fbpx

စိုးခိုင်ညိန်း ● မေးခွန်းများ

November 20, 2018

● မေးခွန်းများ
(မိုးမခ) နိုဝင်ဘာ ၂ဝ၊ ၂ဝ၁၈

ဘဝဆိုတာ ဘာဆိုဘာမှ မသိခြင်းတွေကနေပဲ စတင်ခဲ့ရတာပါပဲ။ ပဋိစ္စသမုဒ်ပါဒ်မှာတော့ အဝိဇ္ဖာ ပစ္စယာ သင်္ခါရာလို့ ဟော တော်မူပါတယ်။ အဲဒီ မသိခြင်းကနေ သံသရာဟာ မရပ်မနား တပတ်ပြီး တပတ် ခန္ဓာတခု ပျက်ဆီးလို့ ဘဝတခု ဆုံး သွား လိုက် ခန္ဓာအသစ် တခုခုနဲ့ ဘဝသစ်တခု စလိုက်နဲ့ လည်နေတော့တာပဲ။ အဲဒီ ဘဝသစ်တခု စတယ်ဆိုတာနဲ့ အရင်ဘဝက သိခဲ့တယ်ဆိုတဲ့ အရာတွေအားလုံးဟာ အကုန်မေ့ပျောက်သွားပြီး ဘာတခုမှ မသိတော့ဘူး။ အဲဒီလို မသိခြင်းတွေနဲ့ ဘဝ တခုကို စတင်ရတာ ဖြစ်ပါတယ်။

မွေးကင်းစကလေးတွေဟာ ဘာမှမသိခြင်းတွေနဲ့ တနည်း ဘာမှမရေးခြစ်ရသေးတဲ့ ဗလာစာရွက် အလွှတ်တရွက်နဲ့ တူ တယ်လို့ဆိုရင် ရနိုင်ပါတယ်။ အဲဒီဗလာစာရွက်ကလေးပေါ်ကို ဝလုံးကလေးတွေ ဝိုင်းအောင်ရေးဖို့ ကြိုးစားပြီး သိခြင်းကို တခုပြီး တခု စတင်ခဲ့ရတာ ဖြစ်ပါတယ်။ အရာအားလုံး မြင်ရသမျှ တွေ့ရသမျှတွေဟာ ထူးဆန်းဖွယ်ရာတွေနဲ့ သိချင်စရာ သင်ယူစရာတွေချည်း ဖြစ်နေခဲ့တယ်။

လက်ထဲကို တစုံတရာ ပစ္စည်းတခုခု ရောက်လာပြီဆိုရင် ထုကြည့် ရိုက်ကြည့်တယ်။ အသံမြည်လာရင် သဘောကျလို့ အသံက ဘယ်ကလာတာလဲ ထပ်ခါထပ်ခါ စူးစမ်းနေတယ်။ အသံရဲ့ ငြိမ့်ညောင်းတဲ့ အရသာကို ခံစားမိလာတယ်။ အမေ့ရဲ့ ဆိုငြီးနေတဲ့ ပုခက်လွှဲတေးသံမှာ ခံစားမိန်းမောပြီး အိပ်စက်တတ်လာတယ်။ ဒါဟာ ဂီတကို စတင်သိရှိလာတဲ့ သဘောပေါ့။

နောက်တော့ မြေကြီးပေါ်ကို နင်းစမ်းလျှောက်ရင်း စူးစမ်းစရာတွေ၊ သိချင်စရာတွေက များသထက် များလာတယ်။ တနေ့ ကျွန်တော့်တူလေးက ကျွန်တော်နဲ့အတူ လက်ဖက်ရည်ဆိုင် လမ်းလျှောက် လိုက်လာရင်းက မထင်မှတ်တဲ့ မေးခွန်းတခု မေးလာတယ်။ “ဦးစိုး အခုလို မနားတမ်း လမ်းလျှောက်သွားနေရင် ဒီမြေကြီးရဲ့အဆုံးကို ရောက်သွားနိုင်လား” တဲ့။ ဒါဟာ သူ့စိတ်ထဲကနေ ဖြစ်ပေါ်လာတဲ့ သိချင်စိတ်ပဲ။ သူဟာ မြေကြီးပေါ်ကို နင်းလျှောက်နေရင်း တနေရာရာမှာ မြေကြီးရဲ့ အဆုံး ကို ရောက်သွားမယ်လို့ ထင်နေတယ်။ ကျွန်တော့်မှာ တတ်သလောက် မှတ်သလောက်လေးနဲ့ သူနားလည်အောင် ပြောပြရ ပါတယ်။

သူဟာ ပထမဆုံး ဝလုံးလေးတွေကို စ ရေးတော့ ဝလုံးလေးတွေဟာ မဝိုင်းသေးဘူး။ ဝလုံးလေးတွေဟာ တလုံးနဲ့ တလုံး မညီမညာနဲ့ ပိန်လိုက်ရှုံ့လိုက် ဖြစ်နေတယ်။ ဝလုံးလေး တလုံးကိုပဲ အစမှာတော့ ကြိုးစားပန်းစား ရေးနေရတယ်။ ကျူရှင် ဆရာမက သူ့ကို “ကြိုးစားရေး သား ဝလုံးလေးတွေဟာ ကြာလာရင် တဖြေးဖြေးနဲ့ ဝိုင်းလာမှာပေါ့” လို့ ပြောတဲ့စကားကို သူက အသေအချာ မှတ်ထားတယ်။ တပတ်လောက်ရှိတဲ့အခါမှာ စာအုပ်ထဲက ရေးပြီးသား ဝလုံးလေးတွေကို ကြည့်ပြီး “ဆရာမကတော့ ပြောတယ်၊ ဝလုံးလေးတွေက ကြာရင် တဖြေးဖြေး ဝိုင်းလာမှာပါတဲ့၊ ဘယ်မှာ ဝိုင်းလာလို့လဲ၊ ဒီမှာ ဝလုံး လေးတွေက နဂိုအတိုင်းပဲ” တဲ့ သူ့အဒေါ်ကို ပြန်ပြောပြ နေလေရဲ့။ အဲဒီအခါမှာ သူ့အဒေါ်က သေချာသဘောပေါက်အောင် ရှင်းပြရတယ်။ တဖြေးဖြေးနဲ့ သူဟာ များပြားလှတဲ့မသိခြင်းတွေကို နည်းနည်းသွားအောင် လုပ်ယူနေတယ်။

မတွေ့ဘူး၊ မမြင်ဘူးတဲ့ အသစ်အဆန်း တခုခုကို မြင်ရတဲ့အခါတိုင်း “ဒါဟာ ဘာလဲ၊ ဘာလုပ်တဲ့ဟာလဲ။ ဘယ်လို လုပ်ရတာ လဲ၊ ဒါကို လုပ်လိုက်ရင် ဘယ်လို ဖြစ်သွားမှာလဲ” စတဲ့ မေးခွန်းတွေဟာ များများလာသလို သိစိတ်ဟာလည်း တဖြေးဖြေး ကျယ်ပြန့်လာတယ်။

ဝလုံးလေးတွေဟာ တဖြေးဖြေး ဝိုင်းလာပြီ ဆိုတော့ ဥဏှောက်အသိဉာဏ်နဲ့လည်း စဉ်းစားတွေခေါ် တတ်လာတယ်။ သူ့ရဲ့ စဉ်းစားတွေးခေါ်မှုဟာ အကျိုးအကြောင်း ကိုက်ညီရင် ညီမယ်။ မညီရင် မညီဘူး၊ ယုတ္တိရှိချင်မှလည်း ရှိမယ်။ အိမ်ရဲ့ ဧည့် ခန်းမှာ အဖိုး၊ အဘွားတွေရဲ့ ဘွဲ့ဓါတ်ပုံတွေကိုကြည့်ပြီး သူတို့က ဘယ်သူတွေလဲမေးပြီး အဲဒါ အမေကြီးနဲ့ ဘဘလေ ဆို တော့ အော် မေကြီးနဲ့ ဘဘက ငယ်ငယ်တုန်းကတော့ ချောချောလေးတွေပါလားတဲ့။ လူတွေဟာ ဒီလိုပဲ ကြီးသွားရင် ရုပ်ဆိုး သွားကြတာ ဖြစ်မှာပဲတဲ့။ ဒါလည်းပဲ စဉ်းစားစရာကောင်းတဲ့ အချက်ပဲလေ၊ သူ့လို ကျွန်တော်တခါမှ စဉ်းစားမကြည့်ခဲ့မိဘူး။

မြို့မှာ ရှင်သန်ပြီး ဘဝကို စရတဲ့ သူတွေနဲ့ ရွာတွေ တောတွေမှာ ဘဝကိုစတင်ရတဲ့သူတွေဟာ သူတို့ရဲ့ သိခြင်း မသိခြင်း တွေဟာ အများကြီး ကွာခြားနိုင်ပါတယ်။ ကျွန်တော့်ကိုယ်တွေ့ ငယ်ငယ်က အဖြစ်အပျက်တခုကို သတိရမိသေးတယ်။ ကျွန် တော်တို့တောမှာက တောမှာရှိတဲ့ အဝန်းအဝိုင်းလေးထဲမှာပဲ  ကျွန်တော့်ရဲ့သိစိတ်ဟာ ချဲ့ထွင်ခဲ့ရတာ ဖြစ်ပါတယ်။ ကျွန် တော် ရှစ်နှစ်သားလောက်မှာ မြို့ကို ရောက်လာတယ်။ စရောက်ရောက် အိမ်ရဲ့ ဧည့်ခန်းမျက်နှာကျက်က ပန်ကာကြီးကို မော့ကြည့်ပြီး အံ့သြနေခဲ့မိတယ်။ ဒါကြီးကိုလှည့်ပြီး လေရအောင် လုပ်တဲ့ဟာပဲလို့တော့ စဉ်းစားလို့တော့ ရပါရဲ့ ၊ ဒါပေမဲ့ ဒါကြီးကို ဘယ်လို လည်အောင် လှည့်သလဲ၊ ဝါးလုံးနဲ့ပဲ လှည့်သလားပေါ့ စဉ်းစားနေမိတယ်။ အဲဒီတုန်းက ကျေနပ်လောက်တဲ့ အဖြေကို စဉ်းစားလို့ မရခဲ့ဘူး။ လျှပ်စစ်ဆိုတာ ရွာမှာမရှိခဲ့တော့ ဘာမှန်းကိုမသိခဲ့တာမို့ လျှပ်စစ်နဲ့လည်တယ်ဆိုတာ စဉ်းစား လို့ မရခဲ့ဘူး။ မြို့မှာ ကိုယ်မသိသေးတာတွေ အများကြီးပါလားလို့ တဖြေးဖြေး သဘောပေါက်လာခဲ့ရတယ်။

ကျွန်တော်တို့ ဖွင့်ထားတဲ့ ဆိုင်မှာ ဗလာစာအုပ်၊ ဘော့ပင်၊ ခဲတံစသည် စာရေးကိရိယာပစ္စည်းလေးတွေ ရောင်းတော့ K G တန်းလေးတွေအတွက် လိုအပ်တဲ့ ခဲတံ၊ လေးကြောင်းမျဉ်းအကွက်ချစာအုပ်၊ ပုံဆွဲစာအုပ်စသည် လာဝယ်တဲ့ အခါ မိဘလုပ် သူတွေက ငြီးလေ့ ရှိလေ့ကြတယ်။ ကလေးတွေဆိုတော့ ပျောက်တာနဲ့ ဆော့လို့ စုတ်တာနဲ့ ပျက်ဆီးတော့ ခဏခဏ ဝယ် ပေးနေရတယ်၊ မခံနိုင်ဘူး၊ ဒီနှစ်ထဲ ကုန်ဈေးနှုန်းက တက်နေတာဆိုတော့ ပိုဆိုးတယ်တဲ့ ဈေးဝယ်ရင်းနဲ့ ငြီးနေတယ်။ ကလေးဆိုတော့လည်း ဒါတွေ ဘယ်သိသေးမှာလဲလို့ ပြောလိုက်ရတယ်။ ကလေးဆိုတော့လည်း ကလေးအတွေးလောက်ပဲ တွေးနိုင်မှာပဲ။ ကလေးဆိုတော့ တကယ့်မြင့်မြင့်ကြီးတွေ  ဘယ်တွေးနိုင်ပါ့မလဲ။

ကလေးအတွေး

ကုန်ဈေးနှုန်းတွေ တက်လာပြီတဲ့
ဗလာစာအုပ်ကို ချွေတာရမယ်တဲ့
လက်ရေးကို သေးသေးရေးတဲ့ စိပ်စိပ်ရေးတဲ့၊ အပြည့်ရေးတဲ့
သား နားမလည်ဘူး မေမေ
ကုန်ဈေးနှုန်းတက်လာတာ ရန်သူတွေ တက်လာတာမှ မဟုတ်ဘဲ
သားတို့က ရရာလက်နက်ဆွဲပြီး တိုက်နေရမှာလား
ကတုတ်ကျင်းထဲ ဝင်ပုန်းနေရမှာလား
ဖေဖေက ပြောတယ်
ကုန်ထုတ်လုပ်မှုတွေ ကျတယ်တဲ့၊ စီးပွားရေးတွေကျတယ်တဲ့
စိတ်ဓာတ်တွေကျတယ်တဲ့
သားနားမလည်ဘူး ဖေဖေ
စီးပွားရေးတွေကျတော့ ကိုယ့်ပေါ် မီးမြှားတွေ ကျလာတာမှ မဟုတ်ပဲ
သားတို့က သံခမောက်တွေ ဆောင်းရမှာလား
မြစ်ထဲ ခုန်ဆင်းရမှာလား
စိတ်ညစ်တယ်ဟယ် မြို့မှာ မီတာခတွေ တက်လာပြန်ပြီတဲ့
မြို့မှာ မီတာခတွေတက်တာ ဘာဖြစ်သလဲမေမေ
သားတို့ရွာလေးမှာ လျှပ်စစ်မီးမှ မရှိတာ
မီတာဆိုတဲ့ အကောင်က ဘယ်ကနေ တက်လာတာလဲ
သားတို့အိမ်ပေါ်ကို ဘယ်လိုရောက်လာတာလဲ
ဖေဖေ့ခေါင်းပေါ်ကို ဘယ်လိုရောက်လာတာလဲ
သားဗလာစာအုပ်ထဲ ဘယ်လိုရောက်လာတာလဲ
သားမခံဘူး မေမေ
မေမေ့ရဲ့ သံချေးတက်နေတဲ့ ကောက်စိုက်တံနဲ့ သားထိုးပစ်လိုက်မယ်
ဖေဖေ့ရဲ့ မသုံးဖြစ်တော့တဲ့ တံစဉ်နဲ့ သားရိတ်ပစ်လိုက်မယ်
အဲ့ဒီကောင် ဘယ်မှာလဲ မေမေ
အဲ့ဒီကောင် ဘယ်မှာလဲ..။။

ကိုရွေး

တချို့ကိစ္စတွေက ကလေးမှ မဟုတ်ပါဘူး၊ ကျွန်တော်တို့လို လူကြီးတွေတောင် မတွေးတောနိုင်တဲ့ အရာတွေ အများကြီး ရှိနိုင်ပါတယ်။ မြို့ကြီးတွေမှာ ကျွန်တော်တို့ လိုက်လို့မမှီနိုင်တဲ့ ကိစ္စတွေ အများကြီးပါ။ သုံးလောကထွဋ်ထား သဗ္ဗညုမြတ်စွာ ဘုရားသာလျှင် အရာအားလုံးကို သိမြင်နိုင်ပေလိမ့်မယ်။ သာမာန် ကျွန်တော်တို့လို ပုထုဇဉ်များအဖို့တော့ အရာအားလုံးကို သိမြင်နိုင်ဖို့ဆိုတာ မဖြစ်နိုင်တဲ့ကိစ္စပါပဲ။ တဖြေးဖြေး အသိဉာဏ်ရင့်သန်လာတာနဲ့အမျှ ကိုယ်မသိသေးတာတွေ ပိုများများ လာတယ်ဆိုတာ ပိုပိုပြီး သဘောပေါက်လာတယ်။

မေးခွန်းတွေနဲ့ ကိုယ်မသိသေးတာတွေကို သိဖို့ကြိုးစားနေခြင်းဟာ ဘဝတခုရဲ့ ရှင်သန်နေထိုင်မှု လို့ပဲ ဆိုရမယ် ထင်ပါတယ်။ ဘဝတခုကို မသိခြင်းကနေ စခဲ့ပြီးတော့ အနည်းငယ်လောက်ပဲသိပြီး သိစရာတွေ တပုံတပင်ချန်ခဲ့ရပြီး ဘဝတခု အဆုံးသပ် သွားရဦးမှာပဲ ဖြစ်ပါတယ်။ မသိခြင်းကနေစခဲ့ပြီး မသိခြင်းမှာပဲ အဆုံးသပ်ရကာ ဘဝတခုဟာ ဖြစ်လိုက်ပျက်လိုက်နဲ့ အဖန် ဖန်အထပ်ထပ် လည်ပတ်နေတယ်လို့ ဆိုရမှာ ဖြစ်ပါတယ်။

အဆိုတခု ကြားဖူးပါတယ်။ ငါသိတာ တခုရှိတယ် အဲဒါဟာ ငါ ဘာမှမသိသေးတာပဲတဲ့။ မသိရင်မေး မစင်ရင်ဆေး ဆိုတဲ့ စကားပုံလည်း ရှိပါတယ်။ မသိသေးတာတွေကို မေးပြီး သိဖို့ ကြိုးစားရတာပဲ ဖြစ်ပါတယ်။ ဒါပေမဲ့ တချို့အရာတွေက မေးခွန်း တွေမေးပြီး သိဖို့ကြိုးစားပေမဲ့လည်း အဖြေမရှိလို့ မသိနိုင်တာတွေလည်း ရှိနိုင်ပါသေးတယ်။ ကျွန်တော်သိချင်တဲ့ မေးခွန်း အချို့ ရှိပါတယ်။

နောက်လာမဲ့ ဆယ်နှစ်ကြာရင် ကျွန်တော်ဟာ ဘာဖြစ်မှာလဲ၊ အဲဒီအချိန်မှာ ဘယ်ကို ရောက်နေမှာလဲ၊ အိမ်အကောင်းစားကြီး၊ ကားအကောင်းစားနဲ့ ဘောစိတယောက်လို ဖြစ်နေမှာလား။ ကျွန်တော်တို့နိုင်ငံကလည်း ဘယ်အချိန်မှာ တပြည်လုံး ငြိမ်း ငြိမ်းချမ်းချမ်းနဲ့ ဖွံ့ဖြိုးတိုးတက်ပြီး ကမ္ဘာ့အလယ်မှာ ချမ်းသာတဲ့နိုင်ငံဖြစ်မှာလဲ၊ ကျွန်တော့်အသက်ကရော ဘယ်အထိ နေရမှာ လဲ။ ဖွံ့ဖြိုးတိုးတက်ပြီး ချမ်းသာတဲ့နိုင်ငံဖြစ်သည်အထိ အသက်ကရှည်ပါ့မလား၊ သေရင် ဘယ်ဘဝကို ရောက်သွားမှာလဲ။ သိချင်တဲ့ မေးခွန်းတွေဟာ များလှပါတယ်။

စိုးခိုင်ညိန်း


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)