မောင်အောင်မွန် (၀င်းအောင်ကြီး) – စနစ်ကို စနစ်တကျဆက်ဖျက်ခြင်း စနစ်ပျက်သွားခြင်း

October 14, 2018

မောင်အောင် (၀င်းအောင်ကြီး) – စနစ်ကို စနစ်တကျဆက်ဖျက်ခြင်း စနစ်ပျက်သွားခြင်း

ကျွန်တော်တွေးမိသလိုရေးပါမည် (၃၆၃)

(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၈

(၁)

၁၉၅၂ ခု၊ ပဲခူးမြို့ အထူးတက္ကသိုလ်ဝင်တန်းကျောင်းတွင် ကျွန်တော်က (၁၀) တန်းကျောင်းသား။
ရွာကို သူပန်များဝင် အစိုးရတပ်နှင့် တိုက်ပွဲဖြစ်၊ အိမ်မီးလောင် ကိုယ်လွတ်ပြေးကြရင်း ကျွန်တော်တို့ မိသားစု ပဲခူးသို့ရောက်လာကြ၏။ အရောင်းအ၀ယ် ကျွမ်းကြသော်လည်း ငွေအရင်းအနှီးလုံးဝမရှိ၍ မိဖများ အရဲစွန့်ကာ တောပြန်သွားကြ၏။
ဖြစ်ချင်ရာဖြစ်ဆိုကာ နေခဲ့ရင်း ကျွန်တော် (၁၀) တန်း ကျောင်းသားဖြစ်လာရခြင်းပါ။
နာမည်ကြီး အလွတ်ပညာသင်ကျောင်း၊ ကျောင်းအိပ်ကျောင်းစား ဘော်ဒါဆောင်ပင်ရှိသည်။ ကျောင်းလခ တလ(၂၀ိ) ဆိုသည်မှာ မနည်းလှ၊ ကျွန်တော့်အဖို့မူ လခမှန်မှန်ပေးနိုင်ရေး စာကျက်လို့ ပင်မဖြောင့်ချင်။ မိဖများပို့နိုင်ရေး ဘယ်လောက်ခက်သည်ကို လှမ်းမြင်နေရသည်။
English Essay တပါတ် (၃) ကြိမ်ရေးရ၏။ ပေးသောခေါင်းစဉ်နှင့်အညီ ကိုယ့်စိတ်ကူးနှင့်ရေးရသည်။ တကြိမ်မတော့ Newspaper ခေါင်းစဉ်နှင့် ရေးကြရသည်။ ကျွန်တော့် Essay တွင် A Newspaper is history of that day ဟုပါသွား၏။
သဘောကျသွားသော ကျောင်းအုပ်ဆရာကြီးက ခေါ်တွေ့ပြီး ဆု အဖြစ် ကျောင်းလခ တ၀က်လျှော့၍ (၂၀ိ)အစား (၁၀ိ) သာပေးရတော့သည်။
(၂)
သတင်စာများက သမိုင်းကိုပြောနေကြသည်ဟု နောက်ပိုင်းကျမှ ကျွန်တော်ကြားဖူးလာသည်။
ဖေါ်ပြပုံသည် ၁၉၅၅ ခု၊ ဧပြီလ ရန်ကုန်မြို့၏ သမိုင်းဟု ကျွန်တော့် Essay အရဆိုရပါမည်။ မည်သည့် သတင်းစာမှန်းမသိ၊ သေချာသည်က အစိုးရသတင်းစာမဟုတ်။ ထိုခေတ်က အစိုးရသတင်းစာရယ်လို့မှ မရှိဘဲကိုး။
ပုံ(၁) က သင်္ကြန်မဏ္ဍပ်အတွင်း ဗမာလိုဝတ်ထားသော တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းနှင့် အိမ်ရှင်ဝန်ကြီးများ ရေပက်ခံနေကြပုံဖြစ်သည်။
ပုံ(၂) က အိန္ဒိယ၀န်ကြီးချုပ် နေရူးနှင့် သူ့သမီး အင်ဒရာဂန္ဒီတို့ ဟယ်လ်ပင်လမ်း သင်္ကြန်မဏ္ဍပ်ကနေ အလှပြကားများကြည့်နေကြပုံဖြစ်သည်။
ပုံ(၃) က လှည့်လည်သွားကြရင်း ဗိုလ်တထောင်ဘုရားလမ်း သင်္ကြန်မဏ္ဍပ်သို့ ၀င်ရောက်လာကြစဉ် အမျိုးသမီးများက အကများဖြင်ဧည့်ခံနေကြပုံဖြစ်ပြီး ၀န်ကြီးချုပ် ဦးနု၊ ၀န်ကြီးချုပ် နေရူး၊ သမတနာဆာနှင့် အီဂျစ်ေါခင်းဆောင်များအား ခေါင်းပေါင်းများ ရေစိုစိုနှင့် ပျော်နေကြပုံမြင်နိုင်ပါ၏။
(၃)
အဘယ့်ကြောင့် ထိုသို့ဘေးကင်းစွာ သွားလာရေကစားနိုင်ကြသနည်း။
လုံခြုံရေးရှိလို့ပါ။ ဖေါ်ပြပါ ၁၉၅၅ ခု၊ ဧပြီလက မြို့တော်ရန်ကုန်၏ လုံခြုံရေးကို ထိုစဉ်ကအခေါ် နေပြည်တော်(ရန်ကုန်မြို့တော်ကိုဆိုလိုသည်) ရဲတပ်ဖွဲ့က တာဝန်ယူရသောကြောင့် ထိုသို့ ဘေးကင်းစွာ သွားလာနိုင်ခြင်းဖြစ်သည်။
ယခုခေတ် လူငယ်များ အံ့သြကောင်းအံ့သြကြပေလိမ့်မည်။
ထိုခေတ်က ကျွန်တော်တို့ တက္ကသိုလ်ကျောင်းသားများအဖို့မူ ဘာမှမထူးဆန်းပါ။ ထိုနိုင်ငံခြားသား ခေါင်းဆောင်ကြီးများ သင်္ကြန်အခါအလည်လာကာ ရေကစားခြင်းမဟုတ်၊ ရန်ကုန်မြို့တွင် လာဆုံကြခြင်း၏ နောက်ကွယ်က အကြောင်းရင်းကိုသာ စိတ်ဝင်စားကြပါသည်။
(၄)
စာဖတ်သူတို့စဉ်းစားကြည့်ကြပါကုန်။
ဥပမာ၊ ၊ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းဆိုပါစို့။ ၁၉၄၉ ခု၊ တွင်တည်ထောင်လိုက်သော တရုတ်ပြည်သူ့သမတ နိုင်ငံတော်၏ ကုလသမဂ္ဂတွင်းမှ အမြဲတမ်း လုံခြုံရေးကောင်စီဝင်နေရာကို ကူမင်တန်က တိုင်ပေ့ တရုတ်နာမည်ဖြင့် ယူထားသောကြောင့် လက်လွတ်ဖြစ်နေသော နိုင်ငံ၏ခေါင်းဆောင်။ ထို့ပြင် ဆိုဗီယက်ယူနီယံနှင့်လည်း ကွဲနေပြန်၏။ ၀င်တိုးစရာဆိုလို့ ဘက်မလိုက်နိုင်ငံများ လှုပ်ရှားမှုသာရှိသည်။ အာရှ အာဖရိက နိုငံများကွန်ဖရင့်ရှိ၏။ အရေးပါသည့် နိုင်ငံများသို့ ချဉ်းကပ်နိုင်ရေး ထိုစဉ်ကမြန်မာနိုင်ငံအား မျက်နှာချိုသွေးနေရသည်။ မကြာမီ အင်ဒိုနီးရှား နိုင်ငံမှ ဘန်ဒေါင်းညီလာခံသို့ ပီကင်းကနေ တိုက်ရိုက်မသွားဘဲ ရန်ကုန်သို့ တရုတ်ဝန်ကြီးချုပ် ချူအင်လိုင်းလာရောက်ခြင်းဖြစ်သည်။
ညီလာခံမတိုင်မီ လုပ်ဆောင်နိုင်ရေး မြန်မာအစိုးရကလည်း အီဂျစ်နှင့်အိန္ဒိယ ခေါင်းဆောင်များအား ဘန်ဒေါင်းညီလာခံသို့ အသွား ရန်ကုန်၌ရပ်နားကာ အိမ်ရှင်ကောင်း (Good Office)အဖြစ်ကူညီ လုပ်ဆောင်ပေးခြင်းဖြစ်သည်။
(၅)
လုံခြုံရေးကိစ္စဘက် ပြန်သွားကြပါစို့။
အင်္ဂလိပ်အစိုးရက မြို့တော် လန်ဒန်အတွက် The Metropolitan Police တပ်ဖွဲ့မျိုး အိန္ဒိယနိုင်ငံ နယူးဒေလီအတွက်လည်း The Metropolitan Police တပ်ဖွဲ့ထားပေးသည်။ အလားတူ မြန်မာပြည်ကို သိမ်းပိုက်လိုက်ပြီးနောက် The Rangoon Metropolitan Police မြို့တော်လုံခြုံရေးတပ်ဖွဲ့ သီးခြားအာဏာ၊ လုပ်ပိုင်ခွင့်အပြည့်ပေးသော စနစ်ကျင့်သုံးလာခဲ့သည်။
မြန်မာနိုင်ငံရဲတပ်ဖွဲ့လက်အောက်ခံမဟုတ်၊ တွဲဘက် R.P.D Rangoon Police Department ဟုလည်းခေါ်သည်။ လုံခြုံရေးအားလုံးကို တာဝန်ယူသည့် တာဝန်ခံသည့် စနစ် ၁၉၅၅ ခု၊ တွင်ရှိနေသေး၏။
နောက်တချက်က မြန်မာပြည်၏ နိုင်ငံခြားရေးဝါဒကို ပထမဆုံး နိုင်ငံခြားရေးဝန်ကြီး I.C.S ဦးတင်ထွဋ် အပါအ၀င် နိုင်ငံရေးသမားမဟုတ်သော ကျွမ်းကျင်ပညာရှင်များ တိုးပြုပြည်ပြု လွှတ်တော်ကာလကတည်းက ပြင်ဆင်အုတ်မြစ် ချပေးခဲ့သောကြောင့် ကမ္ဘာ့အလယ်တွင် ထယ်ဝါနေနိုင်အောင် စနစ်ကောင်းရရှိခဲ့သည်။
ပင်မစနစ်ကြီး၏ အမွှာလေး(၂)ခုကိုသာ ဆောင်းပါးနှင့်ဆီလျော်၍ ဖေါ်ပြခြင်းဖြစ်၏။
(၆)
စနစ်ဆိုသည်မှာ နေ့ချင်းညချင်းလုပ်လို့မရနိုင်။
တတ်ကျွမ်းသူများ အနှစ်နှစ်အလလ အထပ်ထပ် အခါခါ လုပ်လိုက်ပြင်လိုက်နှင့် ဆယ်စုနှစ်သာမက ရာစုနှစ်နှင့်ပင် ကြာချင်ကြာတတ်သည်။ စနစ်ကောင်းရပြီ ကျင့်သုံးနေပြီဆို ထိုတိုင်းပြည်သည် ကမ္ဘာပျက်သည့်တိုင် တည်တန့် ခိုင်မြဲနေမည်ကို သမိုင်းတွင်မြင်တွေ့နိုင်ပါ၏။
စနစ်ကိုတန်ဖိုးထား လေးစားကြရန် အင်မတန်အရေးကြီးပါသည်။
မြန်မာပြည်တွင်မူ လွတ်လပ်ရေးရပြီး လပိုင်းအတွင်းမှာပင် ပါတီနိုင်ငံရေးကိစ္စ၊ အာဏာကိစ္စတို့အတွက် စနစ်ကို စဖျက်ပုံတွေ့မြင်နိုင်ပါသည်။
ဥပမာ(၁)၊ ဆိုရှယ်လစ်ပါတီခေါင်းဆောင်၏ မီးခွက်မှုတ် (မုဒိန်း) သတင်းဖေါ်ပြသော သတင်းစာများအား ချိတ်ပိတ်ရန် အမိန့်ပေးသည်ကို တရားရုံးအမိန့်မဟုတ်၍ ရန်ကုန်ရဲမင်းကြီးကမလိုက်နာပါ၊ ထိုအခါ ပြည်ထဲရေးဝန်ကြီးကိုယ်တိုင် ထိုသတင်းစာတိုက်များအား ၀င်ရောက်ဖျက်စီးစေသည်။
ဥပမာ (၂)၊ ဖဆပလ ဖွဲ့စည်းစဉ်က ပါဝင်ခြင်းမရှိသော ၀န်ကြီးချုပ်က ကိုယ်တိုင်ပါဝင်သော တော်လှန်ရေးသမား ဒုတိယ၀န်ကြီးချုပ်နှင့် ကာကွယ်ရေးဝန်ကြီးအား ခွင့်(၃)လယူခိုင်းသည့် လက်ရေးစာတိုလေးနှင့် ဖယ်ရှားသည်၊ အစိုးရအဖွဲ့၊ ပါလီမန်သို့မတင် ထင်ရာလုပ်ပြီး စနစ်ကောင်းကို စတင်ဖျက်ခဲ့ကြသည်။ ဖဆပလ ကွဲချိန်မူ စနစ်ကို ဆက်လက်ဖျက်ကြပြန်သည်။ ဖျက်ပြီးရင်း ဖျက်ရင်း မိမိတို့ပါတီအကျိုး၊ အဏာရရေး–မြဲရေး– စနစ်ကိုဆက်ဖျက်ကြသည်။
၁၉၆၂ ခု၊ မတ်လ (၂)ရက်နေ့ စစ်တပ်က အာဏာသိမ်းသည်။
ထိုနေ့မှာပင် အမိန့်တိုလေးတွေနှင့် ဖျက်ပစ်လိုက်သည်များ ယုံနိုင်ဖွယ်မရှိ၊ ယုံသည်ဖြစ်စေ မယုံသည်ဖြစ်စေ အဖျက်ခံလိုက်ရသော စနစ်တွေ မရည်တွက်နိုင်တော့ပါ။ အရှိန်ရရနှင့် စနစ်ကိုစဖျက် ဆက်ဖျက်နှင့် စနစ်ဆိုသည်လုံးဝ ပျက်စီးခဲ့လေပြီ။
ခုတလော စနစ်အကြောင်း မိတ်ဆွေ သုံးလေးဦးနှင့် စကားပြောဆွေနွေးဖြစ်သည့်ထဲ ဘာသာပြန်ဆရာ ဦးတင်မောင်ညွန့် (ဥာဏ်သစ်) က စနစ်ကိုစနစ်တကျဖျက်သည်ဟု ပြောပုံကိုသဘောကျမိ၏။
(၇)
ပုဂ္ဂိုလ်ရေး ဦးထိပ်ထားတဲ့ ဗမာ့ဓလေ့၊ အငြိုးအာဃာတ ကြီးမားတဲ့ အာဏာရရေး သို့မဟုတ် အာဏာမြဲရေး ဘာမဆိုလုပ်ကြသည့် မြန်မာ့နိုင်ငံရေးလောကမှ လူနဲ့သူ့လုပ်ရပ် ခွဲကြည့်တတ်မှသာလျှင် ဤဆောင်းပါးကို နားလည်နိုင်ပါမည်။ စနစ်ဆိုသည်မှာ လူတဦးချင်းကနေ နိုင်ငံအထိ မြင့်မာကျယ်ပြန့်ပါသည်။ စိတ်ဝင်စားပါက သေချာစွာ ဖတ်စေချင်ပါသည်။ ဖြစ်နိုင်ပါက တလုံး ဦးနှောက်ဖွင့်ကာ ဖတ်စေလို၏။
ကျွန်တော်သည် ဘုရားကလွဲ၍ ဘယ်လူသားကိုမှ မကိုးကွယ်ပါ။
Professional Writer ဖြစ်သည်နှင့်အညီ မိမိရေးသော အကြောင်းအရာနှင့် စကားလုံးများအတွက် တာဝန်ယူ တာဝန်ခံသည်။ သိချင်ကြသော ဆက်လက်လေ့လာ ရှာဖွေ စူးစမ်းချင်ကြသော စာဖတ်သူများအား ရည်စူးကာ ရေးသားသောဆောင်းပါးဖြစ်ပါသည်။ခိုင်လုံသော တာဝန်ယူသော တာဝန်ခံသော ဆွေးနွေးချက်များ ကြားချင်ပါ၏။
သြော် စနစ်ဟူသည် လုပ်ဖို့ခက်သလောက် မြန်မာပြည်မှာတော့ စဖျက်–ဆက်ဖျက်–စနစ်တကျဖျက်–စနစ်လုံးဝပျက်နှင့် ကြာလာတော့ စနစ်ဆိုတာ သိသူများပင် ရှားပါးနေပြီလားဟု တွေးမိကြောင်းပါ။
၂၀၁၈ ခု၊ အောက်တိုဘာ (၁၃)ရက်နေ့။

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀င်းအောင်ကြီး, အတွေးအမြင်, မောင်အောင်မွန်

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ်

By

ဂီတအနုပညာရှင်ကြီး မာမာအေး စိန်ရတုမွေးနေ့ အမှတ်တရ မိုးမခစာအုပ်ထုတ် (မိုးမခစာအုပ်စင်) သြဂုတ် ၁၇၊ ၂၀၁၈...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments