လောကဓာတ်ခန်းသာဂိ – အေအိုင်တော်လှန်ရေးကို တော်လှန်ခြင်း

October 12, 2018

 

လောကဓာတ်ခန်းသာဂိ – အေအိုင်တော်လှန်ရေးကို တော်လှန်ခြင်း

Yuval Noah Harari – Reboot for the AI Revolution

Nature – journal of science (17 October 2017)

(မိုးမခ) အောက်တိုဘာ ၁၁၊ ၂၀၁၈

စကားချီး

တလောက ဒေါ်အောင်ဆန်းစုကြည်က world economic forum မှာ ပြောသွားတဲ့ မိန့်ခွန်းမှာ 4IR နဲ့အမီ လိုက်နေတယ်လို့ ပြောပါတယ်။ 4IR ဆိုတာ စက်မှုတော်လှန်ရေး စတုတ္ထလှိုင်းပါ။ နည်းပညာတော်လှန်ရေး နောက်လှိုင်းလုံးတခုဖြစ်ပြီး AI ဆိုတဲ့ Artificial Intelligence စက်ဦးနှောက်၊ Internet of Thing ဆိုတဲ့ အင်တာနက်ချိတ်ဆက်ကိရိယာ၊ Automation ဆိုတဲ့ အလိုအလျောက်ခိုင်းစေခြင်း၊ 3D Printing ရုပ်လုံးကြွ ပုံနှိပ်ထုတ်ခြင်း၊ Robotics ဆိုတဲ့ စက်တပ်ခိုင်းစေခြင်း စတဲ့ အသစ်အဆန်းနည်းပညာတွေ ပါဝင်ပါတယ်။ ဒါတွေက လက်ရှိစက်မှုလုပ်ငန်းတွေကို disturb “ကိုင်လှုပ်”လိုက်တယ်။ သာမန်ရိုးကျကနေ ပြောင်းလဲမှုတွေကို ဖြစ်ပေါ်စေပါတယ်။

ဒီဆောင်းပါးကတော့ Harari ဟာရာရီဆိုတဲ့ အစ္စရေးပါမောက္ခ လူရွယ်တဦးရဲ့ ဆောင်းပါးပါ။ သူ့ရဲ့ စာအုပ် ၃ အုပ်ဖြစ်တဲ့ Homo Sapiens, Homo Deus  နဲ့ 21 Lessons for 21st Century ဆိုတာ ထင်ရှားပါတယ်။ သူကတော့ လူတွေဟာ wise (လူလည်လုပ်တာ) နဲ့ မပြီးတော့ဘူး၊ smart (လူတတ်လုပ်) ရတော့မယ်။ ၂၁ ရာစုမှာ ကျန်ရစ်ဖို့အတွက် ပြင်ဆင်သင့်တာတွေကို တွေးခေါ် ရေးသား ပြောဆိုနေသူ ဖြစ်ပါတယ်။ လူငယ်ကလေးတွေက အတော်ဖတ်ကြပြီး စဉ်းစားစရာဖြစ်တယ်လို့ ဆိုကြပါတယ်။ ဒီဆောင်းပါးမှာ လူတိုင်းက အေအိုင် အေအိုင် –  လူလို စဉ်းစားနိုင်တဲ့ စက်ဦးနှောက်တွေဆိုတဲ့ လှိုင်းနောက်လိုက်ကြတဲ့ဆီမှာ လူတွေ မျိုးတုံးမကုန်အောင် စဉ်းစားသင့်တဲ့ အချက်ကို ရေးထားတာ ဖြစ်ပါတယ်။

သူ ရေးထားတာတွေကတော့ –

စက်တွေကို လူလိုစဉ်းစားခိုင်း လုပ်ကိုင်ခိုင်းလိုက်တဲ့အခါ လူတွေ အလုပ်ပြုတ်ကုန်တော့တာပဲ။ ဘောဂဗေဒအသစ်၊ ပညာရေးအသစ်၊ လူမှုဘ၀အသစ်ကို ပုံဖော်ဖို့အတွက် ကျနော်တို့ စဉ်းစားရတော့မယ်လို့ သူက ပြောချင်ပါတယ်။

အေအိုင်တော်လှန်ရေးလှိုင်းက နေ့စဉ်လူမှုဘ၀တွေကို ပြောင်းပစ်နေတယ်။ လူမှုရေး စီးပွားရေး အခွင့်အလမ်းသစ်တွေ ပေါ်ထွန်းလာစေတယ်။ အဲသလိုပဲ စိန်ခေါ်မှုတွေ အများအပြားလည်း ဖြစ်လာပါတယ်။ တချို့က ထင်မြင်ချက်ပေးကြတာကတော့ smart computer လူလိုတတ်တဲ့ကွန်ပြူတာတွေက လူတွေကို လုပ်ငန်းခွင်ထဲကနေ ဖယ်ရှားလိုက်မယ်။ အသုံးမ၀င်တဲ့ လူတန်းစားတရပ်ကို (useless class) ကို ပေါ်ထွက်လာစေလိမ့်မယ် တဲ့။ တချို့ကလည်း အလိုအလျောက်ခိုင်းစေနိုင်တဲ့စနစ် – automation က လူတွေအတွက် အလုပ်အကိုင်အသစ်တွေ ထုတ်ဖော်ပေးမယ်၊ လူတွေကို ပိုပြီး ချမ်းသာကြွယ်ဝလာစေမယ်တဲ့။ သို့သော်လည်း အားလုံးသဘောတူကြတာကတော့ဖြင့် – ဘယ်လိုပဲဖြစ်ဖြစ် အကောင်းဘက်ကို ဖြစ်လာအောင် လုပ်ကြရမယ်၊ အားထုတ်ရမယ်၊ ဆိုးကျိုးတော့ မဖြစ်စေဘို့ လိုတယ် ဆိုတာပဲ ဖြစ်ပါတယ်။

အော်တိုမေးရှင်းတော်လှန်ရေးဆိုတာက သိပ္ပံပညာရပ်ရဲ့ လှိုင်း ၂ ခု ပေါင်းဆုံမှုကနေ ပေါ်ထွက်လာတာပါ။ ကွန်ပြူတာပညာရှင်တွေက အေအိုင်နည်းစနစ်ဖြင့် စက်တွေကို ဒေတာတွေ အများကြီးပေးထားပြီး လေ့လာသင်ယူနိုင်စွမ်း၊ ဆင်ခြင်ကြည့်နိုင်စွမ်း၊ ကောက်ချင်ဆွဲနိုင်စွမ်းကို ဆူပါမင်းတွေလိုဖြစ်အောင် တည်ဆောက်လာကြပါတယ်။ တပြိုင်နက်တည်းမှာပဲ ဇီဝပညာရှင်တွေနဲ့ လူမှုပညာရှင်တွေကလည်း လူတွေရဲ့ ခံစားချက်တွေ၊ လိုချင်စိတ်တွေနဲ့ မသိစိတ်စေစားချက်တွေကို ခွဲစိတ် ပိုင်းဖြာကြည့်လာကြတယ်။ အဲသည် infotech နဲ့ biotech တွေ ပေါင်းပြီး algorithms ဆိုတဲ့ တွက်ချက်နည်းတွေ ပေါ်ထွန်းလာတဲ့နောက်မှာ လူတွေကို စိတ်ဖြာကြည့် ဆက်သွယ်ကြည့်နိုင်ကြလာပါတယ်။ ဒီတွက်ချက်နည်းတွေ ဒီဒေတာတွေထည့်ထားတဲ့ စက်တွေက လူဆရာဝန်၊ လူကားသမား၊ လူစစ်သား၊ လူဘဏ်သမားတွေထက် သာလွန်တဲ့ စွမ်းဆောင်မှုတွေ လုပ်လာနိုင်ကြတော့မယ်လို့ ဖြစ်လာနေပါတယ်။ အဲသည် algorithms တွေ ဈေးကွက်ထဲ ၀ယ်လာရင် (မြန်မာလိုဆိုရင် သုံးချက်တွက်နည်းလို လူတွေကို တွက်ချက်ပိုင်းဖြတ်နိုင်တဲ့ နည်းလမ်းတွေပေါ့) သန်းပေါင်းများစွာသောလူတွေ အလုပ်လက်မဲ့ ဖြစ်သွားစေနိုင်ပါတယ်။

ဆိုတော့ အစိုးရတွေဆိုတာက သည်လိုမျိုး လာတော့မယ့် အော်တိုမေးရှင်းလှိုင်းလုံးကြီး အပြင်းအထန် ရိုက်ခတ်မှုအရှိန်ကို နှေးအောင်လုပ်ဖို့ ကန့်သတ်နိုင်ဖို့ ဆုံးဖြတ်သင့် ဆုံးဖြတ်ရတော့မယ်။ သည်တော့မှ အဲသည်ဒဏ်ကို ခံနိုင်အောင် လျော့ကျအောင် ပြင်ဆင်နိုင်အောင် မိမိနိုင်ငံသားတွေကို လုပ်ဆောင်ပေးဖို့ လိုပါလိမ့်မယ်။ သို့သော်လည်း အော်တိုမေးရှင်းကို တွန်းလှန်ဖို့နဲ့ အလုပ်အကိုင်တွေ ဆုံးရှုံးမှုကို ကာကွယ်နိုင်ရေးဆိုတာ မလိုလားအပ်တဲ့ မဖြစ်နိုင်တဲ့ အရေးကိစ္စပါ။ ကျောက်တုံးကြီး လိမ့်ကျလာတာကို လက်ကလေးနဲ့ တားလို့ရတာမျိုးမှ မဟုတ်တာ။ အေအိုင်နဲ့ အော်တိုမေးရှင်းက ဆောင်ကျဉ်းလာမယ့် အကျိုးစီးပွားတွေကို မျက်ကွယ်ပြုလိုက်မယ်ဆိုတာကလည်း မလုပ်သင့်တဲ့ ဆုံးဖြတ်ချက် ဖြစ်နေတယ် မဟုတ်ပါလား။ အကယ်၍ သူ့ဖာသာသူ မောင်းနှင်တဲ့ self driving car တွေက (လူတွေမောင်းခိုင်းတာထက်) ဈေးချိုတယ်၊ စိတ်ချရတယ်ဆိုရင် ဒါတွေကို ပိတ်ပင်တားဆီးထားပြီးတော့ တက္ကစီမောင်းသမားတွေ အဝေးပြေးကားသမားတွေရဲ့ အလုပ်တွေကို ကာကွယ်ဖို့ပဲ လုပ်ကြမယ်ဆိုတာ ကောင်းတဲ့အကျိုးကို ဖြစ်စေမှာ မဟုတ်ပါ။

လက်တွေ့ကျတဲ့ နည်းဗျူဟာကတော့ အလုပ်အကိုင်သစ်တွေ ဖန်တီးပေးနိုင်ရေး ဖြစ်ပါတယ်။ ဥပမာအားဖြင့် – routine job လို့ဆိုတဲ့ နေ့စဉ် သမာရိုးကျ လှေနံဒါးထစ် ပုံသေချ လည်ပတ်လုပ်ကိုင်နေရတဲ့အလုပ်တွေကို automation အလိုအလျောက်လုပ်တဲ့စက်ထဲ ထည့်လိုက်ပြီးတော့ non-routine job ပုံမှန်လည်ပတ်နေကျမဟုတ်တဲ့ အလုပ်အကိုင်သစ်တွေ အပြိုင်းအရိုင်းပေါ်ထွန်းလာအောင် အားပေးရပါမယ်။ ပုံဆောင်ရမယ်ဆိုရင် အထွေထွေဆေးကုဆရာဝန်ရဲ့ အလုပ်တွေဖြစ်တဲ့ သိပြီးသားရောဂါတွေ ကုပေးတာ၊ ဆင်တူလက္ခဏာတွေကို ဆေးပေးတာတွေကို AI ဆရာဝန်စက် လက်ထဲထည့်လိုက်နိုင်ပါတယ်။ ပြီးတော့ ပိုထွက်လာတဲ့ ပိုက်ဆံဓနနဲ့ လူသားကျွမ်းကျင်သူပညာရှင်တွေကို အသစ်ပေါ်ထွန်းလာမယ့် ဆေးသုတေသနတို့၊ ဆေးဝါးအသစ်ဖော်ထုတ်တာတို့နဲ့ တမူထူးခြားလာမယ့် ခွဲစိတ်နည်းပညာတွေထဲမှာ အလုပ်ပေးလို့ ရပါတယ်။

ဒါက စီးပွားဓနစွန့်ဦးတီထွင်မှု ဖြစ်ပါတယ်။ ဥပဒေဘောင်တွင်းကနေ လက်တွေ့ကျမှုကို လမ်းဖွင့်ပေးပါတယ်။ ဒါ့အပြင် ပညာရေးစနစ်တော်လှန်ရေးလုပ်ဖို့ လိုအပ်ချက်ဖြစ်လာအောင် တွန်းအားပါပဲ။

 

စက်ရုပ်က တီးဝိုင်းဆရာ

တသက်တာသင်ယူခြင်း (life long learning)

သည်လိုအခွင့်အလမ်းအသစ်တွေ အသုံးချနိုင်ဖို့အတွက် လူတွေဟာ အမြစ်ကလှန်ပြီးတော့ ပညာပြန်သင်ယူရေးကို တသက်တာလုံးအတာနဲ့ လုပ်ကြရပါမယ်။ အေအိုင်တော်လှန်ရေးဆိုတာ တခါတည်းဖြစ်ပြီး ပြီးသွားမှာ မဟုတ်ပါ။ သည်တပွဲတိုးနိုင်ဖို့ အလုပ်အကိုင်ဈေးကွက်တွေ ပညာရေးစနစ်တွေ ဟန်ချက်ထိန်းမှုအသစ်တခုတည်းထဲ လုပ်ထားလိုက်ရုံနဲ့ ပြီးသွားမှာ မဟုတ်ပါ။ နောက်ဆက်တိုက် disturb လုပ်မယ့် ကိုင်လှုပ်မယ့် ငလျင်ကြီးတွေ လိုက်လာမှာ ဖြစ်ပါတယ်။ အလုပ်သမားတွေက တနေရာတည်းမှာ အလုပ်တမျိုးတည်းကို တသက်လုံး လုပ်ကိုင်သွားဖို့ သဘောထားကြတယ်။ ၂၀၅၀ လောက်မှာ “တသက်တလုပ်” (a job for life)ဆိုတဲ့ ဘ၀စနစ်ဆိုတာ မရှိနိုင်တော့ဘူး။ “တသက်တပညာ” ဆိုတဲ့ တသက်လုံးမှာ ပညာတခုတည်းနဲ့ ရပ်တည်မယ်ဆိုတဲ့ (a profession of life) ဆိုတာကလည်း ကျောက်ခေတ်မှာ ထားရစ်ခဲ့ရတော့မှာ ဖြစ်ပါတယ်။ နောင်ဆိုရင် ကလေးသူငယ်တွေကော ကောလိပ်ကျောင်းသားတွေကိုပါ ဘာပညာတွေ သင်ပေးထားရမလဲဆိုတာတောင် တွက်ရ ပြင်ရတာ ခက်ခဲလာတော့မှာ ဖြစ်ပါတယ်။

အနာဂတ်ကို ဟောကိန်းထုတ်တယ်ဆိုတာ လွယ်တဲ့အလုပ်မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ အနှစ် ၁ထောင်တုန်းက သင်ဟာ တရုတ်ပြည်ကြီးမှာ နေထိုင်ခဲ့မယ်ဆိုရင် သင်မသိနိုင်တဲ့ အရာတွေက အများကြီး။ တရုတ်အင်ပါယာကြီးဟာ နောက်အနှစ် ၅၀ မှာ ပျက်စီးတော့မယ်၊ ခစ်တန်လူမျိုးတွေရဲ့ နယ်ချဲ့တာ ခံရတော့မယ်။ ပလိပ်ရောဂါအသစ်တခုက လူသန်းပေါင်းများစွာကို ပျက်စီးစေမယ်။ သို့သော်ငြား သင်ကောင်းကောင်းသိနေတာကတော့ လူတွေ အားလုံးနီးပါးဟာ လယ်သမားတွေ၊ ချည်ရက်သမားတွေအဖြစ် လုပ်ကိုင်ကြရတယ်။ စစ်တိုက်ဖို့အတွက် လူတွေ လိုတယ်၊ အခွန်ကောက်ဖို့ လူတွေ လိုတယ်။ မိန်းမတွေဆိုတာကလည်း သူတို့အိမ်ထောင် မိသားစုအပြင်ဘက်ထွက်ကြည့်နိုင်ဖို့ ဘာအခွင့်အရေးမှ မရှိကြဘူး။ လူတွေဆိုတာ ပျမ်းမျှ အသက် ၄၀ လောက်ပဲ ရှိတယ်။

သည်တော့ သူတို့သိတာလောက်နဲ့ သင်တို့ဟာ အနာဂတ်အတွက် ပြင်ဆင်ကြရပါတယ်။ အေဒီ ၁၀၁၇ ၀န်းကျင်မှာ ဆင်းရဲသားမိဘတွေက သူ့သားသမီးတွေကို စပါးစိုက်နည်းသင်ပေးကြတယ်၊ ပိုးချည်ယက်နည်း သင်ပေးကြတယ်။ ချမ်းသာတဲ့မိဘတွေကတော့ ယောကျာ်းလေးကို စာတတ်အောင် သင်ပေးတယ်။ မြင်းစီးပြီး စစ်တိုက်နည်း သင်ပေးတယ်။ သူတို့သမီးတွေကိုကျတော့ အိမ်ထောင်ရှင်မကောင်းကောင်းဖြစ်အောင် ဗိုင်းကောင်းကျောက်ဖိ သင်ပေးကြတယ်။ ဒီ အသက်မွေးဝမ်းကြောင်းနည်းပညာတွေဟာ သူတို့အနာဂတ်အတွက် လိုအပ်ချက်တွေပဲဆိုတာ သေချာပြီး ဖြစ်ခဲ့တာကိုး။ သို့သော် ၂၀၁၇ ကျတော့ အဲသည်တုန်းကနဲ့ ဆန့်ကျင်ဖက် ဖြစ်သွားပါပြီ။ အနာဂတ်အတွက် စိတ်ချရမယ့် အလုပ်ဆိုတာ ဘာမှ သေချာတာ မရှိတော့ဘူး။ ကျားမ ဆိုတာ စီးပွားရေး ဆိုတာ သေခြင်းဆိုတာ ဘာမှ ကြိုတွက်လို့ မရတော့ဘူး။

လူတွေရဲ့ စိတ်ပိုင်းဆိုင်ရာမှာလည်း အတားအဆီးတွေ ကြုံလာကြတယ်။ အပြောင်းအလဲဆိုတာ စိတ်ပူစရာချည်းပဲကိုး။ လူသားတွေဟာ လက်ရှိရာစုသစ်မှာ ပူပန်စရာတွေ ဂနာမငြိမ်ဖြစ်ရတွေချည်းနဲ့ ရင်ဆိုင်နေပြီး ဖြစ်ပါတယ်။ အလုပ်အကိုင်ဈေးကွက်က အမြဲပြောင်းလဲနေတော့ သက်မွေးပညာဆိုတာကလည်း အမြဲတန်း မငြိမ်တော့ – သည်လှိုင်းလုံးတွေအောက်မှာ လူတွေဟာ စိတ်ပိုင်းဆိုင်ရာခံနိုင်ရည် သက်လုံကောင်းနိုင်ပါ့မလားလို့တောင် သံသယဖြစ်ချင်လာပါတယ်။ စိတ်ပင်ပန်းတာတွေ (stress) ကို လျော့ချနိုင်ဖို့ ထိရောက်တဲ့ နည်းလမ်းတွေ လိုအပ်လာပါတယ်။ ဒါကို ထိန်းနိုင်အောင် ဆေးတွေ သောက်ကြတယ်၊ တရားထိုင်ကြတယ်။

အလုပ်အသစ်တွေ ဖန်တီးရတာက ပိုလွယ်ကူပြီးတော့ သည်လိုလူမျိုးတွေကို ပြန်လည်သင်ကြားရေး (retraining) လုပ်ရတာက ပိုခက်ပါတယ်။ သည်တော့ သည်လိုလူတွေဟာ useless class လို့ဆိုတဲ့ အံမ၀င်တဲ့ အသုံးမကျတဲ့ လူတန်းစားအဖြစ် အမြောက်အများ ပေါ်ထွက်လာမှာ ဖြစ်ပါတယ်။ သူတို့အတွက် အလုပ်မရှိဘူး၊ သင့်တော်တဲ့ပညာလည်း မတတ်ကြဘူး၊ စိတ်ပိုင်းဆိုင်ရာလည်း ပြင်လွယ်ပြောင်းလဲ မဖြစ်နိုင်ကြတော့ဘူး။

အီတလီ လူအိုရုံက စက်ရုပ်သူနာစောင့်


စမ်းသတ်ချက်များ

သည်မှာ အရေးကြီးတာကတော့ – စောစောစီးစီးကတည်းက ကြိုတင်ပြီး နည်းပညာသစ်၏ လူဘော့င်လောကထဲမှာ ဇကာတင်ကျန်ရစ်မယ့်သူတွေနဲ့ အပယ်ခံချန်ရစ်ရမယ့် လူတွေကို ခွဲခြား သတ်မှတ်ထားလိုက်နိုင်ကြဖို့ ဖြစ်ပါတယ်။ သည်လို မတူညီတဲ့အုပ်စု ၂ ခုကြားက ကွာဟချက်ကြီးမားမှုကို ကြိုတင်တွက်ချက်မှုကနေ ဥပက္ခာသဘော ထားနိုင်ရတော့မယ်။ အလိုအလျောက်စက်တွေ ၀င်ရောက်လာတဲ့အခါ ယောကျားနဲ့ မိန်းမအပေါ် သက်ရောက်မှု မတူနိုင်ပါ။ အသက် ၂၀ နဲ့ အသက် ၄၀ ပေါ် သက်ရောက်မှုဆိုတာ တပြေးညီ မဖြစ်ပါ။ ကောလိပ်ပညာသမားနဲ့ ကျောင်းမပြီးသူကြားထဲမှာလည်း သက်ရောက်မှုက မတူညီနိုင်ပါ။

အခုလို winner and loser – မြတ်သူ နဲ့ ရှုံးသူ၊ ကျန်ရစ်သူနဲ့ ချန်ရစ်သူဆိုပြီးတော့ တရားသေ ခွဲကြည့်လို့လည်း မရပေဘူး။ ဆေးခန်းတခုကို ဥပမာယူကြည့်ရအောင်။ အော်တိုမေးရှင်းလုပ်လိုက်လို့ရှိရင် ဆရာဝန်တွေက သူနာပြုတွေထက် အရှုံးပမာဏ ပိုကြီးပါတယ်။ အထွေထွေကုဆရာဝန်ဆိုတာက အချက်အလက်တွေ (အင်ဖော်မေးရှင်း)တွေကို အဓိက ဆင်ခြင်တဲ့အလုပ် လုပ်ကြရတယ်။ ကျန်းမာရေးဆိုင်ရာ အချက်အလက်တွေကို ရယူတယ်၊ ပိုင်းဖြာတယ်၊ ပြီးတော့ ကုသနည်းကို ထုတ်ပြန်တယ်။ သူနာပြုကျတော့ လုပ်အားသုံးရတယ်၊ စိတ်ပိုင်းဆိုင်ရာ ကိုင်တွယ်မှုပိုင်း ကျွမ်းကျင်တယ်။ စေတနာထားပြီး ဆေးထိုးတယ်၊ ဆေးလိမ်းတယ်၊ ပတ်တီးဖြည်တယ်၊ စီးတယ်။ ဆိုတော့ ကျနော်တို့ဆီမှာ ဆရာဝန်အေအိုင်ကို စမတ်ဖုံးပေါ်တင်သုံးနေပြီး နှစ်ပေါင်းများစွာကြာတော့မှသာ သူနာပြုစက်ရုပ်တွေ ပေါ်လာဖို့ များပါတယ်။

ပိုင်းဖြာဆင်ခြင်နိုင်စွမ်း (intelligence) နဲ့ ဝေဖန်တဲ့အသိတရား (consciousness) ၂ ခုကြားက ဆက်သွယ်ပုံကို လေ့လာစူးစမ်းနိုင်မှသာလျင် အနာဂတ်မှာ ပေါ်ထွန်းလာမယ့် ကွန်ပြူတာနဲ့ လူသားကြားက စီးပွားရေးဆိုင်ရာ၊ ကျွမ်းကျင်မှုဆိုင်ရာ၊ တရားနည်းလမ်းကျမှုဆိုင်ရာ အညမညဖြစ်စဉ်ကို နားလည်ကြည့်ရှုနိုင်မှာ ဖြစ်ပါတယ်။  အခု ကျနော်တို့တတွေ တွေ့နေရတာက ကွန်ပြူတာရဲ့ ပိုင်းဖြာဆင်ခြင်နိုင်စွမ်း (intelligence) အံ့မခန်းတိုးတက်လာမှုဖြစ်ပြီး ကွန်ပြူတာကိုယ်တိုင်၏ ဝေဖန်သိစိတ် (consciousness) ဖြစ်ပေါ်လာမှုကတော့ သုညမှာ နတ္ထိမှာပဲ ရှိပါသေးတယ်။ ပြောချင်တာက လေယျာဉ်ပျံတွေဟာ လေထဲမှာ ငှက်ထက် မြန်မြန်ပျံလာနိုင်ကြသော်လည်း ငှက်တွေလို ငှက်မွှေးတွေတော့ မထုတ်လုပ် မတီထွင်နိုင်ခဲ့ကြသလို စက်တွေဟာ လူတွေရဲ့ ခံစားချက်တွေကို တွက်ချက်ပြီး လူတွေရဲ့ ပြသနာကို လူတွေထက် ပိုပြီး ဖြေရှင်းပေးနိုင်သော်လည်း လူတွေရဲ့ ခံစားချက်ကိုတော့ သူတို့ကိုယ်တိုင်မှာ တီထွင်တတ်ဆင်နိုင်ခြင်း မရှိသေးကြပါဘူး။ သည်လို ကွဲပြားခြားနားချက်တွေကို လေ့လာစမ်းစစ်ပြီးတော့ အနာဂတ်အေအိုင် ဘာလုပ်နိုင်တယ်၊ ဘာမလုပ်နိုင်ဘူးဆိုတာကို ကြိုတင် တွက်ချက်ထားရမယ်၊ သူ့ကို ထိန်းချုပ်ထားနိုင်ဖို့ ဘာတွေကို ကန့်သတ်ထားရမယ်ဆိုတာကို ဆုံးဖြတ်နိုင်ရမှာ ဖြစ်ပါတယ်။

အခုအချိန်မှာ အေအိုင်ခြေကုပ်ရ အောင်မြင်နေတဲ့ နယ်ပယ်တွေ ရှိနေပါပြီ။ ဒီနယ်ပယ်တွေထဲက အလုပ်ခွင်အတွင်း အေအိုင်၏ သက်ရောက်မှုကို လေ့လာစမ်းသတ်ခြင်း လုပ်ကြည့်နိုင်ပါတယ်။

လွန်ခဲ့တဲ့ အနှစ် ၂၀ ကတည်းက အိုင်ဘီအမ်၏ deep blue ကွန်ပြူတာက ချက်ဘုရင် ကပ်စပါးရော့ကို ဖြုတ်ချပစ်ခဲ့ပြီး ဖြစ်ပါတယ်။ သို့သော်လည်း ခုချိန်ထိ လူတွေက စစ်တုရင် ဆက်ထိုးနေကြတုန်းပါပဲ။ လူတပိုင်းအေအိုင်တပိုင်း (လူနဲ့ အေအိုင်တွဲဘက်ထားတဲ့) အသင်းဟာ လူချည်းအသင်းကိုရော စက်ချည်းနဲ့ အသင်းကိုရောပါ အနိုင်ကစားနိုင်ကြပါတယ်။ သည်လိုအချက်ကို အခြေခံပြီး အနာဂတ်အတွက်ကို စဉ်းစားမယ်ဆိုရင်တော့ လာမည့်အလုပ်အကိုင်ဈေးကွက်ထဲမှာ အေအိုင်ကို ပြိုင်တာထက် အေအိုင်ကို ဈေးဆစ်ထားနိုင်ဖို့ (အေအိုင်ကို ပြန်အမြတ်ထုတ်ဖို့) လူတွေကို လေ့ကျင့်သင်ကြားပေးထားဖို့ လိုမယ် ဆိုတာ ဖြစ်ပါတယ်။ ဒါပေမယ့် အေအိုင်ကို လူတွေ ခွစီးထားနိုင်ဖို့ဆိုတာက အမြဲတမ်း စိန်ခေါ်မှုတွေနဲ့ ဖြစ်နေမှာပါ။ ချက်စ်ကစားတဲ့ဆီမှာ (အေအိုင်နဲ့လူအတွဲထားသော်ငြား) အေအိုင်က အစွမ်းသိပ်ကောင်းလာပြီဆိုရင် လူရဲ့အခမ်းကဏ္ဍက သေးသိမ် လျော့ကျ နောက်ဆုံး ပျောက်သွားနိုင်ပါတယ်။ သည်လိုပဲ အေအိုင်နဲ့လူ အတွဲလုပ်ထားတဲ့ စုဖွဲ့မှုဟာ နောင်ဆို လိုချင်မှ လိုအပ်တော့မှာကိုး။

မောင်းသူမဲ့ကားတွေကိစ္စကလည်း နောက်ထပ်စမ်းသပ်ချက်တခုပဲ ဖြစ်ပါတယ်။ မောင်းသူမဲ့ကားတွေ ထုတ်လုပ်ဖို့အရေး ယှဉ်ပြိုင်ပွဲမှာ သံမဏိဘုရင် မာစီးဒီးဘင့်ဇ်လို ကုမ္မဏီနဲ့ စီလီကွန်ထိပ်သီး ဂူးဂဲတို့ ရဲ့ အားစမ်းပွဲ ဖြစ်လာပါတယ်။ သယ်ယူပို့ဆောင်ရေးကဏ္ဍဟာ အေအိုင်ကို ဈေးဆစ်နိုင်ဖို့ (အမြတ်ထုတ်နိုင်ဖို့) အားသာချက်တခု ရှိပါတယ်။ ဆက်သွယ်ရေး (connectivity) ဖြစ်ပါတယ်။ တစင်းတည်းသော မောင်းသူမဲ့ကားဟာ ကျွမ်းကျင်တဲ့ကားမောင်းသမားကို လမ်းပေါ်မှာ မယှဉ်နိုင်ပါဘူး။ သို့သော်လည်း လမ်းပေါ်မှာ ကွန်ပြူတာနဲ့မောင်းတဲ့ ကားကွန်ယက် ချိတ်ဆက်သွယ်ရေးစနစ်ဆိုရင်တော့ ပိုပြီး အန္တရယ်ကင်းပြီး ပိုပြီးလည်း မြန်ဆန်နိုင်ပါတယ်။ လက်ရှိမှာ လူတွေကြီးစိုးမင်းမူနေတဲ့ ကားလမ်းမပေါ်က ကားတွေကနေ ဖြစ်ပေါ်နေတဲ့ ဗယမ်းဗတာဖြစ်မှုတွေထက်တော့ သာလွန်ကောင်းမွန်မှာ သေချာပါတယ်။

သည်နေ့မှာ နှစ်စဉ် လူ ၁ဒသမ ၂၅ သန်းဟာ ကားတိုက်မှုတွေကြောင့် သေဆုံးနေပါတယ်။ အဲသည်ထဲမှာ ၉၀%ဟာ လူတွေရဲ့ မှားယွင်းမှုကြောင့် သေရတာပါ။ လူ၂ယောက် ကားကိုယ်စီနဲ့ လမ်းဆုံမှာ ရင်ဆိုင်တွေ့ကြရင် သူတို့အချင်းချင်း နားလည်မှုလွဲပြီး ယာဉ်ချင်းတိုက်မိနိုင်ပါတယ်။ သို့ပေမယ့် ကွန်ပြူတာမောင်းနှင်တဲ့ ကားတွေအချင်းချင်းကတော့ ကွန်ယက်ချိတ်ထားနိုင်တယ်။ သူတို့အချင်းချင်း ဆက်သွယ်မှု လွဲမှားတာကြောင့် ယာဉ်တိုက်ဖို့ကတော့ လူထက် အခွင့်နည်းပါးသွားနိုင်ပါတယ်။ မောင်သူမဲ့ကားတွေကို စည်းကြပ်နိုင်ဖို့အတွက် မိုင်နှုန်းကို ကန့်သတ်ပေးဖို့သာ လိုလာမယ်၊ မူးပြီး မမောင်းရဘူးဆိုတာ သူတို့နဲ့ မဆိုင်တော့ဘူးပေါ့။

မောင်းသူမဲ့ကားတွေက အရေးကြီးတဲ့ အချက် ၂ ချက်ကို ဖော်ထုတ်ပါတယ်။ ပထမအချက်ကတော့ တချို့နယ်ပယ်တွေမှာ လူတွေအစား ကွန်ပြူတာတွေ စက်ရုပ်တွေ အစားထိုးပစ်တာက ပိုကောင်းတယ်၊ တချို့လူတွေက စက်ထက်ပိုလုပ်နိုင်တယ် ဆိုဦးတော့ ယေဘူယျမှာ စက်ကို ဦးစားပေးလို့ ရတယ်ပေါ့။ ဒုတိယအချက်ကတော့ အဲသလိုမျိုး ပြောင်းလဲမယ်ဆိုရင် အချို့နေရာ နယ်ပယ်တွေမှာ ချက်ခြင်းကြီး ပြောင်းပစ်လိုက်တာထက် တဆင့်ချင်း ဖြေးဖြေးချင်း ပြောင်းပစ်ရမယ် ဆိုတာဖြစ်ပါတယ်။

စစ်ဘက်ကတော့ သည်နေရာမှာ ရှေ့ဆုံးက ဦးဆောင်နိုင်ပါတယ်။ စစ်တပ်တွေဆိုတာက နည်းပညာအသစ်အဆန်းတွေဆိုရင် သူတို့ အရင်ဆုံး အသုံးပြုလေ့ရှိကြတာကိုး။ လူစစ်သားတွေဆိုတာက စီးပွားရေးကော နိုင်ငံရေးအတွက်ပါ ဈေးကြီးပါတယ်။ အဆုံးအရှုံးကြီးပါတယ်။ သည်တော့ လူစစ်သားတွေနေရာမှာ ကွန်ပြူတာတွေကို စစ်မြေပြင်ပို့ရတာက ပိုပြီးတောင် ကောင်းပါသေးတယ်။ အခု တိုးတက်တယ်ဆိုတဲ့ စစ်တပ်တွေမှာ အထူးကျွမ်းကျင်တဲ့သူ ဦးရေနည်းနည်းဟာ ရှုပ်ထွေးဆန်းကျယ်တဲ့ အလိုအလျောက်ဖြစ်တဲ့ နည်းပညာတွေကို သုံးစွဲနေကြတာကို ပိုပြီး အားကိုးနေကြပြီ ဖြစ်ပါတယ်။ အဲသည်နည်းပညာတွေဆိုတာက drones (အဝေးထိန်းယာဉ်ပျံ)၊ စက်ရုပ်၊ အဝေးထိန်းချုပ်ဗုံး၊ ကွန်ပြူတာလုပ်ဗိုင်းရပ်ပိုး၊ ပြီးတော့ အချက်အလက်တွေအများကြီးကို စုတ်ယူ စိစစ်ဆင်ခြင်ပေးနိုင်တဲ့ algorithm တွက်ချက်နည်းပညာတွေ ဖြစ်ပါတယ်။

အဲသည်အပြောင်းအလဲဟာ စစ်တပ်မှာ အလုပ်လူတန်းစားအသစ်တခုကို ဖန်တီးပေးပါတယ်။ စက်ပိုင်းပြုပြင်ပြင်ဆင်ရေး၊ အဝေးထိန်းချုပ်ရေး၊ စက်များကို ပရိုဂရမ်လုပ်နိုင်ရေး နဲ့ ကွန်ပြူတာကွန်ယက် လုံခြုံရေးတို့ ဖြစ်ပါတယ်။ အမေရိကန်စစ်တပ်မှာ အဝေးထိန်းစစ်ယာဉ်တွေဖြစ်တဲ့ Predator တို့ Reaper တို့တွေ ပျုံသန်းထိန်းချူပ်နိုင်ဖို့ လူ ၃၀ လောက်စီ လိုကြပါတယ်။ အဲသည် ဒရုံးတွေကို ဆီးရီးယာလေကြောင်းထဲ ဖြတ်ပျံပြီးတော့ အချက်အလက်တွေ ကောက်ယူ စုဆောင်းတာတွေ ပြန်ပြီး စိစစ် ခွဲဖြာ သုံးသပ်တာတွေလုပ်နိုင်ဖို့က လူ ၈၀လောက် ထပ်လိုပါတယ်။ သည်တော့ စစ်တပ်တွေမှာ ဖြစ်ပေါ်နေတဲ့ အလုပ်အကိုင်ဈေးကွက်ကို ကြည့်ရှုလေ့လာသုံးသပ်နိုင်မယ်ဆိုရင် အရပ်ဖက်စီးပွားရေးမှာ လိုအပ်လာမယ့် စီးပွားရေးတိုးတက်မှုအနာဂတ်ကို တွက်ချက်နိုင်မှာ ဖြစ်ပါတယ်။

လားရာအသစ်

ပညာရှင်တွေဟာ လတ်တလော ကြိုတင်ပြနေတဲ့ သတိပေးချက်တွေ၊ စမ်းသပ်ချက်တွေကို လေ့လာပြီးတော့ အသစ်ထူထောင်ရမယ့် လူမှု-စီးပွားပုံစံလားရာသစ်တွေကို တွေးခေါ်ကြရမှာ ဖြစ်ပါတယ်။ အရင် လူမှု-စီးပွားဘ၀တွေ ရှိတော့မှာ မဟုတ်ပါဘူး။ ဥပမာပေးရရင် – ၂၀ရာစု ဆိုရှယ်လစ်ဝါဒယူဆချက်ဖြစ်တဲ့ စီးပွားရေးမှာ အလုပ်သမားလူတန်းစားက အဓိကဖြစ်တယ်ဆိုပြီးတော့ နိုင်ငံရေးမောင်းတန်အဖြစ် အလုပ်သမားအင်အားစုရဲ့ စီးပွားရေးအင်အားကို အသုံးချဖို့ သင်ကြားပြသခဲ့ကြပါတယ်။ ၂၁ ရာစုမှာတော့ဖြင့် အလုပ်သမားလူတန်းစားဟာ စီးပွားရေးမှာ အင်အားတရပ်ဖြစ်တယ်ဆိုတာကနေ လျောကျသွားခဲ့ကြပြီး အမြတ်ထုတ်ခံလူတန်းစားအဖြစ် ရုန်းကန်ခဲ့ကြရာကနေ အသုံးမ၀င်တော့တဲ့လူတန်းစားဖြစ်မသွားဖို့အရေး ရုန်းကန်ကြရတော့မှာ ဖြစ်ပါတယ်။

လတ်တလောမှ ခေတ်စားလာတဲ့ ပုံစံသစ်တခုကတော့ လူတိုင်းအတွက်အခြေခံဝင်ငွေ (universal Basic Income – UBI) ဖြစ်ပါတယ်။ ပြောချင်တာကတော့ အစိုးရတွေဟာ ချမ်းသာတဲ့သူတွေနဲ့ ချမ်းသာတဲ့ကုမ္မဏီကြီးတွေဆီက အခွန်ကောက်ပြီးတော့ ကျန်ရှိတဲ့လူတိုင်းကို သူတို့အခြေခံလူမှုရေး ဖူလုံစေတဲ့ စာရိတ်ထောက်ပံ့မှု ပြုလုပ်ပေးဖို့ ဖြစ်ပါတယ်။ ဒါထောက်ပံ့မှုဟာ ဆင်းရဲတဲ့သူတွေကို အလုပ်အကိုင် ဆုံးရှုံးမှုတွေနဲ့ စီးပွားရေးအရ အပယ်ခံရမှုတွေကနေ သက်သာရာရစေဖို့ ဖြစ်ပါတယ်။ ပြီးတော့ ချမ်းသာသူတွေကိုလည်း လူပြိန်း၊ ပစ္စည်းမဲ့များရဲ့ အမျက်ဒေါသကနေ အကာအကွယ်ပေးနိုင်ပါတယ်။ (အသုံးမ၀င်ဖြစ်တော့မယ့်) လူများစုကြီးကို  စီးပွားရေးအရ လက်ရှိမှာ အကျိုးမရှိသေးသော်လည်း နောင်မှာ အကျိုးရှိလာနိုင်မယ့် တီထွင်ဖန်တီးမှု ဦးစားပေး အလုပ်အသစ်များထဲ ဆွဲဆောင်နိုင်ဖို့၊ သို့မဟုတ် ပညာရေးအသက်ဆက်နိုင်ရဖို့ လွတ်လပ်ရေးရရှိစေမှာ ဖြစ်ပါတယ်။

ဇန်န၀ါရီ ၂၀၁၇ မှာ ဖင်လန်နိုင်ငံက ၂ နှစ် စီမံကိန်းနဲ့ စမ်းသပ်မှုတခု လုပ်ရာမှာ – အလုပ်လက်မဲ့ နိုင်ငံသား ၂ ထောင်ကို တလ ယူအက်ဒေါ်လာ ၆၅၇ ဖိုး ထောက်ပံ့တဲ့ အစီအစဉ်ဖြစ်ပါတယ်။ သူတို့တတွေရဲ့ အလုပ်အကိုင်ကျွမ်းကျင်မှုနဲ့ ကန့်သတ်ပြီး ပေးတာမျိုး မဟုတ်ပါဘူး။ ဒတ်ခ်ျနိုင်ငံက မြို့ကြီးအချို့၊ အီတာလီက Livorno မြို့၊ ကနေဒါနိုင်ငံက Ontario တို့မှာ အလားတူ စီမံကိန်းတွေ စမ်းသပ်နေကြတယ်လို့ ဆိုပါတယ်။

မှန်ပါတယ် – သည်လို အစီအစဉ်မျိုးတွေကို နိုင်ငံအလို မြို့ရွာအလိုက် လိုက်လုပ်လို့လည်း အဆိုးဆုံးပြသနာတွေကို ဖြေရှင်းနိုင်မယ်လို့ မဆိုလိုပါဘူး။ ဂလိုဘယ်လိုက်ဇေးရှင်းဆိုတဲ့ ကမ္ဘာပြုမှုဖြစ်စဉ်ကြီးဟာ တနိုင်ငံကလူတွေကို အခြားနိုင်ငံက ဈေးကွက်ကို မှီတည်နေရအောင် ပုံသွင်းထားပြီး ဖြစ်ပါတယ်။ အော်တိုမေးရှင်းဖြစ်စဉ်ကလည်း ဂလိုဘယ်ဈေးကွက်ကြီးထဲက အားအနည်းဆုံး ချိတ်ဆက်မှုကို ဆိုးဆိုးဝါးဝါးထိခိုက်မှုတွေ ဖြစ်အောင် လုပ်ပြီး ငလျင်လို ဆက်တိုက်တုန်လှုပ်မှု သက်ရောက်လာနိုင်ပါတယ်။ အေအိုင်ဖြစ်စဉ်က ဘန်ဂလိုတို့ ဆီလီကွန်ဗယ်လီတို့က အဆင့်မြင့်နည်းပညာဆုံဆည်းရာဒေသမှာ ကြီးမားတဲ့ ချမ်းသာကြွယ်ဝမှုကို ဆောင်ကျဉ်းလာချိန်မှာ ဈေးပေါလုပ်အားကို မှီတည်နေရတဲ့ ဟွန်ဒူးရပ်တို့ ဘင်္ဂလားဒေ့ခ်ျတို့လို ဖွံ့ဖြိုးမှုအနည်းဆုံးနိုင်ငံတွေဆီမှာတော့ အကြီးအကျယ် စီးပွားပျက်မှုကို ဖြစ်ပျက်စေမှာ ဖြစ်ပါတယ်။

အမေရိကားမှာ ဆိုရင်လည်း အမေရိကန်မဲဆန္ဒရှင်တွေက ဆန္ဒပေးကြရမှာ – နည်းပညာဘုရင်ကြီးတွေဖြစ်တဲ့ အမေဇုံတို့ ဂူးဂဲတို့ဆီကနေ အခွန်ကောက်ယူပြီးတော့ နယူးယောက်က အလုပ်လက်မဲ့ တက္ကစီမောင်းသမားတွေ၊ ပင်ဆီဗေးနီးယားက အလုပ်လက်မဲ့ ကျောက်မီးသွေးတူးသမားတွေကို ထောက်ပံ့ကြေးပေးဖို့ ဖြစ်လာနိုင်ပါတယ်။ သို့သော်လည်း သူတို့တွေက သူတို့အခွန်ငွေတွေကို ဟွန်ဒူးရပ်စ်ကိုတော့ ပို့ပေးမှာ မဟုတ်ကြပါဘူး။ ကျနော်တို့တတွေမှာ – အလုပ်လုပ်ပြီးမှထမင်းစားရတဲ့လက်ရှိလူမှုစီးပွားရေးစနစ်ပုံစံ၏ အလွန်ကို ကျော်ပြီး စဉ်းစားထားတဲ့ စီးပွားရေး၊ နိုင်ငံရေး၊ လူမှုရေးဘ၀ပုံစံ မရှိကြသေးပါဘူး။  ကျနော်တို့ အဖြေထုတ်ဖို့အတွက်လည်း အချိန်က သိပ်မကျန်တော့ပါဘူး။

၁၉ ရာစုတုန်းက စက်မှုတော်လှန်ရေးကြောင့် အဲသည်တုန်းက စီးပွားရေး၊ လူမှုရေး၊ နိုင်ငံရေးစနစ်ဟောင်းကိုယ်တိုင် မဖြေရှင်း အဖြေမရှာနိုင်တဲ့ ပြသနာအသစ်တွေ အခြေအနေအသစ်တွေ ပေါ်ထွန်းလာခဲ့ကြပါတယ်။ အဲသည်ရဲ့ အကျိုးဆက်အဖြစ် လူသားတွေဟာ လူမှုဘ၀ပုံစံအသစ်ကို ဖန်တီး ဖော်ထုတ်ကြရပါတယ်။ အဲသည်ကနေ လစ်ဘရယ်ဒီမိုကရေစီ (ခေတ်ပြောင်းဒီမိုကရေစီစနစ်)၊ ကွန်မြူနစ်အာဏာရှင်တွေနဲ့ ဖက်ဆစ်နိုင်ငံတွေ ပေါ်ထွန်းလာခဲ့ကြပါတယ်။ အဲသည် အပြောင်းအလဲတွေထဲကနေ ဇကာတိုက်ပြီး အကောင်းဆုံအဖြေရှာကြရာမှာ ရာစုနှစ် တစုလုံး စစ်တွေတိုက်၊ တော်လှန်ရေးတွေလုပ်ပြီး စမ်းသပ်မှုတွေနဲ့ အချိန်ကုန်ခဲ့ကြပါတယ်။

အခု မျက်မှောက် infotech နဲ့ biotech ပေါင်းစည်းမိတဲ့ ၂၁ရာစု စိန်ခေါ်မှုဟာ သဘာဝလောင်စာ၊ လျပ်စစ်မီး၊ မီးရထား၊ ရေနွေးငွေ့သုံးအင်ဂျင်တို့ဆီက ထွက်လာတဲ့ ခေတ်ပြောင်းတော်လှန်ရေးထက် ပိုမိုပြီး ကြီးမား အရှိန်အဟုန်ကြီးပါတယ်။ အခုလက်ရှိ ကျနော်တို့ ခေတ်သစ်လူနေမှုဘ၀ကြီးပိုင်ဆိုင်ထားတဲ့ အဖျက်အင်အားကြီးတွေကြောင့် ကျနော်တို့တွေမှာ နောက်ထပ် မအောင်မြင်တဲ့စမ်းသပ်မှုတွေ သွေးချောင်းစီးတဲ့တော်လှန်ရေးတွေနဲ့ ထပ်ပြီး ဖြတ်သန်းဖို့ မဖြစ်သင့်တော့ပါဘူး။ ဒီတခေါက်တော့ ကျနော်တို့ ပိုကောင်းအောင် လုပ်ကြမှ ဖြစ်မယ်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ဘာသာပြန်ကဏ္ဍ, သတင်းဆောင်းပါး, သာဂိ, နိုင်ငံတကာရေးရာ

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments