ညိုထက်ညို ● ဘိုးဘိုးအောင်

November 5, 2018

● ဘိုးဘိုးအောင်
(မိုးမခ) နိုဝင်ဘာ ၅၊ ၂၀၁၈


ကျွန်တော့်ကို ၁၉၇၆ ခုနှစ်မှာ မွေးတယ်…
၁၉၈၂ ခုနှစ်ကိုရောက်တော့ ကျွန်တော် သူငယ်တန်းစတက်ရတယ်…
မှတ်မှတ်ရရ အဲဒီကတည်းက ကျွန်တော် မုန့်ဖိုးစရတယ်…
တရက်ကို ပြားနှစ်ဆယ်တဲ့ …

ကျွန်တော့်အတန်းက ညနေပိုင်းမို့ နေ့လယ်မုန့်စားဆင်းချိန်မှာ မုန့်စားဖို့ အမေက မုန့်ဗူးကလေးနဲ့ မုန့်သပ်သပ် ထည့်ပေးပေ မယ့် တခြားကလေးတွေလို ကျွန်တော်လည်း မုန့်ဝယ်စားချင်စားရအောင် ကျွန်တော့်ကို နေ့တိုင်း မုန့်ဖိုး ပြားနှစ်ဆယ် ပေး တယ်။

ဒါပေမဲ့ ငယ်ငယ်ကတည်းက ကျွန်တော်က အပြင်စာ မစားတတ်လို့ အိမ်ကထည့်ပေးလိုက်တဲ့ မုန့်ဗူးလေးထဲက ကိတ်မုန့် ဒါမှ မဟုတ် ပေါင်မုန့်ယိုသုတ်ကိုပဲစားရင်း မုန့်စားဆင်းချိန် ဆယ့်ငါးမိနစ်ကလေးမှာ မုန့်ဈေးတန်းမှာ အခြားကလေးတွေနဲ့ ဟိုလျှောက် သည်လျှောက် အချိန်ကုန်ရတယ်။

နှစ်တန်းရောက်တော့ ကျွန်တော့် မုန့်ဖိုးက တမတ်ဖြစ်လာတယ်…
လေးတန်းရောက်တော့ ကျွန်တော့် မုန့်ဖိုးက ငါးမူး ဖြစ်လာတယ်….
မှတ်မိနေပါသေးတယ်…. အဲဒီတုန်းက ငါးမူးစေ့အညို နဲ့ အဖြူဆိုပြီး နှစ်မျိုးရှိတယ်….
အဲဒီနှစ်မျိုးထဲက ငါးမူးစေ့အဖြူကြီးတွေကို ကျွန်တော်သဘောကျလွန်းလို့ အမေက ကျွန်တော့််ကို ငါးမူးစေ့အဖြူကြီးတွေ ရှာရှာပြီး တကူးတက မုန့်ဖိုးပေးရတယ်။ တခါတခါ မနက်ဈေးမှာ ဈေးဝယ်ရင်း ဈေးသည်က ပြန်အမ်းလိုက်တဲ့ ငါးမူးစေ့ အဖြူကြီးတွေဆို အမေ့မှာ ပြန်မသုံးရက်ဘဲ ကျွန်တော့်ကိုပေးဖို့ ယူယူလာရတယ်။

ကျွန်တော်က အိမ်ကထည့်ပေးလိုက်တဲ့ မုန့်ပဲ စားလို့ မုန့်ဖိုးကို သုံးဖို့မလိုလို့ ကျွန်တော် စုစုထားတာ ငါးမူးစေ့အဖြူကြီးတွေဆို ဆင်ရုပ်စုဗူးကြီးနဲ့အပြည့် တဘူးရှိတယ်။ ဒီလိုနဲ့ ကျွန်တော် ငါးတန်းရောက်တော့ အရွယ်လည်း နည်းနည်းကြီးလာလို့ အိမ်က မုန့်ထည့်မပေးတော့ဘဲ မုန့်ဖိုးကိုပဲ တိုးပေးလိုက်တယ်။ မှတ်မိနေပါသေးတယ်၊ ကျွန်တော်ရတဲ့မုန့်ဖိုးက တရက် နှစ်ကျပ်တဲ့။

ဒီလိုနဲ့ ကျွန်တော် ခြောက်တန်းတက်တဲ့ ၁၉၈၈ ခုနှစ်မှာ အရေးအခင်းဖြစ်တယ်။ အရေးအခင်းနဲ့အတူ ဆိုရှယ်လစ်ခေတ်ကြီး ပြိုပျက်သွားတော့တယ်။
…………………. ……………….. ……………………

မှတ်မှတ်ရရ ကုန်ဈေးနှုန်းတွေ သိသိသာသာတက်တဲ့ဇာတ်လမ်းက အဲဒီ ၁၉၈၈ မှာ နဝတလို့ ခေါ်တဲ့ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှု တည်ဆောက်ရေးအဖွဲ့ တက်ကတည်းက စတယ်။ အရင်ကလည်း ကုန်ဈေးနှုန်းတွေတက်ပေမယ့် ထင်ထင်ရှားရှားတက်တာ ကတော့ ၁၉၈၈ နောက်ပိုင်းမှာ စတယ်လို့ပဲ ကျွန်တော် မှတ်မိနေတယ်။

တက်လာတဲ့ကုန်ဈေးနှုန်းတွေနဲ့အညီ ကျွန်တော်ရတဲ့ မုန့်ဖိုးလည်း တက်လာတယ်။ မှတ်မိနေပါသေးတယ်၊ ဆယ်တန်းရောက် တော့ ကျွန်တော့်မုန့်ဖိုးက ဆယ့်ငါးကျပ်တဲ့။ မနက်ဆို စားပွဲပေါ်မှာ အမေက ဆယ့်ငါးကျပ်တန် တရွက်တင်ပေးပြီးသားပဲ။

အဲဒီတုန်းက လက်ဖက်ရည်ရှယ်တခွက်က လေးကျပ်လောက်ပဲ ရှိသေးတယ်ထင်တယ်။
အဲဒီတုန်းက သခင်ဖိုးလှကြီးပုံနဲ့ထုတ်ထားတဲ့ ၄၅ ကျပ်တန်တွေနဲ့ ဆရာစံပုံနဲ့ ထုတ်ထားတဲ့ ၉၀ တန်တွေ လှိုင်လှိုင်သုံးနေတုန်းမို့ အဲဒီတုန်းက အိတ်ထဲမှာ ၄၅ ကျပ်တန် တရွက်ထည့်ထားရင် တနေ့လုံးသုံးလို့ရနေတာကို ကျွန်တော်မှတ်မိနေတယ်။ ကျွန် တော် စက်မှုတက္ကသိုလ်စတက်တဲ့ ၁၉၉၅ မှာတောင်မှ ကျွန်တော် တရက်ကို မုန့်ဖိုး ၄၅ ကျပ်လား ၅၀ လားပဲရသေးတယ်။ ကျောင်းက ကင်တင်းမှာ ထမင်းစားရင် သုံးလေးဆယ်ဆို ကောင်းကောင်း စားလို့ရနေပြီပဲ။
ချွေချွေတာတာဆို အစိတ်လောက်နဲ့တောင် ဖြစ်သေးတယ်။ အဲဒီနောက် အဲဒီနောက် အဲဒီနောက်မှာတော့ အားလုံးသိကြတဲ့ အတိုင်း အစိုးရထုတ်တဲ့ငွေစက္ကူပေါ်က ဂဏန်းတွေပါ တက်လာတယ်။

၂၀၀ တန်တဲ့၊ ၅၀၀ တန်တဲ့၊ ၁၀၀၀ တန်တဲ့၊ ဘာတန်ထွက်ထွက် ကုန်ဈေးနှုန်းကတော့ ဟောခနဲ ဟောခနဲ တက်တာပဲ….
မှတ်မိနေပါသေးတယ်။ အဲဒီတုန်းက ဖွင့်ကာစ မဂိုလမ်းက ‘မေခလာ’ အထူးကုဆေးခန်းရဲ့တီဗီကလာတဲ့ ကြေညာထဲက ‘မေခလာ ရောက်တော့ ဝေဒနာပျောက်ရောပေါ့’ ဆိုတာကို လူတွေဖျက်ပြီး ‘မေခလာရောက်တော့ ငွေနှစ်ရာပျောက်ရောပေါ့’ ဆိုပြီး ဖျက်ပြောကြသေးတယ်။ မှတ်မိတတ်မယ်ဆိုရင်တော့ မှတ်မိစရာတွေကလည်း များပါတယ်။
………………… ………………. …………………

၁၉၈၀ အစောပိုင်း နှစ်တနှစ်နှစ်မှာထင်တယ်၊ တီဗွီကနေ ဦးနေဝင်းမိန့်ခွန်းပြောတော့ ‘ကြက်သား ဝက်သား ဈေးကြီးရင်လည်း ငါးကြင်းလေး ဘာလေးနဲ့ စားကြပေါ့’ ဆိုတာကို ကျွန်တော် မှတ်မိနေတယ်။ အဲဒီမိန့်ခွန်းပြောပြီး ဆယ့်လေးငါးနှစ် လောက် အကြာမှာ ဦးနေဝင်းပြောတဲ့ ငါးကြင်းလေး ဘာလေးတောင် လူတွေစားရခက်တဲ့ ဘဝရောက်နေပြီထင်တယ်။

ဘာတဲ့ မွေးငါးကြင်းတဲ့၊ ကျွန်တော်ဖြင့် မကြိုက်ပါဘူး၊ အရိုးများက များသနဲ့၊ မြစ်ထဲက သဘာဝငါးကြင်းဆူဆူပဲ ကြိုက် တယ်။ ဘာတဲ့ငါးမြစ်ချင်းတဲ့၊ ကျွန်တော်တို့ ရန်ကုန်သားတွေ ငယ်ငယ်ကကြားတောင်မကြားဖူးတဲ့ငါးတွေပါ ကြီးလာတော့ ကြားလာ ရတယ်။

ငယ်ငယ်က အိမ်မှာ တစ်ပတ်ကိုသုံးလေးခါလောက်ချက်နေကျ ငါးမြင်းဆိုရင် သူဌေးဈေးလို့ အရင်တုန်းက လူတွေသမုတ်တဲ့ ကျွန်တော်တို့ နားက ၃၈ လမ်းဈေးကလေးကပါ ‘ပျောက်’ သွားတယ်။

ဘာတဲ့ငါးမြင်းဆိုရင် သံဈေးမှာပဲ ရတော့သတဲ့။ ငါးမြင်းနဲ့အတူ ငယ်ငယ်က အိမ်မှာအပျော်မီးဖုတ်ပါ စားဖူးတဲ့ပုစွန်တုပ်ပါ ပျောက်သွားတယ်။

မနှစ်က ရန်ကုန်ကို သုံးလေးလပြန်တော့ မစားရတာကြာလို့ ငရုတ်ပွနဲ့ ပုစွန်ဘော့ချိတ်လေးချက်ခိုင်းပြီး စားမိပါတယ်၊ ဘော့ ချိတ်အတုနဲ့ ကျွန်တော်သွားတိုးတယ်။ ဘော့ချိတ်တော့ ဘော့ချိတ်ပါပဲ၊ ဒါပေမဲ့ အရင်ဘော့ချိတ်နဲ့ သိသိသာသာကြီးကို ကွာ နေလို့ ဘော့ချိတ်အတုလို့ပဲ ကျွန်တော်က နာမည်ပေးလိုက်တယ်။ ဘော့ချိတ်အစစ်ဆိုတာ အသားကိုက ကျစ်ပြီး ချိုနေတာ၊ ဘယ် ဒီလိုဖွယ်တယ်တယ် ပွစိစိကြီး ဘယ်မှာဟုတ်လို့လဲ။ အဒေါ်တယောက် အိမ်လာလည်လို့ မေးကြည့်တော့ သူတို့နားက ဈေးမှာလည်း ဒီအတိုင်းပါပဲတဲ့။ ပုစွန်တွေက မျိုးစပ်ကုန်ပြီတဲ့။ အရင် ဘော့ချိတ်လိုမျိုး မရတော့ပါဘူးတဲ့။ အဲဒီတော့မှ ဘော့ ချိတ်လည်း ငါးမြင်းနဲ့ ပုစွန်တွေလို ကျွန်တော်တို့ ၃၈ လမ်းဈေးကလေးကို တာ့တာပြပြီး သံဈေးကိုလိုက်သွားပြီဆိုတာ ကျွန် တော် သိလိုက်ရတယ်။

အဲဒီတစ်ခါ ပုစွန်ကပြားနဲ့ညားပြီးကတည်းက ကျွန်တော်လည်း ဘော့ချိတ်ဆိုရင် လန့်သွားတယ်။ ငါးမြင်းကိုတော့ အဲဒီ ကျွန် တော့်ကို ဘော့ချိတ်အကြောင်းရှင်းပြသွားတဲ့အဒေါ်ပဲ ကျွန်တော် ငါးမြင်းအကြောင်းပြောတာ ကောင်းတာ ကြားသွားလို့ တခါ ချက်ပြီး လာပို့တယ်။ အိမ်မှာတော့ အမေက တခါ ချက်ကျွေးတယ်။

သြော် ဘာပဲပြောပြော ကိုယ့်မှာလည်း ကိုယ့်အထွာနဲ့ကိုယ် တိုရေ ရှားရေနဲ့။ ငယ်ငယ်ကဆို ဟင်းခွက်ထဲမှာ ဝါဝင်းနေတဲ့ ငါး မြင်းတုံးကြီးတွေမှ တကယ့်ကို အလျှံပယ်နဲ့ မစားချင်မှ အဆုံးပဲ။ ခုတော့လည်း ငါးမြင်း အတုံးသေးသေးလေး သုံးလေးတုံး လောက်ကို ကျွန်တော် တယောက်တည်း စားနေရတယ်။ ငယ်ဘဝကိုလွမ်းမိတာ ကျွန်တော်တယောက်တည်းတော့ မဟုတ်လောက်ဘူး ထင်တယ်။
…………………… ………………….. …………………..

‘ဆန်ဈေးတွေကလည်း တက်လိုက်တာ အစ်မရယ်’ တဲ့။ အမေ့ကိုပြောပြောနေတဲ့ အမေ့အသိတွေရဲ့အသံတွေကို ကျွန်တော် ကြားနေရတယ်။
‘ကုန်ဈေးနှုန်းတွေကလည်း တက်လိုက်တာ ဦးကိုကြီးရာ’ တဲ့။

အဖေ မဆုံးခင် လပိုင်းကလေးကပဲ အဖေ့ကိုပြောသွားတဲ့ အဖေ့အသိရဲ့အသံကို ကျွန်တော်ကြားခဲ့ရတယ်။

သြော်… ဟိုးရှေးရှေးတုန်းကတော့ သူငယ်ချင်းသုံးယောက်ရှိသတဲ့။ တယောက်ကောင်းစားရင် တယောက်ကို မမေ့ကြေး ဆိုပြီး ငယ်ငယ်က ကတိထားခဲ့ကြသတဲ့။ဲဒီထဲက တစ်ယောက်က ဘိုးတော်ဦးဝိုင်းအမည်နဲ့ ဘုရင်ဖြစ်သွားပါသတဲ့။ အဲဒီထဲ က မောင်အောင်ဆိုတဲ့ နောက်တယောက်က ပြည်မြို့မှာ ဘုန်းကြီးကျောင်းသားလေးဘဝနဲ့ ဆရာဘုန်းကြီး ပျံလွန်အပြီးမှာ ဆရာဘုန်းကြီးထားခဲ့တဲ့ ကြေးနီပုရပိုက်ကို ရသွားပါသတဲ့။ အဲဒီ ပုရပိုက်ထဲက နည်းတွေအတိုင်း ကျင့်ကြံအားထုတ်အပြီးမှာ ပထမံအတတ်ကို မောင်အောင် ပေါက်မြောက်အောင်မြင်သွားပါသတဲ့။ အဲဒီမှာပဲ ပြည်မြို့က ခွေးတွေအားလုံးကို မောင် အောင် သူ့အတတ်နဲ့ခေါ်ပြီး အစာကျွေးပါသတဲ့။ တစ တစနဲ့ မောင်အောင့်ရဲ့ဂုဏ်သတင်း ကျော်ကြားလာအပြီးမှာ နောက် ဆုံး မင်းနားအထိ ပေါက်သွားပါသတဲ့။ အဲဒီမှာပဲ သူ့ထီးနန်းကိုလုယူလိမ့်မယ်ဆိုတဲ့ စိုးရိမ်စိတ်နဲ့ မောင်အောင့်ကို ဘိုးတော် ဦးဝိုင်းက ဖမ်းပြီး ရှေ့တော်သွင်းခိုင်းပါသတဲ့။

အဲဒါနဲ့ပဲ ဘုရင့်အမိန့်နဲ့ မောင်အောင့်ကိုဖမ်းဆီးပြီး ဘိုးတော်ဦးဝိုင်း ရှေ့ကိုသွင်းကြပါသတဲ့။ အဲဒီမှာပဲ ကျွန်တော်ငယ်ငယ်က အဖေဆိုဆိုပြတဲ့ ‘ဘိုးဘိုးအောင်’ သီချင်းထဲက စာသားအချို့ကို ကျွန်တော် ပြန်သတိရတယ်။ အပြည့်အစုံ အတိအကျ မ ဟုတ်ပေမယ့် ကျွန်တော် ခုထိမှတ်မိနေသေးတယ်။

ဘာတဲ့ … ‘ပထမံ အတတ်ဟာဖြင့် သတ်လို့လည်း မသေနိုင်ပါပြီ’ တဲ့။ ‘မင်း ငါ့ကိုသတ်ဖို့မဆိုထားနဲ့၊ ငါရေးတဲ့ ဝတစ်လုံး ကို သာ အတည်၊ ပျက်အောင်ဖျက်ရင် ငါ့ကိုနိုင်လိမ့်မည်’ တဲ့။

အဲဒီမှာပဲ ငယ်ငယ်က မောင်အောင် ကြီးတော့ ဦးအောင်လို့ အမည်တွင်နေပြီဖြစ်တဲ့ မောင်အောင် နန်းတော်ရဲ့ ကြမ်းပြင် ပေါ်မှာရေးလိုက်တဲ့ ဝ တလုံးကို ဘိုးတော်ဦးဝိုင်း ဖျက်ဖို့ ကြိုးစားတယ်။ ဝ တလုံးကို ဖျက်လိုက်တာနဲ့ ဝ တလုံးကနေ နှစ်လုံး ဖြစ်သွားတယ်။ ဖြစ်သွားတဲ့ ဝ နှစ်လုံးကို ထပ်ဖျက်တာနဲ့ နှစ်လုံးကနေ လေးလုံး ဖြစ်သွားတယ်။ ဖြစ်သွားတဲ့ ဝ လေးလုံးကို ထပ်ဖျက်တာနဲ့ လေးလုံးကနေ ရှစ်လုံးဖြစ်သွားတယ်။ အဲဒီမှာပဲ မြန်မာ့တန်ခိုးနဲ့ နှစ်ဆတိုးတဲ့ ဗမာတို့ရဲ့ အသည်းကျော် ‘ဘိုးဘိုးအောင်’ ရယ်လို့ ဖြစ်သွားတယ်။

ကြည့်ရတာ အဲဒီ ကုန်ဈေးနှုန်းဆိုတာကြီးကလည်း ဘိုးဘိုးအောင်ရေးတဲ့ ဝလုံးလိုပဲနဲ့တူတယ်။ ခေတ်အဆက်ဆက် အစိုးရ မင်းအပေါင်းကတော့ ဘိုးတော်ဦးဝိုင်းတွေချည်းလို့ ပြောရမယ်။ ကုန်စေျးနှုန်းကို ကျအောင်သာလုပ်မယ်ပြောတယ်၊ ပြော လိုက်တိုင်း လုပ်လိုက်တိုင်း ကုန်ဈေးနှုန်းကတော့ ဟောခနဲ ဟောခနဲ တက်မြဲ တက်လျက်ပဲ။

အဘတန်ခိုးနဲ့လည်း နှစ်ဆတိုးတယ်၊ အစ်မတန်ခိုးနဲ့လည်း နှစ်ဆတိုးတယ်။ ကြည့်ရတာ ကုန်ဈေးနှုန်းကိုယ်တိုင်ကလည်း ဘိုးဘိုးအောင်လို ပထမံအတတ်ကို တတ်တယ်နဲ့တူတယ်။ ဘာတဲ့ ‘ပထမံ အတတ်ဟာဖြင့် သတ်လို့လည်း မသေနိုင်ပါပြီ’ တဲ့။ ။

ညိုထက်ညို


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း

By

  မိုးမခမဂ္ဂဇင်း စက်တင်ဘာ ၂၀၁၈ နဲ့ ကာတွန်းရေစီးကြောင်း ထွက်တော့မယ် (မိုးမခ) စက်တင်ဘာ...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments