fbpx

ညိုထက်ညို – မောင်အောင်ပွင့် က ပြောပါသည်

December 1, 2018
My Friend Tin Moe By Maung Swan Yi - Selection of MoeMaKa Articles

art – Than Htay Maung


– မောင်အောင်ပွင့် က ပြောပါသည်
(မိုးမခ) ဒီဇင်ဘာ ၁၊ ၂၀၁၈

ညနေစောင်း ၍ မှောင်စပျိုးလာပြီ ဖြစ်ပါသည်။

ထိုအချိန် ဆိုလျှင်ပင် တစ်နေ့လုံး သောသောရုတ်ရုတ် နှင့် အသက်ဝင်ခဲ့သော ၃၃လမ်း အထက်လမ်း က ဓမ္မာရုံ ရှေ့တွင် ကပ်ဖွင့်ထားသည့် ‘လေထန်ကုန်း’ လက်ဖက်ရည်ဆိုင် ကလေး သည် အညောင်းဆန့်၍ ဆိုင်သိမ်းရန် ပြင်ဆင်နေပြီ ဖြစ်ပါသည်။ ညီလား အစ်ကိုလား ကျွန်တော် သေသေချာချာ ခွဲခြားမသိသည့် ဆိုင်ရှင် ညီအစ်ကို နှစ်ယောက် ထဲက တစ်ယောက်က စားပွဲတချို့ပေါ် ချထားသည့် ဘယ်သူကမှ လက်ဖျား နှင့် တို့ခဲ့ပုံ မရသော ပဲမုန့်ပန်းကန် ထဲက ပဲမုန့် များကို ရွရွကလေး ကိုင်ကာ မုန့်ဘီရိုထဲသို့ ပြန်ထည့်နေတာ ကျွန်တော် ထိုင်နေရာ စားပွဲကလေးမှ တွေ့နေရပါသည်။ အဲဒီမှာပဲ ကျွန်တော့်ရှေ့ ခပ်လှမ်းလှမ်း ကဗျာဆရာ ဝိုင်းတစ်ဝိုင်း က ပုဂ္ဂိုလ်တစ်ယောက် ကျွန်တော် ရှိရာ သူထိုင်ရာမှ ထ၍ လျှောက်လာပါသည်။

‘ကိုယ့်ကို ဒဂုန် ပြန်ဖို့ နှစ်ရာလောက်’ တဲ့။ တိုးလျသော သူ့စကားသံ က မှောင်ရီနေသည့် ညနေ ထဲတွင် မှုန်ပြာဝေမှိုင်း နေပါသည်။ ခါးနောက်မှာ ထိုးထားသော ပိုက်ဆံအိတ် ကို ဆွဲထုတ်၍ နှစ်ရာတန် တစ်ရွက် ကျွန်တော် ထုတ်ပေးလိုက်ပါသည်။

အဖြစ်အပျက် က အခုကနေ တွက်ကြည့်လျှင် လွန်ခဲ့သော ဆယ့်ငါးနှစ် လောက်က ဖြစ်ပါသည်။ ထိုအချိန်က စာဖတ်သူ အနေဖြင့်သာ ရှိနေသေးသော ကျွန်တော် သည် ထို အဖြစ်အပျက် ဖြစ်ပြီးနောက် ငါးနှစ် လောက်အကြာ ကိုယ်တိုင် ကဗျာဆရာ ဖြစ်ချိန်တွင် မြန်မာနိုင်ငံ ကဗျာဆရာ တွေရဲ့ ဘဝ ကို ဖျတ်ခနဲ ကောက်ကြောင်းကလေး လို ရေးခဲ့မိသည့် ကျွန်တော့် ကဗျာတစ်ပုဒ် ထဲတွင်

‘ညိုထက်ညို

ကိုယ့်ကို ဒဂုန် ပြန်ဖို့ နှစ်ရာလောက်

ဒီစကား

ပါဖူးတဲ့ ရုပ်ရှင် ဆိုတာ ရှိလား’ ဆိုပြီး ထည့်ရေးခဲ့မိပါသည်။

တကယ်တော့ ကျွန်တော်တို့ ကျိန်စာသင့်ခဲ့ကြတာ တော်တော် စောစောကတည်းက ဖြစ်ပါသည်။

……………………………. ……………………………… ……………………………….

မြန်မာနိုင်ငံ စာရေးဆရာ ကဗျာဆရာ ဆိုလျှင် ဆင်းရဲမွဲငတ် နေရမည် ဟူသော ဘယ်သူက ဘယ်တုန်းကတည်းက တိုက်ခဲ့မှန်း မသိသည့် ကျိန်စာ ကို ကျွန်တော် သတိပြုမိခဲ့တာ အတော် စောစော ကတည်းက ဖြစ်ပါသည်။ ကိုယ်တိုင် စာရေးဆရာ ကဗျာဆရာ မဟုတ်သော်လည်း စာဖတ်သူ တစ်ယောက် ဘဝ ဖြင့် ကျွန်တော် နေထိုင်ရာ ၃၇လမ်း သည် စာရေးဆရာ ကဗျာဆရာများ ကျင်လည်ရာ မြို့ထဲတဝိုက် နှင့် ကပ်နေသည် ဖြစ်ရာ စာရေးဆရာ ကဗျာဆရာ တွေ၏ ဘဝတွေကို ဟိုးအတော် စောစောကတည်းက အလျားလိုက်ကော အနံလိုက်ပါ မြင်မြင် နေရပါသည်။ ပန်းဆိုးတန်း စာအုပ် အဟောင်းတန်းတွင်၊ ၃၇လမ်း အောက်လမ်းက စာအုပ်အဟောင်းဆိုင် များတွင်၊ စာပေဗိမ္မာန် အနီးတဝိုက်တွင်၊ ၃၃လမ်း ၃၄လမ်း တခိုတွင်၊ နောက်ဆုံး ကိုယ်တိုင် မထိုင်ဖူးသော်လည်း ကျွန်တော် မီခဲ့ဖူးသည့် ၄၂လမ်း အောက်လမ်းက အရက်ဆိုင်ကလေး များတွင်၊ ထိုထိုဤဤ ကျွန်တော် လစဉ် ဖတ်ရှုနေသည့် ကဗျာတွေ ဆောင်းပါးတွေ ဝတ္ထုတွေ ကို ရေးနေကြသည့် ဆရာသမား များကို ငယ်ငယ်ကတည်းက မြင်ခဲ့ဖူးပါသည်။

လွယ်လွယ် နှင့် တိုတို ဆိုရလျှင် ကျွန်တော်တို့ စာရေးဆရာများ ကဗျာဆရာများ အခြေအနေမရှိ၊ ပိုက်ဆံမရှိကြ တာသည် တစ်နှစ်တွင် ၁၂လ နှင့် တစ်လတွင် ရက်ပေါင်းသုံးဆယ် ဖြစ်နေလေရာ နောက်ဆက်တွဲ အကျိုးဆက် အနေဖြင့် လူအထင်သေးခံရခြင်း၊ အနှိမ်ခံရခြင်း၊ အစော်ကား ခံရခြင်း အစရှိသော နောက်တွဲ ဝေဒနာကလေး များကိုပါ ဆင့်ပွား ခံစားရပါသည်။ ကျွန်တော် ဖြတ်သန်းမိသလောက် တော့ ထိုသုံးခု ထဲက တစ်ခုခု သော်လည်းကောင်း များသောအားဖြင့် သုံးခုစလုံး သော်လည်းကောင်း ကျွန်တော်တို့ အားလုံး တစ်ကွေ့မဟုတ် တစ်ကွေ့တော့ ကြုံတွေ့ကြရတာပဲ ဖြစ်ပါသည်။

အဲဒီတုန်းက ၃၃လမ်းထိပ် မှာ ‘ရွှေကြည်အေး’ ရှိနေဆဲ ဖြစ်ပါသည်။ ထိုစဉ်က ရွှေကြည်အေး လက်ဖက်ရည်ဆိုင် အဝင်ဝ က ကျောက်စားပွဲဝိုင်းကြီး မှာ ဘယ်သူရှိရှိ မရှိရှိ ရှိနေတတ်သူမှာ လွန်ခဲ့သော ငါးနှစ်ခန့်က ဆုံးပါးသွားသော ကဗျာဆရာ မောင်ရန်ပိုင် ခေါ် ကိုရန်ပိုင် ဖြစ်ပါသည်။

တစ်နေ့မှာတော့ လက်ဖက်ရည်တစ်ခွက် ကို ရှေ့ချပြီး တစ်နေကုန် ထိုင်နေတတ်သည့် ကိုရန်ပိုင့် ကို ရွှေကြည်အေး က စားပွဲထိုးတစ်ယောက်က ကျောကိုပုတ်ပြီး ဆက်ထိုင်ဦးမည် ဆိုလျှင် အဝင်ဝမှာ မထိုင်ဘဲ အတွင်းစားပွဲမှာ ထိုင်ရန် ပြောပါသည်။ အဲဒီမှာပဲ ကိုရန်ပိုင် နှင့် စကားတွေ ထများကြပြီး ဆဲကြဆိုကြ ဆွဲကြလွဲကြ အပြီး တစ်ဆိုင်လုံးကို သိမ်းကျုံးဆဲလိုက်သော မောင်သာချို ၏ ပေါက်ကွဲမှုဖြင့် ပြဿနာ က အဆုံးသတ် သွားပါသည်။

ဒါက နမူနာ အနေဖြင့်သာ အလွယ်သိသည့် ကိုရန်ပိုင် ကြုံခဲ့သော အဖြစ်အပျက် ကို တင်ပြခြင်း ဖြစ်ပါသည်။ တကယ်ကမူ ကိုရန်ပိုင် ကဲ့သို့ ကျွန်တော်တို့ အားလုံး တစ်ခါမဟုတ် တစ်ခါ ကြုံဖူးကြသူ တွေချည်း ဖြစ်၍ ထုတ်၍ မပြောလျှင်သာ ရှိကြမည်၊ ကိုယ်စီ ကိုယ်စီ ကတော့ ဒဏ်ရာကလေးတွေ ဒဏ်ချက်ကလေးတွေ နှင့် ဖြစ်ပါသည်။

ကဗျာဆရာ မောင်အောင်ပွင့် ကြုံရပုံကမူ တစ်ဘာသာ ဖြစ်ပါသည်။ တစ်ခါမှာတော့ မောင်သာချို က ညနေညနေ နေညိုလျှင် လေထန်ကုန်း ကနေ ဆိုင်ရာဆိုင်ရာ ယစ်ဝေရီဝေ ဆိုင်ကလေး တွေ ရှိရာဆီ အလျဉ်းသင့်သည့် လူများနှင့် ပါပါသွားတတ်သည့် မောင်အောင်ပွင့် ကို ခေါ်တိုင်းမလိုက်ရန် တိုက်တိုင်းမသောက်ရန် တားပါသည်။ အဲဒီမှာ မောင်အောင်ပွင့် ပြန်ဖြေပုံက မှတ်သားလောက်ပါသည်။ လူတွေက အရက်မသောက်လျှင် ထမင်းမကျွေးချင်ကြပါ ဟူ၍ ဖြစ်ပါသည်။

အဲဒီ ၁၉၈၉ တဝိုက် အချိန်ကာလ တွေမှာပဲ ဖြစ်ပါသည်။ အဲဒီတုန်းက အိပ်မက်ဖူး မဂ္ဂဇင်း ကို မောင်သာချို တို့ နှင့်အတူ ထုဆစ်နေသည့် ကဗျာဆရာ အယ်ဒီတာ ခင်လွန်း ရှိနေတတ်ရာ မြို့ထဲက အိပ်မက်ဖူး မဂ္ဂဇင်း တိုက်သို့ ညဘက်မှာ ဘယ်နေရာ ဘယ်သူ့အိမ်မှာ အိပ်ပြီး ထလာခဲ့မှန်း မသိသည့် မောင်အောင်ပွင့် တစ်ယောက် ကဗျာဆရာ ခင်လွန်း က သူ့အကြောင်း ရေးသည့် ဆောင်းပါးထဲက အလွန် သရုပ်ပေါ်သည့် စကားလုံးလေး အတိုင်း ထပ်ရေးပြရလျှင် မျောလွင့်လွင့် ပမ်းလျလျ နှင့် ရောက်လာတတ်ပါသည်။ ဖြတ်၍ ပြောရလျှင် ထိုအချိန်က အိပ်မက်ဖူး ကို ကဗျာဆရာ နေစိမ့် တို့ မိသားစု ၏ ရင်းနှီးမတည်မှု နှင့် ထုတ်ဝေနေခြင်း ဖြစ်ပြီး ကိုယ်တိုင် ပဲ့ကိုင် နေကြသည့် အယ်ဒီတာ များထဲက ကိုခင်လွန်း ကိုယ်တိုင်မှာလည်း စားစရိတ် မျှသာ ရပြီး အခမဲ့ လုပ်ကိုင်ပေးနေခြင်း ဖြစ်ပါသည်။ ပေးစရာ လစာ ဆို၍လည်း မရှိသည့် အခြေအနေ ဖြစ်ပါသည်။

အဲဒီမှာတော့ တစ်နေ့တွင် ထမင်းစားချိန် လောက် ရောက်လာသည့် မောင်အောင်ပွင့် ကို ကိုခင်လွန်း က ‘ထမင်း စားပြီးပြီလား’ ဟု မေးလိုက်မိပါသည်။

ထိုအခါ မောင်အောင်ပွင့် က ကိုခင်လွန်း ကို ‘ကိုခင်လွန်းရယ် ခင်ဗျားဗျာ ဒီ ထမင်းဆိုတာကြီးကို မသုံးစမ်းပါနဲ့’ ဟု ပြန်ဖြေပါသည်။ မောင်အောင်ပွင့် ဖြေလိုက်သော ထိုစကားကလေး သည် ကျွန်တော်တို့ တတွေ ဖြတ်ခဲ့ရသည့် လမ်း အား မကြုံဖူး မကြိုက်ဖူး သူ တွေပင် ငိုင်သွားလောက်သည် အထိ တာသွားလှပါသည်။

ပြောခံရသည့် ကိုခင်လွန်း ကိုယ်တိုင်မှာလည်း ထိုအချိန်တွင် အိပ်မက်ဖူး ၏ အခမဲ့ အယ်ဒီတာ ဖြစ်နေပါသည်။ ဗန်းမော်တင်အောင် မှ အစပြုခဲ့သည့် ထို အခမဲ့ တာဝန် ကို ကိုခင်လွန်း က ဆက်လက် ထမ်းဆောင်နေပါသည်။ ထို ဝါသနာ သည်လည်း အတော် ဒုက္ခပေးသည့် ဝါသနာ ဖြစ်၍ ကျွန်တော့်တွင် အယ်ဒီတာ လုပ်ချင်သည့် ဝါသနာ မပါလာတာကိုပဲ တစ်ခါတစ်ခါ ကြံဖန် ကျေးဇူးတင်နေရပါသည်။

ကိုရန်ပိုင် ကဲ့သို့ တစ်ကိုယ်တည်းသမား ဆိုလျှင်တော့ အနည်းငယ်ပဲ ဖြစ်ဖြစ် သက်သာနိုင်ပါသေးသည်။ သို့သော် အိမ်သူသက်ထား တွေ သားတွေ သမီးတွေ ပါ ပါလာသောအခါ တိုတို နှင့် ရိုးရိုးကလေး ပြောရလျှင် မြန်မာနိုင်ငံတွင် စာရေးဆရာ ကဗျာဆရာ အယ်ဒီတာ ဖြစ်ရခြင်း ဟူသည် အားလုံး ကို လွှတ်ချ၍ ထွက်ပြေးမိမည် ဆိုလျှင် ထွက်ပြေးမိ လောက် သည်အထိ ဒုက္ခကြီးလှစွာသော အဖြစ် ဖြစ်ပါသည်။

သို့သော် ထိုသို့ ထွက်ပြေးမိလောက်ပါလျက် ထွက်မပြေးမိဘဲ ကျွန်တော်တို့ ဆက်လက် ရပ်တည် မိခဲ့ကြလေရာ ထိုသို့ ရပ်တည် နေခဲ့မိသော အကြောင်းရင်းခံ ဧကန် ရှိမည် ထင်ပါသည်။

ထို အကြောင်းရင်းခံ က ဘာပဲဖြစ်ဖြစ် ကျွန်တော်ကတော့ ကျွန်တော့် အစ်ကိုကြီးလို ဆရာသမား လို ဖြစ်နေသော ကဗျာဆရာ အယ်ဒီတာ တစ်ယောက် ကျွန်တော့်ကို ပြောဖူးသည့်

‘ကျွန်တော် တို့ကိုက ဝဋ်ကြီးစွာ ဒီအထဲမှာ ပျော်နေတာ ဘယ်လိုလုပ်ရမှန်းလဲ မသိပါဘူးဗျာ’

ဟူသော စကားကိုပဲ ကြားယောင်နေမိပါသည်။

ကဗျာဆရာ မောင်အောင်ပွင့် တစ်ယောက်တော့ မနက်ကပဲ ဝဋ် ကျွတ်သွားပါသည်။ ။

ညိုထက်ညို


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:လူများ၊ ရုပ်ပုံလွှာများ

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)