ကိုနိုင်း ● ခေတ်ပြတင်းတံခါးပေါက်

October 30, 2018

● ခေတ်ပြတင်းတံခါးပေါက်
(တောင်ပေါ်ကျေးလက်ကျောင်းအက်ဆေးတပုဒ်)
(မိုးမခ) အောက်တိုဘာ ၃ဝ၊ ၂ဝ၁၈
အတွဲ (၆)၊ အမှတ် (၁) ဇွန်လ၊ ၂၀၀၈ ထုတ် မဂ္ဂဇင်းမှ ကူးယူဖော်ပြခြင်းဖြစ်သည်။

ကျွန်တော်အခုအချိန်မှာ အက်ဆေးအရေးအသားတွေကို စိတ်ဝင်စားနေပါတယ်။ အက်ဆေးဆိုတာကိုလည်း နှစ်သက်နေ ပါတယ်။ ဒီအက်ဆေးအရေးအသားတွေကိုဖတ်ကြည့်လိုက်တဲအခါ ခေတ်ပေါ်ကဗျာရေးသူ အများအပြား ရေးနေကြတာတွေ့ ရပါတယ်။ ခေတ်ပေါ်ကဗျာရေးသူတွေရဲ့ အက်ဆေးတွေကိုလေ့လာကြည့်ရင်၊ ရိုးရိုးစကားပြေ၊ စကားပြောအရေးအသား တွေထက် ပိုပြီးဆွဲဆောင်မှုတွေကိုတွေ့ရမှာပါ။ စကားလုံးအဖွဲ့အနွဲ့တွေ ကျစ်လစ်တာ၊ နိမိတ်ပုံဆန်ဆန်ရေးဖွဲ့နေကြတာတွေ ကိုတွေ့နိုင်ပါတယ်။ ဒီနေရာမှာ အက်ဆေးအရေးအသားတွေက ဆောင်းပါးမဟုတ်တာ တွေ့လိုက်ရသလို၊ ဝတ္ထုမဟုတ်တာ ကိုလည်း တွေ့နိုင်ပါတယ်။ နောက်တချက် ကျွန်တော်တို့ငယ်စဉ်ကရေးခဲ့ကြရတဲ့ စာစီစာကုံးရေးပုံနဲ့မတူကွဲပြားနေတာကိုလည်း တွေ့နိုင်ပါတယ်။ စာစီစာကုံးအရေးအသားတွေဟာ နိဒါန်း, စာကိုယ်, နိဂုံးဆိုတာတွေနဲ့ဘောင်ခတ်ထားပါတယ်။ ဒီနေ့ရေးနေကြတဲ့အက်ဆေးတွေမှာတော့၊ နိဒါန်း, စာကိုယ်, နိဂုံးတွေ ဘောင်မခတ်ဘဲ လွတ်လပ်စွာရေးဖွဲ့ခွင့်ကို ရယူထားပါတယ်။ အက်ဆေးတပုဒ်မှာ ခံစားမှုကို ဦးစားပေးရေးဖွဲ့နေကြပါတယ်။ ဒီခံစားမှုထဲမှာ ခေတ်ကိုနွယ်ပြီး ရေးဖွဲ့ကြတဲ့အခါ၊ စာဖတ်သူ တွေကိုပိုပြီးစိတ်ဝင်စားစေအောင်ဆွဲဆောင်မှုကိုရသွားပါတယ်။ ဆရာဇော်ဇော်အောင်ကလည်း “တကယ်တော့ အက်ဆေး ဆိုတာ စာတိုလေးပါပဲ၊ ရေးတဲ့သူကသူ့ကိုယ်ပိုင်ခံစားချက်၊ ထင်မြင်ယူဆချက်တွေကိုတင်ပြတာပါပဲ”  လို့ ပြောဖူးပါတယ်။

အခု အက်ဆေးတွေမှာ စကားပြေရေးဟန်နဲ့ စကားပြောရေးဟန်တွေနဲ့ ရေးလာကြတဲ့အခါ ပိုပြီးလွတ်လပ်လာပါတယ်။ တခု သတိထားရမှာက အက်ဆေးတပုဒ်ထဲမှာ စကားပြေအရေးအသားတွေနဲ့ စကားပြောအရေးအသားတွေ ရောနေမယ်ဆိုရင် တော့ အရသာ ပျက်သွားပါလိမ့်မယ်။ ကျွန်တော်လေ့လာကြည့်တာက ရေးသူပြောချင်တဲ့အကြောင်းအရာပေါ်မှာ မူတည်နေ ပါတယ်။ မိမိပြောချင်တဲ့အကြောင်းအရာကို ပေါ့ပေါ့ပါးပါးနဲ့ ခပ်သွက်သွက်ပြောချင်တဲ့အခါမှာတော့ စကားပြောဟန်နဲ့ရေးသား တာ ပိုကောင်းမွန်တာတွေ့ရပါတယ်။ မိမိတင်ပြလိုတဲ့အကြောင်းအရာက လေးလေးနက်နက် တွေးတောစရာဖြစ်မယ် ဆိုရင် တော့ စကားပြေအရေးအသားနဲ့ရေးတာ ပိုသင့်တော်မယ်ထင်ပါတယ်။ ဘယ်လိုဟန်နဲ့ရေးရေး လွတ်လပ်တဲ့ အတွေး အခေါ် တွေ၊ လွတ်လပ်တဲ့အရေးအသားတွေက ရသမြောက်နေကြပါတယ်။

ခေတ်အကြောင်းကိုလည်း ထင်ဟပ်နိုင်ပါတယ်။  ပေါ့ပေါ့ပါးပါး အတွေးလေးတွေရေးတတ်ရင်လည်း အက်ဆေးဖြစ်တာပါပဲ။ တွေးစရာတော့အမြဲပါနေတတ်ပါတယ်။ စာရေးတတ်ပေမယ့် အတွေးမပါရင်တော့ အက်ဆေးလို့ပြောလို့မရနိုင်ပါဘူး။

ဒီရက်တွေမှာ ကျွန်တော်ဖတ်မိတဲ့ ဒေးလီးအလဲဗင်းနေ့စဉ်သတင်းစာထဲက အက်ဆေးတပုဒ်ကို ခံစားမိတာပြန်မျှဝေ ချင်ပါ တယ်။ တောင်ပေါ်ကျေးလက်စာသင်ကျောင်းလေးကို ခံစားရေးဖွဲ့ထားတဲ့ အက်ဆေးလေးပါ။ အဲဒီအက်ဆေးက Daily ELEVEN နေ့စဉ်သတင်းစာထဲမှာပါတဲ့ (ဖြူသင်းလှိုင်) ရဲ့ “ချစ်သောဟိုခို” ဆိုတဲ့ အက်ဆေးတပုဒ်ပါ။ ဒီအက်ဆေးလေးက ကျေးလက်ဒေသနဲ့ တောင်ပေါ်ဒေသကျောင်းလေးကို အခြေခံထားပြီး၊ ကျောင်းဆရာမလေးရဲ့ခံစားမှုနဲ့ ခေတ်ကိုပါအောင် ဆွဲယူပြီး ရေးဖွဲ့ထားတာပါ။ ဆရာမဖြူသင်းလှိုင်ကတော့ သူမရဲ့ခံစားမှုကို တောင်ပေါ်ဒေသမှာရှိတဲ့ ကျောင်းကလေးနဲ့ ပတ် ဝန်းကျင်မြင်ကွင်းကို လှလှပပလေးရေးဖွဲ့ပြီး ဖွင့်လိုက်ပါတယ်။

“ပြီးခဲ့တဲ့စညသင်နှစ်ရောပဲ၊ စာသင်ကျောင်းရှိရာပြန်လာခဲ့တဲ့ကျွန်မကို ဒေသရာသီဥတုက  အေးစက်အုံ့ဆိုင်းလို့ကြိုဆိုခဲ့ တယ်။ ကျွန်မစိတ်ထင်တော့ ဇွန်လဆန်းပိုင်းဆိုတာ မိုးတွေမကြာခဏရွာဖို့ ချမ်းစိမ့်စိမ့်နိုင်ဖို့ အချိန်စောသေးတယ်မဟုတ် လား။ ကျောင်းကိုရောက်စနှစ်တုန်းကတော့ ကျွန်မက တောင်တန်းတွေဆီကနေ သည်းကြီး မည်းကြီး ပြိုကျလာတဲ့မိုးကို မှန်ပြတင်းအနားမှာရပ်ပြီး တမေ့တမော ငေးကြည့်တတ်ခဲ့တာ မှတ်မိနေတယ်။ အခုထိလည်း ငေးရတဲ့မြင်ကွင်းပါပဲ။ စိတ် တွေလွင့်ပါးသွားရလောက်အောင် လှတယ်။ ဖြားယောင်းနိုင်တယ်။ အဆင့်ဆင့်ထပ်ပြီး ကျောင်းရှိရာရွာကလေးကို ဝိုင်း ပတ်ထားတဲ့တောင်တွေဟာ သည်းလာတဲ့မိုးပေါက်တွေနဲ့ တောင်ခိုးဖြူဖြူတွေကြား တစစပျောက်ကွယ်သွားပုံက သီးခြား ဆန်မှုကိုပိုပြီး သိသာစေတဲ့မြင်ကွင်းမျိုး”

ဒီအဖွင့်ရေးဖွဲ့ထားတာကိုက လူအများနဲ့ဝေးရာဒေသလေးကို သီးခြားဆန်တဲ့မြင်ကွင်းလေးအဖြစ် မြင်သာအောင်ရေးဖွဲ့ပြ ထားပါတယ်။ တောင်ပေါ်ဒေသရောက်ဖူးသူတိုင်းစိတ်ထဲကနေလှမ်းမြင်ကြည့်လိုက်နိုင်သလို တောင်ပေါ်ဒေသကိုမရောက်ဖူးသူတွေကိုတော့ အတွေးနဲ့တွေးပြီး မှန်းဆနိုင်ပါတယ်။ ဒီထက်လှအောင် လွမ်းမောဖွယ်ဖြစ်အောင် ရေးဖွဲ့ပြနိုင်ပါသေးတယ်။ စာရေးသူတွေအတွက် ဒီနေရာမှာ ဘယ်လောက်လှပအောင်ရေးဖွဲ့နိုင်တာအတွးကို ဘယ်လောက် အသေးစိတ်ပုံ ဖော်ခြယ် မှုန်းနိုင်တာတွေ ကွာခြားသွားပါလိမ့်မယ်။ နောက်ဆက်ဖွဲ့ရေးတာက မြို့ပြနေခဲ့သူတယောက်အနေနဲ့ ဝေးကွာလှတဲ့ တောင် ပေါ်ဒေသကို တယောက်ထဲရောက်တဲ့ အချိန်မှာ ခံစားခဲ့ရတာကို ပြန်ပြောပြနေပါတယ်။

“အလုပ်ခန့်စာစောင့်ရတုန်းက ဘယ်ဒေသကိုကျကျ သွားမှာပဲလို့ကြွေးကြော်ခဲ့တဲ့ကျွန်မ၊ ခေါင်ခေါင်ဖျားဖျားဒေသတွေ၊ စစ်ဘေးမလွတ်တဲ့ဒေသတွေကို ကျွန်မရောက်သွားမှာစိုးရိမ်ပြီး ဆိုင်ရာပိုင်ရာတွေကို ချဉ်းကပ်ဖို့ပြောတဲ့ အဒေါ်ဖြစ်သူကို အ သက်အရွယ်ရ, ရာထူးတွေရမှ တောထဲပြန်ထွက်နေရရင် ပိုဆိုးမှာ သွားစရာရှိ အခုပဲသွားထားလိုက်တော့မယ်၊ လူတိုင်း ဒီလိုပဲသွားရမှာပဲလို့ ပြုံးပြုံးလေးပုန်ကန်ခဲ့တဲ့ကျွန်မ၊ ဒီအလုပ်နဲ့ပတ်သက်ပြီး ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုနဲ့ စိတ်အားထက် သန်မှုကိုပိုက်ပြီး၊ ဂျာယန်မြေပေါ်ကိုစပြီး ခြေချမိခဲ့တယ်။ တောင်ပေါ်ကားလမ်းကနေ ရွာနဲ့ကျောင်းကို အပေါ်စီးက လှမ်းမြင် ရချိန်မှာ တအံ့တသြ ပျော်ရွှင်မိလိုက်တယ်။ ဒီလိုတောထဲမှာ ဒီလောက်သေသပ်လှပတဲ့ကျောင်းကို  တွေ့ရမယ်ထင် မထားခဲ့ မိတာ။

ကျောင်ဝင်းထဲရောက်တော့ ဆရာမတွေက စာသင်နေရာကနေ လာကြိုပေးကြတယ်၊ သူတို့ရဲ့ဆက်ဆံရေးက ဘယ်လိုနွေး ထွေးပါစေ။ ကိုယ့်ဘာသာ ဘယ်လောက်စိတ်ကြီးမွေးလာခဲ့ပါစေ ကျွန်မစိတ်ထဲမှာ မသိမသာ တုန်လှုပ်လို့ကြောက်ရွံ့နေခဲ့ တယ်”

ဒါတွေကတော့ အရွယ်ရောက်လာလို့၊ လုပ်ငန်းခွင်စဝင်သူတိုင်း အနည်းနဲ့အများတော့ ကြုံတွေ့ခံစားမိကြရမှာပါ။ လူနေထူ ထပ်တဲ့ မြေပြန့်ကနေ၊ ရုတ်တရက် အဝေးတောင်ပေါ်ဒေသကိုစရောက်တဲ့ မိန်းကလေးအတွက် တွေးကြည့်ရင် သိနိုင်ပါ တယ်။ ဒါပေမယ့် မြို့ပြကြီးက ကျောင်းတွေမှာရှိနေတဲ့လူမှုဆက်ဆံရေးထက်၊ တောရွာငယ်လေးတွေနဲ့ တောင်ပေါ်ဒေသမှာရှိတဲ့ကျောင်းတွေရဲ့လူမှုဆက်ဆံရေးဟာ အလွန်ကွာခြားပါလိမ့်မယ်။ ဒါပေမယ့် လူမှုဆက်ဆံရေးနွေးထွေးတတ်တဲ့ တောင် ပေါ်ဒေသကျောင်းလေးတွေကို ဆရာ/ဆရာမလေးတွေ ဘာကြောင့်မသွားချင်ကြတာလည်းဆိုတာ တွေးကြည့်နိုင်ပါတယ်။အခုခေတ်ကြီးမှာ တိုင်းပြည်အကျိုးထက် ကိုယ်ကျိုးကိုကြည့်တတ်တဲ့သူတွေများတာကို ဒီနေရာမှာမြင်ရနိုင်ပါတယ်။ ကျွန် တော်တို့ရဲ့တိုင်းပြည်မှာ တိုင်းပြည်အကျိုးအတွက် ကိုယ်ကျိုးစွန့်နိုင်သူတွေ ပိုပြီးပေါ်ပေါက်လာနိုင်အောင် လုပ်ဆောင်ပေး နိုင်ဖို့ လိုအပ်နေပါလိမ့်မယ်။

တောင်ပေါ်ဒေသကျောင်းလေးကိုစတင်ရောက်တဲ့ ဆရာမငယ်လေးရဲ့အတွေ့အကြုံကို ဆက်ရေးပြပါတယ်။

“ပထမဆုံးအတွေ့အကြုံဟာ ရင်ခုန်စရာ မဲလိပ်တွေပါတဲ့။ ကျွန်မဖွင့်ခဲ့ရတဲ့မဲလိပ်ကလေးကနေ, လှတပတ လက်ဆောင်တော့ မရခဲ့။ တနေ့တာကုန်တိုင်း မလှုပ်ချင်အောင် ပင်ပန်းလွန်းတယ်။ ညနေစာမစားဖြစ်ဘဲ ဖုန်းထဲကသီတွေကို ထပ်ပြန် တလဲလဲနားထောင်ပြီး၊ မလှုပ်မယှက် အိပ်နေဖြစ်တဲ့ ညနေစောင်းတွေ အများသားပေါ့။

ပတ်ဝန်းကျင်အသစ်က လူအသစ်တွေရဲ့စရိုက်တွေ၊ အပြုအမူတွေတချို့ကို လိုက်လျောညီထွေလက်ခံဖို့၊ တချို့ကို ဥပေက္ခာ ပြုတတ်ဖို့၊ တချို့ကိုပြန်ရင်ဆိုင်တတ်ဖို့ အများကြီးသင်ယူခဲ့ရတယ်။ စာသင်ခန်းထဲက အခက်အခဲတွေကို လုပ်သက်ရင့် ဆရာမတွေကိုပြောပြ၊ တချို့တွေရဲ့ဖေးမကူညီမှုဟာ ဒီနေ့ထိ မှတ်မှတ်ရရပေါ့”

စာရေးသူတောင်ပေါ်ဒေသကျောင်းကလေးရဲ့ ဆရာမလေး အစကနဦးနေ့ရက်တွေကို ခက်ခဲစွာဖြတ်သန်းခဲ့ရတာက ဖော်ပြ ထားပါတယ်။ ဒီလိုမိဘတွေရဲ့အဝေးတနေရာမှာ ဘဝကိုရင်ဆိုင်ရင်း အတွေ့အကြုံတွေ သင်ယူတတ်မြောက်နိုင်တဲ့အကြောင်း ကိုလည်း လေ့လာစရာကောင်းလှပါတယ်။

ကျွန်တော်တို့နိုင်ငံမှာ တိုင်းရင်းသားလူမျိုးပေါင်းစုံနေထိုင်ကြတော့ အကျင့်စရိုက်တွေ မတူကွဲပြားကြပါတယ်။ ဒီလိုမတူ ကွဲပြားတဲ့ ဓလေ့စရိုက်တွေ အပြုအမူတွေနဲ့ လိုက်လျောညီထွေ  နေထိုင်ဖို့လိုတာကိုလည်း ရေးပြသွားပါတယ်။ ဒီလိုမတူညီတဲ့အကျင့်စရိုက်တွေညီအောင်ညှိယူနိုင်မှ ငြိမ်းချမ်းမှာပါ။ ကျွန်တော်တို့တိုင်းပြည်ကြီးအတွက် ငြိမ်းချမ်းရေးရယူနိုင်ဖို့ ငြိမ်း ချမ်းစွာ အတူယှဉ်တွဲနေထိုင်နိုင်ဖို့လည်း ဘယ်အရာတွေလိုအပ်နေလိမ့်မယ်ဆိုတာ ဒီအက်ဆေးကနေတဆင့် ဖြန့်ကျက် တွေးယူနိုင်မယ်ဆို မျှော်လင့်ချက်အိပ်မက်တွေ မက်နိုင်ပါလိမ့်မယ်။

“လိမ္မာတဲ့ကလေးက မျောက်လောက်တော့ ဆော့သတဲ့၊ ဒီမလိမ္မာတုံးတွေဆော့ပုံကို ဘာနဲ့များ ခိုင်းနှိုင်ရပါ့။ ငါလေမျောက် တွေသာသွားသင်လိုက်ချင်တော့တယ်လို့ မောမောပန်းပန်းနဲ့ မကြာခဏ ရေရွတ်မိတယ်။ တကယ်တမ်း စာသင်ခန်းလေး သေ သေဝပ်ဝပ်ဖြစ်လာတဲ့အချိန်မှာ ကျွန်မကလေးတွေဟာ ကျွန်မကို မျက်လုံးစိမ်းကလေးတွေနဲ့ကြည့်တယ်။ ခပ်ခွာခွာနေ တယ်။ ဒီဆရာမဟာ စိတ်တိုတတ်လွန်းတယ်မဟုတ်လား။ သူမကြိုက်တဲ့ အပြုအမူတွေကလည်း များလှတယ်မဟုတ်လား။ စာသင်ခန်းဟာ စိတ်ကျဉ်းကျပ်စရာကောင်းလွန်းတယ်လို့ သူတို့လေးတွေ  တွေးကြမှာပဲ။ အဲဒီလိုအနေအထားကို ကျွန်မစိတ် အိုက်ပေမယ့် မဖြေရှင်းတတ်သေး။ သူတို့နေချင်တဲ့ပုံစံအတိုင်းထားလို့တော့ ဘယ်ဖြစ်ပါ့မလဲ”

ဒီနေရာမှာပိုပြီး စိတ်ဝင်စားစရာဖြစ်အောင် ဆွဲဆောင်ယူသွားပါတယ်။ ဒီစာသန်းခန်းသေးသေးလေးထဲက ကလေးအရွယ် ကျောင်းသားငယ်လေးတွေကို ဘယ်လိုကိုင်တွယ်မလဲ။ သူတို့ကို ဥပေက္ခာပြုထားလိုက်မလား။ သူတို့စိတ်ဝင်စားတာတွေနဲ့ ဆွဲဆောင် ကိုင်တွယ်မလား။ ခုံပေါ်ကိုမတ်တပ်ရပ်ခိုင်းပြီး  ဒဏ်ပေးလိုက်မလားဆိုတာတွေဟာ အရေးကြီးနေပါတယ်။ ဒီပြဿနာဟာ နေရာသေးသေးလေးကနေ အလွန်ကျယ်ပြန့်ကြီးမားတဲ့နေရာမှာပါ တွေ့နေရပါတယ်။ ပြဿနာကိုဖြေရှင်း တတ်ဖို့ပဲ အဓိကကျပါလိမ့်မယ်။

“ကျွန်မနဲ့ ကျွန်မကလေးတွေရဲ့ဆက်ဆံရေးကို အဆင်ပြေသွားစေတာ အခြေခံ မျဉ်းပန်းချီလေးတွေလို့ပြောရင် ပညာရေး ကောလိပ်က ပန်းချီနည်းပြဆရာလေးက ရယ်လေမလားမသိ။ ကျွန်မရဲ့ပန်းချီ Assingnment ရမှတ်က B။ ပုံတွေအချိုးကျ အောင်ကြိုးစားပေမယ့် ခဲသားက ဘယ်တော့မှမသပ်ရပ်။ ဘာပဲဖြစ်ဖြစ်လေ။

ကျောင်းဆရာမတယောက်က ပန်းချီဆရာတယောက်လောက် တော်နေဖို့မလိုပါဘူး။ သူဆွဲတဲ့ပုံကလေးတွေဟာ ရိုးရှင်းပြီး ကြောင်ပုံ၊ ပန်းပွင့်ပုံ၊ ကား၊ လေယာဉ်ပျံ၊ ငါးကလေးစသဖြင့် ကလေးတွေသိတဲ့ ပုံလေးတွေဖြစ်ရင် သူတို့လိုက်ဆွဲဖို့ လွယ်ကူ ရင်လုံလောက်ပြီပဲ။ ပုံကလေးတွေ ပထမဦးဆုံးဆွဲပြတဲ့နေ့က ကလေးတွေရဲ့မျက်လုံး လက်လက်ကလေးတွေ ပျော်ရွှင် တက်ကြွမှုတွေ၊ တဦးနဲ့တဦးထားတဲ့ပုံတွေပြပြီး ကိုယ်ဆွဲထားတဲ့ ပုံကလေးတွေကို တသသ မက်မက်မောမောကြည့်နေတဲ့ မျက်နှာကြည်ကြည်လေးတွေဟာ ကျွန်မ ဒီကျောင်းကိုရောက်ပြီးတဲ့နောက် ပထမဆုံးရခဲ့တဲ့လက်ဆောင်ပါပဲ”

စာသင်ခန်းသေးသေးလေးကို ကိုင်တွယ်နိုင်ဖို့နည်းလမ်းတခုကို သိလိုက်ရပါပြီ။ တချို့ပြဿနာဖြေရှင်းနည်းတွေဟာ၊ ခက် မယ်ထင်ခဲ့ပေမယ့် ထင်ထားသလောက် မခက်ခဲတာတွေ ရှိတတ်ပါတယ်။ တချို့ပြဿနာတွေကတော့ ဖြေရှင်းရ အင်မတန် ခက်ခဲနေပါလိမ့် မယ်။ ဘယ်လိုပဲဖြစ်ဖြစ်သေချာတွေးပြီး ဖြေရှင်းနည်းကိုရှာဖွေရင် တွေ့နိုင်မှာပါ။ ပြဿနာကတခြား၊ ဖြေရှင်းနည်းပုံစံကတခြားဖြစ်နေမယ်ဆိုရင်တော့ ခက်ခဲမှုတွေချည်း တွေ့နေပါလိမ့်မယ်။ နည်းလမ်းရှိပြီး မကျင့်သုံးနိုင်ရင်တော့ ကြာ သင့်တာထက်ပိုပြီး ကြာနေပါလိမ့်မယ်။ ဒီအက်ဆေးလေးကနေ အဖြေများစွာပေးနေပါတယ်။ အက်ဆေးရေးသူ ဆက်ရေး ပြသွားပါတယ်။

“ကျွန်မရဲ့ကလေးမှန်သမျှ ရာနှုန်းပြည့်တော်အောင် တတ်အောင် ကျွန်မ, မသင်နိုင်ခဲ့။ မအောင်မနေရစနစ်က နာမည်စာရင်း ရှိရင် အတန်းတက်ပေးရတာမဟုတ်လား။ တခြားကလေးတွေရေးဖတ်တွက်နေချိန်မှာ ကကြီး ခခွေး ဟန်ကျအောင် မရေး နိုင်သေးသူတွေလည်း ပါတာပဲ။ အတန်းချခွင့်မပေးလို့စာမတတ်မှန်းသိသိနဲ့ တင်ပေးလိုက်ရပေမယ့် ဆရာတယောက်အနေနဲ့ ကျွန်မအစွမ်းရှိသမျှ အကောင်းဆုံးသင်ခဲ့တယ်ဆိုတဲ့ယုံကြည်မှု၊ လိပ်ပြာသန့်မှုကတော့ ကျွန်မကိုယ့်ကိုယ်ပေးခဲ့တဲ့ လက် ဆောင်”

“ဒီကျောင်းဟာ အစစအရာရာ၊ လူတွေအကြောင်း၊ စရိုက်အမျိုးမျိုးနဲ့ညှိယူပြီးနေတတ်ဖို့ ကိုယ့်တယောက်တည်းရပ်တည် တတ်ဖို့ အများကြီးသင်ယူခဲ့ရတဲ့နေရာပြောရရင် တိုက်ပွဲသေးသေးလေးတွေလည်း အများကြီးတိုက်ခဲ့ရတဲ့နေရာ”

ဆရာမဖြူသင်းလှိုင်ရေးတဲ့အက်ဆေးလေးဟာလည်း အကြောင်းအရာသေးသေးလေးဆိုပေမယ့် ဘဝအတွေ့အကြုံတွေ၊ ပတ်ဝန်းကျင်အသစ်တွေ၊ မတူကွဲပြားတဲ့ ဓလေ့စရိုက်တွေကို ပြသွားနိုင်ပါတယ်။ အဲဒီကနေတဆင့် ဆက်စပ်ဖြန့်ကျက်တွေး ရင်လည်း ပိုပြီးတန်ဖိုးရှိတဲ့ အကြောင်းအရာတွေ တွေ့နိုင်ပါလိမ့်မယ်။ အက်ဆေးကို အဆုံးသတ်ထားတာကတော့။

“ကျွန်မရဲ့ဘဝတဆစ်ချိုးဝန်ထမ်ဘဝစတင်ခဲ့တဲ့ဒေသ၊ တောင်တွေပတ်လည်ဝိုင်းပြီး အေးချမ်းတဲ့ အေးတိအေးစက်လည်း နိုင်တဲ့ဒေသကို ကျွန်မကတော့ ဘယ်နေရာ ဘယ်ဒေသ ရောက်သွားသွား မေ့နိုင်မှာမဟုတ်တော့။ ရင်ဘတ်ထဲမှာ တကန့်ကြီး သိမ်းဆည်းမိလျက်သားပါချစ်သော ဟိုခိုရေ”

ကျွန်တော့်အတွက်လည်း တန်ဖိုးရှိတဲ့ အက်ဆေးတပုဒ်ကိုဖတ်လိုက်ရပါတယ်။ ကျွန်တော့်လိုပဲ ကျွန်တော်မျှဝေမှုကိုရရှိခံစားတန်ဖိုးထားနိုင်ကြပါစေ။

ကိုနိုင်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ

By

ဒေါ်ခင်မျိုးချစ်၏ သတင်းစာလောက ထွက်ပါပြီ (မိုးမခ) သြဂုတ် ၂၄၊ ၂၀၁၈ စာရေးဆရာမကြီး ဒေါ်ခင်မျိုးချစ်...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments