fbpx

မောင်လူပေ – အမျိုးသားနေ့နှင့် အမျိုးသားရေးစိတ်ဓါတ်

December 2, 2018

 

မောင်လူပေ – အမျိုးသားနေ့နှင့် အမျိုးသားရေးစိတ်ဓါတ်

(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၈အမျိုးသားအောင်ပွဲနေ့သို့ရောက်ပြန်ပြီ။ ဒီနှစ်က၂၀၁၈မို့ (၉၈)နှစ်ရှိပေါ့။ မြန်မာအွန်လိုင်းဖြစ်သော ဖေ့ဘုတ်တခွင်မှာတော့ အမျိုးသားနေ့အကြောင်းသိပ်မဖတ်ရ။ မြန်မာ့အမျိုးသားနေ့သည် သာမန်ရုံးပိတ်ရက်တစ်ခုအဖြစ် ရောက်ရှိပြီး အမေ့ခံနေရပုံပါရှိ၏။

အမျိုးသားနေ့ဆိုတာ ဘာလဲ၊ ဘယ်လိုဖြစ်လာတာလဲ၊ ဘယ်သူတွေဦးဆောင်ခဲ့လဲဆိုတာ ကြာလျှင်မေ့သွားမှာစိုးမိပါ၏။

မြန်မာတွေ စည်းကမ်းဖောက်လို့ ထီးနန်းပျောက်ပြီး အင်္ဂလိပ်လက်အောက်ရောက်ခဲ့သည်မှစခဲ့သော ကိုလိုနီခေတ်တွင် အင်္ဂလိပ်အစိုးရ၏ အုပ်ချုပ်ရေးယန္တယားလည်ပတ်ဖို့ အတွက် ရန်ကုန်ကောလိပ်နှင့်ဂျပ်ဆင်ကောလိပ်တို့ ဖွင့်ကာ မြန်မာတို့ကို အဆင့်မြင့်ပညာသင်ပေးသည်။ ၁၉၂၀ ကာလအထိ အိန္ဒိယနိုင်ငံရှိ ကလကတ္တားတက္ကသိုလ်လက်အောက်ခံကျောင်းများ အဆင့်သာ ဖြစ်၏။ မြန်မာပြည်တွင် တက္ကသိုလ်မရှိ။

ဝိုင်အမ်ဘီအေအသင်းကြီးက မြန်မာပြည်အတွက် သီးခြားတက္ကသိုလ်ရရေး လှုံ့ဆော်ရာမှ ရန်ကုန်ယူနီဗာစီတီအက်ဥပဒေ(Rangoon University Act) ကိုရေးဆွဲပြီး ၁၉၂၀ မတ်လတွင် အတည်ပြုသည်။ ထိုဥပဒေတွင် မြန်မာပြည်အတွက် တစ်ခုတည်းသောတက္ကသိုလ်ဖြစ်ရမည်၊ ယူနီဗာစီတီအောက်တွင်လည်း ကောလိပ်တစ်ကျောင်းသာရှိရမည်၊ ရန်ကုန်တွင်ဖြစ်ရမည်၊ ကျောင်းအိပ်ကျောင်းစားဖြစ်ရမည် ဟူ၍ ပါရှိသည်။

မတရားလှသောထိုဥပဒေများအပြင် တစ်နှစ်စာ ငွေခြောက်ရာကျပ်၊ တစ်လငွေကျပ်ငါးဆယ်ခန့်လည်း ကျောင်းစားရိတ် လိုအပ်ပေဦးမည်။ ထိုအချိန်က စာရေးကြီးတစ်ဦးလစာမှာ သုံးဆယ်သာရပြီး သာမန်လက်လုပ်လက်စားတစ်ဦးသည် တစ်နေ့တစ်မတ်လောက်သာရသည့်အချိန်အခါ။ ရာထူးကြီးသော မင်းစိုးရာစာအဆင့်ပင်လျှင် အမြင့်ဆုံး (၇၅)ကျပ်လောက်ရသည့်အချိန်မို့ လူချမ်းသာများအတွက် သီးခြားရေးဆွဲထားသော ဥပဒေမှန်း သိသာလှသဖြင့် ပြည်သူများက ကန့်ကွက်ကြသည်။

ပြန်လည်ပြင်ဆင်ပေးရန်အတွက် အများကန့်ကွက်နေသည်ကိုဂရုမစိုက်ပဲ ၁၉၂၀ သြဂတ်လတွင် ဘုရင်ခံကရက်ဒေါက်(Sir Reginald Craddock) က ဥပဒေကိုအတည်ပြုပြီး ယူနီဗာစီတီဥပဒေနှင့်အညီ ၁၉၂၀ ဒီဇင်ဘာတစ်ရက်နေ့တွင် ရန်ကုန်တက္ကသိုလ်အဖြစ် ရန်ကုန်ကောလိပ်အား အဆင့်မြှင့်ကြောင်း ကြေညာခဲ့၏။

၁၉၂၀ ဒီဇင်ဘာ(၃)ရက်နေ့ ( တန်ဆောင်မုန်းလဆုတ်(၈)ရက်၊ သီပေါမင်းပါတော်မူနေ့) တွင် ကောလိပ်ကျောင်းသား(၁၁)ဦးသည် ရွှေတိဂုံစေတီအနောက်တောင်(စနေဒေါင့်)ဖက်တွင် လျှို့ဝှက်တွေ့ဆုံခဲ့ကြပြီး ကောလိပ်ကျောင်းသားများသပိတ်မှောက်ရန် ဆုံးဖြတ်က အမြုတေသပိတ်ကော်မတီကိုဖွဲ့စည်းခဲ့ကြသည်။

ထိုကောလိပ်ကျောင်းသားကြီးများမှာ
(၁)ကိုဘဦး
(၂)ကိုဘရှင်
(၃)ကိုညီပိတ်
(၄)ကိုဖိုးကွန်း
(၅)ကိုအေး
(၆)ကိုလှတင်
(၇)ကိုဖေသိန်း
(၈)ကိုထွန်းဝင်း
(၉)ကိုဘရှင်
(၁၀)ကိုဘခင်
(၁၁)ကိုအောင်ဒင် တို့ ဖြစ်ကြပါ၏။

ကောလိပ်ကျောင်းသား(၄၀၀)ခန့်သည် နောက်တစ်နေ့ ဒီဇင်ဘာ(၄)ရက်၌ ဗဟန်းရှိ ဦးအရိယကျောင်းတွင် သပိတ်အတွက် အစည်းအဝေးပြုလုပ်သည်။ သပိတ်မှောက်ဖို့အများသဘောတူခဲ့ကြသည်။

နောက်တစ်နေ့ဖြစ်သော ၁၉၂၀ ဒီဇင်ဘာလ(၅)ရက် (မြန်မာသက္ကရာဇ် ၁၂၈၂ခု၊ တန်ဆောင်မုန့်လပြည့်ကျော်ဆယ်ရက်) နေ့တွင် ကျောင်းသားအများထပ်မံစုဝေးကာ ယူနီဗာစီတီအက်ဥပဒေကို သပိတ်မှောက်ကြောင်း တရားဝင်ကြေညာခဲ့ကြသည်။ ဗဟန်းရှိ ဦးအရိယကျောင်း သပိတ်စခန်းသို့ အထက်တန်းကျောင်းသားများကလည်း ထောက်ခံချီတက်ခဲ့သည်။ မြို့လူထုကလည်း ကျောင်းသားသပိတ်ကို ထောက်ပံ့ကူညီခဲ့သည်။

ထိုနေ့မှာပင် နောက်ထပ်ကျောင်းသား (၁၅)ဦး ထပ်မံပါဝင်သော ယူနီဗာစီတီသပိတ်မှောက်ကောင်စီ ခေါ် (၂၆)ဦးအဖွဲ့ ဖြစ်လာခဲ့ကြသည်။ ထပ်၍ ပါဝင်လာသော ကျောင်းသားများမှာ

(၁၂)ကိုလှစိန်
(၁၃)ကိုဘတင်
(၁၄)ကိုမြ(သခင်မြ)
(၁၅)ကိုမြင့်
(၁၆)ကိုဖိုကျား( အမျိုးသားပညာဝန်)
(၁၇)ကိုစိုးဝင်း
(၁၈)ကိုဖိုးလတ်
(၁၉)ကိုထွန်းဖေ
(၂၀)ကိုဘဟန်
(၂၁)ကိုလူဖေဝင်း
(၂၂)ကိုဘကျော်
(၂၃)ကိုမောင်ကို
(၂၄)အီးမောင်စိန်
(၂၅)အမ်စီဆင်း
(၂၆)မစ္စတာဘို့(စ်) တို့ ဖြစ်ကြပါ၏။

ကျောင်းပြန်မတက်လျှင် သပိတ်မှောက်ကျောင်းသားများကို ကျောင်းထုတ်မည်ဟူ၍ ကျောင်းအာဏာပိုင်အဖွဲ့က ကြေညာသည်။ ကျောင်းသားများကလည်း ကျောင်းသားစာရင်းမှ အပြီးထုတ်ပယ်နိုင်ကြောင်း တုန့်ပြန်သည်။ ဂျီစီဘီအေအသင်းချုပ်ကြီးကလည်း အစိုးရကျောင်းများသို့ ပြန်မတက်ရန် နိုးဆော်ကာ တစ်နိုင်ငံလုံးမှာ အမြုတေအမျိုးသားကျောင်းများပေါ်လာခဲ့ကြသည်။ အမျိုးသားကောလိပ်ကြီးကိုလည်း စေတနာ့ဝန်ထမ်းပါမောက္ခဆရာကြီးများဖြစ်သည့်

(၁)ဆရာလွန်း( သခင်ကိုယ်တော်မှိုင်း)
(၂)ဆရာတော်ဦးညာဏ
(၃)မစ္စတာရောင်း(မဟာဝိဇ္ဖာ-ဝါရှင်တန်)
(၄)မစ္စတာချင်ဒမ်ဘရာ( ဘာမင်ဟန်ကောလိပ်)
(၅)မစ္စတာဘနာဂျီ(မဟာဝိဇ္ဖာ-လန်ဒန်)
(၆)ဒီးဒုတ်ဦးဘချို စသည်တို့နှင့် တည်ထောင်နိုင်ခဲ့သည်။

မန်းလေးမြို့အပါအဝင် မြန်မာနိုင်ငံအနှံ့တွင် အမျိုးသားကျောင်းခေါ် နေရှင်နယ်ကျောင်းများပေါ်ပေါက်ခဲ့ပြီး ထိုကျောင်းများမှ မြန်မာပညာတတ်အများအပြားမွေးထုတ်ပေးနိုင်ခဲ့ကြသည်။ မန်းလေးမြို့၏ အမျိုးသားကျောင်းကြီးကို ဦးဆောင်ခဲ့သည်မှာ ဆရာကြီးဦးရာဇတ်ဖြစ်ပါ၏။

နေရှင်နယ်ကျောင်းဟူသည့် အမျိုးသားကျောင်းများ တစ်ပြည်လုံးပေါ်ပေါက်ခဲ့သည့် မူလပထမဖြစ်သော ကျောင်းသားသပိတ်ကြီး၊ ကျောင်းသားများသာမက ပြည်သူအပေါင်းအား အမျိုးသားရေးအသိအမြင် ပွင့်လမ်းစေခဲ့သော ကျောင်းသားသပိတ်ကြီး ဖြစ်ခဲ့သည့်အတွက် ဂျီစီဘီအေအစည်းအဝေးကြီးက ကျောင်းသားများ စတင် သပိတ်တိုက်ပွဲဝင်ခဲ့သော တန်ဆောင်မုန်းလပြည့်ကျော်(၁၀)ရက်နေ့အား ” မြန်မာ့အမျိုးသားအောင်ပွဲနေ့” အဖြစ် သတ်မှတ်ခဲ့ကြသည်။ အမျိုးသားစိတ်ဓါတ်ဖြင့် အင်္ဂလိပ်နေ့စွဲအစား မြန်မာနေ့စွဲကို ယူခဲ့ကြခြင်းဖြစ်ပါ၏။

အမျိုးသားရေးစိတ်ဓါတ်များ၊ ဝံသာနုစိတ်ဓါတ်များဖြင့် ဖွဲ့စည်းခဲ့သော ဂျီစီဘီအေအသင်းချုပ်ကြီးသည် နောင်အခါ၌ ငါးထောင်စားရာထူးဟုခေါ်သည့် (၉၁)ဌာနအုပ်ချုပ်ရေးရာထူးများနှင့် မြှူဆွယ်မှုကို မတွန်းလှန်နိုင်ပဲ ကွဲခဲ့ကြလေသည်။

((၉၁)ဌာနအုပ်ချုပ်ရေးဟူသည် အရေးပါသည့် ပြည်ထဲရေး၊ လုံခြုံရေး၊ ဘဏ္ဍာရေးစသည့် ဝန်ကြီးဌာနများကို အင်္ဂလိပ်လက်အောက်မှာထားရှိပြီး အရေးမပါလှသောဌာနအချို့ကို ပေးအပ်ခြင်းဖြစ်ရာယခုခေတ် ၂၀၀၈ ခြေဥကြီးနှင့် အုပ်ချုပ်နေရသော ဒီမိုအစိုးရနှင့်လည်း ဆင်တူလှ၏။)

အမျိုးသားကျောင်းများသည်လည်း နောင်သုံးနှစ်ခန့်ကြာသောအခါ အစိုးရအထောက်အပံ့ယူသောကျောင်းများသာ ဆက်လက်လည်ပတ်နိုင်ပြီး ကျန်သော ကျောင်းများမှာ ပိတ်သိမ်းခဲ့ကြရ၏။ ထိုအဖြစ်အစုံကို ဆရာကြီးသခင်ကိုယ်တော်မှိုင်းက “ဘွိုင်ကောက်ဋီကာ” လေးချိုးကြီးဖြင့် မှတ်တမ်းရေးခဲ့ပါသည်။

သည်သမိုင်းဖြစ်ရပ်များထဲမှ အဓိကဇာတ်ကောင်များတွင် မြန်မာပြည်မှာမွေးဖွားကြသော ဘာသာ၊ လူမျိုးပေါင်းစုံ ပါဝင်ခဲ့ကြသည်ကို တွေ့ရ၏။ ကုလား၊တရုတ်မခွဲခဲ့ကြ။ ရဟန်း ရှင်လူ ပြည်သူအပေါင်း သွေးစည်းစွာဖြင့် အမျိုးသားရေးအတွက် လက်တွဲခဲ့ကြသည်။ အကူအညီပေးခဲ့ကြသော ဆရာ၊ မိဘပြည်သူများလည်း ဘာသာလူမျိုးပေါင်းစုံ ဖြစ်သည်။ မြန်မာပြည်မှာမွေး၍ မြန်မာပြည်ကိုချစ်ကြသော မြန်မာပြည်သား မှန်သမျှသည် အမျိုးသားစိတ်ဓါတ်၏ အောက်မှာ ပေါင်းစည်းခဲ့ခြင်းပင်။ ဤသည်မှာ အမျိုးသားရေးစိတ်ဓါတ်အမှန် ဖြစ်ပါသည်။ အမျိုးသားရေးဟူသည် မြန်မာ၊ တရုတ်၊ ကုလားမရှိ။ မြန်မာပြည်ကိုချစ်ကြသော မြန်မာပြည်ဖွားမှန်သမျှ မည်သူမဆိုနှင့် သက်ဆိုင်သည်။ အမျိုးသားစိတ်ဓါတ်နှင့် အမျိုးသားရေးသည် ခွဲခြား၍မရ။ ထိုအမျိုးသားရေးဝါဒကို Nationalism ဟုခေါ်ပါ၏။

သို့ပါသောကြောင့် ယနေ့တွင်ကြရောက်သော (၉၈)နှစ်မြောက်အမျိုးသားနေ့မှစ၍ နောင်နှစ်ပေါင်းများစွာတိုင်အောင် စစ်မှန်သော အမျိုးသားရေးစိတ်ဓါတ်များဖြင့် အမိမြန်မာပြည်၏ အမျိုးသားနေ့ကိုဆင်နွှဲနိုင်ကြပါစေ၊ ဘာသာလူမျိုးမကွဲ ချစ်ကြည်ပေါင်းသင်းနိုင်ကြပါစေဟု ဆုခြွေအပ်ပါသည်။ အမိမြန်မာပြည်ကြီး တည်ငြိမ်အေးချမ်း တိုးတက်ပါစေ။

(၂၀၂၀ တွင်ကြရောက်မည့် နှစ်တစ်ရာပြည့် အမျိုးသားနေ့နှင့် ရန်ကုန်တက္ကသိုလ်ရာပြည့်ပွဲများအား မျှော်မှန်းလျှက်။)

ချစ်တဲ့
မောင်လူပေ

(ကိုးကား – တို့ဗမာ အစည်းအရုံးသမိုင်း ပထမတွဲ၊ အမျိုးသားနေ့၏ သမိုင်းစာတန်း-ကိုအောင်)


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags:

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:မှတ်စုမှတ်တမ်း, မောင်လူပေ

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)