fbpx

နော်အဲ့ထူးဟဲ ၊ စောသ၀ါး – မရေရာသောမြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်လည်လှုပ်နှိုးခြင်း –

December 4, 2018


– မရေရာသောမြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်ကို ပြန်လည်လှုပ်နှိုးခြင်း – 

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များဘက်မှ အယူအဆ
(မိုးမခ) ဒီဇင်ဘာ ၄၊ ၂၀၁၈

တစ်နိုင်ငံလုံး ပစ်ခတ်တိုက်ခိုက်မှု ရပ်စဲရေးသဘောတူစာချုပ် (NCA) လက်မှတ်ရေး ထိုးထားသော တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများအတွင်းမှ အင်အားအကြီးဆုံးအဖွဲ့များ ဖြစ်သည့် ကေအဲန်ယူ-ကရင်အမျိုးသားအစည်းအရုံး (KNU) နှင့် သျှမ်းပြည်ပြန်လည်ထူထောင်ရေးကောင်စီ (RCSS)တို့ တရားဝင်ငြိမ်းချမ်းရေးဆွေးနွေးပွဲများ ပါဝင်မှုကို ယာယီရပ်နားထားပြီး အလွတ်သဘောတွေ့ဆုံဆွေး နွေးပွဲများမှသာတဆင့် ပါဝင်ဆွေးနွေးသွားမည်ဖြစ်ကြောင်း ထုတ်ပြန် ချက်များ ထုတ်ခဲ့ပြီးနောက် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် လှုပ်ခတ်မှုများဖြစ်ပေါ်စေခဲ့ပါသည်။

၎င်းတို့ ထုတ်ပြန်ကြေညာရခြင်း၏ အဓိက အကြောင်းရင်းမှာ NCA တွင် ပါဝင်လက်မှတ်ရေး ထိုးထား သည့် အဖွဲ့များအကြား NCA အပေါ် ဘုံနားလည်တူညီမှု မရှိဘဲ ကွဲပြားစွာ အဓိပ္ပါယ်ဖေါ်ကာ အကောင်ထည်ဖေါ်ဆောင်ရွက်နေကြခြင်းနှင့် ထိုကဲ့သို့ဆောင်ရွက်မှုများကြောင်း သဘောထားများ မကြာခဏ ကွဲလွဲမှုများ ဖြစ်ပေါ်လာခြင်းတို့ ကြောင့်ဖြစ်သည် ဟူ၍ အဆိုပါ နှစ်ဖွဲ့ လုံးက ဖေါ်ပြ ကြပါသည်။ ထို့အပြင်တပ်မတော်ဘက်က NCA တွင် ပါဝင်ခြင်းမရှိသော ခွဲမထွက်ရေး နှင့် တစ်ခု တည်းသောတပ်မတော်ကိစ္စရပ် အသစ်နှစ်ခုအား အခြားအကြောင်းအရာများထက် ဦးစားပေးဆွေး နွေးလာခြင်းသည်လည်း ထိုကဲ့သို့ဖြစ်ပေါ်လာစေရန် အကြောင်းရင်း တစ်ခု ဖြစ်ပါသည်။

ယခုဆောင်းပါးတွင် လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် ဆန်းစစ်သုံးသပ် ခြင်းနှင့် စိန်ခေါ်မှုများကို တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ၏ အမြင်ဘက်မှ လေ့လာ ဖေါ်ပြသွားမည် ဖြစ်ပါသည်။

လက်ရှိအာဏာရ NLD အစိုးရ၏ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို ဆောင်ရွက်နေသည့် အားနည်း ချက်များ နှင့် တပ်မတော်၏ နိုင်ငံရေးလမ်းကြောင်းပိတ်ဆို့စေမှုများ ကို မီးမောင်းထိုးတင်ပြသွား မည် ဖြစ်ကာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအားရှေ့ဆက်ငြိမ်းချမ်းရေးဆွေးနွေးပွဲများနှင့် လုံခြုံ ရေး ပြုပြင်ပြောင်းလဲမှုများ အတွက် စဉ်းစားဆောင်ရွက်နိုင်မည့် အချက်များကို တင်ပြဆွေးနွေးသွား မည်ဖြစ်ပါသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်နှင့် ပြဿနာများ
အသစ်ဖြစ်ပေါ်လာသည့် စိန်ခေါ်မှုများကြောင့် ၂၁ရာစု ပင်လုံညီလာခံ အပေါ်အကောင်းမြင်မှုသည် လျော့နည်းလာသည် ကိုတွေ့ရပါသည်။ နှစ်နှစ်အတွင်းပြုလုပ်ခဲ့သည့် အဆိုပါညီလာခံ သုံးကြိမ်တွင် ပြည်ထောင်စု သဘောတူညီချက်အတွက် အခြေခံမူ စုစည်းချက် ၅၁ ချက်သာ အစိတ်အပိုင်း နှစ် ခုအနေဖြင့် ရရှိခဲ့ပါသည်။ ထိုအခြေခံမှုများမှအပ ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်၊ အာဏာခွဲဝေမှု ၊ ပြည်နယ်/ တိုင်းဒေသကြီး ဖွဲ့စည်းပုံအခြေခံဥပဒေရေးဆွဲမှု၊ လုံခြုံရေးကိစ္စရပ်များ ၊ အနာဂတ်ဖက်ဒရယ်ပြည် ထောင်စုအတွက်ဘုံမျှော်မှန်းချက်များ နှင့် ပြည်နယ်များ၏ အချုပ်အချာအပေါ် သဘောထားကွဲလွဲမှု များ ဆွေးနွေးချိန်မှာတော့ ငြိမ်းချမ်းရေးဖြစ်စဉ်သည် ဆက်လက်ဆွေးနွေးရန် အတားအစီးများ ကြုံ တွေ့လာရပါသည်။

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်အနေအထားကိုကြည့်လျှင် ဆွေးနွေးညှိနှိုင်းမှုများကို အဟန့်အတားဖြစ် စေသည့် အကြောင်းရင်း နှစ်ရပ်မှာ `ပါဝင်နိုင်မှု´ အခက်အခဲ ပြဿနာ နှင့် `NCA အပေါ် ကွဲပြားသည့် အနက်ဖွင့်ဆိုမှု´ တို့ကြောင့်ဖြစ်ပါသည်။

ငြိမ်းချမ်းရေးဖြစ်စဉ် ဆက်လက်သွားနိုင်ရန် စိန်ခေါ်မှု အရှိဆုံး အချက်မှာ တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့များ အားလုံး `ပါဝင်နိုင်မှု´ အားနည်းခြင်းပင်ဖြစ်ပါသည်။ တိုင်းရင်သားလက်နက်ကိုင် အဖွဲ့များ ကိုကြည့်လျှင် NCA လက်မှတ်ထိုးထားသောအဖွဲ့နှင့် လက်မှတ်မထိုးသေးသည့် အဖွဲ့များအဖြစ် တွေ့ မြင်နိုင်မည်ဖြစ်သည်။ NCA လက်မှတ်ထိုးခြင်းနှင့် ငြိမ်းချမ်းရေးညီလာခံများ ပါဝင် တက်ရောက် ခြင်း ကို အားလုံးပါဝင်မှုဟူ၍ ဆိုနိုင်မည်ဖြစ်သော်လည်း ဆန်းစစ်လေ့လာသူများက NLD ၏ ခွဲခြား ဆက်ဆံကျင့်သုံးသည့် မူဝါဒ ကိုထောက်ပြကြပါသည်။ NCA လက်မှတ်မထိုးသေးသည့် အဖွဲ့များ ညီလာခံများတွင် တက်ရောက်ခြင်းကို ခွင့်ပြုသော်လည်း ဆွေးနွေးခွင့် နှင့် ဆုံးဖြတ်ချက်ချခြင်းများ တွင်မူ ပါဝင်ခွင့်မရပေ။ အကျိုးဆက်အနေဖြင့် အရေးကြီးသောကိစ္စရပ်များဖြစ်သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေပြင်ဆင်ခြင်း၊ အာဏာခွဲဝေခြင်း နှင့် လုံခြုံရေးပြုပြင်ပြောင်းလဲရေး စသည့် ကဏ္ဍများ အားလုံး သဘော တူညီမှု ရရှိရန် အလားအလာ နည်းသွားစေပါသည်။

NCA လက်မှတ်ထိုးအဖွဲ့များ အနေဖြင့်လည်း လက်ရှိနိုင်ငံရေးပြဿနာဖြေရှင်းမှုများတွင် ညှိနှိုင်း ဆွေး နွေးခြင်းဆိုသည်ထက် တွန်းအားပေးလက်ခံစေသည့်ပုံစံများ ကြုံတွေ့ နေရပါသည်။ ဥပမာအားဖြင့် ခွဲမ ထွက်ရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပေးအယူသဘောချိတ်ဆက်ထားမှု နှင့် တစ်ခုတည်းေ သာတပ်မတော် ထားရှိရေး စသည်တို့ဖြစ်ပါသည်။ ထိုအခြေအနေသည် NCA လက်မှတ်မထိုး သေးသည့် အဖွဲ့များ NCA လက်မှတ်ရေးထိုးရန် တုံဆိုင်းမှုကို ဖြစ်စေပါသည်။

နိုင်ငံရေးဆွေးနွေးပွဲများတွင် တပ်မတော်၏ လွှမ်းမိုးမှုများ ကြီးထွားနေပါက NCA လက်မှတ်မထိုး သေးသည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အား NCA လက်မှတ်ရေးထိုး လာစေရန် စွဲဆောင်မှု ကို အားနည်းစေမည်ဖြစ်ပြီး အဆိုပါအဖွဲ့များကို ဖယ်ကျဉ်ထားခြင်း (သို့) ၎င်း အဖွဲ့များNCA ဖြစ်စဉ်တွင် ပါဝင်မှုမရှိခြင်းသည် နိုင်ငံရေးဆွေးနွေးပွဲများ အပြည့်အ၀ တရားဝင်ဖြစ်မှု ရရှိနိုင်လိမ့်မည် မဟုတ်ပေ။

ဒုတိယ စိန်ခေါ်မှုသည် NCA အပေါ် ကွဲပြားသော အနက်ဖွင့်ဆိုမှု ဖြစ်ပါသည်။ KNU ၏ အထွေထွေ အတွင်းရေးမှူးချုပ် ပဒိုစော တာဒိုမူး က BBC နှင့်တွေ့ဆုံမေးမြန်းခန်းတွင် တွေ့ဆုံဆွေးနွေးမှုများ တစ် ဆို့ နေရခြင်း၏ အကြောင်းရင်းမှာ တပ်မတော်၊ NLD နှင့် EAO အဖွဲ့များအကြား အနာဂတ် ပြည် ထောင်စုတည်ဆောက်ရေးအပေါ် မျှော်မှန်းချက်များ ကွဲပြားနေကြပြီး ဘုံမျှော်မှန်းချက် နှင့် တန်ဖိုး ထားမှုမျှဝေခြင်းသည် မြန်မာ့ ငြိမ်းချမ်းရေးဖြစ်စဉ် အတွက် အလွန်အရေးကြီးကြောင်း ၎င်းက ထောက်ပြခဲ့ပါသည်။

NCA ၏ အဓိက ရည်ရွယ်ချက်မှာ နောက်ထပ် ဖြစ်ပေါ်လာမည့် လက်နက်ကိုင်ပဋိပက္ခများကို ရပ်တန့်နိုင်ရန်ဖြစ်ပါသည်။ သို့သော် NCA သည် ညတွင်း ငြိမ်းချမ်းရေးကို အရယူဆောင်လာမည် ဟူ၍တော့ မှတ်ယူ၍ မရပေ။

NCA ၏အဓိကရည်ရွယ်ချက်မှာ ငြိမ်းချမ်းရေးရရှိအောင်မြင်ရန် အတွက် သဘောတူညီမှုများရရှိ စေရန် ဖြစ်ပါသည်။ အလွန်အခြေခံကျသည့် အဆင့်လည်းဖြစ်ပါသည်။ ထို့ကြောင့် တပ်မတော် နှင့် တိုင်းရင်းသားလက်နက်ကိုင် လက်မှတ်ထိုးအဖွဲ့များ သည် NCA ပါ အခြေခံမှုများကို ဖွင့်ဆိုကြရာ တွင် နှစ်ဘက်လုံးသည် တစ်လှေထဲစီး တစ်ခရီးတည်းသွားအတူတကွငြိမ်းချမ်းရေးကိုပုံဖေါ်နေကြသူများ အဖြစ်ခံယူမှုရှိရန် အရေးကြီးလိုအပ်ပါသည်။ အခြေခံအဆင့်တွင် သဘောတူညီမှုများ မရရှိခဲ့ လျှင် ရှေ့ဆက် နိုင်ငံရေးဆွေးနွေးပွဲမူဘောင်နှင့် ကိုက်ညီမှုများကင်းမဲ့လာကာ အနာဂတ်အတွက် ထိ ခိုက်စရာများ ဖြစ်လာနိုင်ပါသည်။

တပ်မတော်နှင့် ငြိမ်းချမ်းရေးဖြစ်စဉ်အဟန့်အတားများ
တပ်မတော်သည် မြန်မာ့ငြိမ်းချမ်းရေးဖြစ်စဉ်တစ်လျှောက် တွင် လက်ရှိ တပ်တည်ဆောက်ပုံ (သို့) နိုင်ငံရေးအခန်းကဏ္ဍရယူထားမှု တို့ကို ပြောင်းလဲခြင်းမရှိ မပြုဘဲ ၄င်း၏ လိုလားမှုများဖြစ်သည့် DDR – Disarmament, Demobilization and Reintegration (လက်နက်ဖြုတ်သိမ်းခြင်း၊ တပ်ရုတ် သိမ်းခြင်း နှင့် တပ်သားများအားလူအဖွဲ့စည်း အတွင်းပြန်လည်နေရာချထားခြင်း) နှင့် တစ်ခုတည်း သောတပ်မတော်ဖွဲ့စည်းခြင်း တို့ကို အလွန်စွဲမြဲစွာဆုပ်ကိုင်ထားပါသည်။

NCA အခန်း (၆) ၊ ၂၀ (ဆ) တို့တွင် `လုံခြုံရေးဆိုင်ရာပြန်လည်ပေါင်းစည်းမှု´ ကို ထည့်သွင်းထားသော်လည်း တပ်မတော်နှင့် တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့ များအကြား ကွဲပြားစွာ အနက်ဖွင့်ဆိုမှုရှိနေပါသည်။ တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များက `လုံခြုံ ရေးဆိုင်ရာ ပြန်လည်ပေါင်းစည်းမှု´ကို လုံခြုံရေး ကဏ္ဍပြုပြင် ပြောင်းလဲရေး Security Sector Reform (SSR) ပုံစံအဖြစ် အနက်ဖွင့်ကာ တိုင်းရင်း သားများအားလုံးနှင့် ဒေသများအားလုံး ကိုယ်စားပြုပြီး အားလုံးတူညီသည့် အခွင့်အရေး ရရှိသော (ရာထူးကြီးများရရှိနိုင်မှုပါအပါအ၀င်) ဖက်ဒရယ်တပ်မတော် ကို ထူထောင်လိုကြပါသည်။ SSR ဟူ၍ဆို ရာတွင် ကာကွယ်ရေး ပြုပြင် ပြောင်းလဲမှု၊ ထောက်လှမ်းရေးပြောင်းလဲမှု၊ နယ်စပ်လုံခြုံရေးပြောင်း လဲမှု၊ မူဝါဒပြုပြင်ပြောင်းလဲမှု၊ တရားစီရင်ရေးပြောင်းလဲမှု၊ အကျဉ်းထောင်ပြောင်းလဲမှု နှင့် ဖက်ဒရယ်မူ အရ အင်စတီကျူးရှင်းများ နှင့် ၀န်ကြီးဌာနများ ဖွဲ့စည်းရေး တို့ပါဝင်ပါသည်။

သို့သော်လည်း တပ်မတော်သည် SSR ပုံစံ လုံခြုံရေးပြန်လည်ပေါင်းစည်းမှု နှင့် ဖက်ဒရယ် တပ်မတော် ကို ငြင်းပယ်ပြီး DDR ပုံစံကိုသာ အလိုရှိပါသည်။ DDR ပုံစံသည် ပဋိပက္ခ အလွန်ကာလ၌ လက်နက် ကိုင်တပ်ဖွဲ့များထံမှ လက်နက်ဖြုတ်သိမ်းခြင်း၊ တပ်ရုတ်သိမ်းခြင်း နှင့် လူအဖွဲ့စည်းအတွင်း အရပ်သား အဖြစ်ပြန်လည်အသက်မွေးဝမ်းကြောင်းပြုနိုင်ရန် နေရာချထားပေးခြင်း တို့ဖြစ်ပါသည်။ တပ်မတော်၏ ဆန္ဒမှာ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအား တပ်ဖျက်သိမ်းခြင်း နှင့် တစ်ခုတည်း သောတပ်မတော်တွင်း ၀င်ရောက်ခြင်း ပြုလုပ်ရန် ဖြစ်ပါသည်။

တိုင်းရင်းသား လက်နက်ကိုင် အဖွဲ့များ အနေဖြင့် အတိတ်က ထိုကဲ့သို့ ဆောင်ရွက်ခဲ့မှုများရှိခဲ့သော်လည်း ငြိမ်းချမ်းရေးသဘော တူညီချက်များ ချိုးဖေါက်ခံရသည့် အဖြစ်အပျက်များကို ရင်ဆိုင်ခဲ့ရသည့် အတွေ့အကြုံများရှိခဲ့ပါသည်။ သမိုင်းကြောင်း အရ ယုံကြည်မှုများမရှိသည့်အတွက် DDR ပုံစံသည် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အတွက် ခါးခါးသီးသီးငြင်းဆိုစရာဖြစ်နေပြီး အဆိုပါပုံစံသည် ၄င်းတို့နယ်မြေများနှင့် မြေယာများကို အမြတ်ထုတ် သည့် ပုံစံအဖြစ်သာ မှတ်ယူကြပါသည်။ ထိုအချက်သည် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် အဟန့်အတား ကို ဖြစ်ပေါ်စေသည့် အကြောင်းတစ်ရပ်ဖြစ်ပါသည်။

တပ်မတော်၏ နိုင်ငံရေးလိုလားမှုများဖြစ်သည့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ လက်နက် ဖြုတ်သိမ်းရေးနှင့် လက်ရှိတစ်ခုတည်းသောတပ်မတော် ဆက်လက်ထားရှိရေး ကို အောင်မြင်ရန်အတွက် တပ်မတော်သည် ၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ခွဲမထွက်ရေးနှင့် ကိုယ်ပိုင်ပြ ဋ္ဌာန်းခွင့်ကို အပေးအယူသဘောချိတ်ဆက်ထားမှု (package deal ) နှင့် ခွဲခြားဆက်ဆံရေးမူဝါဒ တို့ကို ကိုင်စွဲဆောင်ရွက်လျှက်ရှိပါသည်။

ပထမ အနေဖြင့်၂၀၀၈ ခုနှစ်ဖွဲ့စည်းပုံအခြေခံဥပဒေသည် တပ်မတော် ကို အလေးသာမှုများစွာပေးထားပါသည်။ ဥပမာ အားဖြင့် လွှတ်တော်တွင် ၂၅ ရာခိုင်နှုန်း ရရှိထားမှု၊ လုံးခြုံရေးကဏ္ဍ နှင့် ကာကွယ်ရေး ၀န်ကြီးဌာန အပေါ် ၀င်ရောက်စွက်ဖက်မှုမရှိစေရ သတ် မှတ်ချက်များ၊ အာဏာသိမ်းယူနိုင်ခွင့် စသည်ဖြင့် များစွာရှိနေ ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေအားဖြင့် လက်ရှိအာဏာရပါတီ NLD ၏ အာဏာကိုကန့်သတ် ထားနိုင်ခြင်းနှင့် ငြိမ်းချမ်းရေးဖြစ်စဉ်တွင် လွှမ်း မိုးနိုင်ခြင်း တို့ကိုလည်း တပ်မတော်မှ အသာစီးရယူထားနိုင်ပါသည်။ ထို့ပြင် တိုင်းရင်းသား အဖွဲ့များ၏ အခွင့်အရေးကိုလည်း ကန့်သတ်ထားမှုများရှိပါသည်။ ထိုအချက်က လူနည်းစုတိုင်းရင်း သားများ၏ ဖက်ဒရယ်နှင့် အင်စတီကျူးရှင်း ပြုပြင်ပြောင်းလဲမှုအတွက် တောင်းဆိုမှုများကို အဟန့်အတားဖြစ် စေ ပါသည်။ ဖွဲ့စည်းပုံအခြေခံဥပဒေ အားသာချက်များကို အသုံးပြုခြင်းအားဖြင့် တပ်မတော်သည် DDR ပုံစံကို တွန်းအားပေးမှုများ ပြုလုပ်နိုင်ပါသည်။

ဒုတိယအချက်မှာ ခွဲမထွက်ရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပေးအယူသဘော ချိတ်ဆက်ထားမှု (package deal ) ဖြစ်ပါသည်။ ထိုအချက်သည် KUN နှင့် RCSS တို့၏ သဘောထား ထုတ်ပြန် ကြေညာရခြင်းများ အတွက် အဓိက အကြောင်းရင်းဖြစ်ခဲ့ပြီး NCA တွင် ထည့်သွင်းပြဋ္ဌာန်း ထားခြင်း လည်း မရှိပေ။ အဆိုပါအချက်ကို တပ်မတော်မှ ဆွေးနွေးပွဲတွင် ဆောင်ယူလာခြင်းသည် မယုံကြည်မှု များနှင့် တပ်မတော်၏ သဘောထားအစစ်အမှန်အပေါ်တွင် သံသယမြင့်တက်လာမှုသည် တိုင်းရင်း သားလက်နက်ကိုင်အဖွဲ့များကြားတွင်ဖြစ်ပေါ်လာပါသည်။ ခွဲမထွက်ရေး နှင့် ကိုယ်ပိုင်ပြဋ္ဌာန်းခွင့်ကို အပေးအယူသဘောချိတ်ဆက်ထားမှု (package deal ) သည် ငြိမ်းချမ်းရေးဖြစ်စဉ်ကိုနှောင့် နှေးစေပြီး ဖက်ဒရယ်စနစ်တည်ဆောက်မှုကိုလည်း အဟန့် အတား ဖြစ်စေပါသည်။ အကျိုးဆက်အနေဖြင့် အင်အားအကြီးဆုံး NCA လက်မှတ်ထိုး တိုင်းရင်းသား လက် နက်ကိုင်အဖွဲ့များ၏ တရားဝင်ဆွေး နွေးပွဲများတွင်ပါဝင်ခြင်းများ ရပ်ဆိုင်းထားမှုကို ဖြစ်စေခဲ့ ပါသည်။

နောက်ဆုံးအချက်မှာ ခွဲခြားဆက်ဆံရေးမူဝါဒ ဖြစ်ပါသည်။ အဆိုပါနည်းဗျူဟာသည် ခွဲခြား၍ အခွင့်အ ရေးပေးခြင်း (သို့) ခွဲခြား၍ခြိမ်းခြောက်ခြင်း အားဖြင့် အဖွဲ့တစ်ဖွဲ့မှ အုပ်စုအတွင်း ညီညွတ်မှု ပြဿနာ အပေါ် အမြတ်ထုတ်ခြင်း ဖြစ်ပါသည်။ တပ်မတော်၏ ရခိုင်တပ်မတော် (AA)၊ မြန်မာအမျိုးသားဒီမို ကရက်တစ်မဟာမိတ်တပ်မတော် (MNDAA)၊ တအန်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် (TNLA) တို့ NCA တွင်ပါဝင်လာမှုကို ငြင်းပယ်ခြင်း၊ ကချင်လွတ်မြောက်ရေးတပ်မတော်( KIA) အား တိုက်ခိုက်ခြင်း ဖြင့် လက်နက်ကိုင်ပဋိပက္ခ ဇုံ အား မြန်မာနိုင်ငံ တောင်ပိုင်းမှ မြောက်ပိုင်းသို့ ပြောင်းသွားခြင်း နှင့် NCA လက်မှတ်ထိုး တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား ခွဲခြားဆက်ဆံမှုများ ပြုလုပ်ခြင်း စသည်တို့သည် အဆိုပါနည်းဗျူဟာ၏ အခြေခံလုပ်ဆောင် ချက်များ ဖြစ်ပါသည်။

ထိုအချက်ကြောင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအကြားကွဲအက်မှုများ ရှိလာ ပါသည်။ ဥပမာအားဖြင့် NCA လက်မှတ်ထိုးအဖွဲ့၊ NCA ကိုပြင်ဆင်လိုသည့်အဖွဲ့နှင့် လက်ရှိ NCA ကို ဖျက်သိမ်းကာ ချဉ်းကပ်မှု အသစ်ပုံစံဖြင့် သွားလိုသည့်အဖွဲ့ စသည်ဖြင့် ကွဲပြားသွားပါသည်။ ယခု အခါ NCA လက်မှတ်ထိုး တိုင်း ရင်းသားလက်နက်ကိုင်အဖွဲ့များအကြား ကွဲပြားမှုများ မြင့်တက် လာပြီး တရားဝင်ဆွေး နွေးပွဲများ တွင် ပါဝင်ခြင်း ဆိုင်းငံ့ထားလိုသည့်အဖွဲ့များ နှင့် ဆက်လက်ပါ ၀င်လို သည့် အဖွဲ့များဟူ၍ ဖြစ်ပေါ်လာပါသည်။ ထိုအရာသည် ငြိမ်းချမ်းရေးဖြစ်စဉ်အတွက် ကြီးမားသော စိန်ခေါ်မှု တစ်ရပ်ဖြစ်လာပါသည်။

NLD နှင့် ငြိမ်းချမ်းရေးဖြစ်စဉ် အဟန့်အတားများ
NLD အား တပ်မတော်နှင့် တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ အကြား ကွာဟနေသည့် နိုင်ငံ ရေး မူများကို တံတားထိုးပေးနိုင်မည့် အခန်းကဏ္ဍမှ ပါဝင်၍ ဦးဆောင်မှု ပြုသွားမည်ဟူ၍ မျှော်လင့် ခဲ့ကြပါသည်။ သို့သော် တိုင်းရင်းသားများနှင့် ဆက်ဆံရေး (သို့) ယုံကြည်မှု တည်ဆောက်ရန် အားနည်းခဲ့ပြီး ပါတီကိုယ်စားလှယ်များအားလည်း တိုင်းရင်းသားများနှင့် စေလွှတ်တွေ့ ဆုံဆွေးနွေးစေခြင်း များလည်း အားနည်းခဲ့ပါသည်။ ထိုအချက်များက တိုင်းရင်းသားအဖွဲ့များ မျှော်လင့်ချက်ထားခဲ့သည့် အတိုင်း ဖြစ်မလာဘဲ NLD ၏ ငြိမ်းချမ်းရေးဖြစ်စဉ် ဦးဆောင်မှုအား မှီခိုနိုင်မှုအပေါ် မေးခွန်း ထုတ် စရာဖြစ်လာပါသည်။

ယခင် မြန်မာငြိမ်းချမ်းရေးစင်တာ (MPC) ကို အမျိုးသားရင်ကြားစေ့ရေးနှင့် ငြိမ်းချမ်းရေးဗဟိုဌာန (NRPC) ဖြင့် အစားထိုးကာ ဆောင်ရွက်မှုမှာ ရည်ရွယ်ချက် ကောင်းခဲ့ သော် လည်း အတွေ့အကြုံအားနည်းမှု ၊ ဗဟိုချုပ်ကိုင်မှုအားကြီးမှု နှင့် စွမ်းဆောင်ရည်အားနည်းမှု တို့သည် NRPC ၏ ဆောင်ရွက်နိုင်မှုကို အလွန် အားနည်းစေခဲ့ပါသည်။ ထို့ကြောင့် ငြိမ်းချမ်းရေးအစည်းအဝေး များနည်းပါးသွားခြင်း၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များနှင့် ဆက်ဆံရေး တည်ဆောက်ရန် ကိုယ်စားလှယ်များအား စေလွတ်တွေ့ဆုံခြင်း အလွန်နည်းခြင်း နှင့် ငြိမ်းချမ်းရေးဖြစ်စဉ် အပေါ် ထိရောက်စွာ ဆောင်ရွက်မှု အားနည်းခြင်းတို့ဖြစ်ပေါ်ခဲ့ပါသည်။

အထက်တွင်ဖေါ်ပြခဲ့ သည့်အတိုင်း တိုင်းရင်းသားများနှင့်ဆက်ဆံရေးတည်ဆောက်မှု အားနည်းခြင်းသည် တိုင်းရင်းသားများအား လျစ်လျူရှုသည့် သဘောမျိုးကို သက်ရောက်စေခဲ့ပါသည်။ ထို့အပြင် NLD သည် အရပ်ဘက် – စစ်ဘက် ဆက်ဆံရေးကို အားကောင်းရန် ရည်ရွယ်၍ တပ်မတော်ကို ဦးစားပေး ဆက်ဆံမှု တည်ဆောက်ခဲ့ပါသည်။ ၂၀၂၀ခုနှစ်ရွေးကောက်ပွဲတွင် နိုင်ငံရေးအရဆက်လက်လွမ်းမိုးနိုင်ရန် အတွက် ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၏ အပြီးသတ် ရလဒ်များရရှိရေးကို ဦးတည်ဆောင်ရွက်နေပါသည်။ NLDအနေဖြင့် စေ့စပ် ညှိနှိုင်း ဆွေးနွေးရေးအဖွဲ့များ နှင့်ငြိမ်းချမ်းရေးနှင့်ဆိုင်သောယန္တရားများ အားကောင်းလာစေရန် အာရုံစိုက်သင့်ပြီး မိမိတို့လိုချင်သည့် အပြီးသတ်ရလဒ်ပုံစံ အပေါ်မျှော်မှန်း ဆောင်ရွက်ခြင်းထက် လတ်တလောအနေဖြင့် ငြိမ်းချမ်းရေးဖြစ်စဉ်အမှန်တကယ်တိုးတက်ဖြစ်ထွန်းရေး အပေါ်ကိုသာအလေးထား ဆောင်ရွက်သင့်ကြောင်း အကြံပြုလိုပါသည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များအတွက် စဉ်းစားဆောင်ရွက်သင့်သည့်အချက်များ
ငြိမ်းချမ်းရေးဖြစ်စဉ် သွားနေသည့်အနေအထားအရ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များသည် လူထု တင်မြောက်သည့်အစိုးရ၏ ခေါင်းဆောင်မှုကို မှီခိုအားထား၍ မရနိုင်သည်ကို တွေ့ရပါသည်။ အဘယ့်ကြောင့်ဆိုသော် ငြိမ်းချမ်းရေးဖြစ်စဉ် အပေါ် ထိန်းချုပ်နိုင်မည့် အခွင့်အာဏာ အားနည်းခြင်း ၊ နိုင်ငံရေးအရ ဆက်လက်တည်ရှိနေရန် ရုန်းကန်နေရခြင်း နှင့် ခေါင်းဆောင်နိုင်မှု အားနည်းခြင်း တို့ကြောင့်ဖြစ်ပါသည်။ NLD ၏ ရရှိထားသည့် အခန်းကဏ္ဍမှာ အလွန်နည်းသည့်အတွက် ငြိမ်းချမ်း ရေးဖြစ်စဉ်တွင် အဓိကကျနေသည့် တပ်မတော်နှင့်သာ တိုက်ရိုက် ဆက်သွယ် ဆောင်ရွက်သင့်ပြီး နိုင်ငံ ရေးဆွေးနွေးပွဲများဖြင့် နိုင်ငံတော်တည်ဆောက်ရန်အတွက် ဘုံ အနက်ဖွင့်ဆိုမှု နှင့်  ဘုံမျှော် မှန်းချက်များ ရရှိအောင် ဆက်လက်ဆောင်ရွက်သွားသင့်ပါသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပါဝင်နေသည့်အဖွဲ့များအကြား ယုံကြည်မှု တည်ဆောက်ခြင်းသည် အဓိက စိန်ခေါ်မှုတစ်ရပ် ဖြစ်သည့် အချက်မှာ ငြင်းစရာမရှိပေ။ အကယ်၍ နိုင်ငံရေးဆွေးနွေးပွဲများကို ယုံကြည်မှု အခြေခံပြီး ဆောင်ရွက်မည်ဆိုလျှင်တော့ မြန်မာ့ငြိမ်းချမ်းရေးသည် နီးကပ်သောအနာဂတ် တွင် ဖြစ်ပေါ်လာနိုင်မည်မဟုတ်ပေ။

ယုံကြည်မှုတည်ဆောက်ခြင်းကို အလွန်အကျွံ အလေးပေးဆောင်ရွက်မည့်အစား အလုပ် ဖြစ်သော နိုင်ငံရေး ဆိုင်ရာ ယန္တရားများအောက်မှာ ပါဝင်သောအဖွဲ့များအားလုံး သဘောတူညီမည့် အင်စတီ ကျူးရှင်းများတည်ဆောက်ခြင်းကို ဆောင်ရွက်သင့်ပါသည်။ Institutionalization before Liberalization (ILB) နည်းဗျူဟာအရ `ကွဲအက်လွယ်သော ပတ်ဝန်းကျင်အနေအထားတွင် ကိုက်ညီ သောအင်စတီကျူးရှင်းများ ဦးစားပေးတည်ဆောက်သင့်သည်´ ဆိုသည့်အချက်ကို ငြိမ်းချမ်းရေး ဖြစ်စဉ်တွင် ပါဝင်နေသည့်အဖွဲ့များ စဉ်းစားသင့်ပါသည်။

အဆိုပါအင်စတီကျူးရှင်းများသည် လစ်ဘရယ်လိုက်ဇေးရှင်း ကို ထောက်ပံ့နိုင်ရန် စွမ်းဆောင်ရည်ရှိ လာခဲ့ လျှင် ပြုပြင်ပြောင်းလဲရေးများကို သေချာပြင်ဆင်ထားသည့် အဆင့်များဖြင့် တစ်ဆင့်ပြီးတစ်ဆင့် အကောင် အထည်ဖေါ် ဆောင်ရွက်သွားနိုင်မည် ဖြစ်ပါသည်။

ထိုကဲ့သို့အခြေအနေများ တည်ဆောက်နိုင်မှသာလျှင် အရေးကြီးဆုံးကိစ္စရပ်များ ဖြစ်သည့် အာဏာခွဲဝေခြင်း နှင့် DDR-SSR တို့ကို အဆိုပါ အင်စတီကျူးရှင်းများအားဖြင့် ဖြေရှင်းဆောင်ရွက် သွားသင့်ပါသည်။ ဥပမာအားဖြင့် DDR-SSR ကိစ္စနှင့်ပတ်သက်လျှင် အားလုံးသဘောတူညီနိုင် မည့် အဆင့်တစ်ခုရောက်မှ ဆွေးနွေးဆောင်ရွက်သင့်ပါသည်။ နှစ်ဘက်လုံးသည်အကောင်းဆုံးနည်း လမ်းဖြင့် DDR-SSRကို ဖြေရှင်းရန် ရှာဖွေသင့်ပြီး ထိုဖြစ်စဉ်သည်လည်း ပျော့ပြောင်း၍ အားလုံး လက် ခံနိုင်သည့် အခြေအနေရှိရပါမည်။

တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များ ဘက်မှ SSR အပေါ်ပျော့ပြောင်း လက်ခံနိုင်ပေးနိုင်ရမည် ဖြစ်သလို တစ်ဘက်မှာလည်း တပ်မတော်မှ DDR အပေါ်ပျော့ပြောင်းမှု ရှိဖို့ လိုအပ်မည်ဖြစ်ပါသည်။ DDR အလွန် “RDD” (Reintegration, Demobilization and Disarmament) အားလည်း စဉ်းစားသင့်ပါသည်။ RDD ပုံစံသည် ပထမဦးစွာ `ပြန်လည်ပေါင်းစည်းမှု´ ကိုပြုလုပ်ကာ ထိုနောက်မှ`တပ်ရုတ်သိမ်းခြင်း´ကို အာရုံစိုက်ပြီး နောက်ဆုံးမှာ `လက်နက်ဖြုတ်သိမ်းရေး´ ကို ပြုလုပ်ရန် ဖြစ်ပါသည်။ စားပွဲဝိုင်းများတွင် တိုးတက်မှုကို ဦးစွာရှာဖွေနိုင်သည့် အတွက် တပ်မတော် အနေဖြင့်တင်းကြပ်စွာမဟုတ်ဘဲ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့များကို လက်ခံလာအောင် ဆောင်ရွက်သွားနိုင်ပါသည်။

နောက်ဆုံး နိဂုံးချုပ် အနေဖြင့် ယုံကြည်မှုတည်ဆောက်ခြင်း (သို့) ဒီမိုကရက်တစ်လိုလားသည့် ပါတီ များ ငြိမ်းချမ်းရေးဖြစ်စဉ် အပေါ်ဆောင်ရွက်နိုင်မှု ကောင်းစွာ အလုပ်မဖြစ်လျှင် တိုင်းရင်းသား လက်နက် ကိုင်အဖွဲ့များ နှင့် တပ်မတော် တို့သည် အပြန်အလှန်ယုံကြည်မှု အားကောင်းစေပြီး နှစ်ဘက်လုံး အလုပ်ဖြစ်နိုင်သည့် အင်စတီကျူးရှင်းများ တည်ဆောက်ခြင်းကို ဆောင်ရွက်သင့်ပြီး ထိုအင်စတီကျူးရှင်း များအားဖြင့် အနာဂတ်တွင် ခိုင်မာသော ဖက်ဒရယ်ပြည်ထောင်စု အခြေခံကျကျ တည်ဆောက်သင့်ပါသည်။


သင့်အကြောင်း သင့်လုပ်ငန်း ကြော်ငြာ သည်နေရာမှာ ကြော်ငြာနိုင်ပါပြီ
Advertise on MoeMaKa

Related posts

Tags: , , , ,

အလားတူ စိတ်ဝင်စားဖွယ်ရာ စာများ၊ ဆောင်းပါးများ ...:သတင်းဆောင်းပါး

စာဖတ်သူတွေရဲ့ ပြောရေးဆိုခွင့်

This site uses Akismet to reduce spam. Learn how your comment data is processed.

ကြော်ငြာ … ကြော်ငြာ …

စာအုပ်မြင် ချစ်ခင်ပါစေ

မိုးမခမှာ ကြော်ငြာပါ

Help MoeMaKa

မိုးမခ Kindel Store

မိုးမခ Kindel Store

MoeMaKa Online Store

MoeMaKa Online Store

Colorful People Memorial Place

%d bloggers like this:

မိုးမခနဲ့ ပတ်သက်သမျှ

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ

By

ဇင်လင်း၏ စိန်ခေါ်မှုများနှင့် စစ်ခင်းသူ နဲ့ အခြားဆောင်းပါးများ ထွက်ပါပြီ မိုးမခစာအုပ်စင်၊ ဒီဇင်ဘာ ၈၊...

Read more »

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ

By

မောင်မောင်စိုး၏ နှင်းဆီနီနီအိပ်မက်များ(၁၉၇၅-၈၀) ထွက်ပါပြီ (မိုးမခ) နိုဝင်ဘာ ၁၄၊ ၂၀၁၈ မိုးမခစာပေက ထုတ်ဝေပြီး...

Read more »

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ

By

ဂျူနီယာဝင်းရဲ့ မိုနာလီဇာနဲ့ နိုင်ငံတကာပန်းချီများ ခံစားမှုဆောင်းပါး ထွက်ပြီ (မိုးမခစာအုပ်စင်) အောက်တိုဘာ ၁၈၊ ၂၀၁၈...

Read more »

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ

By

ဒေါက်တာခင်မောင်ဝင်း(သချာင်္) ၏ ခေတ်သစ်အတွက်ပညာရေး ထွက်ပြီ (မိုးမခ) အောက်တိုဘာ ၁၂၊ ၂၀၁၈ မိုးမခစာပေက...

Read more »

သင်ကြိုက်နှစ်သက်ရာ စာကို အနည်းဆုံး ၁ ဒေါ်လာ လှူပြီး မိုးမခကို ကူညီပါ

Donate while shopping on amazon

Recent Comments

Tags

(all tags)