ငြိမ်း (ပဲခူး) ● “ည” များကို ဖြတ်ကျော်ခြင်း

October 16, 2018

● “ည” များကို ဖြတ်ကျော်ခြင်း
(မိုးမခ) အောက်တိုဘာ ၁၆၊ ၂၀၁၈


ကျွန်တော်ဟာ ကုမ္ပဏီတခုမှာ စာရင်းစစ် အလုပ်ကိုလုပ်ကိုင်ရင်းနဲ့ “ည” များကို ဖြတ်ကျော်နေပါတယ်။  အဲဒီလို “ည” များကိုဖြတ်ကျော်နေရင်း စိတ်ဓာတ်ကျနေတဲ့အခါနဲ့စိတ်ဖိစီးမှုတွေ များနေတဲ့အခါဆို “ည” များဟာမရှိရင် သိပ်ကောင်းမှာပဲလို့ ကျွန်တော်စိတ်ကူးယဉ်မိပါတယ်။ ဒါပေမဲ့လည်း ဘယ်လိုပဲဖြစ်ဖြစ် နေ့တိုင်းနေ့တိုင်းမှာ “ည” များဟာ သူ့သဘာဝအတိုင်း ရှိနေတာပဲ ဖြစ်ပါတယ်။

ကျွန်တော်ဟာ “ည” များကိုဖြတ်ကျော်နေရင်း ဟိုးကလေးဘဝကဖြတ်ကျော်ခဲ့တဲ့  “ည” များကိုစဉ်းစားမိတယ်။ ကလေးဘဝ ဆိုတော့ မိဘနှစ်ပါးရဲ့အရိပ်အောက်မှာပဲ ဖြစ်ပါတယ်။ အချိန်မှန် စား၊  အချိန်မှန် ကစား၊ အချိန်မှန် အိပ်၊ အချိန်မှန် မုန့်ဖိုး တောင်းနဲ့ အပူအပင်ဆိုတဲ့အဓိပ္ပာယ်ဟာဘာလဲလို့မေးရတဲ့  “ည” များပဲ ဖြစ်ပါတယ်။ အဲဒီ  “ည” များဟာ ကျွန်တော် ဖြတ် ကျော်ခဲ့တဲ့  “ည” များစွာထဲက ပျော်ရွှင်စရာကောင်းတဲ့  “ည” များပဲဖြစ်ပါတယ်။

ဆက်လက်ပြီး ကျောင်းသားဘဝကဖြတ်ကျော်ခဲ့တဲ့ “ည” များကိုစဉ်းစားမိတယ်။ အဲဒီ “ည”များကို ကျွန်တော်ဟာ ကျောင်းက ပေးလိုက်တဲ့ အိမ်စာတွေကိုကျက်ရင်းနဲ့ ဖြတ်ကျော်ခဲ့တယ်။ အပြစ်ကင်းစင်တဲ့ ကျောင်းသားဘဝရဲ့ပြိုင်ဆိုင်မှုတွေကြားထဲ မှာ ကျူရှင်တက်နိုင်တဲ့ကျောင်းသားအနည်းစုကို အတန်းထဲမှာအမီလိုက်နိုင်ဖို့အတွက် အိမ်စာများကို ပုံစံအမျိုး မျိုးနဲ့ကျက်ရ တဲ့ “ည” များပဲဖြစ်တယ်။ နောက်ပြီး အခုခေတ်လို ကိုယ်ပိုင်အထက်တန်းကျောင်းများမှာသာ ကျောင်းသားလေးများရဲ့ စာကျက်သံလေး များကိုကြားရတော့တဲ့ “ည” များမဟုတ်ဘဲ လမ်းတိုင်း လမ်းတိုင်းရဲ့ အိမ်တိုင်းအိမ်တိုင်းမှာရှိတဲ့ မိဘများရဲ့ ပီတိအပြုံးများလွှမ်းခြုံနေတဲ့ ကျောင်းသားလေးများရဲ့ သံပြိုင်စာကျက်သံလေးများကိုကြားရတဲ့ “ည”များပဲ ဖြစ်ပါတယ်။

ပြီးနောက် ကျွန်တော့်ရဲ့လူငယ်ဘဝကဖြတ်ကျော်ခဲ့တဲ့  “ည” များကိုစဉ်းစားမိတယ်။ ကျွန်တော့်ရဲ့လူငယ်ဘဝက  “ည” များ ကို ကျွန်တော်ဟာ လက်ဖက်ရည်ဆိုင်လေးများမှာထိုင်ရင်း ဖြတ်ကျော်ခဲ့ပါတယ်။ ကျွန်တော်တို့တုန်းက လက်ဖက်ရည် ဆိုင်လေးများရဲ့ “ည” မြင်ကွင်းများကတော့ လက်ဖက်ရည်ဆိုင်လေးများရဲ့ရှေ့မှာ စက်ဘီးလေးများဟာ တန်းစီလို့နေပါ တယ်။ ဆိုင်ကယ်ဆိုလို့ တစီးတလေလောက်သာ ရှိပါတယ်။ လူတိုင်းလူတိုင်း ဆိုင်ကယ်မစီးနိုင်ကြသေးတဲ့ အချိန်လည်း ဖြစ်ပါတယ်။ ကျွန်တော့်ရဲ့လူငယ်ဘဝက ဖြတ်ကျော်ခဲ့တဲ့ လက်ဖက်ရည်ဆိုင်လေးများရဲ့ “ည” များမှာ လူငယ်လေးများရဲ့ တယောက်နဲ့တယောက် ဆက်ဆံရေးကလည်း နွေးထွေးမှုရှိပါတယ်။ ပြောလိုက်ကြတဲ့စကားတွေဟာလည်း လက်ဖက်ရည် ဆိုင်လေးတွေမှာ ဖွင့်ထားတဲ့သီးချင်းသံများနဲ့အပြိုင်ပဲ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ကျွန်တော်ဟာ လူငယ်ဘဝရဲ့ “ည” များကို တသက်လုံးတည်ရှိနေမယ်လို့လည်း ထင်ခဲ့ဖူးပါတယ်။

ကျွန်တော်တို့ လူငယ်လေးများဟာ လက်ဖက်ရည်ဆိုင်လေးများရဲ့ “ည” များကို အတူတူဖြတ်ကျော်ဖို့အတွက် ချိန်းဆိုပုံဟာ လည်း တယောက်အိမ်ကို တယောက်က အချို့လည်း စက်ဘီးလေးနဲ့၊ အချို့လည်း လမ်းလျှောက်ကာ သွားခေါ်ပါတယ်။ တကယ်လို့ ကိုယ်သွားခေါ်တဲ့သူငယ်ချင်းက သူ့အိမ်မှာမရှိဘူးဆိုရင်တော့ သူငယ်ချင်းဟာ ကျိန်းသေပေါက် လက်ဖက်ရည် ဆိုင်ကို ရောက်ရှိနေပြီ ဖြစ်ပါတယ်။ အဲဒီအချိန်တုန်းက ဖုန်းတွေလည်း လူတိုင်းမကိုင်နိုင်ကြသေးပါ။

လက်ဖက်ရည်ဆိုင်လေးများရဲ့ “ည” များမှာ ကျွန်တော်တို့လူငယ်လေးများဟာ ဝါသနာတူရာ ခင်မင်ရင်းနှီးရာ အစု အဖွဲ့လေး များစုဖွဲ့ရင်း အခုခေတ် လက်ဖက်ရည်လေးများရဲ့ “ည” များလို ဖုန်းတွေချည်းပွတ်မနေကြ၊ ဂိမ်းဆော့မနေကြတာမျိုးမဟုတ်ဘဲ စာအုပ် ဖတ်တဲ့သူက ဖတ်၊ ကျားရွှေ့တဲ့သူက ရွှေ့၊ ကိုယ်ဖတ်ပြီးတဲ့စာအုပ်အကြောင်းလေးများကို ပြောသူကပြောနဲ့ လက် ဖက်ရည်ဆိုင်ပိုင်ရှင်ကို ရေနွေးအိုးများ တအိုးပြီးတအိုး တောင်းရတဲ့ “ည” များပဲ ဖြစ်ပါတယ်။ ကျွန်တော်ဟာ လူငယ်ဘဝရဲ့ “ည” များကို ပိုက်ဆံနှစ်ရာလောက်နဲ့ လက်ဖက်ရည်ဆိုင်လေး များမှာထိုင်ရင်း ဖြတ်ကျော်ခဲ့ပါတယ်။

ဝန်ထမ်းဘဝမှာမပျော်လို့ ထွက်လိုက်ရတဲ့ “ည” များဟာလည်း ပြန်စဉ်းစားလိုက်တဲ့အခါတိုင်း စိတ်ပင်ပန်း လူပင်ပန်းဖြစ်ရတဲ့  “ည” များပဲ ဖြစ်ပါတယ်။  အဲဒီ“ည”က ကျွန်တော်ဟာ အမေ့ ကို ဝန်ထမ်းအလုပ်က ထွက်တော့မယ်လို့ ဖုန်းဆက်ပြီး ပြောပါ တယ်။ ”အေးပါ အေးပါ” လို့ ဖုန်းထဲကနေ ကျွန်တော်ကြားလိုက်ရတဲ့ အမေ့ရဲ့အသံဟာ စိတ်ပျက်အား လျော့နေတဲ့ အသံဖြစ် နေတယ်။ ကျွန်တော့်ကို ဝန်ထမ်းအလုပ်မှာ အမေဟာ အမျှော်လင့်ကြီး မျှော်လင့်ထားတယ်။ ကျွန်တော့်မှာ များစွာစိတ်မ ကောင်း ဖြစ်သွားပါတယ်။ ဖုန်းပြောပြီးလို့ အမေဖုန်းချသွားတော့ ကျွန်တော့်ခွန်အားတွေ ကုန်ဆုံးလုနီးပါး ဖြစ်သွားတယ်။  အဲဒီ ”ည” ကို ကျွန်တော်ဟာ ကြမ်းပြင်ထက်မှာ လူးကာလှိမ့်ကာနဲ့ မနည်းအိပ်ပျော်အောင်ကြိုးစားပြီး ဖြတ်ကျော်ခဲ့ပါတယ်။

ကျွန်တော်ဖြတ်ကျော်ခဲ့တဲ့အလုပ်လက်မဲ့ ”ည” များကိုလည်း စဉ်းစားမိတယ်။ ကျွန်တော်ဟာ ဝန်ထမ်းအလုပ်ကထွက်ပြီး အကိုရှိတဲ့မန္တလေးကို သွားတယ်။ ကျွန်တော့်အတွေးက မန္တလေးရောက်တဲ့အခါ အလုပ်ရှာပြီးလုပ်မယ်ပေါ့။ ဒီလိုနဲ့ မန္တလေး ရောက်တော့ အကို့ဆီမှာတည်းရင်း အလုပ်ရှာတယ်။ ကံဆိုးနေလို့လားမသိပါ။ ဘွဲ့ရတယောက်ဖြစ်တဲ့ ကျွန်တော်ဟာ ဘယ် လိုမှ အလုပ်ရှာမရပါ။ နောက်ပြီး ကျွန်တော်နေတဲ့နေရာနဲ့ မြို့ထဲနဲ့ကလည်း အလှမ်းဝေးတယ်။ ကြာလာတော့ အလုပ်ရှာရင်း ရှိတဲ့ပိုက်ဆံလည်း ကုန်လာတယ်။ အလုပ်က မရ။ မရတဲ့အဆုံးမှာ ကျွန်တော်ဟာ ရတဲ့အလုပ်လုပ်မယ်ဆိုပြီး ဆုံးဖြတ်ချက်ချ လိုက်တယ်။ အလုပ်တခုရပါတယ်။ အလုပ်က တီဗွီထမ်း အောက်စက်ထမ်းတဲ့အလုပ် ဖြစ်ပါတယ်။ ဘွဲ့ရတယောက်နဲ့ ဘယ်လိုမှ မသက်ဆိုင်တဲ့ အလုပ်ကြမ်းပဲ ဖြစ်တယ်။ ထမ်းလိုက်ရတဲ့ တီဗွီတွေ အောက်စက်တွေ ထမင်းစားနားချိန်က လွဲလို့ ပေါ့။ မိုးလင်းကနေ မိုးချုပ်တဲ့ ”ည” ၈ နာရီ ၉ နာရီလောက်ထိ ထမ်း လိုက် ရတာ။ ကျွန်တော့်ပခုံးနှစ်ဖက်ဟာ ကျိန်းစပ် လို့နေတယ်။ တီဗွီတွေကလည်း အခုခေတ်လို တီဗွီအပြားတွေမဟုတ်ဘဲ တီဗွီအလုံးတွေပဲ ဖြစ်တယ်။ ထမ်းစမရှိသူ ကျွန်တော့်အတွက်တော့ ခက်ခဲခဲ့ပါတယ်။

ကျွန်တော်နဲ့အတူတူ အလုပ်လုပ်တဲ့  လုပ်သမားအားလုံးဟာလည်း အတန်းပညာသိပ်မရှိကြပါ။ ဘွဲ့ရဆိုလို့ ကျွန်တော် တစ် ယောက်သာ ပါ ပါတယ်။ အိမ်ပြန်ရောက်တော့ ရေချိုး ထမင်းစားပြီးတဲ့အခါ ကျွန်တော့်ပခုံးနှစ်ဖက်ဟာ နာကျင်လာတယ်။ နောက်ပြီး ကျွန်တော့်ရဲ့ အခုလိုအခြေအနေကို အမေတွေ့ရင် ရင်နာနေမှာ အသေအချာပါ။ ဘာဖြစ်လို့လဲဆိုတော့ အလုပ် ကြမ်းမလုပ်ရအောင် ပညာသင်ပေးထားတဲ့ သားတယောက်ဖြစ်တဲ့ ကျွန်တော်က အလုပ်ကြမ်းတွေလုပ်နေလို့ပဲ ဖြစ်တယ်။ ပခုံးနှစ်ဖက်က အညို အမဲ စွဲနေတဲ့ ဒဏ်ရာများကနေ ဖြစ်ပေါ်လာတဲ့ တဆစ်ဆစ်ကိုက်ခဲနေတဲ့ ”ည” များကို  ကြိတ်မှိတ်ခံ စားရင်း နှစ်အနည်းငယ်ကြာအောင် ဖြတ်ကျော်ခဲ့ရပါတယ်။ ပြန်တွေးမိလိုက်တိုင်း အခုအချိန်ထိ ”စိတ်” နာနေရတဲ့ ”ည” များပဲ ဖြစ်ပါတယ်။

ကျွန်တော်ဟာ ကျွန်တော်ဖြတ်ကျော်ခဲ့တဲ့ ”ည” များအကြောင်းကို စဉ်းစားနေရင်း ကျွန်တော့်မျက်နှာကို ဘယ်နေရာကနေ ဘယ်လိုရောက်လာမှန်းမသိတဲ့ လေခပ်ကြမ်းကြမ်းလေး တိုးဝှေ့ လာတော့မှ  အခန်းတံခါးမပိတ်ရသေးတာ သတိရ တယ်။ ရုံးကနေ အဆောင်ပြန်ရောက်တဲ့အချိန်ထဲက စဉ်းစားနေလိုက်တာ အချိန်ဘယ်လောက်ကြာသွားလဲမသိ။ ဖုန်းက နာရီကို ကြည့် လိုက်တော့ ည ၁၀ နာရီ ထိုးတော့မယ်။ မနက်ဖြန်ရုံးတက်ဖို့ရာ အိပ်ရင်းနဲ့ အခု “ည” ကို ဖြတ်ကျော်ရအုံးမယ်။

ဟန်ဂေရီပြည်ဖွား ဂျူးလူမျိုးစာရေးဆရာ အယ်လီဝီဆယ်လ်က သူဖြတ်ကျော်ခဲ့ ”ည” များအကြောင်းကို ရေးထားတဲ့ ”ည” ဆိုတဲ့ စာအုပ်ကို သူရူးသွားမှာစိုးလို့ ရေးတာပါလို့ သူ့စာအုပ် အမှာစာမှာ ဖတ်လိုက်ရတယ်။ ဒါဆို ကျွန်တော်ကရော ကျွန် တော်ဖြတ်ကျော်ခဲ့တဲ့ ”ည” များအကြောင်းကို ဘာကြောင့်စဉ်းစားနေတာလဲ။ ကိုယ့်ကိုကိုယ် ပြန်မေးမိတယ်။ အဖြေ မရှိပါ။ သေချာတာတခုကတော့ ကျွန်တော်ဟာ အသက်ရှင်နေသရွေ့ ”ည” များကို  “တစ်ည” ပြီး ”တစ်ည” ဖြတ်ကျော်နေရ အုံးမှာပဲ ဖြစ်ပါတယ်။

ငြိမ်း (ပဲခူး)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:၀တ္ထုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments