အောင်သဇင် ၊ စောအယ်ကလူ ● ပုပ္ပါး-အာဏာနီတည်စေဖို့ လူမျိုးကြီးရဲ့လူမျိုးတုံး – အပိုင်း (၂)

October 14, 2018

● ပုပ္ပါး-အာဏာနီတည်စေဖို့ လူမျိုးကြီးရဲ့လူမျိုးတုံး – အပိုင်း (၂)
(မိုးမခ) အောက်တိုဘာ ၁၄၊ ၂၀၁၈


အခုမှ ကုလသမဂ္ဂ တို့ ICC တို့က ဗမာစစ်ခေါင်းဆောင်တွေကို လူမျိုးတုံးသုတ်သင်မှု genocide နဲ့ အရေးယူဖို့ စိုင်းပြင်း ခြေလှမ်းလာပေမဲ့ ဗမာပြည်မှာ ဒါမျိုးလုပ်ခဲ့တာ ကြာပါပြီ။

၁၉၈၀ ခုနှစ်က ပြည်တောင်ပိုင်းမှာလုပ်ခဲ့တဲ့ ရလလဖ အပေါ် ဖြတ်လေးဖြတ်စစ်ဆင်ရေးဟာ အနှစ် သာရအားဖြင့် ပွန်ချောင်းအရှေ့ခြမ်းနဲ့ တိန်းချောင်းအရှေ့ခြမ်း တောင်ကြီး-ကျိုင်းတုံကားလမ်းတောင်ခြမ်း နမ့်စန်၊ မိုင်းပွန်၊ မိုးနဲ၊ မောက်မယ်၊ ကဒူးကြီး၊ လင်းခေး၊ မိုင်းပန်နယ်တွေက ပအိုဝ်းလူမျိုးတွေအပေါ် ရက်ရက်စက်စက်လူမျိုးတုံးစစ်ဆင်ရေးဖြစ်ခဲ့တယ်။ ၁၉၈၅ မှာတော့ ဘီလူးချောင်းအနောက်ခြမ်း သာစည်-တောင်ကြီးကားလမ်းတောင်ခြမ်း ပင်လောင်း ကလော ပေါင်းလောင်း ဖယ်ခုံ မိုးဗြဲ ပျဉ်းမနားအရှေ့ တောင်ငူ အရှေ့ဒေသက ပအိုဝ်းလူမျိုးတွေနဲ့ ကယန်းပြည်သစ်ပါတီ-ကယန်းလူမျိုးတွေကိုပါ ဖြတ်လေးဖြတ်ဗျူဟာနဲ့ လူမျိုးတုံးစစ်ဆင်ရေးတိုးချဲ့ခဲ့တယ်။ ဒီ့နောက် ၁၉၉၆-၉၇ ခုမှာ KNPP ကိုချိုးနှိမ်ဖို့ ရှားတော၊ ဒီမောဆို၊ ဖရူဆို၊ ဘောလခဲနယ်တွေမှာ ကယားလူမျိုး နဲ့ ကယောလူမျိုးတွေကို ဖြတ်လေးဖြတ်လုပ်ပြီး လူမျိုးတုံးစစ် ဆင်ရေးလုပ်ခဲ့တယ်။ ဗမာစကားမတတ် ရှမ်းစကားမတတ်တဲ့ ကယောမိသားစုတွေ ကယားမိသားစုတွေ လွိုင်ကော်မြို့ပေါ်မှာ လုပ်ကိုင်မစားတတ်တော့ စုတ်စုတ်ပြတ်ပြတ်နဲ့ တအိမ်ဝင်တအိမ်ထွက် တောင်းရမ်း စားသောက်နေကြရတာကို ရင်နင့်စရာမြင်ခဲ့ရတယ်။

တချိန်တည်းလိုလိုမှာ ခွန်ဆာလက်နက်ချပြီးနောက် တောပြန်ခိုခဲ့တဲ့ ယွက်စစ်နဲ့ SURA အဖွဲ့ကို ချေမှုန်းဖို့ အတွက် ရှမ်းလူမျိုးတွေရဲ့ ဂန္ဓဝင်အချစ်ပုံပြင် (ခွန်ဆမ်လော-နန်းဦးပင်) အခြေခံရာနယ်မြေတခုဖြစ်တဲ့ ကျိုင်းတောင်း-ကျိုင်းခမ်းဂွင်ကို ဖြတ်လေးဖြတ်လုပ်ပြီး ရှမ်းလူမျိုးတွေကိုလဲ လူမျိုးတုံးသုတ်သင်ခဲ့တယ်။ (တချက်ခုတ်နှစ်ချက်ပြတ်အဖြစ် လစ်ဟာသွားတဲ့ ကျိုင်းတောင်းနယ်ထဲ ဗမာစစ်တပ်တွေ အုံလိုက်ကျင်း လိုက်သွင်းပြီး တပ်သစ်တွေဖွင့် တပ်နယ်သစ်အခြေချခဲ့တယ်။) အဲ့တုံးကထင်ရှားသွားတဲ့ လူမျိုးတုံး ကြွေးကြော်သံကတော့ “အစိတ်သားတောင် မချန်နဲ့” ဆိုတဲ့စကားဖြစ်တယ်။ ပုဂံခေတ် အနော်ရထာဘုရင် ပုခက်ထဲကကလေးအရွယ်၊ နို့စို့ကလေးအရွယ်တွေ အကုန်သတ်ပြီး ပျူလူမျိုးတွေအပေါ် လူမျိုးတုံးသုတ် သင်ခဲ့တာကို အမှတ်ရစရာပါဘဲ။

တကယ်တော့ -ရိုဟင်ဂျာတွေအပေါ်လည်း ၁၉၉၃ ခုကတည်းက “ကုလားဘဲ၊ လူမှမဟုတ်တာ၊ ရှင်းပစ်” လို့ လူမျိုးတုံးသုတ်သင်ရေး အမိန့်ပေးခဲ့ဖူးတယ်။ အနည်းဆုံး ၄၀၀ လောက် အသတ်ခံရတယ်။

အဲ့လို နှစ်ရှည်ဗျူဟာအဖြစ် စနစ်တကျစီမံချက်ချပြီး လူမျိုးတုံးသုတ်သင်မှုတွေလုပ်သလို အခြေအနေအရ ကာလတိုစီမံချက်နဲ့ လူမျိုးတုံးသုတ်သင်မှုတွေလဲ ad hoc လုပ်ခဲ့တာ ရှိသေးတယ်။ ၁၉၉၁ ခုနှစ်က ဘိုကလေးကို ဗဟိုပြုပြီး ဧရာဝတီမြစ်ဝကျွန်းပေါ်တဝှန်း ကရင်လူမျိုးတုံးသုတ်သင်ပွဲ၊ ၁၉၉၈ က တနင်္သာရီ တိုင်း ခရစ္စတီကျွန်းမှာ ထားဝယ်လူမျိုး-ဘိတ်လူမျိုးတွေကို လူမျိုးတုံးသုတ်သင်ပွဲ၊ ၂၀၀၀ ခုနှစ်က ရှမ်းပြည် မြောက်ပိုင်း မုန်းကိုးမှာ ဒေသခံ -ကိုးကန့်-ဝ လူမျိုးတွေအပေါ် လူမျိုးတုံးသုတ်သင်ပွဲတွေဖြစ်တယ်။

သေချာခွဲခြမ်းစိတ်ဖြာကြည့်တဲ့အခါ လူမျိုးတုံးသုတ်သင်မှုတွေဟာ မဟာလူမျိုးကြီးဝါဒက မြစ်ဖျားခံတာဖြစ် တယ်။ မဟာလူမျိုးကြီးဝါဒမှာ အဓိကအစိတ်အပိုင်း ၄ ခုပါတယ်။ အချက်အခြာနေရာတွေကို သိမ်းပိုက်ခြင်း၊ လူမျိုးကြီးယဉ်ကျေးမှု ဓလေ့စရိုက် ဘာသာစကားသွတ်သွင်းခြင်း၊ လူမျိုးငယ်ယဉ်ကျေးမှု ဓလေ့စရိုက် ဘာသာစကားပိတ်ပင်ကန့်သတ်ခြင်း နဲ့ သွေးနှောစနစ်ကျင့်သုံးခြင်းတို့ဖြစ်တယ်။ လူမျိုးတုံးသုတ်သင်မှု genocide ဆိုတာ ကိန်းဂဏန်းအရေအတွက် တခုတည်းကိုသာဆိုလိုတာ မဟုတ်ကြောင်း နိုင်ငံတကာ ဥပဒေမှာ အဓိပ္ပါယ်ဖွင့်ဆိုထားပြီးဖြစ်လို့ ဒီနေရာမှာ အချိန်ကုန်ခံ ရှင်းမပြတော့ပါဘူး။

အားလုံးသိကြတဲ့အတိုင်း လူမျိုးစုပြည်နယ်အသီးသီးမှာ အဲ့ဒီလူမျိုးစုရဲ့ ပင်မနယ်မြေ မဟာဗျူဟာဒေသ တွေကို လူမျိုးကြီးကသိမ်းပိုက်ပြီး အခိုင်အခန့်ဝင်ထိုင်ထားတယ်။ မွန်လူမျိုးတွေရဲ့ အချက်အခြာနေရာ ပဲခူး နဲ့မော်လမြိုင်ဆိုရင် မွန်လူမျိုးတွေ မချုပ်ကိုင်နိုင်တော့သလို၊ ကချင်တွေရဲ့ မြစ်ဆုံ ဖားကန့် တနိုင်း မြစ်ကြီး နား ဗန်းမော်၊ ရှမ်းတွေရဲ့ သီပေါ မိုးကုတ် တောင်ကြီး မေမြို့ ကျိုင်းတုံ ညောင်ရွှေ နမ္မတူ၊ တွေရဲ့ စစ်တွေ သံတွဲ ကျောက်ဖြူ၊ ကရင်နီရဲ့ လွိုင်ကော်၊ လောပီတ၊ မော်ချီး စသဖြင့် လူမျိုးစုဒေသတွေမှာ လူမျိုး စုတွေ အရေးမပါတော့တဲ့ အခြေအနေဖြစ်တယ်။ မြို့နယ်တခုမှာ အနည်းဆုံး တပ်ရင်းသုံးရင်းထားရမယ် ဆိုတဲ့ သန်းရွှေစီမံကိန်းအရ မြို့နယ်နဲ့မတန်အောင် တပ်တွေလာချ၊ တပ်အတွက် မြေတွေသိမ်း၊ စိုက်ပျိုးရေး ကအစ စက်မှုလုပ်ငန်းအလယ် ဝန်ဆောင်လုပ်ငန်းအဆုံး လက်ဝါးကြီးအုပ်နေရာယူတာ တချို့နေရာတွေဆို ၃ ရင်းမက ၅ တပ် ၆ တပ်အထိ တိုးချဲ့နေရာချခဲ့တယ်။

စစ်တိုင်းလက်အောက်ခံ တိုက်ခိုက်ရေးတပ်ရင်း ၂၂၂ ရင်းရှိတဲ့ထဲက လူမျိုးစုဒေသတွေမှာ ၁၇၉ ရင်းရှိတယ်။ တပ်မလက်အောက် တပ်ရင်း ၃၀၀ မှာ လူမျိုးစုဒေသထဲ တပ်ရင်း ၂၁၀ ထားတယ်။ ဒါ့အပြင် အမြောက်တပ်မ ၁၁ ခုမှာ ၆ ခု၊ လေကြောင်းရန်ကာကွယ်ရေးတပ်မ ၉ ခုမှာ ၄ ခုကို လူမျိုးစုနယ်မြေတွေမှာ ချထားတယ်။ တခြား ဆေးတပ်၊ ဆက်သွယ်ရေးတပ်၊ ထောက်ပို့တပ်၊ အင်ဂျင်နီယာတပ်၊ လေ့ကျင့်ရေးတပ် စသဖြင့် လက်ရုံးဝန်ထမ်းတပ်တွေလဲ ၈၈ နောက်ပိုင်း လူမျိုးစုဒေသတွေမှာ အများကြီးလာချထားတယ်။ ဘယ်လောက်တောင်သိမ်းပိုက် နေရာယူထားလဲ ဆိုတာ စဉ်းစားသာကြည့်တော့။

ကချင်ပြည်မှာ ၁၉၆၂ ခုဝန်းကျင်က ခြေလျင်တပ်ရင်း ၉ ရင်းလောက်ဘဲရှိခဲ့ရာက အခုဆိုရင် စုစုပေါင်း ခြေလျင်/ခြေမြန်တပ်ရင်း ၄၄ ရင်း၊ အမြောက်တပ် ၁၀ ရင်း၊ တင့်/သံချပ်ကားတပ်ရင်း ၃ ရင်း၊ လေကာတပ် ၇ ရင်း။ ကရင်နီပြည်မှာ ၁၉၆၂ ခုဝန်းကျင်က တပ်ရင်း ၁ ရင်းဘဲ ရှိခဲ့ရာက အခု ၁၄ ရင်း၊ အမြောက်တပ် ၃ ရင်း။ ဒါ့အပြင် ကရင်နီမျိုးနွယ်ဖြစ်တဲ့ ကယန်းဒေသမှာလဲ ၆ ရင်း တပ်ချထားပါတယ်။ ၁၉၈၈ မတိုင်ခင်က ကယန်းဒေသမှာ ပြည်မအစိုးရတပ် တရင်းမှမရှိခဲ့ပါဘူး။ ပြည်မှာ ၁၉၆၂ ခုလောက်က တပ်ရင်း ၅ ရင်း လောက်ဘဲ အများဆုံးရှိခဲ့ပါတယ်။ အခုတော့ စုစုပေါင်း တပ်ရင်း ၃၉ ရင်း ရှိနေပါတယ်။

ပြည်မှာ ၁၉၆၂ ခုနှစ်က တပ်ရင်းတရင်းမှ မရှိခဲ့ပေမဲ့ အခု ၆ ရင်း ရှိနေပါတယ်။ ပြည်ထဲမဟုတ်ပေမဲ့ ချင်းတိုင်းရင်းသားတွေကို ခြိမ်းခြောက်တပ်စွဲထားတဲ့ ဒကစ(ကလေး) နဲ့ စကခ-၁၀ လက်အောက်ခံ ၆ ရင်းနဲ့ အမြောက်တပ် ၂ ရင်းလဲ ရှိသေးတယ်။ နာဂနယ်မြေမှာ ၁၉၆၂ ခုတုံးက ခန္တီးမှာ တရင်းဘဲ တပ်စွဲခဲ့ပါတယ်။ အခု ၅ ရင်း တပ်ချထားပါတယ်။
ပြည်မှာ ၁၉၆၂ ခုတုံးက ခြေလျင်/ခြေမြန်တပ်ရင်း ၆ ရင်းချထားခဲ့ပါတယ်။ အခု ၂၈ ရင်း တပ်စွဲထား တယ်။ ထားဝယ်၊ ကရင်နဲ့ မွန်လူမျိုးတွေ ရောပြွမ်းနေထိုင်တဲ့ တနင်္သာရီတိုင်းမှာလဲ တချိန်က တပ်ရင်း ၂ ရင်းဘဲရှိခဲ့ရာက အခုတော့ ၄၆ ရင်း တပ်စွဲထားပါတယ်။ မွန်နဲ့ တနင်္သာရီပေါင်းရင် နောက်ထပ် အမြောက် တပ် ၁၇ ရင်း၊ လေကာ ၁၉ ရင်းရှိသေးတယ်။ ရခိုင်ပြည်မှာ ဟိုတချိန်က ခြေလျင်တပ်ရင်း ၃ ရင်းထားခဲ့ပေမဲ့ အခု စုစုပေါင်း ၄၃ ရင်း တပ်စွဲထားပါတယ်။

ရှမ်းပြည်မှာ ၁၉၆၂ ခုလောက်က ပြည်နယ်တခုလုံးမှာ ၁၄ ရင်း ချထားခဲ့ပါတယ်။ အခု ရှမ်းပြည်နယ်တခု လုံးပေါင်းရင် အနည်းဆုံး ၁၄၁ ရင်း ရှိနေပြီး အမြောက်တပ် ၃၄ ရင်း၊ တင့်/သံချပ်ကား ၇ ရင်း၊ လေကာ ၁၄ ရင်းပါ တပ်စွဲသိမ်းပိုက်ထားတယ်။ ရှမ်းပြည်နယ်ထဲက ဝ နယ်မြေမှာ အရင်က ပြည်မအစိုးရတပ် တရင်း မှမရှိခဲ့ပေမဲ့ အခု တပ်ရင်း ၃ ရင်း အခြေစိုက်ထားတယ်။ ကိုးကန့်နယ်မြေမှာ တပ်ရင်း ၅ ရင်း တပ်စွဲထား တယ်။ ပလောင်နယ်မြေမှာ ၄ ရင်း ချထားတယ်။ ဟိုတုံးက တရင်းမှ မရှိခဲ့ကြဘူး။ ဓနုနယ်မြေမှာ အရင်က ဗထူးတပ်မြို့ကစစ်ကျောင်းတွေဘဲရှိခဲ့ရာက အခုတော့ ၃ ရင်း ထပ်ဆောင်းတပ်စွဲထားတယ်။ ပအိုဝ်းနယ် မြေမှာ ၁၉၆၂ ခုတုံးက ပြည်မတပ် တရင်းမှမရှိခဲ့ပေမဲ့ အခုဆိုရင် စုစုပေါင်း ၇ ရင်းအပြင် ဟိုပုံးမှာ စစ် ဂျီတီအိုင်ပါ ထိုင်ထားပါတယ်။

တိုင်းရင်းသားလူမျိုးတွေရဲ့ ယဉ်ကျေးမှု ဘာသာစကားတွေအပေါ် လူမျိုးကြီးလွှမ်းမိုးမှုကို အထင်ရှားဆုံး တွေ့ရတာက ဆိုကရေးတီးပြိုင်ပွဲဆိုတာတွေဖြစ်တယ်။ ကရင်ဝတ်စုံ ကချင်ဝတ်စုံနဲ့ ဗမာသီချင်းကြီးဆိုပြရ တာ၊ ဗမာစောင်းကောက်တီးပြရတာတွေ၊ ဗမာသတင်းစာဂျာနယ်တွေ ဗမာ FM ရေဒီယိုတွေသာ တွင်ကျယ် နေတာလဲ အားလုံးတွေ့နေရတယ်။ တချိန်တည်းမှာ လူမျိုးစုဘာသာစကားနဲ့ ပညာသင်ခွင့်မရတာ၊ အရင်က ရခဲ့ဖူးတဲ့ ဗုဒ္ဓဘာသာစာမေးပွဲတောင် အခုဖြေခွင့်မရတော့တာတွေ ဖြစ်တယ်။

အဆိုးဆုံးကတော့ သွေးနှောစနစ်ကျင့်သုံးနေတာပါဘဲ။ လူမျိုးစုတော်တော်များများဟာ မှတ်ပုံတင်မှာ ဗမာ အဖြစ်ပြခံရတယ်။ မိမိရဲ့ လူမျိုးနာမယ် အသိအမှတ်ပြုမခံရဘဲ လဝက ပေးတဲ့အတိုင်းယူရတာ နေရာအနှံ့ တွေ့ရတယ်။ ဒါ့အပြင် စီးပွားရေးအကြောင်းပြချက်နဲ့ ဝင်လာတဲ့ လူမျိုးကြီးဟာ လူမျိုးစုဒေသတွေမှာ ၁၉၆၂ မတိုင်မီကထက် အဆပေါင်းအများကြီး ရောက်နေပြီး သွေးနှောကြတယ်။ တချိန်က ဗမာဆို ဆေးဖော်ဖို့ တောင် ရှာရခက်တဲ့ ပြည်နယ်မြို့တွေမှာ အခုတော့ ဗမာလူမျိုးပြည်သူ့စစ်အဖွဲ့ ဗမာလူမျိုးစွမ်းအားရှင်အဖွဲ့ ဗမာလူမျိုး မဘသအဖွဲ့တွေတောင် ဖွဲ့နေကြပြီ။ တမြို့နယ်သုံးရင်းစီမံချက်ကလဲ သွေးနှောရေးကို အများကြီး အထောက်အကူပြုနေတယ်။ မွေးလာတဲ့ကလေးတွေဟာ ဗမာလူမျိုးအဖြစ်ဘဲ နာမယ်ခံရတယ်။ ဗမာအဖြစ် ဘဲ မွေးကြတယ်။

အထက်ကအချက်တွေကို တဆင့်တိုးအတည်ပြုဖို့ ခိုင်ခန့်အောင်လုပ်ဖို့အတွက် အခု အောက်တိုဘာ ၁၅ ရက် ပုပ္ပါးအစည်းအဝေးမှာ NCA ထိုးထားတဲ့ ၁၀ ဖွဲ့ကို လုံးဝခွဲမထွက်ရေးကတိပြုဖို့၊ တပ်မတော်တခုတည်း လက်ခံဖို့ လက်မှတ်ထိုးခိုင်းမယ့် အခြေအနေရှိနေတယ်။ ခွဲမထွက်ရေးကတိပေးလိုက်ရင် ပင်လုံဖျက်သိမ်း ရေးဖြစ်သွားလိမ့်မယ်။ ပင်လုံစာချုပ်မှာ ကချင် ချင်း ရှမ်း ဗမာပြည်မတို့ကို သီးခြားနယ်မြေလေးခုအဖြစ် အသိအမှတ်ပြုထားပြီး အပိုဒ် ၅၊ ၇၊ ၈၊ ၉ တို့မှာ ရာနှုန်းပြည့်ကိုယ်ပိုင်အုပ်ချုပ်ရေး (တနည်းအားဖြင့်) ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အာမခံ သဘောတူထားတယ်။ ဒါကြောင့် ပုပ္ပါးစာချုပ်ထိုးလိုက်ရင် သမိုင်းအစဉ် အလာရပ်တည်မှု ပျက်ပြယ်သွားပြီး လူမျိုးကြီးလက်အောက်ကို နယ်မြေတွေ အပြီးအပိုင်ထိုးအပ်တာ ဖြစ် သွားလိမ့်မယ်။ ဒါ့အပြင် လူမျိုးစုတွေဟာ ၁၉၄၈ ကတည်းက ခွဲထွက်ဖို့ လက်နက်ကိုင်တော်လှန်ခဲ့တာဖြစ် ကြောင်း၊ မိုက်မှားမိကြောင်း ဝန်ခံလိုက်တာဖြစ်သွားပြီး နောက်မလုပ်တော့ပါဘူးလို့ ခံဝန်ချက်ထိုးတာလဲ ဖြစ် သွားမယ်။

တကယ်တော့ ၁၉၄၇ အခြေခံဥပဒေမှာ ခွဲထွက်ခွင့်ပေးထားပေမဲ့ လူမျိုးစုတွေက အသုံးမပြုခဲ့ကြပါဘူး။ နိုင်ငံတကာဥပဒေ ပြည်တွင်းဥပဒေအရ ၁၀ နှစ်ပြည့်တဲ့ ၁၉၅၈ ခုမှာ လွတ်လပ်စွာခွဲထွက်ခွင့်ရှိတာတောင် ခွဲထွက်ဖို့ မစဉ်းစား မကြိုးစားဘဲ အခြေခံဥပဒေပြင်ဖို့လောက်ဘဲ ၁၉၆၁ တောင်ကြီးညီလာခံမှာ အားထုတ်ခဲ့ ကြတယ်။ တချိန်က ဗမာနဲ့ပေါင်းရေးကိုမလိုလားတဲ့ ပဒေသရာဇ်တွေနဲ့ ဗမာနဲ့ပေါင်းရေးလိုလားတဲ့ လက်ဝဲ နွယ်လူမျိုးစုခေါင်းဆောင်တွေ အဲ့အချိန်မှာတူတူရပ်ခဲ့တာ တိုက်ဆိုင်မှု မဟုတ်ပါဘူး။

၁၉၄၈-၄၉ ကာလ သူပုန်တွေဝိုင်းနေလို့ ရန်ကုန်အစိုးရလို့ ခေါ်ခံရတဲ့အချိန်မှာလဲ ဗမာပြည်ကို ကယ်တင် ပေးခဲ့တာ ချင်းတပ်၊ ကချင်တပ်တွေ အဓိကဖြစ်ခဲ့ပြီး ချင်းခေါင်းဆောင် မန်းတုံးနုံးက အိန္ဒိယက လက်နက် ခဲယမ်းတွေ တောင်းယူလာပေးခဲ့တယ်။ ကန္ဒီစာချုပ် လက်ျာ-ဖရီးမင်းစာချုပ်တွေအရ အိန္ဒိယပြန်ရမယ့် ဂေါ်ရခါးတပ် အင်အား ၃၀၀၀ ကိုလဲ ပေးမပြန်တော့ဘဲ ဗမာစစ်တပ်ထဲထည့် နိုင်ငံသားပေးပြီး သူပုန်ကို တိုက်ခိုင်းခဲ့သေးတယ်။

တကယ်တော့ ပင်လုံစာချုပ်အနှစ်သာရဟာ ခွဲထွက်ခွင့်ဖြစ်ပြီး ဒါကို ၁၉၄၇ ဖဆပလ ပဏာမပြင်ဆင်မှု ညီလာခံမှာ အတည်ပြုခဲ့တယ်။  ၄၇ အခြေခံဥပဒေမှာတော့ အဲ့ဒီခွဲထွက်ခွင့်ကို ရေထိုး-ပုံဖျက်ခဲ့ပေမဲ့ အတိုင်းအတာတခုထိ လက်ခံထားသေးတယ်။

လက်ရှိအချိန်မှာ ခွဲထွက်ခွင့် ခွဲမထွက်ခွင့်ဟာ ဥပဒေထဲ ထည့်စရာမလိုဘဲ တန်းတူရေးသာအဓိကထားရမှာ ဖြစ်တယ်။ ခွဲထွက်ခွင့်နဲ့ပတ်သက်ပြီး ပြည်တွင်းဥပဒေ မည်သို့ပင်ဆိုစေကာမူ နိုင်ငံတကာ ထုံးတမ်းစဉ်လာ ဥပဒေ လုပ်ထုံးလုပ်နည်းတွေကဘဲ တကမ္ဘာလုံးမှာ အာဏာသက်ရောက်တာဖြစ်တယ်။ ဥပမာ- ဗြိတိန်မှာ ခွဲထွက်ခွင့်ကို ဥပဒေနဲ့ပြဋ္ဌာန်းမထားပေမဲ့ စကော့တလန်၊ ဝေလ၊ မြောက်အိုင်ယာလန်ပြည်နယ်တွေ မကြာ ခင်ခွဲထွက်မယ့် အလားအလာရှိနေတယ်။ တကယ်ခွဲထွက်ဖို့လိုအပ်လာပြီ၊ ခွဲထွက်ချင်ပြီဆိုရင် သိကြားမင်း ဆင်းတားလဲ မရပါဘူး။

စစ်တပ်ဟာ အရပ်သားအစိုးရအောက်ရှိရေး၊ အုပ်ချုပ်ရေးအာဏာ ဥပဒေပြုရေးအာဏာ မယူရေးနဲ့တကွ စစ်တပ်အတွင်း လူမျိုးစုများအချိုးကျပါဝင်ခွင့်၊ ဗဟိုစစ်ဦးစီးကွပ်ကဲရေးအဖွဲ့ထဲမှာ လူမျိုးစုများ ပါဝင်ခွင့်၊ အောက်ခြေစစ်သားများ လူတန်းစေ့အခွင့်အရေးရပိုင်ခွင့်တွေရှိရင်လဲ တိုင်းပြည်တပြည် စစ်တပ်တခုဝါဒကို အားလုံးက လက်ခံမှာဖြစ်တယ်။

ခုနောက်ဆုံးအခြေအနေမှာတော့ မင်းအောင်လှိုင်ရဲ့ အာဏာနီတည်တံ့ရေး၊ ICC ကာကွယ်ဖို့ အင်အား စုစည်းရေး၊ မြေခွေးအမြီးပြတ်အဖော်ညှိရေး ရည်ရွယ်တဲ့ ပုပ္ပါးထိပ်သီးအစည်းအဝေးကို ဖျက်လိုက်ရပြီး ခွဲမထွက်ရေး၊ တပ်မတော်တခုတည်းလက်ခံရေးတွေ မပါတော့တဲ့ NCA သုံးနှစ်ပြည့်အစည်းအဝေးကို နေပြည်တော်မှာဘဲ လုပ်တော့မယ်လို့ ကြားသိရပါကြောင်း။

အောင်သဇင် + စောအယ်ကလူ


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

Related posts

Tags: , , , , , , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)