သုဒ္ဓ ● တောပင်တောလုံး နှံ့ပါလို့

November 4, 2018

● တောပင်တောလုံး နှံ့ပါလို့
(မိုးမခ) နိုဝင်ဘာ ၄၊ ၂၀၁၈

အတွဲ (၆)၊ အမှတ် (၁) ဇွန်လ၊ ၂၀၀၈ ထုတ် မဂ္ဂဇင်းမှ ကူးယူဖော်ပြခြင်းဖြစ်သည်။


ဂျပန်တွေက နွေဦးပေါက်ကို ‘မျက်စိဥတု’တဲ့။ ဆောင်းဦးကိုကျ ‘နားဥတု’ တဲ့။ ဆိုလိုတာက နွေဦးမှာ သစ်ပင်တွေက အပွင့် ဆောင်ကြလို့ မြင်သမျှက ကြည့်စရာဖြစ်နေတာ။ ပြီးတော့ မနက်မနက် မြူတွေဝေ့နေတာမျိုးကလည်း မျက်စိပသာဒ ဖြစ်တာ ကိုး။ ဆောင်းဦးကျ အကောင်ပလောင်တွေ မြည်ကြလို့နားသောတ ဖြစ်ရတယ်။ ဒါပေမဲ့ သည်ပိုးကောင်မြည်သံတွေက ကြားရသူမှာ ကြေကွဲစရာလည်း ဖြစ်ရသတဲ့။ ကုန်လွန်ခဲ့တဲ့နှစ်ကာလတွေ လူမျက်နှာတွေ မမြဲခြင်းတရားတွေကို မှတ်မိ အောင် အသံပြုနေကြသလိုပဲတဲ့။ ဒီတော့ နွေဦးဟာ ကတိကဝတ်နဲ့ မျှော်လင့်ချက်တို့ နိုးထရာ ကာလဆိုရင်၊ ဆောင်းဦးက တော့ ပြန်ပြောင်းသတိရစရာတွေ နောင်တတွေနဲ့ ပြည့်နေတဲ့ ကာလပါတဲ့။ ဆောင်းဦးပေါက်တာနဲ့ ရောက်လာတတ်တဲ့ အကောင်ပလောင်ကတော့ ပုစဉ်းပါပဲ။ ဒါပေမဲ့ ပုစဉ်းက အသံမမြည်ဘူး။ နားဥတုရဲ့အသံမပြုတတ်တဲ့ သတ္တဝါတစ်ခု။ ဂျပန် မြေ နေရာတကာမှာ သင်မြင်ရမှာက ဒီပုစဉ်းတွေ ဟိုမှသည်မှ ဝဲကာပျံလေတည့်မှ ဝဲကာပျံလို့ အသံမဲ့ပြဇာတ်ကို ကပြနေကြ တာကိုပဲ။

ဂျပန်ပြည်ကို ရှေးကခေါ်ကြတဲ့ နာမည်တစ်ခုက ‘ပုစဉ်းတို့မြေ’ တဲ့။ ပုစဉ်းတွေ ပေါတာအပြင်၊ ဂျပန်ကျွန်းနိုင်ငံရဲ့ ပုံသဏ္ဌာန် ကိုက ပုစဉ်းတကောင်နဲ့ တူသလိုလို ရှိတာကိုး။ ပုစဉ်းတို့မြေဆိုတဲ့ အတိုင်း ဂျပန်မှာ ပုစဉ်းတွေက အမျိုးမျိုးရှိတာ။ ခေတ်အ ဆက်ဆက် ကဗျာထဲ ထည့်ရေးခံရတဲ့ ပုစဉ်းမျိုးစိတ်ပေါင်းကိုက သုံးဆယ်ကျော်ပါတယ်။ ဆောင်းဦးရာသီမှာ ပုစဉ်းပျံချိန်ဆို တာလည်း ပုစဉ်းတမျိုးနဲ့ တမျိုး မတူဘူးတဲ့။ ပိုလှတဲ့ပုစဉ်းက ဆောင်းဦးရာသီရဲ့နှောင်းပိုင်းမှ ထွက်ပျံကြတာ။ ဆောင်းဦးဇာတ် သဘင်မှာ ရှေ့ထွက်ပုစဉ်းတွေထက် နောက်ပိုင်းပုစဉ်းတွေက ပိုလှတယ်လို့ ဆိုချင်တာ။ ရှေးက ဂျပန်စာဆိုကြီးတွေကတော့ ပုစဉ်းတွေကို အုပ်စု ၄ ခု ခွဲသတဲ့။ ပုစဉ်းဝါ၊ ပုစဉ်းစိမ်း၊ ပုစဉ်းနက်၊ ပြီးတော့ ပုစဉ်းနီ တဲ့။ ဆောင်းဦးဝင်ပြီဆိုတာနဲ့ အစောဆုံး ထွက်လာကြတာက ပုစဉ်းဝါတွေပေါ့။ နောက်မှ ပုစဉ်းစိမ်းနဲ့ အပြာအချို့၊ ပြီး ပုစဉ်းနက်ဆိုပြီး သူ့ဝတ်ရုံနဲ့သူ ဝတ်ပြီး အစဉ် လိုက် ထွက်လာတာ။ ဆောင်းဦးရာသီကုန်ခါနီး နောက်ဆုံးမှ ရောက်လာပြီး၊ နောက်ဆုံးမှ ပျောက်ကွယ်သွားကြတာကတော့ နောက်ပိုင်းမင်းသမီးဖြစ်တဲ့ ပုစဉ်းနီတွေပဲ။ ပုစဉ်းနီတွေ မရှိတော့ဘူးဆိုမှ ဆောင်းဦးရာသီကုန်တာပါ။

ဒီတော့ ကဗျာဆရာတွေအတွက် ဆောင်းဦးရာသီမှာ စာဖွဲ့ဖို့အဓိကပုစဉ်းအစစ်က ‘ပုစဉ်းနီတွေ’ ပဲ။ ပုစဉ်းနီတွေ မလာမချင်း ဆောင်းဦးပေမဲ့ မပီသေးသလို၊ ပုစဉ်းနီတွေရောက်လာပြီဆိုမှပဲ ဆောင်းဦးပီပီ ရောက်တယ်လို့ သတ်မှတ်တယ်။ ပုစဉ်း အကြောင်း ဂျပန်စာဆိုတွေ ကဗျာဖွဲ့လာတာ ရာစုပေါင်း ဆယ်ခုကျော်ခဲ့ပါပြီ။ ဒီနေ့အထိလည်း စာဆိုတွေက ကဗျာဖွဲ့ဖို့အကြောင်းအရာရွေးတိုင်း ပုစဉ်းအကြောင်းဟာ ထိပ်ဆုံးက ပါစမြဲ။

ပုစဉ်းမျိုး စုံသလို၊ ပုစဉ်းကဗျာတွေလည်း စုံတယ်။ တခါတခါ ပုစဉ်းတောင်ပံကို နတ်သမီးတောင်ပံနဲ့ ခိုင်းနှိုင်းဖွဲ့လား ဖွဲ့ရဲ့။ တခါတခါ ပုစဉ်းပျံပုံ ဝဲပုံကိုပဲ ဖွဲ့လား ဖွဲ့ရဲ့။ ပုစဉ်းပျံတာ ဝဲတာကလည်း ကဗျာဖွဲ့ချင်စရာပေပဲကိုး။

ပျံသန်းနည်းမျိုးစုံကို ပုစဉ်းတွေ တတ်ကျွမ်းပါသတဲ့။ မြားပြေးသလိုလည်း ပျံနိုင်တယ်။ စွန်ဝဲသလိုလည်း ပျံနိုင်တယ်။ ငြိမ်ငြိမ် နဲ့ ငြိမ့်ငြိမ့်လေးလည်း ပျံနိုင်တယ်။ ပေါ့ပေါ့ပါးပါး ဇော်က ကသလိုလည်း ပျံနိုင်တယ်။ နတ်မြင်းပျံသို့လည်း မြူးမြူးကြွားကြွား ပျံနိုင်တယ်။ အထူးခြားဆုံးနဲ့ ကဗျာဆရာတွေ အငြိဆုံးက ပုစဉ်းများဟာ တည့်တည့်ပျံနေရာက အခြားအရပ်မျက်နှာတခုဆီကို ရုတ်ချည်းပြန်ပြောင်းနိုင်တယ်။ ပုစဉ်းကွေ့ ကွေ့တယ်လို့ခေါ်တယ်။ နောက်ပြန် ရှေ့ပြန် ကျွမ်းပစ်တဲ့အပျံမျိုးလည်း ပျံနိုင် တယ်။ ဒန်းစီးသလိုလည်း နိမ့်ချည်မြင့်ချည် ပျံနိုင်တယ်။ ဒုံးပျံလွှတ်သလိုလည်း ထောင်တက်နိုင်တယ်။ သစ်သီးကြွေသလို ထိုးစိုက်လို့လည်း ဆင်းနိုင်တယ်။ ပန်းဝတ်မှုန်ကြွေကျသလိုလည်း လေမှာ လွင့်ဝဲနိုင်သေးတယ်။ ပုစဉ်းပျံတာကိုက စာဆိုကို ညှို့ယူလို့ လင်းပွင့်မှုအမျိုးမျိုး ပေးနေသလို ဖြစ်နေတာ။ ဒီတော့ စာဆိုအဖို့ မဖြစ်မနေ ကဗျာဖွဲ့ကို ဖွဲ့ရတော့တာပါ။ ဂျပန်စာ ဆိုတွေ နှစ်ပေါင်းထောင်ချီ ရေးလာကြတဲ့ ပုစဉ်းကဗျာပေါင်း သောင်းခြောက်ထောင်ထဲက အချို့ကို မြန်မာလို ပြန်ရေးမိတယ်။

မိုက်လိုက်တဲ့ ပုစဉ်းမျိုး
သူ့အမြီးနဲ့
ဘုရားကျောင်းက
ခေါင်းလောင်းကြီးကို ထိုး။

ခေါင်းလောင်းပေါ်မှာ ပုစဉ်းနားတာကို ဖွဲ့တာပါပဲ။ ဒါပေမဲ့ ပုစဉ်းကလေးက သူ့အမြီးနဲ့ ခေါင်းလောင်းကို တို့ချည်ထိချည် ဖြစ် နေတာ။ ပုစဉ်းခွန်အားနဲ့ ထိရုံလောက်နဲ့ ခေါင်းလောင်းကြီးက မြည်ဖို့ဝေးစွ တုပ်တုပ်မှ လှုပ်မယ်မထင်။ ခါကျဉ်ကောင် မာန်ကြီးလို့ တောင်ကြီးဖြိုမယ်ကြံ ခါးကမသန်။ ပုစဉ်းကောင် မာန်ကြီးလို့ ခေါင်းလောင်းတီးမယ်ကြံ အမြီးကမသန်။ စာဆိုက ပုစဉ်းကို ဘယ်လိုပင် မိုက်မဲတယ်ပြောလည်း၊ ဘုရားကျောင်းက ခေါင်းလောင်းမှာနားတဲ့ ပုစဉ်းမိုက်လေးကိုတော့ ကဗျာ ဖတ်ရင်း သနားချစ်ခင် ဖြစ်မိတာပါပဲ။

ပုစဉ်းနီနီတွေ
ကန်ရေပေါ် ပျံဝဲ
အနီရောင်ဟာ ပိုနီရဲ။

…အော်တမ်ရာသီရဲ့ နောက်ပိုင်းမင်းသမီးချောတွေဖြစ်တဲ့ ပုစဉ်းနီတွေဟာ တကောင်ချင်းပျံတာ မဟုတ်ဘူး။ အုပ်စုဖွဲ့ပြီး ပျံ လေ့ရှိတယ်။ ပုစဉ်းနီအုပ်ကြီး ပျံနေတာက နီလို့ရဲလို့။ ဒီကြားထဲ ပျံရင်းပျံရင်းက ကန်ပေါ်ကို ဖြတ်ပျံတော့ ပုစဉ်းနီအုပ်ကြီးက ကန်ရေမှာ အနီအရိပ်ထင်။ မူလပုစဉ်းနီအုပ်ကြီးရဲ့အနီရောင်ဟာ လေထဲမှာရော ရေထဲမှာပါ ပေါ်နေပြီး နှစ်ဆ ပိုနီလာ။ ဒီလို ထင်ထင်ရှားရှား နီရဲလာဖို့ဆိုရင် ရေဟာ ကြေးမုံပြင်အလား ငြိမ်သက်နေဖို့တော့ လိုအပ်ပါတယ်။

ပုစဉ်းခမျာ သနားစရာ
ငါးပေခြောက်ပေစာ နေရာမှာ
သူ့ကောင်းကင်ကြီး ထင်နေရှာ။

ပုစဉ်းတကောင် လူးတည့်လူးလာ ပျံနေတဲ့ဧရိယာဟာ တကယ့်အာကာသကောင်းကင်ကြီးနဲ့ စာရင် နေရာကျဉ်းကျဉ်းလေးပါ။ ရှိလှ ငါးပေခြောက်ပေ၊ မြှောက်ဦးတော့  ပေသုံးဆယ် ပတ်လည်သာ။ ဒီနေရာအကျယ်အဝန်းလေးကိုပဲ ပုစဉ်းခမျာ သူပိုင်တဲ့ သူ့ကောင်းကင်ကြီး အထင်လုပ်ပြီး နေနေတာ။ ဆရာဇော်ဂျီရဲ့ ဗေဒါလမ်း ‘ပန်းခဲ့သည်ပဲ’ ကဗျာထဲက ငါးပျံကိုတောင် သတိရသွားပါတယ်။ သူ့ကိုယ်သူပင်လျှင် ဘာထင်လေမသိ၊ ဘယ်ပြောင်းညာပြန်နဲ့၊ ဟိုငါးပျံ လတာစွန်းမှာ၊ သူ့ကျွမ်းဟန်ချည့်။

ပုစဉ်းဆိုတာ အပျော်ကောင်ပါ
ပျော်ဖို့တခုပဲ သူသိတာ
ပူမှုပန်မှု အစုစုရှိ
ဘာတခုမှ သူမသိ။
ဘယ်တော့မှလည်း သူ မငို၏။

ပျော်မှာပေါ့။ တကောင်တည်း ထီးထီးကျန်ကျန် ပျံနေရတဲ့ ပုစဉ်းရယ်လို့မှ မရှိဘဲ။ အဖော်နဲ့ အပေါင်းနဲ့ ပျံရတာ။ ပူမှုဆွေးမှု ကြီးတခုနဲ့ သူ့ဘဝကိုသူ စတေးပစ်တဲ့အလုပ်တော့ ပုစဉ်းက ဘယ်တော့မှ မလုပ်ဘူး။ မျက်လုံးကြီးနှစ်လုံး ရဲနေအောင် ငိုနေ မှာလည်း မဟုတ်ပါဘူး။ အသားအရောင် ပုစဉ်းမျိုးနွယ် ခွဲခြားခြင်းမရှိဘဲ အရောင်စုံ အသွေးစုံ အတူတကွ ပျံသန်းပျော်ရွှင် နေနိုင်ကြတာကပဲ ပုစဉ်းတွေရဲ့ အရည်အသွေးတရပ်မဟုတ်လား။

သနားစဖွယ်
မျက်လုံးရယ် ကြောင်တောင်တောင်နဲ့
ပုစဉ်းကောင်လေး။
ရွှေပင့်ကူ သူဆင်တဲ့
အိမ်အသွင် ထောင်ချောက်နားကိုမှ
(သွားသွားလို့)
ကစား ကစားချေသေး။

ပုစဉ်းမှာလည်း အသွားမတော် တစ်လှမ်းဆိုတာ ရှိတာပဲ။ ပင့်ကူအိမ်ထဲ သွားမိရင် သေတဲ့အထိ ထွက်မရဘဲ ငြိနေတတ်တယ်။ စွန့်စားရတာ ကြိုက်တဲ့ပုစဉ်းမျိုးကျတော့လည်း ပင့်ကူအိမ်နား သွားသွားပြီး ပျံတတ်ကြတယ်။ ငြိကာမှ ငြိရော။

ကြည့်ကြည့်
သူ့ကိုထုထားတဲ့ ခဲပေါ်မှာ
ပုစဉ်းနားနေ၏။

ပုစဉ်းက ပျံချင်တဲ့နေရာ ပျံသလို၊ နားတော့လည်း နားချင်တဲ့နေရာ နားလိုက်တာပဲ။ မြက်ဖျားမှာ နားတယ်။ နွားချိုမှာ နားတယ်။ ဘုရားကျောင်းက ခေါင်းလောင်းမှာ နားတယ်။ ရာဇပလ္လင်မှာလည်း နားတယ်။ လယ်သူမ ခမောက်မှာ နားတယ်။ အခုကဗျာမှာတော့ ကျောက်စရစ်ခဲပေါ်မှာ နားတယ်။ အဲဒီကျောက်စရစ်ခဲကလည်း စောစောကမှ တယောက်ယောက်က သူ့ကို လှမ်းထုထားတဲ့ ခဲပါ။ ခဲက သူ့ကိုမမှန်ဘဲ မြေပေါ်ကျနေတာ။ သူက ခဲပေါ်မှာ သွားနားတာ။ မှန်အောင် မပစ်နိုင်တဲ့သူအဖို့ ဒီမြင်ကွင်းဟာ တော်တော် အခဲမကျေစရာ တော့ ဖြစ်မှာပဲ။ ပုစဉ်းကတော့ ခဲကျေအောင် နားမယ့်ပုံ။

ပုစဉ်းမျက်နှာ ထောက်ထားစရာ
ဘာဆိုဘာမှ မရှိပါ
တခုတော့ ရှိပါ၏
သူ့မျက်လုံးတွေ ကြည့်။

ပုစဉ်းတွေမှာ မျက်နှာရယ်လို့မှ သတ်သတ်မှတ်မှတ် ရှိတာမဟုတ်ဘဲ။  ဒီတော့ ပုစဉ်းမျက်နှာဆိုတာလည်း ဘာမှမဟုတ် ဘူး။ သူ့မျက်လုံးကြီး နှစ်လုံးနဲ့တင် သူ့မျက်နှာနဲ့ မဆံ့သလောက် ဖြစ်နေရှာတာ။ ပုစဉ်းမျက်နှာဆိုတာ ပုစဉ်းမျက်လုံးပါပဲ။ စာဆိုက ဒါကို ဖွဲ့တာ။

ပန်းခင်းကြီး ကျယ်ပြော၏
မျက်ခွံတဝက် ကာမကြည့်
ပုစဉ်း သူ့မျက်စိ။

ဒါလည်း ပုစဉ်းမျက်လုံး ကြီးမားတာကို ဖွဲ့တာပဲ။ လူတွေဆို ဝေးဝေးကို လှမ်းကြည့်ချင်ရင် မျက်ခွံကလေးမှေးတဲ့ပြီး လိုအပ်ရင် လက်ကလေးပါ ကာလို့၊ ဝေးဝေးကို မြင်ရအောင် အားထုတ်ကြည့်ရတယ်။ ပုစဉ်းမျက်လုံးတွေမှာတော့ ဘာမျက်ခွံမှလည်း ဖုံးစရာ ကာစရာမရှိ။ ပန်းခင်းကြီး ဘယ်လောက်ကျယ်ကျယ် ဝေးဝေး ဒီမျက်လုံးကြီးတွေနဲ့အတိုင်း ကြည့်ရတာပါပဲ။ ဒါကြောင့်ပဲ သူတို့ခမျာ ပန်းခင်းတခလုံးမြင်ရအောင် အနှံ့အစပ် လျှောက်ပျံနေကြရသလားမသိ။

ပုစဉ်းခင်ဗျား
အမြဲ စိတ်တိုနေသလားဗျ
ခင်ဗျားဆီက
ကျုပ် ဘာသံမှ မကြားရ။

ရှေ့မှာ ပြောခဲ့သလို ပုစဉ်းများဟာ နားဥတုရဲ့တိတ်ဆိတ်ပိုးကောင်တွေပါ။ ပိုးပုရစ်တွေ ဆူညံလွန်းတဲ့အော်တမ်ရာသီမှာ ပုစဉ်းတွေဟာ အသံမထွက်တဲ့အကောင်တွေ။ တချို့ဦးစိတ်တိုတွေ ဒေါသထွက်ပြီး ငြိမ်ကုပ်နေတဲ့အခိုက်အတန့်ကို ကဗျာဆရာက သတိရသွားတယ်ထင်ပါရဲ့။ ပုစဉ်းဆီက အသံထွက်လာအောင် စာဆိုက သွားစတယ်။ ခင်ဗျားအမြဲတစေ ငြိမ်တိတ်နေတာဟာ ခင်ဗျား အမြဲ စိတ်တိုနေလို့လားတဲ့။

ပုစဉ်းပျံပုံ အမျိုးမျိုးရှိသလို ပုစဉ်းဖမ်းပုံကလည်း နည်းအမျိုးမျိုးရှိသတဲ့။ ပိုက်နဲ့ဖမ်းတာရှိသလို ဝါးလုံးနဲ့ ဖမ်းတာလည်း ရှိသတဲ့။ ဆံပင်ရှည်မှာ တဖက်တချက်က ခဲလုံးချည်ပြီး ဘိုလာကရိယာ ပစ်သလို ပစ်ဖမ်းတာလည်း ရှိတယ်။ ပုစဉ်းမုဆိုးလုပ်ပြီး ဖမ်းသာဖမ်းတာ ပုစဉ်းကလေး ထိမိခိုက်မိ ရှိမှာတော့ ပူရသတဲ့။ ဖမ်းရင်းနဲ့ ပုစဉ်း အထိနာသွားရင် ဖမ်းသူ ကံဆိုးတတ်တယ်လို့ ယုံကြသေးတာ။ ပုစဉ်းဟာ မင်းတို့ရဲ့ဝိညာဉ်ပွားပဲ၊ ပုစဉ်းအထိနာသွားရင် မင်းတို့ကျောင်းမှာ စာဘယ်လောက်သင်သင် မတတ်ဘူးလို့ လူကြီးတွေကလည်း ဖြဲခြောက်ထားသေးတာ။ ဒီတော့ ပုစဉ်းဖမ်းခြင်းအမှုဟာ သိမ်သိမ်မွေ့မွေ့ လုပ်ရတဲ့အလုပ်။ ကလေးတွေ လုပ်ကြတာ။

နေလုံးရယ်ကျော်
ကလေးတွေ ပေါ်မလာလို့
အိမ်ရှေ့ထွက် မျှော်။

မျှော်သာမျှော်
ပေါ်မလာ တကောင်မှတမြီး
ထမင်းမေ့ပါလို့
ဟင်းမေ့ပါလို့
ပုစဉ်းတွေ့သမျှ လှမ်းလက်ရွယ်တယ်
ဖမ်းခက် ဘယ်မပြီး။

ဂျပန်ပုစဉ်းဖမ်းကဗျာထဲက နောက်ထပ် နာမည်ကြီးတဲ့ကဗျာကတော့ ကဗျာဆရာမ ချိယိုရဲ့ ကဗျာပါ။ ချိယိုဆိုတာ ကန်းစွန်းနွယ်လေး ရေပုံးကြိုးမှာ နွယ်တက်နေတာမြင်တော့ ရေမငင်တော့ဘဲ၊ အိမ်နီးချင်းဆီကရေကိုပဲ တောင်းယူပြီး မျက်နှာသစ်လိုက်တယ်ဆိုတဲ့ကဗျာရဲ့ ပိုင်ရှင်ပါ။ ပုစဉ်းဖမ်းကဗျာကို ရေးတော့ သူ့ကလေး သေပြီးခါစအချိန်တဲ့။

ကလေးတွေ တကောက်ကောက်
လိုက်ဖမ်း ပုစဉ်းနောက်
ပုစဉ်းဖမ်းသမားလေး တယောက်
ဒီနေ့ ဘယ်ဆီရောက်။

ကဗျာဆရာမရဲ့ မြင်ကွင်းထဲမှာ ကလေးတွေ ပုစဉ်းလိုက်ဖမ်းနေကြတာ။ ခါတိုင်း သူ့ကလေး ရှိစဉ်က ကလေးငယ်ဟာ သည်ကလေးများနည်းတူ ပုစဉ်းဖမ်းတမ်း ဆော့လေ့ရှိတာ။ ဒီနေ့တော့ ပုစဉ်းမုဆိုးကလေးတွေထဲက တယောက်ကို သူ မမြင်မိပါလားတဲ့။ ကွယ်လွန်သွားတဲ့ သူ့ကလေးကို သတိရနေတဲ့ မိခင်တယောက်ရဲ့ စိတ်ကို ဖွဲ့တာပါ။

တကယ်တော့ ပုစဉ်းလိုက်ဖမ်းရတာလည်း မလွယ်ပါ။ ‘ဘယ် ဘယ်ကိုရယ်မိ လေကိုမိလို့’ ဆိုသလိုမျိုး လေကိုချည်း ဖမ်းမိ ဆုပ်မိတာက များပါတယ်။  ငယ်ငယ် ကလေးဘဝမှာ ပုစဉ်းဖမ်း ရတာ ပျော်တည့် ပျော်စရာ။ မြက်ဖျားမှာ နားအံ့ဆင်းလာ တဲ့ပုစဉ်းကို ဒူးညွှတ်ငုံ့ကိုင်းလို့ ဖမ်းတော့မယ်ပြင်။ ပုစဉ်းက ရုတ်တရက် ထပျံတော့ ခေါင်းမော့လို့ ဘယ်ဆီပျံသလဲ လိုက်ကြည့်ရ။ အရှေ့ဆီပြေးတော့ အရှေ့ဆီလိုက်ရ။ တခါ ဗြုန်းဆို ဦးတည်ချက်ပြောင်းသွားပြီး အနောက်ဆိုတော့ အနောက်ကိုတခါ လိုက်ရပြန်ပေါ့။ အရှေ့အနောက် တောင်မြောက်ဝဲယာ ထက်အောက်မှာလျှင် လူးတည့်လူးလာ ပျံတည့်ပျံ လာ။ ဖမ်းသူမှာ ယောက်ယက်ခတ်နေရတာ။ ပျံသူကလည်း ယောက်ယက်ခတ်နေတာ။ ဒါပေမဲ့ ပုစဉ်းတွေက အသံမ ထွက်ဘူး။ တိတ်တဆိတ် ယောက်ယက်ခတ်နေတဲ့ နားဥတုရဲ့ အသံမဲ့ပုစဉ်းကောင်တွေပါ။

နားတွေရဲ့ရာသီဥတုဖြစ်တဲ့ ဆောင်းဦးရာသီရဲ့ ပိုးကောင်တွေထဲက ဘာသံမှ မပြုတတ်တဲ့ တိတ်ဆိတ်ပုစဉ်းတွေကိုကြည့်ပြီး ဂီတကို ရယူခဲ့တဲ့ ပုဂ္ဂိုလ်တဦး မြန်မာပြည်မှာ ရှိခဲ့ဖူးပါတယ်။ နိမ့်မြင့်လူးလာ ပုစဉ်းပျံတာ တောင်ပံခတ်တာကိုကြည့်ပြီး ဆောင်းဦးမှာ နားတွေကို အလုပ်ပေးရာက စည်းနဲ့ဝါးနဲ့ထံတျာတေရှင်နဲ့ ဒလုဒလုနဲ့ မဟာဂီတကြိုးသီချင်းတပုဒ်ကို ဝန်ကြီးပဒေသရာဇာက ရေးဖွဲ့ခဲ့ဖူးပါတယ်။ ပုစဉ်းဖမ်းတဲ့ကလေးလို ယောက်ယက်ခတ်ပြီး သီရေးခဲ့တာတော့ ဟုတ်ဟန် မတူဘူး။ စာဆိုက ယောက်ယက်ခတ်နေရင် ဟစ်ပေါ့ဂီတ ဖြစ်သွားမှာ။ အခုဟာက မဟာဂီတ။ မဟာဂီတသင်ရိုးစာအုပ်ကြီးကို စလှန်လိုက်တာနဲ့ ပထမဆုံးတွေ့ရတဲ့ကြားရတဲ့ ‘ပုစဉ်းတောင်သံ ကြိုး’ပါပဲ။

တောပင်တောလုံး နှံ့ပါလို့လေး
ထက်စငယ် ကောင်းကင်
မိုးတည့် မိုးတိမ်ပြင်
စံရွှင် စံရွှင် ပျော်ပါး
ရွေဖော်တစုများငယ်နှင့်လေး။

ပုစဉ်းတွေ ပျံနေတာကို ဖွဲ့ဆိုခဲ့တာပါပဲ။ မဟာဂီတ ဖြစ်ခဲ့တယ်။ ဒါပေမဲ့ ပုစဉ်းတွေဆိုတာက အသံမမြည်ပါဘူး။ နားဥတုရဲ့အသံမပြုတတ်တဲ့ သတ္တဝါ တခုလေ။ ပုစဉ်းတွေရဲ့ တိတ်ဆိတ်မှုနဲ့ တိတ်တဆိတ်ယောက်ယက်ခတ်မှုဆီကနေ မဟာဂီတကို ရယူခဲ့ပုံပါပဲ။ အရ ယူခဲ့ပုံပါပဲ။

သုဒ္ဓ
မေ ၃၊ ၂၀၁၈

Ref: A Japanese Miscellany by Lafcadio Hearn


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments