စိုးခိုင်ညိန်း ● ပန်းတို့သည် ပွင့်မြဲပွင့်လျှက် ကြွေမြဲ ကြွေလျှက်

October 29, 2018
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

● ပန်းတို့သည် ပွင့်မြဲပွင့်လျှက် ကြွေမြဲ ကြွေလျှက်
(မိုးမခ) အောက်တိုဘာ ၂၉၊ ၂၀၁၈


(၁)
လရောင်၏ တရွေ့ရွေ့ တွားသွားနေသည့်အသံကိုပင် ကြားနေရသည်။ ဆံနွယ်လေးတွေရဲ့အကြားကို လေက တိုးဝှေ့နေ သည်။ တဖြည်းဖြည်းပွင့်ချပ်တွေ ရုန်းထနေပြီး ပွင့်အာလာတဲ့ ဇီဇဝါပန်းလေးရဲ့ရနံ့ကို ဦးဦးဖျားဖျား ရှူရှိုက်မိမယ်အထင်နှင့် နမ်းလိုက်မိသည်။ ကျွန်တော် နောက်ကျသွားပါသည်။ ပွင့်ချပ်၏အလွှာထဲတွင် သူမ၏ ကိုယ်သင်းနံ့တို့သည်သာလျှင် ဦးစွာ ရောက်ရှိနေတော့၏။ ကျွန်တော်သည် ထွက်သက်ဝင်သက်ကို အညင်သာဆုံး ရှူရှိုက်နေမိသည်။ အိပ်စက်နေကြတဲ့ ကုက္ကို ရွက်လေးတွေ ကျွန်တော့်ကြောင့် နိုးသွားမှာ စိုးရိမ်နေမိသေး၏။ “ကိုယ့်ကို တခုခုပြောပါဦးလားကွယ်၊ ဟင့်အင်း ကျွန်မမှာ ဘာမှ ပြောစရာမရှိတော့ပါဘူး” တဖြည်းဖြည်း ပွင့်ဖို့ရှက်နေတဲ့ နှင်းဆီဖူးလေးပေါ်သို့ တိမ်တစသည် လရောင်ကို ဖုံးကွယ်ပေး လိုက်သည်။ “တကယ်ပဲ ဘာမှကို ပြောစရာမရှိတော့တာလားဟင်၊  ဘာကိုပြောရဦးမှာလဲရှင်ရယ်၊ ကျွန်မတို့ခွဲခွာရတော့မယ်ဆိုတာလည်း ရှင်သိနေတာပဲ၊ အေးပါကွယ် ကိုယ်သိပါတယ် ဘယ်လိုပဲဖြစ်နေနေ ကိုယ်တို့ဘယ်လောက်ဝေးဝေး ကိုယ် မင်းကို သတိရလွမ်းဆွတ်နေလို့ရနေတာပဲဟာ ကိုယ်ကျေနပ်ပါတယ်” လေထဲတွင် လွင့်ဝဲစွာ ကြွေကျလာသော ဧကရစ် ပန်းလေးကို သူမက ဆီးကြိုဖမ်းဆုတ်လိုက်ပြီး တပွင့်နှင့်တပွင့် ရိုးတံတို့ဖြင့် ကျစ်ဆံမြီးကျစ်သလို တွဲစပ်သီးကုံးနေသည်။ “ဒီလိုအချိန်မှာ ကမ္ဘာရဲ့တဖက်ခြမ်းမှာတော့ နေရောင်ခြည်တွေ ဖြာကျနေမှာပေါ့နော်”

သူမသည် ကျွန်တော့်ကို ငေးရီစွာ လှမ်းကြည့်သည်။ ကျွန်တော်သည် ကောင်းကင်ကို မော့ကြည့်နေမိသည်။ “ဘယ်အချိန် ဘယ်နေရာမှာပဲဖြစ်ဖြစ် ဒီကောင်းကင် အမိုးကြီးကို ရှင်နဲ့ ကျွန်မ မော့ကြည့်လို့ရတာပဲ နောက်အတူတူ တချိန်တည်းလည်း မော့ကြည့်လို့ ရတာပဲရှင်”  သစ်ရွက်တို့၏ လေတဖျပ်ဖျပ် အခတ်တွင် ယစ်မူးဖွယ် ခေါင်းလျှော်ရည်နံ့က လေထုထဲ ပြေးဝင် သွားသည်။ “ဘဝတခုကို ပိုင်ဆိုင်ရတယ်ဆိုတာ ဘယ်လောက်ထိ ယုံကြည်စိတ်ချလို့ရနိုင်လဲဟင်။ ဟင့်အင်း ကျွန်တော် မပြောတတ်ပါဘူး။ ကျွန်တော်က ကိုယ့်အနီးမှာ ပွင့်နေတဲ့ ပန်းလေးတပွင့်ရဲ့ အလှတရားက ကျွန်တော်နဲ့ပတ်သက် နေတယ် ဆက်စပ် နေတယ် ဆိုတဲ့စိတ်နဲ့ပဲ ကျွန်တော်က ကြည်နူးနေမိတာပါ။ ကျွန်မလေ ကိုယ့်ဟာကိုယ် သိပ်စိတ်ပျက်မိတယ် သိလား၊ ကျွန်မသိပါတယ် ကျွန်မက အရုပ်တရုပ်ပဲဆိုတာ” လရောင်သည် သူမ၏ ပါးပြင်ပေါ်သို့ စောင်းကျနေသည်။ လေ အလှုပ်တွင် ဆံနွယ်တို့သည် တလက်လက်ထနေ၏။ “ဘာပဲဖြစ်ဖြစ်ကွယ် လေထုထဲက မင်းရဲ့ကိုယ်သင်းနံ့ကိုတော့ ကိုယ် ပိုင်ဆိုင်ခွင့် ရှိပါတယ်။ ဒီအခွင့်အရေးကိုတော့ ကိုယ့်ကိုပေးပါကွယ်” ဧကရစ်ပန်းပွင့်တို့သည် ဆက်တိုက်ကြွေကျနေ သည်။ သူမသည်လည်း မြေမကျအောင် ဖမ်းဆီးလျက် သီးကုံးနေဆဲ၊ တချို့အပွင့်တွေကို သူမလက်လွတ်လိုက် ရတတ်သည်။ သူမ၏ ဦးခေါင်းအပေါ်နှင့် ရင်ခွင်ထဲသို့ပင် ပွင့်ကြွေ တို့သည်လည်းလျောင်းနေ၏။ “အိပ်မက်တခု မက်ဖို့ဆိုရင်တော့ အရင် ဆုံး အိပ်ပျော်နေဖို့တော့ လိုအပ်တာပေါ့ရှင်။ ဟုတ်တာပေါ့ကွယ်၊ ကိုယ်တို့တွေ ဘယ်အခြေနေရောက်ရောက် မြစ်ရေတွေက စီးဆင်းနေမှာပဲ၊ လကလည်း သာနေဦးမှာပဲ၊ ပန်းတွေကလည်း ပွင့်မြဲပွင့်နေမှာပဲ၊ လေညှင်းလေးကလည်း တိုက်မြဲတိုက်နေ မှာပဲ။ ဘာလိုသေးလဲ အချစ်ရယ် ကိုယ်တို့ လွမ်းနေကြရုံပဲပေါ့” ဝါဖျော့ဖျော့ တိမ်လွှာတို့သည် တရွေ့ရွေ့ ခရီးနှင်နေကြသည်။ လရောင်၏ အေးမြမှုသည် နှစ်ဦးသားအပေါ်သို့ တွားတက်လာသည်။ သူမသည် ကျွန်တော့်ရင်ခွင်ထဲသို့ မှီနွဲ့လာသည်။ “နားထောင်ကြည့်စမ်းပါဦး ရှင်ရယ်၊ ဘာသံကြားလဲဟင်”၊ ကျွန်တော်သည် အာရုံအားလုံးကို စုစည်းလျှက် နားစိုက်ထောင် ကြည့်လိုက်သည်။ မည်သည့်အသံကိုမျှ ကျွန်တော်မကြားရ။ အရာအားလုံးသည် တိတ်ဆိတ်ငြိမ်သက်လျှက် ရှိသည်။ တိတ် ဆိတ်ခြင်းသည် ဆူညံပေါက်ကွဲဖို့ တာဆူနေခဲ့သည်ဆိုတာ နောက်တော့ ကျွန်တော်သဘောပေါက်လာပါသည်။

(၂)
အပြင်ဘက်မှာ မိုးတွေ ရွာနေသည်။ ခေါင်းက တဆစ်ဆစ်ကိုက်နေသည်။ ဒီကြားထဲမှ ကျွန်တော်သည် သတိတရ လွမ်းဆွတ်နေပြန်သေးသည်။ ကျွန်တော် ခေါင်းကိုက်နေသလို သူမ ခေါင်းကိုက်နေမှာကို စိုးရိမ်နေပြန်သည်။ တကယ်ဆိုလျှင် ကျွန်တော်ခံစားနေရတာကို သူမသိလျှင် ဝမ်းသာပျော်ရွှင်နေမည်သာ ဖြစ်သည်။ ဟို အရင်ကတော့ ဖျားတာနာတာ မဆိုထားနဲ့ အသားအရေးကိုတောင် ဂရုစိုက်ဖို့ အထပ်ထပ်မှာကာ လက်တွေခြေထောက်တွေ လိမ်းဖို့ သံလွင်ဆီ တပုလင်း ဝယ်ပေးဘူးသည်။ အသားမပတ်အောင် အသားအရေစိုပြေနေဖို့တဲ့။ မကြာခဏ ဖုန်းဆက်ကာ များများလိမ်းဖို့ သတိပေးဘူးသည်။ အခုချိန်ထိ သံလွင်ဆီက မကုန်သေး၊ မလိမ်းဖြစ်တော့။ အခုလို ခေါင်းကိုက်နေတဲ့ အကြောင်း ပြောပြလိုက်လျှင် ဆေးမသောက်ဘူးလား၊ ဟိုဆေးသောက် ဒီဆေးသောက်နဲ့ ညွှန်ကြားနေတတ်ကာ အဆုံးမတော့ ဥုံဖွ ပျောက်စေ ဆိုပြီး မန်းမှုတ်နေတတ်သေးသည်။ အဲဒီတုန်းက ငါ ဖျားရင် ကောင်းမှာပဲလို့ စိတ်ကူးမိပေမဲ့ မဖျားခဲ့၊ သူမရဲ့ အမန်းအမှုတ်မှာ သက်သာ ပျောက်ကင်းခဲ့ရသည်။ အခုတော့ ဖျားမှာ ကြောက်သည် မဖျားရဲတော့။ မဖျားချင်ပါဘူးဆိုမှ ဖျားတော့မည် ထင်သည်။ သူမလက်ကောက်ဝတ် က သွေးခုန်နှုံးကို စမ်းကြည့်ဘူးသည်။ ကိုယ့်ရင်ခုန်သံသာလျှင် ပြန်လည် ရှာတွေ့ခဲ့၏။ မစဉ်းစားချင်တော့ဘူး။ စိတ်နာသင့်ပြီ။ မေ့ပစ်ရတော့မည်။ သူမဟာ အကြင်နာတရား မရှိသူတယောက်၊ ဘာကိုလွမ်းဆွတ်တမ်းတနေရမှာလဲ။  ကိုယ့်ဟာကိုယ် အားတင်းသည်။ စိတ်ပြေလက်ပျောက် တံမြက်ထလှဲလိုက်သည်။ အလွမ်းတွေ စုပုံလိုက် သလို ဖြစ်သွား၏။ စီးကရက်ကို ဖွာရှိုက်မိတော့ ဆေးလိပ်တွေ မသောက်နဲ့တဲ့ သတိရခြင်းသည်သာလျှင် တလူလူ တက်သွားတော့၏။ ခက်တာပဲကွယ်။ ဆံပင်ထဲ လက်ထိုးဖွလိုက်တော့ ဆံပင်တွေ ရှည်နေပြီ မညှပ်သေးဘူးလား၊ ညှပ်တော့၊ ရှင့်သူငယ်တွေအကုန်လုံး ဆံပင်တွေက ညှင်သိုးသိုးနဲ့ ကြည့်လို့ကိုမရဘူးတဲ့။ ကျွန်တော်သည် သက်ပြင်းကိုသာ ချမိတော့သည်။ ခန္ဓာကိုယ်က တဖြေးဖြေး ပူလာသည်။ ဖျားလိုက်ရင် အားလုံးကို မေ့သွားမှာလား၊ ဥုံဖွ ပျောက်စေတဲ့။ ဒီတခါတော့ အမှုံအမွှား အဖြစ်ဖြင့်သာလျှင် ပျောက်ကွယ် သွားချင်တော့၏။။

(၃)
တကယ်ဆို ကျွန်တော်သည် ပျော်ပျော်နေသင့်သည်ဟု ထင်သည်။ ကျွန်တော့်မှာ ပျော်မယ်ဆို ပျော်စရာတွေ အကြောင်းတွေအများကြီး ရှိပါသည်။ မနက်လင်းတာနဲ့ အိမ်ရှေ့က သစ်ပင်ပေါ်က ငှက်ကလေးတွေရဲ့ အော်မြည်သံကို ကော်ဖီလေး တခွက်နဲ့ ငေးရီနားထောင်လို့ ရနိုင်သည်။ သစ်ရွက်လေးရဲ့ အစွန်အဖျားပေါ်က မိုးရေစက်လေးကို ဘယ်တော့များ ပြုတ်ကျမလဲလို့ အသည်း တယားယား စောင့်ကြည့်ပြီး ရင်ခုန်လို့ ရပါသည်။ ခြံထဲက တဖြေးဖြေးချင်း ပွင့်လာတဲ့ ဇကာဝါပန်းလေးရဲ့ အလှတရားကိုလည်း ကျွန်တော့်မှာ ဘာမနာလိုစရာမှ ဖြစ်စရာ အကြောင်းမရှိပါ။ လေထဲမှာ လွင့်ပျံ့နေတဲ့ ပန်းပွင့်လေးရဲ့ ရနံ့ကိုလည်း ကျွန်တော် အပူအပင်မရှိ လွတ်လွတ်လပ်လပ် ရှူရှိုက်ခွင့် ရှိနေတာပဲ ဖြစ်သည်။ နှင်းဆီပန်းလေး တပွင့် ခူးဆွတ်တဲ့ အခါ ကျွန်တော့်လက်ထဲ ရောက်မှ ဆူးက ထိုးထွက်လာတာ မဟုတ်ဘူးဆိုတာ နားလည်းထားပါသည်။ အားလုံးအပေါ် ဖြာကျနေတဲ့ လရောင်ရဲ့ အေးမြမှု အရသာကိုလည်း အားလုံးနဲ့ထပ်တူ ကျွန်တော်ခံစားနိုင်ပါသည်။ ကျွန်တော်ဖြစ်ချင် တာတွေ အားလုံး အဟန့်အတား မရှိ စိတ်ကူးယဉ်လို့လည်း ဘယ်သူကမှ ကျွန်တော့်ကို အပြစ်မတင်ပါဘူး။ ကျွန်တော့်မှာ ဘာအချုပ်အချယ်မှ မရှိပါဘူး၊ ကောင်းကင်ပေါ်က တိမ်တွေလို လွတ်လပ်ပေါ့ပါး ကြိုက်ရာ ပျံသန်းနိုင်ပါသည်။ ညနေခင်းထဲ လေနဲ့အတူ ပိတောက်ရွက်လေးတွေနဲ့အတူ လိုက်ကြွေချင်ကြွေ၊ ကုက္ကိုရွက်လေးတွေနဲ့ အတူ လိုက်အိပ်ချင်အိပ်၊ အိပ်မက်ထဲ ကမ္ဘာ တခု တည်ဆောက်ချင်ဆောက်၊ ညရဲ့ အလျားကို ဆွဲဆန့်ချင်ဆန့်၊ အချိန်တန်တော့လည်း နေရောင်ခြည်ဟာ တပြေးညီ ဖြာကျလာတာပဲ မဟုတ်လား။ ကျွန်တော့်မှာ ဒုက္ခသည်စခန်းတွေက ကလေးတွေရဲ့ ဘဝကို စာနာထောက်ထား ကရုဏာ သက်ရတာကလွဲရင် ကမ္ဘာကြီးရဲ့ အလှတရား အားလုံးက ကျွန်တော်နဲ့ သက်ဆိုင်လို့ ခံစားလို့ရပါသည်။ ပျင်းတဲ့အခါ အလုပ်မရှိ အလုပ်ရှာ ညအခါ ကောင်းကင်က ကြယ်တွေကို ရေတွက်ပြီး ကန်ထဲက လကိုလည်း ထိုင်မျှားနေလို့ ရပါသေးသည်။ လွမ်းတဲ့ အခါ ကဗျာတွေ တပုဒ်ပြီး ရေးစပ်ပြီး အလွမ်းဖြေလို့ ရနိုင်ပါသည်။ ဘာလိုသေးလဲ ကျွန်တော့်မှာ ဘာအပူအပင် ကြောင့်ကျမှုမှ မရှိလို့ ပျော်ရွှင်နေသင့်တာပေါ့၊ ဒါပေမဲ့ ကျွန်တော် မပျော်ရွှင်ရပါဘူး သူကမှ ကျွန်တော့်ကို မချစ်တော့တာ။။

(၄)
မိုးက ဖွဲဖွဲကျနေသည်။ ကျွန်တော်သည် ပလက်ဖောင်းပေါ်မှာ ငေးရီစွာ လျှောက်လှမ်းနေသည်။ လမ်းမပေါ်တွင် ကားတွေသည် တဝေါဝေါ ဖြတ်သန်း သွားနေကြ၏။ ကျွန်တော်သည် လူကူး ကုန်းတံတားပေါ်ကို တဖြေးဖြေး တက်ခဲ့ပြီး လမ်းတဖက်သို့ ကူးလိုက်သည်။ ပလက်ဖောင်းပေါ်တွင် လူတွေ ကြိတ်ကြိတ်တိုးနေသည်။ ကျွန်တော်သည် လမ်းသွယ်လေးထဲသို့ ချိုးဝင်လိုက်သည်။ အရောင်အသွေး စုံလင်လှသော မြို့ပြ၏ သမီးပျိုတို့သည် ထိုလမ်းသွယ်လေးထဲ သို့ ရေစီးကြောင်းသဖွယ် စီးဝင်နေကြသည်။ လမ်းရဲ့ တဖက်တချက်စီမှာ ဆိုင်ပေါင်း မြောက်များစွာ အသုပ်ဆိုင်၊ ဒုတ်ထိုးဆိုင်၊ ဖက်ရှင်အဝတ်အထည်ဆိုင်၊ အလှပြင်ဆိုင် စသည်တို့သည် လူတို့ဖြင့် စည်းကားနေသည်။ တချို့က လက်ချင်းတွဲလျှက်၊ တချို့က လက်ချင်းချိတ်လျှက်၊ အစုံအစုံ၊ တချို့က တကိုယ်တည်း၊ တချို့က အစုအဖွဲ့နဲ့ လတ်ဆတ် တက်ကြွလို့ နေကြသည်။ အရောင်အသွေးစုံစွာ ပြုံးလို့ ပျော်လို့၊ ကျွန်တော်ကတော့ တရောင်တည်း တယောက်တည်း၊ ဒီလူစီးကြောင်းထဲ ပျော်ဝင်လို့ မရ၊ တသီးတခြား ပေါလောပေါ်နေတဲ့ အဖြစ်ပါလားဟု ထင်နေသည်။ “ကြက်သွန်ဖြူ မထည့်နဲ့နော်” အသံသည် ဘေးဘက်က အသုပ်ဆိုင်ဆီမှ ကြားလိုက်ရသည်။ ကျွန်တော်သည် ရုတ်တရက် လျှောက်နေရာမှ ရပ်တန့်လိုက်မိမလို ဖြစ်သွားသေး၏။ ရင်တဒိန်းဒိန်း ခုန်စွာ လှည့်ကြည့်လိုက်မိသည်။ သူမများလား၊ လမ်းဖက်ကို ကျောပေးလျှက် ထိုင်နေသော သူမသည် ရှေ့မှ အသုပ်ကိုပဲ ငုံ့ကာ စားနေသည်။ ဆံနွယ်တို့သည် ကျောလယ်ကနေ ဘေးဆီသို့ ဝဲကျနေသည်။ မျက်နှာကို မမြင်ရ၊ သူမဘေးမှာ အမျိုးသားတယောက်ပါသလား ကြည့်မိသေးသည်၊ မပါ၊ ပုံစံသည် သူမနှင့် အတော်လေးဆင်သည်။ သို့သော် သူမထက်တော့ နည်းနည်းဝသည် ထင်သည်။ သူမနှင့် ကျွန်တော် မတွေ့တော့တာ အတော်ကြာပြီပဲ သူမသည် အရင်လိုပဲလား၊ ဝသလား ပိန်သလား၊ ကျွန်တော်မသိနိုင်တော့။ “ကြက်သွန်ဆိုရင် အဖြူရော၊ အနီရော အစိမ်းရော ကြော်ပြီးသားရော ဘာတခုမှ မကြိုက်ဘူး” အသံတို့သည် ကြားယောင်လာပြန်၏။ “အသုပ်ထဲမှာတော့ မြင်းခွါရွက်သုပ်နဲ့ ခရမ်းချဉ်သီးသုပ်တော့ ကြိုက်တယ်”  အခုတော့ ကြိုက်ခြင်း မကြိုက်ခြင်းတို့သည် ကျွန်တော်နဲ့ မဆိုင်ပါ။ မိုးဖွဲဖွဲသည် ရပ်သွားပြီ၊ ကောင်းကင်သည် ကြည်လင်လာ၏။ သူ့စိတ်ထဲတွင်သာ အုံ့မှိုင်းညှိုးရီသွားသည်။ သူသည် စာအုပ်ဆိုင်ထဲသို့ ချိုးဝင်လိုက်သည်။ နေမျိုး ရဲ့ မင်းကိုအကြောင်းပြုပြီး အားလုံးကို သံယောဇဉ်ဖြစ်ရတယ် စာအုပ်ကို ကောက်ကိုင်လိုက်မိပြန် သည်။ သူမ ဝယ်ခိုင်းဘူးပေမဲ့ မဝယ်ပေးဖြစ်ခဲ့ နောက်တော့ စိတ်မရှည်နိုင်စွာ သူမကိုယ်တိုင် ဝယ်ယူပြီး ကျွန်တော့်အတွက်ပါ တအုပ်ဝယ်ပေးခဲ့သည်။ ဆိုင်အပြင်ဘက် လမ်းမဆီမှ ရယ်သံလွင်လွင်သည် ဆိုင်အတွင်းသို့ ဝင်ရောက်လာသည်။ ကျွန်တော်သည် လမ်းမဘက်သို့ လှမ်းကြည့်လိုက်မိသည်။ မိန်းကလေးတသိုက်သည် လက်တွန်းလှည်း အချဉ်ပေါင်းဆိုင်မှာ ဝိုင်းအုံရင်း တခစ်ခစ်နဲ့ ရယ်မော နေကြသည်။ ထိုအထဲတွင် သူမ မပါပါ။ သူတို့ ဘာကို သဘောကျနေပါလိမ့်။ ကျွန်တော်သည် သူတို့၏ ပျော်ရွှင်ရယ်မောသံကို ငေးရီကြည့်နေမိသည်။ သူတို့လို မရယ်မောဖြစ်တာ ကြာပြီ။ ဟို တချိန်တုန်းက သူမနှင့်အတူ ရယ်ခဲ့မိခြင်းရဲ့ အကျိုးဆက်က အခုချိန်ထိ မောလို့ မဆုံးတော့။ ရခဲ့တဲ့ ဒဏ်ရာ၏ အမာရွတ်သည် ဘယ်အချိန် ဘာနဲ့ ထိမိထိမိ ယားယံကာ အရသာခံ ကုတ်ခြစ်နေမိပြန်သေးသည်။

(၅)
ဒီလိုမျိုး နေရာကို သူနဲ့ အရင်တခါတုန်းက လာခဲ့ဘူးတာကို သတိထားခဲ့မိဖို့ ကောင်း သည်။ ဒီနေ့သည် သူမရုံးပိတ်ရက်ဆိုတာလည်း သိသည်။ သူမ ဒီကိုများ လာနေမလားလို့ စိတ်ထဲမှာ ထင့်ခနဲ့ ဖြစ်လိုက်မိသေးသည်။ ဒါဟာ ကိုယ့်ရဲ့ မသိစိတ်က မျှော်လင့် နေမိတဲ့ ရူးသွပ်မှု တခုပဲလို့ ကိုယ့်ဟာကိုယ် ဆင်ခြေပေးနေမိသည်။ ချစ်တတ်သောသူသည် ပန်းပွင့်တို့၏ ရနံ့ကို နေရာအနှံ့ ရနေတတ်သည်ပဲလို့ ကျွန်တော်နားလည်ထားသည်။ ပန်းပွင့်တို့၏ ခြေသံဖွဖွကို စိတ်မှာ ကြားလာရသည်။ သူမ ရောက်လာတော့မည်ထင်ပါရဲ့။ ဒီနေရာက မြန်မြန်ပြန်မှ ဖြစ်တော့မယ်။ ထိုစဉ်မှာပင် မိုးက ဖွဲဖွဲကျလာသည်။ ကျွန်တော်သည် ဂိတ်ပေါက်ကို ထွက်လိုက်သည်။ ထိုစဉ် ရင်ထဲတွင် ဝုန်းဒိုင်း ဆန်သွားသည်။ လည်နေသော ကမ္ဘာကြီးသည် ထိုးရပ်သွားတာလား၊ ရွေ့လျှားနေသော နာရီတို့သည် ရပ်တန့်သွားတာလား ကျွန်တော်သည် တုန့်ခနဲ့ ဖြစ်သွားသည်။ ဒီတခါတော့ မမှားနိုင်တော့။ သူမ မှ သူမအစစ်၊ တယောက်တည်း မဟုတ်တော့၊ ဘေးက သူ့ကောင်ကို မော့ကာ ပြုံးကြည့်နေသည်။ ကျွန်တော်သည် ထီးကို ရုတ်တရက် ငိုက်ချလိုက်သည်။ သူမ ကျွန်တော့်ကို မြင်သွားသလား မသိပါ။ အသိစိတ်တို့သည် ဆောက်တည်ရာမဲ့ကာ လွင့်ဝဲသွားသည်။ ဒါလည်းပဲ သူမ ကျွန်တော့်ကိုထင်သလို ကျွန်တော့်ရဲ့ အထင်လွဲမှုတခုပဲ ဖြစ်မှာပါ။ မျက်မှန်အောက်မှ မျက်ဝန်းမှ ရက်စက်မှု၏ အရိပ်သည် စူးရှလက်ထနေသည်။ နာကျင်ကြေကွဲစရာကောင်းလှ၏။ ရွာနေသော မိုးသည် ပိုမိုကာ သည်းထန်လာသည်။ မိုးရေစက်တို့သည် ကတ္တရာလမ်းမပေါ်တွင် လွင့်စင်နေကြသည်။ မိုးစက်တွေ ကြားမှာ သူမ ရုပ်ပုံသည် အစိပ်စိပ်အမွှာမွှာ ဖြစ်လျှက်ရှိသည်။ နှစ်ဦးသားအကြား ပင်လယ်ကြီး ခြားသွားသလို ဖြစ်သွား၏။ မိုးရေစက်တွေထဲ လျှောက်သွားမနေနဲ့ ဖျားလိမ့်မယ်လို့ သူမအပြင် ကျွန်တော့်ကို ဘယ်သူ ပြောဘူးပါသလဲ။ ရေစီးကြောင်းထဲတွင် သစ္စာပန်း၏ ပွင့်ဖတ်အစအနတို့သည် မျောပါလာသည်။ အခုချိန်တွင် သူမ၏ ခြံလေးထဲတွင် ရွက်ကျပင်ပေါက်တို့သည် အပြိုင်းအရိုင်း ဖြစ်ထွန်းနေပါလိမ့်မည်။ မိုးရေစက်တို့သည် သစ်ရွက်တွေကို အစိမ်းလိုက် စုတ်ဖြဲ ခြွေချနေ၏။ ဒဏ်ရာဒဏ်ချက်တို့ဖြင့် လှပနေသော အနာလို့ ခေါင်းစဉ်ပေးထားတဲ့ ကဗျာတပုဒ်ကို သူမ ကျွန်တော့်ကို ရွတ်ပြခိုင်းခဲ့ဘူးသည်။ အခြားတယောက်အပေါ် တွားတက်နေသော သူမ၏ ချိုလွင်သော ရယ်သံရှရှသည် ကျွန်တော်နှင့် ဝေးသထက်ဝေး၍ ကျန်နေခဲ့လေပြီ။ ဗိုလ်ချုပ်တို့ လုပ်ကြံခံခဲ့ရသော ဝန်ကြီးများရုံး အဆောက်အဦးသည် မိုးစက်တို့အကြား၌ ရဲရဲနီလျှက်ရှိသည်ကို ကျွန်တော်သည် ငေးမော ကြည့်နေမိသည်။ အဲဒီတုန်းက အခုလို မိုးဖွဲဖွဲအောက်၌ သေနတ်သံတွေကို ကြားခဲ့ရတာ ဖြစ်ပါလိမ့်မည်။ အခု ကျွန်တော့်ရင်ထဲသို့ ပစ်ခွင်းသွားသော မိုးကြိုးပစ်သံကိုတော့ မည်သူတဦးတယောက်မျှ ကြားလိမ့် မည်မဟုတ်ပါ။ ကမ္ဘာပေါ်တွင် အဘယ်အရာတို့သည် တည်မြဲသနည်း။ အချစ်ဆိုတာ ပိုင်ဆိုင်ခြင်း မဟုတ် အတူရှိနေခြင်းသာဖြစ်သည်ဟု ပြောသော ယန်းပေါလ်ဆတ်သည်လည်း ဘယ်လောက် တည်မြဲနိုင်ခဲ့သလဲ။ အာဒံ နဲ့ ဧဝတို့လည်း မရှိတော့၊ ရိုမီယိုနဲ့ ဂျူးလီးယက်တို့လည်း မရှိတော့၊ ရှင်မွှေးလွန်းနဲ့ မင်းနန္ဒာတို့ကရော ဘယ်သူကျန်သေးသနည်း။ ကျွန်တော်တယောက်တည်း ကျန်နေခဲ့တာကိုတော့ အသေချာပင် ဖြစ်သည်။ ရပ်တန့်သွားသော ကမ္ဘာသည် ပြန်လည်၍ လည်ပတ်လာသည်။ ရပ်တန့်နေသော နာရီတို့သည်လည်း တဖြေးဖြေး ပြန်လည်၍ ရွေ့လျှား နေကြသည်။ သူသည် ရေမြောင်းထဲမှ မျောပါလာသော စက္ကူသင်္ဘောလေးပေါ်သို့ လိုက်ပါလာခဲ့ တော့သည်။ မျက်ရည်ဆိုတာကလည်း ပင်လယ်ရေလို ငန်တဲ့အရသာပဲ မဟုတ်လား။။

စိုးခိုင်ညိန်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

ဒေါက်တာခင်မောင်ဝင်း (သင်္ချာ) – သင်္ချာအတွေးအခေါ်သမိုင်း ၊ ဂိမ်းသီအိုရီနှင့် အတွေးအမြင်ဆောင်းပါးများ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)