နိုလိုင်း ● အပျော်ကြွေတဲ့ ကြယ်

October 24, 2018

● အပျော်ကြွေတဲ့ ကြယ်
(မိုးမခ) အောက်တိုဘာ ၂၄၊ ၂၀၁၈

အတွဲ (၅)၊ အမှတ် (၁) မေ၊ ၂၀၀၈ ထုတ် မဂ္ဂဇင်းမှ ကူးယူဖော်ပြခြင်းဖြစ်သည်။


(၁)
လဲပြိုနေတဲ့မျှော်စိတ် အစွန်းထွက်နေတဲ့ ထင်ယောင်မှားမှု အရောင်တွေနဲ့ မှန်အိမ်လေးရဲ့ အလင်းရောင်ပျပျ အိမ်အပြင်ကညဟာ တဖြေးဖြေးနက်လာခဲ့တယ်။ ကောင်းကင်မှာ အမှောင်ဟာ သာမန်ထက်ပိုကဲ မဲနက်စိမ့်စွဲနေတယ်။ အိမ်အပြင်ဘက်မှာ ပိတ်နေအောင် သိပ်သည်းနေတဲ့ အမှောင်တွေ။ အိမ်အပြင်က ညဟာ ကြယ်ရောင်လရောင်နဲ့ ဝေးလို့၊ အိမ်ငယ်ထဲက မီးရောင်ပျပျရဲ့ အဝေးခြေချစရာနေရာတိုင်းဟာ သိပ်သည်းနေတဲ့ အမှောင်အတိုင်းပါပဲ။ အိမ်ငယ်ထဲက မီးရောင်ပျပျလေသာ မရှိဘူးဆိုရင် တလောကလုံး ဒီထက်ပိုပြီး မှောင်ပိတ်နေတော့မှာ။

အိပ်ဆေးတွေဟာ လူ့အသက်ကို ကယ်နိုင်သလား။ အိပ်ဆေးတွေဟာ လူကိုနှစ်ခြိုက်စွာ အိပ်မောကျစေသလား။ စိတ်သက်သာရာ ရဖို့လောက်သာ အိပ်ပျော်ဖို့လိုနေပုံမျိုးပါပဲ။ တခုခုကိုလျောက်စဉ်းစားလိုက် လျှောက်တွေးလိုက်ရင်တော့ အိပ်ပျော်ဖို့ အခြေအနေကောင်းတစ်ခုကို ပိုင်ဆိုင်နိုင်စရာ အခွင့်အလမ်းပိုနီးစပ်လာလိမ့်မယ်လို့ သူထင်တာပဲ။ ဒါမှမဟုတ် ပိုဝေးသွားနိုင်သေးတယ် ထင်တယ်။ သူနှစ်နှစ်ခြိုက်ခြိုက်ကို အိပ်ပျော်ချင်နေမိတယ်။ အင်ပြည့်အားပြည့် ပြန်နိုးထ ပြန်လန်းဆန်းသွားချင်နေမိတယ်။ အိပ်မရတော့လို့ စိတ်ကူးတည့်ရာ လျှောက်လုပ်နေမိတာကလည်း ပိုပြီးအိပ်မရစေတဲ့အကြောင်းပါပဲ။ လမ်းထလျှောက်လိုက်မိသလို တခုခုကို အကြာကြီးစဉ်းစားနေမိသလို အမှောင်ထဲက တောင်စဉ်ရေမကျ စိတ်ကူးတွေ။ အမှောင်ထဲက ခိုးချနေတဲ့ သက်ပြင်းတွေနဲ့ အက်ကြောင်းရာတွေထင်နေတဲ့ နံရံပေါ်က ဆေးသားမှာ အသစ်ပြန်မဖြစ်နိုင်တော့တဲ့ ချစ်ခြင်း မေတ္တာတရားတခုခုရှိနေသလို အရာရာ မှားယွင်းခဲ့ပြီးမှ ပြန်ပြင်ချင်လို့မရတော့သလို။

အိပ်ယာထဲ လခြမ်းကွေးလို ခဲတံတစ်ချောင်းလို ငါးပြားတန်ရောင်စုံဘောလုံးတစ်လုံးလို ကွေးလိုက် ဆန့်လိုက် လူးလှိမ့် လိုက်ဖြစ်နေတာ။ ဘဝမှာ လူက ရေလိုက်ငါးလိုက် မနေတတ်လို့ ထင်တာတွေ လျှောက်လုပ်ခဲ့ဖူးသလိုမျိုး ငယ်ရွယ်စဉ်တုန်း ကလိုလည်း အခုအသက်အရွယ်မှာ သိပ်လည်း စိတ်အားမတက်ကြွတော့တာ။ ဒါပေမယ့် လေးလံငေးမော တွေဝေနေသလို မျိုးလည်း မဟုတ်ပါဘူး။ ကောင်းကင်ပြင်ကြီးတစ်ခု လိုပါပဲ။ မှောင်လာလိုက် လင်းသွားလိုက် ကြယ်တွေလိုပါပဲ။ တဖြုတ်ဖြုတ် ကြွေကျနေပေမယ့် ကြယ်တွေဆုံရှုံးနေရတာတောင် ဘာမှ မပွန်းမပဲ့သလို ကောင်းကင်ဟာ လှုပ်ရှားနေတဲ့စိတ်ကိုဖုံကွယ်ပြီး မရရအောင်ငြိမ်သက်နေသလို။ အခုလည်း သူက ကောင်းကင်ပြင်ကြီးကို တည်ငြိမ်စွာ မှင်သက်ငေးမော့ကြည့်လို့။ အချိန် တွေအစား နေ့စဉ်ဘဝများမှာ ကိုယ့်အဓိပ္ပာယ်နဲ့ကိုယ်းကျပ်လို့။ နောင်တတရားဆိုတာကလည်း ကိုယ့်မှာဘယ်တော့မှ ပြန်မရတဲ့အရာများသာ ဆုံးရှုံးသွားနေတတ်လို့ လျှောက်ခဲ့တဲ့လမ်း ဘယ်လိုမှ နောက်ပြန်ဆုတ်မရလို့။ အတွေးတစ်စ ရှေ့မှာ ကိုယ့်အိမ်မီးလောင်နေတာတောင် လက်ထဲ စီးကရက်ပြာ မကြွေဘူးဆိုသလိုပါပဲ။ ကိုယ့်ရင်မှာ ဝုန်းဒိုင်းကျဲ ခံစားနေရလည်း ခန္ဒာကိုယ်က ကျောက်ခဲတစ်လုံးလိုဖြစ်နေ ကန်ရေတည်ငြိမ်နေသလို သစ်ရွက်လေးတစ်ရွက်စာ ရိုက်ခတ်မှုကလေးတောင်မခံစားရသလိုပဲ တိတ်ဆိတ်နေ ငြိမ်သက်လို့။ ဟိုအရင်က အချိန်တွေပဲ အခုပြန်နှမျောနေမိတယ်။

(၂)
လွန်ခဲ့သော ဘယ်နှစ်နှစ်ခန့်က ဘဝတပါးကူးပြောင်းသွားသော လူတစ်ယောက်။ ဘတပါးဆိုတာက တမလွန်ဘဝကူးပြောင်း သွားတာမဟုတ်ပဲ အသက်ရှင်လျက် ဆက်ရှိနေသေးသလို ဘဝဆိုတာကလည်း သေလွန်ပြီးမှ နောက်တစ်ဘဝခြားသွားမှ မဟုတ် ဒီရုပ် ဒီခန္ဓာနဲ့လည်း နောက်တစ်ဘဝ နောက်တစ်ခန္ဓာတစ်ခု ကူးချင်ကူးနေရတတ်သေးတာ။ အခြေအနေတစ်ခုမှ အခြားအခြေအနေတစ်ခုသို့ စိတ်တစ်ခုမှ အခြားဝိဉာဉ်တစ်ခုသို့ ပြောင်းလဲနေထိုင်ရတတ်သေးတာ။ အဲဒီ ဒီရုပ် ဒီခန္ဓာနဲ့ အခြားဘဝမှာ ရောက်နေရတယ်ဆိုတာကလည်း။

လဟာ ဘယ်တော့မှမပြည့်တော့ဘူးလား။ လသာသာ ညတွေ သူ့အတွက် သီးသန့်မရောက်နိုင်တော့ဘူးလားဆိုတာကို မွတ်သိပ်စွာ ကောင်းကင်ကိုငေးမော့ကြည့်တောင့်တလို့။ ကြယ်ရောင်အလင်းပေါက်ကလေးတွေကလည်း ညထဲ စိုစွတ် အောင်လုပ်မပေးနိုင်သလို အခုလို အိပ်မရတော့တဲ့အခါ တစ်နေရာရာကိုငေးလို့ အကြောင်းအရာ တစ်ခုခုစဉ်းစားဖြစ်ဖို့ဆိုတာကလည်း စိတ်ကြည်နူးစရာ ပတ်ဝန်းကျင်အခြေအနေတစ်ခုကိုလိုပါတယ်။ ဟိုတုန်းကအဖြစ်အပျက်များစွာထဲမှ ကိုယ့်အလွမ်းနက်ရင်နက်သလောက် အရုပ်ရောအသံပါ မြင်နိုင်ကြားနိုင်လောက်တဲ့အထိလည်း တွေးယူလွမ်းလို့ရနေ ဘယ်အဖြစ်အပျက်တွေက တက်ကြွလန်းဆန်းမှုရှိပြီး ဘယ်အဖြစ်အပျက်တွေက လူကိုအားအင်ကုန်ခန်းစွာ ခြောက်ခြားစေခဲ့ပါသလဲ ဆိုတာကိုလည်း သတိတရ စဉ်းစားနေမိတယ်။ အခုလို မှောင်တဲ့အခြေအနေမှာပဲ မဲနက်နေတဲ့ အရုပ်တွေမျက်လုံးထဲ ပေါ်နေတာကိုလည်း အကြီးအကျယ် စိတ်ပျက်နေမိတယ်။

တစ်နေရာရာမှာ တွေ့ဖူး မှတ်မိသိကျွမ်းခဲ့ဖူးတဲ့ မျက်နှာတွေလို အမှောင်မှာပေါ်နေတဲ့ အတိတ်ပုံရိပ်တွေ။ အရင်ကအဖြစ် အပျက် ခြောက်ခြားစရာ ရုပ်ပုံကားချပ်များ။ ပြန်သတိမရချင်တော့ မမှတ်မိချင်တော့ဘူးဆိုရင် အဲဒီအကြောင်းအရာများစွာက မှတ်ဥာဏ် မသိစိတ်မှာ ပိုပိုမေ့လို့မရ။ ခင်ဗျားမှမဟုတ်ဘူး မင်းမှမဟုတ်ဘူး လို့သာပြောနေရတယ်ဆိုပေမယ့်လည်း မှတ်ဥာဏ်ထောင့်ထဲမှာ မသိစိတ်ကသိမ်းထားပြီး အချိန်ကိုက်မှ ပေါ်ချင်ရာ လာပေါ်နေတတ်တဲ့ အစွဲအလန်းတွေကို ဘယ်လိုဖျတ်ပစ်လို့ရမလဲ။ မှတ်မိချင်တာပြန်မှတ်မိ သတိရနေတတ်တဲ့ ဦးနှောက်ကြီးကို ဘယ်လိုခွဲစိတ်လိုက်ရမလဲ။ အားလုံးသတိမရတော့ရင်လည်းကောင်းတာပါပဲ။ သူ့အတွက် အတိတ်မရှိတော့သလို အတိတ်ကို ပြန်မမှတ်မိတော့တဲ့အခါ စိတ်သက်သာရာများဖြစ်မလား အတိတ်မေ့ရောဂါဆိုတာက ကိုယ့်အတွက်ကျ ဖြစ်ဖို့ သိပ်ခက်ခဲနေလား စဉ်းစားမိတယ်။ မေ့ချင်တဲ့အခါများမှာလည်း ကိုယ့်ခေါင်းကိုယ် ရိုက်ခွဲပစ်ချင်သလို  လူကမလှုပ်ချင် ခန္ဓာကိုယ်က မထချင်တော့လောက်အောင် မူးနေခဲ့ပေမယ့် ဆက်စဉ်းစားနေမိတာကလည်း ပေါ်လာတဲ့ အကြောင်းအရာတွေထဲက တစ်ခုပြီး တစ်ခုပါပဲ။

အဲဒီ အရင်ရက်တွေတုန်းကတော့ သူလည်းလမ်းပေါ်မှာ လွင့်ချင်ရာလွင့်နေတဲ့ ပိုးသားအဝတ်စလို လေရူးထဲ ကြွေဝဲကျလာတဲ့ သစ်ရွက်ခြောက်လိုနေထိုင်ခဲ့တာပါပဲ။ မူးရစ်စေတဲ့အရာတစ်ခုခုနဲ့သာ လမ်းပေါ်ကနေ ရှေ့ကိုတည့်တည့်မရောက် တန်းတန်းမတ်မတ်မလျှောက်ဖြစ်လည်း ဘယ်လိုမှခံစားမနေ အိမ်ကိုလုံးဝမပြန်ချင်ခဲ့။ အခုလိုအိပ်ယာထက် လူးလှိမ့်နေရတာထက်စာရင်တော့ မူးရစ်နေတဲ့ညတွေဟာ သူ့ကို ပိုပြီးစိတ်သက်သာရာ ရစေခဲ့သလို မျက်လုံးကိုကြုံတဲ့ နေရာမှာ မှိတ်ချလိုက်တိုင်း အိပ်လို့ပျော်သွားခဲ့တာချည်းပဲ။ အခု ညအဖြစ်အပျက်လိုတော့ မဟုတ်ဘူး။ အရင်နေ့တွေတုန်း ကတော့ အခုညထက်စာရင် အခြေအနေက သာသာယာယာနေထိုင်ချင်စရာပိုကောင်းပါသေးတယ်။ ဒါပေမယ့် အရက်ရှိန်နဲ့ မူးနေတဲ့ရက်တွေမှာ စိတ်ကသာ နေသာသလိုနေလို့ရ အဆင်ပြေအောင်နေလို့ရခဲ့ပေမယ့် ခန္ဓာကိုယ်က စိတ်အလိုဆန္ဒနောက် ထပ်ချပ်မကွာ ဆက်မလိုက်နိုင်တော့ဘူး ထင်ပါတယ်။ တဖြေးဖြေးအားအင်ယုတ်လျော့လာတဲ့ ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ ဆေးဝါးကုသမှုမှအစ အားအင်အစာအဟာရများပါ ပြန်လည်ဖြည့်ပေးဖို့လိုလာတဲ့ အတွက်လည်း အခုလို အိပ်ယာပေါ်ရောက်လာရတော့တာပေါ့။

အပြင်မှာ အမှောင်ဟာ ပိုပြီး သိပ်သည်းစွာ ကျနေမလား နှင်းတွေလည်း ညထဲ လမ်းပေါ်ရွှဲနေပြီလား မပြောတတ်ဘူး။ အိပ်ယာထက်က အိမ်ပြတင်းပေါက်ဘောင်မှာတော့ ခြောက်သွေ့အက်ကွဲနေတဲ့ အတွင်းသားတွေကို ထုတ်ဖော် ရင်ဖွင့်လို့ လရောင်မျှော်ငေးနေတဲ့ လူတစ်ယောက်။ ဘဝတစ်ပါး ကူးပြောင်းဖို့ဆိုတာကိုလည်း အခုဘဝမှာကတည်းကတွေးနေ အတိတ်ကဘယ်လိုရှင်သန်နေထိုင်ခဲ့ပုံလည်း ပြန်မြင်ယောင်နေတဲ့ စိတ်နဲ့ တခြားစီဖြစ်ချင်နေတဲ့ ဆန္ဒများ ကုစားလို့မရတော့တဲ့ နောင်တများ။  ကြယ်တစ်လုံးကြွေကျတိုင်းသာ ဆုတောင်းပြည့်ခဲ့မယ်ဆို အခုလို ကြယ်ကြွေတာများတဲ့ညမှာ ကောင်းကင်မော့ကြည့်နေတဲ့ သူအတွက် မနက်အိပ်ယာနိုးတဲ့အခါ ကံကောင်းခြင်းတွေသာ ဆီးကြိုနေမှာပေါ့။ ဒါပေမယ့် ကြယ်ကြွေတဲ့အချိန် ခဏလေးများ ကြယ်များကြွေကျနေတာတွေကိုပဲ တမေ့တမော ငေးနေဖြစ်တယ်။ ဘာဆုမှမတောင်းချင်တော့သလို မနက်ရောက်ဖို့လည်း မလိုမရှိနေသလိုပေါ့။ အိပ်ပျော်ဖို့ကိုလည်း ကြိုးစား အိပ်မပျော်ဖြစ်ရင်လည်း စဉ်းစားနေရတဲ့ ခံစားမှုကိုသာ အသက်သွင်းလို့ ညထဲ အပြင်ကိုပဲငေးကြည့်နေတော့တာ။

(၃)
အချိန်တွေဟာ နာရီဒိုင်ခွက်ထဲမှာသာ လက်တံအရွေ့အတိုင်း လည်ပတ်နေသလိုထင်ရ၊ အခုရပ်နေတဲ့ ခြေထောက်တွေဆို တာကလည်း ဒိုင်ခွက်အပြင်ကအချိန်တွေလို မရွေ့လျားတော့ဘူးလား။ လက်မှာပတ်ထားတဲ့ နာရီရပ်သွားမှ ကမ္ဘာလည် တာရပ်မလား ခြေထောက်တွေက အဲဒီအချိန်မှ စလှမ်းနိုင်တော့မလား မသေချာပါဘူး။ လက်ကနာရီဒိုင်ခွက်ကို ငုံ့ကြည့်နေမိ တယ်။ ဘယ်နှစ်ခုနှစ်ကဝယ်ထားမှန်းမသိတော့တဲ့ နာရီဟာ သွားမြဲသွားနေတုန်းလို ဓာတ်ခဲနာရီ လို့သာသိထားခဲ့တဲ့ လက်ကောက်ဝတ်ပေါ်က နာရီဟာ ဓာတ်ခဲမကုန်တော့ဘူးလား။ ဘယ်တော့မှ အလည်မရပ်တော့ဘူးလား။ အပြင်မှာ ကမ္ဘာကလည်နေဆဲလား။ လှဲအိပ်နေတာကြာပြီထင်လို့ ခဏထိုင်ကြည့်လိုက်တော့ ပြတင်းပေါက်ဟာ သူ့ပုခုံးပေါ်အထိ နိမ့်ကျသွား ကြယ်ကြွေတာကို ထိုင်လျက် လှမ်းမြင်နေရတယ်။ အိပ်ယာပေါ် ပြန်လှဲလိုက်ရင်လည်း အိပ်မရမယ့်အတူတူ ဒီအတိုင်းဆက်ထိုင်နေမိတယ်။

ခေတ်ပေါ်အသုံးအဆောင်ပစ္စည်းများ၊ ခေတ်ပေါ် လူသတ်နည်းပညာ လက်နက်များ၊ ခေတ်ပေါ် လူမှုကွန်ယက်များဟာ သူ့အတွက် အချိန်ကိုက်ပြီးမှ ထပေါ်လာတာ။ ခေတ်ပေါ် စက်ပစ္စည်းများနဲ့အတူ လူ့အသွေးအသားတွေထဲ သွေးတွေဟာ စီးဆင်းမနေပဲရပ်လို့နေပါလား။ အခုဆို ဆုတ်ကပ်မှာ မမြဲခြင်းတရားဟာ ပိုထင်ရှားလာတယ်။ ပုံရိပ်တွေကိုပဲ အစစ်လို့ ပိုထင်လာကြတယ်။ စိတ်ကူးကိုယ်ထည်များ ဖန်တီးထားတဲ့ သုံးဖက်မြင်ရုပ်ကြွ အတုနှလုံးသား။ အချစ်ဆိုတဲ့တရားကလည်း လူတွေ ပြုလုပ်ဖန်တီးထားတဲ့ အကျိတ်အခဲ ယားနာဖုလေးတစ်ခုလိုပါပဲ။ ပုံရိပ်တွေ လေထဲ လွင့်နေတယ်။ စကားလုံးတွေ လေထဲ လွင့်စင်ထွက်ခွာသွားတယ်။ ဘေးပတ်ဝန်းကျင်က အရာဝတ္ထုတွေကို မေ့ပစ်လိုက်တဲ့ အစစ်ထင်မှု လေလှိုင်းကမ္ဘာထဲမှာ မိသားစုတွေကင်းကွာလာတယ်။ တစ်ယောက်နဲ့တစ်ယောက် ဝေးကွာသွားတယ်။ အရာရာဟာ မမြဲတတ်လို့ အနာဂတ်တွေဟာလည်းမမြဲ ပျော်ရွှင်မှုဆိုတာကလည်း ဘယ်တော့မှမမြဲ ဆုံရတွေ့ရချိန် ခဏလေးပါပဲ။ ခဏတာအချိန်လေး အတွင်းမှာကိုပဲ အဖြစ်အပျက်ဆိုတာတွေဟာ နည်းပညာနဲ့အတူ မြန်ဆန်ခဲ့တယ်။

အခြေအနေတိုင်းမှာ မုဆိုးဟာ သားကောင်ကို အချိန်တိုင်း အလစ်မပေးပဲ ချောင်းမြောင်းနေတတ်သလိုပဲ ဖြောင့်ဖြူးနေတဲ့ သွားလမ်းမှာ ချိုင့်ခွက်ဆိုတာတွေဟာ ကိုယ့်ကို တိမ်းမှောက်ပစ်ဖို့ အမြဲ စောင့်နေတတ်တာ။ အနီးနားက မိုးထားတဲ့ ဓားဟာ အရောင်ပိုလက်နေသလို မြင်နေရတဲ့ အခြေအနေမှာတောင် ဘာမဆိုဖြစ်သွားနိုင်တဲ့ ဗုံးဆံတွေ။ ကံတရားတွေ။ ပြုခဲ့ဖူးသော ကောင်းမှုလေးမှ မကုန်သေးခင် ငရဲက ခေါ်နေတဲ့ လူ့အဖြစ်တွေ။ ဒါတွေအားလုံးကို တစ်ကြောင်းတည်းနဲ့ချရေးလိုက်ဖို့ မလွယ်ကူတာက ပိုပြောနေရတဲ့ စကားများပါပဲ။

(၄)
နည်းပညာ ခေတ်ကြီး တိုးတက်လာမှုနဲ့အတူ နဖူးစာရွာဟာ ပိုလည်လာ အဲဒီမှာ ပေါက်တဲ့နဖူးတွေကလည်း ပေါက်မယ့်ပေါက် တော့ မြွေလို ပုဆိန်တစ်လက်လို ဒုတ်ဒုတ်ထိပေါက်မယ်ဆိုတာပြောလို့ အချစ်ဆိုတဲ့အရာ ပိုပြီးဆန်းကျယ်လာတယ်။ ပိုပြီး အနုစိပ်လာ အကွက်စိပ်လာ ပိုပြီးအရောင်လက်လာလို့ ဓားသွားဟာ အချိန်မရွေးလေမှာဝဲနေတော့တာ။ ခုတ်ပိုင်းချလိုက်ဖို့ ကိုလည်း အချိန်မရွေးဆုံးဖြတ်ထား စောင့်နေတတ်ကြတာ။ ကမ္ဘာဆိုတာက လည်နေတုန်းပါပဲ။ ကမ္ဘာက လည်သာလည်နေတာ အသက်မဲ့နေတဲ့ ကျောက်ရုပ်လို ကမ္ဘာပေါ်မှာရှိတဲ့ စာတန်လွှတ်တင်ထားတဲ့ ဂြိုလ်ကောင်တွေ ဆိုတာကလည်း တည်နေရာဒေသ မိုင်ပေါင်းများစွာအဝေးမှနေလည်း သူတပါးသာယာမှုကိုဖျတ်ဆီးပစ်နေ အိမ်ယာတစ်ခုကို တွန်းလှဲပစ်ဖို့ ကြံစည်နေတတ်ကြတယ်။ အခုလို ကြုံလည်း ကြုံလာ အိမ်တစ်အိမ်မှာ မေတ္တာတရားဆိုတာ နှုတ်ဆိတ်သွားတဲ့ အခါ စကားလုံးတွေလည်း အပြင်ကိုထွက်မလာတော့လို့ ဆွံ့အ ကြွေကျ။ အစိုင်အခဲ အကျိတ်အဖုအနေနဲ့သာ လှိုက်စားလို့ အချိန်ကြာလာတာနဲ့အမျှ မြုံနေတဲ့အနာလည်း မေတ္တာတမှားနဲ့ ယင်းလာခဲ့တယ်။

အကြောင်းအရာက အိမ်ထဲမှာ အစဉ်အဆက် ပိတ်လှောင်နေတဲ့ အိမ်ထောင်သည်အမျိုးသမီးတွေဟာ တစ်ခုခုကိုဆုံးဖြတ်ချက် ချတဲ့အခါ မပြတ်မသား ဝေခွဲမရမှုတွေနဲ့ အယောင်ယောင်အမှားမှား မတည်ငြိမ်တဲ့ စိတ်နောက်လိုက်လို့။ စိတ်ကူးသာယာမှု နောက်မှာ ပျော်ရွှင်မှုကိုထပ်ပေါင်းထည့်လို့ စိတ်ကူးယဉ် ဇာတ်လမ်းဆိုတာ အစဉ်အမြဲ ပျော်ရွှင်နိုင်ပါ့မလားဆိုတာ ဘယ်တော့မှ မစဉ်းစား ပကတိလက်ရှိဘဝ အရှိတရားဆိုတာကိုမေ့လို့ ရေစီးအတိုင်းမျောပါနေကြတယ်။ တည်ငြိမ်နေတဲ့ ရေပြင်ကို ခဲလုံးနဲ့ ပစ်ပေါက်လိုက်ကြတတ်တယ်။ လှိုင်းဆိုတာကလည်း ထလာမှာပဲ မုန်တိုင်းအဖြစ်နဲ့ လူ့ဘဝထဲ ဝင်ရောက် ကိုယ့်ကို ထင်ရှားပြလာမယ့် ဒုက္ခတွေ။ ဒါတွေကို အခုဘာလို့ပြောနေတာလဲဆိုလည်း ဒါတွေက ဖြစ်ပျက်ခဲ့လို့ပဲ။ ဒါတွေက ဖြစ်ပြီးရင်ပျက်သွား ဖျတ်သွားကြမှာ။ ပျက်သွားပုံကလည်း ဘယ်တော့မှ ပြန်မသစ်တော့သလို အက်ရာအထွေးလိုက် နေရာအနှံ့ပေါ်လို့ အခုဘယ်လိုမှ ပြန်ဆက်လို့မရတော့လို့။

မိသားစုမှာ ခုတ်ရာတွေကြီးခဲ့တယ်။ ခုတ်တဲ့ဓားဟာ သိပ်ထက်လို့ အပိုင်းပိုင်းပြတ်လို့ နေရာအနှံ့ကျဲပြန့် ဘယ်လိုမှ ပြန်မဆက် တော့ဘူး။ သိပ်မှားခဲ့ပါတယ် လို့ပြောတတ်တဲ့ နောင်တဆိုတာ နောက်နောင်ဘဝမှာတောင် မရနိုင်တော့ဘူး။ အခုဘဝမှာ လည်း ဘာတစ်ခုမှ ပြန်မရတော့လို့ အရာရာ ဆုံးရှုံးခဲ့ပါတယ်ဆိုတာကလည်း ခဏလေး။ အဖြစ်အပျက်တစ်ခု ကလေး။ စိတ်မထိန်းနိုင်မှုတစ်ခုလေးပါပဲ။

(၅)
ဆိုက်ဘာ ရာဇဝတ်မှု။ မကောင်းတဲ့ဘက်က အသုံးချခံလိုက်ရတဲ့ ကမ္ဘာ့ရွာကြီး။ ကမ္ဘာကြီးဟာ ကျယ်သလောက် ရွာဖြစ်သွားတဲ့အခါ လေလိုင်းပေါ်မှာ တစ်နေရာနဲ့ တစ်နေရာ ခရီးဟာ ပိုပိုနီးလာတယ်။ လူလူချင်းနီး စိတ်ကူးလိုက်တိုင်း တစ်ယောက်အနီးနား တစ်ယောက် အရောက်သွားလို့ရ စိတ်ကဆောင်တိုင်းခန္ဓာကိုယ်ကပါလို့ လေလှိုင်းပေါ်မှာတော့ အလွယ်ကူဆုံးအရာတွေဆိုတာက အခက်ခဲဆုံးအလုပ်တွေကို လုပ်ပြရတာကို ခေါ်တာပါပဲ။ အခက်ခဲဆုံးအလုပ်တွေကို လေလှိုင်းပေါ်မှာ လွယ်လွယ်ကူကူလုပ်ပြလိုက်ကြတဲ့အခါ လောကမှာ မဖြစ်နိုင်တဲ့အရာဆိုတာမရှိ ဘဝမှာ အမှားကျူးလွန်တယ်ဆိုတာကလည်း နောက်ဆုံးဘဝပါ ဆုံးသွားမှ တွေ့ရ သိရ ဘယ်လိုမှ ကယ်ယူလို့မရ အခြေအနေတွေက ရှုပ်သွားခဲ့တယ်။ ဟုတ်ပါတယ် ယနေ့ခေတ်ပေါ်တယ်လီဖုန်းမှာ ရှေ့ကင်မရာ တစ်ခု တပ်ဆင်ထားပါတယ်။

ကြားဖူးနေကျ အဖြစ်အပျက်တစ်ခုပါပဲ။ အွန်လိုင်ပေါ်က ပညာပေးဇာတ်လမ်းတစ်ခု ရိုက်ကူးနေသလိုပါပဲ။ အဲဒီထက် ပိုပြီးဆိုးတာက တကယ့်အဖြစ်အပျက်တွေ ဖြစ်ခဲ့လို့ပါပဲ။ ပညာပေးဇာတ်လမ်းထဲမှာလို အဖြစ်အပျက်က ရိုးစင်းစွာဖြစ်သွားခဲ့တာတော့မဟုတ်ပါဘူး။ ဥပမာ ဆိုပါစို့။ အွန်လိုင်းပေါ်က မသမာသူတစ်ဦးရဲ့သွေးဆောင်ဖျားယောင်းမှုကို ခံခဲ့ရရှာတဲ့ အသက်ငယ်ငယ်မိန်းကလေးတစ်ယောက်အဖြစ်အပျက်လိုမျိုး ချစ်သူရည်းစားထားမိရာက အိနြေ္ဒပျက်လောက်တဲ့ ဓာတ်ပုံ ဗွီဒီယို တစ်ခုခုမှ အစပြုပြီး ခြိမ်းခြောက်ခံရပုံမျိုးလို ရိုးစင်းတဲ့အဖြစ်အပျက်မျိုးမဟုတ်ပါဘူး။ အတိုဆုံးပြောကြည့်ပါမယ်။ နည်းပညာကိုနားမလည်တဲ့ မိန်းမအများစုဟာ တယ်လီဖုန်းဆော့ဝဲတစ်ခုကို ဘယ်လို အသုံးပြုရမှန်းမသိလည်း ဖုန်းထဲ အရောက်ခံ သိမ်းထားတတ်ကြပါသလား။ စတေကာ အရုပ်လှလှလေးတွေ နဲ့ ဆွဲဆောင် ထားတဲ့ဆော့ဝဲတစ်မျိုးဟာ ဖုန်းထဲရောက်လာချိန်ကစပြီး တယ်လီဖုန်းပိုင်ရှင်ကို အချိန်ပြည့်နီးပါးစောင့်ကြည့်နေခဲ့တယ် ဆိုတာကြုံဖူးပါသလား။ ဟုတ်ပါတယ် အွန်လိုင်းပေါ်က မသမာသူတစ်ယောက်ရဲ့ လမ်းညွှန်မှုတစ်ခု ဆွဲဆောင်မှုတစ်ခုကနေ မိန်းမတစ်ယောက်ဟာ အဲဒီ မိစ္ဆာ ဆော့ဝဲကို ဒေါင်းလိုက်မိပြီး အသုံးပြုလို့မရဘူးထင်ပြီး ပြန်မဖျတ်ခဲ့ပါဘူး။ မေ့မေ့ပျောက်ပျောက် တခြားတစ်ခုနဲ့အဆင်ပြေသွားခဲ့တာကိုပျော်လို့ နောက်ကျောကိုထောက်မယ့်ဓားဟာ ဖုန်းထဲရောက်လာပြီဆိုတာ သူတကယ်မသိခဲ့ပါဘူး။ မမြင်ရတဲ့နေရာက အလုပ်လုပ်နေတဲ့မိစ္ဆာဆော့ဝဲကို ဘယ်သူကထိန်းချုပ်ထားသလဲဆို အန်လိုင်းပေါ်ကကောက်ကျစ် တတ်တဲ့ ဝံပုလွေတစ်ကောင်ကထိန်းချုပ်ထားတယ်။ ထိန်းချုပ်ဖို့ကတော့ လွယ်ပါတယ်။ အင်တာနက်ကွန်နက်ရှင်ကိုလည်း အချိန်ပြည့်မလိုအပ်ပါဘူး။ ဝံပုလွေရဲ့ ဆော့ဝဲဟာ ဖုန်းထဲဝင်ရောက်လာပြီးချိန်ကစလို့ ဖုန်းပိုင်ရှင်ကို သူတို့ခေါ်နေကြတဲ့ ရှေ့ဘက်ကဆယ်လ်ဖီ ကင်မရာကဆင့် အချိန်ပြည့်မှတ်တမ်းတင်နေပါတော့တယ်။ တယ်လီဖုန်းပိုင်ရှင် အင်တာနက်အသုံးပြုနေတဲ့အချိန်မှာတော့ ဝံပုလွေဟာ ဖုန်းထဲက ဗွီဒီယိုတွေကို နည်းပညာအကူအညီနဲ့ ရယူနိုင်သွားခဲ့ပါပြီ။ နည်းပညာက နိုင်ငံခြားရုပ်ရှင်တွေထဲကလို စိတ်ကူးယဉ်ဆန်တယ်လို့ထင်ရပေမယ့် ဒါဟာ လွယ်လွယ်လေးပါပဲ။ စီစီတီဗွီကင်မရာ မှတ် တမ်းကို အင်တာနက်ကွန်နက်ရှင်နဲ့လှမ်းယူကြည့်သလိုမျိုးပါပဲ။ အင်မတန်လွယ်ကူပါတယ်။ အဲဒီအဖြစ်အပျက်မျိုးဖြစ်ဖို့ ဖုန်းထဲကိုဆော့ဝဲရောက်ရှိသွားဖို့ရယ် ဆော့ဝဲရောက်ရှိသွားတာကို တောင် မသိတဲ့ အူတူတူ မိန်းမတစ်ယောက်ရယ်ပဲ လိုပါတယ်။ မဖြစ်နိုင်ဘူးလို့ ထင်စရာမလိုပါဘူး။ ဖြစ်သွားခဲ့ပြီးပါပြီ။ ကြယ်တွေကြွေကျသွားခဲ့ပြီးပါပြီ။ ပြန်လင်းလက်ဖို့ဆိုတာက ကောင်း ကင်တစ်ခုလို ကြယ်တွေအများကြီးကို ဘယ်သူမှ တစ်ယောက်တည်း ပိုင်ဆိုင်နေကြရတာမဟုတ်လို့ မလွယ်ကူတော့ ပါဘူး။

ဒဏ်ရာဟာ အဲဒီလောက်တောင်နက်ခဲ့သလား သူမသိတော့ပါဘူး။ တစ်နေ့မှာတော့ ဝံပုလွေကိုသူ ခြေရာခံရှာတွေ့ခဲ့ပါတယ်။ လူတစ်ယောက်ယာ သွေးအေးနေတဲ့အချိန်ကသွေးခဲနေတဲ့လျောက် ပျော်ကျလာတဲ့အခါ ပွက်ပွက်ဆူလာတဲ့ သွေးဒဏ်ကိုမခံနိုင် ပေါက်ကွဲမိတတ်ကြတာပဲ။ ငယ်ထိပ်အထိတိုးလာတဲ့ သွေးနဲ့ ရင်းလာတဲ့အနာ၊ ဒဏ်ရာဟာ နက်သည်ထက် နက်လာ ဘဝအဓိပ္ပာယ်မှာလည်း သွေးကြောင့်စွန်းထင်းခဲ့ဖူးတာမရှိ သွေးကြောင် ထိတ်လန့်အံ့သြပြနေမှာလည်းမဟုတ်လို့ တဒင်္ဂ အဆုံးအဖြတ်ဆိုတာ ဥပဒေပြင်ပမှာ အတည်ဖြစ်သွားပြီးခဲ့ပါပြီ။ အချိန်ယူ စဉ်းစားနေဖို့ အခြေအနေမပေးပါဘူး။ မိုးကြိုးဆိုတာ အော်သံပေးပြီးတာနဲ့ တပြိုင်နက် ပစ်ချလိုက်တတ်တာပါပဲ။ အဲနေ့က ဘယ်နှစ်ကြိမ်ပစ်မှန်းမသိတဲ့ မိုးကြိုးခြိမ်းသတွေ ခင်ဗျားတို့ကြားမိသေးရဲ့မဟုတ်လား။

(၆)
ညနက်လာလေ အမှောင်ကမ္ဘာပိုထင်ရှားလာနေ မှန်မီးအိမ်ဟာ တဖြေးဖြေး မှုန်ဝါးသွားတာနဲ့အမျှ အမှောင်ထဲကလူက တဖြေးဖြေး အမြင်စူးရှလာတယ်။ ပြတင်းပေါက် အပြင်က အရာတွေ ပြတ်ပြတ်သားသား ပိုမြင်လာရတယ်။ အိမ်ခြံစည်းရိုး ငုတ်တိုင်အောက်က အဟကလေးကို တီကောင်တစ်ကောင်ဖက်တွယ်နေပုံကအစ ခပ်ဝေးဝေးက ကြယ်တွေကြွေကျနေတုန်းပါပဲဆိုတာလည်း သတိထားမိတယ်။ လေတိုက်နေပုံရသလား လေတိုးသံကို ကြားနေရသလားမသိပဲ မျက်နှာမူရာဘက်က တွေးတောနေတဲ့အကြောင်းအရာတွေ ပါးပြင်ကို ဖျင်းခနဲ လာလာရိုက်တယ်လို့သာ ထင်ယောင်ထင်မှားဖြစ်နေ အခုအချိန်မှတော့ အိပ်ယာပေါ်ပြန်လှဲပြီးမျက်လုံးမှိတ်လိုက်ဖို့ဆိုတာ ဆန္ဒမရှိတော့ဘူး။

ခန္ဓာကိုယ်ပေါ်က သွေးတွေ တစ်စက်စက်စီးကျနေသံကိုတောင်ကြားရတဲ့အထိ တွေးယူနေလိုက်တယ်။ လက်ထဲက ပြတင်း ပေါက်တံခါးဘောင်ပဲ့ထွက်လာပြီ ထင်ရတဲ့အထိ လက်ကိုဆုတ်ထားမိတယ်။ သူ့သွားတွေ ကျွတ်ထွက်လာတယ်။ ညှီစို့စို့အနံ့ကို ဘေးပတ်ဝန်းကျင်က ရနေ အမှောင်ဘက်ခြမ်းက မီးခိုးလွင့်နေတဲ့ မြင်ကွင်း ပိတ်ဆီးကျလာတယ်။ အဲဒီဆီးကာ ထားတဲ့ မီးခိုးတန်းအလယ်က အလောင်းနှစ်လောင်း နောက်ပြီး ပိတ်ဖြူစနဲ့ အုပ်ထားတာတောင် သွေးတွေ စိမ့်နေသေးတဲ့ အလောင်းတစ်လောင်း။ ဟား…နားထင်တွေ ထူပူနေသလို ခေါင်းထဲ အငွေ့ထွက်လာသလို။

သတင်းစာမှာ ပါလာတဲ့နေ့က သူအပြင်မထွက်တဲ့နေ့။ အပြင်မထွက်ဖြစ်ဘူးဆိုပေမယ့် ရောက်နေတဲ့နေရာက ရနေတဲ့ သတင်းအတိအကျနဲ့ သူထိုင်စောင့်နေသလို မလှုပ်ရှားချင်တော့လောက်အောင်စိတ်ဓာတ်ကပြုတ်ကျနေတာ။ ဆက်ဖြစ်လာတော့မယ့် အကြောင်းအရာတွေကိုလည်း ကြိုသိနေသလို စိတ်က တည်ငြိမ်နေတော့တာ။ ပြောခဲ့ဖူးသလိုပါပဲ။  ပြာမကြွေတဲ့ စီးကရက်နဲ့ အိမ်မီးလောင်တာတောင် တည်ငြိမ်နေတတ်တဲ့လူဖြစ်ပေမယ့် သံယောဇဉ် ချစ်ခြင်းမေတ္တာနဲ့ပတ် သက်လာရင် လူဟာ တည်ငြိမ်မှုဆိုတာပျောက်သွား တရားလက်ကိုင်မထားနိုင်တော့တဲအခါ လှုပ်ရှားနေတဲ့စိတ်နောက် ကိုယ်လိုက်ပါသွားတဲ့အဖြစ်။ ပြိုင်ပွဲမှာ အမှတ်စဉ်ရေတွက်နေသလိုပဲ တစ်စက္ကန့်ကလေးမှ စောင့်ဆိုင်မနေနိုင်တော့သလို မှောက်လဲနေတဲ့ ပြိုင်ဘက်ကို သရော်နေတဲ့ အောင်ပွဲခံ အခမ်းအနား။ သွေးကွက်နေတဲ့ ရင်ဘက်က အင်္ကျီမှာ အသဲပုံမြှားစိုက်နေတဲ့ ပေါ့ထရိတ်။

(၇)
အမှောင်ဆိုတဲ့အဓိပ္ပာယ်ကို အနက်ရောင်အတိုင်းသာ နစ်ဝင်နေအောင် သုံးစွဲမိ။ အချိန်ကြာလာတာနဲ့အမျှ အမှောင်ကို သူနေသားကျလာတယ်။ ပိုပြီး မှောင်မဲနေတဲ့နေရာ အနက်ထဲ ကြောင်မျက်လုံးရွဲ တောက်ပနေသလိုမဟုတ်ပဲ မဲမှောင်နေပါ တယ်ဆိုမှတော့ ပိုပြီးသာ နက်မှောင် အနက်ရောင်ကိုချည်း အထပ်ထပ် ရေးဆွဲသူရှေ့ကို တွေးလည်းမတွေးချင်တော့ပါဘူး။ ရှေ့မျက်နှာချင်းဆိုင်ကိုလည်း မကြည့်ချင်တော့သလို နံရံက အက်ကြောင်းရာကြီးကိုလည်း မမြင်ချင်တော့ဘူး။ ဒီထက်လည်း ပိုပြီးမှောင်တော့မှာမဟုတ်ပဲ နောက်တစ်နေ့ရောင်နီလာတဲ့အခါ နေ့အသစ်ကို ပုံစံတစ်မျိုးနဲ့ ဖြတ်သန်းနေရမှာကိုလည်းကြောက်နေမိပြန်တယ်။ တင်ထားတဲ့ကြားကပဲ အလင်းရောင်မလာခင်စပ်ကြား အမှောင်ဆုံး အချိန်များသာ အချိန်ကြာကြာဆွဲ ထားချင် ရပ်ထားချင်နေတဲ့ နေရာကတင် ရှေ့ကိုလည်းမတိုး နောက်ပြန်လှည့်ကြည့်ရမှာလည်း ဘယ်လိုမှ မသတီနိုင်တော့တဲ့ အခါ အခုဖြစ်နေတဲ့အကြောင်းအရာ ပြိုနေတဲ့စိတ်နဲ့သာ ဘယ်မှဆက်မဖြစ်တော့ရင်ပြီးရော သူ အလျင်အမြန် ဆုံးဖြတ်ချလိုက် ရတော့တယ်။

အမှောင်မှာ လက်သွားတဲ့ ဓားဟာ သူ့လည်ပင်းကို အချက်ပေါင်းများစွာ မေးခွန်းပေါင်းများစွာ  အကြောင်းအရာများစွာ။

နိုလိုင်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments