fbpx

ရဲရင့်ဘုန်း – ကျွန်တော့်ရဲ့အချစ်ဦး – XY-ADW

November 15, 2018

ကျွန်တော့်ရဲ့အချစ်ဦး – XY-ADW
  ရဲရင့်ဘုန်း
(မိုးမခ) နိုဝင်ဘာ ၁၅၊ ၂၀၁၈


                         
( တစ် )  
ကျွန်တော်အပါအဝင် ချစ်တတ်တဲ့လူတွေအားလုံးမှာ တစ်ခု သေချာတာကတော့ အချစ်ဦးကို ဘယ်သောအခါမှ မေ့လျော့ခဲ့ခြင်းမရှိခဲ့ဘူးဆိုတာပါပဲ။
လူငယ်ဘဝ ကိုယ်ရဲ့ပထမဦးဆုံး  ရင်နှင့်အမျှ ချစ်ခဲ့ရသူပေါ့ဗျာ။
ရည်းစားဖြစ်မှ ချစ်သူကျွမ်းဝင်သူဖြစ်မှရယ်လို့တော့ မဟုတ်ပါဘူး။ အစွဲအလမ်းတစ်ခုခုဟာ ကျွန်တော်တို့ရဲ့အချစ်ဦးပဲပေါ့။

ကျွန်တော်ဟာ ဘာရယ်ကြောင့်မှန်းမသိ၊ ငယ်ငယ်လေးကတည်းက ကောင်းကင်ထက်မှာပျံသန်းနေတဲ့လေယာဉ်ပျံနဲ့ကြည်လင်ရှင်းသန့်တဲ့ ကောင်းကင်ပြာကို အင်မတန်ချစ်မြတ်နိုးခဲ့ပါတယ်။  
စစ်ဝတ်စုံစိမ်းစိမ်းထက် လေယာဉ်မှူးရဲ့ဝတ်စုံကို ပိုပြီး နှစ်သက်ခဲ့တယ်။ လေယာဉ်ပျံတွေနဲ့ မိုးသားပြာပြာကို အစွဲအလမ်းကြီးမားခဲ့လို့ ဖြစ်လိမ့်မယ်။ ဝင်းဦးရဲ့တိမ်ဦးလေပြေမောင့်ကိုစေကို
အခါများစွာအခွင့်ရတိုင်း ကြည့်ဖြစ်ခဲ့ပါတယ်။
လေသူရဲတဦးရဲ့ဆောင်းပါးတွေကိုလည်း စိတ်ဝင်တစားနဲ့ ရှာဖတ်ခဲ့ပါတယ်။ 
အိမ်ဘေးက ငယ်သူငယ်ချင်းနဲ့လည်း စိတ်တူသဘောတူ လေယာဉ်မှူးလုပ်ဖို့ စိတ်ကူးတွေယဉ်ခဲ့ကြတယ်။ သူ့ရဲ့ဦးလေးက ဘုရင့်လေတပ်မတော် Royal Air Force က ဆင်းလာတဲ့ လေတပ် အရာရှိတစ်ယောက်ပါ။ နောက်တော့ BAC ဘက်ကို ပြောင်းသွားခဲ့တယ်။
      
ကျွန်တော့်ရဲ့ သူငယ်ချင်းက သိပ်တော်ပြီး ဇွဲသိပ်ရှိပါတယ်။ သူ ဆယ်တန်းအောင်တော့ DSA ကိုလျှောက်ပြီး ဝင်ဖြေတာအောင်သွားတယ်။ DSA တက်နေရင်းနဲ့ မိမိတာဝန်ထမ်းဆောင်ချင်တဲ့ လက်ရုံး တပ်တွေလျှောက်တော့လည်း သူဟာ လေတပ်ကိုပဲ ရွေးလျှောက်ခဲ့တယ်။ ပြောရရင်တော့ သူဟာ တပ်မတော်(လေ)ထဲကိုရောက်ရှိသွားခဲ့ပြီး တပ်မတော်(လေ)ထဲမှာ အဆင့်မြင့်အရာရှိကြီးတစ်ဦးဖြစ်သွားတဲ့
အထိ ထူးချွန်တောက်ပခဲ့ပါတယ်။ ကိုယ်တွေကတော့ အခုအချိန်အထိရောက်လေရာအရပ်မှာ မိုးသားပြာပြာကို ငေးရီမော့ကြည့်နေရင်းနဲ့ တသိမ့်သိမ့်တငြိမ့်ငြိမ့်  စိတ်ကူးရွက်လွှင့်နေရဆဲပါပဲ။
                        
( နှစ် )
ငယ်ငယ်တုန်းက အကြောင်းသင့်လို့ မင်္ဂလာဒုံလေယာဉ် ကွင်းထဲကိုရောက်သွားခဲ့ရင်  အရမ်းပျော်တာပဲ။ လေဆိပ်အဆောက်အအုံထဲကိုရောက်သွားရင် သန့်ရှင်းပြီး အေးမြနေတာကို ကျွန်တော်ငယ်ငယ်လေးထဲက သိပ်ကိုကြိက်နှစ်သက်ခဲ့ပါတယ်။
ညီအစ်ကိုတွေ လှေကားကနေပြေးတက်ပြီး မှန်ပြူတင်းအကျယ်ကြီးနဲ့ မှန်ဘောင်တွေပေါ်ကို ပြေးတက်ကြတယ်။
လေယာဉ်အတက်အဆင်းရှိရင်တော့ ကျွန်တော်တို့ ညီ အစ်ကိုတွေဟာ ပိုပြီးတော့ ပျော်ရွှင်ရပါတယ်။ မိုးသားထဲက ပျံဝဲဆင်းလာတဲ့လေယာဉ်တွေနဲ့  လေထဲကိုပျံတက်သွားတဲ့ လေ ယာဉ်ကြီးတွေကို မြင်နေရတာဟာ စိတ်လှုပ်ရှားစရာမြင်ကွင်းတွေပါပဲ။ လေယာဉ်ရဲ့အင်ဂျင်စက်သံကလည်း တုန်ခါမြည်ဟီးလို့ပေါ့။
      
တပ်မတော်( လေ ) က T-33 အမျိုးအစားဂျက်တိုက်လေယာဉ်တွေ အုပ်ဖွဲ့ပြီးလေ့ကျင့်ပျံသန်းနေတာကိုလည်း ကျွန်တော်တို့ မြင်တွေ့ ဖူးပါတယ်။ နေရောင်အောက်မှာ ပျံသန်းနေရင် အဲဒီတိုက်လေယာဉ်အုပ်ဟာ ငွေရောင်တဖျပ်ဖျပ်တောက်ပလို့။
      
၁၉၇၅ ခုနှစ်လောက်ကဖြစ်လိမ့်မယ်ထင်တယ်။T-33တိုက်လေယာဉ်တွေဟာ အုပ်စုလိုက် formation လေ့ကျင့်ပျံသန်းနေဆဲမှာပဲ  တောင်ကိုဝင်တိုက်မိပြီး  တိုက်လေယာဉ်ငါးစင်းလုံးပျက်ကျသွားခဲ့ပါတယ်။ ဝမ်းနည်းကြေကွဲစရာအဖြစ်အပျက်ပါပဲ။ ပျက်ကျသွားတဲ့ T- 33 တွေထဲမှာ ထူးချွန်တဲ့လေသူရဲတွေ ပါသွားခဲ့ပါတယ်။   
        
လေယာဉ်ပျက်ကျတဲ့အကြောင်းတွေကို နားလည်တတ်ကျွမ်းတဲ့ဆရာဦးမျိုးသိုက်တို့၊ ဦးဉာဏ်ဝင်းတို့၊ ကိုဂျင်ဆင်တို့နဲ့ကျွန်တော် အတော် လေးဆွေးနွေးခဲ့ဖူးပါတယ်။ သူတို့ပြောပြတာတွေဟာ စိတ်ဝင်စားစရာပါပဲ။
       
ကျွန်တော်သတိပြုမိသလောက်တော့ ၁၉၇၂ ခုနှစ် သံတွဲမှာ DC-3 ဒါကိုတာလေယာဉ် ပျက်ကျသွားပြီးတဲ့နောက်ပိုင်းကစလို့ မြန်မာ့လေ ကြောင်း (အဲဒီကာလတုန်းက BAC) မှာ   DC-3 ဒါကိုတာလေယာဉ်တွေကိုအသုံးမပြုတော့ပါဘူး။ အဲဒီလေယာဉ် သံတွဲမှာပျက် ကျသွားခဲ့တုန်းက အဲဒီလေယာဉ်ပေါ်မှာ”လေယာဉ်မယ်လေးလှိုင်- တင်တင်လှိုင်” ပါသွားခဲ့ပါတယ်။ အဲဒီလေယာဉ်မယ်လေးလှိုင်ကို အမှတ် သင်္ကေတပြုပြီးတော့ပဲ “လယာဉ်မယ်လေးလှိုင်” စတီရီယိုသီချင်းတစ်ပုဒ်ထွက်လာခဲ့ပါသေးတယ်။
ဇော်မင်းလေးသီဆိုခဲ့တယ်လို့ ထင်ပါတယ်။
        အဲဒီနောက်ပိုင်း သုံးတဲ့လေယာဉ်တွေက ဖော်ကာဖရင်းရှစ် Fokker Friendship F-27 အမျိုးအစားတွေပါ။ ပြောမယ်ဆိုရင် အဲဒီအချိန်က BAC မှာ အင်ဂျင် ၃လုံးနဲ့ Boeing727 ဂျက်လေယာဉ်တစ်စင်း တောင်ရှိခဲ့ဖူးပါတယ်။
နောက်တော့ အဲဒီ 727 ကို နီပေါကိုရောင်းပစ်လိုက်တယ်။
     
၁၉၇၆ ခုနှစ်ထဲမှာ အာဏာရှင်ကြီးဟာ စိတ်ကောင်းဝင်နေပုံရတယ်။ BAC အတွက် Fokker F-28 အမျိုးအစားခေတ်မီလေယာဉ်သုံးစင်း ဝယ်ပေးခဲ့ပါတယ်။အဲဒီခေတ်ကာလရဲ့စံချိန်စံညွှန်းအရဆိုရင် ကျွန်တော်တို့မြန်မာနိုင်ငံအတွက် အတော့်ကိုကြီးကျယ်ခန်းနားခဲ့တယ်လို့တောင် ပြောလို့ရနိုင်ပါတယ်။
ကျွန်တော့်စိတ်ထင် BAC ဟာ အဲဒီ ဖော်ကာလေယာဉ်တွနဲ့ ရန်ကုန်-စင်ကာပူလေကြောင်း ခရီးစဉ်တွေကို စတင်ပြေးဆွဲခဲ့တာပါ။
                         
( သုံး )
      
ကမ္ဘာ့နိုင်ငံအသီးသီးမှာပျံသန်းနေကြတဲ့လေကြောင်းလိုင်းတွေမှာ ကမ္ဘာကအသိအမှတ်ပြုထားတဲ့ မှတ်ပုံတင်အမှတ် Airplane Registration Number ဆိုတာ သီးသန့်ရှိပါတယ်။ မြန်မာပြည်က XY- နဲ့ စပါတယ်။ မြန်မာပြည်မှာပျံသန်းနေတဲ့ (စစ်ဘက်လေ ယာဉ်မပါ)လေယာဉ်မှန်သမျှရဲ့ရှေ့မှာ XY- နဲ့ စတင်ထားတဲ့သဘောပါပဲ။
         
၇၆ ထဲမှာဝယ်ယူခဲ့တဲ့ ဖော်ကာသုံးစီးထဲမှာ  နှစ်စီးက ၆၅ ယောက်ဆန့်တဲ့လေယာဉ်ဖြစ်ပြီး ကျန်တဲ့တစ်စီးက ခရီးသည် ၈၅ ယောက်ဆန့်တဲ့  4000 model ဖြစ်ပါတယ်။ ဦးနေဝင်းခရီးသွားရင် စီးတတ်ပါတယ်။ သူစီးတဲ့လေယာဉ်ကိုမောင်းတဲ့လေယာဉ်မှူးက ရက်ပ်အဆိုတော် မျိုးကျော့မြိုင်တို့ရဲ့ဖခင်ဖြစ်သူ ဦးကျော့မြိုင်ပါ။
       
ကျွန်တော်ငယ်ငယ် ၈ နှစ် သားလောက်တုန်းက အဘိုးက ပုသိမ်ကို လေယာဉ်နဲ့ခေါ်သွားတာကလွဲလို့ ဂျက်လေယာဉ်ပျံကို တစ်ခါမှ စီးဖူးသေးပါ။ ၁၉၈၂ ဇူလိုင်ထဲမှာစင်ကာပူကိုသွားတော့မှ ဂျက်လေယာဉ်ပျံကို ပထမဦးဆုံးအကြိမ် စီးဖူးခဲ့တာပါ။ 
        မဆလခေတ်တုန်းက အစစအရာရာဟာ ရှားပါးခက်ခဲပြီး 
နိုင်ငံကူးလက်မှတ်ရဖို့ဆိုရင် သုံးလေးလလောက်အထိ ကြာမြင့်တတ်ပါတယ်။
         
ဘာမှန်းညာမှန်းမသိသေးတဲ့ ကလေးဘဝတုန်းကဆိုရင် နိုင်ငံခြားဆိုတာကို အရမ်းသွားချင်ပေမယ့် တကယ်တမ်းသွားရတော့မယ်လည်း ဆိုရော မသွားချင်တော့ပြန်ဘူး။
         အင်္ဂလိပ်စကားကိုလည်း မပြောတတ်။ စာကလည်းကျက်ရဦးမယ်။
ဟိုရောက်ပြန်ရင်လည်း ဘယ်လိုလူမျိုးတွေနဲ့ ထိတွေ့ဆက်ဆံရဦးမယ်မသိ။
         
အဲဒီလို စိတ်အခံမျိုး ရှိနေလို့ ဖြစ်လိမ့်မယ်။ သွားရမယ့်နေ့ကိုရောက်တော့ ကျွန်တော့်စိတ်တွေ အရမ်းလှုပ်ရှားနေပါတယ်။ သူငယ်တွေ ကိုလှည့်ပတ်နှုတ်ဆက်ပြီး အိမ်ပြန်ရောက်တော့ ညဆယ်နာရီ ထိုးနေပါပြီ။ သူငယ်တွေနဲ့ သောက်ထားတဲ့အာမီရမ်ကလည်း မူးစပြုနေပြီ။ အိမ်ထဲကိုကျွန်တော်ဝင်လာတဲ့အချိန်မှာ အမေက ကျွန်တော့်ဆံပင်တွေကိုကြည့်ပြီး ခေါင်းကိုခါရမ်းလိုက်ပါတယ်။ စင်ကာပူ လဝကအဝင်မှာ ဆံပင်ရှည်ရင် ပြဿနာရှာတယ်ဆိုပြီး အိမ်ကကပ်ကြေးနဲ့ပဲ ကျွန်တော့်ခေါင်းပေါ်ကဆံပင်တွေကို အမေ ညှပ်ချလိုက်ပါတယ်။ အမေ့လက်ရာကတော့ အပျံစားလက်ရာပါပဲ။ မှန်ထဲမှာကြည့်လိုက်တာ ကျွန်တော့်ကိုယ် ကျွန်တော်တောင် မမှတ်မိ ချင်တော့ဘူး။ ကြွက်ကိုက်ထားတဲ့အတိုင်းပါပဲ။
                       
( လေး )
        
အဲဒီအချိန်တုန်းက စင်ကာပူကို သွားရင် ဘန်ကောက်ကတဆင့် Thai  Airways နဲ့သွားရင်သွား။
အဲဒီလိုမှမသွားချင်ဘူးဆိုရင် BAC နဲ့ တိုက်ရိုက် Direct Flight ။ ဗုဒ္ဓဟူးနဲ့ တနင်္ဂနွေတစ်ပတ်ကို   နှစ်ရက် ထွက်ပါတယ်။
Flight No UB231 နဲ့ UB232 ပါ။ တိုက်ရိုက်ခရီးစဉ်ဖြစ်တဲ့အတွက် ပျံသန်းချိန် ၂ နာရီနဲ့ ၄၅ မိနစ်လောက်ပဲ ကြာမြင့်ပါတယ်။
       အဲဒီကာလတုန်းက ပြည်ပထွက်ခွင့်ကိုကြပ်ထားတဲ့အတွက် ခရီးစဉ်တခုဆိုရင် ခရီး သည် ၂၀ လောက်ပဲပါတတ်ပါတယ်။ ခရီးသည်တွေထဲမှာလည်း သင်္ဘောသားတွေပဲများပါတယ်။ နိုင်ငံခြားသားပါရင်လည်း တယောက် နှစ်ယောက်လောက်ပါပဲ။
          
အဲဒီအချိန်တုန်းက အခုလိုမျိုး လေယာဉ်ပေါ်တက်တဲ့ Jetway မရှိသေးသလို ဘတ်စ်ကားလည်း မသုံးသေးပါဘူး။ ရပ်ထားတဲ့လေယာဉ်ဆီ ကို လမ်းလျှောက်သွားရတဲ့အနေအထားမျိုးပါ။ ကွင်းထဲမှာလည်း လေပြေနုက တလွင့်လွင့်နဲ့ပေါ့။
ပြောမယ်ဆိုရင်ပေါ့။ အဲဒီနေ့ဟာ ကျွန်တော့ရဲ့အချစ်ဦးနဲ့ ပထမဦးဆုံးစတွေ့တဲ့ တွေ့ဆုံခန်းပါပဲ။
       ကျွန်တော်တို့စီးရမယ့်လေယာဉ်က XY-ADW  ပါ။ ခပ်လှမ်းလှမ်းမှာ ရပ်နား ထားပါတယ်။ လေယာဉ်က ငါးနှစ်သားပဲရှိသေးလို့ အသစ်လို့ပြောလို့ရနိုင်တဲ့အခြေအနေပါ။
အဲဒီနေ့က ကျွန်တော့်မှာ အိတ်လေးတစ်လုံးပဲ ပါပါတယ်။ အမေက ညီမလေးရဲ့လက်ကိုဆွဲထားတယ်။ သူက ခုနှစ်နှစ်သမီးလေး။ ညီနှစ်ယောက်နဲ့ ကျွန်တော်။
အားလုံးပေါင်း ငါးယောက်။ အဲဒီငါးယောက်ထဲမှာ ကျွန်တော်ကလွဲရင် အားလုံးဟာ ပျော်ရွှင်တက်ကြွနေတဲ့ပုံပါပဲ။
ကျွန်တော်ကတော့ ဝမ်းနည်းကြေကွဲနေသလိုလိုခံစားနေရတယ်။
     
အပေါ်ဝရံတာကိုတက်ပြီး ခါတိုင်းလို ထွက်ကြည့်ချင်ပေမယ့် အဲဒီနေ့က ဝရန်တာပေါ် တက်လို့မရပါဘူး။
ထွက်လို့ရပြီဆိုမှ လေယာဉ်ကွင်းထဲကို တန်းထွက်ရပါတယ်။ ဝရန်တာပေါ်ကလူတွေက နံမည်တွေ အော်ကြခေါ်ကြပေါ့။ ပျော်ရွှင်စရာလိုလို ဝမ်းနည်းကြေကွဲစရာလိုလို ခံစားမှုမျိုးပါပဲ။
ကွင်းထဲမှာရပ်နားထားတဲ့ တနည်းပြောရရင် ကိုယ့်ကို ရေ ခြားမြေခြားဆီ ခေါ်ဆောင်သွားမယ့် လေယာဉ်ဆီကိုလျှောက်လှမ်းသွားရတဲ့ခံစားမှုမျိုးဟာ ဘယ်ခံစားမှုမျိုးနဲ့မှမတူအောင်ထူးခြားလှပါတယ်။ အစောပိုင်းက ကျွန်တော်ပြောပြခဲ့သလို အစစအရာရာခက်ခဲကြပ်တည်းလှတဲ့ မဆလခေတ်လို အမှောင်ခေတ်ကြီးထဲမှာ နိုင်ငံခြားကို ပထမ ဦးဆုံးအကြိမ်သွားဖို့ လေယာဉ်ဆီကိုသွားနေရပါလားဆိုတဲ့အသိ။
ကိုယ့်ရေကိုယ့်မြေကနေ ထွက်ခွာသွားရတော့မှာပါလားဆိုတဲ့ ခံစားချက်။
အဲဒီအချိန်မှာ ကျွန်တော့်ရဲ့ကိုယ်ခန္ဓာထဲမှာ ရောထွေးစိမ့်ဝင် နေတဲ့ခံစားချက်ကိုပြောပြဖို့ဆိုတာ အလွန်ခက်ခဲလှပါတယ်။
ဒီလို စိတ်ကတည်ငြိမ်မှု ပျက်ပြားနေချိန်မှာ ဘယ်အချိန်ပြန်လာရမယ်မှန်းမသိတဲ့ ကိုယ့်ရဲ့တိုင်းပြည်ကို  လမ်းတစ်ဝက်မှာ ခဏခဏ ရပ်ပြီး လှည့်ကြည့်မိသေးတယ်။
ဝရံတာပေါ်မှာကလည်း လူတွေကအများကြီး၊ လက်တွေကို ဝှေ့ယမ်းလို့။ အဲဒီ လူတွေထဲမှာ တစ်ယောက်သောသူကတော့  နောက်နားခပ်ကျကျမှာ ငြိမ်သက်စွာရှိနေလိမ့်မယ်လို့ ကျွန်တော် ထင်မိပါတယ်။
သူကတော့ ကျွန်တော့်ကို
တစ်ချိန်ချိန်မှာ ပြန်လာစေချင်တဲ့သူ ဖြစ်မှာပါ။
         လေယာဉ်ပေါ်ကိုတက်လိုက်တော့ လေယာဉ်ဟာ အတာ့်ကို သစ်လွင် နေပါသေးတယ်။ ခရီးသည်က နည်းနည်း၊ ထိုင်ခုံကများများမို့ ကြိုက်တဲ့နေရာထိုင်လို့ရပါတယ်။ ကျွန်တော်က ပြတင်းပေါက်ရှိတဲ့နေရာကို ရွေးလိုက်တယ်။ လေယာဉ်ဟာ သိမ့်ခနဲကြွတက်သွားပြီး သိပ်မကြာခင်မှာပဲ ဝါဝင်းနေတဲ့  ရွှေတိဂုံစေတီတော်ကြီးကို အဝေး ကနေ လှမ်းဖူးလိုက်ရတယ်။ ကျွန်တော်နဲ့အတူ မိသားစုပါလာတာတောင်မှ  အတော့်ကို ဝမ်းနည်းကြေကွဲမိပါတယ်။

          အဲဒီနေ့ဟာ ကျွန်တော်တို့မိသားစုကို ပြိုကွဲသွားစေပြီး တစ်ယောက်တစ်နေရာစီ ရောက်ရှိသွားစေဖို့ အစပျိုးလိုက်တဲ့ပထမဦးဆုံးသော နေ့ရက်ပဲဆိုတာ အဲဒီတုန်းက ကျွန်တော် ဘယ်သိလိမ့်မှာ လဲ။
         အဲဒီ XY- ADW ရဲ့လေယာဉ်မှူးကြီးက ဦးကြည်တင်ပါ။ တကယ့်ကို လူကြီးလူကောင်း Gentleman ဆန်ပြီး ဝတ်စားဆင်မှုနေရာမှာလည်းပဲ အလွန်ကိုသပ်ရပ်ခန့်ငြားလှပါတယ်။
        
လေယာဉ်ပေါ်က ဆင်းချလာတိုင်းဘယ်လိုအထုတ်အပိုးမှ မပါဘဲနဲ့ လက်ချည်းပဲ ဆင်းလာတတ်တဲ့ လူကြီးလူကောင်းတစ်ယောက်ပါ။
သူ့လေယာဉ်လေထဲကိုရောက်သွားပြီဆိုရင်  အပြင်ကိုထွက်လာပြီး လေယာဉ်ပေါ်က ခရီးသည်တွေကို တရင်းတနှီး နှုတ်ဆက်တတ် ပါတယ်။
တွဲဖက်လေယာဉ်မှူးက ဦးဖေသန်းဝင်း။ ကျွန်တော့်သူငယ်ချင်းနှစ်ယောက်ရဲ့ ဦးလေးပေါ့။
သူ့ရဲ့ဆံပင်က crew cut အတိုနဲ့။ သူဟာ ဘယ်တော့မှမပြုံးဘူး။ သူ့ရဲ့ဇနီးက ဒဂုံ အထက ၁ က ကျောင်းဆရာမတစ်ယောက်ပါ။ သူဟာ ကိုယ့်ပိုက်ဆံနဲ့ကိုယ် နိုင်ငံခြားမှာ လေယာဉ်မောင်းသင်လာတဲ့ပိုင်းလော့ပေါ့။
တကယ့်ကို အရည်အချင်းပြည့်ဝတဲ့ပုဂ္ဂိုလ်တွေပါပဲ။
       
၁၉၈၇  ပုဂံမှာ လေယာဉ်ပျက်ကျတော့ ခရီးသည်အားလုံးနဲ့အတူ သူလည်းပဲ ကွယ်လွန်သွားခဲ့ပါတယ်။

          အခု ရွှေပြည်တော်က ထွက်ခွာခဲ့ရတဲ့ ဟောဒီ ADW လေယာဉ်ကိုတော့ ကျွန်တော့်တစ်သက် ဘယ်တော့မှမမေ့ပါဘူး။
        စင်ကာပူကိုရောက်တော့လည်း အိမ်လွမ်းစိတ္တဇနဲ့ လေဆိပ်ကို တနင်္ဂနွေ နေ့တိုင်း ဆင်းကြည့်ကြပါတယ်။ လေဆိပ်က ကျွန်တော်တို့နေတဲ့ အိမ်နဲ့နီးပါတယ်။မြန်မာပြည်က ထွက်လာတဲ့လေယာဉ်က တနင်္ဂနွေ နေ့တိုင်း စင်ကာပူခရီးစဉ်ရှိပါတယ်။ ဟိုကလာတဲ့လူတွေကိုလည်း ငေး။ ဒီက ပြန်မယ့်လူတွေအတွက်လည်း ပျော်ပေါ့လေ။
BAC က ကိုယ့်လူမျိုး လေယာဉ်အမှုထမ်းတွေကိုလည်း လိုက်ငေးကြည့်ရတာပေါ့။ 
တခါတလေမှာ ဦးဖေသန်းဝင်းတို့၊ ဦးလှိုင်ဘွားတို့လို လူမျိုးတွေပါလာတတ်ပါတယ်။
           
လေဆိပ်ရဲ့အပေါ်ထပ် ပြေးလမ်းကို မြင်တွေ့နေရတဲ့  နေရာကနေပြီး BAC  က မြန်မာလေယာဉ်တွေ ပျံဝဲဆင်းသက်လာ တာကို ကျွန်တော်တို့ အမြဲတမ်းလိုလို စောင့်ကြည့်ကြပါတယ်။ ပျံဝဲထိုးဆင်းလာတဲ့ လေယာဉ်တွေဟာ ကျွန်တော့်ရဲ့အချစ်ဦး  ADW ပါပဲ။
ADW မဟုတ်ရင်တော့  ADU ပါပဲ။
       
အဲဒီမဆလခေတ်တုန်းက အစစအရာရာဟာခက်ခဲလေတော့ လေယာဉ်အမှုထမ်းတွေနဲ့ပဲ  စာရွက်စာတမ်း၊ လူကြုံပစ္စည်း၊ စားစရာ တွေကို သယ်ပေးကြရပါတယ်။
        အပတ်တိုင်းလိုလို  ကျွန်တော်တို့ဟာ လေယာဉ်ကွင်းကို သွားဖြစ်ကြ ပါတယ်။ ကျွန်တော်တို့ ရောက်ပြီး သိပ်မကြာခင် သြဂုတ်လမှာ  စတီရီယိုအဆိုတော် ကိုစိန်လွင်လေယာဉ်ပျက်ကျပြီး ကွယ်လွန် သွားကြောင်း လေယာဉ်မှူးတွေကတဆင့် ကြားသိခဲ့ရပါတယ်။ သူကွယ်လွန်ခဲ့စဉ်က  အသက် ၃၀ ကျော်လေးရှိသေးတာမို့ အင်မတန်ကို ဝမ်းနည်းကြေကွဲနှမြောမဆုံး ဖြစ်ခဲ့ရပါတယ်။
                          
( ငါး )
      
နောင်နှစ်အနည်းငယ်ကြာမှာ လုံးဝမထင်မှတ်ဘဲ  မြန်မာပြည်ကို ပြန်ခွင့်ရတော့လည်း စီးတော်ယာဉ်က ကျွန်တော့်ရဲ့အချစ်ဦး   XY-ADW ပါပဲ။ အဲဒီနေ့ရက်တုန်းက သူမရဲ့ကိုယ်ထည်ကို ကိုင်တွယ်ပွတ်သပ်နေရင်းနဲ့ ကျွန်တော်နဲ့အနီးဆုံးနေရာက ပြောင်းလဲ သွားခဲ့တဲ့ လူတွေ၊ ဘဝတွေ၊ သက္ကရာဇ်တွေ၊ အဖြစ်အပျက်တွေအကြောင်းကို ကျွန်တော်စဉ်းစားနေမိတယ်။ နှစ်ကာလတွေအောက်မှာ အားလုံးဟာ ပြောင်းလဲသွားခဲ့ပေမယ့် ကျွန်တော့်ရဲ့အချစ်ဦး XY-ADW ကတော့ အပြောင်းအလဲသိပ်မရှိဘဲနဲ့ တည်ငြိမ်လန်းဆန်းနေဆဲပါပဲ။
ပြည့်စုံကြွယ်ဝမှုမရှိတဲ့ ဘဝအခြေအနေကြားထဲကပဲ သူမဟာ တိမ်တိုက်တွေကြားထဲမှာ ဦးမော့ပျံသန်းနေဆဲပါပဲ။
        
ဒါပေမဲ့…..
         ဒါပေမဲ့  ကျွန်တော် သိပ်ကိုချစ်မက်ခဲ့ရတဲ့ ကျွန်တော့်အချစ်ဦး ရဲ့ နောက်ဆုံးနေ့ရက်တွေကတော့ မလှပခဲ့ပါဘူး။
           Myanmar Airways လိုဂိုလေးဟာ မိုးသားအပြာ ရောင် ပြောင်းသွားပြီးနောက်ပိုင်းပေါ့။ အချစ်ဦးလေးဟာ  စစ်တွေလေဆိပ်မှာ မိုးတွင်းဘက် လမ်းချော်ပြီး ပြင်လို့မရအောင် ထိခိုက် ပျက်စီးသွားခဲ့ပါတယ်။ အဲဒီနေ့တုန်းက သူမဟာ မိုးရေစက်တွေအောက်မှာ မျက်ရည်တွေ တစ်ပေါက်ပြီးတစ်ပေါက် ကျနေခဲ့တာပေါ့။ သူမရဲ့ကြေကွဲဖွယ်ငိုကြွေးသံကို မိုင်ပေါင်းများစွာ ကွာဝေးနေတဲ့အရပ်ကနေပြီး ကျွန်တော်အသေအချာ ကြားနေရတာပေါ့။
သူမဟာ ရပ်တန့်နေချင်တာမဟုတ်ဘဲ တိမ်တိုက်တွေကြားထဲမှာ တလွင့်လွင့်နဲ့ပျံသန်းနေချင်တဲ့သူမို့လား။
          ဘာပဲပြောပြော ကျွန်တော့်ရဲ့အချစ်ဦးဟာ ပြည့်စုံကုံလုံမှု မရှိတဲ့ အမှောင်ခေတ်ကြီးထဲမှာ သူမရဲ့တာဝန်ကို အကောင်းဆုံးနဲ့အနူးညံ့ဆုံးဖြစ်အောင် ထမ်းဆောင်ခဲ့တယ်ဆိုတာကိုတော့ နည်းနည်း လေးမှ သံသယရှိစရာမလိုပါဘူး။
       သူမဘဝရဲ့ နောက်ဆုံးအချိန်အထိ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ ထိခိုက်..နာကျင်..သေဆုံးသွားအောင် လုပ်မသွားခဲ့ဘူးဆိုတာနဲ့တင် သူမဟာ အရမ်းလွမ်းစရာကောင်းသွားခဲ့ပါပြီ။
          
Goodbye XY-ADW……..။      ။
      
                                                ရဲရင့်ဘုန်း

သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာပဒေသာ, မြန်မာပြည်တွင်း

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)