ကြည်ဇော်ဝင်း ● အနာရှိသူတွေ စပ်ကြစေ

November 1, 2018

● အနာရှိသူတွေ စပ်ကြစေ
(မိုးမခ) နိုဝင်ဘာ ၁၊ ၂၀၁၈

အောက်တိုဘာ ၃ဝ၊ ၂ဝ၁၈ အတွဲ (၆)၊ အမှတ် (၁) ဇွန်လ၊ ၂၀၀၈ ထုတ် မဂ္ဂဇင်းမှ ကူးယူဖော်ပြခြင်းဖြစ်သည်။


စာရေးဆရာတွေအတွက် စာရေးရတာ လွယ်ပါတယ်။ စာရွက်နဲ့ဘောပင်ရှိရင် ပြီးတာပါပဲ။ ဒါပေမဲ့ ဘာတွေရေးမှာလဲ။ စာ ဖတ်သူအကြိုက်တွေရေးမှာလား။ ကိုယ့်ရင်တွင်းဖြစ်တွေရေးမှာလား။ ကိုယ်ရေးတဲ့စာကိုယ်ကြိုက်ပြီး ကိုယ်ကိုယ်တိုင်ယုံကြည်ဖို့တော့လိုတယ်။ ကိုယ့်စာတွေဟာ လောကသစ္စာတရားတွေဖြစ်ပြီး ကာလသုံးပါးခံဖို့တော့ လိုတယ်။

စာရေးဆရာဆိုတာ စာဖတ်သူတွေထက် ခေါင်းတလုံးပိုမြင့်ဖို့လိုတယ်။ စာဖတ်သူတွေမတွေးတဲ့ထောင့်ကတွေးပြီး စာဖတ်သူ တွေအတွက် အကျိုးရှိရမယ်။ စာဖတ်သူလောက်မှမတွေးတတ်ရင် ကိုယ့်စာဟာ စာပေဂုဏ်မမြောက်သလို စာဖတ်သူတွေက လည်း ဖတ်ကြမှာမဟုတ်ဘူး။ တကယ့်လူ့ဘဝက ရိုးသားကြိုးစားနိုးကြားလို့ သူကောင်းဖြစ်သွားလေသ တည်း ..တို့၊ ရာဇဝတ်ဘေးပြေးမလွတ်တို့ ..ဆိုတာမျိုးမဟုတ်ဘူး။ ပေါ်လစီစာရေးဆရာတွေကတော့ တည်ဆဲအစိုးကြိုက်ပြီး စာပေဆု ကလေးများရမလားလို့ စာပေပန်တျာတွေ ရေးကြတာပေါ့။ တခေတ်တခါက အဲဒီလိုစာမျိုးတွေပဲ စာပေဆုတွေပေးခဲ့တာ မဟုတ်လား။

ဘာစာပေမှ လောက်လောက်လားလားမရေးခဲ့ကြဘဲ မြို့နယ်စာနယ်ဇင်းဥက္ကဋ္ဌ လုပ်ချင်ကြတဲ့ စာပေရောဂါသည်တွေကိုလည်း မတွေ့ချင် မြင်နေလျက်သား။ လက်ရှိလည်း ဘယ်မဂ္ဂဇင်း ဘာစာစောင်မှ မရေးဘူး၊ သူတို့ရေးခဲ့ပါတယ်ဆိုတဲ့ကလောင်နာမည်တွေကိုပြောကြည့်တော့ စာသမားအချင်းတောင် မကြားဖူးဘူး။ မြို့နယ်စာနယ်ဇင်းဥက္ကဋ္ဌဖြစ်ဖို့ဆိုတာလည်း လွယ်ပါ တယ်။ အဲဒီလိုဥက္ကဋ္ဌရွေးချယ်တဲ့အစည်းအဝေးလုပ်မဲ့ပွဲမျိုးမှာ ဘယ်စာရေးဆရာကြီးတွေကမှ စိတ်မဝင်စားလို့ မတက် ကြတော့ ကိုယ့်အချင်းချင်းပဲ မဲခွဲပြီး ကိုယ့်လူကိုယ် ဥက္ကဋ္ဌတင်ပေးလိုက်တာပါပဲ။

စာနယ်ဇင်းအဖွဲ့ဝင်ချင်ကြတဲ့အကြောင်းကလေးတွေလည်းရှိနေတယ်လေ၊ ဟိုဘက်တခေတ်က GSM ဖုန်းပေးတာမျိုးတွေ မြေကွက်ပဲချပေးတော့မလိုလိုမျိုးတွေက ရှိခဲ့တယ်မဟုတ်လား။ စာရေးဆရာအများစုက မပြည့်စုံကြတော့ ဒီလိုမျှော်လင့်ချက်နဲ့အဖွဲ့ဝင်ဖြစ်ချင်ကြတာလည်း အပြစ်မဆိုသာပါဘူး။

ဒီနေရာမှာ မြို့နယ်စာနယ်ဇင်းအဖွဲ့တွေကို ပြောစရာတခုတော့ရှိလာတယ်။ စာပေအမြင်မကျဉ်းမြောင်းကြပါနဲ့။ မြို့နယ် မဂ္ဂဇင်းဆိုတာ ကိုယ့်မြို့နယ်က စာပေဝါသနာရှင်တွေ ကလောင်လက်စွမ်းပြတဲ့နေရာဆိုတာလည်း မှန်ပါတယ်။ ကိုယ့်မြို့နယ် က မွေးဖွားပြီး နာမည်ရစာရေးဆရာတွေကို စာမူမတောင်းပဲ လျစ်လျူရှုတာမျိုးတွေမလုပ်အပ်ဘူး။ ဒါ့ထက် မလုပ်အပ်တာက ကိုယ့်မြို့နယ်ကထွက်တဲ့ စာရေးဆရာစာရင်းပြုစုတဲ့အခါမှာ ကိုယ့်မြို့မှာ တနှစ် နှစ်နှစ်လောက်ကျောင်းနေခဲ့ဖူးတဲ့ နိုင်ငံကျော် စာရေးဆရာကျတော့ ကိုယ့်မြို့နယ်စာရေးဆရာစာရင်းထဲထည့်ပြီး ကိုယ့်မြို့နယ်သားစာရေးဆရာ စစ်စစ်တွေကို တော့ ချန်ထားတာမျိုးတွေပေါ့။ ဒါတွေဟာ စာပေအမြင်ကျဉ်းမြောင်းရုံမက အောက်တန်းပါကျသွားတယ်။

ဒါ့ထက်ဆိုးတာကတော့ မြို့နယ်စာနယ်ဇင်းတွေကဦးစီးကျင်းပတဲ့စာပေဟောပြောပွဲတွေမှာ လူမစည်တတ်ဘူး။ ကိုယ်နဲ့နီးစပ်တဲ့စာပေပန်တျာတွေကိုခေါ်ဟောခိုင်းတာကိုး။ စာပေပန်တျာတွေကို စာဖတ်ပရိတ်သတ်တွေက စိတ်မှမဝင်စားတာ။ စာသမားဆိုတာ ခေတ်ကိုဦးဆောင်နိုင်ရမယ်။ ကိုယ်ကိုယ်တိုင်ကမှခေတ်ဆွေးဖြစ်နေလေတော့ ခေတ်ကိုဘယ်လိုလုပ် ဦးဆောင်နိုင်မှာလဲ။

အငြိမ့်တို့ဇာတ်တို့မှာ သူတို့ကိုယ်တိုင်သာသိတဲ့ ဝေါဟာရတွေရှိတယ်။ အမျိုးသမီးရဲ့ရင်သားကို ‘အောရိန်း’ လို့ခေါ်ပြီး တင် သားကို “ဗလ” လို့ခေါ်တယ်လို့ကြားဖူးတယ်။ ငါးခြောက်ကို ‘ကကြီး’ တဲ့။ ဝက်သားကိုတော့ ‘ဝ’ တဲ့။ ထမင်းကို ‘ပုန်း’ တဲ့။ အဲဒီလိုပဲ အငြိမ့်တို့ဇာတ်တို့က သဘင်သည်တွေကို ‘ဗလပ်’ လို့ ခေါ်သတဲ့။ မန္တလေးစာပေသမားတွေကတော့ လူတယောက် က ကြုံသလို ညားသလိုပြောတတ်တဲ့သူကို ‘ဒီလူက ဗလပ်ပဲ’ လို့ပြောတတ်ကြတယ်။ ကျနော်တို့စာပေလောကမှာလည်း ‘စာပေဗလပ်’ တွေက အများသား။

နမူနာလေးတခုပြောပြမယ်။ စာပေဗလပ်တွေရဲ့လုပ်ပုံ။

နာမည်ကြီး ပရဟိတကျောင်းတကျောင်းကို စာပေဗလပ်က တခုခုသွားလှူဒါန်းပြီး စာပေဟောပြောပွဲလုပ်ဖို့စည်းရုံးလိုက်တယ်။ သူအပါအဝင် အခြားနာမည်ကြီးစာရေးဆရာ တယောက်ကို ဖိတ်ခိုင်းတယ်။ အဲဒီနာမည်ကြီးစာရေးဆရာက သူနဲ့လည်း အရမ်းရင်းနှီးပါတယ်ပေါ့။ သူကိုယ်တိုင်ဖိတ်ပေးပါ့မယ်ပေါ့။ အဲဒီလိုနည်းနဲ့ စာပေဗလပ်က သူ့ကိုယ်သူ ပရိုမိုရှင်း လုပ်လိုက် တာပေါ့လေ။ ပါးပါးလေးပါပဲ။ ချိတ်တွဲလို သွားတိုက်ဆေးနဲ့တွဲပြီး အစွံရောင်းတာပေါ့။ တချို့ စာရေးဆရာလေးများဆို နာမည်ကြီးစာရေးဆရာအတွက် ‘ဂုဏ်ပြုလက်ဆောင်’ တောင် ကိုယ့်အိတ်ထဲကစိုက်ပြီး တွဲဟောစေတာမျိုးတွေ ကြားရလေ ရဲ့။

အကောင်းမြင်ဘက်ကကြည့်မယ်ဆိုရင်တော့ စာပေသာသနာပြုကြတာပေါ့လေ။ ကောင်းပါတယ်။ စာရေးဆရာကြီးတွေကို မနင်းဖို့ပဲလိုတာပါ။ စာရေးဆရာဆိုတာလည်း လူတိုင်းဖြစ်နိုင်တာမဟုတ်ဘူးမို့လား။ တခုတော့မေးစရာရှိတယ်။ စာဟော ဆရာအဖြစ် နာမည်ကြီးရင် ဘာဆက်လုပ်ချင်တာလဲ။ ခေတ်ကလည်း စာဟောဆရာတွေခေတ်ဖြစ်နေလေတော့ ကျနော့် ဉာဏ်နဲ့ လိုက်မမီနိုင်တာတွေလည်း ရှိနိုင်သေးတာပေါ့လေ။

အံမယ် …. စာရေးဆရာတိုင်းလည်း မွဲတယ်မထင်လိုက်နဲ့။ အချို့စာရေးဆရာတွေက ချမ်းသာပါ့ဗျာ။ စာရေးလို့စာမူခရပြီး ချမ်းသာတာမျိုးတော့ မဟုတ်ပါဘူး။ ဒီတိုင်းပြည်မှာ စာမူခနဲ့လည်း မချမ်းသာနိုင်ပါဘူး၊ (မှတ်ချက်။ ။ မေတ္တာရှင်မပါ) အခြားလုပ်ငန်းတွေရှိလို့ချမ်းသာတာပါ။ နယ်အဝေးကိုတောင် ကိုယ်ပိုင်ကားကြီးနဲ့လာသတဲ့။ တချို့ဆို လူကြီးလမ်းကြောင်းလို ယာဉ်တန်းကြီးနဲ့ သူ့အလှည့်ဟောခါနီးမှ မီးတန်းကြီးထိုးပြီး ရောက်လာသတဲ့။ အဲဒါမျိုးတွေလုပ်တာက စာပေဗလပ်တွေပါ။
စာပေဟောပြောပွဲစင်ပေါ်ရောက်တာနဲ့ ဗိုလ်ချုပ်အောင်ဆန်းအကြောင်းတွေ အမြုပ်  ထွက်အောင်ပြောမယ်။ ဗိုလ်ချုပ်အောင်ဆန်းမပြောခဲ့တဲ့စကားတွေကိုပြောပြီး ပရိတ်သတ်လက်ခုပ်သံချူတယ်။ စာပေဗလပ်ရဲ့ဟန်ပန်အမူအရာနဲ့ဖောတွေထဲနားထောင်တဲ့ပရိတ်သတ်ကမျောပြီး လက်ခုပ်တွေတီး သြဘာတွေပေးတယ်။ စာပေဗလပ်တွေက စာဖတ်အားနည်းတဲ့ ပရိ သတ်တွေကို အပြောမှား အဆိုမှား ဒဿနာအမှားတွေနဲ့ ‘မှိုင်း’ တိုက်ကြတယ်။

တချို့စာရေးဆရာတွေက စင်နောက်မှာတင်မကဘဲ စင်ပေါ်မှာ ဟောရင်း ရေလိုလိုနဲ့ အရက်ကိုပေါ်တင်သောက်ကြတယ်။ တချို့စာရေးဆရာက ကိုယ့် ဒါဘယ်ဘလက်ပုလင်းနဲ့ ကိုယ်လာတယ်။ မပြည့်မစုံနဲ့ စီစဉ်ကြရတဲ့ စာပေဟောပြောပွဲဖြစ်မြောက်ရေးကော်မတီတွေ မျက်နှာငယ်ကြရတယ်လို့ ကြားနေရတယ်။

စာရေးဆရာတွေရဲ့ဘဝက ရပ်တည်ရေးက ခက်ပါတယ်။ စာပဲရေးတတ်တဲ့လူက တခြားအလုပ်လည်း မလုပ်တတ်ဘူး၊ တကိုယ်တော်လုံးချင်းထုတ်ပြီး ရပ်တည်နိုင်ခဲ့တဲ့သူတွေတောင် စာအုပ်ဈေးကွက်က ပျက်သလောက်ဖြစ်နေတော့ အခက် အခဲတွေနဲ့ကြုံတွေ့နေရတယ်။ ကိုယ့်ဟောပြောပွဲတွေမှာ ကိုယ့်စာအုပ် ချရောင်းနေရတဲ့ဘဝတွေ ရောက်နေကြတယ်။ Door to Door ပဲဆိုပါတော့။ နောက်များဆို ‘ဟောဒီက စာအုပ်ပူပူနွေးနွေးတွေ ရမယ်’ လို့များ လမ်းတကာလှည့်ပြီး အကြော်သည် တွေလို အော်နေကြရလေမလား။

နာမည်ကြီးစာရေးဆရာ စာဟောဆရာတွေကိုမေတ္တာရပ်ခံချင်တာက နယ်လေးတွေက စာပေဟောပြောပွဲဖြစ်မြောက်ရေး ကော်မတီလေးတွေ စိတ်ညစ်အောင် စိတ်ကုန်အောင် မလုပ်ကြစေချင်ဘူး။ စာပေဟောပြောပွဲနဲ့ စာရေးဆရာဆိုတာ ကျွန်းကိုင်းမှီ ကိုင်းကျွန်းမှီပါ။ စာဖတ်သူတွေ စာချစ်သူတွေရှိမှ စာရေးဆရာတွေ ရပ်တည်နိုင်မှာပါ။ တကယ်တော့ စာပေဟောပြောပွဲဖြစ်မြောက်ရေးကော်မတီတွေဟာ စာရေးဆရာနဲ့စာဖတ်ပရိတ်သတ်တွေကြားက ပေါင်းကူးတံတားတွေပါ။ တချို့ စာ ရေးဆရာကြီးတွေက ကိုယ်ဟောပြီးတာနဲ့ နောက်ဆရာတွေကိုမစောင့်ဘဲ ကိုယ်ဆက်သွားချင်တဲ့နေရာအတွက် သီးသန့်အမြန်စီစဉ်ခိုင်းတာမျိုးတွေတောင် ရှိတယ်လို့ကြားရတယ်။ စာပေဟောပြောပွဲတွေ ခေတ်မှိန်ခဲ့တာကို စိတ်ထိခိုက်အောက် မေ့ရင်း စာပေဟောပြောပွဲတွေ ပြန်လည်ရှင်သန်လာတာကို စာရေးဆရာတွေ တန်ဖိုးထားကြစေ ချင်တယ်။

အဆိုးမြင်တွေနဲ့ရေးနေတယ်လို့မယူဆပါနဲ့။ ကောင်းစေချင်တဲ့စေတနာနဲ့ ချစ်လို့ရေးတယ်မှတ်ပါ။ တကယ့်ယုံကြည်ချက် ခံယူချက်အပြည့်နဲ့ ခရီးအဝေးကြီးတွေအထိ ဒုက္ခခံလိုက်ဟောပေးနေတဲ့ စာရေးဆရာတွေကိုလည်း တန်ဖိုးထားလေးစားပါ ကြောင်း၊ ဒီနေရာကနေ ရေးပါရ ပြောပါရစေ။

မြန်မာစာပေလောကရဲ့လတ်တလောအခြေအနေဆိုးဝါးနေတာကို စာသမားတိုင်အသိပါပဲ။ ဒီဆောင်းပါးကြောင့် အနာရှိလို့ စပ်ကြရင်လည်း အဆိုးမမြင်လိုက်ပါနဲ့။ အနာကျက်ဖို့ဆိုရင် အနာကိုဆေးရုံတွေမှာ ဆေလိုင်းဆားငံရည်နဲ့အရင် ဆေးကြရ တယ်မဟုတ်လား။ အနာရှိိလို့ စပ်သွားကြရင်လည်း စပ်ပြီးရင် အနာအမြန်ကျက်ကြပါစေ။

ကြည်ဇော်ဝင်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
MoeMaKa English Site

Related posts

Tags: , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:ရသဆောင်းပါးစုံ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments