K ငြိမ်းချမ်း – အိုဘယ့် သတင်းစာလောက

November 1, 2018


K ငြိမ်းချမ်း  – အိုဘယ့် သတင်းစာလောက 

(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၈

“ငါမကောင်းလျှင် ငါ့ကိုရေး၊ ငါ့မိဖုရားမကောင်းလျှင် မိဖုရားကိုရေး ငါ့သားသမီးမကောင်းလျှင် သားသမီးကိုရေး၊ တရားသူကြီးမကောင်းလျှင် တရားသူကြီးကိုရေး မြို့ဝန် မကောင်း လျှင် မြို့ဝန်ကိုရေး၊ မင်းတို့သတင်းစာ၌ အပြစ်မရှိစေရ၊ နန်းတော်တွင်းသို့ သတင်းစာတိုက်က မည်သူမဆို အဆီးအတားမရှိ ၀င်ထွက်စေ”။

အထက်ပါစကားကို ဆိုခဲ့သူကတော့ …
(၁) ဦးနေ၀င်း၊ ဦးသန်းရွှေ စစ်အစိုးရ ၂ ဆက်၊
(၂) ဦးသိန်းစိန်အစိုးရ
(၃) ယခု NLD အစိုးရ …
မည်သည့်မင်းလက်ထက်ကပြောဆိုခဲ့သနည်း ဆိပြီး ပဟေဠိ ၀ှက်လိုက်လို့ကတော့ ရွေးချယ်ဖြေဆိုသူအားလုံး မှားသွားမှာဖြစ်ပါတယ်။ ဘာကြောင့်လဲဆိုရင် အထက်ပါ အစိုးရလက်ထက်များမှာ တယောက်မှ မပြောခဲ့ကြလို့ပဲဖြစ်ပါ တယ်။

ပြည်သူတင်မြှောက်တဲ့ သမ္မတစနစ်မှာတောင် မဟုတ်ဘဲ သက်ဦးဆံပိုင်ဘုရင်စနစ်ဖြစ်တဲ့ မင်းတုန်းမင်းလက်ထက်မှာ သတင်းစာလောကအပေါ် ဘုရင်ကိုယ်တိုင်ပြောခဲ့တဲ့ အာမခံ ခဲ့တဲ့ နှုတ်ထွက်စကားဖြစ်ပါတယ်။ မြန်မာ့သတင်းစာလောကရဲ့ရှေ့ပြေး မင်းတုန်းမင်းလက်ထက်ထုတ်ဝေခဲ့တဲ့ ရတနာပုံသတင်းစာမှာ အမိန့်တော်တရပ်အနေနဲ့ကို ရေးသားထား တယ်လို့ ဘိုးဝဇီရစာအုပ်မှာ အတိအလင်းထည့်သွင်းထားပါတယ်။

ယနေ့ခေတ်လို အစိုးရ၊ စစ်တပ် အစရှိတဲ့ အာဏာရယန္တရားတွေက သတင်းစာအပေါ် သတင်းသမားများအပေါ် ကြက်ကလေးငှက်ကလေးဖမ်းသလို တရားစွဲဆို ထောင်ချအပြစ် ပေးတဲ့ကာလမှာ မင်းတုန်းမင်းအမိန့်တော်လိုမျိုး အာမခံပေးမယ့်သူများပေါ်လာနိုးမျှော်လင့်ချက်နဲ့ ယနေ့သတင်းစာလောက။

တိုင်းပြည်ရဲ့ စတ္ထုတ္တမဏ္ဍိုင်၊ ပြည့်မျက်လုံးအစရှိသဖြင့် တင်စားခေါ်ဝေါ်မှုတွေနဲ့ တကယ်တကယ့်အဖမ်းခံရချိန်တွေမှာ အာမခံတောင်ပေးမရတဲ့ ပုဒ်မတွေနဲ့။ စေ့စပ်ညှိနှိုင်း အဖြေရှာ နည်းဆိုတာ အာဏာပိုင်တွေက ဘယ်တော့မှအသုံးပြုခြင်းမရှိတဲ့ ယနေ့သတင်းစာလောက။

သူငယ်ချင်းတယောက်ကတော့ ထိန်းထိန်းသိမ်းသိမ်းပြောရှာပါတယ်။ သတင်းသမားတိုင်းမှန်တယ်လို့ မဆိုလိုချင်ပေမယ့် အစိုးရ(တရားစွဲဆိုသူများ)က ဆတ်ဆတ်ထိမခံဖြစ်နေ တယ်လို့ သမုတ်ခံရတဲ့ ယနေ့သတင်းစာလောက။

သိသင့်တာထက် ပိုသိထားရင် အသက်အန္တရာယ်ထိ ဒုက္ခပေးလာနိုင်တဲ့ ယနေ့သတင်းစာလောက။

တဖက်ကလည်း အမြင်အမျိုးမျိုးနဲ့ထင်မြင်မှတ်ချက်တွေပေးခံနေရတဲ့ သတင်းစာလောက။ အဲဒီသတင်းစာလောကဟာ ဘယ်လိုစည်းမျဉ်းစည်းကမ်းတွေရှိနေသလဲ။ ဘယ်လိုအခွင့် အရေးတွေ ရသင့်နေတာလဲဆိုတာသိဖို့ သတင်းစာဆရာ၊ စာရေးဆရာမကြီး (ဒေါ်) ခင်မျိုးချစ်ရေးခဲ့တဲ့ သတင်းစာလောက (စတ္ထုတ္တအကြိမ်) အမည်ရှိ စာအုပ်ထဲသွားရောက် လေ့လာ ကြည့်ရှုကြရအောင်ပါ။

(ဒေါ်)ခင်မျိုးချစ်ဟာ ၁၉၃၇ခုနှစ်ကစပြီး တိုးတက်ရေးမဂ္ဂဇင်း၊ ဘားမားဂျာနယ်၊ အိုးဝေသတင်းစာ၊ တိုင်းရင်းသူဂျာနယ်၊ ဂါးဒီးယန်းသတင်းစာ၊ လုပ်သားပြည် သူ့သတင်းစာတို့မှာ အယ်ဒီတာအဖြစ်လုပ်ကိုင်ခဲ့ပါတယ်။ ဆရာမကြီးဟာ ၁၉၉၉ခုနှစ် ဇန်န၀ါရီ ၂ ရက် အသက် ၈၄နှစ်အရွယ်မှာ ကွယ်လွန်ခဲ့ပါတယ်။

သတင်းစာလုပ်ငန်းဆိုတာဘယ်လိုလဲ၊ သတင်းစာလွတ်လပ်မှုဆိုတာ ဘာလဲ၊ သတင်းစာလောကအတွက် အရည်အချင်းတွေ ဘာလဲ၊ သတင်းခေါင်းကြီးပိုင်းက ဘယ်လို အရေးကြီးလို့လဲ၊ သတင်းဆောင်းပါးနှင့် ဝေဖန်ရေးဆောင်းပါးတွေက ဘယ်လောက်အရေးပါအရာရောက်သလဲဆိုတာတွေကိုတော့ ယခုစာအုပ်က အဖြေပေးနိုင်ပါတယ်။

စာအုပ်မှာ အခန်း(၁၂)ခန်း ပါဝင်ပြီး စာအုပ်နဲ့ပတ်သက်ပြီး ဆရာမကြီးရဲ့အမှာ၊ သတင်းစာဆရာ့လက်သုံးဝါဒ

အခန်း(၁)။ စတုတ္ထမဏ္ဍိုင်

အခန်း(၂)။ သီတင်းစာလွတ်လပ်မှု

အခန်း(၃)။ သတင်းစာနှင့်လူထု

အခန်း(၄)။ သတင်းစာလုပ်ငန်း

အခန်း(၅)။ သတင်းစာလောကအတွက် အရည်အချင်း

အခန်း(၆)။ သတင်းစာနှင့်အလုပ်သမား

အခန်း(၇)။ ခေါင်းကြီးပိုင်း

အခန်း(၈)။ သတင်းနှင့် သတင်းယူနည်း

အခန်း(၉)။ သတင်းစာဆောင်းပါးနှင့် ဝေဖန်စာဆောင်းပါး

အခန်း(၁၀)။ သတင်းထောက်လှမ်းခြင်း အတတ်

အခန်း(၁၁)။ သတင်းစာ၏အခြားအစိတ်အပိုင်းများ

အခန်း(၁၂)။ ဗမာပြည်သတင်းစာလောက စတဲ့အကြောင်းအရာများကို ဖတ်ရှုရမှာဖြစ်ပါတယ်။

ကျနော်တို့မြန်မာနိုင်ငံမှာ စာနယ်ဇင်းအတတ်ပညာ၊ သတင်းအတတ်ပညာနဲ့ပတ်သက်ပြီး သင်ကြားပေးတဲ့ကျောင်း၊ တက္ကသိုလ်မရှိခဲ့ပါဘူး။ စစ်အစိုးရခေတ်တွေမှာလည်း မဂ္ဂဇင်း အနည်းငယ်ကို စည်းကမ်းတင်းတင်းကျပ်ကျပ်စိစစ်ရေးလိုဌာနဖွင့်ပြီး ထုတ်ဝေခွင့်ပြုခဲ့တာကကလွဲလို့ ပုဂ္ဂလိကသတင်းစာဆိုတာကြားတောင်မကြားခဲ့ကြပါဘူး။ ၂၀၁၀ နောက်ပိုင်း မှ ထုတ်တင်စနစ်ပြောင်းထုတ်ဝေခွင့်ရခဲ့ကြတာဖြစ်ပါတယ်။ ဆယ်စုနစ်တခုစာမရှိသေးသော်လည်း သတင်းသမားများတရားစွဲဆိုခံထားရမှုများကတော့ အမှုပေါင်း ၄၀ကျော်ရှိတယ် လို့ စစ်တမ်းတခုမှာဖတ်လိုက်ရပါတယ်။ မင်းတုန်းမင်း သမ္မတတင်ရမလိုကို ဖြစ်မနေဘူးလား။

အဲတော့ စတုတ္ထမဏ္ဍိုင်ဆိုတာ ဘာလဲ။ သတင်းစာလွတ်လပ်ခွင့်တွေ သတင်းစာလုပ်ငန်းပညာရပ်တွေသိရဖို့ သတင်းစာလောကထဲ ၀င်ရောက်ဖတ်ရှုကြည့်ကြပါစို့။

“ကျွန်ုပ်တို့မြန်မာ့အယူအဆ၌လည်း မင်း၊ ပုဏ္ဏား၊ သူဌေး၊ ဆင်းရဲသားဟုဆိုအပ်သော အမျိုးလေးပါးရှိ၍ ထိုအမျိုးလေးပါးကို စောင့်ရှောက်ရမည့်တာဝန်မှာ မင်းကျင့်တရားပင်ဖြစ် သကဲ့သို့ စတုတ္ထမဏ္ဍိုင်ဟူသော သတင်းစာ၏လွတ်လပ်မှုကို စောင့်ထိန်းရန်တာဝန်မှာလည်း လူထုခေတ်တွင် ဒီမိုကရေစီကျင်စဉ်ပင်ဖြစ်သည်။ သတင်းစာသည် ပြည်သူ့နား ပြည်သူ့မျက်စိ၊ ပြည်သူ့ပါးစပ်နှင့်တူသည်။ ထို့ကြောင့် သတင်းစာလွတ်လပ်မှုမရှိသော တိုင်းပြည်မှာ မျက်စိကန်း နားပင်း စကားအသောသူနှင့် မခြားတော့ပေ။” (စာ-၁၇ စတုတ္ထ မဏ္ဍိုင်မှ)

သတင်းစာတွေရဲ့လွတ်လပ်မှုဆိုတာကရောဆိုတာကိုလည်း “ သတင်းစာများသည် မဖွယ်ရာသော မုဒိန်းကဏ္ဍများကို ဖော်ပြကာ လူတို့၏အကျင့်စာရိတ္တကို ပျက်ပြားစေသည်။ သတင်းစာ လွတ်လပ်မှုဟု အမည်တပ်ကာ စည်းကမ်းမဲ့ရေးသားကြသည်။ လင်ကွာ မယားခိုး၊ အလောင်းအစား၊ ခိုးမှုသတ်မှုတို့ကိုအသားပေးဖော်ပြခြင်းဖြင့် လူတို့၏တိရစ္ဆာန် စိတ်များ ယုတ်မာမှုများကို အားပေးသည်။ ဤသည်ပင်လျှင် သတင်းစာ၏လွတ်လပ်မှုပေလော”။(စာ-၁၇)

“လွတ်လပ်စွာပြောဆိုခွင့်မပေးဘဲ လူထု၏ပါးစပ်ကို ပိတ်ထားခြင်းသည် လွတ်လပ်စွာတွေးတောသောစိတ်ကို အကျဉ်းထောင်ချထားသည်နှင့်တူလေသည်။ လူလောကတွင် မိမိနှင့် သဘော မတိုက်ဆိုင်တိုင်း မပြောရ မရေးရဟု ပိတ်ပင်ထားလျှင် နိုင်ငံရေးလွတ်လပ်မှု မရှိတော့ပေ။ လွတ်လပ်စွာ ကန့်ကွက်ခွင့်လွတ်လပ်စွာသဘောတူနိုင် ခွင့်ဆို၍ရှိစေရမည်။ ယူဆပုံကွဲလွဲသည်ကို လျစ်လျူရှုနိုင်ရမည်။ လူတစ်ဦး၌ဖြစ်စေ လူတစ်စု၌ဖြစ်စေ မိမိနှင့်သဘော မတိုက်ဆိုင်သူတို့အား ပြောဆိုခွင့်မပေး မိမိတို့ယူဆချက်မှတစ်ပါး အခြားယူဆ ချက် မရှိရဟု ပညတ်ခြင်းသည် သဘောထားသေးသိမ်သည့်အလုပ်ပင်ဖြစ်သည်။ ထိုအလုပ်မျိုးသည် လုပ်သူနှင့်ခံရသူ နှစ်ဦးနှစ်ဖက်စလုံးအား အကျိုးပျက်စီးစေတတ်လေသည်။ ” ( စာ-၂၁)

“လွတ်လပ်သောနိုင်ငံများတွင် သတင်းစာနှင့် အစိုးရတို့ ဆက်ဆံမှု မည်သို့နည်းဟူသော ပြဿနာတစ်ရပ်ပေါ်လာခဲ့သည်။ သတင်းစာဆရာတို့သည် အချုပ်အချယ်မရှိ လွတ်လပ်စွာ ရေးသားနိုင်ခွင့် မှုကို လက်မလွှတ်လိုကြ၍ အစိုးရများကလည်း တိုင်းပြည်ကိုထိခိုက်နစ်နာစေမည့် အရေးအသား အထင်အမြင်လွဲမှားစေမည့် သတင်းများကို ကန့်ကွက်တားဆီးလို ကြပေသည်။ ထိုပြဿနာမှာ အစိုးရနှင့် သတင်းစာ ရှိသည့်နိုင်ငံတိုင်းမှာပင် ပေါ်ပေါက်သည်။ အထူးသဖြင့် စစ်ဖြစ်နေသည့်အခါနှင့် ပြည်ထောင်ချင်းချင်း အရေးဆိုစကားကမ်းလှမ်း နေသည့်အခါများတွင် သတင်းစာအရေးအသား မလိမ်မာမှုကြောင့် ပြည်ထောင်အချင်းချင်း အထင်အမြင်လွဲရသည်ဟူ၍လည်းကောင်း၊ သတင်းစာများက မရေးသင့်မဖော်သင့်သည်ကို ထုတ်ဖော်ရေးသားသဖြင့် ရန်သူ့ထံ မရောက်သင့်သောသတင်းများပေါက်ကြားရသည် ဟူ၍လည်းကောင်း အစိုးများက အကြောင်းပြ၍ သတင်းစာများကို ချုပ်ချယ်လိုကြသည်။” (စာ-၂၅)

“သတင်းစာများ၏ အဓိကတာဝန်မှာ လောကတစ်ခုလုံးတွင် လူအများဘာလုပ်နေသည်ကို တွေး၍ ဘာကိုစဉ်းစားနေသည်ကိုသိရန်ဖြစ်သည်။ ထို့ကြောင့် သတင်းစာအလုပ်ကို လုပ် ကိုင်သူများသည် အများဆုံးသော ဆင်ခြင်ဥာဏ် ကျယ်ဝန်းသော ဗဟုသုတနှင့် လုပ်ရည်ကိုင်ရည်များရှိရမည့်အပြင် လျင်မြန်ဖျတ်လတ်စွာ သိမြင်တတ်သည့်အလေ့နှင့် အကျိုး အကြောင်း စပ်ဟပ်စဉ်းစားတတ်သော ဆင်ခြင်ဥာဏ်ကို မွေးဇာတိက ပါလာရုံမျှမဖြစ်စေဘဲ အကျင့်လုပ်၍လည်း ပါရမီကိုပို၍ရင့်သန်စေရမည်။ အောက်ပါတို့မှာသတင်း စာအလုပ် ကိုပိုမိုစနစ်တကျလေ့လာလိုက်နာစေရန်အတွက် သတ်မှတ်သောစည်းကမ်းချက်များဖြစ်လေသည်။”(စာ-၇၅)

(၁) တာဝန် (၂) သတင်းစာလွတ်လပ်မှု (၃) အချုပ်အချယ်ကင်းမှု(၄) စေတနာကောင်းမှု (၅) မျက်နှာမလိုက်မှု(၆) သမာသမတ်ရှိမှု (၇) သန့်ရှင်းမှု အစရှိတဲ့အချက်များကို ပြည့်စုံ စွာ စာအုပ်မှာဖတ်ရှုရမှာဖြစ်ပါတယ်။

ဆက်လက်ပြီး အခန်း၆ မှစကာ အထူးသတင်းထောက်၊ အယ်ဒီတာဆိုသည်ကား၊ သတင်းစာဆရာ ၊ လန်ဒန်တိုင်းအယ်ဒီတာ၊ အယ်ဒီတာတွေ၊ စစ်သတင်းထောက်၊ ပါလီမန် သတင်းထောက်၊ နိုင်ငံခြားသတင်းထောက်၊ သတင်းဖြန့်ချိရေးအဖွဲ့များ၊ ဆင်ဒီကိတ်များ၊ ခေါင်းကြီးပိုင်း၊ သတင်းနှင့် သတင်းယူနည်း၊ တွေ့ဆုံမေးမြန်ခြင်း၊ အစုလိုက် တွေ့ဆုံခြင်း၊ တွေ့ဆုံမေးမြန်းချက်များကို ရေးသားခြင်း၊ ထင်မြင်ချက်အတွက် မေးမြန်းခြင်း၊ အထူးဆောင်းပါးအတွက် မေးမြန်းခြင်း၊ သတင်းဆောင်းပါးနှင့် ဝေဖန်ရေးဆောင်းပါးများ၊ စာအုပ် ဝေဖန်ခြင်း၊ ရုပ်ရှင်ပြဇာတ်ဝေဖန်ခြင်း၊ သတင်းထောက်လှမ်းခြင်း အတတ်၊ ဘာကိုရှာရမလဲ၊မတော်တဆထိခိုက်မှု၊ လေယာဉ်ပျံပျက်ကျမှု၊ မီးရထားမှောက်မှု၊ ရာထူးခန့်ထားခြင်း၊ အခမ်းအနားပွဲ၊ တရားရုံးသတင်း၊ ရာဇ၀တ်မှု၊ကွာရှင်းမှု၊ ကပ်ဆိုက်မှုများ၊ ကိစ္စအလိုက်သတင်းထောက်လှမ်းခြင်း၊ သတင်းထောက်အလုပ်တာဝန်၊ နိုင်ငံရေးနှင့် ရွေးကောက်ပွဲ သ တင်း၊ နိုင်ငံရေးသတင်းထောက်အရည်အချင်း၊ နိုင်ငံရေးအဖွဲ့အစည်း၊ မဲဆွယ်ရေးလုပ်ငန်း၊ ရွေးကောက်ပွဲ၊ တရားပွဲနှင့် အစည်းအဝေးသတင်း၊ ဟောပြောပွဲ၊ စည်းဝေးပွဲ၊ ကစား ခုန်စား သတင်း၊ သတင်းစာ၏အခြားအစိတ်အပိုင်းများ၊ ရုပ်ပြသတင်းစာ၊ ဓာတ်ပုံပညာ၊ သတင်းဓာတ်ပုံအမျိုးအစား၊ စံပြဓာတ်ပုံများ၊ ရုပ်ပြောင်ကာတွန်းများ၊ အထူးဆောင်း ပါးများ၊ သတင်းစာဆရာ၏ဗဟုသုတ၊ ကော်လံဆောင်းပါး၊ အလွတ်ဆောင်းပါးရေးခြင်း၊ သတင်းစာဆရာနှင့်စာရေးဆရာ၊ မဂ္ဂဇင်းဂျာနယ်များ အစရှိတဲ့ကဏ္ဍများကို ခေါင်းစဉ်အလိုက် ရေးသားပြုစုထားပါတယ်။

နောက်ဆုံးအခန်းဖြစ်တဲ့ ဗမာပြည်သတင်းစာလောက မှာတော့ ဗမာပြည်သတင်းစာလောက သမိုင်းအဖြစ်အပျက်များမှ အကျဉ်းချုံးပြီး အပိုင်း ၅ ပိုင်းခွဲကာ ရေးသားထားပါတယ်။

(၁) အထက်ဗမာပြည်ကို အင်္ဂလိပ်တို့ မသိမ်းပိုက်မီအခါက ထုတ်ဝေခဲ့ကြသော သတင်းစာများ

(၂) မြန်မာတပြည်လုံးကို အင်္ဂလိပ်တို့သိမ်းပိုက်သည့်နောက် နိုင်ငံရေးခေတ် မရှိမီအခါက ထုတ်ဝေကြသော သတင်းစာများ

(၃) မြန်မာပြည်တွင် နိုင်ငံရေးခေတ်ပေါ်ပေါက်လာသောအခါ ထုတ်ဝေကြသော သတင်းစာများ

(၄) မြန်မာပြည်ကို ဂျပန်တို့ကြီးစိုးနေသည့်အခါက ထုတ်ဝေကြသော သတင်းစာများ

(၅) ဂျပန်တို့ထွက်ပြေးပြီးနောက် အင်္ဂလိပ်တို့ဝင်ရောက်လာသောအခါက ထုတ်ဝေကြသော သတင်းစာများနှင့် ယခုလွတ်လပ်ပြီး ပစ္စက္ခသတင်းစာများ ဆိုပြီး သမိုင်းဆိုင်ရာ အချက်အလက်အထောက်အထား အကိုးအကားများနဲ့ ရေးသားပြုစုထားတာတွေကို ဖတ်ရှုရမှာဖြစ်ပါတယ်။ ပြုစုထားတယ်လို့ဆိုရမှာ ဆရာမကြီးက နိုင်ငံတကာသတင်းစာ အခြေအနေအရပ်ရပ်များနဲ့ ကျင့်ဝတ်ပိုင်းဆိုင်ရာများကို အထောက်အထားနဲ့တကွ ကိုးကားရေးသားထားတာတွေ့ရလို့ဖြစ်ပါတယ်။

အချုပ်ဆိုရရင် ယခု သတင်းစာလောကစာအုပ်ဟာ သတင်းစာလောကအကြောင်း အထွေထွေများအပြင် ကျင့်ဝတ်စည်းကမ်းပိုင်းမှာ မကျန် သမိုင်းဆိုင်ရာအထောက်အထား အဖြစ် သင်ရိုးညွှန်းတမ်းသဖွယ်ဖြစ်နေတာကြောင့် သတင်းစိတ်ဝင်စားသူ၊ သတင်းသမားဖြစ်လိုသူများအတွက် အကိုးအကားစာအုပ်ဖြစ်နေပါတယ်။ တဖက်က သတင်းသမားရဲ့ ထောက်ပြ ရေးသားပြောဆိုချက်များကိုလည်း တုံ့ပြန်မယ့် အစိုးရတာဝန်ရှိသူအပိုင်းဘက်ကလည်း လေ့လာဖတ်ရှုဖို့သင့်ပါကြောင်း ညွှန်းဆိုလိုက်ရပါတယ်။

ဒါမှလည်း သတင်းစာလောက လာရာနဲ့ လားရာကို သိမှ ဟန်ချက်ညီညီထိန်းညှိနိုင်မှ ပြည်သူ့အစိုးရ မုချဖြစ်မှာ မဟုတ်လား ။ ။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:K ငြိမ်းချမ်း, စာအုပ်စင်, ဝေဖန်ရေးရာ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments