fbpx

လင်းသက်ငြိမ် ● မောင်သက်ငြိမ်သို့ လွမ်းစာ

November 18, 2018

● မောင်သက်ငြိမ်သို့ လွမ်းစာ
(မိုးမခ) နိုဝင်ဘာ ၁၈၊  ၂၀၁၈


ကြီးမားကျယ်ပြန့်တဲ့ အစိမ်းရောင် ကတ္တီပါကောဇောကြီး ဖြန့်ခင်းထားသလို ဘယ်ညာ ရှုခင်းတွေ တပြန့်တပြော ခမ်းနားလို့ နေတဲ့ ဧရာဝတီတိုင်းရဲ့လမ်းမကြီးကို ဖြတ်သန်းနေရတယ်။ ရှမ်းပြည်နယ်ကနေဆင်းလာခဲ့တဲ့ လူအတွက်အသံသစ်၊ ရနံ့ သစ်၊ မြင်ကွင်းအသစ်တွေချည်းပါပဲ။ လားရှိုးကနေမန္တလေးကနေ ကျောင်းကုန်းကို ဆန့်ထွက်လာခဲ့တဲ့ ခရီးပေါ့။ မအောင်မြင်မှု တွေနဲ့ တိုက်ပွဲကနေ ဆုတ်ခွာလာခဲ့သူလို စိတ်ထဲက အနာတရကို ဆေးကြောဖို့ စိတ်ကူးတည့်ရာ ထွက်လာခဲ့တဲ့ခရီးပါပဲ။ ဟိုမှာ ကျွန်တော်မမြင်ဖူးတဲ့ ကျွန်တော့် မိတ်ဆွေတယောက်က ဆီးကြိုနေလိမ့်မယ်။ ညနေပိုင်းကနေ ကားစီးခဲ့ရတဲ့ခရီးဟာ မနက်သုံးနာရီလောက်မှာ ပြီးဆုံးပါတယ်။ လာကြိုတဲ့လူတွေနဲ့တွေ့တယ်၊ မြို့ခံတွေနဲ့ပေါင်းစည်းဖြစ်တယ်။ ကျွန်တော်ဟာ ကျွန်တော့်ဘဝထဲကနေ ခဏထွက်လာခဲ့ရသလို ခံစားရတဲ့အထိ နစ်မျှောပျော်ဝင်ခဲ့ပါတယ်။ ဒါးကချောင်းဟာ တသွင်သွင်စီး လို့။ ချောင်းရဲ့ဟိုဘက်ကမ်းကလည်း ကျောင်းကုန်းပဲတဲ့အမွှာမြို့လို့ ခံစားရတာပဲ။ ကမ်းဘေးမှာ တအုပ်တမ ဗေဒါများ။ ဗိုလ်ချုပ်အောင်ဆန်း လှေပြိုင်ပွဲကြည့်ခဲ့တဲ့နေရာကို ရောက်ခဲ့တယ်။ ဗမာတွေရဲ့ တက်ထောင်တတ်တဲ့ စိတ်ဓာတ်ကို သတိ ပေးခဲ့တဲ့ သမိုင်းဝင်နေရာပေါ့။ လှေငှါးပြီး စီးကြတယ်။ လှေမစီးဖူးတဲ့ကျွန်တော်ဟာ လှေဘောင်နှစ်ဖက်ကို တင်းတင်းဆုပ် ကိုင်လို့။

ကျောင်းကုန်းနေ့တွေကို စကားဝိုင်းတွေနဲ့ ကဗျာတွေနဲ့ဖြတ်ကျော်ပြီးတော့ ဝါးခယ်မကိုသွားဖို့ တွေးမိတယ်။ အဲ့ဒီမှာ ကဗျာ ဆရာ မောင်သက်ငြိမ်ရှိတယ်။ လူချင်းတခါမှ မဆုံဖူးဘူး။ လူပုံစံကိုလည်း တခါမှ မမြင်ဖူးဘူး။ ဖုန်းနဲ့စကားပြောဖူးတယ်။ ဖေ့စ်ဘုတ်မက်ဆင်ဂျာကနေ စကားပြောဖူးတယ်။ ကျွန်တော့်ထက် ကြီးသလား ငယ်သလားလည်း မသိဘူး။ သူ့ဆီကိုသွားဖို့ ခိုင်လုံတဲ့ အကြောင်းပြချက်ရှိပါတယ်။ ခေတ်ပေါ်ကဗျာနတ်ဘုရားတပါးဖြစ်တဲ့ မောင်ချောနွယ်နဲ့ပတ်သက်ပြီးတော့တွေ့ချင် နေမိတာပါပဲ။ မက်ဆင်ဂျာကနေ သူပို့ပေးတဲ့မောင်ချောနွယ် မကွယ်လွန်ခင် နေ့ရက်တွေက နေထိုင်သွားခဲ့တယ်ဆိုတဲ့ အခန်းလေးရဲ့ ဓာတ်ပုံကလေးက သူ့ဆီကိုသွားတွေ့ဖို့ လုံလောက်တဲ့အကြောင်းတရားပဲ မဟုတ်လား။ မောင်ချောနွယ် ကွယ် လွန်ပြီးတဲ့နောက် အခန်းလေးကို သော့ပိတ်ပြီး ထားခဲ့တဲ့လူနဲ့ ကျွန်တော်တွေ့ချင်တယ်။ ကျွန်တော်တခါမှ မမြင်ဖူး မတွေ့ဖူးတဲ့ မောင်ချောနွယ်အကြောင်းတွေသူပြောပြတာကို နားထောင်ချင်တယ်။ လမ်းရှိနေပြီးမှတော့လူရောက်ဖို့ ဘာ ခက်ခဲမှာလဲ။ ခက်ခဲတာတွေကလည်း တခါတခါ လွယ်ကူတတ်ပါတယ်။ ဖုန်းဆက်ပြီးလာခဲ့မယ်လို့ လှမ်းပြောတော့ သူကြို နေမယ်လို့ပြောတယ်။ လားရှိုးမှာ ခင်မင်ခဲ့ရတဲ့ကိုအန်းကူလည်း အဲ့ဒီရောက်နေတယ်ဆိုတော့ ဒီခရီး တဝက်ပြီးပြီပေါ့။

အစိမ်းရောင်တွေကိုငေးရင်း တံတားတွေကိုဖြတ်သန်းရင်း ဝါးခယ်မကို ကျွန်တော်ရောက်ခဲ့တယ်။ ကျွန်တော်နဲ့အတူ ကိုဒီအဲ လူလည်းပါလာတယ်။ မီးခိုးတလူလူစက်ရုံတွေ၊ လှေကလေးတွေ၊ ရေပြင်ပေါ် မျှောနေတဲ့ တိမ်တွေနဲ့ဝါးခယ်မ။ ကဗျာဆရာ မောင်သက်ငြိမ်နဲ့ တွေ့တယ်။ ကျွန်တော့်ထက် အသက်ပိုကြီးတဲ့ ပိန်ပိန်ပါးပါး လူကြီးတယောက်ပေါ့။ တယောက်နဲ့ တယောက်လက်ဆွဲ နူတ်ဆက်လိုက်ခြင်းကတယောက်ကိုတယောက် စိတ်ချ လက်ချထားလိုက်ပြီဆိုတဲ့သဘောပဲဖြစ်မှာပါ။ ကျွန်တော်တို့ တကယ့်ဆွေမျိုးရင်းချာလိုခံစားကြရတယ်။ ကျွန်တော်တို့ နှစ်ရှည်လများ ခင်မင်ရင်းနှီးခဲ့ကြတဲ့ မိတ်ဆွေ တွေလိုဖြစ်သွားကြတယ်။ ပထမဆုံးဟာ နောက်ဆုံး ဖြစ်လိမ့်မယ်လို့ ကျွန်တော် ဘာလို့ မသိနိုင်ခဲ့တာလဲ။ ဆိုင်တဆိုင်ထဲမှာ ကျွန်တော်တို့ ကျောက်ချ ကြတယ်။ မြို့ခံကဗျာဆရာတွေကို သူဖုန်းဆက်တယ်။ ပြီးတော့…မောင်ချောနွယ်အကြောင်း၊ ကဗျာအကြောင်း၊ သူ့အကြောင်း ကိုယ့်အကြောင်းမြစ်ရေတွေလို စီးကြ တသွင်သွင်ပါပဲ၊ အရှိန်ပြင်းပြင်းပါပဲ။ ကဗျာဆရာ လူမျိုးလွင်ရောက်လာတယ်။ ကိုအန်းကူလည်းရောက်လာတယ် နောက် ကျွန်တော်နာမည်မမှတ်မိတဲ့လူကြီးတယောက်။ ကျွန်တော့်ထက် ဝါကော အသက်ကောကြီးတဲ့လူတွေနဲ့ ကျွန်တော် စကားပြောဆိုနေရတယ်လို့ လုံးဝမခံစားရပါဘူး။ တသား တည်းပဲ။

ညထဲ သမ္ဗန်ကလေးတစီးနဲ့ပုလင်းပြားလေး ခါးကြားထိုးပြီး ချောင်းကလေးထဲမျှောလေ့ရှိတဲ့ မောင်ချောနွယ်ကိုသူ့ဆီမှာ ကျွန်တော်တွေ့ခဲ့ရတယ်။ တောအရက်ဆိုင်ကလေးနဲ့ရေသဖန်းသီးကို ဆားနဲ့တို့ရင် အမြည်းရတယ်ဆိုတာတွေ။ ပုလင်း လက်ကျန်လေးကို ဖျာအောက်ထိုးထားတဲ့ မောင်သက်ငြိမ်အမေရှေ့က လူလိမ္မာလေးတယောက်ရဲ့ပုံရိပ်တွေ။ လွတ်ချပစ် လိုက် ၊ လွတ်ချပစ်လိုက်ဆိုတဲ့ မောင်ချောနွယ်ရဲ့ အသံတွေ။ ဂျင်းဘောင်းဘီတထည်နဲ့ မြို့ထဲ လျှောက်သွားနေခဲ့တဲ့ကဗျာတွေ။ မောင်သက်ငြိမ်ကိုကြည့်ရင်း ကြည့်ရင်း မောင်ချောနွယ်လို့ မြင်လာတဲ့အထိ ကျွန်တော်သူ့စကားတွေထဲ စီးမျှောနေခဲ့ရတယ်။ စကားတွေပြောနေရင်း သူ့မျက်နှာ တခါတခါ ပြုံးလိုက်၊ တခါတခါ ဆွေးရိပ်သန်းသွားလိုက်။ တချက်တချက် ချောင်းထထ ဆိုးလို့ ကျန်းမာရေးကိုမေးကြည့်တော့အခု သက်သာနေပါပြီတဲ့။ စကားဝိုင်း အရှိန်ကောင်းလာလေ၊ ညနေက ပိုစောင်းလာ လေပဲ။ ဒီမှာ ညအိပ်ပြီး မနက်မှပြန်ဖို့သူပြောပါတယ်။ ကျွန်တော့်စိတ်ထဲ ဘာကြောင့်မှန်းမသိဘူးမအိပ်တော့ဘူး ညပြန်မယ် လို့ပြောလိုက်တယ်။ နောက်တခေါက်မှ အေးအေးဆေးဆေးပြန်လာခဲ့မယ်ပေါ့။ အိမ်ရှင်ကိုအားနာတဲ့စိတ်က အလေးသာ နေလို့ ကျွန်တော် အဲ့ဒီလိုအဖြေပေးလိုက်မိတာပဲ ဖြစ်မှာပါ။ တနေ့လည်လုံး ကျွန်တော်တို့ကို အချိန်ပေးဧည့်ခံနေရတာနဲ့တင် သူ့ကို ကျွန်တော် အားနာလှပါပြီ။ အဲ့ဒီတုန်းက ညမအိပ်ခဲ့ဖြစ်တဲ့ နောင်တက အခုကျွန်တော့်ကို နှိပ်စက်မယ့်အကြောင်းအရာဖြစ်လိမ့်မယ်လို့ကျွန်တော်မသိခဲ့ဘူး ဆရာမောင်သက်ငြိမ်ရေ။

ကျွန်တော်တို့ ဆို်င်လေးထဲကနေထွက်လာပြီး။ ဘုရားသွားကြတယ်။ ဘုရားရှေ့မှာ စုပေါင်းဓာတ်ပုံရိုက်ကြတယ်။ ဘုရားထဲ မှာ အဘိုးကြီးတယောက်ရဲ့ပုံတူရုပ်တု တခုတကယ့်သက်ရှိလူကြီးလိုပါပဲ။ မောင်သက်ငြိမ်က ကျွန်တော့်ကိုလှမ်းခေါ်ပြီး နောက်တယ်။ မင်းရဲ့အဘိုးနေမှာကွတဲ့။ ကျွန်တော်နဲ့ရုပ်တုကြီးကို တွဲပြီးဓာတ်ပုံရိုက်တယ်။ မြို့ထဲလမ်းတွေကို ကားနဲ့ပတ် ပြပြီး။ ဦးနုစာကြည့်တိုက်ကို လိုက်ပြတယ်။ မြစ်ဆိပ်ဖက်ကိုထွက်လာတော့ နေရောင်ခြည်က ပုဇွန်ဆီရောင်သန်းနေပြီ။ မီးခိုး တွေလွင့်နေတဲ့ စက်ရုံလေးတွေရှိတဲ့ တဖက်ကမ်းကိုလက်ညိုးထိုးပြပြီး ငါ့အိမ်က အဲ့ဒီဖက်မှာကွလို့ သူပြောပြတယ်။ နောက်တခေါက်လာရင် ညအိပ်စေချင်တယ်ကွာ အခုထက်ပိုပြီး စကားတွေပြောချင်တယ်၊ မောင်ချောနွယ်ရဲ့အငွေ့ အသက်တွေနဲ့ မင်းကို မိတ်ဆက်ပေးချင်လို့ သူဆက်ပြောပါတယ်။ မှောင်ရီပျိုးစမှာ ကျွန်တော်တို့ပြန်မယ် လုပ်တော့။ သူပါလိုက်ခဲ့ဦးမယ်… တဲ့။ သူနဲ့အတူ ကဗျာဆရာလူမျိုးလွင်ပါ လိုက်လာခဲ့တယ်။ ဝါးခယ်မကနေ ကျောင်းကုန်းကို လိုက် ပို့တာပေါ့။ ကားစီးရင်း ကဗျာတွေရွတ်ကြ။ ကဗျာဆရာတွေအကြောင်းဆက်ပြောကြ။ ကျောင်းကုန်းရောက်တော့ မိုးချုပ် နေပြီ။ လှေကလေးနဲ့စောင့်နေတဲ့ သူ့မဟေသီရဲ့ဖုန်းကလည်းခဏခဏမြည်နေတယ်။ သူ့ပုံရိပ်တွေမှာ နွမ်းနယ်မှုတွေ စွက် နေတာကို ကျွန်တော်သတိထားမိလိုက်သေးတာကို အခုထိ သတိရမိပါတယ်။ ချစ်တတ်တဲ့လူရဲ့အသဲကိုမှ ရောဂါက ဝင်ရောက်နေသတဲ့လား။ နောက်နှစ်ကို ဝါးခယ်မလာပြီး သူနဲ့တွေ့ဖို့ ကတိတွေပေး ချိန်းဆိုပြီး။ သူတို့ကားကလေး အမှောင် ထဲတိုးဝင်သွားပုံကို ကျွန်တော်ငေးကြည့်နေခဲ့တယ်။ ချောင်းကလေးထဲ သမ္ဗန်လေးနဲ့ အိမ်ပြန်လာမယ့်ကဗျာဆရာကို တ ယောက်သောသူက သေချာပေါက် စောင့်နေလိမ့်မယ်လေ။

ဇာတိမြို့ကိုပြန်ရောက်။ ကိုယ့်ပရိယေသနနဲ့ကိုယ်လုံးပန်းရင်း။ သူနဲ့ဖုန်းပြောတဲ့အခါပြော။ မက်ဆေ့ပို့တဲ့အခါပို့။ မာလာမေမြင်မသွားတဲ့မြို့ကလေးမှာတနေ့လည် ကိုကျွန်တော် ရေးဖြစ်တယ်လို့ သူ့ကိုပြောပြတော့ ကောင်းတယ်ကွာ တဲ့။ နိစ္စဓူဝတွေထဲ ကျွန်တော်တို့ အဆက်ပြတ်သွားကြ။ ခဏကလေး အဆက်ပြတ်သွားကြ။ တနေ့ ဖေ့စ်ဘုတ်ကိုဖွင့်ကြည့်တော့ အနက်ရောင် သတင်းစကားတခုကို ရလိုက်တယ်။ အတိအကျပြောရရင် အောက်တိုဘာလ၊ ၁၉ရက်၊ ၂၀၁၇ နေ့လည်နှစ်နာရီနှစ်ဆယ်မိနစ် ပေါ့။ ဒိုင်ယာရီထဲရေးမှတ်လိုက်ရပြန်တဲ့ဝမ်းနည်းနေ့စွဲပေါ့။ အဲ့ဒီလောက်မြန်ရသလား။ ခက်ခက်ခဲခဲ ပျော်ရွှင်နေရတဲ့ ခေတ် ကြီးထဲကြေကွဲစရာတွေက အဲ့ဒီလောက် မြန်ရသလား။ သူသက်သာနေပြီလို့ ကျွန်တော့်ကိုပြောခဲ့တယ်လေ။ ဝါးခယ်မ မှာ ဒုတိယအကြိမ်တွေ့ဖို့ ချိန်းဆိုခဲ့ကြတယ်လေ။ ဝမ်းနည်းကြောင်းကို ဘယ်လိုရေးရမယ် ကျွန်တော်မတွေးနိုင်ခဲ့ဘူး။ ဂုဏ်ပြုဖို့ ကဗျာတပုဒ်မပြောနဲ့ တကြောင်းကလေးတောင် ကျွန်တော်မရေးနိုင်ခဲ့ဘူး။ ရန်ကုန်ကကဗျာဆရာတွေ သူ့နောက်ဆုံးခရီးကို လိုက်ပို့ကြတဲ့ သတင်းတွေ တွေ့ရတော့ မရောက်နိုင်တဲ့ ကိုယ့်ကိုယ်ကို ဒေါသဖြစ်ရတယ်။ ငွေကြေးရော အလုပ်အကိုင်ပါ ဘာမှ အဆင်မပြေတဲ့နေ့ရက်တွေထဲ ကျွန်တော်ကျရောက်နေတယ်လေ။ ဒီလောက်မြန်မယ်သိရင် ကျွန်တော်တို့ အကြာကြီး နေခဲ့ပါတယ်ဗျာ။ ကားပေါ်ကအဆင်း လက်ပြပြီးကြိုနေတဲ့ သူ့ပုံရိပ်ကို မြင်ယောင်နေမိတယ်။ လက်ပြပြီးကားပေါ်တက်သွားတဲ့ သူ့ပုံရိပ်ကိုလည်းပြန်မြင်ယောင်နေမိတယ်။ အစဟာ အဆုံးဖြစ်သွားခဲ့တဲ့တွေ့ဆုံခဲ့ရခြင်းကို တသက်လုံး မေ့မှာမဟုတ်တော့ဘူးဆရာမောင်သက်ငြိမ်။

ကဗျာဆရာမောင်လေးဇော်ပို့ပေးလို့ သူ့ကဗျာစာအုပ်ကလေးကို ကျွန်တော်ရပါတယ်။ ကဗျာပုဒ် ၄၇ ပုဒ်ပါဝင်တဲ့ ကဗျာစာအုပ် ကလေး။ မာတိကာမှာ ၄၇ ပုဒ်သာစီထားပေမယ့်။ ကခဂဃင ကဗျာတိုလေးတွေက ၁၉ ပုဒ်ဆိုတော့ ကဗျာ ၆၅ ပုဒ်ပေါ့။ ပထမအကြိမ်၊ ဇူလိုင်၊ ၁၆၊ ၂၀၁၈။ မောင်သက်ငြိမ်ကဗျာများပေါ့။ သူ့မြို့အကြောင်းတွေ၊ သူ့ချစ်ခြင်းမေတ္တာ အကြောင်းတွေ နဲ့သူ့ခေတ်အကြောင်းတွေ ပါဝင်ပါတယ်။ တချို့က ချိုမြလို့။ တချို့က ခါးသက်လို့။ သူ့ကိုသတိရလို့ရေးဖြစ်တဲ့ စာထဲမှာ သူ့ကဗျာတပုဒ်ကို ထည့်ချင်ပါသေးတယ်။ ပဋ္ဌာန်းဆက်တဲ့။ မောင်ချောနွယ် ကွယ်လွန်ခြင်း ၁၄ နှစ်ပြည့်မှာ သူရေးခဲ့တဲ့ကဗျာ ပေါ့။

ပဋ္ဌာန်းဆက်

ကဗျာဆရာဆိုတာ ပဉ္စငါးပါး ဆေးတခွက်နဲ့
လောကကို  အသက်ဆက်ပေးသူတွေရယ်ပါ…
ကိုချောရေ… ဒီနေ့ ခင်ဗျားအိပ်ခဲ့တဲ့ အခန်းကို
သန့်ရှင်းရေးလုပ်တော့
ကြမ်းပိုးများတဲ့.အိပ်ရာပေါ် အမြိန့်သားထိုင်
တောအရက်ဆိုင် ဟန်ဆောင်ထားတဲ့ ဆီးပင်ကလေးဆီက
ဝယ်လာစ ပုလင်းနဲ့
မျှော်လင့်ခြင်း ထမင်းသိုးတွေ မြည်းရင်း
မောနင်း…နေလိုက်တာ
ညသန်းခေါင် လူတွေအိပ်လို့ အသံတွေတိတ်ရင်
သမ္ဗန်ဆရာလေး မောင်မျိုးဇော်ရေ ခတ်တက်ပြင်ကွဲ့
မြို့ကလေးကို ချောင်းကြည့်ဖို့
ချောင်းကလေးထိပ်ကို သွားကြမယ်
ချောင်းကလေးထိပ်မှာ
ရေထဲမြို့ရှိတယ်
ဖျံဖမ်းသမား ရှိမယ်
လူကြိုက်နည်းတဲ့ကောင် ရှိတယ်
မစဉ်းစားခြင်းသေတ္တာ ရှိမယ်
ကိုက်လမ်း ရှိတယ်
မမတင်ရဲ့ ကျောင်းကလေးလည်း ရှိခဲ့
ပင်မှည့်တေးတွေ သီဆိုရင်း
ပေါ့ပါးသော လက်များနဲ့ ရွှေတံခါးကြီး ဖွင့်ကြမယ်ကွယ်
ကိုချောရေ…
စက်တင်ဘာလဆိုတာ နုနုလေး နေချင်တဲ့ လမျိုးဗျ
နှုတ်ခမ်းအထိ မိုးစက်တွေ ပြည့်နေသော မနက်ခင်းကြီး
တလောကလုံး ခင်ဗျားလုပ်စာကို ထိုင်စားခွင့် ပေးခဲ့တာလား
ကျွန်တော့်အသက်ကို မောင်းနှင်ဖို့
အကျင့်ထူးတခုတော့ အမှန် ရရှိခဲ့ပါတယ်။

မောင်သက်ငြိမ်

အကျင့်ထူးတခုနဲ့ ကောင်းရာဘုံတနေရာရာ မှာခင်ဗျားရောက်ရှိနေမှာပါ။ မှတ်မှတ်ရရ တခုကို မေ့တော့မလို့။ ခင်ဗျားကွယ် လွန်တဲ့နေ့က မောင်သက်ငြိမ်နဲ့ လင်းသက်ငြိမ်မှားပြီး ဝမ်းနည်းကြောင်းစာတွေ ကျွန်တော့်ဆီရောက်လာသေးတယ်။ ကျွန် တော့်မှာ ကြေကွဲနေတဲ့ ကြားကနေ အူကြောင်ကြောင်ကြီးကို ဖြစ်လို့။ အသက်ကို မောင်းနှင်ရခြင်းကနေခင်ဗျား အနားယူ သွားခဲ့ပြီးနောက်။ အသက်ကို ကျွန်တော်တို့ဆက်လက်မောင်းနှင်နေကြရပေါ့။ လူတယောက်နဲ့အကြိမ်အများကြီး ဆုံစရာ မလိုပါဘူးလို့ ကျွန်တော့်ကို ခင်ဗျားပြောမသွားခဲ့ပေမယ့် ပြောသွားခဲ့သလိုပါပဲ။ တခါဆို ဆိုသလောက်ကျွန်တော်တို့နွေးထွေး ခဲ့ကြတာပဲလေ။ ရေထဲမြို့ကို ကျွန်တော်တခေါက်ပြန်ရောက်တဲ့အခါ ခင်ဗျားရှိနေဦးမှာပါ။ စကားတွေမပြောဖြစ်ကြရုံ၊ တဆိုင်တည်း အတူမထိုင်ရရုံကလွဲရင် ခင်ဗျားရှိနေဦးမှာပါ။ မောင်ချောနွယ်ရဲ့အခန်းလေးဆီ ကျွန်တော်ရောက်မရောက် ကတော့ သိပ်မသေချာတော့ဘူး။ သတိရခြင်းအကြောင်းကို တနေရာရာကနေ ခင်ဗျားသိနိုင်ရင်လည်း ကျွန်တော့်အတွက် မနည်းပါဘူး။ မသိလည်း မနည်းပါဘူးကျွန်တော်တို့ ဆုံတွေ့ခဲ့ကြပြီးပြီပဲ။ ငြိမ်းချမ်းရာ နေရာမှာသာယာပါစေ ဆရာမောင် သက်ငြိမ်။

သတိရခြင်းအားဖြင့်
လင်းသက်ငြိမ်


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)