ထင်ကျော် ● မာတုရက္ခိတ ကင်းမဲ့ရက်များ

October 21, 2018

● မာတုရက္ခိတ ကင်းမဲ့ရက်များ
(မိုးမခ) အောက်တိုဘာ ၂၁၊ ၂ဝ၁၈

မိုးမခ အတွဲ (၅)၊ အမှတ် (၁) မေ၊ ၂ဝဝ၈ ထုတ် မဂ္ဂဇင်းမှ ကူးယူဖော်ပြခြင်းဖြစ်သည်။  


(တစ်)
တမနက်က အစ်ကိုက ကျနော့်ကို ထမင်းကြမ်းစားသွားပါလားဟု ကျိုးကြောင်းတိုက်ဆိုင်၍ ခေါ်လိုက်မှ ကျနော် ထမင်းကြမ်း မစားဖြစ်သည့်ကာလကို သတိရလိုက်မိသည်။  ကျနော် ထမင်းကြမ်း မစားဖြစ်ခဲ့သည်မှာ ကြာပြီ။  ကြာဆို လွန်ခဲ့သော ၁၉၉၂ ကတည်းကပင် ဖြစ်၏။  အမေနှင့်ဝေး၍ နေရပြီးကတည်းက ကျနော် ထမင်းကြမ်း မစားဖြစ်တော့။

အမှန်အတိုင်းပြောရလျင် စားသောက်ခွင့်မကြုံတော့၍ မစားတော့ခြင်းဖြစ်သည်။  အကြောင်းကရှိသည်။ အမေ့ ဦးလေး ဘကြီး မောင်က သူ့ ရုံးတွင် အလုပ်လုပ်ရန် ရန်ကုန်သို့ခေါ်လိုက်၍ ကျနော် ရန်ကုန်သို့ရောက်ခဲ့ရသည်။  ပွဲစားလုပ်ရမည်။ နိုင်ငံခြား ထွက်သူများအတွက် ဝန်ဆောင်မှုပေးသော အေးဂျင့်တခုကို ဘကြီးမောင်က ဖွင့်ထားသည်။  ရုံးခန်းသည် ဆူးလေ လမ်းနှင့် အနော်ရထာလမ်းထောင့် တိုက်တန်းက တတိယအလွှာတွင် ရှိသည်။

ထိုရုံးတွင် ကျနော်က တောက်တိုမယ်ရလိုလို ဂျိုကာလိုလို လုပ်ရသည်။  လေယာဉ်လက်မှတ်ဝယ်လည်း ပါရ သည်။  နိုင်ငံခြား ငွေလဲလှယ်လျင်လည်း လိုက်ရသည်။  ပြန်တမ်းဝင်အရာရှိလက်မှတ်ဆိုလည်း သွားထိုးပေးရသည်။  ထမင်းချိုင့်ဆွဲ လျင်လည်း ပြေးဆွဲပေးရသည်။  ဘဏ် (၃) တွင်လည်း ငွေသွင်းရန် တန်းစီခဲ့ရသည်။  နိုင်ငံခြားထွက် အလုပ်လုပ်သူကို မင်္ဂလာဒုံလေဆိပ်ပို့ တော့လည်း ကျနော်လိုက်ပါရသေးသည်။

စောစောပိုင်းတွင် ဘကြီးမောင်တို့အိမ်ရှိရာ တာမွေတွင်နေနေသော်ငြား နောက်ပိုင်းကာလများတွင် စိတ်ပျော်ရွှင်ရာဟု ထင် မှတ်ပြီး ညီဝမ်းကွဲများရှိရာ သာကေတသို့ပြောင်းနေလိုက်သည်။  သာကေတအိမ်ရောက်မှ ကျနော် မပျော်မှန်းသိသည်။  သာကေတတွင် ကျနော် ကြာကြာမနေချင်။ ကျနော်က အနော်ရထာလမ်း၊ ဆူးလေလမ်း၊ ပန်းဆိုးတန်းလမ်းနှင့် မဟာဗန္ဓုလ ပန်းခြံတဝိုက်တို့တွင်သာ ပိုပျော်သည်။ သို့သော်လည်း ထပ်မပြောင်း ဖြစ်တော့။ သာကေတအိမ်တွင်သာ နေလိုက်တော့သည်။ နေသည်ဆိုပေမယ့် သာကေတတွင် ညအိပ်သည်ဆိုရုံသာ နေခဲ့သည်။

မိုးလင်းသည်နှင့် သာကေတကထွက်သည်။ သာကေတနှင့်ကီလီဈေးဆီသို့ပြေးသော (၃၅) ရိမ်းဂျားကြီးများကို တိုးစီးရ သည်။ ရုံးချိန်နှင့် ငြိလျင် လူကျပ်လွန်းသောကြောင့် စောထွက်မိတာကလည်း အကြောင်းရင်းတခုအဖြစ် ပါဝင်ပါလိမ့်မည်။ သို့ကြောင့်ပင် (၈) နာရီပတ်လည်လောက်တွင် အနော်ရထာလမ်းပေါ် ကျနော်ရောက်နှင့်နေတတ်ပြီ။

သာကေတအိမ်ကနေ ထမင်းကြမ်း စားမလာ။ စားရန်လည်း ဘာမှ အသင့်မရှိ။ အိမ်သားအားလုံးနီးပါးပင် မနက်လင်းသည်နှင့် အလုပ်ကိုယ်စီ သွားကြရန် တက်သုတ်ရိုက် ပြင်ဆင်နေရသည်။ ထမင်းကြမ်းအတွက် မည်သူမျှ စိတ်မဝင်စား။ အဒေါ်ကော၊ ဦးလေးကောပင် မနက်စောစောထကြသည်ဆိုငြား ထမင်းကြမ်းစားချိန် မထားကြ။ ထမင်းကြမ်းစားရန် မဖန်တီးကြ။ ထမင်း ကြမ်းစားသည့်ဓလေ့ကို ပျိုးထောင်မထားခဲ့ပေ။

အိမ်ကျန် ကလေးများအတွက် ဝယ်စားချင်တာ စားဟူ၍ မုန့်ဖိုးထားခဲ့တတ်ပြီး၊ လူကြီးများက ရုံးသွား၊ လမ်းရောက်မှ ကြုံရာ ကျပန်း စိတ်ထဲပေါ်ရာ ဝယ်ယူစားသောက်တတ်ကြသည်။ ထိုယဉ်ကျေးမှုတွင် ကျနော်လည်း ကျရောက်ကျင်လည်ရင်း လိုက်ပါစီးမျှောခဲ့ရသည်။ ရန်ကုန်မြို့ ထဲ ရောက်မှ လက်ဖက်ရည်နှင့် နှစ်ပါးသွားခဲ့ရသည်။ အမြဲတမ်း ထိုင်လေ့ရှိခဲ့သည်က ရွှေဝါလက်ဖက်ရည်ဆိုင်။ သို့သော် ထမင်းကြမ်းလို မာမာချာချာ မဟုတ်တော့ မတင်းတိမ်။ ခဏနှင့်ပြန်ဆာသည်။ အမေ့ ထမင်းကြမ်းမဟုတ်၍လည်း ဖြစ်မည်။ လမ်းအသွားများ၍လည်း ဗိုက်ချောင်သွားသည်ထင်သည်။

၈ နာရီလောက်က ဖြည့်တင်းထားသော လက်ဖက်ရည်တခွက်၊ ပေါက်စီတလုံးသည် ၁ဝ နာရီဝန်းကျင်လောက်တွင် ဗိုက် ထဲမှာ ဘာမှမရှိတော့သလို။ ဟာ၏။ ဆာ၏။ ရုံးကခိုင်းလိုက်သည့်အလုပ်၌ ပိုက်ဆံပိုလျှင် မြို့တော်ခမ်းမ နောက်ကျောလမ်း ပေါ်က သိင်္ဂီရွှေရည်လက်ဖက်ရည်ဆိုင်တွင် ထောပတ်နံ့သင်းသင်းနှင့် ဘီးမုန့်တချပ်ကို ကော်ဖီတခွက်နှင့် မျှောလိုက်သေး သည်။

ဒါနှင့်လည်း မရ။ ထမင်းစားချိန် နေ့လယ် ၁ နာရီ မထိုးမချင်း ကျနော့်ဝမ်းက လပ်ဟာမြဲ။ ကျောင်းတကာ၊အ လှူတကာနှင့်ကြုံ ရလျင်တော့ ပင်စင်ဌာနအနီးက ထမင်းပေါင်းတပွဲ ၈ ကျပ်/လိုက်ပွဲ ၂ ကျပ်ဖိုးနှင့် တဆယ် ဖိုးပြည့်အောင် ဝင်ဆွဲလိုက်သေးသည်။ ထိုအခါမျိုးတွင်တော့ နေ့ ၁ နာရီ ထမင်းစားချိန်၌ ဗိုက်က မဆာတော့။  မြိန်ရှက်ခြင်း ရစ်သမ်က စည်းဝါးပျက်သွားပြီ။

ထိုအချိန်ကတည်းက စားနေကျ ထမင်းကြမ်း၏ရစ်သမ်ကို ကောင်းကောင်း နားလည်ခဲ့ရသည်။ ထမင်းကြမ်း ထမ်းပိုးခဲ့သော တမနက်၏ဝန်ကို တန်ဖိုးထားတတ်ခဲ့သည်။ အမေမွေးမြူပေးခဲ့သော ထမင်းကြမ်းစားသုံးသည့်ဓလေ့ ခေါက်ရိုးသည် တော် တော်နှင့်မပြေ။ ဝမ်းထဲမှ တော်တော်နှင့်မထွက်။ အသွေးအသားကြားမှာ ခိုဝင်နေဆဲ ခိုဝင်မြဲ။ အမေ ဖန်တီးတင်ဆက်ပေးခဲ့သော ထမင်းကြမ်းအနုပညာသည် ကျနော့်နံနက်ခင်းတိုင်းအတွက် တသသဖြစ်နေဆဲ၊ ဖြစ်နေမြဲ။ နှလုံးသားကြားက တဖွဖွ ဖြစ်နေ စရာ။ ယင်းကား အကယ်ဒမီမြောက်အနုပညာ။

ရန်ကုန်ဆင်း၍ ကိုယ့်ဘဝကိုယ်ကျောင်းရသော ကာလများတွင် အမေနှင့်ဝေးကွာနေသည့်အတွက် ထမင်း ကြမ်းစားခြင်း ဓလေ့သည် ကျနော် မနိုးခင်မက်သည့် အိပ်မက်နှယ်။ အတိတ်ကာလတခုထဲ၌ ကျန်ခဲ့လေ၏။  ကိုယ့်ခြေထောက်ပေါ်ကိုယ်ရပ်လိုက်ပြီဆိုသောကာလ၌ ပွဲဦးပွဲဖျားရင်ဆိုင်လိုက်ရသည်က နံနက်ခင်း ထမင်းကြမ်းမစားရခြင်းဒုက္ခဖြစ်နေသည်။ တနေ့ ၏ အဖျားအနားကာလကို ဝမ်းတလှပ်လှပ်ဖြင့် ဖွင့်ဟကြိုဆိုလိုက်ရ ခြင်းဖြစ်နေ၏။

(နှစ်)
ဒီ့အရင် အမေစောင့်ရှောက်သည့် မာတုရက္ခိတနေ့ရက်များတုန်းက မနက်လင်းပြီဆိုသည်နှင့် ခန္ဓာကိုယ် ကိစ္စအပြင်ဗာဟီရ တို့ကို လုပ်ဆောင်ပြီးလျင် ပထမဦးဆုံး ပြုမူသည်မှာ အတွင်းအာဟာရအတွက် ထမင်းကြမ်းကို မြိန်ရှက်စွာစားသောက်ခြင်း အလုပ်ပင်ဖြစ်သည်။ အမေ ပြင်ဆင်ထားသောထမင်းကြမ်းကို စားသုံးပြီးမှသာ တနေ့တာ၏ လိုရာခရီးသို့ဆက်လို့ရသည်။

အမေ့ထမင်းကြမ်း မပါသော ဗိုက်ဗလာသည် မည်သည့်နေရာသို့မျှမလိုက်။ မည်သည့်အလုပ်ကိုမှ မလုပ်နိုင်။  အမေ ဖန်တီး ပေးသော ထမင်းကြမ်းသည် နေ့ဟောင်း၏ဆာလောင်မှုကို ချုပ်ငြိမ်းသွားစေသော ဝမ်းမီးငြိမ်းတ ရားတပုဒ်လည်းဖြစ်နေသည်။ အမေ့ထမင်းကြမ်းသည် နေ့သစ်တခု၏ အာဟာရဦးလည်းဖြစ်လေသည်။  နောက်တမျိုးကတော့ အမေ၏ ဖန်တီးတင်ဆက်မှု အနုပညာတရပ်လည်း ဖြစ်ပေသေးသည်။

မနက်လင်းပြီဆိုသည်နှင့် ထမင်းကျန်၊ဟင်းကျန်မှလွဲ၍ ဘာမျှမရှိသော ထမင်းစား စားပွဲလေးထောင့်ပေါ်ရှိ အုပ်ဆောင်း အောက်၌ ကျနော်တို့နံနက်ခင်းစာ စားဖို့ ပြင်ဆင်ဖန်တီးပေးရသည်မှာ အမေ့အနုပညာတရပ်သာဖြစ်သည်။ ဘာမှမရှိသော စားပွဲပေါ်သို့စားစရာလေးများ ဖြစ်သွားအောင် ဖန်တီးပြလိုက်သည်မှာလည်း အမေ့၏မှော်အတတ်ဖြစ်၏။

တနေ့တမျိုး မရိုးရလေအောင် ပြင်ဆင်ပေးရသည်မှာ အကယ်ဒမီလိုက်မမှီသော အမေ့၏ အနုပညာ ပြောင်မြောက်မှု တခုဖြစ်သည်။ ဟင်းကျန်များဖြင့် ဟင်းနံ့တထောင်းထောင်း မစားတတ်သော ကျနော့်အတွက် တခါတရံ ထမင်းကျန်လေး များကို နနွင်းဆီသတ်လေးနှင့် ပဲပေါင်းလေးရောကာ ထမင်းကြော်ဝါဝါဝင်းဝင်းလေး ကြော်ပေးထားတတ်သည်။ အရန်အမယ် အဖြစ် ငါးပိထောင်းစပ်စပ်လေးကို ရေနွေးသောက်အကြမ်းပန်း ကန်လုံးနှင့်ထည့်ကာ ဆီဆမ်းပေးထားတတ်သည်။

တရက်တလေတို့၌ ခရမ်းချဉ်သီးကိုဆီသတ်ကာ ထမင်းကြော်ရဲရဲလေးလည်း ဖန်တီးပေးပြန်သည်။ ဒါနှင့် မရိုးစေရ။ ကြိုကြား ကြိုကြားနေ့ရက်များတွင် ကျနော်ကြိုက်သော ကောက်ညှင်းငချိတ်ကို အင်ဖက်ထုပ်လေးများဖြင့် ဝယ်ပေးထားတတ်ပါသည်။ ကျနော် နိုးတော့ ဆီဆမ်းစားရုံသာ။ ထိုကြားထဲမှ မကြာမကြာဆိုသလိုလည်း ဦးကြွက်ကြီး၏အကြော်ကို တောင်ကုန်းပေါ် တက်၍ ဝယ်ပေးထားပြန်သေးသည်။ ထမင်းကြမ်းခဲလေးပေါ် ဆားလေးဖြူးပြီး ခရမ်းချဉ်သီးထောင်းလေးနှင့် စားပေရော့။

ထမင်း မကျန်သည့်နေ့ရက်များဆိုလျှင်တော့ မုန့်ပျားသလက်လေးများကို ဝယ်ပေးထားတတ်ပါသည်။ မုန့်  ပျားသလက်စား လျင်တော့ တခု၊ နှစ်ခုဖြင့် မဝ။ အိမ်မွေး ကြက်မကြီးများ ဥသည်နှင့်ကြုံလျင်တော့ ကြက်ဥ နှစ်လုံး၊ သုံးလုံးပါယူသွားပြီး မုန့် ပျားသလက်ထဲ ခေါက်ထည့်ပေးလာတတ်သည်။ နံနံပင်နှင့်ကြက်သွန်နီကွင်းလေးများ။ ကြက်သွန်မြိတ်နှင့် ပဲပေါင်းစေ့လေး များပျစ်ခဲနေကာ ကြက်ဥနှစ်ရောင်တောက်ပနေသော မုန့်ပျားသလက် လေးငါး၊ ခြောက်ခုတို့ကို ကျနော်သည် ဆီပန်းကန်ထဲမှ ပဲ ဆီစစ်စစ်များဖြင့် တို့ကာ၊တို့ကာ စားပစ်တတ်သည်။

(သုံး)
တကယ်တော့ ခုကာလများနှင့်ပြန်တွက်လျှင် ထိုနံနက်စာများနှင့် ဝေးကွာခဲ့သည်မှာ နှစ်ကာလများက မနည်းတော့။ နှစ် ပေါင်းများစွာကြာခဲ့ပြီ။ ၁၉၉၂ မှ တွက်လျှင် ယနေ့အချိန်အထိ နှစ်ပေါင်း ၂၆ နှစ်။ ရံဖန်ရံခါလောက်သာ ဇနီးပြင်ပေးသော နံနက်စာကို စားဖြစ်ခဲ့သည်။ ဒါကလည်း ဆယ်ခါ့ရံ တခါဟူ၍ပင် ပြောမရ။  အများအားဖြင့်ကတော့ လက်ဖက်ရည်ဆိုင်မှ လက်ဖက်ရည်တခွက်နှင့် နံနက်ထမင်းကြမ်းစာကို အစားထိုးထားလိုက်ပြီ ဖြစ်ပါသည်။

ကျနော် မစားတော့သောကြောင့်လည်း ကျနော့်အတွက်ဟူ၍ ရည်ရွယ်သော နံနက်စာကို မခင်းကျင်းပေးတော့။ အမေနှင့် ဝေးစဉ်ကတည်းက ပျက်ပြယ်သွားခဲ့သော ထိုနံနက်စာ စားကျင့်လေးကို လက်ရှိတွင်  ကျနော်တို့နှင့်အတူ အမေ နေထိုင်နေ သည့်တိုင် ပြန်လည်မစားသုံးဖြစ်တော့။ တော်တော်နှင့်ဖျောက်မရသော နံနက်ခင်း ထမင်းကြမ်းစားကျင့်လေးသည် ယခု တော့ ကျနော့်ထံပါးတွင် မရှိတော့ပါ။ ပြန်လည်မွေးယူမှသာ ပြန်ရတော့မည်ဖြစ်သည်။

သို့သော်လည်း မမွေးမြူတော့။ ကရိကထများပေလိမ့်မည်။ အားလုံး အလုပ်တွေ ရှုပ်ကုန်လိမ့်မည်။ မနက်စောစောလုပ် ငန်းခွင်ဝင်မည့် ကျနော့်အတွက် နံနက်စာပြင်ဖို့ဆိုလျှင် ကျနော့်ထက် ပို၍ စောစောအိပ်ရာထရပါလိမ့်မည်။ မထစေလိုတော့။ ဇနီးကိုလည်း မထစေလို။ သူလည်း တနေ့တာအတွက် အားယူဖို့ အပြည့်အဝ အိပ်စေလိုပါသည်။ အမေလည်း မထစေ လိုတော့။ အသက်ကြီးလာ၍ နားနားနေနေ နေစေလိုပါသည်။

ကျနော် တကယ်စဉ်းစားမိသည်က ထမင်းကြမ်းစားရေး၊ မစားရေးကိစ္စများ မဟုတ်။ အမေ့ကိုထားခဲ့ပြီး အမေနှင့်ဝေးရာတွင် အလုပ်လုပ်ကိုင်နေထိုင်ခဲ့ရစဉ်က အမေ့အနုပညာ ထမင်းကြမ်းလက်ရာလေးနှင့် ကင်းကွာခဲ့ရသည်။

ခုကော … ။
အမေ အိုနေပြီ။

ဇရာပိဒုက္ခာမှာ အမေ ဗျာပွေနေလေပြီ။ ဗျာဓိပိ ဒုက္ခောတွင် အမေမောနေလေပြီ။ ကျနော်တို့နှင့် အတူထားသည့်တိုင် အမေ သည် သိပ်ပြီးနေလိုဟန်မပြတော့။ ထွက်ခွာသွားဖို့ရန် မကြာမကြာ ပြင်ဆင်နေတတ်သည်ကို ကြုံရသည်။ ကျနော်တို့က စွမ်းနိုင်သမျှ တားနေရသည်။ ယင်းကိုကြည့်၍ ကျနော် ဆင်ခြင်မိနေခြင်းဖြစ်သည်။

တခါတုန်းက ကျနော်က အမေ့ကိုထား၍ ထွက်ခွာသွားသည်။ နောက်တော့ ပြန်လာ၏။ အခု–အမေက ထွက်ခွာသွားဖို့ ညာသံပေးနေပြီ။ သို့သော် ကျနော်ပြန်လာသလိုတော့ အမေက ပြန်လာမည်မဟုတ်တော့။ အမေသည် အပြီးအပိုင်း ထွက် ခွာဖို့ ပြင်ဆင်နေသည်။ ကျနော်တို့ဆီ ဘယ်သောအခါမှ ပြန်၍လာမည်မဟုတ်တော့။ ထိုသို့ဝေးလျင်ကော ….။

ငယ်နုစဉ်ကာလက အမေနှင့် တဒင်္ဂလောက်ဝေးကွာခဲ့စဉ်က ထမင်းကြမ်းစားခြင်းအနုပညာတို့ ဆိတ်သုဉ်းခဲ့ရဖူးသည်။ မကြာမီ အမေနှင့် ထာဝရဝေးကွာရတော့မည်။ အမေ မရှိတော့ပြီဆိုလျင် နောက်ထပ်ဘာ တွေကို ကျနော် ဆုံးရှုံးရဦးမည်နည်း။ မာတုရက္ခိတကင်းမဲ့တော့မည့်နေ့ရက်များကို စဉ်းစားရင်း၊ စဉ်းစားရင်း ဗလာနယ်တခုဆီ ကျရောက်သွားသလို ကျနော် ခံစားလိုက်ရသည်။ ထိုဗလာနယ်၌ကား အရိပ်မရှိ။ ထိုအရိပ်သည်ကား မေတ္တာ။ ထိုမေတ္တာသည်ကား ဘေးရန်ခပ်သိမ်း ကင်းငြိမ်းရာ ရက္ခိတ။

မကြာပါ။ မကြာတော့ပါ။ ကျနော့်အတွက် မာတုရက္ခိတ ကင်းမဲ့သောနေ့ရက်များကို ကြုံလာရပါတော့မည်။

ကျော်ထင်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments