ဒီနိုဗို ● အထက်စီး

December 2, 2018

● အထက်စီး
(မိုးမခ) ဒီဇင်ဘာ ၂၊ ၂၀၁၈

၂၀၁၈ မိုးမခ သြဂုတ်လထုတ်ပါ အက်ဆေးဖြစ်ပါသည်။


လူတစ်ယောက်ဟာ ငှက်တစ်ကောင်လို အမြင့်ကနေ လွတ်လွတ်လပ်လပ် ပျံသန်းပြီး လောကကြီးကို အပေါ်စီးကနေ ကြည့်ရရင် ဘယ်လိုများနေမလဲ ငယ်ငယ်က တွေးကြည့်ဖူးတယ်။ ကိုယ့်ပတ်ဝန်းကျင်ပဲ ကွက်ကွက်ကလေးမြင်တတ်တဲ့ လူ့သဘာဝပျောက်ပြီး ပိုမို လွပ်လပ်ကျယ်ပြောတဲ့ အမြင်မျိုးများ  ရလာမလားပေါ့။ အဲဒီအတွက် အမြင့်ကနေ ဂလိုက်ဒါနဲ့ ခုန်ချ စမ်းသပ်တဲ့ပုဂ္ဂိုလ်တွေအကြောင်း ဖတ်ရတဲ့အခါ သိပ်ကိုစိတ်ဝင်စားမိတယ်။ သူတို့ ဘာကြောင့် ငှက်လို ပျံသန်းချင်ကြ တာလဲ။ ကျွန်တော့်လိုပဲ Bird Eye View နဲ့ ကြည့်ဖို့ များလားပေါ့။

ကြီးလာတဲ့အခါ လေယာဉ်တွေ စီးလာရတော့ ဂလိုက်ဒါအကြောင်းလည်း မေ့သွားတယ်။ ငှက်အကြောင်းလည်း မေ့နေခဲ့ပြီ။ အလုပ်နဲ့ သွားရလာရတဲ့အတွက်  ကိုယ့်အပူနဲ့ကိုယ်၊ ကိုယ့်ဖိစီးမှုနဲ့ ကိုယ်၊ လောကကြီးကို အပေါ်ကနေ လွပ်လွပ်လပ်လပ် အေးအေးလူလူ ကြည့်ရှုခံစားဖို့ဆိုတဲ့ စိတ်ကူးလည်း ယောင်လို့တောင် ပေါ်မလာတော့။ ဒါပေမယ့်  စိတ်အခံလေးက ရှိ တော့ လေယာဉ် အတက်အဆင်းတွေမှာ ပြတင်းပေါက်ကနေတော့ ခဏတဖြုတ်ငေးကြည့်မိတတ်တယ်။

တကယ်တော့ ကျွန်တော်ဟာ လေယာဉ်စီးရမှာ ကြောက်တဲ့သူတစ်ယောက် မဟုပ်သလို လေယာဉ်စီးရတာ နှစ်ခြိုက်လှတဲ့ သူတစ်ယောက်တော့လည်း မဟုပ်ပါဘူး။ အထူးသဖြင့် ထွက်မယ့်အချိန်ထက် တစ်နာရီ နှစ်နာရီလောက် ကြိုရောက်အောင် သွားပြီး စောင့်နေရတာ၊ အခန့်မသင့်ရင် လေယာဉ်ပျံသန်းချိန် နောက်ဆုတ်တာ၊ လုံခြုံရေးအရ အထပ်ထပ် စစ်ဆေးမှု ခံယူရတာ၊ စာရွက်စာတမ်းတွေ အကြိမ်ကြိမ် ပြသရတာ၊ ပစ္စည်းရွေးဖို့စောင့်ရတာ စသဖြင့် ကရိကထတွေများလှတဲ့ အတွက် လေယာဉ်စီးရတာ  ကားရထား စီးရသလို လွပ်လပ်ပေါ့ပါးမှု မရှိလှတာတော့လည်း အမှန်ပါပဲ။ တစ်ဖက်က အပြုသဘော ပြောရရင် အချိန်ကုန်လူပန်းသက်သာပြီး လှလှပပ လေယာဉ်မယ် ငယ်ငယ်လေး တွေရဲ့ ဂရုစိုက် ကြိုဆိုဧည့်ခံ ပြုစုတာ ကိုတော့ လည်း လူ့သဘာဝ နှစ်သက်မိတာပေါ့ဗျာ။

ဒီနေရာမှာ တစ်နှစ်ကို တစ်ကြိမ် နှစ်ကြိမ်လောက် လေယာဉ်နဲ့ ခရီးသွားရသူတွေအတွက်တော့ လေယာဉ်စီးရတာ စိတ်လှုပ် ရှား ရင်ခုန်စရာ အတွေ့အကြုံမျိုး ဖြစ်ကောင်း ဖြစ်ပါလိမ့်မယ်။ ကျကျနန ဝတ်စားကာ ခရီးဆောင်အိတ်ထဲ အရေးပေါ် လိုမယ်ထင်သမျှ အသေအချာ ပြင်ဆင်ယူဆောင်ပြီး ကြိုတင် စီစဉ်လာကြတာမျိုးပေါ့။ အသွားအပြန် လေယာဉ်နဲ့ အစည်း အဝေး တက်ရသလိုမျိုးဖြစ်နေတဲ့ ကျွန်တော့် အဖို့တော့ မနက်စောစော ငါးနာရီ၊ ခြောက်နာရီလောက် ရုံးတတ်တဲ့အိတ်ကိုဆွဲ နေပြည်တော် လေယာဉ်မှီအောင် လေယာဉ်ကွင်းပြေး၊ check in ဝင်၊ လေယာဉ်ပေါ်ရောက်တာနဲ့ ခဏအိပ်၊ လေယာဉ် ဆင်းတာနဲ့ လာကြိုတဲ့ကားကို ရှာ၊ အစည်းအဝေးရှိတဲ့ ဟိုတယ်ကို ပြေး၊ အစည်းအဝေးပြီးတာနဲ့ နေ့လည်စာ မစားနိင်ပဲ နေ့လည် တစ်နာရီ လေယာဉ်အမှီ လေဆိပ်ကို ပြန်ပြေးလို့၊ အဲဒီလို လေယာဉ်နဲ့ နေ့ပြန်ခရီးတွေက တစ်ခါ တရံ တစ် ပတ်ကို တစ်ကြိမ် နှစ်ကြိမ်ကြုံရ တယ်။ ဒီတော့ လေယာဉ်စီးရတာ ကျွန်တော့်အဖို့ဘယ်လို စိတ်လှုပ်ရှား ရင်ခုန်စရာ မှ မရှိ။ (ပျင်းရင် လေယာဉ်မယ်လေးတွေကိုပဲ ကြံဖန် စိတ်ကူးယဉ်နေရတဲ့ ဘဝ)

ဒါပေမယ့် အဲဒီလို လေထဲကို တက်လိုက်ဆင်းလိုက် မကြာခဏလုပ်လာရတော့ အရင်က သိပ်သတိမထားမိတာတွေ သတိ ထားမိလာခဲ့တယ်။ အမှတ်တမဲ့ဆိုပေမယ့်လည်း အကြိမ်ရေများလာတဲ့အခါ မှတ်မှတ်ရရ ဖြစ်လာမိတယ်။ လေယာဉ်ပြေးလမ်း တစ်လျှောက် အရှိန်နဲ့ ပြေးတက်သွားတဲ့ လေယာဉ်ပျံပေါ်မှာ လိုက်ပါရင်း မြေပြင်နဲ့ ဘီးနဲ့ လွတ်သွားလို့ ဟာခနဲဖြစ်သွားတဲ့ အခိုက်အတန့်မျိုး၊ အရှိန်နဲ့ဆင်းလာတဲ့လေယာဉ် မြေပြင်ပေါ်မှာ ဘီးချလိုက်တဲ့အခါ ဘုရားတစရာ တုန်ခါယိမ်းယိုင်သွား တာမျိုး၊ တိမ်တွေကြားထဲ ပျံသန်းတဲ့အခါ ရုတ်တရက် လေယာဉ်က အသည်းအေးစဖွယ် အောက်တည့်တည့် ဆတ်ခနဲ ကျ သွားတာမျိုး စသဖြင့် အသေးစိတ်ကလေးတွေကအစ သတိမထားပဲ သတိထားမိနေတယ်။ ကျွန်တော့်ရုံးက လုပ်ဖော် ကိုင်ဖက် တစ်ယောက်ကတော့ သူ frequent flyer programme ထဲ  ဝင်ထားကြောင်း၊ လေယာဉ်စီးတာ မိုင်ဘယ် လောက် ရှိသွားပြီ ဖြစ်ကြောင်း ကျွန်တော့်ကို ပြောပြတယ်။ ကျွန်တော်ကတော့ အဲဒါတွေလည်း စိတ်မဝင်စား၊ ကျွန်တော် စိတ်ဝင်စားတာက မြေပြင်နဲ့ ခဏတာ ကင်းလွတ် နေတဲ့ အချိန်ကာလ၊ အဲဒီ အချိန်ကာလဟာ  မြေပြင်ပေါ်က အချိန်ကာလ နဲ့ ဘယ်လို ကွာသလဲ။ လေယာဉ်ပေါ် ရောက်သွားတာနဲ့ ကျွန်တော့် အမြင် ဘယ်လိုပြောင်းလဲသွားသလဲ စသဖြင့် စေ့ငုမိ တယ်။ တကူးတက အချိန်ကုန်ခံ စဉ်းစားနေတာတော့ မဟုပ်ပေမယ့် လေယာဉ် ပြတင်းဘေးမှာ ထိုင်မိတိုင်း အဲဒီလို ပုံမှန် မဟုပ်တဲ့ အတွေးတွေ ဝင်လာမိတယ်။ မြေပြင်ပေါ်မှာ တစ်ခါမှ မစဉ်းစားဖူးတဲ့ကိစ္စတွေက လေထဲရောက်တာနဲ့ ခေါင်းထဲ ရောက်ရောက်လာတတ်တယ်။

ဆိုပါတော့၊ လေယာဉ်ပေါ်က ကြည့်တဲ့ အခါ လူက တစ်လောကလုံးကို စီးပြီး မြင်ရတယ်။ လွှမ်းခြုံပြီး မြင်ရတယ်။ တစ်ချို့ အဆောက်အဦးကြီးတွေ၊ မြစ်ကူးတံတားကြီးတွေဆိုရင် မြေပြင်ပေါ်မှာ ကြီးလွန်းတဲ့ အတွက် လေယာဉ်ပေါ်က ကြည့် မှသာ တစ်ခုလုံးကို မြင်ရတယ်။ မှတ်မှတ်ရရပြောရရင် ရန်ကုန် လေဆိပ်ကနေ တက်တိုင်း  အမြဲလိုလို မြင်နေရတဲ့ အဆောက်အဦး အဝိုင်းကြီး တစ်ခု၊ ရုတ်တရက် ကြည့်လိုက် ရင် လှည်းဘီးဝိုင်းကြီးတစ်ခု ချထားသလိုမျိုး။ အတော်စိတ်ဝင်စားဖို့ကောင်းတယ်။ ကျွန်တော့်မှာ တွေ့စက ဘာအဆောက်အဦးမှန်းမသိ။  နောက်မှ နာမည်ကျော် အင်းစိန်ထောင်ကြီးမှန်း သိရတယ်။ ကျွန်တော်ဟာ အင်းစိန်ထောင်နားတစ်ဝိုက် သွားလာဖူးပေမယ့် ဒီလို အဝိုင်းကြီးမှန်း သတိမထားမိ။ မြေပြင်ပေါ် မှာ ကျွန်တော်တို့မြင်ခွင့်ရတဲ့ မြင်ကွင်းတွေက အစိတ်စိတ် အပိုင်းပိုင်းတွေမဟုပ်လား။ မြင်ထောင့်တွေက  အကန့်အသတ်တွေနဲ့ မဟုပ်လား။ ဒီ ကြားထဲ မြင်ကွင်းကို တစ်ပိုင်းတစ်စ ကွယ်နေတာတွေ၊ လုံးလုံးကွယ်နေ တာတွေနဲ့ဆိုတော့ မြေပြင်ပေါ်မှာ ကျွန်တော်တို့ကောင်းကောင်းသိတယ်လို့ ထင်နေတဲ့ အရှိတရားတွေကို တောင် တကယ်ကော သေချာရဲ့လား ဇဝေဇဝါ ဖြစ်လာမိတာတော့အမှန်ပါပဲ။

လေယာဉ်ပြတင်းဘေးမှာ ထိုင်ရင်း တခါတရံ ပေါက်ပေါက်ရှာရှာလည်း တွေးမိတတ်တယ်။ ဘုရားသခင်  သာ ရှိခဲ့လို့ လောကကြီးကို မပြတ် စောင့်ကြည့်နေခဲ့တယ်ဆိုရင် သူလည်း တစ်လောကလုံးကိုလွှမ်းခြုံပြီး ဒီလိုပဲ အထက်စီးက ကြည့်နေမှာပဲ လို့ မြင်ယောင်ကြည့်မိတယ်။ အဲဒီလို ကိုယ်ရှိနေတဲ့ အနေအထားကို ဘုရားသခင် ဆန်ဆန် မြင်ကြည့်လိုက်တဲ့အခါ ကိုယ့်ကိုယ်ကို အရာ အားလုံးကို မြင်သိနိင်တဲ့ အသိ omniscience မျိုး၊ နေရာအနှံ့မှာ ရှိနေတဲ့ omnipotence မျိုး အထက်စီးခံစားမှုရစေတယ်၊ တနည်းပြောရရင် စိတ်ကြီး ဝင်စေတယ် ပေါ့ဗျာ။

ကျွန်တော့်အထင် လေယာဉ်ပေါ်က မြင်ရတဲ့ လောကကြီးနဲ့ နိစ္စဓူဝ တွေ့နေရတဲ့ လောကကြီး အတော်လေး ခြားနားတာက  အချိုးအစားပါပဲ။ လေယာဉ်က မြေပြင်နဲ့ ဝေးကွာလာပြီး မြင့်သထက်မြင့်လာတာနဲ့အမျှ လေယာဉ်ကြီးက ကြီးမားလာပြီး ပတ်ဝန်းကျင် တစ်ခုလုံးက သေးသထက် သေးလာခဲ့တယ်။  မြေပြင်ပေါ်မှာ တုန်းက မော်ကြည့်ရ၊ မျှော်ကြည့်ရတဲ့ အဆောက် အဦးကြီးတွေ၊ လမ်းတံတား တွေ၊ တောင်ကုန်း တောင်တန်းတွေဟာ လေယာဉ်ပေါ်က ငုံ့ကြည့်လိုက်တဲ့အခါ ဘာမဟုပ်တဲ့ သေးသေး မွှားမွှား တွေ ဖြစ်ကုန်ကြတယ်။ ထုထည်တွေ ပျောက်ကုန်ကြတယ်။ မြေပြင်ပေါ်မှာ ပြားကပ် ချပ်ဝင်သွားကြ တယ်။ အရွယ်အစားတွေလည်း ကျုံ့သွားကြတယ်။ မြေပြင်ပေါ်မှာ အကျအန ထုဆစ်ချယ် သထားတဲ့ ဗိသုကာ လက်ရာတွေ အကုန်လုံး ကျယ်ပြောမှုထဲ နစ်မြုပ်လို့သွားကြတယ်။ ကွာလှမ်းမှုအောက် ပျောက်ဆုံးသွားကြ တယ်။ မြေပြင်ပေါ်က အထင်ကရဆိုတဲ့ မိုးမျှော်အဆောက်အဦးတစ်ချို့တောင် ကလေး ကစား စရာ အရုပ် သာသာ မီးခြစ်ဆံဗူး ထောင်ထားသလောက်သာ မြင်တွေ့ရတော့တယ်။ အဲဒီတော့ ၂၁ ရာစု အထိ ခရီး ပေါက် ခဲ့ပြီ ဖြစ်တဲ့ လူ့သမိုင်းမှာ အပတ်တကုတ်ဖန်တီးတည် ဆောက်လာခဲ့ရတဲ့ ကမ္ဘာကြီးဟာ ဒီလောက်ပဲလား လို့ လေယာဉ်ပေါ် က ကြည့်ရင်း ကျွန်တော်စိတ်ထဲမှာ မေးခွန်းထုပ်မိတယ်။ ကျယ်ပြောလှတဲ့ တောတွေ တောင်တွေကြားက ဟို တစ်ကွက် သည် တစ်ကွက် ပေါ်ထွက်လာတဲ့ မြို့တွေ ရွာတွေကို ကြည့်ရင်း လူ့ယဉ်ကျေးမှု နဲ့အတူ ပေါ်လာ တဲ့ မြို့ပြတွေ ဆိုတာ သဲကန္တာရထဲက ဟိုတစ်ကွက် သည့်တစ်ကွက် တွေ့ရတဲ့ အိုအေစစ်လေး တွေလောက်ပဲ ရှိပါလားလို့ စောကြောမိတတ်တယ်။

ကျွန်တော့်မှာ လေယာဉ်ပေါ် ရောက်နေတဲ့အခါ အချိန်နဲ့ ပက်သက်တဲ့ သိမှုပါ ပြောင်းလဲသွားသလို စိတ်ထဲမှာ ဖြစ်မိတယ်။ တိမ်တွေရဲ့  အထက် ပေနှစ်သောင်းအမြင့်လောက်မှာ ပျံနေတဲ့အခါ အောက်က မြင်ကွင်းက ခပ်ဝါးဝါး၊ ငုံ့ကြည့်လိုက်ရင်  တိမ်လွှာတွေပဲ တွေ့နေရတယ်။ တိမ်တွေက မလှုပ်မယှက်၊ အောက်က မြင်ကွင်းကလည်း မပြောင်းမလဲ၊ အချိန်ကာလက လေယာဉ်နဲ့အတူ လေထဲမှာ တန့်နေသလို။ ဆိုင်း နေသလို၊ နားတွေလဲ အူပြီး အသံတွေ လည်း ကောင်းကောင်း မကြားရတော့၊ (မုန့််ယူလာပေးတဲ့ လေယာဉ်မယ် လေးတွေကလွဲလို့) ပတ်ဝန်းကျင် က တိတ်ဆိတ် ငြိမ်သက်လို့၊ စောစောက မြေပြင်မှာ လေယာဉ်မှီအောင် ပြေးလွှားသွားလာခဲ့ရသမျှ အဲဒီအချိန်မှာ ရပ်တန့်ပြီး လုံးလုံး အနားရနေခဲ့ပြီ။

များသောအားဖြင့် ကျွန်တော်ကတော့ လေယာဉ်အမြင့်ရောက်သွားပြီဆိုတာနဲ့ အိပ် တတ်တယ်။ လေယာဉ်ပေါ်မှာ အိပ်ရတာ ဘာနှင့်မှမတူ။  လေပေါ်မှာ ပေါလောပေါ်ရင်း အိပ်နေရသလို၊ အောက်က ဆွဲငင်အားတစ်ခုက သက်ရောက်နေ တဲ့အတွက်  ဇတ်ကြောတွေလည်းလေး၊ မျက်ခွံတွေလည်း လေး၊ ခန္ဒာကိုယ်တစ်ခုလုံး လေးလံပြီး ရပ်တန့်နေတဲ့ အချိန်ထဲ မှာ ဘယ်လို အရေးကိစ္စကမှ အရေးမပါတော့သလို ဦးနှောက်က ဘာဆိုဘာမှ မစဉ်းစားချင်တော့။ လေယာဉ် စီးခါစကတော့ အခုနေများ ပျက်ကျသွားခဲ့ရင် ငါရည်ရွယ်ထားတဲ့စိတ်ကူးတွေ၊ လုပ်လက်စ အလုပ်တွေ၊ မိသားစုတွေ ဘယ်လိုများ ကျန်ခဲ့မလဲ စသဖြင့် လျှောက်တွေးမိသေးတယ်။ နောက်တော့လည်း ရိုးသွားပြီး အဲဒီ အတွေးတွေ ယောင်လို့တောင် ဝင်မလာတော့။

လေယာဉ်ပေါ်လိုက်ပါလာတဲ့အခါ အချိန်လိုပဲ အရှိန်ကလည်း သိသိသာသာ နှေးသွားတယ်။ လေယာဉ်ပြေး လမ်းတစ် လျှောက် အရှိန်ယူပြီး ပျံတက်လိုက်တာနဲ့ ပတ်ဝန်းကျင်က အရှိန်တွေအားလုံး ရုတ်ချည်းနှေးကွေး သွားကြတယ်။ အဝေးပြေး လမ်းမကြီး ပေါ်က အရှိန်နဲ့သွားနေတဲ့  မော်တော်ကားတွေ၊ အရှိန်နဲ့ ပြေးနေတဲ့ ရထားတွေ အကုန်လေး နှေးကွေးရပ်တန့်သလို ဖြစ်သွားကြတယ်။ ဗီဒီယိုကားရဲ့ speed ကို ပုံမှန်ထက် နှေးအောင် ခလုတ်နှိပ်လိုက်သလိုပဲ။  လမ်းမတွေပေါ်က ကားတန်း ကြီးက လမ်းဘေးမှာ မြက်စားနေကြ တဲ့ နွားတန်းကြီးလို၊ မြေပြင်ထက်မှာ သွားလာလှုပ်ရှားနေကြတဲ့ လူတွေဟာ  ရုပ်ချည်းပဲ ပျင်းရိလေးလံတဲ့  အသွင်ဆောင်လို့။ ဈေးကြီးတွေ၊ လမ်းဆုံ လမ်းမကြီးတွေပေါ်မှာ  ပျားပန်းခတ်ဆူညံလှုပ်ရှားနေကြ တဲ့ လူတွေမှာ တိတ်ဆိတ် လေးလံစွာ လှုပ်ရှားနေကြ တဲ့ အကျဉ်းသားတွေလို။ လေယာဉ်ပြတင်းကနေ အဲဒီမြင်ကွင်းကို မြင်တိုင်း ကျွန်တော့်မှာ လောကကြီးက ပျင်းရိငြီးငွေ့ဖွယ်ရာကြီးပါလားဆိုတဲ့ အတွေးက အလျင်အမြန် ရောက်ရောက်လာ တတ်တယ်။ လေယာဉ်မှူးရဲ့ အမြင့်ပေ ဘယ်လောက်က ဘယ်လောက် မိုင်နှုန်းနဲ့ ပျံသန်းနေပါကြောင်း ကြေညာတာကို ကြားမှသာ ငါဟာ အတော့်ကို မြန်တဲ့ အရှိန်နဲ့ လိုက်ပါနေပါ လားလို့ သတိရမိတယ်။ တကယ်တော့ အရှိန်ဟာ မြန်လွန်းတဲ့အခါ ရပ်တန့်နေသလိုပဲ။ ဒါကို ရုတ်တရက် နားထောင်လိုက်ရင် ယုတ္တိမတန်လှသလို ထင်မိလိမ့်မယ်။ ကျွန်တော်ကိုယ်တိုင်လည်း ဒီ သဘောကို အရင်က မသိခဲ့။  ရန်ကုန်-မန္တလေး အမြန်လမ်းမကြီးပေါ်မှာ မိုင် ၁၃၀-၄၀နဲ့ မောင်းနေတဲ့ ကားတွေနဲ့ အမြဲလိုက်ပါ နေရလို့သာ ဒီသဘောကို ရိပ်စားခဲ့မိတယ်။ အရှိန်တစ်ခုပေါ်မှာ လိုက်ပါစီးနင်းနေသူအဖို့တော့  သူ့ အရှိန်သူ အာရုံခံနိင်ဖို့ဆိုတာ ထင်သလောက်တော့မလွယ်။

အရှိန်လျှော့ပြီး မြေပြင်ကို ချည်းကပ်လာမှသာ အချိန်ကာလက ပြန်လည် အသက်ဝင်လာသလိုမျိုး၊ မြေပြင် ပေါ်က လောကကြီးဟာ အေးခဲနေရာက ပျော်ဝင်လှုပ်ရှားလာတော့တယ်။ မိုးလေဝသကောင်းလို့ တိမ်ကင်းစင် ပြီး နေသာနေတဲ့ အခါမျိုးဆို အပေါ်တည့်တည့်က မြင်ရတဲ့ မြင်ကွင်းက ဘာအရိပ်မှ ထိုး မနေ။ အဲဒီလို မြင်ကွင်းမျိုးကို ငေးကောင်းကောင်းနဲ့ ငေးနေရင်း မြေပြင်ပေါ်မှာ ကိုယ့်လေယာဉ်ရဲ့ အရိပ်ကို မြင်မှပဲ ကျွန်တော့်မှာ သတိဝင်လာမိတတ်တယ်။ အော် တကယ်တော့ ကျွန်တော်ဟာ အတော် သေးကွေးတဲ့ လေယာဉ်ပေါ်မှာ ရောက်နေခဲ့ပါလားပေါ့။ အဲဒီမှာ အချိုးအစားတွေဟာ အကုန် ပြောင်းပြန်ဖြစ်ကုန်တယ်။ ကြီးလှပါတယ်ဆိုတဲ့ ကိုယ့်ရဲ့ ဘိုးအင်းလေယာဉ်ကြီးတောင်မှ လေဆိပ်အဆောက်အအုံနဲ့ ယှဉ် လိုက်တဲ့အခါ ဘာမှ မဟုပ်တော့။ ဒီတော့လည်း စောစောက လေယာဉ်ပေါ်ကနေ စိတ်ကြီး ဝင်ခဲ့မိသမျှ ဘာမှ မဟုပ်ပါလားလို့ ပဲ တွေးရင်း လေယာဉ်ပေါ်ကနေ လာကြိုတဲ့ ကားပေါ် ခပ်ကုပ်ကုပ်လေး ဆင်းလာမိတယ်။

ဒါပေမယ့်လည်း နောက်တစ်ကြိမ် လေယာဉ်ပေါ် ရောက်တဲ့အခါ ကိုယ့်ကိုယ်ကို ဘုရားသခင်လောက်နီးနီး စိတ်ကြီး ဝင်မိဦး မယ်ဆို တာလည်း ကိုယ့်ဖာသာ သေချာနေခဲ့တယ်။ ဒါကိုက (ဘုရားသခင် ဧဒင်ဥယျာဉ်ထဲက နှင်ထုပ်ခဲ့ရတဲ့ တနည်းပြော ရရင် မြေကြီးပေါ် သက်ဆင်းလာတဲ့) လူပဲ မဟုတ်ပါလား။

ဒီနိုဗို


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ

Related posts

Tags: ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:စာစုတို

Comments are closed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္)၏ Fuzzy Logic & Set Theory ဆောင်းပါးများ ထွက်ပြီ မိုးမခစာအုပ်စင်၊...

Read more »

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ

By

ဂျူနီယာဝင်း ဘာသာပြန်တဲ့ ၂၁ရာစု ဂျာနယ်လစ်ဇင် ထွက်ပြီ (မိုးမခစာအုပ်စင်) ဇန်န၀ါရီ ၃၁၊ ၂၀၁၉...

Read more »

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ်

By

အေးဝင်း(လမင်းတရာ) ၆၆ မွေးနေ့ အတွက် ကလောင်စုံရေးတဲ့ စာအုပ် (မိုးမခစာအုပ်စင်) ဒီဇင်ဘာ ၂၆၊ ၂၀၁၈...

Read more »

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)