့၊ မကြွားကြဖို့ … ။ ပိုက်ဆံမမက်ဖို့၊ သူတပါးတွေကို အကူအညီပေးကြဖို့။ ပေးပြီးတော့လည်း ကိုယ်ကျိုးစွန့်လှရချည့်ရယ့်ဆိုပြီး မဏ္ဍပ်တိုင် မတက်ကြဖို့ စသည်ဖြင့် ‘ဒီ’စကားတွေ ပြောသွားပါတယ်။ လက်ခုပ်သံကတော့ တဖြောင်းဖြောင်းပဲ။ ‘ဒီ’လိုပဲပေါ့လေ။
          နိုင်ငံခြားက ပြန်လာတဲ့သူတွေ … အင်း …မောင်လူပေပြောသလိုဆိုရင် ဗမာပြည်ဟာ အပြင်ကလူတွေအတွက် နိုင်ငံခြားပေါ့၊ ဗမာပြည်နိုင်ငံခြားက ပြန်လာတဲ့သူတွေက ဟိုက (ဗမာပြည်က) လူတွေအကြောင်း အတော် အတင်းပြောကြတယ် ဆိုရမယ်။ စည်းကမ်းမရှိဘူးတို့၊ ဟိုဟာ ဒီဟာတွေ မရှိဘူးတို့။ ပိုက်ဆံတွေ အရမ်းချမ်းသာနေတယ် တို့၊ ဟိုခွင် ဒီခွင်တွေ အများကြီးပဲတို့၊ ဟိုလူကြီး ဒီလူကြီးတွေနဲ့ ကွန်ယက်တွေ ဘယ်လို ချိတ်ရ၊ ဆက်ရတယ်လို့ အတော် ပြောလာကြတယ်။ ဗမာပြည်ကလူတွေကလည်း နိုင်ငံခြားကလာတဲ့သူတွေ ပြန်သွားရင် အတော်ကို ဝေဖန် စောင်းမြောင်းကြတယ် ဆိုရမယ်။ နိုင်ငံခြားကဆိုပြီးတော့ ဘာမှလည်း မည်မည်ရရ မရှိဘူးတို့၊ သုံးတတ် စွဲတတ် စားတတ် သောက်တတ် ပြောတတ် ဆိုတာလည်း မရှိဘူးတို့၊ ငါတို့လိုမျိုး လူကြီးအသိုင်းအ၀ိုင်းနဲ့ ချိတ်ဆက် လုပ်ကိုင်တတ်တဲ့သူလည်း မဟုတ်ဘူးတို့ နှခေါင်း ရှုံ့ကြတယ်လို့ ဆိုတယ်။
          ဥပမာအားဖြင့် ရန်ကုန်က မောင်ရစ်ကျောင်းနေဖက် တယောက်ဆိုရင် လက်ရှိအစိုးရအသိုင်းအ၀ိုင်း၊ စီးပွားရေး အသိုင်းအ၀ိုင်းရဲ့ ဆွေမျိုးနီးစပ် အမျိုး ၁၀ ၀မ်းကွဲလောက်နဲ့ သိတာ၊ ဒေါ်စုမွေးထားတဲ့ ခွေးကလေး နံမယ်ကို သိနေတာက အစ ဂုဏ်ယူပြီး ပြောကြဆိုကြတယ်။ မောင်ရစ်ခင်မျာ ကိုယ့်ရပ်ကွက်ထဲက ရပ်ကွက်လူကြီးနဲ့လည်း မသိဘူး။ အိုဘားမားမွေးထားတဲ့ ခွေးနံမယ်လည်း မသိဘူး။ ဗမာပြည်ပြန်ရင် မောင်ရစ်ဟာ မျက်နှာ အတော်ငယ်မှာပါ။
          တကယ်တမ်းကတော့ ဗမာပြည်သူ ပြည်သားတွေဟာ ဘယ်နေရာ ဘယ်ပြေမှာ နေနေပါ။ ဒီလူတွေချည်းပါပဲ။ သူမသာ ကိုယ်မသာတွေချည်းပါ။ အကုန်လုံး ကိုယ့်ဘ၀ ကိုယ့်ရည်မှန်းချက်တွေအတွက် ရုန်းကန်နေကြသူတွေချည်းပါပဲ။ သို့သော်လည်း မတူကွဲပြားတဲ့ နေရာ ဒေသ အသိုင်းအ၀ိုင်းက လာကြလို့ ဆုံတွေ့ကြရတဲ့ဆီမှာ ငါတို့တွေဟာ လူသားမျိုးနွယ်တွေချည်းသာဆိုပြီး ဇာတိ၊ ပုည၊ ကုသလကို ဇာတ်ခွဲပြီး ဘောင်ခတ်ကြည့်တာ၊ တိုင်းထွာပြီး ကြည့်ကြတဲ့ အကျင့်တွေ ပြင်ကြမှ ဖြစ်လိမ့်မယ် တွေးမိတယ်။ ဘယ့်နှယ့် ပြည်တွင်းက ဗမာနဲ့ ပြည်ပက ဗမာတောင် ဟိုပေတံ ဒီပေတံတွေနဲ့ တိုင်းထွာ ဆက်ဆံနေရင် ၊ ကရင်၊ ၊ ချင်း၊ ရှမ်း စတဲ့ တိုင်းရင်းသားဒေသတွေမှာ ဘယ်လိုမျိုး ဆက်ဆံကြမှာတုန်း။ ဖယ်ဒရယ် ဖယ်ဒရယ် ဆိုပြီး ပြည်ထောင်စု ပြည်ထောင်စု လှိမ့်အော်နေတာ အိမ်နီးနားချင်းတွေ ဧည့်သည်တွေကိုတောင် ဖိနပ်စီးလာသလား၊ ပုဆိုးဖင်ပေါက်နဲ့လား ဆိုတဲ့ အဆင့်အတန်းခွဲစိတ်နဲ့ မြင်ချင်တဲ့ မျက်လုံးတွေကို ပြင်ကြမှ ဖြစ်မယ် ထင်တာပါပဲ။
          အမေရိကန်က ဗမာဆိုတာ ကိုယ့်ကားကိုယ်မောင်း၊ ကိုယ့်ဘတ်စကား ကိုယ်တိုးစီး၊ ကိုယ့်အ၀တ်ကို အိမ်နားက အ၀တ်လျော်စက်မှာ ပိုက်ဆံထည့်လျော်၊ ကိုယ့်ခေါက်ဆွဲပြုတ် ကိုယ့်ဖာသာ ပြုတ်သောက်ရတာပါခင်ဗျာ။ ခင်ဗျားတို့ ဗမာပြည်က မြို့ကြီးသားတွေလို အိမ်စေနဲ့၊ ဒရိုင်ဘာနဲ့၊ အ၀တ်လျော်တဲ့ အလုပ်သမားနဲ့ မီးစက်၊ ရေစက်တွေနဲ့ အခန့်သား မနေနိုင်ကြပါဘူး။ သည်တော့ ဗမာပြည်မှာ ကလေးလုပ်သားတွေ ပပျောက်ဖို့၊ အိမ်တွင်းအဓမ္မမှုတွေ ပပျောက်ဖို့၊ အလုပ်သမားတွေ လူ့အခွင့်အရေးရဖို့ တိုက်ပွဲဝင်ကြအရေး သူတို့မြို့ကြီးသားတွေ အချိန်အား ရကြရှာမှာပေါ့လို့ တဦးကို တဦး အပြန်အလှန် အငေါ်တူးနေကြရင် ဗမာပြည်ကြီး ဒီပုံနဲ့ မီုးကြီးချုပ်ကုန်မှာပေါ့လို့ ပြက်လုံးလေး ထုတ်လိုက်ချင်ပါရဲ့။ သင်ခန်းစာယူဖို့ပါ။
          တကယ်တန်း ပြန်တွေးကြည့်လိုက်ရင် … လွှတ်တော်ပြင်ပလှုပ်ရှားမှုတွေဟာ ဒီနှစ်ထဲမှာ အတော် အားကောင်း မောင်းသန် ဖြစ်လာပါတယ်။ လွှတ်တော်အထဲကလူတွေထက် လွှတ်တော်ပြင်ပကလူတွေဟာ ပြည်ပလေ့လာရေးခရီးတွေ တွင်တွင်ကျယ်ကျယ် သွားလာဖြစ်တယ် (အဲလေ ယောင်လို့) ။ လွှတ်တော်ထဲကလူတွေလည်း ပြည်ပခရီးမထွက်နိုင်ရင်တောင် ကိုယ့်မဲဆန္ဒနယ်လောက်တော့ ခရီးထွက်ပြီး နားစွင့်ကြဖို့ လိုမယ် ထင်တယ်။ မဲဆန္ဒနယ်က လူတွေကလည်း ခုကတည်းက ငါတို့မြို့နယ်ထဲက ရပ်ကွက်ထဲက ဘယ်သူကိုတော့ဖြင့် အမတ်ဖြစ်အောင် အဆင်းတွန်းလွှတ်ကြဖို့ ရှာဖွေရေး ထွက်ထားကြမှ ဖြစ်မယ် တွေးမိတယ်။ နို့မို့ဆို အခြေခံဥပဒေပြင်ဖို့အရေး မဲပေးမယ့်သူတွေက ကိုယ့်အမတ်တွေမဟုတ်ဘဲ ဘယ်ကမှန်း မသိတဲ့ အမတ်တွေ အမြီးတတ်ပြီး လွှတ်တော်ပေါ် တက်ထိုင်နေတာဆိုရင် မခက်ပါလား။
          ဒေါ်အောင်ဆန်းစုကြည် ပြောသလိုပါပဲ။ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးဖို့၊ ကိုယ့်တဦးချင်းစီက မှန်ကန်စွာ ဆုံးဖြတ်ချက်တွေ ချနိုင်ဖို့ အရေးကြီးတာပါပဲ။ သူများကြမ္မာ ကိုယ်က ၀င်ပြီး ဖန်တီးနိုင်ဖို့၊ သူများရဲ့ ဆုံးဖြတ်ချက်တွေကို ကိုယ့်က ၀င်ပြီး ချပေးနိုင်ဖို့သာ လောကြီးနေမယ်ဆိုရင်တော့ ကိုယ့်အရေးကိုလည်း သူများတွေက ၀င်ပြီးတော့ ချုပ်ကိုင်ခြယ်လှယ်သွားမှာ မကြားလို မမြင်လိုပါခင်ဗျာ။ အပြောကတော့ ရွှေမန်းပဲ… အကကျတော့မှ ချိုမိုင်မိုင်နဲ့ ဆိုရင် ငါတို့ဗမာပြည်ကြီးလည်း အပြောတွေချည်းပဲ ပြီးကြမှာလား …။ ကြာတော့သည်လည်း ‘ဒီ’စကား ပေါ့။
(Photo Credit – http://www.ebay.com/itm/All-Talk-and-No-Action-Human-Skeleton-Sculpture-Age-Old-Thinker-Statue-/261228550366 )


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa Old Archives

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:Maung Yit, Op-Ed

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)