အောင်သူငြိမ်း ● စက်ရုံက သူငယ်မတွေ (Factory girls)

October 13, 2018

● စက်ရုံက သူငယ်မတွေ (Factory girls)
(မိုးမခ) အောက်တိုဘာ ၁၃၊ ၂၀၁၈


Foreign Policy မဂ္ဂဇင်းမှာ ဆောင်းပါးတစောင် တလောကဖတ်ရတယ်။ ခရစ္စတီးနား လာဆင် (Christina Larson) ရေး တဲ့ “စက်ရုံတခါးများ ပိတ်သွားခြင်း” (Closing the Factory Doors) ဆိုတဲ့ ဆောင်းပါးပါ။ [July 16, 2018] သူက ဆောင်းပါးအစမှာ ကမ္ဘောဒီးယားနိုင်ငံက စက်ရုံအလုပ်သမလေး ချီယာ လက်ခီနာ၊ အွိုင် သိုင်ဒါတို့အကြောင်းနဲ့ စဖွင့် တယ်။ သူတို့က ဖနွမ်ပင်မြို့တော် ပြင်ပက ကနာဒီယာ စက်မှုဇုန်မှာ အလုပ်လုပ်နေကြတာ။ အထည်ချုပ်လုပ်ငန်းပဲပေါ့။ တီရှပ်တွေ၊ ဂျင်းဘောင်းဘီတွေ ချုပ်ကြရတယ်။ သူတို့က တောနယ်က တက်လာကြတာ။ သူတို့ရတဲ့ ဝင်ငွေကြောင့် တောကအိမ်မှာ ဆိုလာပြားနဲ့ မီးလင်းလာတယ်၊ တီဗွီ၊ ရေခဲသေတ္တာတွေနဲ့ ဖြစ်လာကြတယ်။ ရွာက ကလေးမတွေက လည်း မြို့ပေါ်တက် အလုပ်လုပ်ဖို့ စိတ်အားထက်သန်နေကြတယ်။

ဒါပေမယ့် ခရစ္စတီးနားရေးတာကတော့ ဒီလိုအခြေအနေက ကြာရှည်ခံတော့မှာ မဟုတ်ဘူးတဲ့။ ဘာဖြစ်လို့လဲဆိုတော့ Automation လို့ခေါ်တဲ့ ခေတ်သစ်အဆင့်မြင့်နည်းပညာတွေက သမားရိုးကျ လုပ်အားလိုအပ်တဲ့ကိစ္စတွေကို အစားထိုး တော့မှာလို့ ဆိုပါတယ်။ Sewbot လို့ခေါ်တဲ့ အထည်ချုပ်တဲ့ စက်ရုပ်တွေက အစားဝင်လာတော့မှာ ဖြစ်ပါတယ်။ အဲဒီ စက်ရုပ်က ၂၂ စက္ကန့်အတွင်းမှာ တီရှပ်တထည်ကို ချုပ်နိုင်ပါတယ်။ နည်းပညာကုမ္ပဏီ၊ ဓာတ်ခွဲခန်းအများအပြားကလည်း အဲသလိုစက်ရုပ်တွေ တီထွင်နေကြပါတယ်။ အခုအခါ အမေရိကန်က ဝေါမတ်ကုန်တိုက်ကြီးမှာ Made in the USA လို့ ရေးပြီး ရေချိုးခန်းခြေသုတ်ဖုံတွေ၊ မျက်နှာသုတ်ပုဝါတွေကို စက်ကထုတ်ရောင်းနေပါပြီ။ အထည်ချုပ်တို့ဒေသလို့ ဆိုရမယ့် ဘင်္ဂလားဒေ့ရှ် ဒက္ကားမြို့တော်က မိုဟာမက်ဒီ ဖက်ရှင်ဆွယ်တာ စက်ရုံမှာ ၂၀၁၂ ခုနှစ်ကတည်းက အလုပ်သမား ၅၀၀ ကို အထည်ချုပ်စက်တွေနဲ့ အစားထိုးတာမျိုးတောင် ဖြစ်ခဲ့ပါတယ်။ အဲသည်တော့ စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုအတွက် လှေခါး သဖွယ်ဖြစ်နေတဲ့ နည်းပညာနည်းတဲ့ နိုင်ငံက အထည်ချုပ်၊ ဒီထက်နည်းနည်း မြင့်လာရင် အီလက်ထရွန်နစ်နဲ့ ကားထုတ် (တန်ဖိုးမြှင့်ထုတ်ကုန်တွေ)၊ နောက်ထပ် ဖွံ့ဖြိုးမှုမြင့်တဲ့ နိုင်ငံက ဝန်ဆောင်မှုနဲ့ ငွေကြေးကိစ္စများလုပ်ဆိုတဲ့ လှေခါးကလည်း ပျောက်သွားဖို့ ဖြစ်နေပါပြီ။ ကမ္ဘောဒီးယားနိုင်ငံရဲ့ ထုတ်ကုန်တွေထဲက ပြည်ပပို့ကုန် ၇၈% က အထည်နဲ့ ဖိနပ်တွေပါ။ ဒီအခါ လူအများဒုက္ခရောက်ကြရမှာပါ။

ဂျီနီဗာ အခြေစိုက် အပြည်ပြည်ဆိုင်ရာ အလုပ်သမားအဖွဲ့ချုပ် (ILO) ရဲ့ ၂၀၁၆ ခုနှစ် လေ့လာမှုတခုမှာ နည်းပညာအစားထိုး လာမှုကြောင့် အရှေ့တောင်အာရှနိုင်ငံတွေဖြစ်တဲ့ အင်ဒိုနီးရှားနိုင်ငံလုပ်သားထုရဲ့ ၆၄%၊ ဗီယက်နမ်လုပ်သားထုရဲ့ ၈၆%၊ ကမ္ဘောဒီးယားလုပ်သားထုရဲ့ ၈၈% ဟာ အလုပ်ဆက်လုပ်ရဖို့ အန္တရာယ်ကြုံနေရပြီ ဆိုပါတယ်။ အထူးသဖြင့် အထည်ချုပ် စက်ရုံတွေက အလုပ်သမငယ်တွေပါ။ လုပ်အားအခြေပြုကနေ၊ နည်းပညာ အရင်းအနှီးအခြေပြုဖက်ကို ရွှေ့လာခဲ့ကြတာ ပါ။ ဒီလိုအခြေအနေကို ဟားဗတ်တက္ကသိုလ်က ပါမောက္ခ ဒဲနီ ရိုးဒရစ် (Dani Rodrik) က “အချိန်မတိုင်မီ စက်မှုဖွံ့ဖြိုးရေး ဖျက်သိမ်းခံရခြင်း” (Premature deindustrialization) လို့ သုံးပါတယ်။ ဆိုလိုတာက ဝင်ငွေအလယ်အလတ်ရှိတဲ့ နိုင်ငံ များက စက်မှုခေတ်ဆီ အပြည့်အဝ မတက်လှမ်းနိုင်ခင်မှာပဲ စက်ရုံလုပ်ငန်းတွေ ပိတ်သိမ်းရမယ့် အနေအထားပါ။

အရင် ဝေါစထရိဂျာနယ် (The Wall Street) မှာ သတင်းထောက်လုပ်ခဲ့ဖူးတဲ့ လက်စလီ ချန်း (Leslie T. Chang) က တော့ “စက်ရုံက ကလေးမများ- ပြောင်းလဲနေတဲ့ တရုတ်ပြည်မှာ ကျေးလက်မှသည် မြို့ကြီးဆီသို့” (Factory girls: From Village to City in a Changing China) ဆိုတဲ့ စာအုပ်ရေးပါတယ်။ ဒီစာအုပ်ကလည်း နာမည်ကြီးပါတယ်။ သတင်းစာ အတော်များများက အကောင်းဆုံးစာအုပ်အဖြစ် ညွှန်းကြပါတယ်။ အမေရိကန် နိုင်ငံက အချို့တက္ကသိုလ်ကြီးတွေမှာ ဘွဲ့ကြိုကျောင်းသားတွေကို အစောပိုင်းကာလမှာ ဖတ်ခိုင်းပါတယ်။ ပြီးတော့ ပြောင်းလဲနေတဲ့ တရုတ်ပြည်အကြောင်းကို ဆွေးနွေးခိုင်းပါတယ်။ သူ့စာအုပ်က ပုံပြင်ဇာတ်ကြောင်း ပြောသလို၊ နောက်ခံ အဖြစ်အပျက်တွေကိုလည်း မြင်အောင်ရှင်း ထားတာပါ။

ဟောင်ကောင်တဖက်ကမ်းရှိ ဒုံဂွမ်း (Donggung) မှာ ရှိတဲ့ စက်ရုံက ကလေးမ ၂ ယောက်အကြောင်းပါ။ မင်း (Min) နဲ့ ချွမ်မင်း (Chunming) လို့ ခေါ်ပါတယ်။ သူတို့က မမြင်သာတဲ့ ပြောင်းရွှေ့လုပ်သားထုကြီးကို ကိုယ်စားပြုပြီး သူတို့ အကြောင်း ပြောပြထားတာပါ။ တရုတ်ပြည်တွင်းမှာပဲ တနေရာကနေ-တနေရာကို ပြောင်းရွှေ့အခြေချ အလုပ်လုပ်နေကြ တဲ့ လူထုသန်း ၁၃၀ လောက် ရှိနေပါတယ်။ ဒီလိုလုပ်အားတွေနဲ့ပဲ တရုတ်နိုင်ငံက မြို့ပြတွေကို တည်ခဲ့ကြတယ်။ တရုတ် စီးပွားရေး ဖွံ့ဖြိုးမှု ကို ဖန်တီးခဲ့ကြပါတယ်။ ဆက်ပြီးတော့လည်း ဒီလိုလုပ်သားတွေ တောကနေ မြို့ကို တက်လာနေကြဆဲပါ။ စာရေးဆရာမ ချန်းကတော့ “လူသားသမိုင်းမှာ အကြီးမားဆုံး အခြေချပြောင်းရွှေ့မှုကြီး” လို့ ဆိုပါတယ်။

သူတို့က ငယ်ရွယ်ကြပါတယ်။ ခွန်အားတွေ၊ အိပ်မက်တွေနဲ့ ပြည့်ဝနေကြပါတယ်။ မိသားစုအတွက် အနစ်နာခံ အလုပ် လုပ်ကြမယ်ဆိုတဲ့ မမောမပန်းနိုင်တဲ့စိတ်၊ စွန့်လွှတ်မှုတွေလည်း ရှိနေကြတာပါ။ ချန်းရဲ့ ဇာတ်ကောင်ကလေးမ ၂ ယောက် ဖြစ်တဲ့ မင်း နဲ့ ချွမ်မင်းတို့ စက်ရုံကြီးမှာ ၇၀% လောက်က မိန်းကလေးတွေပါ။ ဒီလိုကလေးမတွေနဲ့ စက်ရုံခါးပတ်လိုင်းရှည် ကြီးမှာ ဖြည့်နေကြတာပါ။ စက်ရုံကြီးရဲ့ ရက်စက်ကြမ်းကြုတ်လှတဲ့ ၁၂-နာရီကြာ အလုပ်ချိန်၊ အချိန်ပိုတွေနဲ့ လုံးပန်းနေကြ ရတာပါ။ ခွင့်ရက်ဆိုတာလည်း မရှိသလောက်ပါ။ နေရတော့လည်း အဆင်ပြေသလို တန်းလျားတွေ၊ လစာအချို့ကို ကြိုတင်ဖြတ်ထားခံရတာတွေ၊ အဆောင်ကြေးကို အနည်းဆုံး ၆-လစာ ကြိုပေးထားရတာတွေ၊ အိမ်သာ အပေါ့အပါး သွားမယ်ဆိုရင်တောင်မှ ၄-နာရီမှ တခါပေးသွားတာတွေနဲ့ ရုန်းကန်နေကြရပါတယ်။ ဒီလိုထွက်ပေါက်ပိတ်နေတဲ့ ဘဝကြီး၊ လိမ်ညာခံရ၊ ခေါင်းပုံဖြတ်ခံရဖို့ကို ကျေးလက်ကနေ စွန့်စားတက်လာကြရတာပါ။

ဒါပေမယ့် စာရေးဆရာမ ချန်းက ပြောတာကတော့ နေထိုင်မှုဘဝအခြေအနေကို တင်ပြရုံမျှသာ မဟုတ်ပါဘူး။ သူတို့ဘဝ၊ သူတို့အိပ်မက်၊ သူတို့ခံစားမှု၊ သူတို့ရည်းစားသနာ ကိစ္စ၊ ယောက်ျားလေး-မိန်းကလေး သူငယ်တွေ၊ ကြီးလာနေစဉ် အချိန်မှ မိဘတွေနဲ့ ဖြစ်နေရတဲ့ ပဋိပက္ခတွေ၊ ဒါတွေက လူသားအားလုံး ကြုံတွေ့နေရတဲ့ (မရိုးနိုင်တဲ့) ခံစားမှုတွေ ဖြစ်တာ ကြောင့် ဒီစာအုပ်က ရိုးမသွားဘဲ၊ ပေါက်မြောက်အောင်မြင်တာလို့ ဆိုပါတယ်။ မိန်းကလေးငယ်လေးတွေ အိမ်ကစွန့်စားပြီး အန္တရာယ်များလှတဲ့ လုပ်ငန်းခွင်ကို ထွက်လာတာ နည်းတဲ့ စွန့်စားမှုတွေ မဟုတ်ကြပါဘူး။ ဒီအလုပ်ခွင်တွေကို သူတို့က ဘဝ တက်လှမ်းရာမှာ လမ်းတဆင့်လို့ ခံယူထားလို့ အပင်ပန်းခံလုပ်ကိုင်နေကြတာပါ။ ဒါကို သူ့ဇာတ်ကောင်တွေကတဆင့် ဖော်ပြသွားပါတယ်။ ဒီလောက်တောင် ပင်ပန်းခက်ခဲ အလုပ်လုပ်နေလိုက်ကြတာ ဘဝရဲ့ အဓိပ္ပါယ်က ဘာပါလဲလို့ စာရေး ဆရာမ ချန်းက သူ့မိတ်ဆွေမိန်းကလေးကို မေးပါတယ်။ သူတို့က မဖြေပါဘူး။

ဒီကလေးမတွေက ကျောင်းတဝက်တပျက်နဲ့ ထွက်ရသူတွေ၊ အိမ်ကနေ ပြေးလာသူတွေလည်း ပါကြပါတယ်။ သူတို့ မြို့ပြ ကိုတက်လာရတဲ့ လမ်းဟာ ဆူးညှောင့်ခလုတ်တွေ ပြွမ်းလှပါတယ်။ “အဆင့်တိုင်းမှာ သူတို့ကို အကြံဆိုးပေးမယ့်သူတွေနဲ့ ချည်း တွေ့တယ်။ သူတို့က ကြောက်ရွံ့နေတဲ့ကြားက ခေတ်ဟောင်းဆွေးမြေ့နေတဲ့ အကြံတွေ၊ ရှေးရိုးစွဲအမြင်တွေကို ကိုယ့် ဘာသာ ကျွမ်းကျင်အောင် လုပ်ပြင်ယူကြရတယ် … တကယ်လို့ ရွှေ့ပြောင်းလူထုတယောက် မြို့ရောက်သွားတာနဲ့ အိမ်က သတင်းစကားက ပြောင်းသွားတယ်။ အိမ်ကို ငွေပြန်ပို့ပါ။ များများပို့လေ.. ကောင်းလေ..” ဒီလို အခြေအနေတွေပါ။

ကျနော်တို့ ဆီမှာရော။ ကျနော်က “မအေးသောင်းတို့ရပ်ကွက်” (ယောဟန်အောင်) ဆိုပြီး ကဗျာရေးဖြစ်တယ်။
ဒီအရပ်မှာ သူတို့က အိမ်ရှင်ဆိုလည်း ဟုတ်သလို၊
ဧည့်သည်ဆိုလည်း ဟုတ်တယ်
လိပ်ပြာလို အိပ်မက်နဲ့လာပြီး
ပိုးဟပ်လို ခိုကပ်နေရသူတွေ
အိုးအိမ် ပျက်သုဉ်းလာသူတွေ မဟုတ်ကြပေမယ့်
သင်္ဘောပျက် ပျဉ်စတွေ ကမ်းဆိုက်ကြ
ဒုက္ခသည်ဘဝ ရောက်နေရပြီ။

ထမင်းချိုင့်လေးတွေ ဆွဲပြီးလာတယ်
မိုးမလင်းခင်လာတယ်
ဖယ်ရီကားပေါ် ငိုက်မြည်းလာတယ်
မီးခိုးခေါင်းတိုင်မဲ့ စက်ရုံတွေမှာ
သူတို့ပဲ လောင်စာ၊
ခေါင်းမီးတောက် တလူလူ
သူ့တို့အနာဂတ်က ပြာပူပူ
သူတို့ကို ငါးသေတ္တာတွေလို တူရာတူရာ စီတယ်၊
သလဲသီးထဲက အစေ့တွေလို စီစီရီရီ။

စီစီရီရီ ချုပ်သားတွေနဲ့ အထည်ချုပ်ရုံကြီးမှာ
သူတို့ကိုယ်တိုင်က စက်ယန္တယားဖြစ်
မှောင်မဲညစ်ညစ် ချောင်ထဲမှာ
[ထောင်တံတိုင်းထဲ အသက်ရှူရသလို]
အလုပ်ဆိုင်းတွေက
နေ့နဲ့ည …
နေ့နဲ့ည …
ချားရဟတ်ကြီးလို ဒုက္ခကြီးကြီးတွေနဲ့ လည်တယ်။

ချုပ်ကြောင်းဖြောင့်ဖို့ ကြိုးစားရပေမယ့်
သူတို့ဘဝတွေက မဖြောင့်ကြဘူး
ဒီရွာမှာ ငွေစုမိတဲ့ သူငယ်မ ပြစမ်းပ၊
အကြွေးကင်းတဲ့အိမ် ပြစမ်းပ၊
မသေဘူးတဲ့အိမ်က မုန်ညင်းဆီရချင်ရမယ်
သူတို့က အဖတ်ဆယ်မိတာ မရှိသေးသလောက်ပဲ။

အလုပ်သမားအရေး လုပ်နေကြတဲ့ မိတ်ဆွေတွေကို ကျနော်မေးကြည့်တယ်။ တလောက အနိမ့်ဆုံးလုပ်ခလစာ ၄၈၀၀ ကျပ်ကို တိုးပေးခဲ့ပါတယ်။ ဒါပေမယ့် အခုအခါ ဒေါ်လာဈေးကတက်- မြန်မာငွေတန်ဖိုးကျ၊ အခြေခံ ကုန်ဈေးနှုန်းတွေက မြင့်တက်လာတော့ သူတို့ဘဝတွေအတွက် မထူးခြားလာပါဘူး။ သူတို့က တနေ့တနေ့ ချစ်ချုတ်ချွေတာပြီး အာဟာရ မဟုတ်တဲ့ အစာတွေ စားနေကြရပါတယ်။ စက်ရုံက သူငယ်မတွေက ကျွမ်းကျင်မှုအလိုက်၊ အချိန်ပိုဆင်းရင် ဆင်းသလို ၂-သိန်းကနေ ၂ သိန်းခွဲလောက်အထိ ဝင်ငွေရကြတယ် ဆိုပါတယ်။ သူတို့ နေစားစရိတ်က ၁ သိန်း၊ ၁ သိန်းခွဲလောက် ကုန်ကျပါတယ်။ အိမ်ကိုလည်း တလ-တလကို ကျပ် ၇ သောင်း-၈ သောင်းလောက် ပြန်ပို့ပေးနေကြပါတယ်။ အပန်းဖြေ စရာ ဆိုလို့ ဖုန်းဘေလ်လေး တသောင်းခွဲဖိုးလောက် တလ-တလသုံး၊ ဖုန်းပွတ်ကြရတာပါ။

စာရေးဆရာမ ချန်းက ပြောပါတယ်။ တရုတ် စက်ရုံက သူငယ်မတွေက သူတို့ဘဝတက်လမ်းကို တွေ့ချင်လွန်းလို့ မြို့ကို စွန့်စားတက်လာတာပါတဲ့။ ကွန်မြူနစ်လက်ဝဲစာပေတွေမှာ “အပိုတန်ဖိုးထုတ်လုပ်မှု” ဆိုပြီး ကုန်ထုတ်လုပ်ရေး ပစ္စည်း ကိရိယာတွေ လက်ဝယ်ပိုင်ထားသူတွေက အလုပ်သမားတွေဆီက လုပ်အားကို ခေါင်းပုံဖြတ် ရယူမှုကို ဝေဖန်ရေးသား ခဲ့ပါတယ်။ စာရေးဆရာမ ချန်းကတော့ အဲသလိုမဟုတ်ဘူး။ သူတို့ကိုယ်တိုင်က ဘဝတက်လမ်း အိပ်မက်တွေအတွက် အဲသလို ရုန်းကန်နေကြတာ၊ သူတို့ဝယ်ကိုင်ချင်တဲ့ အိုင်ဖုန်းက သူတို့လစာ ဘယ်နှစ်ဆရှိရှိ လိုချင်တပ်မက်စိတ်နဲ့ အလုပ် လုပ်ကိုလုပ် ဖုန်းကိုကိုင်နေကြတာမျိုး ပြောပါတယ်။ မြန်မာနိုင်ငံ စက်ရုံက သူငယ်မတွေလည်း အဲသည်လို ဘဝအတွက် မျှော်လင့်ချက်တွေ၊ ပြောင်လက်ပျိုးပြက်နေတဲ့ အိပ်မက်တွေ ရှိကြပါသလား။ ကျနော်ကတော့ အဲသလို မထင်မိဘူး။ တလောကပဲ သပိတ်စခန်းဖွင့်တောင်းဆိုနေတာ ရက် ၂၀ ကျော်တဲ့အထိ သူတို့အခွင့်အရေးတွေ မရသေးလို့၊ ရန်ကုန်မြို့ ထဲ ဆန္ဒပြကြတဲ့ ဒဂုံဆိပ်ကမ်း စက်မှုဇုန် -၁ ဖုယွင်စက်ရုံက အလုပ်သမတွေကို သတင်းတွေမှာ မြင်တွေ့ရပါသေးတယ်။

သူတို့အတွက် ပိုများ ဆိုးလာလေမလား။
သိပ်မကြာခင်မှာပဲ EU ဥရောပသမဂ္ဂက ဒဏ်ခတ်အရေးယူမယ့်အရေး ပြောဆိုနေသံတွေ ညံလာပါတယ်။ အထူးသဖြင့် ပြည်နယ် မြောက်ပိုင်းအရေး ကုလစုံစမ်းစစ်ဆေးရေး ကော်မရှင်နဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ မရှိရင်၊ အဲဒီကိစ္စတွေကို ကိုင်တွယ်ပုံ မဟုတ်ရင် ကုန်သွယ်ဖက် အခွင့်ထူးခံနိုင်ငံအဖြစ်က ရုပ်သိမ်းနိုင်တဲ့အထိ ဖြစ်သွားနိုင်တယ်လည်း ဆိုကြပါ တယ်။ အထူးသဖြင့် အထိနာမှာက အထည်ချုပ်လုပ်သားတွေပါ။ မြန်မာနိုင်ငံက အထည်ချုပ်ပို့ကုန်တွေက တနှစ်ကို အမေရိကန်ဒေါ်လာ ၃ ဘီလီယံဖိုးလောက်ရှိပြီး၊ အများစု (၇၅%) လောက်က ဥရောပ ဈေးကွက်ကို သွားနေကြတာပါ။ အထည်ချုပ်စက်ရုံတွေမှာ လုပ်သား (အလုပ်သမတွေ) လူ ၅ သိန်းလောက်ကို အလုပ်အကိုင်ပေးထားတာပါ။ ကျနော်တို့ ဆီမှာ ခေတ်သစ်စက်မှုအစားထိုးမှု (automation) ကြောင့်မဟုတ်ဘဲ၊ အခြားအကြောင်းတွေကြောင့် စက်ရုံတွေ ပိတ်သိမ်းခဲ့ ရရင်… ကျနော်ဆက်မတွေးချင်တော့ပါဘူး။

Christina Larson, July 16, 2018. Closing the Factory Doors. Foreign Policy
https://foreignpolicy.com/…/closing-the-factory-doors-manu…/

Howard W. French. October 21, 2008. Dynamic Young Engines Driving China’s Epic Boom. The New York Times. https://www.nytimes.com/2008/10/22/books/22french.html


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments